← Chapters

မြင့်မြတ်သောနန်းတော်မှဝူဟောင်

Vol. 35 Ch. 485

မြင့်မြတ်သောနန်းတော်မှဝူဟောင်

Vol. 35 Ch. 485

ရှန်ဇူတိုက်ကြီး၏ မြောက်ပိုင်းဒေသသည် သဘာဝအလှအပများဖြင့် အလွန်ပင် အေးချမ်းသာယာသော နယ်မြေတစ်ခု ဖြစ်သည်။

ကန်ရွှမ်းဒေသ၏ ကောင်းချီးခြောက်ဆယ်ရာခိုင်နှုန်းအား ရှန်ဇူတိုက်ကြီးမှ ရရှိထားသည်ဟု ပြောစမှတ်ပြုကြ၏။ ထိုကောင်းချီးများအနက်မှ သုံးဆယ်ရာခိုင်နှုန်းမှာ ရှန်ဇူတိုက်ကြီး၏ မြောက်ပိုင်းဒေသတွင် ရှိနေခြင်း ဖြစ်သည်။

ထိုသို့ကောင်းချီးများ ပေါကြွယ်ဝ၍ အလှတရားများဖြင့် ပြည့်စုံသောနယ်မြေတွင် အင်အားကြီးကလန်တစ်ခုဖြစ်သော မြင့်မြတ်သောနန်းတော် တည်ရှိ၏။

လွန်ခ့ဲသော အတိတ်ကာလများ၌ မြင့်မြတ်သောနန်းတော်မှာ သာမန်ကလန်လေးတစ်ခုမျှသာဖြစ်ခ့ဲပြီး ကန်ရွှမ်းကလန်သည်သာလျှင် ရှန်ဇူတိုက်ကြီးတစ်ခုလုံး၌ အင်အားအကြီးဆုံး ဖြစ်ခ့ဲသည်။

သို့သော် မသိရှိရသော အကြောင်းအရာများကြောင့် လွန်ခ့ဲသော နှစ်တစ်ရာဝန်းကျင်မှစ၍ မြင့်မြတ်သောနန်းတော်မှာ တစ်ဟုန်ထိုး တိုးတက်လာပြီး ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံး၌ပင် အင်အားအကြီးဆုံး ကလန်တစ်ခု ဖြစ်လာ၏။

ထိုအချိန်ကာလများအတွင်း၌ပ​င် ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင်ဖြစ်သော မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှာ ထူးဆန်းသောလူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံယူခ့ဲရလေသည်။ ထို့ကြောင့် ကန်ရွှမ်းကလန်၏ အခြေအနေများမှာ ကမောက်ကမ ဖြစ်လာခ့ဲရပြီး အင်အားများကျဆင်းခ့ဲရ၏။

ထိုသို့နှင့် အင်အားအကြီးဆုံး ကလန်တစ်ခုဖြစ်လာသည့် မြင့်မြတ်သောနန်းတော်မှာ ရှန်ဇူတိုက်ကြီး၏ ကောင်းချီးသုံးဆယ်ရာခိုင်နှုန်း ရရှိရာနေရာဖြစ်သော ြေမာက်ပိုင်းဒေသသို့ ပြောင်းရွှေ့ခဲ့လေသည်။

ယနေ့အချိန်အထိ မြင့်မြတ်သောနန်းတော်မှာ ရှန်ဇူတိုက်ကြီးတစ်ခုလုံးတွင် တစ်စင်းထဲ ထွန်းလင်းတောက်ပနေသော နေမင်းကြီးကဲ့သို့ အင်အားကြီးမားနေဆဲဖြစ်ကာ အခြားသောကလန်ကြီးငါးခုကိုပင် ဖိအားပေးနိုင်လောက်သည်အထိ စိုးမိုးနိုင်နေဆဲပင် ဖြစ်၏။

...........

ရှန်ဇူတိုက်ကြီး၏ မြောက်ပိုင်းဒေသ၌

ဤဒေသမှာ အစဥ်အမြဲ အေးခဲနေပြီး တစ်နှစ်ပတ်လုံး နှင်းများဖြင့် ဖုံးလွှမ်းနေလျက် ရှိသည်။ နှင်းပွင့်များ၏အကြားတွင် အကန့်အသတ်မဲ့သော အစီအရင်များ တည်ရှိနေပြီး စိမ်းလန်းစိုပြေသော တောင်တန်းများနှင့် စမ်းရေယဥ်ချောင်းငယ်များအား ကောင်းကင်ဘုံတစ်ခုအလား ဖန်တီးထား၏။

နက်ရှိုင်းသော တောင်တန်းများ၏အလယ်၌ ကြိုးကြာငှက်လေးများ ယိမ်းနွဲ့ပျံသန်းနေကြပြီး ကြည်လင်အေးမြသော မြစ်ချောင်းများဆီမှ ရေတံခွန်ငယ်လေးများ စီးဆင်းနေလျက် ရှိသည်။

တောင်တန်းများ၏အကြားတွင် ကြီးမားလှသော နန်းဆောင်ကြီးများ တည်ရှိနေ၏။ ဤသည်မှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးတွင် အင်အားအကြီးဆုံး ကလန်ဖြစ်သည့် မြင့်မြတ်သောနန်းတော် တည်ရှိရာနေရာပင် ဖြစ်လေသည်။

မြင့်မြတ်သောနန်းတော်၏ အတွင်းပိုင်းတွင် ကြီးမားလှသော တောင်ထွတ်ကြီးတစ်ခုပေါ်၌ တည်ဆောက်ထားသည့် ခမ်းနားကြီးကျယ်သော နန်းဆောင်ကြီးတစ်ခု တည်ရှိ၏။ ထိုနန်းဆောင်အတွင်းတွင် ကြီးမားလှသော သွေးကန်ကြီးတစ်ခု ရှိသည်။ ထိုသွေးကန်ကြီး၏ ပတ်ပတ်လည်တွင်မူ ပုံရိပ်အများအပြားရှိနေပြီး ထိုပုံရိပ်များထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိ၏။

ထိုပုံရိပ်များ၏ အလယ်ဗဟို၌ ငွေရောင်ဆံနွယ်များ ဖြာဆင်းကျနေသော လူတစ်ဦး ရှိနေသည်။ ထိုငွေရောင်ဆံနွယ်များဖြင့်လူမှာ မြင့်မြတ်သောနန်းတော်၏ အရှင်သခင်ရှန့်ယွမ်ပင် ဖြစ်၏။

ရှန့်ယွမ်၏ဘေးတွင်မူ မြင့်မြတ်သောနန်းတော်မှ အရေးပါသော ပုဂ္ဂိုလ်အကြီးအကဲများဟု ထင်မှတ်ရသည့် ပုံရိပ်အများအပြား ရှိနေကြသည်။

ပတောက်.....

ရှန့်ယွမ်တို့အကုန်လုံးမှာ သွေးကန်ကြီးအား ကြည့်လိုက်ကြ၏။ လေပူပေါင်းများမှာ သွေးကန်ကြီး၏ မျက်နှာပြင်ပေါ်တွင် ပလုံစီနေပြီး ပုံရိပ်တစ်ခုအား ေဝဝါးစွာ မြင်တွေ့နေရသည်။ အဆုံးတွင်မူ သွေးကန်ကြီးထဲမှ ဗလာကျင်းနေသော လူငယ်တစ်ဦး၏ပုံရိပ် ပေါ်ထွက်လာတော့၏။

ထိုလူငယ်၏ ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင်မှော်စာလုံးများ မှေးမှိန်စွာ တောက်ပနေလျက် ရှိသည်။ အနီးကပ်ကြည့်ရှုမည်ဆိုပါက ထိုသွေးနီရောင်မှော်စာလုံးများမှာ မျက်နှာက့ဲသို့ အသွင်သဏ္ဍာန်များ ပါဝင်နေသည်ကို တွေ့ရှိရမည်ပင် ဖြစ်၏။ ထိုဗလာကျင်းနေသော လူငယ်လေးမှာ ဇူယွမ်၏ အကြီးမားဆုံး ရန်သူတစ်ဦးဖြစ်သည့် ဝူဟောင်ပင် ဖြစ်လေသည်။

ဝူဟောင်၏ မူလခန္ဓာကိုယ်မှာ သူတော်စင်အကြွင်းအကျန်ဒေသ၌ ဇူယွမ်၏ဖျက်စီးခြင်းကို ခံခ့ဲရ၏။ သို့သော် ယခုအခါတွင် ဝူဟောင်မှာ ခန္ဓာကိုယ်အသစ်အား ရရှိသွားခ့ဲပြီပင် ဖြစ်သည်။

တင်းကြပ်စွာပိတ်ထားသော ဝူဟောင်၏ မျက်ဝန်းများမှာ ပွင့်ဟလာပြီးနောက် သွေးနီရောင်မှော်စာလုံးများမှာလည်း အသွေးအသားများအတွင်းသို့ နစ်ဝင်ပျောက်ကွယ်သွား၏။

ဝူဟောင်မှာ ဒူးထောက်လိုက်ပြီးနောက် ​နန်းဆောင်သခင်ရှန့်ယွမ်အား အရိုအသေပြုကာ ပြောလိုက်သည်။ "ကျွန်တော်ရဲ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးတဲ့အတွက် နန်းဆောင်အရှင်သခင်ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။"

နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်၏။ "အသူရာသွေးစက်တွေနဲ့ တည်ဆောက်ထားတဲ့ခန္ဓာက မင်းနဲ့သင့်တော်သားပဲ။"

ဝူဟောင်မှ ပြုံးကာပြောလိုက်သည်။ "ဒီခန္ဓာကိုယ်က အရင်က ကျွန်တော်ရဲ့ မူလခန္ဓာထက်တောင် ကောင်းမွန်နေသေးတယ်။"

နန်းဆောင်သခင်ရှန့်ယွမ်မှာ ကျေနပ်အားရစွာပြုံး၍ ပြောလိုက်၏။ "ဒီလိုပဲ ဖြစ်ရမှာပေါ့။ မင်းကို ခန္ဓာပြန်တည်ဆောက်ပေးဖို့အတွက် ငါတို့ရဲ့ အရင်းအမြစ်တွေ အများကြီး သုံးခ့ဲရတာ။"

ဝူဟောင်မှာ လက်များကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ရေရွတ်လိုက်သည်။ "ဇူယွမ် မင်းငါ့ရဲ့ခန္ဓာကို ဖျက်စီးပစ်တော့ရော ဘာဖြစ်လဲ။ အခုငါက ပိုတောင်သန်မာလာသေးတယ်။"

"နောက်တစ်ခါ ငါတို့ထပ်ဆုံခဲ့ရင် မင်းရဲ့ခန္ဓာကိုယ်ကိုလည်း တစ်စစီ ဖျက်စီးပစ်ပြမယ်။" ဝူဟောင်၏ မျက်နှာမှာ ဒေါသအငွေ့အသက်များဖြင့် ခက်ထန်နေ၏။

နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "ဇူယွမ်က ကန်ရွှမ်းကလန်မှာ တော်တော်အဆင်ပြေနေတယ်လို့ ကြားမိတယ်။ အခုဆို ခရမ်းရောင်ခါးစည်းတပည့်တောင် ဖြစ်နေပြီတဲ့။"

"ဒါပေမယ့် အခုမင်းမှာ အသူရာသွေးခန္ဓာရှိနေပြီ။ အဲ့ဒါကြောင့် မင်းရဲ့စိတ်ဝိဥာဥ်နဲ့ခန္ဓာကို ပြီးပြည့်စုံအောင် ပေါင်းစည်းသွားနိုင်တာနဲ့ အကန့်အသတ်မဲ့စွမ်းအင်တွေကို ရရှိနိုင်လိမ့်မယ်။ အဲ့အချိန်ရောက်ရင် ဇူယွမ်ကို အလွယ်တကူပဲ သတ်ပစ်လို့ရပြီ။"

ဝူဟောင်မှ အရိုအသေပြုကာ ပြောလိုက်၏။ "ကျွန်တော့်ကို အကူအညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။"

နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ပြုံးကာခေါင်းညိတ်ပြလိုက်ပြီးနောက် ဝူဟောင်အား ခန်းမအတွင်းမှ ထွက်ခွာခွင့် ပြုလိုက်သည်။

ဝူဟောင်မှာ အရိုအသေပြုလိုက်ပြီးနောက် ခန်းမအတွင်းမှ ထွက်ခွာသွား၏။

ဆံပင်များပင် ဖြူနေပြီဖြစ်သော အကြီးအကဲတစ်ဦးမှ နန်းဆောင်အရှင်ရှန့်ယွမ်အား ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဝူဟောင်ကို အသူရာသွေးခန္ဓာ ဖန်တီးပေးရတာ ထိုက်တန်ရဲ့လား။"

"ဝူဟောင်မှာ အရည်အချင်းရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ မြင့်မြတ်သောနန်းတော်မှာ တပည့်မရှားဘူးလေ။ ဝူဟောင့်ကို ဒီလိုတွေ အများကြီး လုပ်ပေးတာက တခြားတပည့်တွေကို မကျေမနပ် ဖြစ်စေနိုင်တယ်။"

နန်းဆောင်သခင်ရှန့်ယွမ်မှ ​ရယ်မောကာ ပြောလိုက်၏။ "မြင့်မြတ်သောနန်းတော်မှာ ငါ့ရဲ့လုပ်ဆောင်ချက်ကို မကျေနပ်တဲ့ တပည့်ရှိရင် တစ်ခါတည်း ထုတ်ပစ်လိုက်။"

နန်းဆောင်သခင်ရှန့်ယွမ်မှာ ထွက်ခွာသွားသော ဝူဟောင်၏ပုံရိပ်အားကြည့်ကာ လေးနက်စွာဖြင့် ဆက်လက်စကားဆိုလိုက်သည်။ "ဝူဟောင့်ဆီမှာက မြင့်မြတ်တဲ့နဂါးကောင်းချီး ရှိနေတယ်လေ။"

"ဝူဟောင့်ဆီမှာရှိနေတဲ့ နဂါးကောင်းချီးက တကယ်တော့ ဇူယွမ်ပိုင်ဆိုင်တဲ့အရာလေ။ ဝူဟောင်က အတုအယောင် နဂါးတစ်ကောင်ပါပဲ။" အကြီးအကဲတစ်ဦးမှ ဝင်ရောက်ပြောဆိုလိုက်၏။

နန်းဆောင်သခင်ရှန့်ယွမ်မှ ပြုံးကာပြောလိုက်သည်။ "အတုအယောင် နဂါးဆိုတော့လည်း ဘာဖြစ်လဲ။ ဝူဟောင်က ဇူယွမ့်ကို သတ်လိုက်တာနဲ့ အစစ်အမှန် နဂါးတစ်ကောင် ဖြစ်လာမှာပဲ။"

"ဇူယွမ်က နဂါးကောင်းချီးကို ပိုင်ဆိုင်ခ့ဲတဲ့သူဆိုပေမယ့် မြင့်မြတ်တဲ့နဂါးရဲ့ကံကြမ္မာကို ရရှိဖို့မှ ကံမပါလာတာ။"

"ဒါပေမယ့် ဇူယွမ်က အရည်အချင်းတော့ရှိပါတယ်။ သူက ဝူဟောင့်ကို တိုက်ခိုက်ပြီးတော့ နဂါးကောင်းချီးတဝက်ကိုတောင် ပြန်ပြီးယူသွားနိုင်ခဲ့တယ်လေ။"

အကြီးအကဲတစ်ဦးမှ နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်၏။ "အခုဝူဟောင်ရဲ့ နဂါးကောင်းချီးကရော ကျွန်တော်တို့ မြင့်မြတ်သောနန်းတော်အတွက် ဘာအသုံးဝင်မှာမို့လို့်လဲ။"

နန်းဆောင်သခင်ရှန့်ယွမ်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မြင့်မြတ်တဲ့နဂါးကောင်းချီးက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ရှာဖွေတဲ့နေရာမှာ အကူအညီ ဖြစ်စေလိမ့်မယ်။"

ခန်းမအတွင်းရှိ အကြီးအကဲများအားလုံး အ့ံအားသင့်သွားရ၏။

"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက ကန်ရွှမ်းကောင်းကင်ဒေသကနေ ဖြစ်တည်လာတဲ့အရာပဲ။ မြင့်မြတ်သောနဂါးကောင်းချီးကလည်း ကန်ရွှမ်းကောင်းကင်ဒေသကနေပဲ ဖြစ်တည်လာခ့ဲတာ။ အဲ့ဒါကြောင့် ဆက်စပ်မှုတွေ ရှိနေတယ်။"

"အခုငါတို့က ဝူဟောင်က ဇူယွမ်ကိုသတ်ပြီး ကျန်တဲ့နဂါးကောင်းချီးတဝက် ရယူမယ့်အချိန်ကို ေစာင့်နေရုံပဲ။ အဲ့အချိန်ရောက်ရင် ငါက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုရှာဖွေပြီး မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းရဲ့နေရာကို အစားထိုးရယူမယ်။"

"နဂါးအတုပဲဖြစ်ဖြစ်၊ အစစ်ပဲဖြစ်ဖြစ် ငါ့အတွက် အးရေးမပါဘူး။"

နန်းဆောင်သခင်ရှန့်ယွမ်မှာ သွေးကန်ကြီးအား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာဆက်၍ပြောလိုက်သည်။

"အဲ့အချိန်ကြရင်....."

"ငါက ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အရှင်သခင်အသစ် ဖြစ်လာလိမ့်မယ်။"

"ပြီးတော့ တော်ဝင်မျိုးနွယ်တွေက ကန်ရွှမ်းကောင်းကင်ဒေသကို ပြန်ပြီးအုပ်ချုပ်ကြလိမ့်မယ်။"

All Chapters