← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

ကျိုးရှောင်ယွီကို တိရိစ္ဆာန်ရုံ ခေါ်သွားရန် ဆုံးဖြတ်ချက်သည် ရုတ်တရက်ချခဲ့တာ ဖြစ်သည်။ ကြာသပတေးနေ့ည အသံထွက်သည့်စာအုပ်တွေကို ကစားကြစဉ် ရှောင်ယွီလေးသည် တိရိစ္ဆာန်အသံထွက်စာအုပ်ကို လက်ကနေပင် မချပဲ ဖက်ထား၏။

စာအုပ်ထဲမှာ နွားအော်သံလည်း ပါသည်။

ကျိုးရှောင်ယွီက ထိုအသံကို လိုက်လံ တုပသည်။ "မူးးးးး မူးးးးး"

စာအုပ်ထဲမှာ ကြက်ဖအော်သံလည်းပါသေးသည်။ "အောက်အီအီးးအွတ် "

ကျိုးရှောင်ယွီ သူ့လက်သီးကလေးကို ဝေ့ရမ်းလိုက်သည်။ "အိုးးး...."

ကျိုးရှောင်ယွီသည် တိရိစ္ဆာန်လေးများကို အတော်လေး စိတ်ဝင်စား၏။ စာအုပ်ထဲက တိရိစ္ဆာန်ရုပ်ပုံတွေကို စူးစိုက်ကြည့်ကာ သူ့လက်ကလေးဖြင့် ပွတ်သပ်ကိုင်တွယ်နေတတ်သည်။

စနစ် - "ကလေးတွေက တိရိစ္ဆာန်တွေကို ချစ်တတ်တဲ့ သဘာဝရှိတယ်။ တိရိစ္ဆာန်တွေကို မချစ်တတ်တဲ့ ကလေးဆိုတာ မရှိသလောက်ပဲ "

ဤသို့ဖြင့် ဝမ်ယွီထုံလည်း ရှောင်ယွီလေးကို မြို့တော်A၏ တိရိစ္ဆာန်ရုံကို ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်။ အလွန်အလုပ်များသည့် စီအီးအို ကျိုး‌ကျီယွဲ့၏ အချိန်ဇယားနှင့် အဆင်ပြေစေရန် တနင်္ဂနွေနေ့သွားရန် ဆုံးဖြတ်လိုက်သည်။

တနင်္ဂနွေနေ့ရောက်တော့ မနက်ခင်းလေက အနည်းငယ် ကြမ်းကာ အေးသည်။ ဝမ်ယွီထုံ အပေါ်ဝတ်ကုတ်အထူနှင့် ဇာထိုးဦးထုပ်ဆောင်းလိုက်ပြီး ကျိုးရှောင်ယွီကိုလည်း အရောင်တူ ဆင်ပေးလိုက်သည်။ ကလေးက နဂိုကတည်းက ဝကစ်ကစ်လေး ဖြစ်နေ၍ အဝတ်အစား ထူထူထဲထဲ ဝတ်ပေးလိုက်သောအခါ ပင်ဂွန်းကလေး ကဲ့သို့ဖြစ်သွားသည်။

ဝမ်ယွီထုံ သူမကိုယ်တိုင်လည်း ဂျာကင်အင်္ကျီကျပ်ကျပ် နှင့် ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်စီးထားပြီး သူမ၏နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဘဲဥပုံမျက်နှာကိုသာ ဖော်ထားသည်။

တိရိစ္ဆာန်ရုံကို အိမ်ကနေ မိနစ်လေး‌ဆယ် ခန့်ကြာအောင် မောင်းရသည်။ ကျိုးကျီယွဲ့က ကားမောင်းကာ ကျိုးရှောင်ယွီကိုတော့ ကလေးလုံခြုံရေးထိုင်ခုံပေါ် သေချာချည်ထားသည်။ သူ့လက်ထဲကနောက်ဆုံး လက်ကျန် ဆန်မုန်ုကို စားပြီးသည်နှင့် ကျိုးရှောင်ယွီသည် သူ့ကို ထိုင်ခုံပေါ်ချည်ထားခံရခြင်းကို မကျေမနပ်ဖြစ်လာ၍ ခါးပတ်ကို ဆွဲတော့သည်။

'ဟမ့် သူ့လို ချစ်စရာကလေးလေးကို ဒီလို ချည်တုပ်ထားရသလား?'

ဝမ်ယွီထုံက ကျိုးရှောင်ယွီငြိမ်စေရန် သူမလက်တွေကို ဝေ့ရမ်းပြီး သီချင်းဆိုစွမ်းရည်ပြရတော့သည်။

"ငါ့ရဲ့ခေါင်းမှာ ချိုရှိတယ် ငါ့နောက်မှာ တော့အမြီးရှိတယ်ငါ့လျို့ဝှက်ချက်တွေကို ဘယ်သူမှ မသိကြဘူး~~"

ကျိုးရှောင်ယွီက အမှန်ပင် ငြိမ်လာသည်။ သူ့အမေရဲ့ ဖျော်ဖြေမှုကို သူအမှန်ပင်ကြိုက်နှစ်သက်သည်။ သူ့စပျစ်သီးကဲ့သို့ လုံးဝန်းသည့် မျက်လုံးလေးကို ပြူးကာ သဘောတကျ ကြည့်နေပြီး ပါးစပ်ကနေလည်း သွားရည်တွေ စီးကျနေသည်။

ရှောင်ယွီလေး၏ အပြစ်ကင်းစင်ကာ ချစ်စရာကောင်းသည့်ပုံကိုမြင်လိုက်ရတြော ဝမ်ယွီထုံ ကျေနပ်သွားကာ သီချင်းကို ပျော်ပျော်ကြီးဆိုတော့သည်။ "ငါက အပြာရောင်နဂါးလေးပါ အပြာရောင်နဂါးလေးပါ"

သီချင်းက ဆိုနေရင်း ကီးချော်သွားတော့ ဝမ်ယွီထုံ ဆိုနေတာ ရပ်လိုက်သည်။ ရှောင်ယွီအတွက်ကတော့ ကီးချော်သွားလည်း ကောင်ကလေးဖြစ်နေ၍ နားမလည်ပါ။ သူကြိုက်တဲ့ သီချင်းဖြစ်နေသ၍ အဆင်ပြေ၏။

သို့သော်ကားရှေ့ခန်းကနေ ရုတ်တရက် အဩဩဖြင့် ရယ်သံထွက်လာသည်။

ကျိုးကျီယွဲ့ အနောက်ကြည့်မှန်ကနေ ဝမ်ယွီထုံကို ရုပ်တည်ကြီးဖြင့်ကြည့်လိုက်သည်။ ပုံမှန်ဆိုအမြဲ ရုပ်တည်သည့် ကျိုးကျီယွဲ့၏ ထူးမခြားနား အကြည့်တွေက နောက်ပြောင်လိုသည့် ပြောင်စပ်စပ်အကြည့်ဖြစ်နေသည်။

ဝမ်ယွီထုံ ရှက်ကာ မျက်နှာနီသွားပြီး လက်ပိုက်လိုက်သည်။ "ဟမ့် ထပ်မဆိုတော့ဘူးး"

ထိုစဉ် အနှီအမျိုးသားလေးက မျက်ခုံးပင့်ကာ အသံဩဩဖြင့် ပြန်ပြောလိုက်သည်။ "နားထောင်ကောင်းပါတယ်"

ကျိုးရှောင်ယွီ သူ့လက်ကို ဝေ့ရမ်းကာ တီတီတာတာတွေ ပြောနေသည်။

'သူ့မေမေက ဘာလို့ သီချင်းဆိုတာ ရုတ်တရက် ရပ်သွားရတာလဲ?

သူ့မေမေ သီချင်းဆိုတာ ကမ္ဘာပေါ်မှာ နားထောင်အကောင်းဆုံးပဲ !!

သူ့မေမေ ရဲ့ အက က ကမ္ဘာပေါ်မှာ အလှ ဆုံးပဲ !!!'

ဝမ်ယွီထုံလည်း သီချင်း ဆက်မဆိုရဲတော့ပေ။ ဒါကြောင့် ကားရှေ့က လူကြီးကို နောက်ကြည့်မှန်ကနေ မျက်စောင်းထိုးလိုက်သည်။ ကျိုးကျီယွဲ့၏ နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည်။

မနက်ခင်း ကိုးနာရီခွဲ လောက်မှာ သူတို့မိသားစုလေး မြို့တော် A၏ တိရိစ္ဆာန်ရုံသို့ ရောက်လာကြသည်။ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်၍ တိရိစ္ဆာန်ရုံမှာ သူတို့ကလေးကို အလည်ခေါ်လာသည့် ကလေးမိဘများနှင့် လူစည်ကားနေသည်။

မလှမ်းမကမ်းတစ်နေရာနားမှား ဈေးသည်တစ်ဦးက တိရိစ္ဆာန်ရုံဝင်ပေါက်နားမှာ မိုးပျံပူဖောင်းတွေ ရောင်းနေ၏။ ကျိုးရှောင်ယွီက မိုးပျံပူဖောင်းတွေကို ပါးစပ်အဟောင်းသားဖြင့် ငေးနေ၏။ သူ့ဘဝမှာ အခုလို ထူခြားလှပအရောင်စုံပြီး မိုးပေါ်ပျံနိုင်သည့် ပူဖောင်းမျိုး တစ်ခါမျှ မမြင်ဖူးပါ။

ကျိုးရှောင်ယွီ တက်ကြွစွာ ဂူးးဂူးး ဟုအော်လိုက်ကာ အစိမ်းရောင် ဒိုင်နိုစောရုပ်ပူဖောင်းကို လိုချင်သည့်ပုံဖြင့် သူ့လက်ကို ဆန့်တန်းလိုက်သည်။

ဈေးသည် - " ကောင်လေးရေ ပူဖောင်းလိုချင်တာလား?"

ဝမ်ယွီထုံ - "ဘယ်လောက်လဲ?"

ဈေးသည်က တည်တည်ငြိမ်ငြိမ်ဖြင့် "ယွမ်ငါးဆယ်" ဟုပြောလိုက်သည်။

ဝမ်ယွီထုံ ပါးစပ်ပိတ်သွားသည်။ 'ပူဖောင်းလေးတစ်လုံးကို ငါးဆယ်တောင် ပေးရတယ်?'

'တစ်ကယ်ကြီးလား?'

စနစ် - " ပုံမှန်ရက်တွေဆို တိရိစ္ဆာန်ရုံ ဝင်ကြေး ၅ယွမ်တန်က ရုံးပိတ်ရက်တွေဆို ၅၀ယွမ် တန်သွားတယ်လေ"

"၁၅ယွမ်ပဲထား " ဝမ်ယွီထုံ လက်ဝေ့ရမ်းကာ ဈေးစစ်လိုက်သည်။

ဈေးသည်က ခေါင်းရမ်းလိုက်သည်။ "၄၅ယွမ် ထက် ပို မလျော့ပေးနိုင်ဘူး" သူ့ပုံစံက အောင်နိုင်သူရုပ်ဖြင့် သက်သက်သာသာဖြစ်နေသည်။

ဝမ်ယွီထုံ နှာခေါင်းရှုံ့လိုက်သည်။ ဒီဈေးနဲ့ရောင်းနေတာကို သူမ မယုံနိုင်ဖြစ်နေသည်။ 'အရူးတွေပဲ ဝယ်လိမ့်မယ်။'

ဝမ်ယွီထုံ မဝယ်တော့ပဲ ကလေးတွန်းလှည်းကို တွန်းထွက်လာစဉ် ရှောင်ယွီသည် ဒိုင်နိုစောရုပ်ပူဖောင်းမရလျှင် သေတော့မည့်အတိုင်း အော်ဟစ်လေတော့သည်။

ဝမ်ယွီထုံ စိတ်ညစ်လာ၍ ရှောင်ယွီကို တိုးတိုးပြောလိုက်သည်။ "ရှောင်ယွီ အာ့ပူဖောင်းက မတန်ဘူး။ အိမ်နားမှာ အာ့လိုမျိုး ပူဖောင်းတွေ အများကြီးရောင်းတယ် နောက်မှ မေမေ ဝယ်ပေးမယ်နော် ဟုတ်ပြီလား?"

ရှောင်ယွီ ဝမ်းနည်းသွားပြီး မျက်ရည်တွေ ကျလာသည်။'ဒီလိုမျိုး အရမ်းလှတဲ့ ဒိုင်နိုစောရုပ် ပူဖောင်းကို သူ့ဘဝမှာ ပထမဆုံး မြင်ဖူးတာလေ။ အာ့ဒိုင်နိုစောရုပ်ပူဖောင်းကို အိမ်ပြန်ယူသွားပြီး သူ့ရင်ခွင်ထဲ ဖက်အိပ်ရမယ်။'

ရေဘူးနှစ်ဘူး ဝယ်ကာ ပြန်လာသည့် ကျိုးကျီယွဲ့က "ဘာဖြစ်နေတာလဲ"ဟု မေးလိုက်သည်။

ကျိုးရှောင်ယွီကတော့ မျက်ရည်နှင့်မျက်ခွက်နှင့် ဒိုင်နိုစောပူဖောင်းကို လက်ညိုးထိုးကာ ငိုနေသည်။

ဈေးသည်ကတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို သိသည့်ပုံဖြင့် တည်ငြိမ်စွာပြောလိုက်သည်။ "ဆောရီး ကျွန်တော်မှားပြောမိတာ..ဒိုင်နိုစောရုပ်က ၅၅ယွမ်။ ခွေးရုပ်‌လေးကမှ ၄၅ယွမ်ပါ"

ဝမ်ယွီထုံ - "..." ကောင်းလေရော။

'သူတို့ပိုက်ဆံကို ဓားပြတိုက်နိုင်ခဲ့တာပဲ။ ဒါပေမယ့် သူက ပူဖောင်းတော့ပေးခဲ့သေးတာပဲလေ။ ကလေးတွေအကြောင်းပြပြီး ပိုက်ဆံရှာရတာ လွယ်လိုက်တာ။'

နောက်ဆုံးတော့ကျိုးရှောင်ယွီ သူလိုချင်သည့် ဈေးကြီးကြီး ဒိုင်နိုစောရုပ်မိုးပျံပူဖောင်းကို ရသွားတော့သည်။သို့သော် မိနစ်ငါးဆယ်ခန့်သာ ခံလိုက်သည်။ ရှောင်ယွီသည် မိုးပျံ ပူဖောင်းကို လက်ကောက်ဝတ်မှာ မချည်ထားချင်ဘဲ လက်မှာပဲ ကိုင်ထားချင်သည်။

ထို့ကြောင့် ရှောင်ယွီလေး ငေးမောနေစဉ် ၅၅ယွမ်တန်ပူဖောင်းသည် လေထဲ လွင့်သွားလေတော့သည်။ မြန်မြန်ဆန်ဆန် လေထဲ လွင့်ပါသွား၍ အရပ် ၁.၉မီတာရှည်သည့် ကျိုးကျီယွဲ့သည်ပင် မဖမ်းလိုက်နိုင်ခဲ့ပါ။

သို့သော် ကျိုးရှောင်ယွီသည် မိနစ်ပိုင်းလောက်သာ ဝမ်းနည်းခဲ့ပြီး ပုံမှန် အခြေအနေ ပြန်ဖြစ်သွားသည်။

ဒိုင်နိုစောရုပ်ပူဖောင်းကို ပိုင်စဉ်ကတော့ သူ့အကြိုက်ဆုံးဖြစ်ခဲ့သော်လည်း ပျောက်သွားတော့လည်း သာမန်အရုပ်လေးလိုသာဖြစ်သွားသည်။

'သာမန်အရုပ်တွေကို လွင့်သာပစ်လိုက်!!!'

ကျိုးရှောင်ယွီ မျက်လုံးတွေက ဟိုဒီကြည့်ကာ တိရိစ္ဆာန်ရုံ၏ ရောင်စုံလှပမှုက သူ့ကို ဆွဲဆောင်သွားပြန်သည်။

ဝမ်ယွီထုံ - "...." 'ဒီကောင်စုတ်လေးရဲ့ အပြုအမူက ခန့်မှန်းရခက်လိုက်တာ။ သူ့ကို ဆုံးမရဦးမယ်။'

"နောက်ပိုင်း အေးဆေး သင်ပေးလို့ရပါတယ် " စနစ်ကလည်း ကူကယ်ရာမဲ့စွာ ဝင်ပြောလေသည်။

ကျိုးကျီယွဲ့ကတော့ ကလေး တွန်းလှည်းကို တွန်းနေစဉ် ဝမ်ယွီထုံက ကင်မရာတစ်လုံးဖြင့် တိရိစ္ဆာန်ရုံ ရှုခင်းတွေကို လိုက်ရိုက်နေသည်။ နောက်ပြန်လှည့်ကာ သားအဖနှစ်ယောက်ပုံကိုလည်း ဓာတ်ပုံရိုက်လိုက်သေးသည်။

ကင်မရာကနေ မြင်ရသည့် သားအဖနှစ်ယောက်၏ မြင်ကွင်းကို သဘောကျစွာ တစ်ချပ်ချပ်နှင့် ရိုက်နေ၏။

ကျိုးကျီယွဲ့တွင် ထင်ရှားသည့် မေးရိုးနှင့် နှာတံမြင့်မြင့်ကို ပိုင်ဆိုင်ထားသည်။ သူဝတ်ထားသည့် အဖြူအနီဂျာကင်အင်္ကျီက သူ့ခြေတံရှည်များနှင့်လိုက်ဖက်နေ၏။ တွန်းလှည်း ပေါ်က ကျိုးရှောင်ယွီကလည်း မျက်လုံးအရောင်တောက်တောက် ‌မျက်တောင်ကော့ကော့၊ပန်းရောင် ပါးဖောင်းဖောင်းလေးနှင့် အလွန်ချစ်စရာကောင်းနေသည်။

လမ်းပေါ်မှ ဖြတ်သွားဖြတ်လာများက ဝမ်ယွီထုံကို မနာလိုအကြည့်များဖြင့်ကြည့်သွားကြ သည်။

ဝမ်ယွီထုံကတော့ ဘေ့စ်ဘောဦးထုပ်၊ နေကာ မျက်မှန် ‌တပ်ကာ သူ့မျက်နှာ တစ်ခုလုံးကို ကာကွယ်ထား၏။သူမ ကျိုးကျီယွဲ့နား တိုးသွားကာ ရှက်မနေပဲ လက်ကို ကိုင်ကာ ပြောလိုက်သည်။

"ဒီမှာ လူတွေ အရမ်းများတယ်။ ကျွန်မ ရှင်တို့ပျောက်သွားမှာ စိုးရိမ်တယ်"

အမျိုးသမီးလေး၏ လက်ချောင်းတွေကဖြူဖွေးသွယ်လျကာ နူးညံ့နေသည်။ သူမ၏ နူးညံ့သည့် လက်ချောင်းထိပ်တွေက သူ၏ လက်ကောက်ဝတ်ကို ပွတ်တိုက်သွားစဉ် လျှပ်စီးကြောင်းအသေးလေး ဖြတ်စီးဆင်းသွားသလို ခံစားလိုက်ရသည်။ ကျိုးကျီယွဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခန္ဓာကိုယ်တောင့်တင်းသွားသည်။ သူ့လက်ချောင်းတွေလည်း အနည်းငယ်တုန်ရီသွားသည်။

သူတို့မိသားစု သုံးယောက် သစ်ကုလားအုပ်ခြံဘက်သို့ ‌ပထမဆုံးရောက်လာကြသည်။ ကျိုးရှောင်ယွီသည် အဝေးကပင် အလွန်ရှည်သည့် သစ်ကုလားအုပ်ကို လှမ်းမြင်နေရသည်။

သစ်ကုလားအုပ်ကို မြင်တော့ သူ ကြောင်အသွားသည်။ဒီလို ရှည်လျားပြီး လှုပ်ရှားနေတဲ့ အကောင်မျိုး သူတစ်ခါမှ မမြင်ဖူးပါ။

ကျိုးရှောင်ယွီ မာနကြီးဟန်တူသည့် သစ်ကုလားအုပ်ကို ကြည့်ကာ သွားဖြီးရင်း အော်လိုက်သည်။

သို့သော် ကျိုးကျီယွဲ့က ရှောင်ယွီကို ချီကာ သစ်ကုလားအုပ်နား တိုးသွားတော့ ကလေးက ရုတ်တရက် နောက်တွန့်သွားသည်။ သူ့အဖေရဲ့ အင်္ကျီကို မြဲမြဲကိုင်ကာ လှုပ်ပင် မလှုပ်ရဲတော့ချေ။

ဝမ်ယွီထုံ သစ်ကုလားအုပ်ကို အစာကျွေးရန် ၂၅ယွမ်ကျသည့် သစ်ရွက် သုံးရွက်ကို ဝယ်လိုက်သည်။ သစ်ကုလားအုပ် သွားကြားတောင် ညှပ်မယ့်ပုံ မပေါ်ဘူး။

ဝမ်ယွီထုံ ရှောင်ယွီနားကပ်ကာ တိုးတိုးပြောလိုက်သည်။

"ရှောင်ယွီ ဒါက သစ်ကုလားအုပ်လေ။ ညတိုင်း ဖတ်နေကျစာအုပ်ထဲမှာ မြင်ဖူနေကျလေ။ သစ်ကုလားအုပ်တွေမှာ လည်ပင်း အရှည်ကြီးတွေ ရှိတယ်။ သူတို့အရပ်ကလည်း အရှည်ကြီးပဲ သူတို့က တည်ငြိမ်တဲ့ စရိုက်ရှိတယ်။ အရွက်စားရတာကို ကြိုက်ကြတယ်။"

ကျိုးရှောင်ယွီကတော့ စကားတစ်လုံးပင် ပြန်မပြောပဲ ရှည်လျားလှသည့်အကောင်ကို သတိဖြင့် ကြည့်နေ၏။

ဝမ်ယွီထုံ သစ်ရွက်ကို ရှောင်ယွီလက်ထဲ ထည့်ပေးလိုက်သည်။ "ရော့ ဒါလေး သစ်ကုလားအုပ်ကို ကျွေးလို့ရတယ်နော်"

ကျိုးရှောင်ယွီ နားမလည်ပါ။ သူ့အမေက သစ်ရွက်အရုပ်ကို ပေးကစားသည်ထင်ပြီး လက်ထဲ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

သစ်ကုလားအုပ်က သူ့ခြံထဲမှာ တည်ငြိမ်စွာ လှည့်ပတ်သွားလာနေသည်။ လူသား အကြီး အငယ်မရွေး သူ့ကို နေ့တိုင်း အစာကျွေးနေကြ၍ သူ့မှာ အစာပြတ်လပ်သည်ဟူ၍ မရှိပါ။ အခု လူအုပ်ထဲမှာ ဖြူလုံးလုံး ကလေးလေးကို သစ်ကုလားအုပ်တွေ့လိုက်သည်။ ဖြူလုံးလုံးလေးက ချစ်စရာကောင်းလွန်းလှကာ တစ်ကိုက်စာခန့်သာ ရှ်ိသည်။

ဒီလိုချစ်စရာကောင်လေးက သူ့ကို အစာကျွေးချင်တယ် ဆိုတော့လည်း မျက်နှာသာပေးရမှာပေါ့။

သစ်ကုလားအုပ်သည် ကျက်သရေရှိရှိ လှမ်းလာကာလှပသည့်သူ့ခေါင်းကို ငုံ့ပြီး ကျိုးရှောင်ယွီဘက် လျှာအရှည်ကြီး ထုတ်လိုက်သည်။

ဝမ်ယွီထုံ မှတ်တမ်းတင်ရန် ကင်မရာ အမြန်ထုတ်လိုက်သည်။ တိရိစ္ဆာန်လေးတွေကို ပထမဆုံး အစာကျွေးခြင်းသည် ရှောင်ယွီလေးကြီးလာလျှင် သူ့အတွက် တန်ဖိုးမဖြတ်နိုင်သည့် အမှတ်တရတွေ ဖြစ်လာနိုင်သည်။

ကျိုးရှောင်ယွီ ဘာမှ မလုပ်နိုင်သေးခင် သူ့လက်ကို စိုစိစိ လျှာကြမ်းကြမ်းကြီးက လာထိသွားသည်။

သူ့လက်ထဲက သစ်ရွက်လည်းပါသွားသည်။ ကျိုးရှောင်ယွီ အရမ်းလန့်သွားပြီး တုန်လှုပ်သွားကာ အော်ငိုတော့သည်။

သူ့အဖေကို လှည့်ဖက်လိုက်ကာ သူ့အဖေ ရင်ခွင်ထဲမျက်နှာအပ်ပြီး ကြောက်လန့်တကြား ငိုယိုလေတော့သည်။

'သစ်ကုလားအုပ်လို့ခေါ်တဲ့ လည်ပင်းရှည်ရှည်နဲ့ အကောင်ကြီးက သူ့ကို စားချင်နေတာလားး? သူဒီနေရာကနေ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်။'

သစ်ကုလားအုပ်ကတော့ သူ့ပါးစပ်ထဲက သစ်ရွက်ကို တစ်ဖြည်းဖြည်းဝါးရင်း သူ၏ လှပသည့် လည်ပင်းရှည်ကြီးကို ဆန့်တန်းကာ နောက်ကလေးတစ်ယောက်နား ရွေ့သွားသည်။

ကျိုးကျီယွဲ့ လည်း ရှောင်ယွီ၏ ကျောကို ပုတ်ကာ ချော့မော့လိုက်ရင်း သူ့မျက်နှာဝယ် အကူအညီမဲ့နေသည့်အကြည့်က ဖြတ်ကနဲ ပေါ်သွားသည်။

မထင်မှတ်ပဲ ကျိုးရှောင်ယွီက ကြောက်တတ်နေသည်။ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့ လက်ထဲမှ ကလေးကို ပွေ့ယူလိုက်ကာ ဖက်ရင်း ချော့လိုက်သည်။

"မကြောက်ပါနဲ့ ရှောင်ယွီ။ သစ်ကုလားအုပ်တွေက သူငယ်ချင်းကောင်းတွေလေ။ ဖေဖေနဲ့ မေမေလည်း ဘေးမှာ ရှိနေတာပဲကို၊ သစ်ကုလားအုပ်ကို အစာကျွေးတာ ကြောက်စရာ မလိုပါဘူး"

ကျိုးရှောင်ယွီ လက်သီးလေး ဆုပ်ကာ ဒီ လည်ပင်းရှည်ရှည်နဲ့ သတ္တဝါကို အမုန်းဆုံးပဲဟု ကြွေးကြော်လိုက်သည်။

လည်ပင်းရှည်ရှည်မွန်းစတားကို စိတ်တိုတိုဖြင့်ကြည့်လိုက်စဉ် သစ်ကုလားအုပ်ကလည်း ကျက်သရေရှိစွာ ပြန်လှည့်ကြည့်လေသည်။ 'ဖြူလုံးလုံးလေးက သူစားပေးတာကို အရမ်းကြိုက်လို့ ငိုတောင်ငိုလိုက်သေးတယ်။'

ကျိုးကျီယွဲ့ နဲ့ ဝမ်ယွီထုံလည်း မတတ်နိုင်တော့ပဲ ရှောင်ယွီလေးကို သစ်ကုလားအုပ်ခြံမှ ခေါ်ထုတ်လာခဲ့လိုက်ကာ တိရိစ္ဆာန်ဥယျာဉ်ပတ် ရထားပေါ်တက်လိုက်ကြသည်။

"ဘွန်းးးး " အနီရောင်ရထားလေးက စတင် ခုတ်မောင်းတော့သည်။ သည်လိုရထားရှည်ကြီး စီးတာ ကျိုးရှောင်ယွီ ဘဝမှာ ပထမဆုံးဖြစ်သည်။ သူ့အဖေ လက်မောင်းကို ဆုပ်ကိုင်ကာ အနောက်ကို သတိဖြင့် လှည့်ကြည့်လိုက်သည်။ လည်ပင်းရှည်သတ္တဝါကြီး သူ့နောက် မလိုက်လာတာ သေချာပြီ ဆိုမှ စိတ်အေးနိုင်တော့သည်။

ကျိုးရှောင်ယွီ သူ့အဖေ ရင်ခွင်ထဲမှ ခေါင်းကလေး ပြူထွက်ကာ ဘေးဘီကို စူးစမ်းလိုက်သည်။

ဝမ်ယွီထုံကတော့ ကင်မရာရိုက်ရင်း ကျိုးရှောင်ယွီကို ရှင်းပြနေ၏။ ကောင်ကလေးက နားမလည်သော်လည်း သူ့ခေါင်းထဲ ဝင်လာသည့်အရာတွေက ဘာသာစကားပြောဆိုမှုကို တိုးတက်လာစေမည်ဖြစ်သည်။ ထို့အပြင် တိရိစ္ဆာန် အစစ်တွေ မြင်တွေ့ရတာကလည်း သူ၏ တိုးတက်မှုအတွက် အခွင့်အလမ်းကြီးဖြစ်သည်။

"ဟို သစ်ပင် ပေါ်မှာ အိပ်နေတဲ့ အကောင်လေးကို ခိုအာလားလို့ ခေါ်တယ်။ သူတို့အိပ်တဲ့ ပုံစံကို ကြည့်ပါဉီး။ တို့ရှောင်ယွီလေးထက်တောင် ပိုအိပ်နိုင်ကြတာပဲ"

"ဆင်တွေက ကမ္ဘာပေါ်က အကြီးဆုံး ကုန်းသတ္တဝါပဲ။ သူတို့မှာ နှာမောင်းရှည်ကြီးရှိတယ်။ သူတို့ နှာမောင်းရှည်ကြီးက အားအပြည့်နဲ့ ကလေးတွေကို လွယ်လွယ်လေး လိမ့်လိုက်လို့ရတယ်"

"ရှောင်ယွီလေး ပန်းရောင်ကြိုက်လားး? ဖလန်မင်းဂိုးငှက်တွေက အရမ်းလှတာပဲ။ သူတို့က အမြဲပန်းရောင်ဖြစ်နေတာတော့မဟုတ်ဘူး။ သူတို့ အကောင်ပေါက်ခါစက မီးခိုးရောင်နဲ့ အဖြူရောင်တွေ ဖြစ်တတ်ကြတယ်။သုံးလေးနှစ်လောက်ကြာမှ ပန်းရောင် အမွှေးတွေ ပေါက်လာတာ"

  …

လှုပ်လီလှုပ်လဲ့ ရထားပေါ်ထိုင်နေသည့် ကျိုးရှောင်ယွီသည် အလွန် စိတ်လှုပ်ရှားနေသည်။ သူ့စာအုပ်ထဲက အကောင်တွေကို အပြင်မှာ မြင်ရလိမ့်မယ် လို့ မထင်ခဲ့ပေ။

ကျိုးရှောင်ယွီ သူ့လက်ဖောင်းဖောင်းလေး ဝေ့ရမ်းကာ တိရိစ္ဆာန်တွေကို နှုတ်ဆက်လိုက်သည်။

"အောင်းးးး..."

လည်ပင်းရှည် သတ္တဝါကြောင့်ရခဲ့သည့် သူ၏ စိတ်ဒဏ်ရာကို လုံးဝ မေ့သွားတော့သည်။

ကလေးကို ရှင်းပြရင်း ဝမ်ယွီထုံ အာခေါင် ခြောက်လာသည်။ သူမမျက်လုံးထောင့်ကနေ ကျိုးကျီယွဲ့ကလည်း သူမကို စိုက်ကြည့်နေသည်ကို သိလိုက်ရသည်။ သူ့အကြည့်တွေက သိသာရဲတင်းလွန်း၍ မမြင်ချင်ယောင် ဆောင်၍ မရပေ။

ဝမ်ယွီထုံ ပါးပြင်တွေ ပူလာပြီး နားရွက်အဖျားတွေ နီလာသည်။ ပြန်လည်း မကြည့်ရဲ၍ ချောင်းဆိုးဟန်ပြုကာ တစ်ဖက်ကို လှည့်ပြီး ရေသောက်ရန် ခါးမတ် ဗိုက်ချပ်ကာ သူမ နားရွက်ပေါ်တင်နေသည့် ဆံပင်ကို သပ်လိုက်သည်။

ကျိုးကျီယွဲ့ကတော့ ဝမ်ယွီထုံ မော၍ အနားယူနေစဉ် ရှောင်ယွီလေးကို ဆက်ရှင်းပြလိုက်သည်။ စကားလုံး တိုင်းက လိုရင်း တိုရှင်းဖြစ်ကာ သူ့အသံကလည်း ရထားခရီးစဉ် ကြေညာသည့်သူလိုမျိုး ချောမွေ့နေကာ တစ်သတ်မှတ်တည်း ဖြစ်နေသည်။

"ဒါက မြင်းကျား"

  "ဒေါင်း"

  "ရေမြင်း."

  "တောင်ဆိတ်."

ကျိုးကျီယွဲ့အတွက် သူ့အသံက အတော်လေး အဆင်ပြေသည်။ သူ့ဝန်ထမ်းတွေကတောင် အစည်းအဝေးမှာ သူဟောပြောသည့်စတိုင်ကို ကြိုက်ကြကာ ဝမ်ချီရှင်း ပြန်ဝင်စားသည့်အတိုင်းပဲ ဟုချီးကျူးကြသည်။

သို့သော် သူ မထင်ထားတာက သားအမိနှစ်ယောက်က သူ့ကို တစ်ချိန်တည်းမှာပဲ မကြိုက်သည့်ပုံဖြင့် မျက်မှောင်ကြုံ့ရင်း စိုက်ကြည့်နေသည်ကို ဖြစ်သည်။ အသံအရမ်းကောင်းတယ် ဆို နောက်တစ်ခါဆို မပြောပါနဲ့တော့လားး။

All Chapters