အခန်း (၃၆)
Vol. 3 Ch. 36
ကျိုးရှောင်ယွီသည် ညှပ်ဖိနပ်ကို အလွန်အရသာရှ်ိသည့်စားစရာဝါးနေသည့်နှယ် ကိုက်ဝါးရင်း ဈာန်ဝင်နေ၏။
ဝမ်ယွီထုံ တစ်ယောက် သူမ၏မျက်နှာမှ မျက်နှာ သစ်ဆေး ပြောင်မပြောင်ပင် မကြည့်နိုင်တော့ပဲ ကျိုးရှောင်ယွီ ပါးစပ်မှ ဖိနပ်ကို ဆွဲယူလိုက်သည်။
ကျိုးရှောင်ယွီ၏ နှုတ်ခမ်းသားတွေက ညှပ်ဖိနပ် ဝါးထား၍ နီရဲ၏။ ကလေးက ဖိနပ် လုယူခံ လိုက်ရ၍ မကျေမနပ်ဖြစ်နေကာ 'အားးး' ဟု အော်ပြီး ဝမ်ယွီထုံ ထံမှ ဖိနပ်ကို ပြန်လုနေ၏။
"ဒါက ဖိနပ်လေ အရမ်းညစ်ပတ်တယ်။ စားလို့မရဘူး။ ဒါတွေစားရင် ဗိုက်နာလာလိမ့်မယ်။" ဝမ်ယွီထုံလည်း စိတ်ညစ်ညစ်နှင့် ကျိုးရှောင်ယွီ၏ လက်ကလေးကို ရိုက်လိုက်သည်။
ကျိုးရှောင်ယွီ၏ မျက်လုံး ရုတ်တရက် နီရဲလာကာ ပါးစပ်မဲ့လာသည်။ နောက်တော့ တစ်လောကလုံး ဝိုင်းအနိုင်ကျင့်သည်ကို ခံလိုက်ရသည့်နှယ် ဘူးသီးလုံးလောက် မျက်ရည်တွေ ကျလာတော့၏။
ဝမ်ယွီထုံ - "..."
ကျိုးရှောင်ယွီကို ပြန်ချော့ရင်း သူမ ဖိနပ်ကို ဖွက်လိုက်ရသည်။ ထို့နောက် ကောင်လေးကို ကောဇောပေါ်ပြန်တင်ရင်း ကစားစရာတွေလည်း သူ့အနားပြန်ထားပေးလိုက်ကာ မပြောင်သေးသည့် မျက်နှာ သစ်ဆေးကို ပြန်ဆေးလိုက်သည်။
သုံးမိနစ်ခန့်အကြာ ဝမ်ယွီထုံ ရေချိုးခန်းမှပြန် ထွက်လာစဉ် သူမ မေ့လဲ လုမတတ်ထပ် ဖြစ်သွားသည်။
ဤတစ်ခါတွင်တော့ ကျိုးရှောင်ယွီသည် ညှပ်ဖိနပ်ကို ဝါးမနေတော့ပေမယ့် ဖုန်းအားသွင်းကြိုးကို သူ့လက်နှင့်ဆွဲဖြုတ်ကာ ဝါးစားနေပြီဖြစ်သည်။
ဝမ်ယွီထုံ ကောဇောပေါ်က ကစားစရာ အပုံ လိုက်ကို ကြည့်ရင်း နားမလည်နိုင်တော့ပေ။ ကစားစရာ အရုပ်တိုင်းကို ရှောင်ယွီလေး အတွက် သူမ သေချာ ရွေးထားတာဖြစ်သည်။ ပြုလုပ်သည့်ပစ္စည်းများနှင့် ပုံစံတွေကလည်း ကလေးများအတွက် ကစားစရာအဖြစ်လည်းကောင်း လေ့ကျင့်ခန်းအတွက်လည်းကောင်း အလွန်သင့်လျော်ကာ အန္တရာယ်ကင်း၏။
မမျှော်လင့်ပဲ ကျိုးရှောင်ယွီသည် ထိုအရုပ်များကို လှည့်ပင် မကြည့်ချေ။ သူ့မျက်လုံးတွေက ညစ်ပတ်နေသည့်ညှပ်ဖိနပ်နှင့် အားသွင်းကြိုးများဆီသာ ရောက်နေသည်။
ကျိုးရှောင်ယွီသည် ပါးစပ်ထောင့်နားတွင်ဖုန်တွေပေနေရင်း သူ့အမေကို ပြုံးပြနေ၏။
မေမေ ဒါက ပုံစံအသစ်နဲ့ အရမ်းမိုက်တဲ့ အရုပ်လေ! သား အရမ်းကြိုက်တယ်!
ဝမ်ယွီထုံ ကလေး ပါးစပ်ထဲမှ အားသွင်းကြိုးကို ဆွဲထုတ်လိုက်ကာ ပါးစပ်ကို ရေစိုအဝတ်ဖြင့် သုတ်ပေးလိုက်ပြီး အားသွင်းကြိုးနှင့် ဖိနပ်တို့က ကစားစရာမဟုတ်ကြောင်း အန္တရာယ်များကြောင်း သူနားလည်စေရန် ရှင်းပြလိုက်ရသည်။
ကလေးကတော့ သူ့အမေ ပြောတာလုံးဝ နားမလည်ပေ။သူ့ဆံပင်လေးကို ရမ်းကာ ဘေးဘီကိုသာ စူးစမ်းကြည့်နေ၏။
ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ ပြသနာထပ်ရှာမည်စိုး၍ ကလေးကို တစ်ယောက်တည်း မလွတ်ထားရဲ တော့ပေ။ ထို့ကြောင့် ရှောင်ယွီလေးကို ချီပြီး အဝတ်လဲရန် အဝတ်အစားများထားသည့်အခန်းထဲ ခေါ် ဝင်သွားလိုက်သည်။
ဝမ်ယွီထုံ၏ အဝတ်အစားထားသည့်အခန်းသည် သီးသန့်အဝတ်အစားလဲခန်း၊ အဝတ်များချိတ်ဆွဲနိုင်သည့် ဘီဒိုအအကန့်အကန့်များနှင့် အိတ် လက်ဝတ်လက်စားများထားရန် စင်အကန့်များပါ ရှိ၍ အတော်လေးကျယ်သည်။ ကျိုးရှောင်ယွီလေးကို နေ့တိုင်း ထိန်းနေရ၍ သူမလည်း စကပ်တွေ မဝတ်ဖြစ်ပါ။ နေ့တိုင်း အားကစားဝတ်စုံကဲ့သို့ ပေါ့ပေါ့ပါးပါးအဝတ်များသာ ဝတ်ဖြစ်သည်။
ဝမ်ယွီထုံ ဘီဒီု ထဲမှ ခေါင်းစွပ်အင်္ကျီတစ်ထည်နှင့် ဂျင်းတစ်ထည်ထုတ်လိုက်ပြီး အဝတ်လဲသည့်အခန်းထဲသွားရန်ပြင်လိုက် သည်။
အဝတ်လဲခန်းထဲ မဝင်ခင် သူမ ကျိုးရှောင်ယွီကို ခေါင်းလေးစောင်းကာ လှမ်းကြည့်လိုက်သည်။ ကောင်လေးသည် သူ၏ စပျစ်သီးကဲ့သို့ မျက်လုံးဝိုင်းကြီးများဖြင့် အဝတ်အစားထားသည့်အခန်းမှာ တပ်ဆင်ထားသည့် မှန်ထဲမှာ မြင်နေရသည့် ကလေးလေးကို စိုက်ကြည့်နေ၏။
သူ့ဆံပင်လေးတွေက အနည်းငယ် ကောက်နေပြီး ပါးလေးတွေက ဖြူပြီး နှင်းဆီရောင်သန်းနေသည်။မျက်လုံးလေးတွေကလည်း အနက်ရောင်ဖြစ်ပြီး နှုတ်ခမ်းလေးတွေကလည်း ပန်းရောင်သန်းနေသည်။မှန်ထဲက ကလေးလေးက သူ့လိုမျိုး အရမ်းချစ်စရာကောင်းတာပဲ!!
"ဂူးးဂူးး.." ကျိုးရှောင်ယွီ မှန်ထဲက ကလေးလေးကို သူ့လက်ဖြင့် ပုတ်လိုက်သည်။ သူမထင်ထားတာက မှန်ထဲက ကလေးလေးကလည်း သူ့လိုမျိုး တစ်ချိန်ထဲ လိုက်လုပ်နေသည်။
ကျိုးရှောင်ယွီ အတော်လေး အံ့ဩသွားသည်။ မှန်ကို ပုတ်နေသည့် သူ့လက်ကို ချကာ မျက်လုံး အပြူးသားဖြင့် မလှုပ်ပဲ မှန်ကို စိုက်ကြည့်နေလိုက်သည်။ သူ့ရဲ့ ပန်းဆီရောင် မျက်နှာ လေးက အမှန်ပင် အာရုံစိုက်နေ၏။
ဝမ်ယွီထုံလည်း မျက်ခုံးလေး ပင့်ကာ ကောင်လေးကို စောင့်ကြည့်နေလိုက်သည်။
စနစ် - " ကလေးတွေရဲ့ အစောပိုင်းသင်ကြားရေးအပိုင်းမှာ မှန်ကြည့်ခိုင်းတာက ကုန်ကျစရိတ်အနည်းဆုံး သင်ကြားရေးအပိုင်းပဲ။ ကလေးတွေရဲ့ပေါင်းသင်းဆက်ဆံရေးအစပိုင်းအနေနဲ့ မှန်ကိုကြည့်ခိုင်းတာက အသုံးအဝင်ဆုံး ကစားနည်းပဲ။ မှန် ကြည့်ခိုင်းစေတာက ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စူးစမ်းလေ့လာလိုစိတ်ကို တိုးတက်စေတယ်။ ကလေးတွေ ကကစားစရာတွေကို ပျင်းလာတဲ့အခါ သူတို့စိတ်ဝင်စားလာတာက လူတွေ ရဲ့ မျက်နှာပဲ။ ဒါကြောင့် ကလေးတွေအတွက် မှန် က ထူးခြားလာတာ"
ရုတ်တရက် ကလေးသင်ကြားရေး အချက်အလက်အကြောင်းတွေ ရုပ်ပုံနှင့်တကွ စနစ်က ပြလာသည်။
[ကိုးလအရွယ်ကလေး ဦးနှောက် ဖွံ့ဖြိုးစေရန်]
[ဖေဖေနဲ့မေမေ သားဒါကို လုပ်ရင် ဉာဏ်ကောင်းလာမှာ]
[မှန်ကိုကြည့်ခြင်း၊ အရာဝတ္ထုတွေကို ကိုင်တွယ်ခြင်း၊ မျှဝေတတ်ခြင်း၊ ကလေးနှင့်အတူ ဆက်သွယ်ပြောဆိုခြင်း၊ မျက်လုံးချင်းဆုံ ပုံပြင်ဖတ်ပြခြင်း၊ တူတူပုန်းတမ်းကစားခြင်း၊ တွားသွားခြင်း...]
ကျိုးရှောင်ယွီ သူ့လက်ကို ထက်ဆန့်တန်းလိုက်သည်။ မှန်ထဲက ကလေးလေးကလည်း သူ့လက်ကို ဆန့်တန်းလာပြန်သည်။
ရှောင်ယွီ တစ်ခုခုကို ရုတ်တရက် နားလည်လိုက်သည်။သူ့ခန္ဓာကိုယ်လေးကို ရုတ်တရက် လှုပ်ရမ်းပြီး မျက်လုံးလေး မှေးကာ ရယ်မောလိုက်သည်။ "အောင်းး.. ဂူးးးဂူးးးး..."
ဝမ်ယွီထုံ သူ့လက်ထဲမှ အဝတ်တွေကို ချထားလိုက်ကာ ရှောင်ယွီနားထိုင်လိုက်သည်။
ဤအခွင့်အရေးကို အမိအရယူကာ ကလေးကို မျက်နှာ အစိတ်အပိုင်း တွေ အကြောင်းသင်ပေးရန် ရှောင်ယွီလေး၏ နှာခေါင်းကို ထိလိုက်သည်။ "ရှောင်ယွီ ဒါက ကလေးလေးရဲ့ နှာခေါင်း"
နောက် ရှောင်ယွီ၏ ပါးစပ်ကို ညွှန်ပြလိုက်သည်။
"ကြည့်ပါဦး ဒါလေးက ကလေးလေးရဲ့ ပါးစပ်လေး"
ကျိုးရှောင်ယွီ သူ့ပါးစပ်ကို စူးစမ်းစိတ်ဖြင့် ကိုင်လိုက်စဉ် မှန်ထဲက ကလေးလေးကလည်း လက်ကို ထုတ်ကာ သူ့ပါးစပ်ကို ထိကိုင်လိုက်သည်။
"ဂူးးဂူးး!" ကျိုးရှောင်ယွီ၏ ခေါင်းထဲ ချက်ကနဲ မီးတောက်သွားသည်။ "ပါးစပ်" ဆိုသည့်စကားလုံး၏ အဓိပ္ပာယ်ကိုလည်း သူနားလည်သွားသည်။
ကောင်ကလေးက ကမ္ဘာအသစ်ကို ရှာဖွေ တွေ့သည့်အလ ပျော်ရွှင်စွာ လှုပ်ရမ်းလိုက်ပြီး တီတီတာတာတွေပြောလိုက်သည်။
ဝမ်ယွီထုံ ကောင်လေး၏ ခေါင်းကို ထိလိုက်ပြန်သည်။ကလေးကလည်း ငြိမ်နေပြီး ဘေးမှာလဲ ကလေးအန္တရာာ် ဖြစ်စေနိုင်မည့် ပစ္စည်းများ မရှိသောကြောင့် ဝမ်ယွီထုံလည်း အင်္ကျီဝတ်ရန် အဝတ်လဲခန်းအကန့်ထဲ ဝင်လိုက်သည်။
သူမ ဒီနေ့မှ အသစ်ဝယ်လာသည့်ဘရာကို ဝတ်ကြည့်လိုက်သည်။ ဘရာကြိုးက ဆိုဒ်သိပ်မကိုက်၍ ကြပ်နေသည်။ ထို့ကြောင့် ကြိုး ချိန်ညှိကာ ဝတ်နေရသဖြင့် အဝတ်လဲခန်းမှာ အနည်းငယ် ကြာသွားသည်။
အဝတ်အစားဝတ်ပြီး ပြန်ထွက်လာတော့ ဝမ်ယွီထုံ ရပ်တန့်သွားကာ သူမ၏သူငယ်အိမ်တွေ ကြုံ့သွားသည်။
ကျိုးရှောင်ယွီက သူမ၏ အဝတ်ဘီဒို တစ်ခုလုံးကို မွှေထား၏။
သူမ၏ အဝတ်အစားများ၊ ခြေအိတ်များ၊ တစ်ခြား အဝတ်အစားနှင့်ဆိုင်သည့် ဆက်စပ်ပစ္စည်းများအားလုံး ကြမ်းပြင်ပေါ် ပြန့်ကြဲနေ၏။ ကြမ်းပြင်တစ်ခုလုံးလည်း ခြေချစရာ မရှိအောင် ရှုပ်ပွနေသည်။
အခန်းထဲမှ ဝမ်ယွီထုံ၏ အသံ ဟိန်းထွက်လာသည်။
"ကျိုးး!! ရှောင် !! ယွီ!!!"
"အာာာ!" ကျိုးရှောင်ယွီ အဝတ်ဘီဒိုမှ သူ့ခေါင်းလေးပြူထွက်လာသည်။
အရမ်းပျော်လွန်း၍ မျက်လုံးလေးမှေးပြီူ သွားဖြီးကာ ပြုံးပြနေလေသည်။ သူ့လက်ကလည်း ဆုဖလားကိုင်ပြီး ဝေ့ရမ်းသလို လုပ်နေပြီး ပါးစပ်ကလည်း ဝမ်ယွီထုံ၏ ပိုးပဝါ လည်စည်းကို ဝါးစားနေ၏။
'မေမေ ငါ့ကို မရိုက်တာသုံးရက်လောက်ရှိပြီဆိုတော့ တိမ်တွေပေါ်လွင့်နေသလိုပဲ ခံစားရတယ်ဟေ့!!'
ဝမ်ယွီထုံ တစ်ယောက် ကြောက်စရာမျက်နှာထားဖြင့် အဝတ်အစားခန်းကို သန့်ရှင်းရေးလုပ်နေ၏။ ကျိုးရှောင်ယွီကတော့ သူ့လက်နှစ်ဖက်ကို ရှေ့ပိုက်ရင်း မျက်ရည်အဝိုင်းသားနှင့် ထောင့်တစ်နေရာမှာ လိမ်လိမ်မာမာ ထိုင်နေ၏။
အခန်းကို သန့်ရှင်းရေးလုပ်ပြီးတော့ ဝမ်ယွီထုံ မနက်ခင်း လေ့ကျင့်ခန်း လုပ်လိုက်သလို တစ်ကိုယ်လုံး ချွေးတွေ ရွှဲသွားသည်။
ကျိုးရှောင်ယွီကို ကောက်ချီကာ သက်ပြင်းချလိုက်သည်။ "ထားလိုက်ပါတော့ မင်းကို ဒီတစ်ခေါက်တော့ မရိုက်တော့ဘူး။ ဒါပေမယ့် နောက်ထပ်ပြဿနာ ထပ်မရှာနဲ့ ဟုတ်ပြီလား? ဒီမှာကြည့် မင်းက အခန်းကို ရှုပ်ပွအောင် လုပ်ထားတော့ မေမေက အချိန်အများကြီး ပေးပြီး သန့်ရှင်းရေးလုပ်နေရတယ်လေ။ အရမ်းပင်ပန်းတယ်"
ကျိုးရှောင်ယွီကတော့ သူ့အမေ ပြောသည်ကို နားမလည်ပဲ ပြုံးဖြီးရင်း လက်ခုပ်တီးကာ ပျော်နေ၏။
စနစ် - "စကားတွေ အများကြီး မပြောနဲ့ ။ဒီအရွယ် ကလေးတွေနဲ့ ဆက်သွယ်ချင်ရင် တိုတိုတုပ်တုပ်ပြောရမယ်။ ပထမဆုံးရှောင်ယွီက "မရဘူး" ဆိုတဲ့ စကားလုံးကို နားလည်ရမယ်။"မရဘူး" ဆိုတဲ့ စကားလုံးကိုအသေးစိတ် ထပ်ခါထပ်ခါ သူ့ကို ပြောရမယ်။တစ်ဖြည်းဖြည်းနဲ့ ကလေးက "မရဘူး" ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်လာလိမ့်မယ်"
ဝမ်ယွီထုံ သူမ၏ ပိုးပဝါကိုကောက်လိုက်သည်။ နောက် ကျိုးရှောင်ယွီ၏ မျက်လုံးကို စိုက်ကြည့်လိုက်ပြီး သူမခေါင်းကို ခါပြကာ ပြောလိုက်သည်။ "ရှောင်ယွီ သား မေမေ့ရဲ့ အဝတ်အစားတွေနဲ့ ဆော့လို့မရဘူးနော်။ လုံးဝ မရဘူး!"
ကျိုးရှောင်ယွီ သူ့အမေက အရေးကြီးသည့်အရာပြောနေမှန်း ခံစားမိသည်။ ထို့ကြောင့် သူ့အမှားသူသိနေသာအလား လက်ခုပ်တီးနေသည်ကို ရပ်ကာ အာရုံစိုက်နားထောင်နေရှာ၏။
ဝမ်ယွီထုံ ကောင်လေး၏ ခေါင်းကို ကျေနပ်စွာ ပွတ်လိုက်သည်။ "သားနားလည်တာ ကောင်းတယ်။ နောင်ကျရင် လိမ္မာတဲ့ ကလေးလေးဖြစ်လာနော်"
ဝမ်ယွီထုံ ကလေးကို ကုတင်ပေါ်ခေါ်သွားပြီး ဒိုင်ပါလဲ ရန်ပြင်လိုက်သည်။ "သား ဒီနေ့ ဘယ်ကို သွားချင်လဲ? ဟူပေါင် အတွက် ကြောင်စာ သွားဝယ်ကြမလား?"
ကျိုးရှောင်ယွီကလည်း လိမ္မာစွာ ပြန်ဖြေသည်။ "ဂူးးးဂူးးး..."
ဝမ်ယွီထုံ နှုတ်ခမ်းလေး ကွေးကာ ပြုံးလိုက်မိသည်။
"အားလုံး ပြင်ဆင်ပြီးရင် ဟူပေါင်ကို အိမ်ခေါ်လာလို့ရပြီ"
ဝမ်ယွီထုံ ကလေးအတွက် ဒိုင်ပါ အသစ်ယူပြီး ပြန်လှည့်လာစဉ် ကောင်လေးသည် သူမကုတင်ပေါ် ကိုယ်တုံးလုံးလေးဖြင့် တွားသွားနေ၏။
ခြေထောက် တုတ်တိုတိုလေးက ဝမ်ယွီထုံ၏ ကုတင်အနှံ့ လျှင်လျှင်မြန်မြန် တွားသွားနေသည်။
ဝမ်ယွီထုံ ဒိုင်ပါကို ကိုင်ပြီး ကုတင်ပေါ်အမြန်တက်ကာ ကောင်လေးကို လိုက်ဖမ်းသည်။ "နေဦးး မလှုပ်နဲ့ "
ကျိုးရှောင်ယွီကတော့ သူ့အမေ သူနှင့်ကစားနေသည် ထင်ပြီး တစ်ခစ်ခစ် ရယ်ကာ ပိုမြန်မြန် တွားသွားလေ၏။ စက္ကန့်ပိုင်းအတွင်း ကုတင်ခေါင်းရင်း ရောက်သွားပြီး ဝမ်ယွီထုံ၏ ခေါင်းအုံးပေါ် သူ့နူးညံ့သည့် ဖင်တုံး ဖြူဖြူကလေးဖြင့် ဘန်း ကနဲ ထိုင်ချလိုက်သည်။ ထို့နောက် ဝမ်ယွီထုံကို ဂုဏ်ယူစွာကြည့်လိုက်သည်။
'မေမေ့ရဲ့ ခေါင်းအုံးက အရမ်းနူးညံ့ပြီးမွှေးနေတာပဲ။ အရမ်းကြိုက်တယ်။ မေမေ့ ခေါင်းအုံးကို ဖင်တုံးကလေးနဲ့ မပွတ်ပဲ မနေနိုင်ဘူးး'
ဝမ်ယွီထုံ မျက်လုံးတွေ မဲနက်လာကာ မေ့လဲ လုမတတ်ဖြစ်သွားသည်။ ကျိုးရှောင်ယွီရဲ့ ဖင်တုံးလေးက တစ်ညလုံး နံဆော်နေပြီး သန့်ရှင်းရေး မလုပ်ရသေးဘူးလေ။
ဝမ်ယွီထုံ၏ မထိန်းချုပ်ထားသော အသံကျယ်ကြီး အခန်းထဲမှာ ဟိန်းထွက်လာသည်။ "ကျိုး!! ရှောင်!!ယွီ!! ငါ့ခေါင်းအုံးပေါ် ထိုင်ရတယ်လို့ !!"
ယနေ့ ကျိုးရှောင်ယွီ နိုးနေသည့် နှစ်နာရီအတွင်း သူမကို လေးခေါက်လောက် ရူးသွပ်သွားအောင် လုပ်ခဲ့၏။ ဒီကောင်စုတ်ကလေးကို သည်းခံစိတ် ကုန်လုမတတ်ဖြစ်သွားသည်။
ဝမ်ယွီထုံ မနေနိုင်ပဲ ကောင်လေး၏ ဖင်တုံး ဖြူဖြူလေးကို ခပ်ပြင်းပြင်း ရိုက်လိုက်မိသည်။ ကလေးက တစ်ဝါးဝါးနှင့် ကျယ်လောင်စွာ အော်ငိုလာပြီး ဘူးသီးလုံးလောက် မျက်ရည်တွေ ကျလာ၏။
ထိုစဉ်စနစ်က အလျှင်အမြန်ပြောလာသည်။ "ကလေးကို မရိုက်ပါနဲ့ !! ကလေးက အသက်ဘယ်လောက်ဖြစ်ဖြစ်၊ သူဘယ်လိုပဲ မှားမှား ရိုက်နှက်အပြစ်ပေးတာမျိုး အကြံမပေးပါဘူး!! ကလေးကို ရိုက်တာက သူဒေါသထွက်လာရင် အကြမ်းဖက်တတ်ဖို့ သင်ပေးတာပဲ ဖြစ်လာလိမ့်မယ်"
အနီရောင်သတိပေး စာတန်းကြီး စနစ်မှရုတ်တရက် ပေါ်လာသည်။
[ကလေးကို ရိုက်နှက်တာက မှန်ကန်တဲ့ သင်ကြနည်းလမ်း မဟုတ်ပါဘူး။ သူတို့နာကျင်စေပြီး မိဘနဲ့ ကလေးကြား ဆက်ဆံရေးကို ပျက်ဆီးစေနိုင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ စိတ်လုံ ခြုံရေးကိုလည်း အားနည်းသွားစေပါတယ်]
ဝမ်ယွီထုံ စိတ်တိုတိုဖြင့် မေးလိုက်သည်။ "တစ်ကယ်လို့ သူက ဆိုးသွမ်းနေရင် ဘယ်လိုလုပ်ရမှာလဲ။ ကျွန်မကတော့ သည်းမခံနိုင်ဘူး!!"
[မေမေ အကယ်၍ သား တစ်ခုခု အမှား လုပ်ခဲ့ရင်...]
[မေမေ အကယ်၍ သား တစ်ခုခု အမှား လုပ်ခဲ့ရင်...
သားကို မရိုက်ပါနဲ့။ သားကို ရိုက်တာက ပိုပြီး ပုန်ကန်တတ်လာဖို့ပဲ ဖြစ်စေမှာပါ]
[ မေမေ အကယ်၍ သား တစ်ခုခု အမှား လုပ်ခဲ့ရင်...
သားရဲ့ အာရုံကို လွဲပေးလိုက်လို့ရပါတယ်။ သားရဲ့ မှတ်ဉာဏ်က တိုတိုလေးမို့လို့ အာရုံ ပြောင်းအရမ်းလွယ်ပါတယ်]
[ မေမေ အကယ်၍ သား တစ်ခုခု အမှား လုပ်ခဲ့ရင်...
သားက အမှား တစ်ခုတည်းကနေ မသင်ယူနိုင်သေးပါဘူး။ ဒါကြောင့် အမှားကို ထပ်ခါခါလုပ်ပေးရပါမယ်။သားလည်း အမှားတွေကနေ ကြိုးစားပြီးသင်ယူပါ့မယ်]
[ မေမေ အကယ်၍ သား တစ်ခုခု အမှား လုပ်ခဲ့ရင်....
သားတစ်ယောက်တည်းကိုပဲ ခဏ လွတ်ထားလိုက်ပါ။ တိတ်ဆိတ်နေတာက သားကို ပိုပြီး အသိတရားရှိလာစေပါတယ်]
စနစ် - " ကလေးကို မရိုက်ရဘူးဆိုတာက ကလေးကို စည်းကမ်း မတင်းကြပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ နည်းလမ်းနဲ့ စည်းကမ်း သတ်မှတ်ရမယ်လို့ ပြောချင်တာပါ။ ရှောင်ယွီလေးရဲ့ နားလည်နိုင်စွမ်းက ပိုပြီး မြင့်လာပြီမို့လို့ အသေးစိတ်ကျတဲ့ သိပ္ပံနည်းကျ စည်းကမ်းတွေ လိုလာပါပြီ။ တစ်ဖြည်းဖြည်းနဲ့ သင်ယူရင် အဆင်ပြေလာပါလိမ့်မယ် တစ်ညတည်းနဲ့ တတ်သွားတာမျိုးမှ မဟုတ်တာ"
ဝမ်ယွီထုံ သက်ပြင်းရှည်ကြီးချကာ သူမ၏ ကံကြမ္မာကို လက်ခံလိုက်သည်။ ဒေါသကို ထိန်းချုပ်ရင်း ရှိုက်သံတွေ နှင့် ကောင်ကလေးကို ချော့သိပ်လိုက်သည်။ သူ့အမေရဲ့ အသံချိုချိုကို ပြန်ကြားရတော့ ကျိုးကျီယွဲ့ သူ့အမေရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်သည်။
ကလေး အငို တိတ် သွားသည်နှင့် သူ့ဖင်တုံးကို ဆေးပေးကာ ဒိုင်ပါ အသစ်လဲ ပေးလိုက်သည်။ ထို့နောက် သူမ ခေါင်းအုံးကိုလည်း အဖုံးချွတ်လိုက်ပြီးလျှော်ရမည့် တောင်းထဲ ထည့်လိုက်ပြီး ခေါင်းအုံးကို အပြင်ထုတ် နေပြလိုက်သည်။
တစ်ခဏ အကြာမှာတော့ လူကလေးနှင့် လူကြီး တို့သည် မနက်ခင်းအစောက ဖြစ်ပျက်ခဲ့သော စိတ်မချမ်းမြေ့စရာကိစ္စများကို မေ့သွားကာ သူငယ်ချင်းပြန်ဖြစ်သွားပြန်သည်။
မနက်ပိုင်းတွင် ဝမ်ယွီထုံက ကျိုးရှောင်ယွီကို ခေါ်ကာ စူပါမားကတ်ကိုသွားပြီး ဟူပေါင်အတွက် ကြောင်စာ သွားဝယ်သည်။
ကြောင်ပိုင်ရှင်က ဝမ်ယွီထုံကို WeChat ကနေ ဟူပေါင်သည် တစ်ကီလို ယွမ်သုံးရာတန် ကြောင်စာသာ စားကြောင်း စာပို့ထားသည်။ ထိုတံဆိပ်ဖြင့် ကြောင်စာသည် ကြောင်၏ အရိုးအဆစ်များကို သန်မာစေပြီး အမွှေးများကိုလည်း လှပစေကာ ကြောင်၏ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေသည်။
ဝမ်ယွီထုံ ကြောင်စာထုပ်ရှိရာတန်းဆီ သွားကာ ဝယ်လိုက်သည်။ ထို့နောက် ဟူပေါင်ကစားရန် အရုပ်တစ်ချို့ ဝယ်လိုက်သည်။
ကျိူရှောင်ယွီက ပစ္စည်းထည့်သည့် လှည်းထဲ လိုက်စီးကာ ခေါင်းကလေးက ဟိုဒီ လိုက်ကြည့်နေသည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ စရိုက်ကို နားလည်စပြုလာသည်။ ကောင်လေးက အိမ်မှာတော့ သောင်းကျန်းတတ်ပေမယ့် အပြင်ထွက်လျင်တော့ လိမ်လိမ်မာမာ နေပြတတ်သည်။
ကြောင်ကလေးအတွက် လိုအပ်သည်များ ဝယ်ပြီးသည်နှင့် ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီသည် အမြဲသွားနေကျ ကလေးပစ္စည်း ရောင်းသည့် ဆိုင်ထဲ ဝင်လိုက်ကြသည်။
မနက်ခင်းဒိုင်ပါလဲတုန်းက အဖြစ်အပျက်ကြောင့် ဒိုင်ပါထားသည့်အကန့်ကို ပြေးသွားကာ လွယ်လွယ်ကူကူ ဝတ်ဆင် ချွတ်ပေးလို့ရသည့် ဘောင်းဘီ ဒိုင်ပါ မျိုး နှစ်ထုပ်လောက်ယူကာ ပစ္စည်းလှည်းထဲ ထည့်လိုက်သည်။
"ရှောင်ယွီ ဒီနေ့က စပြီး ဒိုင်ပါဘောင်းဘီဝတ်ရမယ်နော်"
ကျိုးရှောင်ယွီ မျက်လုံးလေး မှေးကာ သူ့ ဒိုင်ပါအထုပ်အသစ်ကို ဖက်လိုက်သည်။ "အာာာ.."
ကျိုးရှောင်ယွီ၏ စူးစမ်းလိုစိတ်ကလည်း ကြီးထွလာမှု ကြောင့် ဝမ်ယွီထုံ သူ့အတွက် အရုပ်အသစ်နှင့် စာအုပ်အသစ်များ ထပ်ဝယ်ပေးရန် စဉ်းစားလိုက်သည်။
အရုပ်တွေထားသည့် နေရာရောက်တော့ သူမ စိုးရိမ်သွားသည်။ ကျိုရှောင်ယွီဆီမှာ အရုပ်တော်တော်များများ ရှိပြီးဖြစ်ကာ ထိုအရုပ်များဖြင့် ဆော့ရသည်ကိုလည်း ကလေးက ပျင်းနေပြီဖြစ်သည်။
ယခု စင်ပေါ်မှ အရုပ်များကိုလည်း ကျိုးရှောင်ယွီက သိပ်စိတ်မဝင်စားပဲ ဝမ်ယွီထုံ၏ လွယ်အိတ်ကြိုးနှင့် ဖုန်းအိတ်ကိုသာ ကစားနေ၏။