← Chapters

ရွှေအဆင့် သိုင်းလေ့ကျင့်ဖက်

Vol. 1 Ch. 17

ရွှေအဆင့် သိုင်းလေ့ကျင့်ဖက်

Vol. 1 Ch. 17

ကျန်းရီသည် စကားဆုံးသည်နှင့် ချက်ချင်း နောင်တရသွားသည်။ သူသည် တစ်စုံတစ်ရာကို မေ့လျော့နေခဲ့သည်။ ကျန်းဟန်ရွှေသည်လည်း သိုင်းခန်းမတွင် လေ့ကျင့်နေသည် မဟုတ်ပါလား...

သူသာ ကျန်းဟန်ရွှေနှင့် တွဲဖက်ဖြစ်သွားရင် သူ၏ သရုပ်မှန်သည် ချက်ချင်းပေါ်သွားမည် မဟုတ်ပါလား … ကျန်းမိသားစု၏ လူငယ်မျိုးဆက် တစ်ယောက်က သိုင်းခန်းမတွင် သိုင်းလေ့ကျင့်ဖက်အဖြစ် ဆောင်ရွက်နေသည် … ဒါက လုံးဝ ကြောက်စရာ ကောင်းနေတာ မဟုတ်ဘူးလား …

သို့သော် အနက်ရောင် သံချပ်ဝတ် အစောင့်တစ်ယောက်သည် တုံ့ဆိုင်း မနေတော့ဘဲ ချက်ချင်းသူ့လက်ကို ဆွဲကာ အထဲကို ခေါ်သွားတော့သည်။ သူတို့ လမ်းလျှောက်နေစဉ်တွင် အစောင့်သည် သူ့ကို နှစ်သိမ့်လာခဲ့သည် ...

"မစိုးရိမ်နဲ့ ... သိုင်းခန်းမမှာ တစ်ယောက်က တခြားသူတွေကို သေတဲ့အထိ ရိုက်ဖို့ ခွင့်ပြုမထားပါဘူး ... ပြီးတော့ သိုင်းလေ့ကျင့်နေတဲ့ အချိန် မင်းဒဏ်ရာ ရသွားမယ်ဆိုရင်လည်း သိုင်းခန်းမက ဒဏ်ရာတွေ ကုသဖို့ ဆေးဝါး အထောက်အပံ့တွေ ပေးမှာပါ ..."

ကျန်းရီသည် တစ်ခုခု လွဲနေသည်ကို ခံစားမိခဲ့လိုက်သည်။ သိုင်းခန်းမထဲမှာ သခင်လေးတွေ၊ သခင်မလေးတွေ ဘယ်လောက်တောင် ရှိနေတာမို့လဲ … သိုင်းလေ့ကျင့်ဖက်က ဒီလောက်တောင် ဆိုးဆိုးဝါးဝါး ရှားပါးနေတာ ဖြစ်သင့်ပါရဲ့လား … သဏ္ဌာန်ဆင့်  အသွင်ပြောင်းခြင်း ပထမအဆင့်မှာဘဲ ရှိသေးတဲ့ ကျန်းရီလို လူတောင် သိုင်းလေ့ကျင့်ဖက် ဖြစ်လာနိုင်နေသည်။

ခန်းမတွင်းရှိ လေထုသည် သန့်ရှင်း လတ်ဆတ်နေသည်။ တစ်ဦး၏ ကျင့်ကြံနှုန်းကို မြန်ဆန်စေနိုင်သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည်လည်း ပြည့်ဝနေပေသည်။ အစောင့်၏ နောက်မှ သူလိုက်လာပြီးနောက် မြင်လိုက်ရသည်က လူတစ်ဦး တစ်ယောက်မှ မရှိဘဲ ခမ်းနားထည်ဝါ နေသော ခန်းမအလွတ်ကြီး တစ်ခုသာ ... သူသည် ကျန်းဟန်ရွှေနှင့် မတွေ့ပါစေနဲ့ဟု တိတ်တဆိတ် ဆုတောင်းရင်း ဝတ်ရုံကို အသာအယာ ဆွဲချလိုက်သည်။

ခန်းမ၏ သုံးဖက် သုံးတန်တွင် စင်္ကြံလမ်း ပေါင်းများစွာ ရှိနေပေသည်။ အနက်ရောင် သံချပ်ဝတ် အစောင့်သည် ကျန်းရီကို ဘယ်ဘက်ခြမ်းရှိ ကော်ရစ်ဒါ တစ်ခုဆီ ခေါ်သွားခဲ့သည်။

"စင်္ကြံလမ်းအတိုင်း လျှောက်သွားပြီး လမ်းဆုံးရင် တွေ့တဲ့ အဆောက်အဦထဲ ဝင်သွားလိုက် ... အဲဒီမှာ ကြီးကြပ်သူယန်ကို ရှာလိုက် … သူကမင်းရဲ့ အဆင့်ကို ဆုံးဖြတ်ပေးလိမ့်မယ် ..."

ကျန်းရီသည် ခဏမျှ ရပ်တန့်နေခဲ့မိသည်။ တွန့်ဆုတ်စွာနှင့် သူခပ်တိုတိုသာ မေးလိုက်သည်

"ကျွန်တော် ကြိုက်တဲ့အချိန် ထွက်လို့ရလား …"

"ဟုတ်ပြီ ..."

အစောင့်သည် ဆက်ပြောလာခဲ့သည်။

"မင်းကြိုက်တဲ့အချိန် ထွက်နိုင်တယ် ... ဒါပေမဲ့ မင်းရဲ့ သိုင်းလေ့ကျင့်ဖက် တာဝန်ကို မိုးချုပ်တဲ့အထိ ပြီးမြောက်အောင် မလုပ်နိုင်ရင်တော့ ပိုက်ဆံရမှာ မဟုတ်ဘူး ..."

"ကောင်းပြီ …"

ကျန်းရီသည် ခေါင်းညိတ်ခဲ့လိုက်သည်။ သူဒီနေရာကို ရောက်လာမှတော့ အကောင်းဆုံး လုပ်ရတော့မှာပင် ... သူသည် ယခင်က အထက်တန်းလွှာ သားသမီးများသာ လာနိုင်သော ဒီလို အဆင့်အတန်းမြင့် နေရာမျိုးကို မလာခဲ့ဖူးပေ ... လောကကို ကြည့်မြင်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

အနက်ရောင် သံချပ်ဝတ် အစောင့်သည် ကျန်းရီ အဆောက်အဦ အတွင်းသို့ ဝင်သွားသည်ကို စောင့်ကြည့်နေခဲ့ ပြီးနောက်တွင် သက်ပြင်းရှည် တစ်ချက်ချလိုက်သည်။ ထို့နောက် ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသကဲ့သို့ လေပူတစ်ချက် မှုတ်ထုတ်ရင်း ရေရွတ်နေခဲ့သည်

"နောက်ဆုံးတော့ ငါ လူတစ်ယောက် ခေါ်လာနိုင်ခဲ့ပြီ ... ဝိဉာဏ်သားရဲ သင်တန်းကျောင်းက ကျောင်းသားသစ်တွေ စရွေးပါပြီ ဆိုကတည်းက ဒီကောင်းကင် တောင်ပံမြို့မှာရှိတဲ့ သခင်လေးတွေ၊ မမလေးတွေ အကုန်လုံး ရူးသွားတော့ မလိုမျိုး သိုင်းပညာတွေရော စိတ်စွမ်းအားတွေရော ကျင့်နေလိုက်ကြတာ ..."

"ဒီအခြေအနေနဲ့ဆိုရင် ငါတို့ သိုင်းလေ့ကျင့်ဖက် အယောက်တစ်ရာလောက် ရှာရင်တောင် သူတို့ စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး ..."

"ဒီကောင်လေးမှာ စွမ်းအားက သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပထမအဆင့်ဘဲ ရှိသေးတာ ... သူဘယ်လောက် ကြာအောင် ဒီမှာမြဲမယ်ဆိုတာ ဘယ်သူသိမှာလဲ ... သူ တစ်နာရီမပြည့်ခင် တွားသွားပြီး ထွက်မလာပါစေ နဲ့လို့ဘဲ ငါဆုတောင်းတယ် ..."

***

ကျန်းရီသည် စင်္ကြံလမ်းကို ဖြတ်ပြီးနောက် ခန်းမကြီး တစ်ခုအတွင်းသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။ ခန်းမအလယ်တွင် လူခုနှစ်ယောက်၊ ရှစ်ယောက်ခန့်သည် တင်ပျဉ်ချိတ်၍ ထိုင်နေခဲ့ကြသည်။

ထိုသူများ အားလုံးသည် ကြေးစိမ်းရောင် သားရဲ မျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး အများစု၏ ခန္ဓာကိုယ်နှင့် ခြေလက်တို့တွင် ဒဏ်ရာများ ရထားသည်မှာ သိသာထင်ရှား နေသည်။ တချို့ဆိုရင် အဝတ်အစားများပင် စုတ်ပြဲနေကြသည်။  ခန်းမ၏ ပတ်လည်တွင် အခန်းငယ်လေး ပေါင်းများစွာ ရှိသည်။ ထိုအခန်းများမှ ဆယ်ခုနှင့်အထက်သည် တိုက်ခိုက်သံများ ပျံ့လွင့်နေသည်ကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။

ဤနေရာသည် တွဲဖက်လေ့ကျင့်ရာ နေရာဖြစ်လိမ့်မည်။ ဒီအခန်းလေးတွေက သိုင်းလေ့ကျင့်တဲ့ နေရာလား … သေချာပေါက်ကို အနည်းဆုံး အခန်းနှစ်ဆယ်လောက် ရှိတာပဲ ... သိုင်းလေ့ကျင့်ဖက်တွေ မလုံလောက်တာ အံ့သြစရာ မဟုတ်တော့ဘူး ...

ကျန်းရီသည် အခြေအနေကို စဉ်းစားချင့်ချိန် နေစဉ်တွင် ကြီးကြပ်သူ ဖြစ်ဟန်တူသော လူအိုကြီး တစ်ယောက်သည် သူ့ဆီသို့ လျှောက်လာနေခဲ့သည်။

ထိုလူသည် ကျန်းရီကို တစ်ချက်ကြည့်ကာ ဝံပုလွေခေါင်းပုံ ကြေးမျက်နှာဖုံးကို ကမ်းပေးရင်း အေးစက်စက် ပြောလာခဲ့သည်

"မျက်နှာဖုံးကို တပ်လိုက် ... မင်းရဲ့ လျှို့ဝှက်နာမည်က 'အထီးကျန် ဝံပုလွေ'ပဲ ... ပြီးရင် ငါမင်းကို တိုက်ခိုက်ဖို့ ခေါ်လိုက်မယ်..."

"မင်းက ကြေးအဆင့် သိုင်းလေ့ကျင့်ဖက် တစ်ယောက်ပဲ ... မင်းရဲ့ အလုပ်ချိန်က မိုးလင်းတဲ့ အချိန်ကနေ မိုးချုပ်တဲ့ အချိန်အထိ လုပ်ရမယ် ... လုပ်အားခကတော့ တစ်နေ့ကို ငွေတစ်တေးလ်ရမယ် ... မင်းက နေ့တစ်ဝက်မှာ ထွက်ခဲ့မယ်ဆိုရင် လုပ်အားခရမှာ မဟုတ်ဘူး ..."

ကျန်းရီသည် မျက်နှာဖုံးကို သိလိုစိတ်ဖြင့် ယူခဲ့လိုက်သည်။ သူ့ကိုယ်သူလည်း ဝမ်းသာအားရဖြင့် တွေးတော နေခဲ့သည်။ ဒီလို တိုက်ဆိုင်မှုကြီးကြောင့် သူ၏ ဝတ်ရုံကြီးကို နောက်ထပ် ဝတ်စရာ မလိုတော့ချေ။

သူသည် ကြေးမျက်နှာဖုံးကို အလျင်အမြန် ဝတ်ဆင်လိုက်ကာ မျက်နှာဖုံးရှိ ကြိုးကို စည်းနှောင်လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်တော့ သိုင်းလေ့ကျင့်ဖက်များသည် သားရဲပုံ ကြေးမျက်နှာဖုံးကို ဝတ်ဆင်ရန် လိုအပ်ခြင်းမှာ ထူးဆန်းသည်ဟု တွေးနေခဲ့သည်။

အဲဒါက ဒီသခင်လေးတွေ၊ မမလေးတွေရဲ့ တိုက်ခိုက်လိုစိတ်ကို နှိုးဆွဖို့ မဟုတ်ဘူးလား … မျက်နှာဖုံးနဲ့ဆိုရင် သူတို့က သူတို့ရဲ့ သိုင်းလေ့ကျင့်ဖက်ကို သားရဲတစ်ကောင်လို သဘောထားပြီး အညှာအတာမဲ့ ရိုက်မှာပဲ …

သူသည် ဖြစ်နိုင်ချေရှိသော အကြောင်းအရာများကို တွေးတောနေစဉ်မှာပင် သူ့အနောက်ဘက်ရှိ စင်္ကြံလမ်းမှ ခြေသံများကို ကြားလိုက်ရသည်။ ကြီးကြပ်သူသည် သူ့ကို တစ်ချက်ကြည့်ရင်း အပြုံးတစ်ခုနှင့် တွန်းပို့လိုက်သည်။

ရောက်ရှိလာသူကား အနီရဲရဲ ဝတ်စုံကို ဝတ်ဆင်ထားသော ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်ဖြစ်သည်။ မျက်နှာထက်တွင် အထက်စီးဆန်သော အကြည့်နှင့် သူမသည် အတော်အသင့် ကြည့်ကောင်းသော်ငြား ကျီထင်ယွီနှင့် ယှဉ်ရင်တော့ အနည်းငယ် နိမ့်နေသေးသည်။ သို့သော်လည်း သူမသည် သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ပေါ်လွင်စေသော ကိုယ်ကျပ် အဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့် ဆွဲဆောင်မှု ရှိပေသည်။

မိန်းကလေးသည် ကျန်းရီနှင့် အနီးရှိလူများကို တစ်ချက် ကြည့်လိုက်ပြီး မကျေမနပ် ပြောလာခဲ့သည် …

"ကြီးကြပ်သူယန် ... ဘာလို့ ငွေအဆင့် သိုင်းလေ့ကျင့်ဖက် တစ်ယောက်မှ မရှိတာလဲ ... ဘာလို့ သူတို့အားလုံးက ကြေးအဆင့်တွေပဲ ဖြစ်နေရတာလဲ ..."

ကြီးကြပ်သူ အကြီးအကဲသည် ပြုံးကာ အလျင်အမြန် ပြန်ဖြေလာခဲ့သည်

"သခင်မလေးရီ ... သူတို့အားလုံးက တခြားသူတွေနဲ့ လေ့ကျင့်ရင်း အလုပ်ရှုပ်နေကြတယ် ... မင်းဘာလို့ နည်းနည်းလေး ပိုပြီး မစောင့်နိုင်တာလဲ"

"ငါ ထပ်မစောင့်တော့ဘူး ... ငါသူတို့နဲ့ အကြိမ်ရေ နည်းနည်းပဲ တိုက်ခိုက်မှာ ... ငါ နင့်ရဲ့ သိုင်းခန်းမကို တစ်ရက်လာနေဖို့ ခရမ်းရောင်ရွှေ တစ်တေးလ် သုံးရတာ ... ဒီကိုလာပြီး အပျော်ရှာတာ မဟုတ်ဘူး ..."

မိန်းကလေးငယ်သည် နှာမှုတ်ကာ သိုင်းလေ့ကျင့်ခန်း တစ်ခုဆီသို့ လှည့်ဝင်သွားခဲ့သည်။ ကြီးကြပ်သူသည် အခန်းတွင်းရှိ လူအုပ်ကို လျင်လျင်မြန်မြန်ပင် အော်ဟစ်လိုက်သည် ...

"တောဝက်ရိုင်း ... တိုက်ခိုက်ရမယ့် အချိန်ဘဲ ... လေ့ကျင့်တဲ့ အခန်းထဲကို သွားတော့ …"

တောဝက်ပုံ မျက်နှာဖုံးနှင့် လူတစ်ယောက်သည် ချက်ချင်းထရပ်ကာ သိုင်းလေ့ကျင့်ခန်းဆီ ဝင်သွားခဲ့သည်။ မကြာခင်မှာပင် တံခါးများ ပိတ်သွားပြီး အတွင်းမှ တိုက်ခိုက်သံများနှင့် မိန်းမငယ်၏ အသံများ ပျံ့လွင့်လာခဲ့သည်။ တစ်ခဏမျှ ကြာပြီးနောက်တွင် သိုင်းလေ့ကျင့်ခန်း တံခါးသည် ပွင့်လာပြီး တောဝက်ရိုင်းသည် ဒယိမ်းဒယိုင် ထွက်လာခဲ့သည်။ သူ၏ မျက်နှာသည် လတ်လတ်ဆတ်ဆတ် သွေးများဖြင့် လွှမ်းနေခဲ့ပြီး  မျက်နှာဖုံးသည်လည်း လည်တိုင်ထက်တွင် တွဲလောင်းကျနေခဲ့သည်။ ထိုစဉ် သခင်မလေးရီ၏ ပုံရိပ်သည် တံခါးဝတွင် ပေါ်လာခဲ့သည်။

သူမသည် မကျေမနပ် နှာမှုတ်ကာ ကြီးကြပ်သူယန်ကို ပြောလာခဲ့သည်

"ကြီးကြပ်သူယန် ... ဒီကြေးအဆင့် သိုင်းလေ့ကျင့်ဖက်က ဘာလို့ ဒီလောက်တောင် အားနည်း ရတာလဲ ... ငါ့ကို နောက်တစ်ယောက်ပေး ..."

သေစမ်း ....

ကျန်းရီသည် ဖူးယောင်နေသည်အထိ အရိုက်ခံထားရသော ဘဝတူလူကို ကရုဏာစိတ်နှင့် ကြည့်လိုက်သည်။ ဒီလူသည်  သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယ အဆင့်တွင်သာ ရှိသေးသည် ... သခင်မလေးရီကား အနည်းဆုံး သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်တွင် ရှိလိမ့်မည်။ သူတို့၏ အတွင်းအားကို အသုံးမပြုရင်တောင် သူတို့သည် လုံးဝ ပြိုင်ဘက် မဟုတ်ပေ။

"ဝက်ဝံနီ ... တိုက်ခိုက်ရမယ့် အချိန်ပဲ …"

ကြီးကြပ်သူသည် ကူကယ်ရာမဲ့စွာ ပြောလာခဲ့သည်။ သူ့တွင် နောက်လူတစ်ယောက် စေလွှတ်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။

ဘန်း …

မကြာခင်မှာပင် တံခါးသည် နောက်တစ်ကြိမ် ထပ်ပွင့်လာခဲ့ပြန်သည်။ အနီရောင် ဝက်ဝံပုံ မျက်နှာဖုံးနှင့်လူသည် ကန်ထုတ်ခံရပြီး လွင့်ထွက်လာခဲ့သည်။ ထို့နောက်တွင်တော့ သခင်မလေးရီ၏ လေသံအေးစက်စက်က ကပ်ပါလာခဲ့သည် ...

"ငါ့ လေ့ကျင့်ဖက်ကို လဲပေး …"

သိုင်းလေ့ကျင့်ဖက် အလုပ်သည် လုပ်အားခအများကြီး ရရင်တောင် လုပ်ချင်သူ ရှားပါးနေသည်မှာ မထူးဆန်းတော့ပေ။ ဒီသခင်လေးများနှင့် မမလေးများသည် သူတို့၏ လေ့ကျင့်ဖက်ကို လူကဲ့သို့ပင် မဆက်ဆံကြချေ ...

ကျန်းရီသည် သက်ပြင်းခိုးချလိုက်သည်။ သို့သော် လူသည် သူ့နောက်ဘက်မှ ရွေ့လျားသံများကို ရုတ်တရက် ကြားခဲ့သည်။ သူ့ခေါင်းကို လှည့်ကြည့်သောအခါ ကျန်ရှိနေသူများသည် အနောက်ကို ဆယ်ပေလောက်အထိ ဆုတ်သွားကြသည်ကို တွေ့လိုက်ရသည်။ မည်သူမျှ ဝင်တိုက်ခိုက်ပြီး အနိုင်ကျင့်ခံရမည်ကို မလိုလားသည်မှာ ထင်ရှားသည် ...

ကြီးကြပ်သူ ယန်သည် လူအုပ်ကို ခေါင်းကိုက်စွာ ကြည့်လိုက်သည်။ သူတို့အားလုံးသည် ဒဏ်ရာများနှင့် စုတ်ပြတ်နေကြသည်။ လေ့ကျင့်ရာ အခန်းငယ်များကို ကြည့်မိတော့လည်း မည်သည့် ငွေအဆင့် လေ့ကျင့်ဖက်မှ ထွက်မလာသည်ကို မြင်ရရင် သူသည် ကူကယ်ရာမဲ့စွာ ကျန်းရီကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်

"အထီးကျန် ဝံပုလွေ ... မင်းသွားတိုက်လိုက်''

"ကျွန်တော်လား …"

ကျန်းရီသည် ကြောင်အနေခဲ့သော်လည်း ချက်ချင်းအသိဝင် လာခဲ့သည်။ သူကိုယ်တိုင်ပင် ဝံပုလွေ မျက်နှာဖုံးကို ဝတ်ဆင်ထားသည် မဟုတ်ပါလား … သူသည် အလျင်အမြန် မတ်တတ်ရပ်ကာ သိုင်းလေ့ကျင့်ခန်းဆီ လျှောက်သွားလိုက်သည်။ တံခါးဝသို့ ရောက်သောအခါ သူသည် နောက်လှည့်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး အခန်းကို လှည့်ကြည့်လိုက်မိသည်။ သို့သော် သူမြင်ရသည်ကား သူ့ကို ဂုဏ်ပြုသယောင်ဖြင့် တိတ်ဆိတ်စွာ ဝိုင်းကြည့်နေကြသော အကြည့်များပင် ဖြစ်ချေသည်။

ဘန်း …

ကျန်းရီ ဝင်ပြီးသည်နှင့် တံခါးသည် အလိုအလျောက် ပိတ်သွားခဲ့သည်။ သူသည် ခေါင်းမော့ကာ လှည့်ပတ်ကြည့်ရှု လိုက်သောအခါ အခန်းသည် ထောင့်လေးထောင့်တွင် ညလင်းပုလဲများနှင့် အတော်လေး ခမ်းနားသည်ကို တွေ့လိုက်ရသည်။ လေ့ကျင့်ရန် အမှန်ကောင်းမွန်သော နေရာပင် ဖြစ်သည်။

ဝှစ် …

ရုတ်တရက်ပင် အခန်း၏ နံရံများသည် အလင်းရောင် များတောက်ပလာခဲ့သည်။ ကျန်းရီသည် မဖော်ပြနိုင်သော အားတစ်ခုက သူ့ကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်လိုက်သလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ရွေ့လျားကြည့်သောအခါ မည့်သည့် အဟန့်အတားမှ မရှိသည်ကို တွေ့လိုက်ရသည်။ သူသည် စိတ်ဆုံးဖြတ်လိုက်ကာ သူ၏ အတွင်းအားကို ထုတ်ဖော်ကြည့်လိုက်သော်လည်း အပြာရောင် အတွင်းအား တစ်စမှ ထွက်မလာသည်ကို သူတွေ့လိုက်ရသည်။

ငါ့ရဲ့ အတွင်းအားက တကယ်ကို အပိတ်ခံလိုက်ရတာပဲ ... ထူးဆန်းလိုက်တာ …

"မဟုတ်သေးဘူး …"

ကျန်းရီသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့ပြီး တစ်ခုခု လွဲနေသည်ကို သတိပြုမိသွားခဲ့သည်။ သူ၏ အနက်ရောင် အတွင်းအားသည်လည်း အတွင်းအား တစ်မျိုးပင် မဟုတ်ပါလော ... အတွင်းအားတွေ အသုံးပြုလို့ မရဘူးဆိုမှတော့ ... သူ့ရဲ့ အနက်ရောင် အတွင်းအားတွေလည်း ပိတ်ဆို့ခံရမှာ မဟုတ်လား …

"ဟမ့် ... လျှပ်စီးမုန်တိုင်း လက်သီး ... ဒါကို မြည်းကြည့်လိုက် …"

သခင်မလေးရီသည် မြားပစ်ခွင်းလိုက်သလို ခြေလှမ်းများနှင့် လျှပ်စီးမုန်တိုင်း အဟုန်နှင့် လက်သီးများကို ချိန်ရွယ်၍ သူ့ဆီ ပြေးဝင်လာခဲ့သည်။

အနက်ရောင် အတွင်းအားရေ ... ငါမင်းကို ဆင့်ခေါ်တယ် … ကျန်းရီသည် စိတ်ထဲတွင် အော်ဟစ်လိုက်ကာ အနက်ရောင် အတွင်းအားကို စုစည်းကြည့်လိုက်သည်။ ထိုခဏမှာပင် အနက်ရောင် အတွင်းအားမျှင် တစ်စသည် သူ၏ ဒန်တျန်းမှ ထွက်လာကာ သွေးကြောများထဲသို့ စီးဝင်သွားခဲ့သည်။

ကျန်းရီသည် အလွန်ပျော်ရွှင် သွားခဲ့သည်။ သူသည် အများကြီး တွေးမနေတော့ဘဲ နောက်ကို အမြန်ဆုတ်လိုက်ကာ အတွင်းအားကို ဘယ်ဘက်မျက်လုံးဆီ ပို့ဆောင် ထိန်းချုပ်လိုက်သည်။

သူ၏ မျက်လုံးသည် အနက်ရောင် ဖြတ်ခနဲ တစ်ချက် လက်သွားပြီးနောက် ပြိုင်ဘက်၏ လျှပ်စီးမုန်တိုင်းကဲ့သို့ လက်သီးသည် ရှင်းလင်းသွားကာ နှေးကွေးလာခဲ့သည်။

အိုး ... ဒါက လှည့်စားမှုလေး သက်သက်ပဲ …

ကျန်းရီ မြင်လိုက်ရသည်ကား ကြယ်ကြွေလက်သီးကဲ့သို့ ပုံရိပ်ယောင် လက်သီးများသည် ဖြစ်သည်။ ထိုခဏတွင် သူသည် တကယ့်လက်သီး အစစ်များကို စူးစိုက်ကြည့်လိုက်ပြီး ကျန်းဂိုဏ်း၏ ပုံရိပ်ယောင် ခြေလှမ်းကို သုံးကာ ဘေးသို့ရှောင်တိမ်း လိုက်သည်။

သူမ၏ လက်သီးသည် လေဟာနယ်ကိုသာ ထိတွေ့သွားခဲ့သည်တွင် သခင်မလေးရီသည် တစ်ချက်မျှ ကြောင်သွားခဲ့သည်။ သို့သော် သူမသည် ချက်ချင်း ရှက်ရွံ့မှုများနှင့်အတူ ဒေါသတကြီးဖြင့် ကျန်းရီရှိရာ လက်သီးများ ပစ်သွင်းလိုက်ပြန်သည်။

ကျန်းရီသည် သူမ၏ လက်သီးအစစ်များတွင်သာ အာရုံစိုက်ထားလိုက်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှု လမ်းကြောင်းနှင့် အမြန်နှုန်းကို အလျင်အမြန် တွက်ချက်လိုက်သည်။ သူသည် ကြိုတင်တွက်ချက် ပြီးသည်နှင့် နောက်ဆုတ်ကာ ရှောင်လိုက်ပြန်သည်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုသည် လေဟာနယ်ထဲသို့ ကျရောက်သွားပြန်သည်။

"ဒါက ထူးဆန်းလွန်းနေပြီ ... ဒီတစ်ခုကို စမ်းကြည့် ..."

သခင်မလေးရီသည် အလျင်စလို ဖြစ်လာကာ ကျန်းရီရှိရာ ရွေ့လာပြန်သည်။ သူမသည် ကျန်းရီကို ရိုက်နိုင်ရန် သိုင်းပညာမျိုးစုံကို သုံးကာ စမ်းကြည့်ခဲ့သည်။ သို့သော် သူမသည် မည်သည့် နည်းလမ်းကို သုံးသည်ဖြစ်စေ ကျန်းရီသည် ရှောင်တိမ်း သွားနိုင်မြဲပင်။ သူ၏ ခြေလှမ်းများသည် ညင်သာကာ ပေါ့ပါးနေပြီး သူ၏ ကိုယ်ပိုင်ခြံဝင်းထဲတွင် အေးအေးလူလူ လမ်းလျှောက် နေသကဲ့သို့ပင် ...

"ဟောဟဲ ... ဟောဟဲ ... ငါထပ်ပြီး မတိုက်နိုင်တော့ဘူး …"

သုံးမိနစ် ကျော်ကြာအောင် အသက်မရှူတမ်း တိုက်ခိုက်ကြီးနောက် သခင်မလေးရီသည် ရပ်တန့်လိုက်သည်။ အနီရောင် ကိုယ်ကျပ် သိုင်းဝတ်စုံနှင့် သူမ၏ ချွေးစိုနေသော ခန္ဓာကိုယ်အလှတို့ ပေါင်းစပ်လိုက်သောအခါ  သူမ၏ နူးညံ့ သိမ်မွေ့သော ဟန်အမူအရာတို့သည် ပို၍ အသေးစိတ် ပုံပေါ်လာခဲ့သည်။

အတွင်းအားမသုံးဘဲ နှစ်ခါတိတိ တိုက်ခိုက်ပြီးနောက် သူမသည် ဤမျှ ကြာကြာ ဆက်တိုက် နိုင်နေသေးသည်။ သူမသည် သိုင်းပညာအားလုံးကို အင်အားအပြည့်သုံး၍ တိုက်ခိုက်ခဲ့သည်။ သို့နှင့် သူမ၏ အင်အားများ အတော်လေး ကုန်ဆုံးသွားခဲ့သည်။

သူမသည် မှုန်တေတေနှင့် တံခါးဆီ လျှောက်သွားခဲ့လိုက်ပြီး တံခါးဘေးရှိ နံရံတွင် ထိုးထွက်နေသော ကျောက်ပြားလေးကို လှမ်းယူလိုက်သည်။ သိုင်းလေ့ကျင့်ခန်းသည် အလင်းရောင်များ လွှမ်းခြုံလာပြီး တံခါးသည်လည်း ပွင့်သွားခဲ့သည်။

ကျန်းရီသည် နဖူးရှိ ချွေးစေးများကို တိတ်တဆိတ် သုတ်လိုက်သည်။ သူသည် ဒန်တျန်းရှိ အနက်ရောင် အတွင်းအားများကို စစ်ဆေးလိုက်ပြီးနောက် တစ်မျှင်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ သိုင်းလေ့ကျင့်ဖက် အလုပ်သည် သူ့နှင့် မသင့်တော်ဟု ထင်ရသည်။ သခင်မလေးရီသာ နည်းနည်းကြာကြာ တိုက်ခိုက်ခဲ့ပါရင် သူ၏ မူရင်း အခြေအနေသည် ပေါ်ပေါက်သွားပြီး အရိုက်ခံရမည်မှာ သေချာပေါက်ပင် ...

သိုင်းလေ့ကျင့်ခန်း အပြင်သို့ ထွက်လာသည်နှင့် မကောင်းဆိုးဝါး တစ်ကောင်ကို မြင်လိုက်ရသလိုမျိုး သူ့ကို စိုက်ကြည့်နေသောအခြား သိုင်းလေ့ကျင့်ဖက်များကို တွေ့လိုက်ရသည်။ သူ့တွင် ဒဏ်ရာ တစ်ချက်မှ မရဘဲ ထွက်လာသည်ကို မြင်ရင် သူတို့အားလုံး မှင်တက်နေခဲ့ကြသည်။

သခင်မလေးရီ၏ မျက်နှာသည်ကား မကျေနပ်ပုံ ပေါ်နေလေသည်။ သူမသည် နှာခေါင်းရှုံ့ကာ ပြောလာခဲ့သည်

"ကြီးကြပ်သူယန် ... ရှင်က တော်တော် မျက်နှာပြောင် တိုက်တဲ့လူပဲ ... ရီလင်းရွှယ်ဆိုတဲ့ ငါ့ကို မကျေနပ်လို့လား ... ဒီရွှေအဆင့် သိုင်းလေ့ကျင့်ဖက်ကို ကြေးအဆင့်အနေနဲ့ ဒီလိုလွှတ်လိုက်တာ ... ငါနဲ့ ဒီလိုကစားရတာကို ပျော်နေလား"

"ရွှေအဆင့် သိုင်းလေ့ကျင့်ဖက်"

ကြီးကြပ်သူယန်သည် အလွန်အံ့သြသွားခဲ့သည်။ သူသည် ကျန်းရီကို တစ္ဆေတစ်ကောင် မြင်လိုက်ရသလိုမျိုး ကြည့်လာခဲ့သည်။ ဒီသဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပထမအဆင့်မှာပဲ ရှိသေးတဲ့သူက ဘယ်လိုများ ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် ဖြစ်နိုင်မှာလဲ … လူတိုင်းကသာ ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် ဖြစ်နေရင် သိုင်းခန်းမက ဒီလောက် လူသစ်တွေ အသည်းအသန် ငှားရမ်းစရာလိုမည် မဟုတ်ချေ ...

***

All Chapters