← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

ဝမ်ယွီထုံ သူမရှေ့က အမျိုးသားကို ပြုံးကာ တောက်ပသည့်အကြည့်ဖြင့် မျက်လုံးမှိတ်ပြလိုက်သည်။ "ကျေးဇူး"

ကျိုးကျီယွဲ့ သူ၏ ပိတုန်းရောင် မျက်တောင်များကို အောက်ချရင်း "ရပါတယ်"ဟုပြန်ပြောသည်။

ဂဏန်းသားကို မြိန်ယှက်စွာစားနေရင်း ဝမ်ယွီထုံ ကျိုးကျီယွဲ့ကို တိတ်တိတ်လေး လှမ်းရှိုးနေ၏။ ဒီအလကားရလိုက်တဲ့ သူ့ယောကျာ်းက အတော်လေး ကောင်းတာပဲ။ ရုပ်ရည်ကြည့်ကောင်းရုံတင်မက ပိုက်ဆံလည်းရှိ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း ရှိပြီး တည်ငြိမ်သူလည်း ဖြစ်တယ်။ သူများကိုလည်း ဂရုစိုက်ပေးတတ်တယ်။ သူ့ရဲ့ သိက္ခာကို မထိပါးလာသရွေ့ တည်ငြိမ်ပြီး ပြောရဆိုရလွယ်သူဖြစ်သည်။

မူရင်းဝမ်ယွီထုံ၏ ဖခင်က ပြသနာရှာတတ်သည့် သူ့သမီး လက်ထပ်နိုင်ရန် ကျိုးကျီယွဲ့နှင့် ချိတ်ဆက်ပေးထားတာ မထူးဆန်းတော့ပေ။ မိသားစုနောက်ခံရှ်ိရုံမက လူကိုယ်တိုင်ကလည်း ဆွဲဆောင်မှု ရှိနေ၏။ ကျိုးရှောင်ယွီကောင်စုတ်လေးနှင့် နေ့တိုင်းအလုပ်ရှုပ်နေ၍ သူမကိစ္စများပင် မလုပ်နိုင်သေးချေ။ နောက်အပတ်မှ အိမ်ပြန်ဖို့အချိန်ယူလိုက်ဦးမည်။

ကျိုးကျီယွဲ့ ဂဏန်းအသားစားရင်း ရုတ်တရက်မေးလိုက်သည်။ "မင်းပန်းတွေကို ကြိုက်တယ်လား?"

ဝမ်ယွီထုံ မရိုးသားသည့်အကြည့်မျိုး မျက်ဝန်းထဲ ဖြတ်ကနဲ လက်သွားပြီး ပြုံးလိုက်သည်။ "ကြိုက်တယ် မကြိုက်ဘူတော့မဟုတ်ပါဘူး။ ပန်းတွေက လှပေမယ့် သက်တမ်းတိုပြီး အလွယ်တကူညှိုးနွမ်းလွယ်တဲ့ အရာမျိုးကို ကျွန်မ မကြိုက်ဘူး။ သိမ်းထားပြီး ခံစားလို့ရတဲ့ အနုပညာလက်ရာမျိုးပဲ ကျွန်မကကြိက်တာ Hermès တို့ Bulgari တို့လိုမျိုးပေါ့"

[Hermès ၊ Bulgari =နာမည်ကြီးဘရန်းများ]

ကျိုးကျီယွဲ့ မျက်ခုံးပင့်ရင်း အတည်ပေါက်ပုံဖြင့် ခေါင်းငြိမ့်လိုက်သည်။"အို့ .."

ဝမ်ယွီထုံ လူယုတ်မာ အပြုံးပြုံးလိုက်သည်။ 'ဒီလူကလည်း ရှောင်ယွီလိုပဲ။ အရူးလုပ်ရ အရမ်းလွယ်တာပဲ' သူမပြောတာကိုပဲ နားယောင်လိုက်ပုံရသည်။

ဝမ်ယွီထုံတို့စားနေသည့် နေ့လည်စာတွင် ကာဗီယာငါးဥနှင့် ဂဏန်းကောင်ကြီး၊ ခရုနှင့် ကြက်သားကြော်၊ ပင်လယ်ခုံးကောင်ကြီးနှင့် မြေအောင်းမှိုနက်ဟင်း......။ပါဝင်ပစ္စည်းတွေက ပေးရတာနဲ့ တန်အောင် အရည်အသွေးမြင့်ကာ ချက်ပြုတ်နည်းတွေကလည်း ထူးခြားသည်။

ဝမ်ယွီထုံ သူမ၏ အချိုပွဲဖြစ်သည် ငှက်သိုက်ကြက်ဥပေါင်းကို စားပြီးစဉ်မှာပဲ ကျိုးရှောင်ယွီ နိုးလာခဲ့သည်။သူမ တွက်ချက်ထားသည့်အတိုင်းပင် ကောင်ကလေးသည် တစ်နာရီခွဲ ကွက်တိအိပ်ခဲ့သည်။

ကျိုးရှောင်ယွီသည် အခုမှ တစ်ရေးနိုးလာခဲ့၍ မျက်လုံးတွေက ဝေဝါးဝါးဖြစ်နေ၏။ မျက်တောင်တွေကလည်း တုန်ရီနေပြီး ပါးလေးတွေကလည်း ပန်းသီးကဲ့သို့ နီရဲနေ၏။

ကောင်လေးပုံစံက ချစ်စရာကောင်းနေသည်။ သို့သော် လုံးဝချစ်စရာမကောင်းပေ။ အဘယ့်ကြောင့်ဆိုသော် သူ တစ်ရေးအိပ်ရာမှ ထလာလျှင် ဂျီတိုက်စိတ်ဆိုးတတ်၍ဖြစ်သည်။

တစ်ခါတစ်ရံ ကျိုးရှောင်ယွီအိပ်ရာမှ နိုးလာလျှင် စိတ်ဆိုးဂျီတိုက်တတ်သည်။ ထလာသည်နှင့် တွန်းလှည်းပေါ်က လက်တင်ခုံကို တစ်ဘန်းဘန်းရိုက်ကာ ခေါင်းခါရမ်းရင်း အော်ဟစ်လေတော့သည်။

ကျိုးကျီယွဲ့က ရှောင်ယွီကို ကောက်ချီလိုက်သော်လည်း အငြိမ်မနေ လူးခါနေကာ သူ့အဖေ ပုခုံးကို သူ့လက်သီးလေးတွေ ဖြင့် ထုရိုက်နေ၏။

ဝမ်ယွီထုံ ဘဲရုပ်လေး ထုတ်ကာ ချော့မော့သော်လည်း ရှောင်ယွီက ဘဲရုပ်ကို သူ့လက်ဖောင်းဖောင်းကလေးဖြင့် လုလိုက်ပြီး ကြမ်းပြင်ပေါ် လွင့်ပစ်လိုက်သည်။

"ရှောင်ယွီလေးက လိမ္မာတယ်လေ မဆိုးရဘူးလေ။ တိရိစ္ဆာန်ရုံသွားပြီး ခြင်္သေ့တို့၊ကျားတို့ သွားကြည့်ရအောင်လေ"

ဝမ်ယွီထုံကတော့ ဤကလေး၏ အကြောင်းအရင်းမရှိ ဂျီတိုက်‌သည်ကို ကြုံဖူးနေကျဖြစ်၍ စိတ်ရှည်နိုင်သော်လည်း ကျိုးကျီယွဲ့ကတော့ အလိုမလိုက်ပါ။

ရှောင်ယွီကို တွန်းလှည်းပေါ်ပြန်ထည့်လိုက်ပြီး ခါးပတ်ပတ်ပေးလိုက်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။ "တိတ်တော့ မငိုနဲ့တော့"

ရှောင်ယွီသည် သူ့အဖေ၏ အေးစက်စက် အသံကြောင့် လန့်သွားပုံရသည်။ တွန်းလှည်းပေါ်ငြိမ်ငြိမ်ထိုင်ပြီး ဘာသံမှ မထွက်တော့ချေ။

ဝမ်ယွီထုံ ‌ကောင်ကလေးကို လှမ်းကြည့်လိုက်သည်။ ရှောင်ယွီသည် ကျယ်လောင်စွာ ငိုနေရာမှ တိတ်သွားပြီး နှာတရှုံ့ရှုံ့နှင့် သူ့မျက်ရည်တွေ သူ့ဖာသာ သုတ်ကာ နောက်ဆုံး လုံးဝ ငြိမ်သွားတော့၏။

  ဝမ်ယွီထုံ - “…”

ကြည့်ရတာတော့ တစ်ခါတစ်လေ အလိုမလိုက်ပဲ စည်းကမ်းတင်းကြပ်ရမည့်ပုံပင်။

စနစ် - "ဟုတ်တယ်။ ကလေးခြောက်နှစ်မတိုင်ခင် စည်းကမ်းတွေ မချမှတ်ထားနိုင်ရင် မင်းဘယ်လောက် သင်ပေးပေး အလကားပဲ။ ဘာလို့ဆို ၈၅-၉၀%သောကလေးတွေရဲ့ ပင်ကိုယ်စရိုက်က သူတို့ငယ်စဉ်က အပြုအမူတွေကနေ ဖြစ်ပေါ်လာတယ်။ ရှောင်ယွီလေးရဲ့ လတ်တလော စိတ်ဆိုးပြီူ ပစ္စည်းတွေ ကိုင်ပေါက်တာက အာ့လောက်မဆိုးသေးဘူး။ ဒါတွေကမှ ပိုဆိုးတာ..."

ကလေးပြုစုရှောက်ရေးနှင့် ဆိုင်သည့် ရုပ်ပုံနှင့် စာများ စနစ်ကပြလာသည်။

[၂နှစ်အရွယ်ကလေးများကို စည်းကမ်းချမှတ်ခြင်း - စည်းကမ်းများကို စောလျင်စွာ သတ်မှတ်ထားနိုင်လျင် ကလေးမိဘများ စိတ်ပူရခြင်းမျိုး မရှိနိုင်ပါ။]

[မိဘများသည် အခြေအနေ အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်များကို သတ်သတ်မှတ်မှတ်ထားရှိရမည်။စည်းကမ်းကို လက်ခံနိုင်သည့်အတိုင်းအတာ အတိုင်းလုပ်ဆောင်ခိုင်းရမည်။ မိဘ အနေဖြင့် ကလေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ မိမိကလေး၏ မိတ်ဆွေလည်း ဖြစ်ရမည်။]

[စည်းကမ်း၏ လက်ခံနိုင်သည့်အတိုင်းအတာကို မကျော်လွန်စေရပါ - အန္တာရယ်ရှိပစ္စည်းများ မကိုင်တွယ်ရ၊ တစ်ပါးသူအားမထိခိုက်စေရ၊ အန္တာရယ်များသည့်နေရာများသို့ မသွားရ စသည့်စည်းကမ်းများကို လုံးဝ မချိုးဖျက်စေသင့်ပါ။]

တောရိုင်း တိရိစ္ဆာန်များကို ထားသည့်နေရာသို့ လမ်းလျှောက်လာကြစဉ် ဝမ်ယွီထုံသည် မိဘများသိသင့်သည့်အချက်များကို သူမစိတ်ထဲ ဖတ်နေလိုက်သည်။ ဆယ်မိနစ်လောက်တန်းစီ စောင့်ပြီးနောက် သူတို့သုံးယောက် တိရိစ္ဆာန်အစာကျွေးနိုင်သည့် ဘတ်စ်ကား ယာဉ်ထဲသို့ တက်လိုက်နိုင်သည်။

ဘတ်စ်ကားပေါ်မတက်ခင် ဝမ်ယွီထုံ ရေခဲရိုက်အသား ယွမ်၁၀၀ဖိုး ဝယ်လာလိုက်သည်။

အလုံပိတ် ဘတ်စ်ကားသည် တောရိုင်းတိရိစ္ဆာန်များ ထားသည့်ပန်းခြံထဲသို့ ဖြည်းဖြည်းလေး မောင်းဝင်လာသည်။ ဝင်ဝင်ချင်းတော့ အထူးအဆန်း ဘာမှ မတွေ့ရပေ။ ဘတ်စ်ကားသည် စိမ်းလန်းစိုပြေသော တောအုတ်တစ်လျှောက် မောင်းနှင်လာသည်။

ငါးမိနစ်ခန့်ကြာတော့ မလှမ်းမကမ်းကနေ ကျယ်လောင်သော ကျားဟိန်းသံ ထွက်ပေါ်လာသည်။ကျိုးရှောင်ယွီ သူ့အဖေရင်ခွင်ထဲမှ ပုန်းနေရင်း သတိကြီးစွာ နားစွင့်နေ၏။ သူ့ခေါင်းကို ဘယ်ညာ လှည့်ကြည့်ကာ အသံဘယ်ကလာလဲ လိုက်ရှာကြည့်နေသည်။

ရှည်သွယ်ပြီး တောက်ပသည့်အမွှေးများဖြင့် ကျားအချို့သည် သေခြင်းတရားကို မကြောက်ပဲ ရောက်လာသည့် လူသားများ အနား အားမာန်ဖြင့် လျှောက်လာသည်။

'အို့ ဒီအရူးလူသားတွေက သူတို့ကို အစာကျွေးဖို့ရောက်လာတာပဲ။ သူတို့ကိုယ်သူတို့အရမ်း ယုံကြည်မှု ရှိလွန်းတယ်။'

ခေါင်းဆောင်ကျားကြီးက မြင့်မြတ်သည့်ကိုယ်နေဟန်ထားဖြင့် ဟိန်းသံ နှစ်ချက်ပြုလိုက်ကာ ဘတ်စ်ကားပေါ် သူ့ရှေ့ခြေတင်လိုက်သည်။ နောက် ကားပေါ်ကလူတွေကို သူ၏ သလင်းကျောက်ကဲ့သို့ကြည်လင်သည့်မျက်လုံးနှင့် ဩဇာအပြည့်ဖြင့်ကြည့်လိုက်သည်။

'ဒီအရူးတွေ သူ့ကို အစာအာ့လောက်ကျွေးချင်မှတော့ မစားချင်လည်း စားပေးရမှာပေါ့။ အဆိုးဆုံး အနေနဲ့ သူတို့လက်တွေ ခန္ဓာကိုယ်တွေ အစားခံရရုံပဲ ရှိတာပါ။'

ကားထဲက ကလေးတွေက ကြောက်ရွံ့ပြီး တုန်နေကြသည်။ သုံးနှစ်အရွယ်ကလေးမလေး တစ်ယောက် ဆိုလျှင် ကြောက်လွန်း၍ သူ့အမေရဲ့ ရင်ခွင်ထဲမှာပင် ငိုနေ၏။

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို စိုးရိမ်မိသည်။ ရှောင်ယွီလေးကို သန်မာမည်ဟု သူမထင်ထားသော်လည်း ကောင်လေးက သစ်ကုလားအုပ်ကိုတောင် ကြောက်လျှင် ကျားဆို ပိုဆိုးလိမ့်မည်။

ကောင်ကလေးကို နှစ်သိမ့်ရန် ဝမ်ယွီထုံ လှည့်လိုက်စဉ် ကောင်လေးက ကြောက်မနေပဲ မျက်လုံးအရောင်တွေ တောက်ပနေ၏။ သူ့လက်တွေကို တက်ကြွစွာဝေ့ရမ်းပြီး ပါးစပ်ကလကနေလဲ နှုတ်ဆက်လိုက်သည်။ "အောင်းး ဂူးးးဂူးးး"

ကျိုးရှောင်ယွီ သူ့အဖေရင်ခွင်ကနေ ရုန်းထွက်ကာ လက်ကို ဆန့်တန်းပြီး ကျားနှင့် နီးစေရန် မှန်ပြတင်းနား ကပ်သွားလိုက်သည်။

ကျားကြီးသည် နှင်းဖြူလုံးလေးကို အေးစက်စက်စိုက်ကြည့်ရင်း ဟန်ပါပါ ဟိန်းဟောက်လိုက်ပြန်သည်။

"ဝေါင်းးးးး.."

ကျားကြီး၏ ခန့်ငြားနေမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကိုကြည့်ကာ ရှောင်ယွီလေး ကျားကြီးကို ပိုပင် သဘောကျမိသည်။ သူ့မျက်လုံးပြူးလေးဖြင့် ပါးစပ်ကို မဝံ့မရဲလေး ပိတ်ကာ ရှက်နေသည့်ပုံဖြစ်နေသည်။

သူ့ဘဝရဲ့ တတိယအကြိမ် သူ့ဘက်ကစပြီး ကျားကြီးကို မိတ်ဖွဲ့ခြင်းဖြစ်သည်။

ဝမ်ယွီထုံ - "....." 'ဒီကောင်လေးကို ဒါမျိုးကြိုက်တတ်မယ်လို့မထင်ထားဘူး။'

ကျိုးကျီယွဲ့ အစာကျွေးသည့် တုတ်တံကိုယူကာ အစွန်းဘက်မှာ ရေခဲရိုက်အသားကို ချိတ်လိုက်သည်။ နောက် ရှောင်ယွီလေး လက်ကို သူ့လက်ဖဝါးကြီးဖြင့်အုပ်ကိုင်ပြီး အစာကျွေးတုတ်တံကို အတူ ဆုပ်ကိုင်ကာ ကျားကို အစာလှမ်းကျွေးလိုက်သည်။

ကျိုးရှောင်ယွီ စိတ်လှုပ်ရှားလွန်းပြီး သူ့ဆံပင်ကောက်ကွေးလေးတွေ ရမ်းခါကာ သူ့သွားလေး နှစ်ချောင်းပေါ်အောင်ပြုံးလိုက်သည်။

ကျိုးရှောင်ယွီ ကျားကြီးကို စကားလှမ်းပြောလိုက်ပြီး ဝမ်ယွီထုံကို လှမ်းကြည့်လိုက်သည်။ "ဂူးးဂူးးး....အောင်းး..."

ကျိုးရှောင်ယွီ တစ်ယောက် ပထမဆုံးအကြိမ် သူကိုယ်သူ စကားမပြောနိုင်၍ စိတ်ပျက်မိသည်။ 'ဒီကျားကြီးကို မွေးဖို့ အိမ်ခေါ်သွားပြီး အတူဖက်အိပ်ချင်တဲ့ အကြောင်း သူ့အမေကို ပြောပြချင်တာ။'

ကျားကြီးက လေအဟုန်ကဲ့သို့ မြန်မြန်ဆန်ဆန်လှုပ်ရှားကာ ကျိုးရှောင်ယွီကျွေးသည့် အစာကို ယူစားလိုက်သည်။ သူစားနေသည့်ပုံကလည်း အလွန်ကြည့်ကောင်းလှသည်။

ကျိုးရှောင်ယွီ မှန်ပြတင်းနားကို တိုးကပ်ကာ အရမ်းချစ်ပြီးအံ့ဩနေသည့် အကြည့်များဖြင့် ကြည့်နေ၏။ ကျိုးရှောင်ယွီအနေဖြင့် ယခုကဲ့သို့ ခန့်ငြားပြီး ဖျတ်လတ်သည့် တိရိစ္ဆာန်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ ဤကျားနှင့်အတူ သူငယ်ချင်းဖွဲ့ကာ မနက်ကနေ ညအထိ တစ်နေကုန်လုံး အတူနေချင်မိသည်။

ကျိုးရှောင်ယွီ သူ့အမေ အင်္ကျီလက်ကို ဆွဲကာ ကြယ်လေးတွေလို တောက်ပနေသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ "ကူးးးကူးးး"

'သူ့အမေက သူ့အတွက် ဒိုင်နိုစော ပူဖောင်းကိုတောင် ဝယ်ပေးနိုင်တယ် ဆိုတော့ ဒီကျားကြီးကိုလည်း အိမ်ခေါ်လာနိုင်မှာပါနော့်?'

ဝမ်ယွီထုံ ရယ်စရာကောင်းသည်ဟု တွေးကာ ကောင်လေးကို တီးတိုးပြောလိုက်သည်။ "ရှောင်ယွီ ကျားတွေကို ခေါ်လာလို့မရဘူး။ သူတို့က အိမ်မွေးတိရိစ္ဆာန်တွေမဟုတ်ဘူးလေ။ သူတို့က ကြောက်စရာကောင်းတယ်။ လူတွေကို ကိုက်ဖြတ်ပြီး ကလေးတွေကိုလည်း စားတယ်"

ကျိုးရှောင်ယွီ သူ့အမေ ပြောတာနားမလည်ပါ။ သို့သော် သူ့အမေက သူ့သူငယ်ချင်း ကျားကြီးကို မကောင်းပြောနေမှန်းတော့ အလိုလိုသိစိတ်ဖြင့် ခံစားမိနေသည်။ကောင်လေး နှုတ်ခမ်းလေးစူကာ မကျေမနပ်ဖြစ်သွားသည်။

ကျားများရှိသည့်နေရာမှာ ဆယ်မိနစ်လောက်နေပြီး ဘတ်စ်ကားသည် ဝက်ဝံညိုတွေရှ်ိသည့် နေရာကို ဖြည်းဖြည်းချင်း ဦးတည်သွားလေသည်။

ကျိုးရှောင်ယွီ မှန်ပြတင်းကို လက်ဖြင့် ထိကိုင်ပြီး လှပသည့်ကျားကြီးများ ‌သေးငယ်စွာ တဖြည်းဖြည်း ဝေးသထက် ဝေးသွားသည်အထိ ကြည့်နေရှာသည်။

ကောင်လေး၏ အကြည့်တွေက ထွက်မသွားချင်သည့်ဟန်ဖြင့် မှန်ပြတင်းကို သူ့လက်ကလေးဖြင့် ထုရိုက်နေသည်။ "အွမ်းးးးး"

ကျားကြီးကတော့ သူ့ကို ပြန်မကြည့်ပါ။ အသားကိုစားပြီးနောက် ကျိုးရှောင်ယွီကို သူ၏တော်ဝင်ဆန်သည့်ကျောကိုပေးကာ တစ်ကိုယ်တည်း ကျက်သရေရှိစွာ လမ်းလျှောက်ထွက်သွားသည်။

ကျိုးရှောင်ယွီ နှုတ်ခမ်းကို စေ့ရင်း အလွန်ဝမ်းနည်းလာပြီး မျက်ရည်တွေ ဝဲလာသည်။

ခရီးစဉ် တစ်ခုလုံးလည်း သူစိတ်မပါတော့ချေ။ ကြီးကျယ်မြင့်မြတ်သည့် ခြင်္သေ့တွေ၊ ခွန်အားကြီးသည့် ဝက်ဝံတွေ၊ ခုန်ပေါက်သွားလာနိုင်သည့် သားပိုက်ကောင်တွေ၊ ချစ်စရာ ရက်ကွန်းဝက်ဝံလေးတွေ၊ ကျိုးနွံတတ်တဲ့ ကုလားအုတ်ငယ်လေးတွေကို မြင်တွေ့ခဲ့ရသော်လည်း ရှောင်ယွီလေးက မပျော်မရွှင် မျက်နှာဖြင့် နှုတ်ခမ်းကြီးသာ စူနေတော့သည်။

သူ့စိတ်က ကျားကြီးဆီ ပါသွားပုံရသည်။

သူတို့မိသားစုလေး တိရိစ္ဆာန်ဥယျာဉ်အတွင်း။ လည်ပတ်စရာရှိသည်များ လည်ပတ်ပြီးနောက် ရှုခင်းသာ စားသောက်ဆိုင်မှာ ညနေစာ မစားတော့ပဲ ညနေငါးနာရီတွင် အိမ်ကို ပြန်လာလိုက်ကြသည်။

ဝမ်ယွီထုံသည် ရှောင်ယွီလေးအတွက် လက်ဆောင်ပစ္စည်းရောင်းသည့်ဆိုင်မှ အစာသွပ်ကျားရုပ်ဝယ်ပေးခဲ့သည်။ ကောင်လေးက သူ၏ လုံခြုံရေးထိုင်ခုံမှာ ထိုင်ပြီး ကျားရုပ်ကို ဖက်ကာ သူ့မျက်နှာဖြင့်ပွတ်လိုက်သည်။

ဒီကျားက ချစ်စရာကောင်းပေမယ့် လှုပ်လည်းမ လှုပ်ဘူး။ နေ့လည်က သူမြင်ခဲ့တဲ့ ကျားကြီးလိုမျိုး ကျက်သရေရှိတဲ့ ဟန်ပန်တွေလည်း မရှိဘူး။

ကျိုးရှောင်ယွီ ကျားရုပ်ကို ဘေးပစ်လိုက်ကာ လုံခြုံရေးခါးပတ်ကိုသာ ပျင်းပျင်းဖြင့် ဆွဲဆော့နေလိုက်သည်။

ဝမ်ယွီထုံသည်ပုံနှစ်ရာကျော်ထဲမှ ကိုးပုံကို ရွေးထုတ် ဖိုတိုရှော့လုပ်ပြီး သူမ ဆိုရှယ်မီဒီယာ အကောင့်မှာ တင်ဖို့ ပြင်လိုက်သော်လည်း တစ်ပုံမှ မရွေးထုတ်နိုင်ပေ။

ထို့ကြောင့် သူမ အကောင့်ထဲ ပေါ်လာသည့် ပို့စ်များကို လိုက်ကြည့်လိုက်သည်။ ယနေ့ ဆိုရှယ်မီဒီယာ အကောင့်ပေါ်တွင် အတော်လေး လူစည်နေ၏။ စုဟန်၏ရုပ်ရှင် အသစ် ထွက်ထားပြီး ထိုရုပ်ရှင်၏ ထွေလာလည်း ရီဗျူးကောင်းတွေရထားသည်။ သူမ အကောင့်ထဲမှ သူငယ်ချင်းအချို့ပင် ထိုရုပ်ရှင်ထွေလာကို ပြန်ရှဲ ထားကြပြီး စုဟန်အတွက် ဆုမွန်ကောင်းတောင်းပေးကြသည်။

စုဟန်ကိုယ်တိုင်လည်း သူ့အကောင့်ထဲတွင် ရုပ်ရှင်နှင့်သက်ဆိုင်သည့် အင်တာဗျူးဗီဒီယိုတစ်ခုကို တင်ထားသည်။ ဝမ်ယွီထုံကတော့ ထိုဗီဒီယိုကိုမကြည့်လိုက်ပါ။

[သေနာရည်းစားဟောင်း - အားပေးမှုတွေ အတွက်ကျေးဇူးတင်ပါတယ်။ ဒီဗီဒီယိုမှာ ကျွန်တော်ပြောချင်တာက ဒီရုပ်ရှင်က ကျွန်တော့်ရင်ထဲ တစ်ကယ်ရောက်ခဲ့တဲ့ ရုပ်ရှင်လေးပါ။ ဒါကတော့ ရုပ်ရှင်ထဲက စာသားလေးပါ။ "ကျွန်တော်တို့တွေ အသက်ကြီးလာတာနဲ့အမျှ သူငယ်ချင်းတစ်ချို့ကို ဆုံးရှုံးလာပြီး တစ်ကယ့်သူငယ်ချင်းအစစ်တွေကို သိမြင်လာကြတယ်" ဒီစာသားလေးကနေ လူတိုင်းလည်း ကိုယ့်အတွက် အဖိုးမတန်တာတွေ နောက် လိုက်ရင်း ဘာတွေ ဆုံးရှုံးခဲ့မှန်းမသိဖြစ်နေတဲ့ ကိုယ့်အဖြစ်ကို ပြန်သုံးသပ်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်]

စုဟန် ထိုအင်တာဗျုးဗီဒီယိုကို Group Chat ထဲ ပို့သလိုလိုဖြင့် ဝမ်ယွီထုံဆီလည်း ပို့လိုက်သည်။

[ဝမ်ယွီထုံ - ရှင်ပြောတဲ့ ပစ္စည်းတွေ ဘယ်တော့ပြန်ပေးမှာလဲ ]

[သေနာရည်းစားဟောင်း - လတ်တလောတော့ မပေးနိုင်သေးဘူး]

ဝမ်ယွီထုံလည်း ပြန်မပြောတော့ပေ။

[သေနာရည်းစားဟောင်း - ငါ့ဆီမှာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြမယ့် ရုပ်ရှင်လက်မှတ် နှစ်ခုရှိတယ်။ မင်းလာကြည့်မလား?]

[ဝမ်ယွီထုံ - မကြည့်ဘူး.]

ဟိတ်ဟန်များတဲ့ ရုပ်ရှင်မျိုး သူမ စိတ်မဝင်စားပါ။ကာတွန်းကားဆိုလျှင် တစ်မျိုး။ ကျိုးရှောင်ယွီနဲ့အတူတူ ပိတ်ကားကြီးပေါ် သွားကြည့်လို့ရတာပေါ့။

သူတို့နှစ်ယောက် ဆက်မပြောကြတော့ပါ။ ဝမ်ယွီထုံ အကောင့်ထဲမှ ပို့စ်တွေကို ဆက်ကြည့်နေစဉ် ရုတ်တရက် သူမ မျက်လုံး အရောင်တောက်သွသည်။

သွမ့်ရိသည် နာရီဝက်အကြာခန့်က မီးခိုးရောင် အနက် အစင်းကြားကြောင်ပေါက်ကလေး၏ ပုံ သုံးပုံကို တင်ထား၏။ ကြောင်ကလေးသည် ရုတ်တရက်ကြည့်လျှင် ကျားနှင့် တူ၏။

[သွမ့်ရိ - ကြောင်မွေးစားချင်သူများအတွက်။ လေးလအရွယ် ကြောင်ပေါက်ကလေး မွေးစားဖို့ရှိပါတယ်။ကြောင်ကလေးက တက်ကြွပြီး လိမ္မာတယ် မီးခိုးရောင် အနက်အစင်းကြားနဲ့ပါ။ ကာကွယ်ဆေးသုံးမျိုးလည်း ထိုးထားလို့ ကျန်းမာတဲ့ ကြောင်ကလေးပါ။ အမွှေးကျွတ်လည်းနည်းပါတယ်။ မြို့တော် Aက‌ ပါ ]

ဝမ်ယွီထုံ သွမ့်ရိကို ချက်ချင်း သီးသန့်မက်ဆေ့ ပို့လိုက်သည်။ သွမ့်ရိ၏ သူငယ်ချင်းတစ်ဦးက အလုပ်ကိစ္စကြောင့် အဝေးသွားရမည်ဖြစ်ပြီး ကြောင်ကလေးကို မမွေးနိုင်တော့၍ အတွေ့အကြုံရှိသည့် ကြောင်မွေးစားမည့်သူကို ရှာနေကြောင်း ပြောပြလာသည်။

[သွမ့်ရိ - ဒီကြောင်မျိုးက ရှားပါးမျိုး။ သူ့ပုံစံက ကျားနဲ့ တူပေမယ့် လူကပ်ချွဲ တတ်ပြီး ထိန်းသိမ်းရ လွယ်တယ်။လက်ရှိပိုင်ရှင်က မွေးစားမယ့်သူကို အရည်အချင်းရှိမရှိ စီစစ်ကြည့်ပြီးမှ ပေး ဖို့လုပ်နေတာ။ မင်းစိတ်ဝင်စားရင် ငါ ပိုင်ရှင်နဲ့ မိတ်ဆက်ပေးမယ်လေ]

[ဝမ်ယွီထုံ - ကျွန်မကို မိတ်ဆက်ပေးပါဦး။ ကူညီပေးလို့ ကျေးဇူးပါ အစ်ကိုသွမ့် ]

[သွမ့်ရိ - ရပါတယ်.]

ဝမ်ယွီထုံ ရှောင်ယွီလေးကို ခေါင်းစောင်းကာ ကြည့်လိုက်သည်။ ကောင်ကလေးက ပြတင်းပေါက်အပြင်ဘက်ကို ဓါတ်ကျစွာ ငေးကြည့်နေ၏။

သူမ ကျိုးရှောင်ယွီ ခေါင်းလေးကို ပွတ်လိုက်သည်။

"ဝမ်းမနည်းပါနဲ့၊ မေမေတို့ အိမ်မှာ ကျားပေါက်စလေး မွေးလို့ရမရ ကြိုးစားကြည့်ဦးမယ်လေ"

"ကျားပေါက်စလေး မွေးမည " ဟူသည့် စကားကိုကြားလိုက်ရသော ကျိုးရှောင်ယွီသည် သူ့သွားနှစ်ချောင်းကိုဖြီးပြီး လက်ဝေ့ရမ်းလိုက်သည်။

"ဂူးး ဂူးးး!"

ကျိုးကျီယွဲ့ကတော့ သားအမိနှစ်ယောက်ကို အနောက်ကြည့်မှန်မှ လှမ်းကြည့်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ ဒီသားအမိနှစ်ယောက် စိတ်မှန်မမှန်ကို ဘယ်လို စစ်ဆေးရမလဲဟုလည်း တွေးနေသည်။

All Chapters