အခန်း (၃၄)
Vol. 3 Ch. 34
သွမ့်ရိကလည်း ထူးဆန်းသည့် အခြေအနေမျိုး မဖြစ်အောင် စကားလမ်းကြောင်းလွဲပေးတတ်သည့် သူမျိုးဖြစ်သည်။ သွမ့်ရိ ဝမ်ချူးယွဲ့နှင့် ဝမ်ယန်ချဲကို သူ၏ မက်မွန်သီးကဲ့သို့ မျက်ဝန်းများနှင့်ကြည့်ကာ ပြောလိုက်သည်။ "ဒါနဲ့ စကားမစပ် အယ်လန်က အဆင်သင့်ဖြစ်နေပြီနော်။ဘယ်အချိန်လောက် ပင်လယ်ခရီးသွားချင်လဲ?"
'အယ်လန်' ဟု အမည်ရသည့် ရွက်လှေသည် ဟော်လိုဝင်းညသရဲအိမ်ပြိုင်ပွဲတွင် ဝမ်ယွီထုံတို့ အနိုင်ရခဲ့သည့် ဆု ဖြစ်သည်။ သွမ့်ရိသည် ထိုအချိန်က ရွက်လှေကို မှာယူခဲ့ပြီး တစ်လအကြာတွင် အယ်လန် ရွက်လှေကို လိုအပ်သည့် လုပ်ငန်းစဉ်များကို ပြီးစီးပြီဖြစ်၍ ယခုအခါ အသုံးပြုနိုင်ပြီဖြစ်သည်။
ဝမ်ချူးယွဲ့ နောင်တရသည့် မျက်နှာမျိုးဖြစ်သွားသည်။
"ဆောင်းတွင်း ဆိုတော့ ပင်လယ်ခရီးသွားလို့ အဆင်မပြေတာ ဝမ်းနည်းစရာပဲ"
ဝမ်ယန်ချဲကလည်း ခေါင်းငြိမ့်လိုက်သည်။
"ဒါမှ မဟုတ် နောက် နွေဦးရောက်တဲ့အထိ စောင့်ကြတာပေါ့"
သွမ့်ရိ - " တစ်ကယ်တော့ ဆောင်းရာသီလည်း သွားလို့ရပါတယ်။ အတွေ့အကြုံတစ်မျိုးရတာပေါ့"
ဝမ်ယွီထုံ ခေါင်းလေးစောင်းကာ ကျိုးရှောင်ယွီကို မေးလိုက်သည်။ "တို့ကလေးလေးရေ ရွက်လှေကြီး စီးချင်လား"
ကျိုးရှောင်ယွီက နားမလည်ပေမယ့် မျက်လုံး ဝိုင်းဝိုင်းလေးကို မှေးကာပြုံးလိုက်ပြီး ကီဝီသီးကို လက်မှာ ကိုင်ရမ်းလိုက်ပြီး အော်လိုက်သည်။ "အာာာ.."
စားပွဲဝိုင်းရှိ မျက်နှာချင်းဆိုင်ထိုင်နေကြသည့် အမျိုးသားနှစ်ဦးကလွဲ၍ ကျန်လူတိုင်းက တက်ကြွနေသည့်ကောင်ကလေးဆီသာ အကြည့်ရောက်နေ၏။
ကျိုးကျီယွဲ့ ရောက်လာကတည်းက စုဟန်သည် စကားတစ်ခွန်းမှ မပြောတော့ပါ။ သူ၏ရှပ်အင်္ကျီလည်စည်းကို စိတ်မရှည်စွာ ဆွဲရင်း ကျိုးကျီယွဲ့ထံ မလိုလားသည့်အကြည့်တွေ ကြည့်နေ၏။
ကျိုးကျီယွဲ့ကလည်း သူ့ကို မတူမတန်သည့် အေးစက်စက် အကြည့်ဖြင့် ထူးမခြားနားပြန်ကြည့်နေ၏။
ဝမ်ယွီထုံကတော့ စွပ်ပြုတ်အများကြီး သောက်လိုက်မိ၍ သန့်စင်ခန်းကို အပေါ့သွားရန် ထွက်သွားလိုက်သည်။
ဝမ်ယွီထုံ ဤအိမ်ကို ခဏခဏ မလာသော်လည်း အိမ်ပုံစံ အနေအထားကိုတော့ ထူးဆန်းစွာ ရင်းနှီးနေ၏။ သူမ စားသောက်ခန်းမှ ရုတ်တရက် ထွက်လာလိုက်သော်လည်း သန့်စင်ခန်းကို အလိုလို သွားလိုက်နိုင်၏။
မသိလျင် သူမ ဤအိမ်၌ အချိန် အတော်ကြာ နေခဲ့ဖူးသည့်အတိုင်းပင်။
ဝမ်ယွီထုံလည်း ထိုကိစ္စကို ထွေထူးစဉ်းစားမနေတော့ပေ။ သူမ၏ ပြသနာဖြေရှင်းပြီးသည် နှင့် လက်ဆေးကာ သန့်စင်ခန်းမှ ထွက်လာလိုက်သည်။ ထိုစဉ် စုဟန်သည် သူမကို တစ်ခုခု ပြောစရာရှိသည့်အလား သန့်စင်ခန်းအပြင်ဘက်မှာ ရပ်စောင့်နေ၏။
စုဟန်သည် သူမ မိဘများရှေ့တွင် လိမ္မာယဉ်ကျေးသည့်သွင်ပြင်သာပြလေ့ရှိသည်။နံရံကိုမှီပြီး လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားကာ သူ၏ နက်မှောင်သော ခံစားချက်ပါသည့် အကြည့်တွေနှင့် ကြည့်နေသည်ကို ဝမ်ယွီထုံ နားမလည်နိုင်ပေ။
စုဟန် သူ၏ နှုတ်ခမ်းထောင့်ကို ကွေးကာ ရွဲ့ပြောလိုက်သည်။ "ဝမ်ယွီထုံ မင်းက တစ်ကယ် အံ့ဩစရာကောင်းတဲ့သူပဲ။ကျိုးမိသားစုက ခေါင်းဆောင်နဲ့ မင်း မြန်မြန်ပဲ ချိတ်ဆက်နိုင်ခဲ့တာပဲ။ သူနဲ့ ဘယ်တုန်းကတည်းက ဒိတ်ခဲ့တာလဲ ပြောစမ်းပါဦး။ ငါ မတိုင်ခင်လား ငါနဲ့ ပြတ်ပြီးမှလား?"
စုဟန်၏ ရွဲ့သည့်စကားသံကိုကြားလိုက်တော့ ဝမ်ယွီထုံ စိတ်ဆိုးသွားသည်။ သူမ လက်ပိုက်ကာ သူကို ပြန်မေးခွန်းထုတ်လိုသည့်ပုံဖြင့် ကြည့်လိုက်သည်။
"စုဟန် နင်က တစ်ကယ် ထူးဆန်းတာပဲ။ အာ့ကိစ္စ နင်နဲ့ ဘာဆိုင်လို့လဲ။ ငါတို့ စေ့စပ်ထားတာလည်း ဖျက်သိမ်းလိုက်တာ ကြာပြီ မဟုတ်လား?"
စုဟန်၏ မျက်ဝန်းမှ နာကျင်သည့်ပုံစံ ဖျတ်ကနဲပေါ်လာသည်။ သို့သော် အထက်စီးလေသံဖြင့် ပြောလိုက်သည်။"လူတွေက အမြဲ မြင့်တဲ့ ရာကို တက်လှမ်းချင်ကြတာပဲ။ အမြင့်ကို တက်လှမ်းပြီး ချမ်းသာတဲ့ မိသားစုရဲ့ မဒမ် ဖြစ်လာနိုင်တဲ့ အတွက် ဂုဏ်ပြုပါတယ်"
ဝမ်ယွီထုံလည်း စုဟန်နှင့် ပျင်းစရာ အကြောင်းအရာတွေ ဆက်မပြောချင်တော့၍ ဆက်သွားရန်ပြင်လိုက်သော်လည်း သူမ လက်ကောက်ဝတ်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲထားခြင်း ခံလိုက်ရသည်။
စုဟန် ခေါင်းကို စောင်းကာ သူ၏ အသံဩဩဖြင့် ပြောလာသည်။ "မင်းဘာလို့ အာ့လောက်ပြောင်းလဲသွားရတာလဲ? ငါတို့ချင်းလည်း အတော်ကြာရင်းနှီးခဲ့ကြတာကို ဘာလို့ အချိန်လေး နည်းနည်းတောင် မပေးရတာလဲ?"
ဝမ်ယွီထုံ သူမ လက်ကို ပြန်ဆွဲယူလိုက်သည်။နီရဲနေသော သူမ လက်ကောက်ဝတ်ကို ပွတ်လိုက်ကာ အတော်လေး စိတ်ရှုပ်မိသွားသည်။
"ရှင့်မှာ ကိစ္စမရှိရင် ကျွန်မကို ထပ်ပြီး လာမရှာပါနဲ့။ကျွန်မတို့ကိစ္စက ပြီးပြတ်သွားတာကြာလှပြီ။ အခု ကျွန်မတို့ချင်းလည်း မရင်းနှီးတော့ဘူး"
စုဟန်ကို နောက်ထပ်ပြောရန်အခွင့်မပေးတော့ပဲ သူ့ကို မြွေ ကင်းမြီးကောက်တွေ ရှောင်သလို ရှောင်ကာ အသာ လှည့်ထွက်လာလိုက်သည်။
စုဟန် မျက်ခုံးပင့်ရင်း ဝမ်ယွီထုံ၏ နောက်ကျောကိုသာ ငေးကြည့်နေလိုက်သည်။ ထိုနေရာမှာပဲ မလှုပ်မယှက် ရပ်နေ၏။ သူ့မျက်ဝန်းက ညအမှောင်ကဲ့သို့ နက်မှောင်နေကာ ထိုမဲမှောင်မှုကလည်း ပျောက်ကွယ်သွားမည့်ပုံ မပေါ်ချေ။
ထိုအချိန်တွင် ထောင့်တစ်နေရာမှ ရှည်လျားသည့် ခြေထောက်တစ်စုံက အရိပ်ထဲမှ ထွက်လာ၏။
စုဟန် ခြေသံကြား၍ လှည့်ကြည့်လိုက်ကာ ကော်ရစ်ဒါနားမှာ ရပ်နေသည့် ကျိုးကျီယွဲ့ကို မြင်လိုက်သည်။ ခါးမတ်မတ်နှင့် သူ့ပုံသဏ္ဌာန်က အေးစက်နေပြီး အကြည့်တွေက မကျေနပ်သည့်ဟန်ပေါ်နေသည်။
ရေခဲကဲ့သို့ကြည်လင်ကာ အေးစက်ပြီး နွေးထွေးမှု တစ်စက်မှ မပါသည့် ကျိုးကျီယွဲ့၏ အသံ ထွက်လာသည်။
" စုဟန် မင်းက စည်းကျော်နေတာပဲ"
စုဟန် အံကြိတ်ရင်း သရော်ပြုံး ပြုံး လိုက်သည်။ "အိုး နောက်မှ လာတဲ့ သူတစ်ယောက်အနေနဲ့ ခင်ဗျားမှာ ဘာအရည်အချင်းတွေရှိလို့ သူများကို ပြောနေရတာလဲ။ကျွန်တော်တို့ စတွေ့တုန်းက ခင်ဗျားက သူမ ရှိမှန်းတောင် သိသေးတာမဟုတ်ဘူး။"
ကျိုးကျီယွဲ့ မျက်ဝန်းတွေ အေးစက်သွားကာ အထက်စီးလေသံဖြင့် ပြန်ပြောလိုက်သည်။ "အခုသူက ငါ့အမျိုးသမီးဖြစ်နေပြီ။ ဒါကြောင့် ကျေးဇူးပြုပြီး သူ့ကို နှောက်ယှက်တာတွေ မလုပ်ပါနဲ့"
စုဟန် မှုံမှိုင်းနေသော အကြည့်တွေဖြင့် နှာမှုတ်သံပြုရင်း သရော်လိုက်သည်။ " ခင်ဗျားအကြောင်းကို ကျွန်တော်မသိဘူးများ ထင်နေတာလား။ ခင်ဗျားအကျိုးအမြတ်အတွက် ခင်ဗျားက လက်ထပ်ခဲ့တာ။ ဒါပေမယ့် သူမနဲ့ကျွန်တော်နဲ့ ကြားမှာက မမေ့နိုင်အောင် အချိန်ကြာကြီး ဆက်ဆံရေးရှိခဲ့တာ။ ခင်ဗျားက ဘာယှဉ်စရာရှိလို့လဲ?"
"အို့ ဟုတ်လား?" ကျိုးကျီယွဲ့ အေးစက်စက် ရီလိုက်သည်။
"မင်းက ခံစားချက်တွေ အကြောင်းပြောချင်တာဆိုရင် သူက မင်းကို မြင်တိုင်း ကင်းတို့ မြွေတို့မြင်သလို ရှောင်သွားတာကကော ဘာသဘောလဲ"
စုဟန် ခက်ထန်သော မျက်နှာထားဖြင့် အနိုင်မခံလိုပဲ ပြန်ပြောလိုက်သည်။ "ဘယ်လိုခံစားချက်မျိုးပဲ ဖြစ်ဖြစ် ခင်ဗျားလို အပြင်လူနဲ့ ဆိုင်လို့လား?"
"စုဟန် မင်းက အရမ်းကလေး ဆန်တာပဲ။ အာ့လိုကလေး ဆန်တဲ့ အပြုအမူကြောင့် မင်းကို လူတွေ ရီကြတော့မှာပဲ"
ကျိုးကျီယွဲ့၏ အေးစက်နက်မှောင်သည့်အကြည့်တွေနှင့် လေသံက အထင်သေးမှုတွေ ပြည့်နှက်နေသည်။
"နောက်တစ်ခါ မင်း ငါ့မိန်းမကို ထပ်နှောက်ယှက်မယ် ဆိုရင်...."
ရှေ့တစ်လှမ်းတိုးကာ အထင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ "ဘာမဆို လုပ်ပစ်မယ် မင်းကိုလည်း သတ်ပစ်နိုင်တယ်"
စုဟန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်သီး ကိုလည်းတင်းတင်းဆုပ်ထားသည်။ သူ့အကြည့်တွေကလည်း အဆိပ်တွေ ပြည့်နှက်နေသယောင်ထင်ရသည်။
ကျိုးကျီယွဲ့ ပျင်းရိဖွယ် စကားဝိုင်းကို အဆုံးသတ်ကာ သူ့ခြေတံရှည်ကြီးတွေနှင့် လှည့်ထွက်သွားသည်။
စုဟန်၏ မျက်ဝန်းထောင့်တွေက အနည်းငယ်နီနေသည်။တုန်ရီနေသည့် သူ့လက်ချောင်းတွေဖြင့် မီးခြစ်ကို ထုတ်ယူလိုက်ကာ ပါးစပ်ထဲ စီးကရက်ကိုက်လိုက်ပြီး မီးညှိလိုက်သည်။ ထွက်လာသည့် ဆေးလိပ်ငွေ့တွေက သူ၏မျက်နှာကို မှုန်ဝါးသွားစေသည်။
ဝမ်ယွီထုံ ထမင်းစား စားပွဲဝိုင်းဆီ ပြန်ရောက်တော့ ဝမ်ယွင်ထင်း၊ ဝမ်ယန်ချဲနှင့် သွမ့်ရိတို့သာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ဝမ်ယန်ချဲ - "အမေ နဲ့ ချူးယွဲ့တို့ ဧည့်ခန်းမှာ ကလေးနဲ့ သွားကစားနေတယ် ''
ဝမ်ယွီထုံလည်း ဧည့်ခန်းထဲ သွားလိုက်တော့ ကျိုးရှောင်ယွီသည် "မိုးတိမ်လေးနှင့်ဘောလုံးလေး" သီချင်းကို ဝမ်ချူးယွဲ့ နှင့် အတူ နားထောင်နေသည်။ ဝူရှင်းကတော့ ဘေးမှာ ထိုင်ပြီး ကလေးကို ပန်းသီးအနှစ်ခပ်ကျွေးနေ၏။
ကောင်လေးက သူ့ဆံပင်တွေ ရမ်းခါပြီး အရမ်းပျော်နေသည်။
ဝမ်ယွီထုံ - "..."
ဝမ်ယွီထုံ ပြန်လာသည်ကို မြင်လိုက်တော့ ဝူရှင်းသည် မကျေနပ်သည့် မျက်နှာထား ပြလာသည်။ "ကလေးတွေကို သစ်သီး လတ်လတ်ဆတ်ဆတ်တွေ ကျွေးရမှာလေ။ပန်းသီးကို ချက်ချင်းခွာပြီး ပေါင်းပြီး အနှစ်လုပ်ထားတာကို ကျွေးရမှာလေ။ ဒီ သစ်သီးအနှစ်က နင် ဘယ်ကတည်းက ဝယ်ပြီး သိမ်းထားတဲ့ဟာလဲ? အာဟာရတောင် မရှိလောက်တော့ဘူး။ ဘယ်လိုလုပ် လတ်လတ်ဆတ်ဆတ် သစ်သီး ထက် ပို ကောင်း နိုင်မှာလဲ?"
ကျိုးရှောင်ယွီကတော့ သူ့ပါးစပ်လေးကို ဟကာ ဝူရှင်းကျွေးသည့် ပန်းသီး အနှစ်ကို စားလိုက်ပြီး ချီးကျူးခံရဖို့ စောင့်လိုက်သည်။
ဝူရှင်း ရှောင်ယွီ၏ ခေါင်းကို ပုတ်လိုက်ကာ ကြင်နာစွာ ပြောလိုက်သည်။ "ကလေးလေးက အရမ်းတော်တာပဲ။ ဖွားဖွားတို့တွေ ပန်းသီး နေ့တိုင်းစားရအောင်နော်"
ရှောင်ယွီ သူ့မျက်လုံး ဝိုင်းလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်သည်။"ဂူဂူးးးး!"
ဝူရှင်း တစ်ယောက် ဝမ်ယွီထုံ ဘက်ပြန်လှည့်ကာ ထပ်ပြောလိုက်သည်။ "ပြီးတော့ ရှောင်ယွီရဲ့ အင်္ကျီတွေက ကြည့်ကောင်းတာပဲ ရှိတာ။ နွေးလည်း မနွေးဘူး။တစ်ကယ်လို့ ကလေးနေမကောင်းဖြစ်ရင် နောက်ပိုင်း ဒုက္ခရောက်လိမ့်မယ် "
ဝမ်ယွီထုံ ပုခုံးတွန့်ကာ " တစ်ကယ်တော့ ဒီနေ့လည်း အေးမှ မအေးတာ " ဟု ပြောလိုက်သည်။
ဝူရှင်း မျက်မှောင်ကြုံ့လိုက်သည်။ "ငါက ကလေး သုံးယောက်တောင် မွေးခဲ့တဲ့ သူပါနော်။ လူငယ်တွေက အတွေ့အကြုံရှ်ိတဲ့ သူတွေ အကြံပေးတာ နားထောင်သင့်တယ်။ နင်တို့ ရဲ့ သိပ္ပံနည်းကျ ကလေးထိန်းနည်း ဘာညာတွေက နှစ်တွေ အကြာကြီး ရလာတဲ့ အတွေ့အကြုံကို မယှဉ်နိုင်ဘူး"
ဝမ်ယွီထုံလည်း ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ကဲ့ပါ အမေရယ် အမေ မှန်ပါတယ်"
ဝူရှင်း သူမ လက်ကို ဝေ့ရမ်းလိုက်ပြီး ဆက်ပြောလိုက်သည်။
"အို့ ရှောင်ယွီသာ ငါနဲ့ ခဏလောက် နေလိုက်ရင် ဝကစ်ကစ် ဖြူလုံးလေး ဖြစ်လာမှာ သေချာတယ်။ အခု ကလေးကို ကြည့်ပါဦး။ ကလေးက သရက်ရွက်တို့ အစာအိမ်တို့ သိပ်မကောင်းသလိုပဲ။ ဒါကြောင့် ငါလုပ်ပေးတယ့် ဥ ဆန်ပြုတ်တွေ ပိုကျွေးသင့်တယ်။ ပြန်ခါနီးကျရင် အမေ လူး၊ မြောက်ဥ၊ ဆတ်တို့ ကြိတ်ထားတဲ့ အမှုန့် ထည့်ပေးလိုက်မယ်။ ဆန်ပြုတ် လုပ်တိုင်း တစ်ဇွန်းဆီ အမြဲ ထည့်ကြိုပေး။"
ဝမ်ယွီထုံ ပြောစရာ စကားမဲ့ သွားသည်။ ကျိုးရှောင်ယွီ အခုတောင် ချီလို့ မနိုင်အောင် အရမ်းပြည့်ဖြိုးနေတာလေ။ သူ့ရဲ့ ကြီးထွားနှုန်း တိုင်းတာမှုပြဂရပ်မှာ တောင် ဆွဲထားတဲ့ မျဉ်းက အတော်လေး မတ်နေပြီဖြစ်သည်။ ဒါပေမယ့် ဝူရှင်းက ပိန်တယ် လို့ ထင်နေသည်။
ကျိုးရှောင်ယွီ သူ့အန်တီ လှလှ ဝမ်ချူးယွဲ့ နား တွားသွားကာ သူ့ခန္ဓာကိုယ်ကို အန်တီ လှလှဆီ ပစ်လှဲ လိုက်သည်။ဝမ်ချူးယွဲ့ သူ့လက်ထဲက ကောင်လေးကို ကြည့်ပြီး ပြုံးပြလိုက်သည်။ သူ့မျက်ဝန်းတွေကတော့ အနည်းငယ် အကူအညီမဲ့ နေသည်။
ဝူရှင်း အပြစ်ကင်းစင်သည့် ကလေးလေးကိုကြည့်ကာ မနေနိုင်ပဲ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဝမ်ယွီထုံကို အလေးအနက် စကားပြောလိုက်သည်။
"ရှောင်ယွီလေးက အရမ်းသနားစရာကောင်းတယ်။သူငယ်ငယ်ကတည်းက သူ့မွေးမိဘတွေ ဆုံးပါးသွားရတယ်။ ကျိုးကျီယွဲ့ကလည်း အလုပ်များတော့ သူ့အတွက် ကျိုးမိသားစုကြီးက အေးစက်အထီးကျန်ပြီး နွေးထွေးမှုတွေ ရှိမှာ မဟုတ်ဘူး။ ညဉ်း ရှောင်ယွီ အပေါ် ကောင်းပေးရမယ် နော်။ ကလေးတွေအားလုံးက နတ်သားလေးတွေပဲ။ သူတို့က အဖြူရောင်စာရွက်တွေ လို ဖြူစင်တဲ့သူ။ သူတို့နဲ့နီးစပ်တဲ့ သူဆီ သူတို့ ခင်တွယ် တတ်တယ်"
ဝမ်ယွီထုံ သူ့အမေစကားတွေ ကြောင့် စိတ်ခံစားလိုက်ရ၍ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ကဲ့ပါ "
"ကလေးကို ပြူစုပျိုးထောင်တယ် ဆိုတာ အရမ်းကို အဓိပ္ပာယ်ရှိတဲ အရာပဲ။ အမေ့ကိုပဲ ကြည့်လေ။ မင်းတို့ မောင်နှမ သုံးယောက် စလုံးက အရမ်း တော်ကြတယ်။ဘာလို့ဆို အမေက မင်းတို့ကို အားလုံး သေချာ သင်ကြားပေးခဲ့ လို့ပေါ့" ဟု ဂုဏ်ယူစွာ ပြုံး ရင်း ပြောလိုက်သည်။
ဝမ်ယွီထုံ မျက်ဝန်းတွေလည်း ချက်ချင်း လင်းလက်သွားသည်။ "ဟုတ်တာပေါ့ ဟုတ်တာပေါ့ အမေ လုံးဝ မှန်တယ်"
ထိုအချိန်တွင် ကျိုးရှောင်ယွီက အလွန်ပျော်နေကာ ဝမ်ချူးယွဲ့ကလည်း ကလေးကို သိပ်မထိန်းတတ်၍ ကောင်လေးသည် ဧည့်ခန်းစားပွဲပေါ်က ပြောင်းဖူးအနှစ်ပန်းကန်ကို မှောက်ချပစ်လေသည်။ အဝါရောင် ပြောင်းဖူးအနှစ်ရည်တွေက ဧည့်ခန်းကြမ်းခင်းပေါ် ပေပွကုန်သည်။
ဝမ်ယွီထုံ အမြန် ပန်းကန်ကို လှမ်းဆွဲ ရန်ကြိုးစားလိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားသည်။ ကောင်လေး၏ အင်္ကျီတွေလည်း ပေပွကုန်ကာ ဝမ်ယွီထုံ လက်လည်း အဝါရောင် ပြောင်းဖူးရည်တွေ ပေကုန်၏။
"ယွီထုံ အမေ ရှောင်ယွီကို အင်္ကျီလဲ ပေးလိုက်မယ်။ သမီး လက်သွားဆေးလိုက်ချေ။" ဝူရှင်းက ထိုသို့ ပြောရင်း ကလေးကို ချီသွားလိုက်သည်။
ဝမ်ယွီထုံ တစ်ရှုးတွေ ထုတ်ဖို့ ပြင်နေတုန်းရှိသေး သူများက သူ့ထက်ဦးသွားလေပြီ။
ကျိုးကျီယွဲ့လည်း ချက်ချင်း ရောက်လာကာ ဘာမှ မပြောပဲ ဝမ်ယွီထုံ လက်ကိုကိုင်ပြီး တစ်ရှုးနှင့် သုတ်ပေးလိုက်သည်။
ဝမ်ယွီထုံ အနည်းငယ် အံ့ဩသွားပြီး ရှက်သွားသည်။
"ကျွန်မ ဖာသာ လုပ်လိုက်ပါ့မယ်"
"မလှုပ်နဲ့ " ကျိုးကျီယွဲ့ သူမလက်ကို ကိုင်ကာ လက်တစ်ချောင်းချင်းစီ သန့်ရှင်းရေး လုပ်ပေးနေ၏။
သူမလက် အစိတ်အပိုင်း တစ်ခုချင်းစီကို အသေးစိတ်သေချာသုတ်ပေးနေပုံသည် အနုပညာပစ္စည်း တစ်ခုကို သုတ်နေသကဲ့သို့ပင်။
ထိုစဉ် ကျိုးကျီယွဲ့ သူမ အင်္ကျီလက်ကို တံတောင်ဆစ်အထိ ပင့်တင်လိုက်ရာ သူမ လက်ကောက်ဝတ်ရှိ အရောင်မမှိန်သေးပဲ နီရဲနေသည့်အမှတ်ကို မြင်လိုက်ရသည်။ သူမ၏ အသားအရည်သည် အလွန်အမှတ်ထင်လွယ်သည် တစ်ခါ အရာထင်ပြီးသွားလျင် တော်ရုံ မပျောက်တတ်ပေ။
ဝမ်ယွီထုံ ရင်တုန်သွားကာ သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ အပြစ်လုပ်ထားခြင်းမရှိသော်လည်း ဤအမှတ် အရာ အကြောင်းကို ကျိုးကျီယွဲ့အား ဘယ်လို ရှင်းပြရမည်မှန်း မသိပေ။
ကျိုးကျီယွဲ့ကလည်း ဘာမျှ မမေး၍ တော်သေး၏။ ပိုးသတ်ထားသည့် ရေစိုတစ်ရှုးကို ယူကာ သူမ၏ လက်ချောင်းတွေ၊ လက်ကောက်ဝတ်တွေကို သုံးကြိမ်လောက် သုတ်ပြီး အကုန်ပြောင်ပြီ ဆိုတာ သေချာအောင် လုပ်လိုက်သည်။
ကျိုးကျီယွဲ့က သူ့မျက်လွှာကို ချထားကာ အံကိုကြိတ်ထား၍ သူ့အတွေးတွေကို မခန့်မှန်းနိုင်ပေ။ သို့သော် သူ့စိတ်အခြေအနေ မကောင်းတာကိုတော့ ခန့်မှန်း နိုင်သည်။
တမင်ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သူ၏ ကြမ်းတမ်းသော လက်ချောင်းတွေက သူမ၏ အမှတ်ထင်နေသော လက်ကောက်ဝတ်ကို တစ်မျိုးထင်ချင်စရာကောင်းလောက်အောင် အသာအယာ သန့်ရှင်းရေး လုပ်ပေးခဲ့သည်။
"အကုန်ပြောင်သွားပြီပဲ..." ဝမ်ယွီထုံ တစ်ကိုယ်လုံး စိတ်လှုပ်ရှားနေ၏။အကြောင်းအရင်း မရှိ အန္တရာယ်အငွေ့အသက်ကို သူမ ခံစားမိနေသည်။ သူမ လက်ကို ပြန် ဆွဲယူလိုက်ကာ ကျိုးရှောင်ယွီကို မျက်လုံး မှိတ်ပြလိုက်သည်။
"ရပြီနော် .."
"အင်းး " ရေစိုတစ်ရှုးကို အောက်ချလိုက်ကာ ညို့မှိုင်းနေသည့်မျက်ဝန်းဖြင့် သူမကို လှမ်းကြည့်လိုက်သည်။
"ဒါဆို ကျွန်မ ရှောင်ယွီ ပြီးပြီလားလို့ သွားကြည့်လိုက်ဦးမယ် " ဝူရှင်းက ရှောင်ယွီအတွက် အဝတ်အစားအပိုတွေ ရှာမတွေ့မည်ကို သူမ စိုးရိမ်နေ၏။
ကျိုးကျီယွဲ့ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ"
ဝမ်ယွီထုံ ဝူရှင်း နှင့် ကျိုးရှောင်ယွီကို ရှာ ဖို့ ထွက်လာတော့ စုဟန်နှင့် ထပ်တွေ့ပြန်သည်။ စုဟန်က ဖေဖေဝမ်ကို နှုတ်ဆက်စကားပြောနေ၏။
"အန်ကယ် ကျွန်တော် အိမ် အရင်ပြန်လိုက်ပါဦးမယ်။မနက်ဖြန်မနက် မြို့တော်Cကို ရုပ်ရှင် ပရိုမိုးရှင်း သွားရဦးမှာ မို့လို့ပါ"
ဝမ်ယွင်ထင်းလည်း အထွေအထူးမပြောတော့ပါ။ စုဟန်၏ ပုခုံးကိုပုတ်ကာ ကြင်နာစွာပြောလိုက်သည်။
"ရှောင်စု နောက်လည်း အိမ်ကို အလည်လာခဲ့။ မင်းအဖေကိုလည်း သာကြောင်းမာကြောင်း မေးပေးပါဉီး"
"ဟုတ်ကဲ့ပါ."
စုဟန် ခေါင်းငြိမ့်နှုတ်ဆက်လိုက်ပြီး လှည့်လာစဉ် ဝမ်ယွီထုံကို မြင်လိုက်သည်။ စုဟန် မျက်လွှာကိုချကာသူ၏ လည်စေ့(အာဒမ်ပန်းသီး) အထက်အောက် ရွေ့သွားပြီး ပြောသင့် မပြောသင့် စဉ်းစားနေ၏။ "မင်းး..."
ဝမ်ယွီထုံ စုဟန်တစ်ယောက် အရူးထလာမှာကို ကြောက်သည့်အလား သတိဖြင့် စိုက်ကြည့်လိုက်သည်။ "ဟမ် ?"
စုဟန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အေးဆေးတည်ငြိမ်သော ဟန်ပန် ပြန်ဖြစ်သွားသည်။ "ဘာမှ မဟုတ်ပါဘူး။ ငါ မနက်ဖြန် မ်ြို့တော်Cကို သွားမလို့။ဘာလက်ဆောင် တွေ မှာ ဦးမလဲ?"
အရင်က သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်ကျက်ကျက်နှင့်အမြဲရန်ဖြစ်ပြီး မတည့်ကြသော်လည်း သူအလုပ်ခရီးထွက်ပြီး ပြန်လာတိုင်း ဝမ်ယွီထုံအတွက် လက်ဆောင် အမြဲ ဝယ်လာလေ့ရှိသည်။
"မလိုပါဘူး" ဝမ်ယွီထုံ သူမလက်ကို ဝေ့ရမ်းလိုက်သည်။ "ကျွန်မ တစ်ခြားလုပ်စရာ ရှိသေးတယ် ဂွတ်ဘိုင်"
စုဟန်၏ အကြည့်တွေ မှုန်ဝါးသွားသည်။ "ကောင်းပြီလေ"
သူတို့နှစ်ယောက် ဘေးချင်းယှဉ် ဖြတ်သွားစဉ် ဝမ်ယွီထုံ သူ့ထံမှ စီးကရက် အနံ့ပြင်းပြင်းရလိုက်သည်။
သူမ အနေဖြင့် စုဟန် အပေါ် ထူးခြားသည့် ခံစားချက်မရှိသော်လည်း ဒီလို တစ်ကိုယ်ကောင်ဆန်ပြီး လျှာစောင်းထက်သည့် ယောက်ျားမျိုးကို ကြိုက်မိသည့် မူလကိုယ်၏ ယောက်ျားများအပေါ် အမြင်မရှိသည့် အကြောင်းတွေးမိသွားသည်။ လျှာစောင်းထက်တဲ့ ယောက်ျားမျိုးကို သူမ အမုန်းဆုံးဖြစ်သည်။ မကောင်းတာတွေ ပြောတတ်သည့်ယောက်ျားမျိုးကို လုံးဝ ခွင့်မလွတ်သင့်ပေ။
သူမက တိတ်တိတ်ဆိတ်ဆိတ် နေတတ်သည့်ယောက်ျားမျိုးကို ကြိုက်သည်။ 'တိတ်ဆိတ်တာ ကောင်းတယ်။တိတ်ဆိတ်တဲ့ ပုံစံကိုမှ ပိုက်ဆံလွဲပေးတတ်တဲ့ သူဆို ပိုကောင်းတယ်။'
ဝမ်ယွီထုံ နှုတ်ခမ်းဝယ် အပြုံးယောင်ယောင်လေး ပေါ်လာသည်။ သူမ စိတ်ကြည်လင်လာသည်။