အခန်း (၃၅)
Vol. 3 Ch. 35
ထိုအခန်းကဏ္ဌလေးပြီးတော့ သူမ ဝူရှင်းနှင့်ကျိုးရှောင်ယွီကို ရှာရန် ဆက်သွားလိုက်သည်။ မမျှော်လင့်ပဲ လမ်းမှာ သွမ့်ရိနှင့်တွေ့ပြန်သည်။
သွမ့်ရိက ရည်ရွယ်ချက်တစ်ခုခုဖြင့် ဒုတိယအထပ်မှ ဆင်းလာ၏။ သူ၏ မက်မွန်သီးမျက်လုံးတွေက အေးစက်နေကာ စိတ်အခြေအနေ မကောင်းပုံပေါ်နေသည်။
ဝမ်ယွီထုံ သွမ့်ရိကို နှုတ်ဆက်လိုက်သည်။ "အစ်ကိုသွမ့် ဒုတိယထပ်မှာ ဘာလုပ်နေတာလဲ" ဒုတိယထပ်မှာ ဝမ်ယန်ချဲနှင့် ဝမ်ချူးယွဲ့၏ အခန်းသာ ရှိသည်။
သွမ်ရိက ဝမ်ယွီထုံကို မြင်လျှင် ပုံမှန်အတိုင်း မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး။ မင်းအစ်မနဲ့ အလုပ်ကိစ္စလေး ပြောစရာရှိလို့ပါ"
ဝမ်ယွီထုံ ခေါင်းငြိမ့်လိုက်သည်။ "အော် "
သူတို့နှစ်ယောက် ပုံ မှန်အတိုင်း စကားအချို့ ပြောနေရင်း သွမ့်ရိက ရုတ်တရက်မေးလာသည်။ "စကားမဆက် ယွီထုံ"
"ဘာလဲ အစ်ကိုသွမ့်"
"မင်းအစ်မမှာ ရည်းစားရှိလား" သွမ့်ရိက စနောက်လိုသည့်ပုံ ဖြင့် ပြုံးလိုက်သည်။
"စပ်စုတာတော့ မဟုတ်ပါဘူး။ အစ်ကိုတို့ "ကျောခိုင်းအင်တာတိန့်မန့်"က မကြာခင် မင်း အစ်မ ကုမ္ပဏီနဲ့ အရေးကြီးတဲ့ ပရောဂျက် ပူးပေါင်းစရာ ရှိတယ်လေ ဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် သေချာသိထားတာ ပိုကောင်းတာပေါ့။ ဒါပေမယ့် မင်းအစ်မက သူစိမ်းတွေကို မကြိုက်တာ သိတယ်မလား။ ဒါကြောင့် သူ့ကိုလည်း တိုက်ရိုက် မမေးရဲလို့ပါ"
သူ့အကြောင်းပြချက်က သိပ်မဆိုင်မှန်း ဝမ်ယွီထုံသိ၍ သံသယအနည်းငယ်ဝင်သွားသည်။ သို့သော် သူမ ထူးထွေ မတွေးတော့ပဲ ပြောလိုက်သည်။ "အစ်မမှာ ရည်းစား မရှိပါဘူး"
သွမ့်ရိမျက်လုံးများမှေးပြီး နှုတ်ခမ်းထောင့်တွေ ကွေးတက်လာသည်။ "အို့ ဒါဆိုရင်တော့ အလုပ်ကိစ္စတွေ ပေါ်လာရင် သူ့ကိုယ်ပိုင်အချိန်တွေမှာလဲ ဖုန်းဆက်ဖို့ အဆင်ပြေသွားတာပေါ့။ ကျေးဇူးပဲ နော် ယွီထုံ။ မင်းနဲ့ ရှောင်ယွီလေးကို တစ်ရက် ညစာခေါ်ကျွေးပါဦးမယ်"
"အိုခေပါ ရက်ချိန်းသာ ပေးလိုက်ပါ" အစ်ကိုသွမ့် ဒီလောက် သဘောကောင်းလိမ့်မည်ဟု ဝမ်ယွီထုံ မထင်ထားပါ။ နောက်တစ်ခေါက်ကျရင် ကြောင်ကလေးကိစ္စကူညီပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းတစ်နပ်လောက်တော့ကျွေးဦးမှပါ။
သူတို့နှစ်ယောက် နှုတ်ဆက်လိုက်ပြီး ဝမ်ယွီထုံလည်း ဝူရှင်းနှင့် ရှောင်ယွီကို အိပ်ခန်းမကြီး၏ ရေချိုးခန်းထဲမှာ တွေ့လိုက်ရသည်။
ပြောင်းဖူးရည်တွေ တစ်ကိုယ်လုံး ပေပွကုန်သည့် ကျိုးရှောင်ယွီကို ကြည့်ကာ ဝူရှင်း မနေနိုင်တော့ပဲ ရေချိုးပေးလိုက်ရသည်။ ဝမ်ယွီထုံ ရောက်လာချိန်မှာတော့ ကျိုးရှောင်ယွီကို ရေချိုးပေးပြီး၍ အင်္ကျီဝတ်ပေးရန်အသင့် ဖြစ်နေပြီ။
ကျိုးရှောင်ယွီ တစ်ယောက် သူ့အိမ်မှာ မဟုတ်ပဲ အပြင်မှာ ပထမဆုံးရေချိုးခြင်းဖြစ်၍ သူ့မျက်လုံးလေးပြူးကာ စူးစမ်းနေပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။
ကျိုးရှောင်ယွီကိုအင်္ကျီ ဝတ်ပေးရန် ပြင်နေသည့် ဝူရှင်းသည် ကလေး အဝတ်အစားများကို ကြည့်ကာ ခေါင်းတရမ်းရမ်းဖြစ်နေသည်။
"ညဉ်းဝယ်ထားတဲ့ အင်္ကျီတွေကလည်း တစ်ထည်မှ အဆင်မပြေပါဘူးအေ။ ကလေးတွေအတွက်က နူးညံ့ပြီး လှုပ်ရှားရလွယ်တဲ့ အဝတ်အစားတွေ ဝတ်ပေးရမှာ အလှအပဖန်စီတွေ ဝတ်ပေးရမှာ မဟုတ်ဘူး။ နောက်ကျ အမေ တစ်ချို့ ဝယ်လာပေးမယ်"
ဝမ်ယွီထုံ သူ့အမေကို အလေးပြုသည့်ပုံစံလုပ်ကာ သတိအနေအထားဖြင့်ပြော လိုက်သည်။ "ကျေးဇူးပါ!!! အမေ !!!
ဝူရှင်း သူ့သမီးကို မျက်စောင်းထိုးလိုက်သည်။ "လာခဲ့! သမီးကို နှိပ်ပေးတဲ့ နည်းတွေ သင်ပေးလိုက်မယ်။သေချာနှိပ်ပေးတတ်ရင် ကလေးရဲ့ သရက်ရွက်၊ အစာအိမ်ကို အားဖြစ်စေပြီး အစာခြေစနစ် ကောင်းလာစေတယ်'
ဝမ်ယွီထုံလည်း သူ့အမေနား သွားကာ ကလေးကို နှိပ်နယ်ပေးသည့်နည်းလမ်းများကို စိတ်ဝင်တစားကြည့်သင်ယူလိုက်သည်။
"အစာအိမ် ကျန်းမာရေးအတွက်ဆိုရင် လက်ကောက်ဝတ်ကနေ လက်ချောင်းထိပ်လေးတွေအထိ လက်မလေးနဲ့လိုက်နှိပ်ပေးလိုက်။ ရှောင်ယွီကို နှိပ်ပေးကြည့်လိုက်"
"အူမကြီး အတွက် ဆိုရင်တော့ သမီးရဲ့ လက်ညိုးကိုသုံးပြီးလက်မကနေ လက်ချောင်းထိပ်တွေ အားလုံးကို ဖိပေးလိုက် အသာလေး ဖိရမယ်နော"
ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ၏ လက်သေးသေးတုတ်တုတ်လေးကို စမ်းနှိပ်ကြည့်နေသည်။ ကျင့်သားမရသေးသည့် ကျိုးရှောင်ယွီက ယားနေ၍ သူ့လက်ကလေးကို ရုတ်ချင်နေကာ တစ်ခစ်ခစ် ရယ်နေသည်။
စနစ် - " ဟေး ဝူရှင်း ကိုယ်တိုင်က ကလေးသုံးယောက်ကို ကျွေးမွေးပြုစုလာခဲ့တဲ့ သူနော်။ သူ့နည်းလမ်းတွေက ခတ်မမှီတော့ဘူးဆိုပေမယ့် အတော်လေး အသုံးဝင်သေးတယ်"
ညကိုးနာရီထိုးတော့ ကျိုးကျီယွဲ့နှင့် ဝမ်ယွီထုံတို့ ရှောင်ယွီလေးကို ခေါ်ကာ ဖေဖေဝမခနှင့် မေမေဝမ်ကို နှုတ်ဆက်ကာ အိမ်ပြန်လာလိုက်ကြသည်။
အပြန်မှာတော့ ကျိုးကျီယွဲ့၏ ကိုယ်ပိုင်ကားဖြစ်၍ ကားဆရာက ကားမောင်းပေးကာ သူတို့သားအမိ သုံးယောက်ကတော့ အနောက်မှာ ထိုင်စီးလာကြသည်။ ကျိုးကျီယွဲ့ကားပေါ်မှာ ကလေးထိုင်ခုံ တပ်ဆငိမထား၍ ကျိုးရှောင်ယွီသည် ဝမ်ယွီထုံ၏ ရင်ခွင်ထဲမှာ မှီကာ ထိုင်နေ၏။ တစ်နေကုန်လုံး ဆော့ကစားထား၍ ကလေးသည် ကားပေါ်ရောက်သည်နှင့် တစ်ခေါခေါမြည်ကာ အိပ်ပျော်သွားတော့သည်။
ဝမ်ယွီထုံလည်း မျက်လုံးတွေ စပ်လာကာ သန်းဝေလာသည်။ ကျိုးကျီယွဲ့နှင့်စကားပြောရန် လှည့်ကြည့်လိုက်စဉ် ကိုယ်တော်ချော ခေါင်းမာမာနှင့်တစ်ဖက်လှည့်နေ၏။
ကျိုးကျီယွဲ့သည် ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကာ တွေဝေငေးမိန်းမောနေ၏။ လမ်းဘေး နီယွန်မီးရောင်တွေကလည်း ကားတံခါးကနေ တစ်ဖျတ်ဖျတ် မှိန်မှိန်လေး ဝင်ရောက်ကာ ဖြတ်သန်းသွား၏။ ကျိုးကျီယွဲ့သည် သူ့အတွင်းစိတ်ကို မခန့်မှန်းနိုင်လောက်အောင် ငြိမ်သက်နေ၏။
ဝမ်ယွီထုံ၏ စိတ်နှလုံး တုန်လှုပ်နေ၏။ ကျိုးကျီယွဲ့က ပုံမှန်အချိန်တွေလည်း တည်ငြိမ်ကာ ချုပ်တည်းနေထိုင်တတ်သော်လည်း ယခုတော့ ဤအမျိုးသားထံမှ ဒေါသကို သူမ ခံစားမိနေ၏။
"ကျီယွဲ့ " ဝမ်ယွီထုံ၏ အသံသည် တိုးညှင်းကာ အနည်းငယ် ကလူသကဲ့သို့ အသံပင် ပေါက်သည်။
ကျိုးကျီယွဲ့ ခေါင်းလှည့်လာသည်။ သူ့အကြည့်တွေက မဲမှောင်နေကာ စိတ်ထဲမှာ ဘာတွေ တွေးနေလဲ မခန့်မှန်း နိုင်ပေ။ "ဘာဖြစ်လို့လဲ"
ဝမ်ယွီထုံ မျက်တောင်လေး ခတ်ကာ စကားပြောလိုက်သည်။
"ဒီနေ့ ကလေးတွေနဲ့ ပတ်သက်ပြီး ကျွန်မ အမေပြောတာ တွေက အကျိုးရှိတယ်လို့ ထင်တယ်။ အရင်ခေတ်က လူတွေ ကလေးကို ပြုစုပျိုးထောင်နည်းတွေက ခတ်မမှီဘူးဆိုပေမယ့် သူ့ဟာနဲ့ သူတော့ အသုံးဝင်ပြီး အကျိုးရှိခဲ့ကြတာပဲ။ ကျွန်မလည်း ဒီနေ့ အမေ့ဆီကနေ ကလေးပြုစုစောင့်ရှောက်တဲ့ အရင်က နည်းလမ်းတွေကို သင်ယူခဲ့တယ်"
ကျိုးကျီယွဲ့ ပုံမှန်ထက် အေးစက်နေသည့်အသံဖြင့် ပြန်ဖြေလိုက်သည်။ "ကောင်းတာပေါ့"
ဝမ်ယွီထုံ သူမ၏ နှုတ်ခမ်းများကို စေ့လိုက်သည်။ပုံမှန် ဆိုလည်း ကျိုးကျီယွဲ့ တိုတိုတုတ်တုတ် အဖြေသာ ပေးတတ်သော်လည်း ဒီတစ်ခေါက်ကတော့ အမှန်ပင် စိတ်အခြေအနေ ရာသီဥတု ကောင်းပုံ မပေါ်ချေ။
သူစိတ်အခြေအနေ မကောင်းတာ သူမနဲ့ တော့ မဆိုင်လောက်ပါဘူးနော်။
ဝမ်ယွီထုံ မျက်မှောင်ကြုံကာ တစ်ခဏ စဉ်းစားလိုက်သည်။ သူမ ဒီနေ့ သူ့ကို စိတ်အနှောက်အယှက်များပေးမိသေးသလား? WeChatက သူပို့လိုက်တဲ့ စာ မပြန်လို့စိတ်ဆိုးနေတာတော့ မဟုတ်လောက်ပါဘူးနော်။ ဒါမှ မဟုတ် အလုပ်က ပြဿနာကြောင့်များလား?
ဝမ်ယွီထုံ ရုတ်တရက် စိတ်ညစ်သွားမိသည်။"တိတ်ဆိတ်ပြီး ပိုက်ဆံလွဲပေးတတ်တဲ့ ယောက်ျား" က တစ်ကယ်တော့ မကောင်းပါလား။
ယောက်ျားတွေရဲ့ စိတ်က ပင်လယ်ထဲ အပ်ရှာရသလိုပါပဲလား။ အတွေးပေါင်းသောင်းခြောက်ထောင်၊ လျို့ဝှက်ချက် တစ်သောင်းနှင့် ကျိုးကျီယွဲ့တစ်ယောက် ဘာတွေးနေလဲ သူမလဲ မသိတော့ပါ။
ညအမှောင် ကားလမ်းမကြီးပေါ်မှာ ကားတွေ ပြည့်ကြပ်နေပြီး နီယွန်မီးရောင်တွေ တောက်ပနေ၏။
ဝမ်ယွီထုံ နှင့် ကျိုးကျီယွဲ့တို့ စကားမပြောကြသဖြင့် ကားလေးက တိတ်ဆိတ်နေ၏။ ကားနောက်ခုံ ဘက်မှာ ကျိုးရှောင်ယွီ၏ အိပ်ရင်း ဟောက်သံကိုသာ ကြားရသည်။
အိမ်ပြန်ရောက်တော့ ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ပွေ့ကာအခန်းထဲ သွားသိပ်လိုက်သည်။ ကျိုးကျီယွဲ့ကတော့ ရေကူးရန် ရေကူးကန်ဆီသို့ သွားလေသည်။
သူရေကန်ထဲ ဒိုင်ဗင်ထိုးချလိုက်၍ ရေဗွမ်းကနဲ မြည်သွားသည်။ သူ၏ ကျယ်ပြန့်သည့်ပုခုံးနှင့် နောက်ကျောက လိပ်ပြာတောင်ပံ ဖြန့်သည့်ပုံ ဖြစ်နေပြီး သူ၏ ကြည်လင်သည့် အသားအရည်က ရေကန်ပြာပြာ ဝယ် ရောင်ပြန် ထင်းနေ၏။
ကျိုးကျီယွဲ့ တစ်ခဏ မရပ်မနား ရေကူးလိုက်သည်။ပြင်းထန်စွာ ရေကူးနေသော်လည်း သူ့နှလုံးသားထဲက တင်းကြပ်နေမှုကိုတော့ မဖြေဖျောက်နိုင်ခဲ့ပါ။
ဒီနေ့အထိ သူ့ဘဝမှာ အပ်ပေါက်ရာကဲ့သို့ ကိစ္စသေးသေးလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလိမ့်မည်ဟု ဘယ်တုန်းက မှ မတွေး ခဲ့ဖူးပါ။
'ဝမ်ယွီထုံ သူ့ကို ဘာလို့ ဒီနေ့ ဝမ်အိမ်တော်ကို ခေါ်မသွားတာလဲ? ဘာလို့ သူ့မိသားစု သူငယ်ချင်းတွေ နဲ့ မမိတ်ဆက်ပေးရတာလဲ? သူ့တည်ရှိမှုကို ဘာလို့ မလိုချင်တာလဲ?'
ဝမ်ယွီထုံ သူ့မိဘအိမ် ပြန်သွားတာ သိသိချင်း လက်ဆောင်တွေ ဝယ်ပြီး အမြန်လိုက်လာခဲ့သည်။နောက်တော့ သူ့အိမ်မှာ အမျိုးသား တစ်ယောက် ရောက်နေပြီး အဲ့ဒီအမျိုးသားကလည်း ဝမ်မိသားစုနှင့် ရင်းနှီးနေပြီးသားသူဖြစ်နေကာ သူက လုံးဝ အပြင်လူဖြစ်သွားသည်။
ကျိုးကျီယွဲ့ တစ်ယောက် စုဟန် ရှေ့မှာ အောင်မြင်နေတဲ့ သူတစ်ယောက်လို အထက်စီးကနေ နေပြသော်လည်း သူ့စိတ်တွေ မတည်မငြိမ်ဖြစ်နေတာကိုတော့ သူတစ်ယောက်တည်းသာ သိလေသည်။ ထိုစဉ် ရေထဲမှ သူ့ ဦးနှောက်ထဲမှာ တစ်ဝီဝီ မြည်ကာ နားအူလာသည်။
ကျိုးကျီယွဲ့ ကန်ဘောင်ဘက်ကူးသွားလိုက်သည်။ သူ့အနက်ရောင်ဆံပင်တွေကနေ ကြည်လင်နေသည့် ရေစက်တွေက ခန့်ငြားသည့်မျက်နှာသွင်ပြင်တွေမှ တစ်ဆင့် စီးကျသွား၏။ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။
"တိုက်ဆိုင်လိုက်တာ ရှင်လည်း ရေကူးနေတာလား?"
ကြည်လင်သာယာသည့်အသံက သူ့ကို ပြန်လည် အသိဝင်လာစေခဲ့သည်။ ကျိုးကျီယွဲ့ အနည်းငယ်အံ့ဩသွားသည်။ ရေကူးကန်ကနေ ခေါင်းမော့ကြည့်လိုက်ရာ သူနှင့် မလှမ်းမကမ်းကနေ ဝမ်ယွီထုံ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူမသည် ထောပတ်စိမ်းရောင် အနောက်ကြိုးသိုင်း ရေကူးဝတ်စုံကို ဝတ်ထား၏။ သူမ၏နို့နှစ်ရောင်အသားရည်က ဖြူစွတ်နေကာ ပုံပန်းသွင်ပြင်က ကျက်သရေရှိလှသည်။
သူမ ဆံပင်ကို အနောက်ဘက် သပ်လိုက်ရာ လိမ္မော်ပန်းရနံ့လေးက ဝေ့လာသည်။ "ရှောင်ယွီကတော့ အိပ်သွားပြီ။ ဒါပေမယ့် စောသေးတာနဲ့ အရင်တစ်ခါက ရှင်သင်ပေးတဲ့ နောက်ပြန်ကူးနည်းက လက်မောင်းအနေအထားတွေ သိပ်မကျွမ်းသေးလို့ လာလေ့ကျင့်တာ"
ကျိုးကျီယွဲ့ သူမကို နောက်ပြန်ကူးနည်း စုစုပေါင်း သုံးမျိုးသင်ပေးခဲ့၏။ အခုတော့ သူမ နောက်ကျောဖြင့် ရေပေါ် ပေါလောပေါ်နိုင်ပြီဖြစ်သည်။
"ဟုတ်လား ဒါဆို ဆင်းလာခဲ့လေ"
ဝမ်ယွီထုံ နှုတ်ခမ်းလေး ကွေးကာ ပြုံးလိုက်ပြီး ကန်ဘောင်ကနေ ရေထဲ တိုက်ရိုက် ခုန်ချလိုက်သည်။
"ဗွမ်းးးးး"
ကျိုးကျီယွဲ့ မျက်နှာ ရေတွေ စင်ကုန်ပြီး နှာခေါင်းတွေ မျက်လုံးတွေထဲ ရေဝင်ကာ သီးကုန်ပြီး ချောင်းပင်ဆိုးလိုက်ရသည်။ "အဟွတ် အဟွတ် "
ဝမ်ယွီထုံ ရေထဲမှ ခေါင်းပြူထွက်လိုက်ပြီး ကျိုးကျီယွဲ့ သတိလက်လွတ် ဖြစ်နေမှုကို အခွင့်ကောင်းယူကာ လျှပ်စစ် ရေပြွတ် သေနတ်ဖြင့် ကျိုးကျီယွဲ့၏ နဖူးကို ပစ်လိုက်သည်။ ကိုယ်တောချောသည် ချောင်းဆိုးနေရင်း တန်းလန်း သူ့မျက်နှာကို ရေပြွတ်ဖြင့် အပစ်ခံလိုက်ရသည်။
"ဟားးဟားးးဟားးးဟားးးဟားးးဟားးး..." ဝမ်ယွီထုံ၏ ရီသံကျယ်ကြီးက ရေကူးကန်ထဲ ဟိန်းထွက်လာသည်။
ကျိုးကျီယွဲ့လည်း စိတ်ဆိုးပြီး သူမကို ဖမ်းရန် ရေကူးသွားလိုက်သည်။
ဝမ်ယွီထုံ မျက်နှာသည် ကျိုးရှောင်ယွီတစ်ယောက် အကူအညီမဲ့နေသည့်အချိန် ဖြစ်တတ်သည့် မျက်နှာထားမျိုး ဖြစ်သွားကာ ရေချိုငါးကလေး လိုမျိုး ရေအမြန်ကူးလိုက်သည်။
နောက်ဆုံးမှာတော့ အစိမ်းရောင်ရေချိုငါးကလေးသည် ကျိုးကျီယွဲ့ ဖမ်းတာ ခံလိုက်ရသည်။
သူတို့ လုပ်ရပ်တွေက ကလေးဆန်သော်လည်း နှစ်ယောက်သား ရင်ဘတ်တွေ တုန်အောင် ရီမောလိုက်ကြသည်။
"ရှင် စိတ်ထဲ ပေါ့သွားပြီလား" ဝမ်ယွီထုံ ကန်ဘောင်ကိုမှီရင်း ခေါင်းလေးစောင်းကာ ထိုအမျိုးသားကိုကြည့်လိုက်သည်။ သူမမျက်လုံးထဲလည်း ရီရလွန်း၍ မျက်ရည်တွေ ပင် ဝဲနေ၏။
ကျိုးကျီယွဲ့ မျက်လုံးသူငယ်အိမ်ကြုံ့သွားသည်။ သူ စိတ်ရှုပ်နေတာကို သူမ ဘယ်လို သိသွားပါလိမ့်။
သူချက်ချင်း ခေါင်းရမ်းကာ ငြင်း လိုက်သည်။ "ကိုယ် စိတ်ရှုပ်မနေပါဘူး"
"ရှင် ညာနေတာပဲ " ဝမ်ယွီထုံ နှာမှုတ်သံပြုကာ ပြောလိုက်သည်။
"ရှင် တစ်ညလုံး မျက်မှောင်ကြုံ့နေတာလေ" သူမ ကျိုးကျီယွဲ့နား ရေကူးသွားလိုက်ကာ သူ၏ တွန့်နေသည့် နဖူးနှင့် မျက်ခုံးဆုံသည့်နေရာကို ပိုင်စိုးပိုင်နင်း သူမ လက်ညိုးဖြင့် ထိလိုက်သည်။ "ဒီနားမှာလေ ကြိုးထုံးနေတဲ့ အတိုင်းပဲ"
ကျိုးကျီယွဲ့ မလှုပ်မယှက်ပဲ သူမ လက်ဖြင့် သူ့ကို ထိကိုင်ခွင့်ပြုလိုက်သည်။ သူ၏ ရီဝေဝေအကြည့်တွေကတော့ သူမ၏ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေသည်။
ကျိုးကျီယွဲ့ ဘာမှ ပြန်မပြောတော့ သူမ လက်ကို ပြန်ချလိုက်သည်။ "ပြောပါဦး ရှင့်အလုပ်မှာ စိတ်ရှုပ်စရာ ဖြစ်လာလို့လား"
"ဟုတ်တယ် " ကျိုးကျီယွဲ့ မျက်လွှာချကာ ပြန်ဖြေလိုက်သည်။
"ရှင့်ကို စိတ်ရှုပ်အောင်လုပ်နိုင်တဲ့အရာ ကျွန်မ တစ်ကယ်ကို မစဉ်းစားနိုင်ဘူး" ဝမ်ယွီထုံ သူမလက်ကို ဖြန့်ကားသည့် ဟန်လုပ်လိုက်ကာ အနည်းငယ် စိတ်ရှုပ်စရာအသံဖြင့် ပြောလိုက်သည်။
"မစ္စတာကျိုးက ခန့်မှန်းရခက်ပြီး စွမ်းရည်တွေ ပြည့်ဝတဲ့သူဖြစ်တယ်။ သူက ပိရမစ်ရဲ့ ထိပ်ဆုံးမှာ ရှိပြီး စီးပွားရေးလောကကို ထိန်းချုပ်နိုင်တယ်"
သူမချဲကားပြောဆိုနေခြင်း မဟုတ်ပေ။ မူရင်းဝတ္ထုထဲ တွင်လည်း ဇာတ်လိုက်ကျိုးရှောင်ယွီ၏ မိသားစုနောက်ကြောင်းကို ထိုကဲ့သို့ ဖော်ပြထားသည်။
ထင်သည့်အတိုင်း ကျိုးကျီယွဲ့ တစ်ယောက် တွန့်နေသည့်မျက်ခုံးများ ပြေလျော့ကာ အမူအရာများဖြင့် ဟန်လုပ်ပြောနေသည့် သူမကိုလှမ်းကြည့်လာသည်။
"အခုကော နေလို့ကောင်းသွားပြီလား" ဝမ်ယွီထုံ ကျိုးကျီယွဲ့နားတိုးသွားကာ အပြုံးလေးဖြင့်မေးလိုက်သည်။သူမ၏ ငှက်မွှေးကဲ့သို့ မျက်တောင်များက တုန်ရီနေ၏။
ကျိုးကျီယွဲ့ အကြည့်တွေ နူးညံ့လာကာ ခေါင်းအနည်းငယ် ငြိမ့်လိုက်သည်။ "အင်း"
ဒီနေ့မတိုင်ခင်အထိ ကျိုးကျီယွဲ့ တစ်ယောက် မကြည်မလင်ဖြစ်နေသည့်သူ့စိတ်က ချက်ချင်း ကြည်လင်သွားကာ သက်တံ့ပင် ပေါ်လာနိုင်မည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပေ။
စုဟန်ကို ကလေးဆန်သည်ဟု ပြောခဲ့သော်လည်း သူက စုဟန်ထက် အဆ ရာချီပိုကာ ကလေးဆန်နေသေးသည်။
နောက် တစ်နေ့မနက်ခင်းရောက်တော့ လက်ထောက်ချန်းသည် သူတို့၏ အေးစက်စက်မျက်နှာထားနှင့် ၂၅နာရီအမြဲ အလုပ်လုပ်ချင်သည့် စီအီးအိုက အလုပ်ချိန်မှာ အချောင်ခို နေသည်ကို မြင်လိုက်ရသည်။
သူ၏ အလုပ်တင်ပြချက်တွေ ကိုလည်းနားမထောင်ပဲ ကွန်ပျုတာစခရင်ပေါ် လျှောက်ကြည့်နေ၏။
လက်ထောက်ချန်း - "မစ္စတာကျိုး?"
ကျိုးကျီယွဲ့ ကွန်ပျူတာမှ အကြည့်ခွာကာသူ့လက်နှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး ထိုင်ခုံပေါ် ကျောမှီလိုက်ကာ လက်ထောက်ချန်းကို ထူးမခြားနားအကြည့်ဖြင့် ကြည့်လိုက်သည်။
လက်ထောက်ချန်း မသက်မသာ ခံစားလိုက်ရသည်။
ခေါင်းဆောင်ကြီးရဲ့ အကြည့်တွေက နည်းနည်း ထူးဆန်းတယ်။
ကျိုးကျီယွဲ့ - " မင်း တစ်လောကမှ လက်ထပ်ထားတာဆို"
လက်ထောက်ချန်းလည်း မှန်မှန်ကန်ကန် ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ် မစ္စတာကျိုး။ ကျွန်တော် လက်ထပ်ထားပေမယ့် ကျွန်တော့်ရဲ့ နှလုံးသားနဲ့ အချိန် တွေက ကုမ္ပဏီကပိုင်ပါတယ်။ ကျွန်တော်ကိုယ်ရေး ကိုယ်တာကိစ္စတွေ ကြောင့် အလုပ် မထိခိုက်စေရပါဘူး"
ကျိုးကျီယွဲ့မျက်မှောင်ကြုံ့ကာ ရုပ်တည်ကြီးဖြင့် မေးလိုက်သည်။ "ဒါဆို မင်းအမျိုးသမီးရဲ့ အချစ်ကို ရအောင် ဘယ်လို လုပ်ခဲ့လဲ "
လက်ထောက်ချန်း ကျိုးကျီယွဲ့ မေးခွန်းကြောင့် နားမလည်နိင်ဖြစ်လိုက်သော်လည်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ...ကျွန်တော် သူ့ကို လက်ဆောင်တွေ မကြာခဏ ဝယ်ပေးတယ်။ အပြင်ကို ညစာစားဖို့ခေါ်တယ်။ ပိတ်ရက်တွေမှာ ဒိတ်လုပ်ဖို့ ချိန်းပါတယ်။ သူ ကျွန်တော်ကို ငြင်းရင်လည်း သူ့ကို ထပ်ခေါ်ပါတယ်။ ဒီလိုနဲ့ သူ့စိတ်အခြေအနေ ကောင်းတဲ့ တစ်နေ့မှာ ကျွန်တော်ခံစားချက်တွေ သူ့ကို ဝန်ခံလိုက်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ လက်ထပ်လိုက်ကြပါတယ်။"
ကျိုးကျီယွဲ့ ရုတ်တရက် နားလည်သွားသည်။ "အိုးး"
"အမျိုးသမီး တစ်ယောက်ကို လိုက်ဖို့ အရေးကြီးဆုံးကတော့ ဇွဲရှိဖို့ပါပဲ။ ထပ်ပြောရရင် အသေးစိတ်က အစ အရေးကြီးပါတယ်။ သူ့ကို ဘယ်လောက် ဂရုစိုက်ကြောင်း သူ့အကြောင်းတွေပဲ တွေးနေကြောင်းကို တစ်ဖက်က သိရင် သူ့ဘက်ကလည်း စိတ်လှုပ်ရှားလာမှာပါ" လက်ထောက်ချန်း ရှက် သွေးဖြာရင်း ပြောလိုက်သည်။
ကျိုးကျီယွဲ့ ပျော်သည့်အရိပ်အယောင်ဖြစ်သွားသည်။ "ဟုတ်ပြီ"
"ဒါဆို ကျွန်တော် အလုပ်သွားလုပ်လို့ရပြီလား"
ကျိုးကျီယွဲ့က ကွန်ပျူတာကို ဆက်ကြည့်ရင်း ဖြေလိုက်သည်။ "ဟုတ်ပြီ "
လက်ထောက်ချန်း စီအီးအို ရုံးခန်းမှ ထွက်လာကာ သက်ပြင်း ချလိုက်သည်။ ဘုရင့်လက်အောက်မှာ အလုပ်လုပ်ရတာ ကျားကြီး လက်အောက်မှာ အလုပ်လုပ် ရတာနဲ့ တူတယ်တဲ့။ စီအီးအိုကျိုး လက်အောက်မှာ အလုပ်လုပ်ရတာက ပို ခက်ခဲသလိုပဲ။
တစ်ချိန်ထဲမှာပဲ ဝမ်ယွီထုံ တစ်ယောက်လည်း သက်ပြင်းချနေသည်။
လွန်ခဲ့သည့်ငါးမိနစ်ခန့်က မနက်ခင်းအိပ်ရာမှ နိုးလာသည့် ကျိုးရှောင်ယွီကို ဆော့ကစားနိုင်ရန် ကစားစရာအရုပ်တွေ နှင့် အတူ ကော်ဇောပေါ် တင်ထားလိုက်သည်။ ထို့နောက် ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲ သို့ဝင်သွားလိုက်၏။
သူမထွက်လာသည်နှင့် မေ့လဲသွားနိုင်လောက်သည့် မြင်ကွင်မျိုး မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။