← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

အခန်းထဲ ဝင်လာသည့်သူက ဝမ်ယွီထုံ မဟုတ်သဖြင့် ကျိုးရှောင်ယွီ ခြံလက်တန်းလေးကို သူ့လက်ဖောင်းဖောင်းလေးဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မျက်ဝန်းတွေက ရုတ်တရက် မျက်ရည်တွေ ဝဲတက်လာ၏။

'မေမေက သူ့ကို မလိုချင်တော့ဘူးလားဟင်?ဘာလို့ မေမေက သူ့ကို အိပ်ဖို့လာမခေါ်ရတာလဲ?'

သူ့အမေရဲ့ အနံ့အသက်ရနေသည့် ခြင်္သေ့ရုပ်လေးကို ဖက်ကာ ကျိုးရှောင်ယွီ မျက်ရည်တွေ အတားအဆီးမရှိကျလာသည်။ မျက်ရည်တွေကို သူ့လက်ဖြင့်ကိုယ်တိုင်သုတ်လိုက်သည်။ ပုံမှန်ဆိုရင် သူ့မျက်ရည်တွေကို မေမေက သုတ်ပေးနေကျဖြစ်သည်။

ကျိုးရှောင်ယွီ၏ နူးညံ့သည့်မျက်လုံးထောင့်အသားအရေနှင့် နှာခေါင်းထိပ်လေးတွေက ချက်ချင်းနီရဲသွားသည်။

ကျိုးကျီယွဲ့ မသိမသာ သက်ပြင်းချလိုက်သည်။ ကလေးခြံတံခါးကြိ ဖွင့်လိုက်ကာ ချီလိုက်ပြီး အိပ်ရာပေါ်တင်လိုက်သည်။ ကျိုးရှောင်ယွီ၏ ဆံပင်ကို ဖွလိုက်ကာ ပြောလိုက်သည်။ "မငိုနဲ့ ပုံပြင်ပြောပြမယ်"

ကျိုးကျီယွဲ့ ရှောင်ယွီလေးကို ခြေခွဲထားသည့် ညအိပ်ဝတ်အိတ်ထဲ ထည့်လိုက်ကာ အဝါရောင် ညမီးအိမ် နှစ်လုံး ထွန်းလိုက်သည်။ အေးစက်ကာ ဗလာကျင်းနေသည့်အခန်းလေးက ရုတ်တရက်နွေးထွေးလာသည်။

ကျိုးရှောင်ယွီကို ကုတင်ခေါင်းရင်းသူ့ဘေးနား ရွေ့လိုက်ကာ ဝမ်ယွီထုံ သီးသန့်ရွေးပေးသည့် စာအုပ်တွေကို ကြည့်လိုက်သည်။ စာအုပ်တွေက ပုံပြင်တိုတိုလေးတွေ ဖြစ်ပြီးမိဘနှင့်ကလေး ဆက်ဆံရေးနှင့်ဆိုင်သည့် စာအုပ်ဖြစ်သည်။

ကလေးတွေကို စာအုပ်ဘယ်လိုဖတ်ပြရမှာလဲ ကျိုးကျီယွဲ့မသိပေ။ စာအုပ်ကို ဖွင့်ကာ တစ်လုံးချင်းသေချာဖတ်ပြလိုက်သည်။

"ဂေါ်ရီလာဖေဖေနဲ့ ဂေါ်ရီလာမေမေက ဂေါ်ရီလာကလေးလေးနဲ့ လက်ကို ဆွဲကိုင်ပြီး အိမ်ကို အတူတူပြန်သွားကြတယ်။ ဂေါ်ရီလာကလေးလေးက ပြောတယ်။ ဖေဖေနဲ့ မေမေကို ချစ်တယ်။ ဖေဖေနဲ့ မေမေကလည်း ဂေါ်ရီလာကလေးလေးကို ပြန်ပြောတယ်။‌ ဖေဖေ မေမေတို့လည်း ကလေးလေးကို ချစ်ပါတယ်နော်..."

သူ့အဖေ ဖတ်ပြသည်ကို နားမလည်သော်လည်း ဂေါ်ရီလာကလေးလေးက သူ့မေမေကို ဖက်နေသည့်ပုံကိုမြင်လျှင် ကျိုးရှောင်ယွီ မနေနိုင်ပဲ မျက်ရည်တွေ ထပ်သုတ်လိုက်ပြန်သည်။

ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့ရင်း နောက် စာအုပ်တစ်အုပ်ပြောင်းလိုက်သည်။ "ယုန်ဖေဖေ၊ ယုန်မေမေ နဲ့ ယုန်ကလေးတို့က မိသားစုတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ အသိုက်ထဲမှာ အတူအိပ်ကြတယ်။ ရွှေငါးဖေဖေ၊ ရွှေငါးမေမေနဲ့ ရွှေငါးကလေးတို့က မိသားစုတွေ ဖြစ်ကြတယ်။သူတို့တွေက ငါးကန်လေးထဲမှာ အတူတူအိပ်ကြတယ်..."

ကျိုးရှောင်ယွီ နှုတ်ခမ်းစူလိုက်သည်။ ပုံပြင်စာအုပ်ထဲက တိရိစ္ဆာန်တွေ အားလုံးမှာ မေမေတွေရှိပြီး သူတို့မေမေနဲ့ အတူတူအိပ်ကြသည်။ ကောင်လေးက ပိုစိတ်ဓါတ်ကျသွားကာ မျက်ရည်တွေ ကျလာပြန်သည်။

ကျိုးကျီယွဲ့ - “…”

ကျိုးကျီယွဲ့ ရှောင်ယွီ၏ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ ကျိုးရှောင်ယွီ ထပ်ပြီး ဝမ်းမနည်းစေရန် ပုံပြင်စာအုပ်တွေထဲက အဖေနဲ့ ပတ်သက်သည့် စာအုပ်နှစ်အုပ်ကို တွေ့လိုက်သည်။

ကလေးထိန်းအလုပ်ကို ယောကျာ်းအများစု မလုပ်နိုင်ကြ၍ ထင်သည် ပုံပြင်စာအုပ်ပင်လျှင် အမေနှင့်သက်ဆိုင်သည့်စာအုပ်သာများပြီး အဖေနှင့် သက်ဆိုင်သည့်စာအုပ်ကို ဈေးကွက်ထဲ အနည်းငယ်သာတွေ့ရသည်။

အဖေနှင့် သက်ဆိုင်သည့်စာအုပ်ကို ဖွင့်ကာ ဖတ်ပြလိုက်သည်။ "ဖေဖေ့ရဲ့ စောင်က ကြီးတယ်။ သားရဲ့ စောင်က သေးတယ်။ ဖေဖေ့ရဲ့ သွားတိုက်တံက ကြီးတယ်။ သားရဲ့ သွားတိုက်တံက သေးတယ်။ ဖေဖေ့ရဲ့ ပန်းကန်က ကြီးတယ်။ သားရဲ့ ပန်းကန်က သေးတယ်..."

ကျိုးကျီယွဲ့အသံက ဆွဲဆောင်မှုရှိသော်လည်း ပုံပြင်ဖတ်သည့်အချိန်တွင်တော့ အသံအနိမ့်အမြင့်မရှိပဲ တစ်သတ်မှတ်ထဲ ဖြစ်နေ၏။ သူ့ကုမ္ပဏီအစည်းအဝေးခန်းထဲ ပြောသည့် လေသံဖြစ်နေသည်။

ကျိုးရှောင်ယွီသည် သူ့အဖေ ပုံပြင်စာအုပ်ကို စာမျက်နှာ တစ်ရွက်ပြီးတစ်ရွက်လှန်ရင်း ပျင်းစရာကောင်းစွာဖတ်ပြနေသည်ကို နားထောင်နေ၏။ သူ့ခြင်္သေ့အရုပ်လေးကိုလည်း တင်းကြပ်စွာ ဖက်ထားရင်း သူ့မျက်ခွံတွေက တစ်ဖြည်းဖြည်း လေးလံလာတော့သည်။ အဖေနဲ့ ဆိုင်သည့် စာအုပ်နှစ်အုပ်လုံး ဖတ်မပြီး သေးခင် ရှောင်ယွီလေး အိပ်ပျော်သွားတော့၏။

ပန်းဆီရောင်သန်းနေသည့် သူ့မျက်နှာ ပေါ်ဝယ် မျက်ရည်စီးကြောင်းထင်နေကာ ရှည်လျားကော့နေသည့် မျက်တောင်လေးကလည်း တုန်ရီနေ၏။ သူ့နှုတ်ခမ်းထောင့်လေးတွေက ကော့တက်ကာပြုံးနေရာ သူ့ချစ်မေမေကို အိပ်မက်မက်နေပုံ ရသည်။

ကျိုးကျီယွဲ့ ပုံပြင်စာအုပ်ကို ပိတ်လိုက်ကာ သက်ပြင်းလေးချလိုက်သည်။ ကျိုးရှောင်ယွီနဲ့ တစ်ရက်အတူနေရတာက ကုမ္ပဏီအလုပ် သုံးရက်သုံးည ဆက်တိုက် လုပ်ရတာထက် ပိုပင်ပန်းသည်ဟု ခံစားရသည်။

မူလက ကလေးအိပ်သွားလျှင် အလုပ်နှစ်နာရီခန့်လုပ်ရန် စိတ်ကူးထားသော်လည်း အိပ်ချင်စိတ်ကို တောင်မခံနိုင်တော့၍ မီးအိမ်ကို ပိတ်ကာ အိပ်ပျော်သွားတော့သည်။

ထိုအချိန်တွင် ဝမ်ယွီထုံသည် အင်္ဂလိပ်ဇာတ်လမ်းတွဲတစ်ခုကို ကြည့်ပြီးနောက် အွန်လိုင်းဂိမ်းနှစ်ခုဆော့ကာ ဆိုဖာပေါ်ပျင်းရိစွာ ထိုင်နေ၏။ ထို့နောက်WeChat ဖွင့်လိုက်ပြီး ကျိုးကျီယွဲ့ကို မက်ဆေ့ပို့လိုက်သည်။

[ဝမ်ယွီထုံ - တို့ချစ်စရာ အချောလေး အိပ်ပြီလားဟေ့?]

[ဝမ်ယွီထုံ - ကြောင်လှလှလေးရုပ်ပုံ ]

မိနစ်လေးဆယ်ကြာသည်အထိ ကျိုးကျီယွဲ့ ဆီက ပြန်စာ မလာပေ။

ဝမ်ယွီထုံ မျက်မှောင်ကြုံ့လိုက်သည်။ ကျိုးကျီယွဲ့ ဒီအချိန်မှ မအိပ်သေးတာ။

သူမသိသလောက်ဆိုလျှင် ကျိုးကျီယွဲ့သည် ညသန်းခေါင် ၁နာရီ မှ အိပ်တတ်သူဖြစ်သည်။ ယခင်က သူမ မက်ဆေ့ပို့တိုင်း တိုတိုတုတ်တုတ် မြန်မြန် ပြန်စာ ပို့တတ်သည်။ မိနစ်လေးဆယ်ကြာသည်အထိ ပြန်စာ မလာဖူးတာ ယခုအကြိမ် ပထမဆုံးဖြစ်သည်။

ဝမ်ယွီထုံ လတ်တလော သတင်းတွေ တက်လာ၍ ကြည့်နေစဉ် ‌မြင်လိုက်ရသည့် သတင်းအချို့က သူမ မျက်လုံးကို ပြူးသွားစေသည်။

[ကလေးအဖေက အိပ်နေရင်း ကလေးကို ဖိမိ၍ တစ်နှစ်ခွဲ အရွယ် ကလေးငယ်တစ်ယောက် ကြမ္မာဆိုးငင်ခြင်းး]

[နောက်ကလေးငယ်တစ်ဦး သူ့အဖေကြောင့် အသက်ရှုကြပ်ခဲ့ရသည်။ ကလေးငယ်အိပ်ရာထဲ အန္တရာယ်ကင်းရန် မိသားစုဝင်များက ဆောင်ရန်ရှောင်ရန်များသိသင့်သည်။]

[အတော်ဆိုးရွားလိုက်ခြင်းး အဖေနဲ့ အတူအိပ်တဲ့ ကလေးတစ်ယောက် စောင်တစ်ထည်ကြောင့် အသက်ဆုံးရှုံးလုမတတ်ဖြစ်ခဲ့ရ]

ဝမ်ယွီထုံ နဖူးတွေ တွန့်လိမ်သွားကာ မျက်နှာ ‌ဖြူလျော့သွားသည်။ 'ယောက်ျားတွေက ယုံလို့ကို မရဘူးပဲ!!!'

သူမစိတ်ထဲ ဘုရားတရင်း mask တပ်ရန်ပင်မေ့ကာ အခန်းထဲက အမြန်ပြေးထွက်ခဲ့သည်။

လေးလွှာက ကျိုးကျီယွဲ့ အခန်းရှေ့ရောက်တော့ တံခါးကို ခေါက်လိုက်သည်။ အထဲက ဘာအသံမျှ ထွက်မလာပေ။ တံခါးကြားကနေ အလင်းရောင်ကို မြင်လိုက်ရ၍ ဝမ်ယွီထုံ စိုးရိမ်သွားကာ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်သည်။ ကျိုးကျီယွဲ့ လော့မချထားမိ၍ တော်သေး၏။

တံခါးဖွင့်လိုက်ပြီး အခန်းထဲကို ခြေသံဖွဖွနင်းပြီး တိတ်တိတ်ဆိတ်ဆိတ်လေး လျှောက်လာလိုက်သည်။

ကျိုးကျီယွဲ့ အခန်းထဲ သူမ ပထမဆုံး အကြိမ် ဝင်ဖူးတာဖြစ်သည်။ အခန်းက ကျယ်ပြီး အောက်ထပ်က သူမ၏အခန်း နှစ်ဆလောက်ရှိသည်။ အခန်းထဲတွင် မီးပွင့်နှစ်လုံးသာ မှိန်မှိန်လေးဖွင့်ထား၏။

အခန်း၏တိတ်ဆိတ်ငြိမ်သက်နေပုံက ကျောချမ်းစရာကောင်းလှသည်။ 'ကျိုးကျီယွဲ့ ဒီလို သူ့အခန်းကျယ်ကြီးထဲ သူနေ ရတာ မကြောက်ဖူးလာမသိဘူးးး'

အခန်းတွင်းမီးရောင်ကို ဆယ်စက္ကန့်လောက် ကြာမှ သူမမျက်လုံးထဲ ကြည့်ရအဆင်ပြေလာ၍ အတွင်းသို့ လျှောက်ဝင်လိုက်သည်။

အဝတ်လဲခန်းနှင့် ရေချိုးခန်းကို ဖြတ်ကျော်လာပြီးနောက် ဝမ်ယွီထုံသည် ကုတင်ပေါ်မှာ အိပ်နေသည့် လူကြီးနှင့်ကလေးကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် အသက်ရှုသံက ပြိုင်တူဖြစ်နေကာ အသက်ရှုလိုက်တိုင်း သူတို့ရင်ဘတ်တွေကလည်း နိမ့်လိုက်မြင့်လိုက် အတူတူ ဖြစ်နေ၏။

ဝမ်ယွီထုံ မျက်မှောင်ကြုံ့နေရာမှ ဖြေလျော့သွားပြီး သူမမျက်နှာ ဝယ် အပြုံးတစ်ခု ပေါ်လာသည်။

ကျိုးရှောင်ယွီက ညအိပ်ဝတ်သည့်အဝါရောင်ဘဲရုပ်အိတ်ကို ဝတ်ထား၍ သူ့ကိုယ်လုံးလေးက ကြီးနေသည့်ပုံပေါက်ကာ အိပ်ရာကြီးကြီးအလယ် တွင် အိပ်နေ၏။

ကုတင်ပေါ် ကျိုးရှောင်ယွီနေရာယူထား၍ ကျိုးကျီယွဲ့ကတော့ကုတင်စွန်းမှာ အိပ်နေရရှာသည်။‌ ထို့နောက် ကောင်ကလေး၏ ခြေထောက်က ကျိုးကျီယွဲ့၏ ဗိုက်ပေါ်တင် ထားလေသည်။

ကျိုးကျီယွဲ့က နဖူးပေါ်ကျနေသည့်ဆံနွယ်များ၊ ဖြောင့်စင်းသည့်နှာတံ၊ ခန့်ငြားသည့်ရုပ်သွင်ဖြင့် အေးချမ်းစွာ အိပ်နေ၏။ သူ၏ ချောမောခန့်ငြားနေမှုက လူအစစ်ကောဟုတ်ရဲ့လားဟုပင် အထင်မှားစေသည်။

ဝမ်ယွီထုံကုတင်နားနီးကပ်သွားစဉ် အိပ်နေသည့်ကိုယ်လူချောကို မနေနိုင်ပဲ တစ်ချက်ခိုးကြည့်လိုက်မိသည်။

နောက် ကျိုးရှောင်ယွီ၏ ကျောကို ချွေးစိုရွှဲနေသလား စမ်းကြည့်လိုက်သည်။ ချွေးစိုမနေပဲ အနည်းငယ်ပင် အေးနေသည်။

ဝမ်ယွီထုံ မျက်မှောင်ကြုံ့လိုက်သည်။ ဒီဆောင်းတွင်း ညအိပ်ဝတ်အိတ်က အနည်းငယ် ပါးသည်ထင်ရသည်။မနက်ဖြန်ရောက်လျှင် ပိုထူသည့်တစ်ခြားအိတ်နှင့် ပြောင်းပေးရမည်။

သူမ စောင်အပါးလေး ရှာကာ ကုတင်ဆီပြန်လာလိုက်သည်။

ကျိုးရှောင်ယွီက ကုတင်အလယ် ကျိုးကျီယွဲ့၏ အတွင်းဘက်မှာ အိပ်နေ၏။ ကျိုးရှောင်ယွီအိပ်သည့်ဘက်ခြမ်းမှာတော့ ကလေးပြုတ်မကျစေရန် ဒီနေ့မှ လက်ရန်းကာထားခဲ့သည်။ ထို့ကြောင့် ကောင်လေးကို စောင်ခြုံပေးနိုင်ရန် ကျိုးကျီယွဲ့ကို ကျော်သွားရလေသည်။

ဝမ်ယွီထုံ အသာလေး ဒူးထောက်ကာ ကုတင်ပေါ်တက်လိုက်သည်။ သူမ ဒူးသည် ကျိုးကျီယွဲ့ လက်မောင်းနှင့် တစ်စင်တီမီတာခန့်သာ ကွာတော့ ၏။

ကျိုးကျီယွဲ့ ဗိုက်ပေါ်က ရှောင်ယွီ၏ ခြေထောက်ကို အသာလေးမကာ ကုတင်ပေါ်တင်လိုက်သည်။ ထို့နောက် ရှောင်ယွီကို သက်သောင့်သက်သာ အိပ်နိုင်မည့်အနေအထား ပြန်ပြောင်းပေးလိုက်ကာ စောင်အပါးလေး ခြုံပေးလိုက်သည်။

သူရင်းနှီးနေကျ လက်‌ချောင်း၏ အထိအတွေ့နှင့် သူ့မေမေ၏ အနံ့အသက်ကို ခံစားလိုက်ရ၍ ကျိုးရှောင်ယွီသည် သူ့လက်ကို ပျော်ရွှင်စွာ လှုပ်ရှားလိုက်ပြီးနောက် နှုတ်ခမ်းကလေးထော်ကာ ဝက်ကလေးလို ချက်ချင်း ပြန်အိပ်ပျော်သွားသည်။

ဝမ်ယွီထုံ နှုတ်ခမ်းဖျားလေး ကွေးတက်အောင် ပြုံးလိုက်မိသည်။

ထို့နောက် အသက်ကို ဖြည်းဖြည်းလေးရှုထုတ်ကာ အိပ်ရာပေါ်မှ အသာလေး ထလိုက်သည်။

ထို့နောက်ခြေတစ်လှမ်းလှမ်းလိုက်စဉ် သူ့လက်မောင်းကို အားဖြင့် အဆွဲခံလိုက်ရကာ ကုတင်ပေါ် အလှဲချခံလိုက်ရသည်။

သူမ ကြောက်လန့်တကြား အော်ဟစ်လို‌သော်လည်း သူမပါးစပ်ကို ချက်ချင်းအပိတ်ခံလိုက်ရသည်။

ကျိုးကျီယွဲ့ အိပ်နေရာက ရုတ်တရက်ထလာကာ ရန်လိုသည့်အကြည့်ဖြင့် သူမအပေါ်ကနေ အုပ်မိုးပြီး အေးစက်စက်အသံဩဩဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ?"

"အွမ်းးး" ဝမ်ယွီထုံ သူ့ပါးစပ်ကို ပိတ်ထားသည့်လက်ကို အတင်းဆွဲဖယ်သည်။ ကြောက်လန့်သွား၍ သူမမျက်လုံးတွင် မျက်ရည်များပင်ဝဲလာသည်။

သူ့အောက်ကလူ ဘယ်သူဘယ်ဝါဆိုတာ သိသွားပြီးနောက် ကျိုးကျီယွဲ့တစ်ယောက် တည်ငြိမ်သွားပြီး ပါးစပ်ပိတ်ထားသည့်လက်ကို ဖယ်လိုက်သည်။ သူ့လက်က သူမ၏ နှုတ်ခမ်းစိုစိုဖူးဖူးလေးကို သုတ်လိုက်သလိုဖြစ်သွားသည်။

ဝမ်ယွီထုံ မျက်နှာ နီရဲလာကာ ရှက်ရှက်ဖြင့် အသံတိုးလေးဖြင့် ရန်ထောင်လိုက်သည်။ "ရှင်ဘာလုပ်တာလဲ။ ကျွန်မက ရှောင်ယွီကို စောင်ခြုံပေးနေတာ!"

ကျိုးကျီယွဲ့ အသံဩဩဖြင့် တောင်းပန်လိုက်သည်။

"ဆောရီး ကိုယ် မင်းမှန်း မသိလိုက်လို့"

Mနိုင်ငံမှာ ငယ်ငယ်ရွယ်ရွယ်နှင့် တစ်ကိုယ်တည်း ပညာသင်သွားခဲ့သည့်သူ့အဖို့ ကိစ္စပေါင်းစုံ ကြုံခဲ့ဖူး၍ အမြဲနိုးနိုးကြားကြား သတိရှိနေတတ်သည်။

ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့နှင့် ရန်ဖက်ဖြစ်မနေတော့ပဲ ကုတင်ပေါ်က ဆင်းလိုက်ပြီး အမှောင်ထဲကနေ သူ့ကို မျက်စောင်းတစ်ချက်ပစ်လိုက်သည်။ ထို့နောက် ကျိုးကျီယွဲကို တိုးတိုးပြောလိုက်သည်။

"အိပ်တဲ့ အခါ ရှောင်ယွီလေးကိုမဖိမိစေနဲ့။ တစ်ကယ်တော့ ရှင် ကလေးနဲ့အတူ မအိပ်သင့်ဘူး။ မနက်ဖြန် ကလေးကုတင်လေး ‌ဒီကို ရွေ့ထားလိုက်တာ ပိုကောင်းမယ်"

ကျိုးကျီယွဲ့ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ"

"ဒါဆိုလည်း ရှင့်ကို မနှောက်ယှက်တော့ပါဘူး"

သူမစိတ်ကူးထဲက အဖြစ်ဆိုးကြီး တစ်ကယ်မဖြစ်မှန်း သေချာပြီးမှ ကျိုးကျီယွဲ့ကို နှုတ်ဆက်လိုက်ပြီး အခန်းထဲကနေ ခြေဖျားထောက် လမ်းလျှောက်ထွက်သွားလိုက်သည်။

ကျိုးကျီယွဲ့ ထွက်သွားသည့် ဝမ်ယွီထုံ၏ နောက်ကျောကို ကြည့်နေလိုက်သည်။ ထို့နောက် သူ့လက်ချောင်းတွေကို ငုံ့ကြည့်လိုက်ပြီး လက်ချောင်းထိပ်တွေကို အသာလေး ပွတ်မိသွားသည်။

နူးညံ့သည့်နေရာကို ထိမိသည့် သူလက်ချောင်းထိပ်တွေက နွေးနေဆဲဖြစ်ပြီးချိုမြိန်သည့်ဝိုင်အနံ့လေးလို ရနေ၏။

  ...... ...... ...... ........ ........

ကျိုးရှောင်ယွီလေးသည် နောက်သုံးရက် ဆက်တိုက် ကျိုးကျီယွဲ့နှင့် အတူနေရလေသည်။ ကျိုးရှောင်ယွီ အိမ်မှာ ပြသနာ မရှာနိုင်ရန် ကျိုးကျီယွဲ့သည် နေ့တိုင်း ကလေးကို ကုမ္ပဏီခေါ်သွားကာ ညနေမှ အတူ ပြန်လာလေ့ရှ်ိသည်။

ကုမ္ပဏီ တစ်ခုလုံးလည်း သူတို့ဥက္ကဌကြီးရုံးခန်းမှာ ဝဝကစ်ကစ် ကလေးတစ်ယောက် ရှိနေမှန်းသိကြလေသည်။ ထိုကလေးသည် ဥက္ကဌကြီးရုံးခန်းတစ်ခုလုံး လှည့်ပတ်တွားသွားရုံမက နေရာတိုင်းပြသနာရှာသေး၏။ သူတို့ရဲ့ ‌ရက်စက်သည့် ဥက္ကဌကြီးကိုပါမချန် သွားစိန်ခေါ်လိုက်သေးသည်။

ဝန်ထမ်းတစ်ယောက်ဆိုလျှင် ကျိုးရှောင်ယွီ ကျိုးကျီယွဲ့၏ အင်္ကျီလက်စိန်ကြယ်သီးကို ဆွဲဖြုတ်ပြီးအမှိုက်ပုံးထဲ ပစ်ထားသည်ကို သန့်ရှင်းရေးအန်တီကြီးကောက်လာပေးသည်ကို မြင်ခဲ့ရသည်။

ဝန်ထမ်းနောက်တစ်ဦးဆိုလျှင် ကျိုးရှောင်ယွီ ကျိုးကျီယွဲ့စားပွဲပေါ်က စာရွက်စာတမ်းတွေကို ဆွဲဖြဲပစ်၍ အရိုက်ခံရပြီး ဥက္ကဌရုံးခန်း တစ်ထပ်လုံး သူ့အသံကြားအောင်အော်ငို သည်ကို မြင်ခဲ့ရသည်။ ကျိုးရှောင်ယွီက အကြီးပိုင်း ဒါရိုက်တာ တစ်ယောက်ကို ရိုက်လိုက်၍ ကျိုးကျီယွဲ့ ကိုယ်တိုင် ထိုဒါရိုက်တာအိမ်ကို လိုက်တောင်းပန်ခဲ့ရသည်ဟုသည့် ကောလဟာလပင် ကြားရသေး၏။

လက်ထောက်ချန်းသည် စာရင်းအင်းတွက်ရင်း သိလာရသည်က သုံးရက်အတွင်း ကျိုးရှောင်ယွီသည် ဖန်ခွက်သုံးခွက်ခွဲသည်။ ဘောပင်လေးချောင်းဖျောက်ခဲ့သည်။စာအုပ်သုံးအုပ်ဖြဲခဲ့သည်။ ပြီးတော့ သူ့ရဲ့ ရောင်စုံ စုတ်တံ အသစ်နဲ့ ဥက္ကဌကြီးရဲ့ အဆင့်မြင့် အစွန်းအထင်းပင်မရှိသည့် သန့်ရှင်းသပ်ရပ်နေသည့်ရုံးခန်းထဲ လျှောက်ခြစ်ခဲ့သေး၏။

သုံးရက်အတွင်း ကျိုးရှောင်ယွီ ဆယ်ကြိမ်အရိုက်ခံရကာ ၇ကြိမ်က သူ့အမေကို ဗီဒီယိုကော ခေါ်ပြီးနောက်အငိုတိတ်သွားကာ ၃ကြိမ်က သူ့ဘာသာ မျက်ရည်သုတ်ရင်း အငိုရပ်ခဲ့ရသည်။

အသက်၂၈နှစ်ရှိပြီဖြစ်သည့် လက်ထောက်ချန်းသည် မကြာသေးမီက လက်ထပ်ခဲ့သူဖြစ်ပြီး ၂နှစ်အတွင်း ကလေးယူရန် စဉ်းစားထားသူဖြစ်သည်။ သို့သော် ကျိုးရှောင်ယွီကို အနီးကပ်လေ့လာခဲ့ပြီးနောက် သူ၏ အစီအစဉ်ကို နောက် နှစ်အနည်းငယ် ထပ်ရွှေ့ရန် ဆုံးဖြတ်လိုက်သည်။

'ကလေးပေါက်စလေးတွေက ချစ်ဖို့ကောင်းတာ မှန်ပေမယ့် သူတို့ကို ပျိုးထောင်ဖို့က အကုန်အကျများလှသည်။ သူတို့ရဲ့ ရဲရင့်သည့်စစ်သည်တော် ဥက္ကဌကြီးတောင် ကလေးကို မထိန်းနိုင်၍ လွတ်ထားရတယ် ဆိုတော့ သူလည်း အစီအစဉ်ပြောင်းတာကောင်းပါတယ်။'

ဝမ်ယွီထုံ ဖျားပြီး လေးရက်မြောက်နေ့တွင် ပြန်သက်သာလာခဲ့သည်။ ကျိုးရှောင်ယွီကို မထိန်းရတာ ရက်အတော်ကြာပြီဖြစ်၍ သူမ၏ ပေါက်စီလုံးလေးကို သတိရလာသည်။

ကြာသာပတေးနေ့ မနက်ခင်းစောစောပိုင်းတွင် ဝမ်ယွီထုံသည် ကျိုးကျီယွဲ့ အခန်းထဲရောက်လာပြီး ကျိုးရှောင်ယွီကို လာခေါ်လေသည်။

ထိုအချိန်တွင် ကျိုးကျီယွဲ့က မှန်ရှေ့မှာ နက်ခတိုင်ကို ချည်နေသည်။ ဤရက်ပိုင်းအတွင်း အလုပ်လုပ်ရင်း ကလေးထိန်းရ၍ သူအတော်လေး ပင်ပန်းနေပြီဖြစ်သည်။ သူမျက်လုံးတွေက အိပ်ချင်မူးတူးဖြစ်နေပြီး မျက်ကွင်း ယောင်ယောင်လေးပင် မည်းနေ၏။

သို့သော် သူနှင့်မလှမ်းမကမ်းမှာ ရှိသည့် ကလေးနှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်ရင်း သူ့နှုတ်ခမ်းတွေ ပြုံးမိသွားသည်။

ဝမ်ယွီထုံ ဘောလုံးအိအိလေးကို ကောက်ချီကာ လှည့်လိုက်သည်။ ကျိုးရှောင်ယွီ မျက်လုံးတွေ အရောင်တောက်လာပြီး ပျော်ရွှင်စွာ ရီမောသံတွေ ညံသွားသည်။သူ့မျက်နှာလေးကို ဝမ်ယွီထုံ ရင်ခွင်ထဲ အပ်လိုက်ကာ "ဂူးးဂူးးဂူးး"ဟု ပြောလေသည်။

" ဘယ်လိုဖြစ်ပြီး အရမ်းချွဲတတ်သွားရတာလဲ?" ဝမ်ယွီထုံ မျက်ခုံးတွန့်ရင်း မေးလိုက်သည်။

ကျိုးရှောင်ယွီကတော့ ဝမ်ယွီထုံ၏ အင်္ကျီကို သူ့လက်ကလေးဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလေသည်။ သူ့အမေ ရင်ခွင်ထဲနေရင်း ပတ်ဝန်းကျင်ကို နိုးနိုးကြားကြားကြည့်လိုက်သည်။

'သူ့မေမေကို ဘယ်သူမှ သူ့ဆီကနေ လုယူမသွားစေရဘူးလို့ ကျိန်ဆိုတယ်!'

All Chapters