အခန်း (၃၀)
Vol. 3 Ch. 30
ဥယျာဉ်ပတ်ရထားပေါ်က ဆင်းလာချိန်တွက် မနက် ၁၁ နာရီရှိပြီဖြစ်သည်။
တိရိစ္ဆာန်မျိုးစုံကိုကြည့်ပြီးနောက် ကျိုးရှောင်ယွီသည် တောက်ပသည့်အကြည့်များဖြင့် တက်ကြွနေကာ မျက်နှာလေးနီရဲနေ၏။
သို့သော် အရမ်းတက်ကြွလွန်း၍ စွမ်းအင်တွေ အမြန်ကုန်ခမ်းကာ ပင်ပန်း ပြီး ကလေးက အိပ်ချင်လာ၏။
ဝမ်ယွီထုံ ကလေးကို ဖြည့်စွက်စာကျွေးပြီး တစ်ရေးအိပ်ခိုင်းလို့ အဆင်ပြေနိုင်မည့်နေရာကို လိုက်ရှာလိုက်သည်။
အနီးဆုံး စားသောက်ဆိုင်က မက်ဒေါနယ်ဆိုင်ဖြစ်သည်။ နေ့လည်စာ စားချိန်မရောက်သေး၍ ဆိုင်က လူမကျသေးရာ ဆိုင်ထဲမှာ ထိုင်စရာနေရာတွေ ကျန်သေး၏။ ထို့ကြောင့် ကျိုးကျီယွဲ့ ကလေးတွန်းလှည်းကို ဆိုင်ထဲ တွန်းလာလိုက်သည်။
ကလေးဖြည့်စွက်စာ အပြင်မှာ ပြင်ဆင်ရသည်က အဆင်မပြေ၍ အိမ်ကနေ ကျိုးရှောင်ယွီအတွက် ရယ်ဒီမိတ်အထုပ်များ ယူလာလိုက်သည်။ ရယ်ဒီမိတ်အထုပ်တွေက သစ်သီးအနှစ်ထုတ်၊ ဆန်မုန့်ထုပ်၊ ကလေးမုန့်သရေစာ၊ပုစွန်ခေါက်ဆွဲ၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်အနှစ် စသည်ဖြင့် အရသာ မျိုးစုံရှိသေးသည်။ ကိုယ်တိုင်အိမ်လုပ် ဖြည့်စွက်စာလောက် အာဟာရ မပြည့်ဝနိုင်သော်လည်း ယခုလို အပြင်ထွက်လည်လျှင် ကရိကထမများ၍ အဆင်ပြေသည်။ အထူးတလည် ပြင်ဆင်စရာ မလိုပဲ ရေနွေးထဲ မိနစ်၃၀လောက်ထည့်ပြုတ်က ခဏ အအေးခံပြီး ကျွေးလိုက်ရုံပင်။
ဤခရီးစဉ်အတွက် ဝမ်ယွီထုံသည် အပြင်အလည်သွားလျှင်ထည့်စားမည့် အထူးပန်းကန်လုံးကိုလည်း ယူလာ၏။
ပန်းကန်လုံးလေးက ပေါ့ကာ ဇွန်းခရင်းတွေကလည်း ပန်းကန်လုံးနှင့်တွဲစား၍ အဆင်ပြေအောင် လုပ်ထားသည်။ ထို့ပြင် ပန်းကန်အောက်ခြေမှာလည်း စုပ်ခွက်ပါ၍ ကလေးတွေ ပန်းကန် မှောက်ချလိုက်မှာကိုလည်း စိုးရိမ်စရာ မလိုပေ။
ရှောင်ယွီကတော့ အစားချေးမများပေ။ တစ်မနက်ခင်းလုံး လှုပ်ရှား သွားလာပြီးနောက် ကောင်လေးသည် ဗိုက်အလွန်ဆာနေပြီဖြစ်သည်။ ထို့ကြောင့် သူ့ပါးစပ်ကို ဟကာ ကြက်သားနှင့်ဟင်းရွက်အနှစ်ကို ပါးစပ်ပြည့်စားလိုက်သည်။ သူ့ကိုအမြန်ကျွေးဖို့ စားပွဲခုံကိုတောင် ထုရိုက်ပြီး သူ့အမေကို အချက်ပြလိုက်သေးသည်။
ကျိုးကျီယွဲ့က ဝမ်ယွီထုံအတွက် Cokeတစ်ခွက်နှင့် အာလူးကြော် တစ်ထုပ်ယူလာကာ ပေးလိုက်သည်။ "တစ်ခုခု အရင်စားထားလိုက်ဦး"
"ကျေးဇူးပါ " ဝမ်ယွီထုံ ပြုံးကာ ချိုသာစွာပြောလိုက်သည်။
Coke တစ်ငုံသောက်လိုက်ရာ ရင်ထဲအေးမြပြီး တစ်ကိုယ်လုံးလန်းဆန်းသွားသည်။ ထို့နောက် အပြင်မှာ ကျွတ်ယွပြီး အတွင်းမှာ နူးညံ့အောင် ကြော်ထားသည်ြ အာလူးကြော်ကို အမြန်ကောက်စားလိုက်သည်။ အရမ်း အရသာရှိလွန်း၍ နောက်တစ်ခါ ထပ် ယူစားလိုက်သည်။
သူ့အမေ မြိန်ရည်ရှက်ရည် စားနေတာကိုတွေ့တော့ ရှောင်ယွီ မျက်ခုံးကြုံ့လိုက်ကာ သူ့မျက်လုံးကြီးများဖြင့် သူတစ်ခါမျှ မမြင်ဖူးသည့် Coke နှင့် အာလူးကြော်ထုပ်ကို လှမ်းကြည့်လိုက်သည်။
"အာ ပါးစပ်ပါဦး အချစ်ကလေးရေ~ဆန်ပြုတ်ထပ်စားရအောင်လေ။ ဗိုက်ထဲ အစာဖြည့်ပြီးရင် ညနေပိုင်းလျှောက်လည်ဖို့ အားအပြည့်ပြန်ရလာမှာ"
ဝမ်ယွီထုံ ဆီလီကွန်ဇွန်းဖြင့် ရှောင်ယွီလေး ပါးစပ်ထဲ ဆန်ပြုတ်အနှစ်တစ်ဇွန်း ထည့်ပေးရန် ပြင်လိုက်သည်။ မထင်မှတ်ထားသည်က ကောင်လေးသည် သူဆီခွံ့လာသည့် ဇွန်းကို လက်ဖြင့် အမြန်ပုတ်ထုတ်လိုက်၍ ဆန်ပြုတ်တွေ ကြမ်းပြင်ပေါ် ပြန့်ကြဲကုန်သည်။
"အားးးး.." ကျိုးရှောင်ယွီ သူ့လက်ဖောင်းဖောင်းလေးဖြင့် Coke ဘူးနှင့် အာလူးကြော်ဘက် လက်ညိုးထိုးကာ ကုန်းအော်လိုက်သည်။
ဝမ်ယွီထုံ စိတ်ဆိုးသွားမိသည်။ ကြမ်းပြင်ပေါ်ကျနေသည့် ဆန်ပြုတ်တွေကို တစ်ရှူးဖြင့် ကုန်းသုတ်လိုက်ပြီး ရှောင်ယွီကို တီးတိုးပြောလိုက်သည်။
"ရှောင်ယွီ Coke နဲ့ အာလူးကြော်က သားစားဖို့အတွက်မဟုတ်ဘူး။ ကလေးတွေက ဆန်ပြုတ်ပဲ စားသင့်တယ်"
ဝမ်ယွီထုံ ဆန်ပြုတ် ထပ်ကျွေးလိုက်စဉ် ရှောင်ယွီသည် ဒေါသတကြီး သူ့ သွားရည်ခံကို ဆွဲပြုနေ၏။ ဆန်ပြုတ်ကို သေသည်အထိ လုံးဝမစားဟု ဆုံးဖြတ်ချက်ချထားသည့်နှယ်။
ကျိုးရှောင်ယွီ ဘေးပတ်ပတ်လည်ကြည့်လိုက်တော့လည်း မြင်ရသည့် ကလေးတွေက Coke နှင့်အာလူးကြော်စားနေကြသူများသာ၊ သူတစ်ယောက်ထဲ သီးသန့်ဖြစ်နေ၏။ သူ့ပန်းကန်လုံးထဲက ဆန်ပြုတ်က အရောင်အရသာမရှိရုံမက အမြင်လည်းမလှဘူး။
ဝမ်ယွီထုံ မျက်ခုံးပင့်ပြီး ဒေါသ ပေါက်ကွဲရန် လက်ခါးထောက်လိုက်သည်။ ထိုစဉ် ကျိုးကျီယွဲ့က သူမ ပုခုံးကို အသာတို့လိုက်ပြီး Coke ခွက်ကို လက်ညိုးထိုးကာ ရှောင်ယွီကို မေးလိုက်သည်။
"သားက Coke သောက်ချင်တာလား။ ဖေဖေ မင်းအတွက် ဝယ်ပေးမယ်"
ကျိုးရှောင်ယွီ သူ့အဖေ ပြောတာကို နားမလည်ပေမယ့် မျက်နှာ အမူအရာကို ဖတ်လိုက်နိုင်သည်။'ဖေဖေက သူ့ကိုCoke ပေးသောက်မယ်တဲ့!!'
သူ့လက်ကလေးကို ဝေ့ရမ်းကာ ပြုံးဖြီးနေ၏။ဒီတစ်ခါတော့ သူ့ ဖေဖေဝံပုလွေဆိုးကြီးကို အရမ်း ချစ်သွားပြီ။
ဝမ်ယွီထုံ ကျိုးကျီယွဲ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ကျိုးကျီယွဲ့ က မစိုးရိမ်စေရန် မျက်ခုံးပင့်ပြရင်း အချက်ပြလိုက်သည်။
ငါးမိနစ်ခန့်ကြာလျှင် ကျိုးကျီယွဲ့သည် Coke စက္ကူ ခွက်တစ်ခုနှင့်ပြန်လာသည်။ " ရှောင်ယွီ ဒီမှာ သားအတွက် Coke "
ကျိုးရှောင်ယွီ မျက်လုံးလေးကွေးကာ သူ၏ သင်္ကေတ သွားလေးနှစ်ချောင်းကို ပျော်ရွှင်စွာဖြီးပြလိုက်သည်။
ကျိုးကျီယွဲ့ Coke ခွက်အဖုံးကို ဖွင့်ကာ တည်ငြိမ်စွာပြောလိုက်သည်။ "သားက ငယ်သေးတော့ ပိုက်နဲ့ သောက်လို့မရဘူး ကလေးတွေက ဇွန်းနဲ့ပဲ သောက်ရမယ်။ ဖေဖေမင်းကို ခွံ့ပေးမယ်"
ကျိုးရှောင်ယွီသူ့ဆံပင်ကွေးလေးတွေကို ရမ်းခါလိုက်သည်။ သူ့မျက်လုံး အကြည့်တွေကလည်း ကြယ်တွေ ထက်တောင် တောက်ပနေ၏။
'နောက်ဆုံးတော့ Coke သောက်ရပြီကွ!!!'
ဝမ်ယွီထုံ ခွက်ထဲ ခေါင်းစောင်းကာကြည့်လိုက်ပြီးနောက် သူမစားနေသည့် အာလူးကြော် ပါးစပ်ထဲက ထွက်လုမတတ် ခွီကနဲရီလိုက်မိသည်။
ကျိုးကျီယွဲ့ အတော် ကလိန်ကကျစ်ကျတဲ့သူပဲ။ ဆိုင်ဝန်ထမ်းဆီကနေ Coke ခွက် အလွတ်တစ်ခုယူလာကာ ကြက်သားနှင့်ဟင်းရွက်ဆန်ပြုတ်ကို ခွက်ထဲ ထည့်လားခဲ့၏။
"ကိုယ် ခွံ့လိုက် မယ် " ကျိုးကျီယွဲ့ ဝမ်ယွီထုံ လက်မှ ဇွန်းကိုယူလိုက်သည်။ ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့ကို ပေးလိုက်ပြီး ဘေးထွက်ထိုင်ကာ အာလူးကြော်စားရင်း ပွဲကြည့်ရန်ပြင်လိုက်သည်။
ကျိုးရှောင်ယွီက ပါးစပ်လေးဟကာ Coke ဆိုသည့်အရာကို တစ်လုတ်မြိုချလိုက်သည်။
ကလေးက တစ်ခဏတော့ကြောင်သွားသည်။ နောက်မှ သူ့မျက်နှာက အံ့ဩမှုတွေ ပြည့်ဝသွားပြီး သူ့မျက်လုံးတွေကလည်း သလင်းကျောက်ထက်တောင် တောက်ပလာ၏။
'ဝိုးးးးး!!!! ဒီ Coke ဆိုတဲ့ ဟာက အရမ်း အရသာ ရှိတာပဲ။ မေမေ သူ့ကို ကျွေးတာထက်တောင် အရသာ ပိုရှ်ိသေးတယ်။' သူ့နှုတ်ခမ်းထောင့်မှာ ပေကပ်နေသည်များကိုလည်း လျက်စားလိုက်သည်။ 'Coke ကို အလဟသမဖြစ်စေသင့်ဘူး။ တစ်စက်မှ မကျန်အောင် စားပစ်ရမယ်။'
ကျိုးရှောင်ယွီ နေ့တိုင်း Coke စားရတော့မည်ဖြစ်၍ အလွန်ပျော်နေ၏။
ဝမ်ယွီထုံ - "..."
မိနစ်ငါးဆယ်လောက်ကြာတော့ Coke ခွက်ထဲက ဆန်ပြုတ်တွေ အားလုံးစားကုန်သွားသည်။ ကျိုးရှောင်ယွီတစ်ယောက် ကျေနပ်စွာ လေချဉ်တက်လိုက်သည်။
ကျိုးကျီယွဲ့ ကလေးကို ရေနှစ်လုတ်လောက်တိုက်လိုက်ကာပေနေသည့် ပါးစပ်ထောင့်တွေကို သုတ်ပေးလိုက်ပြီး စားပွဲပေါ်က ပန်းကန်တွေကို သန့်ရှင်းရေးလုပ်ကာ သိမ်းလိုက်သည်။ သူ၏ လုပ်ကိုင်ပုံတွေက ယခင်ကထက် ပိုကျွမ်းကျင်လာပြီဖြစ်သည်။
ကျိုးကျီယွဲ့ ဆီလီကွန်ဇွန်းကို ရေစိုဝတ်ဖြင့်သုတ်နေစဉ် အာလူးကြော်တစ်ခု သူ့ပါးစပ်နား ရောက်လာသည်။ ဝမ်ယွီထုံ ခေါင်းစောင်းရင်း သူမ၏ လှပသော မျက်ခုံးလေးကို တွန့်ပြလိုက်သည်။ "စားလိုက်"
ကျိုးကျီယွဲ့ အားလူးကြော်တစ်ဖက်စွန်းကို ကိုက်ယူကာ စားလိုက်သည်။ အာလူးကြော်ချောင်းက မတိုသော်လည်း ကျိုးကျီယွဲ့၏ အသက်ရှုသံနွေးနွေးက ဝမ်ယွီထုံ၏ လက်ချောင်းထိပ်တွေကို ရိုက်ခတ်သွားပြီး ပြန်ပျောက်သွား၏။
ဝမ်ယွီထုံ သူမ လက်ချောင်းထိပ်တွေက ပုစဉ်းလေးတွေ ရေပေါ်ယှက်ပျံသွားသလို တစ်ခဏ ပူနွေးမှုကို ခံစားလိုက်ရ၍ ပါးတွေ နီရဲလာသည်။ နီနီရဲရဲမျက်နှာ နှင့် အာလူးကြော်သာ ဆက်စားနေလိုက်သည်။
သူမ ထိုအမျိုးသားကို မျက်လုံးပင့်ကာ နောက်တစ်ခေါက် ခိုးကြည့်မိလိုက်ပြန်သည်။ ကျိုးကျီယွဲ့ကတော့ ဘာမှ မသိသလိုမျိုး မပြောင်းမလဲ မျက်နှာ အမူအရာဖြင့် ပစ္စည်းတွေကို အိတ်ထဲ ထည့်သိမ်းနေ၏။
ဝမ်ယွီထုံ အောင့်သက်သက်ဖြင့် သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ 'သူ သတိမထားမိတာလဲ တစ်မျိုးကောင်းတာပဲ။ မဟုတ်ရင် စောနက သူ့အပြုအမူက သူမကို မြူဆွယ်ဖို့ တမင်လုပ်တာလို့ ထင်မိနိုင်တယ်။'
ဆယ့်တစ်နာရီခွဲပြီဖြစ်၍ သူမတို့မိသားစုလေး မက်ဒေါနယ် ဆိုင်ကနေ ထွက်လာလိုက်ကြသည်။ ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့ ကလေးတွန်းလှည်းကို တွန်းကာ မနက်ခင်းက ဘွတ်ကင် တင်ထားသည့် စားသောက်ဆိုင်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားကြသည်။ လွန်ခဲ့သည့် လက မြောက်ဖက်ရှုခင်းသာရာတွင် အဆင့်မြင့်စားသောက်ဆိုင်တစ်ခုဖွင့်ထား၏။ ထိုစားသော်ဆိုင်သည် ရီဗျူးကောင်းကောင်းရှိပြီး ပေါ်ပြူလာလည်း ဖြစ်သည်။ ထိုဆိုင်တွင် စားနိုင်ရန် တစ်ပတ်ခန့် ကြို စာရင်းသွင်းထားရသည်။
မက်ဒေါနယ် ဆိုင်နှင့် ယခုသွားနေသော စားသောက်ဆိုင်သည် အတော်လေးလှမ်း၏။ ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကိုထည့်ထားသော တွန်းလှည်းကို နေကာအမိုးလေး ထုတ်ပေးထားသည်။ တွန်းလှည်းလှိမ့်ပြီး လှုပ်နေပုံက ချော့သိပ်သလိုဖြစ်နေ၍ ရှောင်ယွီလေးသည် တွန်းလှည်းပေါ်မှာပဲ အိပ်ပျော်သွားတော့သည်။
ဝမ်ယွီထုံလည်း စောင်အပါးလေး ထုတ်ကာ ရှောင်ယွီ၏ ရင်ဘတ်ပေါ်လွှားပေးလိုက်သည်။ ပန်းဆီရောင်ပါးလေးနှင့် ကောင်ကလေးက အိပ်ရင်း နှုတ်ခမ်းစူနေရှာသည်။
ဝမ်ယွီထုံသည် ကောင်ကလေး တစ်ရေးအိပ်စက်နိုင်ရန် ဤခရီးစဉ်အတွက် ကျယ်ဝန်းပြီးနေကာလေကာ လည်း ပါ၊ တုန်ခါမှုနည်းသည့် ကလေးတွန်းလှည်းကို အထူးရွေးချယ်ကာ ဝယ်ထား၏။
ကိစ္စထူးထွေ ပေါ်မလာလျှင် ရှောင်ယွီလေးသည် တစ်နာရီခွဲလောက် အိပ်နေနိုင်သည်။ ထိုအချိန်မှာ ကလေးဂျီကျတာတွေ ကလေးကို ချော့မြူရတာတွေ မရှိ၍ ကျိုးကျီယွဲ့နှင့် သူမတို့နှစ်ယောက် နေ့လည်စာကို အေးဆေးစားနိုင်လိမ့်မည်။
သူတို့မိသားစု စားသောက်ဆိုင်ကို ရောက်တော့ ဝိတ်တာက သီးသန့်ခန်ူထဲကို ဦးဆောင်ကာ ခေါ်သွားသည်။သီးသန့်ခန်းကို ကျိုးကျီယွဲ့ သူ့လက်ထောက်အား ဘွတ်ကင်တင်ခိုင်းထားခြင်းဖြစ်သည်။ အခန်းက သီးသန့်ဆန်ကာ ရေကန်အလှကိုလည်း ကြည့်ရှုနိုင်သည်။
တိရိစ္ဆာန်ရုံကို လည်ပတ်ဖို့မဟုတ်ပဲ ဤဆိုင်တွင် စားသောက်ရန် သီးသန့်လာစားကြသည့် စားသုံးသူများလည်း ရှိသည်။
သီးသန့်အခန်းသည် မှန်နံရံကာထားကာ ငန်းများကူးခတ်နေသည့် ကန်အလှကို မြင်ရသည့်ရှုခင်းနှင့် အမှန်ပင် အဆင့်မြင့်လှသည်။
သို့သော် သီးသန့်ခန်းထဲ ရောက်သည်နှင့် ကျိုးကျီယွဲ့နှင့် ဝမ်ယွီထုံတို့နှစ်ယောက်လုံး ကြောင်အသွားကြသည်။သီးသန့်ခန်း၏ စားပွဲ၊ ကြမ်းခင်းနှင့် ဆိုဖာ တွေပေါ်မှာ ပန်းရောင်ပန်းပွင့်ဖတ်တွေ ပြန်ကြဲနေပြီး စားပွဲပေါ်မှာလည်း ဝမ်ယွီထုံ ခေါင်းထက်ပင် အဆများစွာ ကြီးသည့် နှင်းဆီပန်းစည်းကြီးကို မြင်လိုက်ရ၍ ဖြစ်သည်။
နှင်းဆီပန်းစည်းပေါ်တွင် အင်္ဂလိပ် အချစ်ကဗျာတစ်ပုဒ်ရေးထားသည့် ပန်းရောင်ကတ်လေးလည်း တင်ထားသေးသည်။
ဝမ်ယွီထုံ ပန်းရောင်ကဗျာကတ်ကို ဖတ်ကြည့်လိုက်ကာ "ဒီအခန်းကော ဟုတ်ရဲ့လား" ဟု ရှက်ရွံ့စွာမေးလိုက်သည်။
ကျိုးကျီယွဲ့လည်း ရှုပ်ထွေးနေသည့်အကြည့်ဖြင့် ရိုးသားစွာ ပြောလိုက်သည်။ "ဒါ လက်ထောက်ချန်းပြင်ပေးတာ"
တနင်္ဂနွေနေ့ နေ့လည် အတွက် ဤ စားသောက်ဆိုင်တွင် ဘွတ်ကင်တင်ပေးရန် လက်ထောက်ချန်းကို သူမှာခဲ့သည်။ သင့်လျော်သလို စီစဉ်ပေးရန်လည်း ပြောခဲ့သည်။ မစ္စတာကျိုးနှင့် သူ့ဇနီး၏ သီးသန့်ဒိတ်မှန်း သိသွားသည့် လက်ထောက်ချန်းသည် အဓိပ္ပယ်ပါသည့်အပြုံးကိုပြုံးလိုက်သည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ တွန်းလှည်း အခန်းထောင့်နား နေရာချထားလိုက်သည်။ အခန်းအပူချိန်နှင့် မီးအလင်းရောင်က ရှောင်ယွီ တစ်ရေးအိပ်ဖို့ အလွန်အဆင်ပြေသည့် အခြေအနေဖြစ်နေသည်။
အခန်းအပြင်အဆင်က ကျိုးကျီယွဲ့ပြင်ဆင်ထားသည်မဟုတ်မှန်းသိ၍ ဝမ်ယွီထုံလည်း ဂရုမစိုက်ပေ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း ထိုအခြေအနေထိမရောက်သေးပေ။ ဝမ်ယွီထုံ ပန်းစည်းကို ကောက်ကိုင်လိုက်ကာ ပြုံးလိုက်သည်။ "ကျွန်မကို ဓါတ်ပုံရိုက်ပေးပါဦး လှလှလေး ရိုက်ပေးနော်"
ကျိုးကျီယွဲ့ သူမ ကင်မရာကို ကောက်ကိုင်လိုက်ကာ ဝမ်ယွီထုံ မျက်နှာကို ချိန်လိုက်သည်။ ကင်မရာချိန်တာ သိပ်မကျွမ်းပေမယ့် ဝမ်ယွီထုံမျက်နှာကို ချိန်ပြီး ဓါတ်ပုံရိုက်ပေးလိုက်သည်။
လိမ္မော်ရောင် နေအလင်းရောင်၊ မှန်နံရံကနေ မြင်နေရသည့် ရေကန်အလှ၊ နှင်းလိုဖြူသည့်အသားအရည်၊ အညိုနက်ရောင် မျက်ဝန်းနှင့်ဆံပင်၊ သူမ၏ မျက်လုံးတွေက ကြယ်ကဲ့သို့တောက်ပနေပြီး လှပသည့်နှာတံ၊ နှုတ်ခမ်းဖူးဖူးလေးအပေါ်မှာ ဆိုးထားသည့် နှုတ်ခမ်းအဆီက သူမပုံစံလေးကို ပို၍ နူးညံ့စေ၏။
ကျိုးကျီယွဲ့ မျက်ဝန်းတွေ ညို့မှိုင်းလာသည်။ သူ့ရင်ဘတ်ထဲ အနည်းငယ်တင်းကြပ်လာသလိုလို စိတ်ပျက်လာသလိုလို စိုးရိမ်လာသလိုလို နှင်းဆီလွှာခင်းထားသလိုလို ခံစားလာရသည်။
'ဒီပန်းတွေ ပြင်ဆင်ထားတာ ဘာလို့ သူ မဟုတ်ရတာလဲ?'
'ပန်းစည်းကို သူပြင်ဆင်ပေးပြီး ကဗျာကတ်လည်း သူကိုယ်တိုင်ရေးထားတာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ' ထိုကဲ့သို့တွေးမိပြီးနောက် သူ့အတွေး သူမယုံနိုင်ဖြစ်နေမိသည်။ ထိုသို့တွေးရင်း ကင်မရာခလုတ်ကိုနှိပ်လိုက်စဉ် သူ၏ လက်ချောင်းများ အနည်းငယ် ဖြူလျော့လာသည်။
တစ်ခုခုပေါက်ထွက်လာတော့မလို ခံစားချက်မျိုးလည်း ရနေသည်။ ဝမ်ယွီထုံကို ပန်းစည်းပေးလိုသည့် သူ့ရဲ့အဓိပ္ပာယ်မရှိသည့် အတွေးများကို ပြန်စဉ်းစားလိုက်သည်။
'ဝမ်ယွီထုံ ပြုံးပျော်နေလျှင် ဘာလို့ သူလဲ ပျော်ရတာလဲ?'
ဝမ်ယွီထုံ သူ့ရှေ့ရောက်လာလျှင် ဘာလို့သူက ဆွဲဆောင်မှု ရှိအောင်နေနေရတာလဲ။ သူမအာရုံကို ဆွဲဆောင်နိုင်ဖို့ ကလေးဆန်သည့် အပြုအမူတွေကိုပင် လုပ်ခဲ့သေးသည်။
သူ့ဘဝနှစ်ခုစလုံးမှာ ဘယ်သူ့အပေါ်မှ ယခုကဲ့သို့ မခံစားခဲ့ဖူးပေ။ သူ့အတွက် ထူးဆန်းနေ၏။
ပန်းစည်းကိုင်ထားသည့် အမျိုးသမီးကိုကြည့်ကာ သူ့မျက်ဝန်းတွေက နက်ရှိုင်းလာပြီး မရှင်းမလင်းဖြစ်လာသည်။
ဝမ်ယွီထုံကတော့ သတိမထားမိပဲ ဟင်းပွဲများကို ပျော်ပျော်ရွှင်ရွှင်မှာနေ၏။ ဤဆိုင်၏ အထူးဟင်းလျာက ဂဏန်းဖြစ်သည်။ ဟင်းပွဲများမှာပြီးနောက် ဝမ်ယွီထုံသည် ကင်မရာထဲမှ ဓါတ်ပုံများကို ရွေးနေသည်။
"ကြည့်စမ်းပါဦး ရှောင်ယွီက ကြောင်တောင်တောင်လေး။ သစ်ကုလားအုတ်ကို အစာကျွေးတာက သူ့ဘဝရဲ့ မမေ့နိုင်စရာ အတိတ်ဆိုးဖြစ်သွားပြီး ဒီပုံကိုလည်းထပ် မကြည့်ရဲလောက်ဘူး"
ဝမ်ယွီထုံ ယုတ်မာလှစွာ ယနေ့ရိုက်ခဲ့သည့်ပုံများထဲမှ ရုပ်ဆိုးဆိုးပုံများကို တမင်သိမ်းထားလိုက်သည်။
ဒိုင်နိုစောမိုးပျံပူဖောင်း မတော်တဆ လွတ်ထွက်သွား၍ မျက်လုံးအဝိုင်းသား ပါးစပ် အဟောင်းသားလေးဖြင့် မော့ကြည့်နေပုံ။
သစ်ကုလားအုပ်ရှေ့မှာ ကြောက်ရွံ့နေပြီး မျက်ရည်တွေ နှာရည်တွေနှင့် ကျိုးကျီယွဲ့ ရင်ခွင်ထဲ ဝင်ပုန်းနေပုံ။
တိရိစ္ဆာန်ရုံပတ်ရထားစီး၍ တိရိစ္ဆာန်များကိုကြည့်နေဉ် သူမမြင်ဖူးသည့်ကမ္ဘာကို တအံ့တဩ မြင်လိုက်ရ၍ အရူးကလေးလိုမျိုး သွားရည်တွေကျနေပုံ။
နောက်ထပ် ကွက်ကွက်ကွင်းကွင်းနှင့် ရယ်စရာကောင်းသော ရုပ်ဆိုးဆိုးပုံများလည်း ရှိသေး၏။ ထိုပုံများကိုကြည့်ရင်း ဝမ်ယွီထုံ အပြုံး ယောင်ယောင်လေး သူမ နှုတ်ခမ်းတွင် ပေါ်လာသည်။
ဟင်းပွဲတွေလည်း လာချနေပြီဖြစ်သည်။ ဝမ်ယွီထုံပုံတွေအားလုံးကြည့်ပြီးတော့ စားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ကျိုးကျီယွဲ့က ဂဏန်းကို ဂရုတစိုက်အခွံခွာနေသည်။
သူ၏ သွယ်လျသည့်လက်ချောင်းတွေ ဂဏန်းခွာနေပုံက ကျွမ်းကျင်လှသည်။ ကျိုးကျီယွဲ့ အတန်ကြာအောင် ဂဏန်းအခွံ ခွာနေသော်လည်း သူ့ပန်းကန်ထဲမှာတော့ ဘာမှ မရှိပေ။ သူမပန်းကန်ထဲမှာတော့ ပန်းရောင်ဂဏန်းအသားတွေက အမြောင်းလိုက် သပ်သပ်ရပ်ရပ်လေး စီရီနေ၏။