အခန်း (၃၂)
Vol. 3 Ch. 32
ဝမ်ယွီထုံ ကြောင်ပိုင်ရှင်၏ အကောင့်ဆီသွားပြီး စကားအနည်းငယ်ပြောလိုက်သည်။
လက်ရှိကြောင်ပိုင်ရှင်သည် အလုပ်ကိစ္စကြောင့် နိုင်ငံခြားခရီးများသွားရပြီး ဆယ်ရက် တစ်လ လောက်နေမှ တစ်ခါ မြို့တော် A ကို ပြန်လာဖြစ်နိုင်မည်ဖြစ်၍ သူ့ကြောင်လေးကို ဂရုမစိုက်နိုင်ပါ။ ကြောင်ထိန်းသိမ်းပေးသည့် ဝန်ဆောင်မှုဆီကိုလည်း အကြာကြီး မအပ်ခဲ့ချင်၍ နောက် မွေးစားနိုင်မည့်သူကို ရှာနေခြင်းဖြစ်သည်။
ကြောင်ပိုင်ရှင်သည် ဝမ်ယွီထုံ၏ အိမ်ပတ်ဝန်းကျင်အခြေအနေကို အကြမ်းဖျင်းသိပြီးသားဖြစ်သည်။ပထမတော့ ကျေနပ်သွားသော်လည်း ဝမ်ယွီထုံတွင် ကြောင်နှင့် တစ်ခြားအိမ်မွေးတိရိစ္ဆာန် မွေးသည့်အတွေ့အကြုံမရှိခြင်းနှင့် အိမ်မှာလည်း တစ်နှစ်အောက်ကလေး တစ်ယောက်ရှိသည်ကို သိလိုက်ရတော့ အခြေအနေက ပြောင်းလဲသွားသည်။
ထို့ကြောင့် သူတို့နှစ်ဦး ကြာသာပတေးနေ့ နေ့လည်ခင်းတွင် အသေးစိတ် ဆွေးနွေးရန် ချိန်းလိုက်ကြသည်။
သူမတို့ အိမ်ပြန်ရောက်ပြီး ညနေစာ စားကြစဉ် ရှောင်ယွီလေးသည် ကလေးထမင်းစားထိုင်ခုံပေါ်ထိုင်ရင်း ဝမ်ယွီထုံပြထားသည့် ကြောင်ပေါက်ကလေးပုံကို လက်ဖြင့်မြဲမြံစွာကိုင်ပြီး ကြည့်နေ၏။ ကြောင်ပေါက်ကလေးကို ချစ်လွန်း၍ မျက်လုံးအရောင်က ကြယ်များလို တောက်ပနေသည်။ ကြောင်ကလေးက ဖုန်းမျက်နှာပြင်ကနေ ထွက်လာရင် ကောင်းမှာပဲ ဟု ပင်တွေးနေသည်။
ကြောင်မွေးမည့်ကိစ္စအပေါ် ဝမ်ယွီထုံ ကျိုးကျီယွဲ့၏ အမြင်ကို မေးလိုက်သည်။ ချစ်စရာ ကြောင်ပေါက်လေးပုံလည်း ပြလိုက်သည်။
"ကြည့်ပါဦး ကျားပေါက်ကလေးနဲ့ မတူဘူးလား? ရှောင်ယွီကလည်း အရမ်းကြိုက်နေတာ။ ဒါ့အပြင် အိမ်ကလည်း တစ်ခါတစ်လေ အထီးကျန်နေသလိုပဲဆိုတော့ အိမ်မွေးတိရိစ္ဆာန်လေး မွေးကြည့်ရင် ကောင်းမလားလို့ပါ။"
ကျိုးကျီယွဲ့ မျက်ခုံးပင့်ရင်း မျက်မှောင် အနည်းငယ်ကြုံ့လိုက်သည်။ "အိမ်က အရမ်း တိတ်ဆိတ်နေလို့လား"
ကျိုးကျီယွဲ့သည် ကျိုးရှောင်ယွီတစ်ယောက်နှင့်ပင် အိမ်က ဆူညံနေပြီဟု ထင်၏။ သူပဲ အိမ်သိပ်ပြန်မလာ မိသားစုနဲ့ အချိန်သိပ်မဖြုန်းလို့များလား? ကျိုးကျီယွဲ့ သူ့ဦးနှောက်ကို မသိလိုက်ပဲ အလုပ်ပေးကာစဉ်းစားလိုက်သည်။
ဝမ်ယွီထုံ ကျိုးကျီယွဲ့ အမေးကြောင့် ပြောစရာစကားမဲ့သွားသည်။ "အိမ်တိတ်ဆိတ်တာ မတိတ်ဆိတ်တာကို အဓိက ပြောချင်တာ မဟုတ်ဘူး။ ကြောင်လေးကို ကြည့်ပြီး သဘောကျလို့ပါ။ ရှောင်ယွီလေးကလည်း တိရိစ္ဆာန်တွေကို အခုအရမ်းစိတ်ဝင်စားနေတာ ဆိုတော့ ဒီအခွင့်အရေးကို လက်မလွတ်သင့်ဘူးလားလို့လေ။ကြောင်ပိုင်ရှင်ကလည်း ကျွန်မတို့ကို ကြောင်ထည့်ပေးချင်မှ ပေးလိုက်မှာပါ။ ဘယ်လိုလဲ အဆင်ပြေမလား?"
ကျိုးကျီယွဲ့ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးသွားကာ လိုက်လျောသည့်လေသံဖြင့် ပြောလိုက်သည်။ "အိမ်မိသားစု အရေးကိစ္စဆိုရင်တော့ မင်းဆုံးဖြတ်ချက်အတိုင်းပါပဲ"
ဝမ်ယွီထုံ အမူအရာ တည်တံ့သွားသည်။ ကျိုးကျီယွဲ့ရဲ့ အခုပုံစံက ချစ်စရာကောင်းနေသလားလို့။
ဝမ်ယွီထုံ သူ့ကို သေချာ ဂရုတစိုက်ပြန်ကြည့်လိုက်တော့ ညစာကို တည်ငြိမ်စွာစားနေသည့် သူ့ပုံစံကိုသာ မြင်ရပြန်တော့သည်။ စောနက မြင်လိုက်ရသည့် သူ့မျက်ဝန်းထဲက နူးညံ့မှုတွေက ထင်ယောင်ထင်မှားလိုလို ဖြစ်သွားသည်။
မျက်စိတစ်မှိတ်အတွင်း ကြာသပတေးနေ့ရောက်လာသည်။
ကြာသပတေးနေ့အချိန်ဇယားတွေက အပြည့်ဖြစ်နေသည်။ နေ့လည်ပိုင်းတွင် ကြောင်ပိုင်ရှင်အိမ်ကိုသွားဆွေးနွေးကာ ညနေပိုင်းတွင် ဝမ်မိသားစုအိမ်ကို အလည်သွားပြီး ညစာစားရမည်ဖြစ်သည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီအား အညိုနုရောင် တစ်ဆက်တည်း ဝတ်စုံနှင့် ဝက်ဝံ နားရွက်ဦးထုပ်လေး ကိုဝတ်ပေးလိုက်သည်။ စပျစ်သီးလိုကြီးမားလုံးဝန်းသည့်မျက်ဝန်းနှင့် ပန်းဆီရောင် မျက်နှာကလေးပဲ ဖော်ထားလိုက်ရာ ဝကစ်ကစ် ပေါက်စီလုံးလေးသည် ဝက်ဝံညိုပေါက်စကလေးပုံပေါက်နေသည်။
ဝတ်စုံလေးနှင့် အလွန်ချစ်စရာကောင်းနေ၍ ဝမ်ယွီထုံ ပင် မနေနိုင်ပဲ ကလေးမျက်နှာကို အတင်း နမ်းလိုက်သည်။
နမ်းလိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း ရှောင်ယွီလေးက သူ့လက်ကလေးဖြင့် ဝမ်ယွီထုံကို မနမ်းစေချင်သည့်အလား တွန်းထုတ်လိုက်သည်။
ဝမ်ယွီထုံ - "..."
စနစ် - "ဒါကပုံမှန်ပါပဲ။ရှောင်ယွီလေးက ကြီးလာပြီလေ။ ကလေးကို နမ်းချင်သလို နမ်းလို့မရတော့ဘူး။ကလေးက ကြီးလာတာနဲ့အမျှ သူ့ကိုယ်ပိုင်အတွေးနဲ့ ဖြစ်လာပြီမို့လို့ နောက်ပိုင်းဆို လုံးဝ အနမ်းခံတော့မှာ မဟုတ်ဘူး"
ဝမ်ယွီထုံ ရှောင်ယွီ၏ ပါးလေးကို အသာဆိတ်ကာ စိတ်ဆိုးဟန်ဆောင်လိုက်သည်။ "ဟမ့် ကောင်စုတ်လေး"
ကျိုးရှောင်ယွီ မသိနားမလည်သည့်ပုံဖြင့် မျက်တောင်ခတ်လိုက်သည်။
သူ သူ့မေမေကလွဲရင် ဘယ်သူ့နမ်းတာကိုမှ လက်မခံခဲ့ဖူးဘူး။ မေမေ သူ့မျက်နှာပေါ် တံတွေးတွေ လာမပေစေသရွေ့ပေါ့။
စနစ် - "ကလေးတွေကို မနမ်းသင့်ပါဘူး။ လသားကလေးတွေအတွက် အသက်အန္တရာယ်ရှိတဲ့ အနမ်းရောဂါ ဖြစ်စေနိုင်ပါတယ်။ တစ်လမပြည့်သေးတဲ့ ကလေးတွေကိုဆို ပိုတောင်မလုပ်သင့်ပါဘူး"
ဝမ်ယွီထုံ - " နမ်းတာလေးပဲကို အာ့လောက်တော့မဆိုးလောက်ပါဘူး ဟုတ်တယ်မလား"
ရုတ်တရက် စနစ်ကနေ အနီရောင်သတိပေးစာရောက်လာသည်။
[မေမေနဲ့ ဖေဖေ သားကို တစ်ချိန်လုံး နမ်းမနေပါနဲ့ ]
[သားရဲ့ နှုတ်ခမ်းလေးတွေကို မနမ်းပါနဲ့။ ဆေးလိပ်သောက်ပြီး နောက်မှာလဲ သားကို မနမ်းပါနဲ့။ အအေးမိနေတဲ့ အခါမှာလဲ သားကို မနမ်းပါနဲ့။ မိတ်ကပ်တွေ လိမ်းထားတဲ့ အခါမှာလဲ သားကို မနမ်းပါနဲ့...]
ဝမ်ယွီထုံ သူမနှာခေါင်းကို ရှက်ကိုးရှက်ကန်း ပွတ်လိုက်သည်။
နာရီ ဝက်လောက်ကြာတော့ သူမတို့ကားလေးသည် ကြောင်ပိုင်ရှင်နေသည့် အိမ်ရာထဲသို့ဝင်လာသည်။ကြောင်ပိုင်ရှင်သည် မြို့လယ်ခေါင်က အဆင့်မြင့်တိုက်ခန်းတွင် နေထိုင်သည်။
သဘောကောင်းသည့်သွမ့်ရိလည်း လိုက်လာပေးသည်။ဝမ်ယွီထုံ လက်ထဲက ကျိုးရှောင်ယွီကို မြင်တော့ သူ၏ မက်မွန်သီးပုံမျက်လုံးကို မှေးလိုက်ကာ မနေနိုင်ပဲ စလိုက်သည်။
"အိုးး ကလေးလေးရေ မင်းက အရမ်းချစ်စရာကောင်းတာပဲ ဦးဦးချီချင်လို့ ဦးဆီ လာပါဦး "
ကျိုးရှောင်ယွီ နှုတ်ခမ်းလေးစူကာ အေးစက်စက်ပုံစံဖြင့် သူစိမ်းဦးဦးကို လျစ်လျူရှုလိုက်သည်။
သွမ့်ရိ ကလေး၏ ပုံစံကိုကြည့်ပြီး မျက်ခုံး အနည်းငယ်ပင့်လိုက်သည်။ ထို့နောက် ဝမ်ယွီထုံတို့သားအမိကို ဦးဆောင်ကာ ကြောင်ပိုင်ရှင် နေထိုင်သည့် အလွှာ၂၀သို့ ခေါ်သွားလိုက်သည်။
သွမ်ရိ အသံတိုးတိုးဖြင့် ဝမ်ယွီထုံကို ရှင်းပြသည်။
"ကြောင်ပိုင်ရှင်က ငါနဲ့ တော်တော်ခင်တဲ့ သူငယ်ချင်း။ ပုံမှန်တော့ ပြောရဆိုရတာတော့ အဆင်ပြေတယ်။ ဒါပေမယ့် သူက ကြောင်တွေ အပေါ်တော့ အတော်သံယောဇဉ်ကြီးတာ။ အခုကြောင်ပေါက်လေးရဲ့ အမေကို အတော်ကြာတဲ့အထိ မွေးထားခဲ့တာ။ ကြောင်မေမေက မကြာသေးခင်လေးကမှ သေသွားခဲ့တာ။ အာ့တာကြောင့် အခုသူက အတော်လေး ဇီဇာကြောင်နေတာ။ အရင်ကလည်း ကြောင်မွေးချင်တဲ့ သူ အတော်များများကို အင်တာဗျူးခဲ့ပေမယ့် အခုထိ ကြောင်ပေါက်ကလေးရဲ့ ပိုင်ရှင်ကို မတွေ့နိုင်သေးဘူး"
ဝမ်ယွီထုံ ရုတ်တရက်နားလည်ပြီး ခေါင်းငြိမ့်လိုက်သည်။ "အာ့လို ဇာတ်လမ်းလေး ရှ်ိတာကိုး"
တိုက်ခန်းတံခါးကို မီးခိုးရောင်အိမ်နေရင်းဝတ် နှင့် ကြောင်ပိုင်ရှင် လာဖွင့်ပေးသည်။ ဝမ်ယွီထုံ နှင့် ကျိုးရှောင်ယွီကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်သည့်အသံဖြင့်ပြောလိုက်သည်။ "ရောက်လာကြပြီလား"
ကြောင်ပိုင်ရှင်က ဓါတ်ပုံထဲကထက် ဆယ်ဆ ပိုကြည့်ကောင်းသည့် ကြောင်ကလေးကို ပိုက်ထားသည်။
ကြောင်ကလေးက အရွယ်အစားလည်း မကြီးပေ။သလင်းကျောက်ကဲ့သို့ကြည်လင်ပြီး ငြို့ငင်နိုင်သည့်အစိမ်းရောင် မျက်လုံးနှစ်စုံလည်း ရှိ၏။ မျက်ခုံးရိုးတွေက မို့မောက်ကာ၊ မျက်တွင်းတွေကလည်း ခွက်နေ၏။မျက်နှာသွင်ပြင်က ကျားနှင့်တူပြီး အနည်းငယ်အရိုင်းဆန်သည့် အငွေ့အသက်ရသည်။
အထူးခြားဆုံးက ကြောင်ကလေး၏ ထင်ရှားသည့် အရောင်အကွက်ပါသည့်အမွှေးဖြစ်သည်။ ကြောင်အမွှေးက နေရောင်အောက်မှာပင် အနည်းငယ် အရောင်တောက်နေသည်။
"ဒါက ဟူပေါင်" ကြောင်ပိုင်ရှင်က ဟူပေါင်၏ ခေါင်းကို သပ်ရင်း ပြောလိုက်သည်။ ဟူပေါင်၏ ပင်ကိုယ်စရိုက်က သူ့ရုပ်သွင်ပြင်နှင့် လုံးဝမတူပေ။ ပြင်ပန်းသဏ္ဌာန်က မိုက်သည့်ပုံစံဖြစ်သော်လည်း အမှန်တော့ လိမ္မာပြီး ချွဲတတ်သည့်ကြောင်ကလေး ဖြစ်နေသည်။
ကြောင်ကလေး ဟူပေါင် ပျော်ရွှင်သည့်မျက်လုံးဖြင့် သူ့သခင်၏ လက်ဖဝါးကို ပွတ်လိုက်သည်။
တံခါးဝနား အကြမ်းဖျင်းမိတ်ဆက်လိုက်ပြီး အိမ်ထဲကိုဝင်လာလိုက်သည်။ ကျိုးရှောင်ယွီကတော့ ကြောင်ကလေး ဟူပေါင်ဆီကနေ အကြည့်ပင်မခွာတော့ချေ။
သူ့၏ စပျစ်သီးကဲ့သို့မျက်လုံးလေးက စူးစမ်းချင်စိတ်တွေအပြည့်နှင့် အတော်လေး နှစ်သက်သဘောကျနေသည့်ပုံပေါက်သည်။
ကြောင်ကလေးကို အရမ်း သဘောကျသော်လည်းကျိုးရှောင်ယွီသည် အိန္ဒြေကို ဆည်ထားလေသည်။ သူ့လက်ကလေးနှစ်ဖက်ကိုရှေ့မှာ ထားရင်း ကြောင်ကိုချစ်လွန်း၍ အော်ဟစ်ချင်နေသည့် သူ့ နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ထားသည်။
နှင်းဖြူရောင်ဘောလုံးလေးသည် သူ့အမေရင်ခွင်ထဲမှာပဲ ငြိမ်ငြိမ်လေး ထိုင်ကာ လိမ္မာတိတ်ဆိတ်သည့်ကလေးလေးပုံဖမ်းထား၏။
ကြောင်ပိုင်ရှင်ကလည်း ကျိုးရှောင်ယွီကို တိတ်တဆိတ် အကဲခတ်နေ၏။ မစ္စဝမ်တို့မိသားစုအခြေအနေ၊ငွေကြေးကိစ္စတွေကို သူဘာမှ ပြောစရာ မလိုသော်လည်း ကလေးဆိုးလေးတစ်ယောက် အိမ်မှာ ရှိနေမှာကို သူကြောက်နေသည်။
ဆိုးသွမ်းသည့်ကလေးများက အိမ်မွေးတိရိစ္ဆာန်တွေကို နှိပ်စက်သည့် သတင်းတွေကလည်း အမြဲကြားနေရသည်။
ထို့ကြောင့် ကြောင်ပိုင်ရှင်သည် အိမ်မှာ ကလေးရှိသည့် သူတွေကို အလိုလို ပယ်ဖျက်ပြီးသားဖြစ်သည်။ သို့သော် သွမ့်ရိက သူနှင့် အတော်ရင်းနှီးသောမိတ်ဆွေဖြစ်ပြီး သွမ့်ရိ မိတ်ဆက်ပေးသောသူကို မငြင်းလိုက်ချင်၍ မစ္စဝမ်ကို တွေ့ကြည့်ရခြင်းဖြစ်သည်။
သို့သော် သူလေ့လာကြည့်ရသလောက်ကတော့ မစ္စဝမ်၏ လက်ထဲက ကလေးငယ်က အတော်လေး လိမ္မာကာ ငြိမ်လှ၏။ သူမြင်ဖူးသည့် အော်ဟစ်ရိုင်းစိုင်းကာ ဆိုးသွမ်းသည့်ကလေးများကဲ့သို့မဟုတ်ချေ။
ထို့ကြောင့် ကြောင်ပိုင်ရှင်သည် ကျိုးရှောင်ယွီကို ချက်ချင်းအမှတ်တွေ တိုးပေးလိုက်သည်။
ဝမ်ယွီထုံသည် အင်တာနက်မှ ကြောင်ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အချက်အလက်တွေကို ရှာဖွေလေ့လာထားပြီး ကြောင်ပိုင်ရှင်နှင့် အပြန်အလှန်စကားပြောသည်။
ကျိုးရှောင်ယွီ ကြောင်ကလေး ဟူပေါင်၏ မျက်လုံးကိုကြည့်လိုက်သည်။ ကြောင်ကလေး၏ အစိမ်းရောင်မျက်လုံးကို သူအတော်လေး နှစ်သက်မိသည်။ သူ့ပုံစံက အရမ်းခန့်ငြားပြီး တော်ဝင်ဆန်သည့်လအရှိန်အဝါကိုပေးနေ၏။ ကျားကြီး တွေ လိုပေါ့။
ပေါက်စီလုံးလေး ရှောင်ယွီ ကြောင်ကလေးကို ချိုသာစွာပြုံးပြလိုက်ပြီး သူ့လက်ကလေးဖြင့် ဝေ့ရမ်းကာ နှုတ်ဆက်လိုက်သည်။ "ဂူးးဂူးး...."
ဟူပေါင်ကလည်း ပျင်းရိစွာ ပြန်"မြောင်"ပြလေသည်။
။း
ကြောင်ပိုင်ရှင် - "ကြောင်ကလေးကို ကိုင်ကြည့်လို့ရတယ်နော်"
ကြောင်ပိုင်ရှင်က သူ့ကြောင်ကလေး ရှောင်ယွီကို ငြင်းလွတ်လိုက်မည်ကို မျှော်လင့်နေသည်။
ဝမ်ယွီထုံ ဆိုဖာပေါ်ထိုင်ပြီး ဟူပေါင်ကို သူ့ပေါင်ပေါ် တင်လိုက်သည်။ ထို့နောက် ကြောင်ကလေး၏ ကျောပေါ်မှ အမွှေးများကို ပွတ်သပ်လိုက်သည်။ ကြောင်ကလေး ဟူပေါင်က လိမ္မာစွာ ငြိမ်သက်နေ၏။ သူ့မျက်လုံးလေးတွေကိုအနည်းငယ် မှေးကာ ခေါင်းငုံ့ရင်း ဝမ်ယွီထုံ လက်မောင်းကို မှီလိုက်သည်။
ဝမ်ယွီထုံက ကျိုးရှောင်ယွီကို မေးလိုက်သည်။ "ရှောင်ယွီ...ကြောင်ကလေး ဟူပေါင်ကို ချစ်လား"
ကျိုးရှောင်ယွီက ပါးလေးနီရဲနေပြီး သူ့ဆံပင် လှုပ်ခါကာ ရှက်ရင်း ပြုံးဖြီးနေပုံက ပြန်ဖြေနေစရာပင်မလိုတော့ပေ။
ဝမ်ယွီထုံ ရှောင်ယွီလေးဆီ ခေါင်းငုံ့ကာ ညှင်သာစွာပြောလိုက်သည်။ "ဟူပေါင်လေးက ကြောင်ပေါက်ကလေးအရွယ်ပဲ ရှ်ိသေးတယ်။ သူက နည်းနည်းကြောက်လိမ့်မယ်။ သားကိုင်ကြည့်လို့ရတယ်။ ဒါပေမယ့် သာသာလေးပဲ ကိုင်ရမယ်နော်။ ကြမ်းကြမ်းတမ်းတမ်းမလုပ်ရဘူးနော်။ကြောင်လေးတွေကို သေချာဂရုစိုက်ရမယ်နော် ဟုတ်ပြီလား"
"ချူးးးချူးးး.." ကျိုးရှောင်ယွီ ကြောင်ပေါက်လေး ဘေး ထိုင်ရင်း သတ္တိမွေးကာ လက်ဆန့်တန်းပြီး ကြောင်ကလေး၏ အရောင်တောက်လှပနေသည့် အမွှေးကို ပွတ်လိုက်သည်။
ထိလိုက်သည့် သူ့လက်ဖဝါးကနေ နူးညံ့ချောမွတ်မှု နှင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ကျိုးရှောင်ယွီ မနေနိုင်ပဲ ထပ်ခါထပ်ခါ ပွတ်သပ်လိုက်သည်။ ကောင်ကလေးတစ်ယောက် ပျော်လွန်း၍ သွားရည်တောင်ကျလာသည်။
ဟူပေါင်ကလည်း တစ်မြောင်မြောင်နှင့် အသံသာသာပြုကာ သူ့ခေါင်းလေးကို ရှောင်ယွီ ဘက်စောင်းပြီး ယဉ်ပါးနေ၏။
ကျိုးရှောင်ယွီတစ်ယောက် သူ့မျက်တောင်မွှေးများ အနည်းငယ် တုန်လှုပ်သွားပြီး သူ့မျက်လုံးတွေ ပြူးကျယ်လာသည်။ နောက်ဆုံးတော့ ဒီနေ့ သူ့ဘဝမှာ ပထဆုံး သူငယ်ချင်း မိတ်ဖွဲ့နိုင်ခဲ့ပြီပဲ။
ဤမြင်ကွင်းကို မြင်လိုက်ရသည့် ကြောင်ပိုင်ရှင် မျက်လုံး အရောင်တောက်သွားသည်။ ဟူပေါင်၏ အမူအရာတွေက တစ်ဖက်သူကို သဘောကျနှစ်သက်သည့်ပုံစံကို ပြနေကြောင်းသူသိ၏။
အမှန်တော့ ဟူပေါင်သည် အမြဲတမ်း ယဉ်ကျေးသိမ်မွေ့နေသည့် ကြောင်ကလေးတော့မဟုတ်ပေ။ သူ မကြိုက်သည့်သူဆိုလျှင် ထိုသူ၏ ဘေးနားမှာ ယခုကဲ့သို့ သက်သောင့်သက်သာထိုင်ပြီး သူ့အမွှေးကိုလည်း ကိုင်ခိုင်းမည်မဟုတ်ပါ။
ဟူပေါင်နှင့် ကောင်ကလေးသည်အရင်က မတွေ့ဖူးကြသော်လည်း မြင်မြင်ချင်း ရင်းနှီးသွားကြသည့်ပုံပင်။
သို့သော် ကြောင်ပိုင်ရှင်သည် သူ၏ ကျေနပ်မှုကို မျက်နှာမှာ မဖော်ပြပဲ ဝမ်ယွီထုံနှင့် လိုအပ်သည့် အချက်အလက်များကို ညှိနှိုင်းဆွေးနွေး နေ၏။ ဥပမာ - ကြောင်ကလေးအတွက် အထူးဒီဇိုင်းပြုလုပ်ထားသည့် အခန်း၊ တွယ်တက်ဆော့နိုင်သည့်ဖရိမ်၊ အနားယူနိုင်သည့်နေရာ စသည်များ ဖြည့်ဆည်းပေးနိုင် မပေးနိုင် အချက်များ ပါဝင်၏။
ဝမ်ယွီထုံလည်း ထိုအချက်များအားလုံးကို သဘောတူလိုက်သည်။သူမက ကြောင်မွေးဖို့ ဆုံးဖြတ်ထားမှ တော့ ကြောင်နှင့် ပတ်သက်သည့်အရာအားလုံးကို တာဝန်ယူရမည်ဖြစ်သည်။ ကြောင်ပိုင်ရှင် တောင်းဆိုသည့်အရာများကိုလည်း သူမ လုပ်နိုင် တတ်နိုင်သည်။
နောက်ဆုံးမှာတော့ ကြောင်ပိုင်ရှင်လည်း ထပ်အတွန့် မတက်တော့ပေ။
သူက ဝမ်ယွီထုံကို ကြောင်ပြုစုနည်းလမ်းညွှန်စာအုပ်ပေးလိုက်ကာ ပြင်ဆင်စရာရှိသည်များ အတတ်နိုင်ဆုံးပြင်ဆင်ရန် မှာလိုက်သည်။ ဝမ်ယွီထုံ ဘက်က ပြင်ဆင်ပြီးသည် နှင့် ဟူပေါင်ကို ခေါ်နိုင်ပြီ ဖြစ်ကြောင်း ပြောလိုက်သည်။
ကျိုးရှောင်ယွီလေးကတော့ တစ်ချိန်လုံး လိမ္မာ၏။ သူ့အမေ ပေါင်ပေါ်ထိုင်ရင်း ဟူပေါင်ကို လိုက်ကြည့်နေကာ ဘာမှ လျောက်မကိုင် စကားမပြောပဲ ငြိမ်နေလေသည်။
ကြောင်ပိုင်ရှင်ကပင် ရှောင်ယွီလေးကို ချီးကျူးလိုက်သည်။ "ဒီလို အရမ်းလိမ္မာတဲ့ ကလေး အခုမှ မြင်ဖူးတယ်။အတော် တွေ့ရခဲတယ်"
ကျိုးရှောင်ယွီက ဒုက္ခမပေးနိုင်သည့်ကလေးပုံစံဖြင့် သူ၏ သွားနှစ်ချောင်းကို ဖြီးပြလိုက်သည်။
ဝမ်ယွီထုံ - "......" 'ဒီကောင်လေးကတော့ အတော် ဟန်ဆောင်ကောင်းတာပဲ!'
အရေးကြီးဆွေးနွေးရမည့်ကိစ္စဝိစ္စအားလုံး နောက်ဆုံးပြီးဆုံးသွား၏။ ဝမ်ယွီထုံနှင့် သွမ့်ရိတို့ ကြောင်ပိုင်ရှင် အိမ်မှ ထွက်လာစဉ် ညနေ ငါးနာရီပင် ခွဲ ပြီ ဖြစ်သည်။
ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို ဝမ်မိသားစုအိမ် အလည်ခေါ်သွားရန် သွမ့်ရိကို နှုတ်ဆက်လိုက်သည်။
"အစ်ကိုသွမ့် ဒီနေ့ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ရှောင်ယွီနဲ့ ကျွန်မတို့လည်း လိုချင်တာကိုရခဲ့ပါပြီ"
သွမ့်ရိပြုံး လိုက်သည်။ "အသေးအမွှားလေးပါ"
ဝမ်ယွီထုံလည်း ခေါင်းငြိမ့်လိုက်ပြီး လောကွတ်ချော်လိုက်သည်။ "ကျွန်မတို့ ဒီည ဝမ်အိမ်တော်ကို သွားလည်မလို့ ။အစ်ကိုသွမ့်လည်း ညစာ လာစားလိုက်ပါလား"
သွမ့်ရိ တွေဝေခြင်းမရှိပဲ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။ "အိုခေလေ ဒါဆို တစ်ခါတည်း ဝမ်အိမ်တော်ကို မောင်း လာခဲ့လိုက်မယ်နော်"
ဝမ်ယွီထုံ ကြောင်အသွားသည်။ သွမ့်ရိကတော့ သူ၏ အနီရောင်ပြိုင်ကားလေးကို လီဗာအရှိန်တင်ရင်း မောင်းထွက်သွားတော့သည်။
ဝမ်ယွီထုံ - "???" 'မဟုတ်သေးဘူးလေ။ ဒီအတိုင်းပဲ မေးလိုက်တာကို အတည်ကြီးမှတ်သွားတာလား?'
နာရီဝက်လောက်ကြာတော့ ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီတို့ ဝမ်အိမ်တော်ကို ရောက်လာကြသည်။
ဆောင်းတွင်း၏ ညနေဆည်းဆာက နက်ပြာရောင်ဖြစ်နေပြီး နေဝင်သွားပြီဖြစ်၍ တစ်ဖြည်းဖြည်းမှောင်လာပြီဖြစ်သည်။ နေဝင်ဆည်းဆာအချိန် တိုက်ခတ်နေသော လေကလည်း အေးလှသည်။
ဝမ်ယွီထုံ ကူးပြောင်းလာပြီးကတည်းက ဝမ်အိမ်တော်ကို နှစ်ခေါက်ခန့်သာ အလည်သွားခဲ့ဖူးသည်။ သွားလည်တိုင်းလည်း လောလောနှင့် ပြန်လာခဲ့ရသည်ချည်းသာ။
ဤတစ်ခေါက်တော့ ကျိုးရှောင်ယွီပါခေါ်ခဲ့၍ လောနေစရာ မလိုတော့ပေ။
ဝမ်အိမ်တော်ပန်းခြံထဲမှာ ဝမ်မေမေကြီး ဝူရှင်းက ကျက်သရေရှိလှစွာ ဝတ်စားထားပြီး ပန်းပင်ရေလောင်းနေသည်။ ဝမ်ယွီထုံ သူ့အမေ ဝူရှင်းကို အဝေးမှ လှမ်းနှုတ်ဆက်လိုက်သည်။ "အမေ သမီးတို့ရောက်ပြီ"
ဝူရှင်းလည်း လှမ်းကြည့်ကာ ပြုံးပြလိုက်သည်။ "သမီးအဖေနဲ့ အစ်ကို အစ်မတွေ ဧည့်ခန်းထဲမှာ စောင့်နေကြတယ်"
သူ့သမီး ဝမ်ယွီထုံ သူ့ဆီ လျှောက်လာတာကို မြင်တော့ ဝူရှင်းတစ်ခဏ မှင်တက်မိသည်။
လွန်ခဲ့သည့်နှစ်များအတွင်း သူ့သမီးငယ်နှင့် သူမအကြား ဆက်ဆံရေး မပြေပျစ်ခဲ့ပါ။
ဝမ်ယွီထုံသည် စုဟန်နှင့် စေ့စပ်ပြီး သုံးနှစ်အတွင်း စရိုက်တွေ ပြောင်းလဲသွားခဲ့သည်။ အမေနှင့် သမီးလည်းတစ်ကျက်ကျက်ရန်ဖြစ်ကာ ဝမ်ယွီထုံသည် အိမ်ရှိပစ္စည်းများကို ပစ်ပေါက်ကာ ငိုယို အော်ဟစ်တာ စိတ်ဓါတ်ကျခြင်းမျိုးလည်း ခဏခဏ ဖြစ်လာသည်။
ထိုစဉ်က ဝူရှင်း ဒေါသအရမ်းထွက်ကာ နှလုံးရောဂါပင်ရလုမတတ် ဖြစ်၍ သူ့သမီးငယ်ကိုပင် ဂရုမစိုက်ချင်တော့သည်အထိ ဖြစ်လာခဲ့သည်။
နောက်တော့ ဝမ်ဖေဖေကြီး ဝမ်ယွင်ထင်းသည် ဝမ်ယွီထုံနှင့် ကျိုးမိသားစု ဒုတိယသားကို လက်ထပ်ပေးရန် စီစဉ်ပေးခဲ့သည်။ ကျိုးလုပ်ငန်းစု ဒုက္ခမရောက်ပဲ ကျိုးကျီယွဲ့လည်း သူ့အကူအညီ မလိုအပ်ခဲ့လျှင် ဝမ်မိသားစုသည် ကျိုးမိသားစုနှင့် လက်ဆက်နိုင်မည့် အခွင့်အရေးပင် ရခဲ့မည်မဟုတ်ချေ။
ဝမ်လင်မယားလည်း သူတို့သမီးရဲ့ စိတ်အခြေအနေကိုသိ၍ ကျိုးကျီယွဲ့ကိုရော Mနိုင်ငံမှာ ရှိနေသည့် ကျိုးအဖွားကြီးကိုရော လက်ထပ်ပွဲ ကိစ္စ လူသိရှင်ကြားလုပ်ရန်နှင့်ပတ်သက်ပြီး ဘာမှ အပူမကပ်ခဲ့ပေ။ အရာရာကို လူမသိ အခြေအနေမှာပဲ ထားခဲ့သည်။
သူတို့လင်မယား စိုးရိမ်တာက တစ်နေ့မှာ ကျိုးကျီယွဲ့ သူတို့သမီးကို ကွာရှင်းပြီး သူတို့မိသားစုကို အရေးမစိုက်တော့မှာကိုဖြစ်သည်။ သူတို့သမီး အိမ်ထောင်ရေးက ကြာရှည်ခံမည် မဟုတ်သည်ကိုလည်း ရိပ်မိလာကြသည်။
သို့သော် မထင်မှတ်ထားပဲ သူတို့ မှန်းထားသည်နှင့်ကွဲလွဲလာသည်။
ဝမ်ယွီထုံ ကျိုးကျီယွဲ့ နှင့် လက်ထပ်ပြီး လအနည်းငယ်ကြာတော့ သူမစိတ်အခြေအနေ တစ်နေ့တစ်ခြား ပို ကောင်းလာခဲ့သည်။ အခုတော့ သူတို့သမီးမျက်နှာကလေးက ပန်းဆီရောင်သန်းနေပြီး အသားအရည်ကလည်း ကြည့်ကောင်းလာသည်။ သူမ မျက်လုံးအကြည့်တွေကတောင် နွေဦးအရိပ်အရောင်သန်းလာပြီး ပိုလည်း လှလာ၏။