အခန်း (၃၃)
Vol. 3 Ch. 33
ကျိုးရှောင်ယွီကတော့ ဝူရှင်းနှင့် ယခုမှ ဆုံဖူးသည်ဖြစ်၍ သူ့မျက်လုံးဘေးကို ပြူးကာ စူးစမ်းကြည့်နေ၏။
ဝူရှင်း အတွက်လည်း ကျိုးမိသားစု၏ မင်းသားလေးကို ပထမဆုံး တွေ့ဖူးတာဖြစ်သည်။ ယခုလို ကလေးငယ်လေးကို မချော့မြူရတာလည်း အတော်လေးကြာပြီဖြစ်သည်။
"ဖွားဖွားး၊ ဖွားဖွား လို့ခေါ်နော်" ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏လက်ကို ကိုင်ကာ ဝေ့ရမ်းလိုက်သည်။ ကောင်လေးကတြော သူ့သွားလေး နှစ်ချောင်းပေါ်အောင် ဖြီးပြ၏။
"ကလေးလေး မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ။ ဖွားဖွား မင်းကို ပန်းလေးလက်ဆောင်းမယ် " ဝူရှင်း ပန်းလေးတစ်ပွင့်ခူးကာ ကျိုးရှောင်ယွီ လက်ထဲ ထည့်ပေးလိုက်သည်။
ကျိုးရှောင်ယွီ ပန်းပွင့်ကိုယူကာ အမြဲသိမ်းထားတော့မည့်ပုံဖြင့် မျက်လုံးလေး ကွေးနေအောင်ပြုံးလိုက်သည်။ "ဂူးးးဂူးးး.."
ဝူရှင်းလည်း မျက်လုံးနားက အရေးအကြောင်းတွေ ပင်ပေါ်အောင် ပြုံးလိုက်မိသည်။ "လိမ္မာလိုက်တဲ့ ကလေး။ လာ အိမ် အထဲကို သွားရအောင်"
ဝမ်ယွီထုံတို့ ဝမ်အိမ်တော်ထဲကို ဝင်လာလိုက်ကြသည်။သူမစိတ်ထဲ ရင်းနှီးမှုနှင့် စိတ်သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ သူမ ကျိုးရှောင်ယွီကို ဝမ်ယွင်ထင်း၊ ဝမ်ယန်ချဲနှင့် ဝမ်ချူးယွဲ့တို့ တစ်ယောက်ချင်းစီနှင့် မိတ်ဆက်ပေးလိုက်သည်။
ကျိုးရှောင်ယွီ လိမ္မာယဉ်ကျေးသည့်ကလေးလေး ပုံစံဖြင့် သူ့လက်ကလေးကို ဝေ့ရမ်းကာ လူတိုင်းကို နှုတ်ဆက်နေ၏။ "အာာာ.."
ဝမ်ဖေဖေကြီးက ကြင်နာစွာ ပြုံးလိုက်သည်။ "သမီးပြန်လာလို့ ဝမ်းသာပါတယ်။ စားဖိုဆောင်ကလည်း အရမ်းအရသာရှိတဲ့ စားစရာတွေ ပြင်ထားတယ်။လာ အတူတူစားရအောင်"
ဝမ်မိသားစုဝင်ငါးဦးနှင့် ကျိုးရှောင်ယွီတို့ ခမ်းနားသော မိသားစုညနေစာကို စားသုံးရန် ထမင်းစားစားပွဲပေါ် ထိုင်ကာ အသီးသီး နေရာယူလိုက်ကြသည်။
ထိုစဉ် တံခါးဘဲလ် သံမြည်လာသည်။
သွမ့်ရိတစ်ယောက် အထုပ်ပလုတ်တွေ နှင့် ရုတ်တရက်ကြီးရောက်ချလာသည်။ သူက ဝမ်ယန်ချဲကို မက်မွန်သီး မျက်ဝန်းလေးနှင့် တစ်ချက်ငေးကြည့်လိုက်ကာ ဝမ်ဖေဖေကြီးကို စကားဆိုလိုက်သည်။
"အန်ကယ် နဲ့ အန်တီ ကျွန်တော်ဒီနေ့ ယွီထုံနဲ့ရှောင်ယွီလေးကိုကြောင်ကြည့်ဖို့ ကျွန်တော့သူငယ်ချင်းအိမ်ခေါ်သွားပေးရင်း ယွီထုံတို့ ဝမ်အိမ် အလည်လာမယ် ဆိုလို့ ကျွန်တော်လည်း အန်ကယ်တို့နဲ့ တွေ့ဖို့ လာခဲ့လိုက်တာ "
လူတိုင်း အံ့ဩသွားသည်။ ဝမ်ယွီထုံလည်း သွမ့်ရိ တစ်ကယ်ကြီး လာလိမ့်မည်ဟု မထင်ခဲ့ပါ။ ဝမ်ချူးယွဲ့ အကြည့်တွေကတော့ စိတ်ရှုပ်နေသည့်ပုံဖြင့် မျက်ခုံးတွေ အနည်းငယ် ကြုံ့နေ၏။
"ကျွန်တော်က ပစ္စည်းလေးပဲ လာပို့ရုံပါ။ ကျွန်တော် ထားခဲ့ပြီး ပြန်လိုက်ပါဦးမယ်" သွမ့်ရိပြုံးကာ ပြောလိုက်သည်။
အခြေအနေက ဒီလိုဖြစ်လာတော့ ဝမ်ဖေဖေကြီးလည်း သူ့ကို ပြန်ခိုင်းလိုက်လို့ မဖြစ်နိုင်တော့ချေ။ "ရှောင်သွမ့်လည်း လာလေ ညနေစာ အတူစားရအောင်ပါ။ နောက်ထပ် တူတစ်စုံ ထပ်ယူခဲ့ဟေ့"
ဝမ်မိသားစု၏ ညနေစာ ထမင်းဝိုင်းလေးက ငြိမ်းချမ်းနေ၏။
ဝမ်မိသားစုဝင်ငါးဦးနှင့် ရုတ်တရက်ရောက်လာသည့် သွမ့်ရိတို့ စားပွဲဝိုင်းကြီး ပတ်ပတ်လည်ထိုင်နေစဉ် ကျိုးရှောင်ယွီကလည်း ဝမ်ယွီထုံနှင့် ဝမ်ယန်ချဲတို့ကြား၌ ကလေး ထမင်းစားထိုင်ခုံဖြင့် ထိုင်နေ၏။
အိမ်အလုပ်သမား တစ်ဦးသည် ဆောင်းရာသီအတွက် အထူးကောင်းမွန်သည့် စွပ်ဟင်းရည်တစ်ခွက်စီကို စားပွဲဝိုင်းရှိ လူတိုင်းရှေ့တွင် လာချပေးလေသည်။ ကျိုးရှောင်ယွီအတွက်တော့ တရုတ်ဂေါ်ဖီထုပ်နှင့်ဝက်သားဆန်ပြုတ်၊ မုန်လာဥနီနှင့်ကြက်ဥပန်ကိတ်နှင့် ဘရိုကိုလီပေါင်းကိုချထားပေးသည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို အစိမ်းရောင် ဒိုင်နိုစောသွားရည်ခံ ဝတ်ပေးလိုက်သည်။ ကောင်လေးက ပန်ကိတ်ကို သူ့လက်နှင့်ကောက်ကိုင်ကာ ပါးစပ်ထဲ ထည့်လိုက်ပြီး မတွေ့ရတာကြာပြီဖြစ်သည့် သူ့ဘေးက အန်တီကို ပြုံးပြလိုက်သည်။
ဝမ်ယန်ချဲကလည်းရှောင်ယွီကို ဖော်ရွေသည့်အပြုံးပြုံးပြလိုက်ပြီး ချီးကျူးလိုက်သည်။ "ရှောင်ယွီလေးက ကောင်းကောင်းစားသားပဲ"
ရှောင်ယွီလေးက ချီးကျူးခံလိုက်ရ၍ ပျော်ရွှင်ကာ အမြီးရမ်းနေသည့် ခွေးပေါက်ကလေးလို သူ မကြိုက်သည့် ဘရိုကိုလီကိုပါ သူ့ပါးစပ်ထဲ ကောက်ထည့်ပြနေ၏။
ဝမ်ယွီထုံ - "...." 'ဝမ်ချူးယွဲ့ရဲ့ စွမ်းပကားကို သူမ ကြိုသိခဲ့ရင် ကျိုးရှောင်ယွီကို ဝမ်အိမ်တော် ခဏခဏ ခေါ်လာပါတယ်။'
ဘေးမှာ ထိုင်နေသည့် သွမ့်ရိကတော့ ဝမ်ချူးယွဲ့ကိုသာ မကြာခဏ ငေးကြည့်နေ၏။ ဝမ်ချူးယွဲ့ကတော့ တစ်ချက်မှပင် လှည့်မကြည့်ပေ။
သွမ့်ရိက သူ့သမီးကို ဆွဲဆောင်နေသည်အား ဝမ်မေမေကြီးလည်း သိလေသည်။ သို့သော် ကြားနေရသည့် သွမ့်ရိ၏ သတင်းတွေက မကောင်းလှပေ။ ဟိတ်ဟန်ကြီး၍ ပွေရှုပ်လှသူဟု သတင်းထွက်၏။ ထို့ကြောင့် သွမ့်ရိကို ပို၍ စုံစမ်းကြည့်ရဦးမည်ဖြစ်သည်။
ဝူရှင်း ယဉ်ကျေးပြူငှာသည့် လေသံဖြင့် သွမ့်ရိကို ပြောလိုက်သည်။ "ရှောင်သွမ့်ရေ ကိုယ့်အိမ်လိုပဲ သဘောထားနော်။ ဒီစွပ်ပြုတ်ရည်ကလေ အစာအိမ်အတွက်ကောင်းတယ်။ ဆောင်းတွင်းမှာ သောက်ရင် အကောင်းဆုံးပဲ"
"ကျေးဇူးတင်ပါတယ် အန်တီ" သွမ့်ရိကလည်း ပြုံးကာ ပြန်ပြောသည်။
စားပွဲဝိုင်း၏ ထိပ်အဓိကနေရာမှာ ထိုင်နေသည့် ဝမ်ယွင်ထင်းက "ကဲ အစားအသောက်တွေလည်း စုံစုံလင်လင် ရောက်ပြီ ဆိုတော့ စားကြရအောင်လေ" ဟု ဖော်ရွေစွာ ပြောလိုက်သည်။
အားလုံး စားခါနီးမှာပဲ တံခါးဘဲလ် သံမြည်လာပြန်သည်။
ရောက်လာသည့် သူကို မြင်လိုက်ရတော့ စားပွဲပေါ်က လူတိုင်း မျက်နှာ အမူအရာပြောင်းသွားကြသည်။
မမြင်ရတာကြာပြီဖြစ်သည့် စုဟန်သည် လက်ထဲမှာ အထုပ်တစ်ချို့နှင့် ဝင်လာသည်။ အညိုရင့်ရောင် လေကာဝတ်စုံနှင့် သူ့ပုံစံက ဖုန်တွေ ပေကပ်နေ၏။ သူ့မျက်လုံးတွေ နီရဲနေပုံကို ကြည့်လျှင် ခရီးဝေးကနေ ရောက်လာမှန်း သိသာလှသည်။
"အန်ကယ်နဲ့ အန်တီ ၊အစ်မ ချူးယွဲ့ ၊အစ်ကိုယွင်ချဲ ၊အစ်ကိုသွမ့် ကျွန်တော် မြို့တော်Bက ကျွန်တော့်ရဲ့ရုပ်ရှင် မိတ်ဆက်ပွဲကနေ လာခဲ့တာပါ။ မြို့တော်Bက ဒေသထွက် ပစ္စည်းတစ်ချို့ လက်ဆောင်လာပေးတာပါ။"
စုဟန်တစ်ယောက် သူ၏ အေးဆေး တည်ငြိမ်သော အကြည့်ဖြင့် ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဝမ်ယွင်ထင်းနှင့် ဝူရှင်းကို တရိုတသေ ခေါင်းငုံ့ နှုတ်ဆက်လိုက်၏။ "ကျွန်တော်က ဒီကို လက်ဆောင်လာပို့တာပါ။ ပို့ပြီးပြီ ဆိုတော့ ကျွန်တော်သွားလိုက်ပါဦးမယ်"
ဝမ်ယွင်ထင်းနှင့် ဝူရှင်းတို့ ဝမ်ယွီထုံကို အတူတူ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူတို့သမီးက မျက်နှာ အမူအရာမပျက်ပဲ သူနှင့်စေ့စပ်ခဲ့ဖူးသူကို ဂရုမစိုက်သည့်ပုံဖြစ်နေ၍ လင်မယားနှစ်ယောက် စိတ်သက်သာရာရသွားကြသည်။
ဝမ်ယွင်ထင်း မသိမသာ သက်ပြင်းချလိုက်သည်။ မည်ကဲ့သို့ပင် ဖြစ်စေကာမူ စုဟန်သည်လည်း သူ့မျက်စိအောက်က ကြီးပြင်းလာသည့် ကလေးဖြစ်၍ ပစ်ပစ်ခါခါတော့ မလုပ်ရက်ပေ။
ပိုအရေးကြီးသည်က ဝမ်ယွင်ထင်းသည် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ ရှေ့ဆက်ပြီး စုမိသားစုနှင့် ပူးပေါင်း လုပ်ကိုင်ရမည့် ပရောဂျက်တွေလည်း ရှိရာ စေ့စပ်ကြောင်းလမ်းမှု ပျက်သွားခဲ့သော်လည်း မိသားစုနှစ်ခု၏ ဆက်ဆံရေးကိုတော့ ဆက်ထိန်းထားကြသေးသည်။
ညစာစားချိန်လည်း ရောက်နေပြီဖြစ်၍ ဝမ်ယွင်ထင်း စုဟန်ကို ဒီအတိုင်း ပြန် မ လွတ်လိုက်နိုင်ပါ။ "ရှောင်စု မင်းလည်း ဒီရောက်နေပြီပဲ ဆိုတော့ တစ်ခါတည်း ညနေစာ အတူစားလိုက်ကြရအောင်။ နောက်ထပ် တူတစ်စုံယူလာခဲ့ဟေ့!"
စုဟန်လည်း ဝမ်ဖေဖေကြီးကို ကျေးဇူးတင်စကားပြောကာ ဝမ်ယွီထုံနှင့် မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်သည်။
ကျိုးရှောင်ယွီကို ခွံ့ကျွေးနေသည့် ဝမ်ယွီထုံသည် သူမ ခေါင်းကို စောင်းလိုက်ကာ စုဟန်ဘက် လှည့်ပင် မကြည့်ပေ။ ထိုအစား ကျိုးရှောင်ယွီကတော့ စူးစမ်းစိတ်ဖြင့် စုဟန်ကို စိုက်ကြည့်နေသည်။ ကောင်လေးသည် ကြည့်နေရင်း မကျေမနပ်ဟန်ဖြင့် နှုတ်ခမ်းကြီး စူလာသည်။
စုဟန်၏ မျက်နှာ အမူအရာ ဖြတ်ကနဲ ထိုင်းမှိုင်းသွားကာ မျက်လုံးအကြည့်အရောင်ဖျော့သွားပြီး လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ သူ အရင်က ဝမ်အိမ်တော်ကိုလာလည်ကာ ညနေစာစားတိုင်း ဝမ်ယွီထုံသည် သူ့အနားကပ်ကာ စကားတစ်တွတ်တွတ်ပြောနေလေ့ရှ်ိပြီး ဝမ်ဖေဖေကြီးနှင့် ဝမ်မေမေကြီးကလည်း သူ့ကို ဂရုတစိုက်စကားပြောလေ့ရှိသည်ကို သတိရလိုက်သည်။ ထို့အပြင် ဝမ်ချူးယွဲ့နှင့် ဝမ်ယန်ချဲကလည်း သူ့အလုပ်အကြောင်း စကားစရှာပြီး မေးမြန်းလေ့ရှိသည်။
သို့သော် ယခုအချိန်မှာတော့ စားသောက်ပွဲ၏ အခြေအနေသည် ရေခဲမှတ်သို့ ရုတ်တရက် ကျဆင်းသွားသည်။ သူ့အမေရင်းကဲ့သို့ ကြင်နာတတ်သည့် ဝူရှင်းပင်လျှင် သူ့ကို စကားစ မပြောတော့ပါ။
စုဟန် အသက်ပြင်းပြင်း ရှုသွင်းလိုက်ကာ ဝမ်ယွီထုံကို နားမလည်နိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ မကြာသေးခင်ကမှ သူ အတော်များများကို တွေးကြည့်ခဲ့သည်။ ပြီးတော့ ဝမ်ယွီထုံကိုလည်း သီးသန့်ပြောစရာစကားတွေ သူ့မှာ ရှိနေသည်။ သူပြောဖို့အခွင့်အရေး ရှိဖို့မျှော်လင့်တာပဲ။
"အားးး..." ကျိုးရှောင်ယွီ သူ၏ စားပွဲခုံကို သူ၏သန်မာသည့်လက်ကလေးဖြင့် ထုရိုက်လိုက်သည်။ ကောင်လေး၏ ဆံပင်ကောက်လေးတွေက ဒေါသကြောင့် တုန်လှုပ်နေကာ မျက်နှာကလည်း မကျေမနပ်မှုတွေ ပြည့်နေ၏။
'သူ့ရှေ့မှာ ထိုင်နေတဲ့ ဒီ ကြောင်တောင်တောင်ဦးလေးကို မကြိုက်ဘူးး။ အရမ်းစိတ်ရှုပ်စရာကောင်းတယ်။ဘာလို့ သူ့မေမေကိုပဲ ခိုးကြည့်ရတာလဲ?'
ဝမ်ယွင်ထင်းလည်း ထမင်းဝိုင်း၏ ထူးဆန်းသည့်အခြေအနေကို သတိထားမိလိုက်၍ ပြေလည်ချောမွေ့ရန်စကားစလိုက်သည်။ "ဟင်းတွေလည်း အဆင်သင့်ဖြစ်ပြီဆိုတော့ စားကြစို့"
သူပြောပြီးသည်နှင့် တံခါးဘဲလ်က ထပ်မြည်လာပြန်သည်။
ဝမ်ယွင်ထင်း၏ နဖူးကြုံ့သွားသည်။ 'ဒီတစ်ခေါက်ကော ဘယ်သူတုန်းဟ? ဒီတစ်သက်ထမင်းကော စားရပါဦးမလား?'
ရောက်လာသည့်သူကို မြင်လိုက်ကတော့ အားလုံး၏ အကြည့်တွေက အံ့ဩသွားသည်။ ကျိုးရှောင်ယွီကတော့ သူ့လက်သီးကလေးကို ပျော်ရွှင်စွာဝေ့ရမ်းကာ ပြုံးဖြီးနေ၏။
အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် အရပ်ရှည်ရှည်အမျိုးသား ကျိုးကျီယွဲ့သည့် လက်ထဲတွင် ဈေးကြီးမည့် လက်ဆောင်ထုပ်နှစ်ထုပ်ကို ကိုင်ကာ အိမ်ထဲ ဝင်လာ၏။
သူ၏ မျက်နှာ သွင်ပြင်က ခန့်ငြားကာ သူ၏ လှုပ်ရှားမှုတွေကလည်း ကျက်သရေရှိထူးခြားလှသည်။ လူတိုင်းကို ပြုံးပြလိုက်ကာ စုဟန်နားရောက်သည်နှင့် သူ့အကြည့်တွေက ချက်ချင်း အေးစက်သွားသည်။
ဝမ်ယွီထုံက ပျော်ရွှင်စွာမေးလိုက်သည်။ "ဘာလို့ ရောက်လာတာလဲ"
ဝမ်ယွင်ထင်းက ချက်ချင်းမတ်တပ်ရပ်ကာ နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။"ရှောင်ကျိုး လာမယ်ဆိုတာ ဘာလို့ မပြောတာလဲ"
ကျိုးကျီယွဲ့ကလည်း ခေါင်းငြိမ့်ရင်း ပြန်ရှင်းပြလိုက်သည်။ "အစက နေ့လည်ကတည်းက ယွီထုံနဲ့ လာမလို့ပါ။ မထင်မှတ်ပဲ အစည်းအဝေးက နောက်ကျမှ ပြီးသွားလို့။နောက်ကျမှ ရောက်လာလို့ တောင်းပန်ပါတယ်"
ဝမ်ယွီထုံ တစ်ခုခု မဟုတ်သေးမှန်းသိလိုက်ရ၍ ကြောင်သွားသည်။ သူမ ဒီနေ့ ဝမ်အိမ်ကို သွားလည်မယ့် အကြောင်း ကျိုးကျီယွဲ့ကို မပြောမိပါဘူး။ ရှောင်ယွီနဲ့အတူတူ ကြောင်ပိုင်ရှင်အိမ်သွားမယ့်အကြောင်းပဲ ပြောခဲ့တာပါ။ သူမ မပြောပဲနဲ့ ဘယ်လိုလုပ်ပြီး ဝမ်အိမ်တော်ကို ရောက်လာတာလဲ။
ကျိုးကျီယွဲ့ ဝမ်ယွီထုံဘက်လှည့်ကာ သာယာစွာပြောလိုက်သည်။ "ကိုယ် မင်းကို မက်ဆေ့ပို့ထားတယ်လေ""
ဝမ်ယွီထုံ တစ်ခဏလောက်ကြောင်သွားသည်။ "အို့? နေ့လည်ကတည်းက ဖုန်းကို မစစ်မိလို့ မမြင်မိတာနေမယ်။"
သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို မြင်လိုက်၍ စုဟန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး မျက်ဝန်းကလည်း မဲမှောင်လာသည်။
ဝုရှင်း ပျော်ရွှင်စွာ ပြုံးပြရင်း " ရှောင်ကျိုး။ လာ ညနေစာ စားရအောင်။ စားစရာတွေ အေးကုန်တော့မယ်" ဟု ပြောလိုက်သည်။
ဝမ်ယွင်ထင်း - "ရှောင်ကျိုးရေ ထိုင်ပါ။ ဒီကို နောက် တူတစ်စုံ ထပ်ယူလာခဲ့ဟေ့!"
"ဟုတ်ကဲ့ အဖေနဲ့အမေ " ကျိုးကျီယွဲ့ ခေါင်းငြိမ့်ကာ တည်ငြိမ်သည့်အသံဖြင့် ပြောလိုက်ပြီး ဝမ်ယွီထုံ ဘေးနား ကြော့ကြော့မော့မော့လေး ဝင်ထိုင်လိုက်ကာ ဝမ်ယွီထုံအား ကြည့်လိုက်စဥ် တည်ငြိမ်သည့် သူ့မျက်နှာတွင် အပြုံးယောင်ယောင်လေး ပေါ်လာသည်။
ကျိုးကျီယွဲ့အနေဖြင့် "အဖေ နှင့် အမေ" ဆိုသည့်အခေါ်အဝေါ်ကို ပုံမှန်အတိုင်း ပြောလိုက်သော်လည်း အားလုံး၏ နားထဲမှာ ကြားရတာ ထူးဆန်းနေ၏။
ဝမ်ယွင်ထင်း အေးစက်စပြုနေပြီဖြစ်သည့် လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်တစ်ငုံသောက်ပြီး သူ့စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။ ဝူရှင်းကတော့ သောက်လက်စ လက်ဖက်ရည် သီးမလိုဖြစ်သွားသည်။
ဝမ်ယန်ချဲနှင့် ဝမ်ချူးယွဲ့တို့လည်း ဘာမှ မလုပ်နိုင်ပဲ တစ်ခဏ ကြောင်သွားကြသည်။
ဝမ်ယွီထုံ မျက်မှောင်ကြုံကာ သူ့နှုတ်ခမ်းကိုကိုက်လိုက်ကာ မျက်နှာကလည်း နီလာပြီး ရှက်လာသည်။
စုဟန်ကတော့ ကျိုးကျီယွဲ့ကို မယုံနိုင်သည့်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးအကြည့်တွေက မနာလိုမှုနှင့် ဒေါသတွေ ပြင်းထန်စွာ တောက်လောင်နေ၏။
သွမ့်ရိကတော့ သူ၏မက်မွန်သီးကဲ့သို့မျက်လုံးကို ကျဉ်းမြောင်းစေလိုက်ပြီး အလွန်စိတ်ဝင်စားသည့်ပုံဖြင့် ရှိုးပွဲကို စောင့်ကြည့်နေလိုက်သည်။ ထိုအချိန်မှာပဲ ဝမ်ချူးယွဲ့က ဝမ်ယွီထုံနှင့်ကျိုးကျီယွဲ့တို့ သမီးရည်းစားဆက်ဆံရေးဖြစ်ကြောင်း ပြောခဲ့သည်ကို ပြန်သတိရလိုက်သည်။ ကြည့်ရသည့်ပုံက ထိုထက်ပိုမည့်ပုံပင်။
ကျိုးမိသားစု၏ မျိုးဆက်တွေအကြောင်း လူချမ်းသာ အသိုင်းအဝိုင်းတွင် မသိသူရှား၏။ ကျိုးကျီယွဲ့တို့ညီအစ်ကိုနှစ်ယောက် မိဘများ ငယ်စဉ်ကတည်းက စောစီးစွာ ဆုံးပါးသွားခဲ့၍ ကျိုးမိသားစုတွင် သက်ကြီးသူဟူ ၍ အဖွားမစ္စကျိုး တစ်ဦးသာရှ်ိသည်။
ညီအစ်ကို နှစ်ဦး၏ မိဘများ ဆုံးပါးသွားစဉ်က ကျိုးကျီခိုင်းသည် ၁၈နှစ်သာရှိသေးသည်။ ကျိုးကျီယွဲ့နှင့် ကျိုးကျီခိုင်းတို့ကလည်း ရှစ်နှစ်ခန့်အသက်ကွာသည်။ ထို့ကြောင့် ကျိုးကျီယွဲ့သည် သူကြီးပြင်းလာကတည်းက ဘယ်သူကိုမှ အဖေ အမေ မခေါ်ခဲ့ဖူး ဟု ပြောလို့ရသည်။
ယနေ့ ပထမဆုံးအကြိမ် လူရှေ့သူရှေ့မှာ အဖေအမေ ခေါ်ခဲ့သောကြောင့် မည်မျှထူးခြားကြောင်း မှန်းဆကြည့်နိုင်သည်။
ထမင်းဝိုင်း၏ အခြေအနေက ထပ်ထူးဆန်းလာပြန်သည်။ ကျိုးရှောင်ယွီလေးက ထိုအခြေအနေကို ကယ်တင်လိုက်သည်။ "အာာ..."
ကျိုးရှောင်ယွီ ဘရိုကိုလီကို ကိုင်ကာ သူ့ပါးစပ်ထဲ ဝင့်ကြွားစွာ ထည့်လိုက်ပြီး အားလုံးက ဝိုင်းချီးကျူးသည်ကို စောင့်နေသည့်အလား ဂုဏ်ယူစွာကြည့်လိုက်သည်။
ဝူရှင်းတစ်ယောက် လက်ဖက်ရည်သီးသွား၍ မျက်နှာနီရဲလာ၍သက်သာစေရန် ရေနွေးသောက်လိုက်ပြီးစိတ်အေးသွားကာ ကျိုးရှောင်ယွီကို ချက်ချင်းချီးကျုးလိုက်သည်။
"အော် တို့ကလေးလေးက အသီးအရွက်တွေ စားရတာ ကြိုက်တာပဲ။ အသီးအရွက်များများစားတာ ခန္ဓာကိုယ်အတွက် ကောင်းတယ်။ နောက် ဘာတွေ ကြိုက်သေးလဲ။ ဖွားဖွား မင်းအတွက် လုပ်ပေးမယ် "
ကျိုးရှောင်ယွီက သူ့ ပါးစပ်ထဲ ဘရိုကိုလီ အပြည့်နှင့် ပြုံးဖြီးပြသည်။ သူ့ဆံပင်ကောက်လေးများ ခါရမ်းပြီး လက်သီးကလေးများကို ဝူရှင်းဘက် ဝေ့ရမ်းပြလိုက်သည်။
ဝမ်ယွင်ထင်း စားပွဲပေါ်က ဟင်းပွဲများကို ကြည့်ကာ လည်ချောင်းဟန့်လိုက်သည်။ "ကဲ ဟင်းပွဲတွေလည်း စုံပြီဆိုတော့ စားကြစို့လေ"
စားကြစို့ ဟူသည့်စကားကို သူလေးကြိမ်တိုင်အောင် ပြောခဲ့ပြီဖြစ်သည်။ ဟင်းတွေကလည်း အေးတော့မည်။
ဒီတစ်ခေါက်တော့ တံခါးဘဲလ်တီး နှောက်ယှက်မည့်သူ မလာတော့၍ တော်သေး၏။
လူတိုင်း၏ မျက်နှာအမူအရာတွေကလည်း ထူးခြားနေကာ ကိုယ်စီ ခေါင်းငုံ့ရင်း စားသောက်ကြလေသည်။
ဝမ်ယွင်ထင်း သူ့နဖူးပေါ်မှ ချွေးစေးများကို တုန်လှုပ်စွာသုတ်လိုက်သည်။ သူ၏ သာမန်မိသားစုထမင်းဝိုင်းလေးက စိတ်အထွေအထွေဖြင့် အမျိုးသားသုံးဦး ရုတ်တရက် ဝင်နှောက်ယှက်လိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။
စားဖိုဆောင်က ဧည့်သည်များအတွက် ဟင်းပွဲများအလုံအလောက် ပြင်ဆင်နိုင်ခဲ့၍ တော်သေးသည်။ အထူးအနေဖြင့် စားဖိုဆောင်က သိမ်းထားသည့် ဆောင်းရာသီ အထူးစွပ်ပြုတ်ရည်ထည့်ရန် အိုးလေးသုံးလုံးကိုတော့ အကုန်ထုတ်သုံးလိုက်ရသည်။
ကျိုးကျီယွဲ့က မစားသေးပဲ ဝမ်ယွီထုံဘက်ကြည့်ကာ "ကလေးကို ကိုယ်ကျွေးလိုက်မယ် မင်းအရင်စားလိုက်"ဟု ပြောလိုက်သည်။
ဝမ်ယွီထုံ ခေါင်းခါလိုက်သည်။ "ရတယ်။ နှစ်ဇွန်းလောက်ပဲ ကျန်တော့တယ်"
ကျိုးရှောင်ယွီတစ်ယောက်ကတော့ ဒီနေ့ လိမ္မာပြချင်၍လားမသိ အစားကို ဆော့မနေပဲ မြန်မြန်စားလေသည်။
ကောင်ကလေး၏ မျက်လုံးတွေက ပြောင်နေသည့်သူ့ပန်းကန်ကို ကြည့်ကာ တောက်ပလာပြီး ဝမ်ယွီထုံကို ဂုဏ်ယူစွာအော်လိုက်သည်။
ဝမ်ယွီထုံလည်း ချီးကျူးပေးရတော့သည်။ "ဒီနေ့ ရှောင်ယွီလေးက တော်လိုက်တာ။ ပုံမှန်နေ့တွေ ဆို မကုန်ပါဘူး။ ဒီနေ့တော့ ဖွားဖွားရဲ့ ဆန်ပြုတ်ကို ကြိုက်လို့လား?"
ကျိုးရှောင်ယွီအတွက် တရုတ်ဂေါ်ဖီနှင့်ဝက်သားဆန်ပြုတ်သည် ဝူရှင်းကိုယ်တိုင်လုပ်ပေးထားတာဖြစ်သည်။ ဝူရှင်း ကျိုးရှောင်ယွီကို ကြင်နာစွာကြည့်လိုက်သည်။ ဝမ်ယွီထုံ ရှောင်ယွီလေးကို ခေါ်လာမည် ပြောတုန်းက သိပ်မမျှော်မိပေ။ သို့သော် ရှောင်ယွီလေးကို ကိုယ်တိုင်တွေ့လိုက်ရချိန်တွင် ဝူရှင်း ရင်ထဲ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ရှောင်ယွီလေးက ဝမ်မောင်နှတစ်တွေ ငယ်စဉ် ပျော်စရာအချိန်လေးကို ပြန်သတိရစေမိသည်။
ပျော်ရွှင်နေသည့် ရှောင်ယွီလေးကြောင့် ထမင်းဝိုင်းကလည်း ထူးဆန်းသည့် အခြေအနေ မဟုတ်တော့ပေ။ ကျိုးရှောင်ယွီက လူတိုင်း၏ အာရုဲစိုက်မှုရရန် ချစ်စရာအမူအရာလေးတွေ လုပ်ပြနေ၏။ သူ့လက်ကလေးတွေကို ဝေ့ရမ်းကာ တီတီတာတာတွေ ပြောနေ၏။ ဟင်းပွဲတွေ လာချပေးသည့် အလုပ်သမားများပင် ရှောင်ယွီလေးကြောင့်ပြုံးရီသွားကြသည်။