← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

သူမရဲ့ ဝမ်းမနာ မွေးစားသားလေး ကျိုးရှောင်ယွီက အရင်ကထက် ပိုချွဲတတ်လာရုံမက စကားလည်း အရင်ကထက် ပိုနားထောင်တတ်လာသည်။

ပိုသိသာလာတာက ဖြည့်စွက်စာကျွေးသည့်အချိန်တွင်ဖြစ်သည်။ ယခင်က ဆိုလျင် ကျိုးရှောင်ယွီသည် ဖြည့်စွက်စာကျွေးတိုင်း ဗိုက်တစ်ဝက်ပြည့်လျှင် ဘူးမှုတ် ထွေးထုတ်ပြီး သွားရည်ခံကို စောင့်စွဲကာဆော့ရင်း နောက်ပြောင် ကစားနေကြဖြစ်သည်။ သို့သော် ယခုတော့ ထမင်းစားခုံပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်ရင်း သူ့အစားကို လိမ္မာစွာ ပြီးအောင်စားတော့သည်။

အစားကိုလည်း လောဘတကြီး စားလာပုံက မသိလျှင် သူ့စားစရာတွေကို မြန်မြန်မစားလျှင် သူများယူသွားမည့်အတိုင်းပင်။

ဝမ်ယွီထုံ သူ့ဖာသာတွေးရင်း ရယ်လိုက်မိသည်။

'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရှောင်ယွီလေးကို ဘယ်သူက အငတ်ထားမှာလဲ?'

ကောင်ကလေး ရုတ်တရက် လိမ္မာလာတာက တစ်နေ့ပြီး တစ်နေ့ ကြီးလာလို့ဖြစ်ရမည်။ ခုဆို ကလေးက ကိုးလထဲတောင်ရောက်လာပြီလေ။

စနစ် - "ကလေးက ကိုးလထဲ ရောက်လာရင် အရမ်းထွားလာပြီး နေ့တိုင်း ပြောင်းလဲ လာလိမ့်မယ်"

ထိုသို့ပြောရင်း ကလေးပြုစုပျိုးထောင်နည်းလမ်းတွေ စာနှင့်ရုပ်ပြပုံတွေကို စနစ်က ပြလာသည်။

[မေမေ! ဒီနေ့ သားသား ကိုးလ ပြည့်ပြီ!]

[အစာကျွေးခြင်းအချက် - နို့အစားဖြည့်စွက်အစားအစာများကတစ်ဖြည်းဖြည်း အစားထိုးလာကာ အဟာရပြည့်ဝသည့် အဓိက အစားအစာဖြစ်လာမည်။]

[ကိုယ်လက်လှုပ်ရှားခြင်း - လွတ်လပ်စွာ တွားသွားပြီး စားပွဲ၊ လှေကားများပေါ် တွယ်တက်လာမည်။ အကူပစ္စည်းဖြင့် ထိုင်ထလုပ်နိုင်ကာ ရံဖန်ရံခါ ခြေလှမ်းတွေ စလှမ်းလာနိုင်မည်။ သို့သော် ခြေထောက်ခွင်ခြင်းဖြစ်နိုင်၍ ကလေးကို အကြာကြီး မရပ်ခိုင်းထားပါနှင့်]

[ဘာသာစကား - စကားလုံး တစ်လုံးတည်း ရှိသည့် စကားတွေကို ပြောလာနိုင်ပြီး ရိုးရှင်းသည့်ညွှန်ကြားချက်တွေကို နားလည်လာသည်]

[သိမြင်တတ်ခြင်း - လူကြီးတွေရဲ့ အပြုအမူတွေကို လိုက်တုပလာပြီး သူတစ်ပါးနှင့်ဆက်ဆံရေးကြားမှ အကျိုးအပြစ်တွေကို နားလည်စပြုလာသည်။]

[ ရှေးဦးကလေးသူငယ် ကစားနိုင်သည့်ဂိမ်းများ - တူတူပုန်းကစားနည်း၊ ဂီတစည်းချက်နှင့်အတူ ကခုန်ခြင်း၊ သူငယ်ချင်းများနှင့် လက်ဆွဲ နှုတ်ဆက်ခြင်း၊ တိရိစ္ဆာန်လေးတွေ အသံ နားထောင်ကာ လိုက်တုပခြင်း... ]

မနက်စာစားပြီးနောက် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီနှင့်အတူ ဧည့်ခန်းထဲမှာ အဖော်ပြုပေးနေ၏။ ကောင်ကလေး၏ လေးဖက်ထောက် တွားသွားပုံက ပို၍ ကျွမ်းကျင်လာသည်။ ထူးထူးဆန်းဆန်း တွားသွားနည်း ပင် သူ့ဖာသာ ထွင်လိုက်သေးသည်။ လေးဖက်ထောက်အနေအထားကနေ အလွယ်တကူ ထိုင်နိုင်ပြီး ထိုင်နေရာကနေ လေးဖက်ထောက် တွားသွားခြင်းကို အလွယ်တကူ ပြုလုပ်နိုင်ပြီဖြစ်သည်။

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီလေး အိမ်ထဲ လျှောက်ပတ်သွားလျှင် မထိခိုက်စေရန်အတွက် ပရိဘောဂများ၏ ထောင့်စွန်းများကို အိမ်ရှိလူများအား လိုက် ဖုံးကာခိုင်းထား၏

"လူ‌ချောလေးမှာ အရမ်းပြည့်စုံတဲ့ခန္ဓာကိုယ်ရှ်ိပါတယ်~~

အရမ်းခန့်ငြားပြီး သူ့အသားအရောင်ကလည်း ဖြူပါတယ်~~

ခေါင်းက ဆံပင်ကို ရမ်းခါလိုက်ပြီး ဟိတ်ဟန်လေး နဲ့ လမ်းလျှောက်နေပါတယ်သူများတွေကို ကျွန်တော်ကို ကမ္ဘာပေါ်မှာ အချောဆုံးလို့ပြောကြပါတယ် ~"

ဒါကတော့ ကျိုးရှောင်ယွီ လတ်တလော အကြိုက်ဆုံး သီချင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်လေးကို လှုပ်ကာ က ရင်း နားထောင်လေ့ရှိသည်။

ဆံပင်ကောက်လေးတွေက ဝေ့ရမ်းနေပြီး တင်ပါးလေးလှုပ်ရမ်းကာ သူ့ပုံစံက အလွန်စိတ်ကြီးဝင်နေပုံပေါက်သည်။ သူ့ခြေတွေ လက်တွေကိုလည်း ကြိုက်သလို လှုပ်ရှားနိုင်ကာ တစ်အိမ်လုံး သူကြိုက်သည့်နေရာ တွားသွားနိုင်သည်။ တစ်အိမ်လုံးရဲ့ ဗိုလ်ကျသူလေး ဖြစ်နေသည်။

ဒီနေ့တော့ အိမ်မှာ ထူးဆန်းသည့် သူငယ်ချင်းအသစ် ရောက်နေသည်။

ကျိုးရှောင်ယွီသည် ကြမ်းခင်းပေါ် တစ်ချိန်လုံး လျှောက်သွားနေသည့် သူငယ်ချင်းအသစ်ကိုကြည့်ကာ ဝမ်ယွီထုံ ရင်ခွင်ထဲ နောက်တွန့်ဝင်သွားသည်။

ကျိုးရှောင်ယွီ အပြုအမူကိုကြည့်ပြီး အိမ်တော်ထိန်းစန် ပြုံးကာပြောလိုက်သည်။ "ဒါက အမှိုက်လှည်း ကြမ်းတိုက် လုပ်ပေးတဲ့ နောက်ဆုံးပေါ် လေဆာသန့်ရှင်းရေး စက်ရုပ်လေ။ D ဘရန်းကနေ ပထမဆုံး ဈေးကွက်ထဲ ရောင်းချပေးတာ။ သုံးလို့ကောင်းတယ်လို့ လူတိုင်းက ပြောကြတယ်"

ကျိုးရှောင်ယွီ မျက်မှောင်ကြုံကာ တွန့်ဆုတ်ဆုတ်ကြည့်နေသည်။

ကျိုးရှောင်ယွီ၏ အပြုအမူကို ဝမ်ယွီထုံ သဘောကျမိသည်။ ထို့ကြောင့် ကြမ်းပြင်ပေါ်က ကောင်လေးဆီ ထိုင်ချကာ သန့်ရှင်းရေး စက်အကြောင်း ရှင်းပြလိုက်သည်။

"မကြောက်နဲ့နော် ရှောင်ယွီ..ဒီစက်ရုပ်က သန့်ရှင်းရေး လုပ်ပေးတာ။ သူက လူတွေကို ရိုက်လည်း မရိုက်ဘူး ကိုက်လည်း မကိုက်ဘူနော်။ မေမေတို့လည်း သူ့အလုပ်လုပ်တာကို မနှောက်ယှက်ရဘူးနော်"

ကျိုးရှောင်ယွီ၏ မျက်လုံးပြူးလေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လာသည်။

ဝမ်ယွီထုံကျိုးရှောင်ယွီကို ဖျာပေါ်ချကာ ‌ဆော့ကစားစေပြီး သူမက ရေတစ်ခွက် သွားငှဲ့လိုက်သည်။

ရေငှဲ့ပြီး ပြန်လာစဉ် ကျိုးရှောင်ယွီက သန့်ရှင်းရေးစက်ရုပ်ကို အသေအချာစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ဝမ်ယွီထုံလည်း အဝေး တစ်နေရာကနေ ပြုံးကာ စောင့်ကြည့်နေလိုက်သည်။

ကျိုးရှောင်ယွီက တောက်ပသည့် အကြည့်တွေ နဲ့ သူ့သူငယ်ချင်းအသစ်ကို နှုတ်ဆက်လိုက်သည်။

"အာ ဂူဂူးးးးဂူးးး"

သူငယ်ချင်းအသစ်ကတော့ သူ့ကို ဂရုမစိုက်ပဲ သန့်ရှင်းရေးကိုသာ ကြိုးကြိုးစားစား လုပ်နေ၏။

ကျိုးရှောင်ယွီ စိတ်ဝင်စားသွားပြီး သူ့ သူငယ်ချင်းအသစ်နောက်ကို ဖင်လေး လိမ်ဖယ် လိမ်ဖယ်နှင့် လေးဖက်ထောက် လိုက်နေသည်။

ဒါပေမယ့် သူငယ်ချင်းအသစ်ကတော့ အေးတိအေးစက်နှင့် ကျိုးရှောင်ယွီကို စိတ်ပင်မဝင်စားချေ။

ကျိုးရှောင်ယွီသည် သူ့သူငယ်ချင်းနောက်ကို အမြန်နှုန်းမြင့်ကာ အမြန်လိုက်ပြီး သန့်ရှင်းရေးစက်ရုပ်၏ အေးစက်နေသည့် ခန္ဓာကိုယ်ကို သတ္တိမွေးကယ ထိလိုက်သည်။

"ဂူးးးဂူးးး..."

သူငယ်ချင်းအသစ်က ထူးမခြားနားပင် သန့်ရှင်းရေး လုပ်ရန် ဆိုဖာအောက်ကို ဝင်သွားသည်။

ကျိုးရှောင်ယွီ အနည်းငယ် သောကရောက်နေ၏။ သူ ဆိုဖာ အစွန်းနား ထိုင်ကာ သူ့သူငယ်ချင်း ထွက်အလာကိုစောင့်နေသည်။

နှစ်မိနစ်ခန့်ကြာလျှင် သူ့သူငယ်ချင်း အသစ်ကလေးသည် ပြန်ထွက်လာခဲ့သည်။ ကျိုးရှောင်ယွီ ပျော်ရွှင်စွာ သွားပြီး ပြန်နှုတ်ဆက်သည်။ သို့သော် ထိုသူငယ်ချင်း အသစ်ကတော့ အေးတိအေးစက်နှင့် အကြင်နာ ကင်းမဲ့စွာ လုံးဝ မရပ်ပဲ ထွက်သွားလေသည်။

ကျိုးရှောင်ယွီ တစ်ယောက် ဘဝမှာ ပထမဆုံးအကြိမ် မိတ်ဖွဲ့ခြင်းဖြစ်သည်။ သို့သော် မအောင်မြင်ခဲ့ပါ။

သူကျယ်လောင်စွာ အော်ဟစ်ပြီး သူ့လက်တွေ ခြေတွေ သုံးကာ သူ့သူငယ်ချင်း အသစ် ပေါ် တွယ်တက်လိုက်သည်။

ကျိုးရှောင်ယွီ၏ ၂၀ကီလိုနီးပါး အလေး ချိန်ကို မခံနိုင်၍ စက်ရုပ်သည် သန့်ရှင်း ရေး လုပ်နေရာမှ ရပ်သွားသည်။ နောက်ဆုံးတော့ ဒီသူငယ်ချင်းအသစ်က သူ့အပေါ် အာရုံစိုက်လာပြီဟု ကျိုးရှောင်ယွီထင်လိုက်ကာ စက်ရုပ်ကို သူ့လက်ဖြင့် ပျော်ရွှင်စွာ ပုတ်ရင်း သူ့သွားလေး နှစ်ချောင်းပေါ်အောင် ပြုံးလေသည်။

ဝမ်ယွီထုံ - "........."

'ဒီကလေး အရမ်း အထီးကျန်နေတာ များလား? သက်တူရွယ်တူ ကလေးတွေ နဲ့ တွေ့ရအောင် အပြင်ခေါ်သွားရမယ် ထင်တယ်~'

စနစ် - " မှန်တယ်! ကိုးလသား အရွယ်ကလေးတွေက တစ်ခြားသူနဲ့ ဆက်ဆံရေး တိုးတက်လာပြီး တစ်ခြားကလေးတွေကိုလည်း စိတ်ဝင်စားလာကြပြီ။ အပြင်ခဏခဏထွက်ပြီး လူတွေနဲ့ များများပေးတွေ့ပါ။ ဒါမှ ကလေးက ပေါင်းသင်းဆက်ဆံရေး တိုးတက်လာမှာ"

နာရီဝက်အကြာမှာတော့ သူငယ်ချင်းမိတ်ဖွဲ့နိုင်ရန် ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ခေါ်ပြီး ကစားကွင်းကို လမ်းလျှောက်ထွက်လာလိုက်ကြသည်။

ကြာသာပတေးနေ့ဖြစ်၍ ကစားကွင်းက ခြောက်ကပ်နေသည်။ အဓိက ဆော့ကစားကြသည့် ဖန်းရော့ရှီး အရွယ်ကလေးတွေက မူကြိုတက်နေရ၍ဖြစ်သည်။

‌မိုးကောင်းကင်က ပြာလဲ့နေကာ တိမ်တွေကလည်း ဖြူစင်နေ၏။ ဆောင်းဦး လေတိုက်ခတ်၍ သစ်ပင်ရှိ သစ်ရွက်များက တစ်ဖွဲဖွဲ ကြွေကျသည်။ ရွှေဝါရောင် သစ်ရွက်ခြောက်တွေက သူမ၏ နားရွက်ကို ဖြတ်ကျော်ကာ ပုခုံးနှင့် ဆံပင် ပေါ်ကျဆင်းလာသည်။

နွေးထွေးသည့်နေရောင်ခြည်လေး ကျိုးရှောင်ယွီ၏ ပန်းရောင်နူးညံ့သည့် မျက်နှာပြင်ပေါ် ဖြာကျနေရာ သူ့ပုံစံက မက်မွန်သီးလေးလိုဖြစ်နေသည်။

သို့သော် မက်မွန်သီးလေးက ခြောက်သွေ့နေသလိုဖြစ်နေ၍ ဝမ်ယွီထုံ အသားအရေ ထိန်းသိမ်းခရမ် လိမ်းပေးလိုက်သည်။

"ဒီရက်အတွင်း အသားအရေ ထိန်းသိမ်းတာ မလုပ်ဘူးလားးး? တို့ရှောင်ယွီလေး အသားအရေတွေ ခြောက်သွေ့နေတယ်"

စနစ် - "ကလေးရဲ့ အသားအရေစိုစေတဲ့ အလွှာပါးက ကောင်းကောင်း မဖွံ့ဖြိုးသေးဘူး။ အရေပြား အပေါ်ယံအလွှာကလည်း ပါးလွှာတာမို့လို့ ကလေး အသားအရေကို သေချာလေး ထိန်းသိမ်းပေးရမယ်။ ပျင်းနေလို့မရဘူး။ သေချာ မထိန်းသိမ်းရင် အရေပြားပြသနာတွေ ဖြစ်လာနိုင်တယ်။ နှင်းခူနာလိုမျိုးတွေ ပေါက်လာနိုင်တယ်."

ကျိုးရှောင်ယွီက မျက်နှာလေးမော့ကာ သူ့အမေ ခရင်မ် လိမ်းပေးသည်ကို လိမ်လိမ်မာမာ ခံသည်။

"အာ......~~"

ဒီရက်ပိုင်းအတွင်း ကလေးမျက်နှာအသားအရေတွေ ခြောက်နေလို့ စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။

ဝမ်ယွီထုံ မျက်မှောင်ကြုံ့ကာ သက်ပြင်းချလိုက်သည်။ ကျိုးကျီယွဲ့ကို ကလေးအသားအရေ ဂရုစိုက်ပေးရမည့်အကြောင်း မပြောခဲ့မိ၍ သူ့ကို အပြစ်သွားတင်၍လည်း မရပေ။ အိမ်ပြန်ရောက်လျှင် ကလေး အသားအရေတွေဂရုစိုက်ဖို့လည်း အရေးကြီးကြောင်း ကျိုးကျီယွဲ့ကို ပြောပြရဦးမည်။

ကျိုးရှောင်ယွီကို ခရင်မ်လိမ်းပေးပြီးနောက် ဝမ်ယွီထုံ ကလေးကို ချီလိုက်ကာ လျှောနှင့် ဒန်းတွေကို ခဏ ခေါ်စီးလိုက်သည်။

ခဏ ဆော့ပြီး ချွေး အနည်းငယ် ထွက်လာ၍ ဝမ်ယွီထုံ ခုံတန်းပေါ် ထိုင်လိုက်ကာ တွန်းလှည်း ပေါ်ရှိ ရှောင်ယွီကို ကီဝီနှင့် ငှက်ပျောသီးရောကြိတ်ထားသည့် အနှစ်ကို ကျွေးနေလိုက်သည်။

ထိုအချိန် ငယ်ငယ်ရွယ်ရွယ် မိခင်တစ်ယောက် ကလေးတွန်းလှည်း တွန်းကာ ဝမ်ယွီထုံ တို့အနား ချည်းကပ်လာသည်။ သူမသည် ကျိုးရှောင်ယွီသစ်သီးအနှစ် စားနေသည်ကိုကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

" ကလေးက အတော်လေး ထွားတာပဲနော် ဆယ်လထဲ ရောက်ပြီလား"

ဝမ်ယွီထုံ ခေါင်းစောင်းကာ ကြည့်လိုက်တော့ တွန်းလှည်းအမြင့်ပေါ် ထိုင်နေသည့် ကောင်ကလေးနှင့် အရပ်ရှည်သည့် အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်သည်။

"ကိုးလထဲပဲ ရှိသေးပါတယ်" ဝမ်ယွီထုံ အမေနှင့်သားကို ပြုံးပြလိုက်သည်။ "ဒီခန့်ချောလေးကတော့ တစ်နှစ်ပြည့်ပြီ ထင်တယ် ဟုတ်တယ်မလား?"

"ဟုတ်ပါတယ်။ ဒီလထဲမှာပဲ တစ်နှစ်ပြည့်တာပါ။ လမ်းတောင် စလျှောက်နေပြီလေ" အမေဖြစ်သူက ဂုဏ်ယူစွာပြောပြီး သူ့သားကို တွန်းလှည်းမှ ထုတ်ကာ မြေပြင်ပေါ်ချပေးလိုက်သည်။ အပြာရောင်အဝတ်အစားနှင့် ဖိနပ်အနီရောင် ဝတ်ထားသည့် ကောင်ကလေးသည် ပျော်ရွှင်စွာ ဘဲကလေးတံတားပေါ် လမ်းလျှောက်ဖြတ်သလို လျှောက်လေတော့သည်။

ဝမ်ယွီထုံလည်း ကလေးလမ်းလျှောက်သည်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။ "သားလေးက ချစ်စရာလေးနော် နာမည်ဘယ်လိုခေါ်လဲ?"

"ကျွန်မတို့က လျန်းဇီလို့ ချစ်စနိုးခေါ်တယ် ရှင့်သားကကော?" လျန်ဇီ အမေက ပြုံးရင်း ပြန်မေးလိုက်သည်။

ဒီကလေးက အတော်လေး ချစ်စရာကောင်းတာပဲဟု ဝမ်ယွီထုံ မျက်ခုံးပင့်ရင်း မှတ်ချက်ပေးလိုက်သည်။

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ လက်ကို ကိုင်ကာ နှုတ်ဆက်သည့်ပုံစံ ဝေ့ရမ်းလိုက်သည်။ "ဟယ်လို အစ်ကို လျန်ဇီရေ ကျွန်တော်က ညီလေးရှောင်ယွီပါ တွေ့ရတာ ဝမ်းသာပါတယ်"

လျန်ဇီက ကျိုးရှောင်ယွီ၏ တွန်းလှည်းနား လှုပ်လီလှုပ်လဲ့နှင့် လမ်းလျှောက်လာသည်။ ကလေးနှစ်ယောက် တစ်ဦးနှင့်တစ်ဦး စူးစမ်းစိုက်ကြည့်လိုက်ကြသည်။

ကျိုးရှောင်ယွီက အနည်းငယ် စိတ်လှုပ်ရှားကာ မျှော်လင့်နေ၏။ လျန်ဇီဆိုသည့် သူငယ်ချင်းအသစ်ကို တောက်ပသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားမပြောရဲ ဖြစ်နေသည်။

"ဘာလို့ လက်ဆွဲ မနှုတ်ဆက်ကြတာလဲ?" ဝမ်ယွီထုံ စနစ်က ပြောပြထားသည့် ကလေးထိန်းကျောင်းနည်းများထဲမှ အချက်တစ်ချက်ကို သတိရလိုက်သည်။ကလေးတွေကို လူမှုဆက်ဆံရေးအကြောင်း သင်ပေးမယ် ဆိုရင် ပထမဆုံးအချက်က လက်ဆွဲနှုတ်ဆက်ခိုင်းခြင်းဖြစ်သည်။

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ၏ လက်က‌လေးကို ဆွဲလိုက်ကာ လျန်ဇီကို မျက်လုံးမှိတ်ပြရင်း ပြောလိုက်သည်။

"လက်ဆွဲနှုတ်ဆက်ရအောင် သူငယ်ချင်းရေ ~"

လျန်ဇီ၏ လက်ကလေးကလည်း ကျိုးရှောင်ယွီဘက် ဆန့်တန်းလာသည်။

ကျိုးရှောင်ယွီကတော့ ရှက်နေသည့်ပုံပင်။

ကလေး နှစ်ယောက်၏ လက်တွေ ပွတ်တိုက်သွားပြီးနောက် လျန်ဇီသည် ကျိုးရှောင်ယွီစားလက်စ ကီဝီသီးနှင့်ငှက်ပျောသီးအနှစ်အထုပ်ကို ကျိုးရှောင်ယွီလက်မှ အမြန်ဆွဲလုလိုက်သည်။

ကျိုးရှောင်ယွီ - “!!?!!”

ကျိုးရှောင်ယွီ စိတ်ဆိုးသွားပြီး ရှေ့ကိုကုန်းကာ သူ့ သစ်သီးအနှစ်ထုပ်ကို ပြန်ယူဖို့ကြိုးစားသည်။

သို့သော် လျန်ဇီက လမ်းလျှောက်တတ်သည့်ကလေးဖြစ်၍ သစ်သီးအနှစ်ထုပ်ကို လုယူပြီးသည်နှင့် တစ်ပြိုင်နက် လက်ထဲ မြဲမြဲ ဆုပ်ကိုင်ကာ သူ့အမေဆီ လျှောက်သွားတော့သည်။

ဝမ်ယွီထုံလည်း နည်းနည်း ကြောင်သွားသည်။ တစ်နှစ်အရွယ်ကလေးနောက် ပြေးလိုက်ကာ လိုက်လုပြန်လည်း မဟုတ်။

"ကုမင်လန်!!! သစ်သီးအနှစ်ထုပ် ပြန်ပေးလိုက် !!"

လျန်ဇီအမေက ခါးထောက်ကာ အသံကျယ်ဖြင့် ပြောလိုက်သည်။

လျန်ဇီ ပြန်မပေးချင်ပေ။ သစ်သီးအနှစ်အိတ်ကို ပိုက်ပြီး မျက်ရည်တွေအိုင်ထွန်းလာကာ စကားအထစ်ထစ် အငေါ့ငေါ့ဖြင့် ငြင်းလိုက်သည်။

"နိုးးနိုးး မပေး...မပေးး.."

ကျိုးရှောင်ယွီကတော့ တွန်းလှည်းကို မကျေမနပ် ထုရိုက်ကာ လျန်ဇီဘက် သွားဖြဲရင်း အော်ဟစ်နေ၏။

မျက်ရည်တွေနဲ့ လျန်ဇီလေးက လတ်တလော အတော် သနားစရာကောင်းနေ၏။

ဝမ်ယွီထုံလည်း မနေနိုင်တော့၍ အိတ်ထဲက တစ်ခြား ပန်းသီး၊ ချယ်ရီသီး၊ ငှက်ပျောသီး အနှစ်ထုပ်ကို ထုတ်လိုက်ကာ လျန်ဇီကို ကမ်းပေးလိုက်သည်။ "လျန်ဇီ ဒါသားအတွက်နော် သားလက်ထဲက အိတ် အန်တီကို ပေးလို့ရလား"

လျန်ဇီမျက်ရည်တွေနဲ့ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့လက်ထဲက သစ်သီး အနှစ်ကို ဝမ်ယွီထုံအား ကမ်းပေးလိုက်ပြီး အထုပ်အသစ်ကို ယူလိုက်သည်။

ဝမ်ယွီထုံ လျန်ဇီ၏ ခေါင်းကို ပွတ်လိုက်သည်။ "လျန်းဇီရေ သားနောက်တစ်ခါ တစ်ခုခု လိုချင်ရင် လုယူတာမျိုး မလုပ်ပဲ လူကြီးတွေကို ပြောပြရမယ်နော် ဟုတ်ပြီလား?"

တစ်နှစ်သားလေး လျန်ဇီက ဝမ်ယွီထုံ ပြောသည်ကို နားလည်သည့်ပုံဖြင့် ခေါင်းကို ဖြည်းဖြည်းငြိမ့်လိုက်သည်။

လျန်ဇီ အမေက အားနာပါးနာ တောင်းပန်လိုက်သည်။

"မြန်မြန်အန်တီကို ကျေးဇူးတင်လိုက်လေ"

"ကျေး...ကျေးးးး" လျန်ဇီက ကလေးအသံလေးဖြင့် ပြောလေသည်။

မျက်နှာပူစရာကိစ္စတွေ ဖြစ်ပြီးနောက်မှာတော့ ကျိုးရှောင်ယွီနှင့် လျန်ဇီတို့ မိတ်မဖွဲ့ဖြစ်ကြတော့ပေ။ လျန်ဇီအမေ က သူ့ကလေးကို ခေါ်ကာ ကစားကွင်းထဲက တစ်ခြားကစားစရာ သွားခေါ်ဆော့တော့သည်။

ကျိုးရှောင်ယွီ၏ ဘဝမှာ သူ့ဘက်ကစပြီး ဒုတိယအကြိမ် သူငယ်ချင်းကို မိတ်ဖွဲ့မှု မှာလည်း ကျရှုံးသွားပြန်သည်။

ဝမ်ယွီထုံ သစ်သီး အနှစ်အိတ်ကို ကျိုးရှောင်ယွီအားပြန်ပေးလိုက်သည်။ ကျိုးရှောင်ယွီ သစ်သီးအနှစ်အိတ်ကို တင်းတင်း ဆုပ်ကိုင်ထားကာ စိတ်ဆိုးနေပုံပေါက်သည်။

'လျန်ဇီဆိုတဲ့ တစ်ယောက်က သူ့သစ်သီးအနှစ်အိတ်လည်း လုသေးတယ် ဘာလို့ သူက ငိုနေသေးတာလဲ?'

"ဟုတ်ပြီ သားစိတ်မဆိုးနဲ့ တော့နော် မေမေ ပြန်ယူပေးပြီလေ? ရှောင်ယွီလေးက လိမ္မာတဲ့ ကလေးလေးပါ "

ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ခဏ ဖက်ထားပြီး နှစ်သိမ့်လိုက်ကာ သစ်သီးအနှစ်ထုပ် ဆက်ကျွေးလိုက်သည်။

ထိုစဉ် သူမစိတ်ထဲကနေ စနစ်က မလေးမစား အတင်းပြောလိုသော အသံဖြင့် စကားပြောလာသည်။

"ဟေးးးး လျန်ဇီဆိုတဲ့ ချစ်စနိုးနာမည်နဲ့ ကုမင်လန်ဆိုတဲ့ ကလေးက ဘယ်သူလဲ သိလား?"

ဝမ်ယွီထုံ - "ဘယ်သူလဲ?"

စနစ် - "ဒီဝတ္ထုရဲ့ ဒုတိယဇာတ်လိုက်ပဲ!!"

ဝမ်ယွီထုံ လက်တုန်လှုပ်သွားကာ ကျွေးနေသည့်သစ်သီးအနှစ် ကျိုးရှောင်ယွီ နှာခေါင်းပေါက်ထဲထိုးထည့်မိမလို ဖြစ်သွားသည်။

သူမအံ့ဩမိသည်က ဒုတိယဇာတ်လိုက်သည် လျန်ဇီဖြစ်၍ မဟုတ်ပဲ လောကကြီးက မထင်မှတ်ထားသော အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေ၍ဖြစ်သည်။

စနစ် - "ဒါက ပုံမှန်ပါပဲ။ ဘာလို့ ဆို သူတို့က ဒီကမ္ဘာရဲ့ အဓိကဇာတ်ဆောင်အဖွဲ့ဝင်တွေလေ။ သူတို့ရဲ့ ကံတရားက သံလိုက်လို အရမ်းဆွဲငင်လွန်းလို့ အမှောင်ထဲမှာတောင် အချင်းချင်း တိုက်မိနိုင်သေး တယ်"

 ဝမ်ယွီထုံ - "......."

စနစ်က ဆက်ပြီး အတင်းတုတ်နေသည်။

"ကုမင်လန်က အရွယ်ရောက်လာရင် အင်မတန်ခန့်ငြားတဲ့ ဒုတိယဇာတ်လိုက်ဖြစ်လာမှာ။ ဇာတ်လိုက်နဲ့ ဒုတိယဇာတ်လိုက်တို့က အချင်းချင်းပြိုင်ဆိုင်ကြမှာ။ သူတို့အချင်းချင်းကြားက ပြိုင်ဆိုင်မှုတွေက စောနက သစ်သီးအနှစ်ထုပ်လုသလိုမျိုး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာ"

"သူတို့နှစ်ယောက် ပထမဆုံးတွေ့တာနဲ့ အစေးမကပ်တာလဲ မအံ့ဩတော့ပါဘူး" ဝမ်ယွီထုံ ထူးဆန်းသည့်ပုံဖြင့်ပြောလိုက်သည်။

စနစ် - "ဟီးဟီး ဇာတ်ဆောင်ငယ်ငယ်လေးတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာလိမ့်မယ်။ ဒီဝတ္ထုရေးတဲ့ စာရေးသူကလည်း ငယ်ငယ်လေးလို့ကြားတယ်။ ပြီးတော့ ဇာတ်လိုက်နဲ့ တစ်ခြား ဇာတ်ပို့တွေ အားလုံးကလည်း ငယ်ငယ်လေးတွေ ......"

ဝမ်ယွီထုံ၏ စပ်စုလိုစိတ်ကလည်း မီးတောက်လိုပြင်းထန်လာ၍ ဝတ္ထုပါအကြောင်းအရာများကို စနစ်နှင့်အတူ အတင်းပြောနေကြသည်။

ကျိုးရှောင်ယွီကတော့ သစ်သီးအနှစ်ကို နှုတ်ခမ်းလေးစူရင်း စားနေ၏။ သူလုံးဝကို စိတ်တိုနေမိသည်။ သူလက်ဖောင်းဖောင်းလေးကို တွန်းလှည်း လက်တင်ခုံပေါ် တဒုန်းဒုန်းမြည်းအောင်ထုနေ၏။

'ဟမ့်!!' အာ့ဒီ လျန်ဇီဆိုတဲ့ တစ်ယောက်ကို လုံးဝသဘောမကျပေ။ 'ဘယ်တော့မှ သူငယ်ချင်းမိတ်ဖွဲ့တာမျိုး မလုပ်တော့ဘူး!တစ်ယောက်တည်းလည်း ပျော်ပျော်နေလို့ရတာပဲ!'

သို့သော် ကျိုးရှောင်ယွီ၏ "ဘယ်သောအခါမျှ သူငယ်ချင်းမိတ်မဖွဲ့"ဟူသည့် ကြွေးကြော်မှုသည်သုံးရက်အကြာတွင် သူ့မျက်နှာကို ဖြတ်ရိုက်သွားသည်။ တနင်္ဂနွေနေ့ရောက်တော့ သူ့မိဘတွေက တိရိစ္ဆာန်ဥယျာဉ်ကို အလည်ခေါ်သွားသည်။

ကျိုးရှောင်ယွီဘဝမှာ တတိယအကြိမ် သူ့ဘက်ကစပြီး သူငယ်ချင်း မိတ်ဖွဲ့ခဲ့ပြန်သည်။ သူအရမ်းပျော်ခဲ့ရသည်။

All Chapters