နှလုံးသားခွန်အား
Vol. 36 Ch. 489
အပိုင်း (၄၈၉) : နှလုံးသားခွန်အား
မြူခိုးများရစ်ဝဲနေသော ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ကျောက်နဂါးအလား ရှည်လျားလှသော တောင်တက်လမ်းကြီးတစ်ခုတည်းသာ ပေါ်လွင်ထင်ရှားနေသည်။ မြူခိုးများ အလွန်ပင် ထူထပ်နေသောကြောင့် တောင်တက်လမ်း၏ အဆုံးသတ်အား မြင်တွေ့ရခြင်းမရှိပဲ လျှို့ဝှက်နက်နဲလှသယောင် ထင်ရ၏။
တောင်ဆက်လမ်းပေါ်တွင် ပုံရိပ်တစ်ခုမှာ ဖြည်းညင်းစွာ ရွေ့လျားနေလေသည်။ ထိုပုံရိပ်မှာ ဇူယွမ်ပင် ဖြစ်၏။
ဇူယွမ်၏မျက်နှာမှာ အလွန်ပင် သွေးဆုတ်ဖြူရော်နေပြီး ပင်ပန်းနွမ်းနယ်နေဟန် ရှိသည်။ ဇူယွမ်၏ ချီစွမ်းအင်မှာလည်း ပျောက်ဆုံးလုနီးပင် လျော့ပါးနေပြီ ဖြစ်၏။ ဇူယွမ်၏ ချီပင်လယ်အတွင်း၌ ချီကြယ်ပွင့် သုံးရာမျှသာ ကျန်ရှိလေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခ့ဲရသော ဇူယွမ်၏ချီစွမ်းအင် အသီးအပွင့်များမှာ ယခုအခါတွင် ပျောက်ဆုံးသွားခ့ဲပြီ ဖြစ်၏။
သို့သော် ဇူယွမ်မှာ ရပ်တန့်ခြင်းမရှိပဲ အံကိုတင်းတင်းကြိတ်ကာ အရှေ့သို့ ဆက်လှမ်းလျှောက်လှမ်းနေသည်။ ဇူယွမ်မှာ အရာအားလုံးပေးဆပ်၍ ဤနေရာသို့ ရောက်ရှိလာနိုင်ခ့ဲခြင်းဖြစ်သည့်အတွက် မည်မျှပင်ပေးဆပ်ရစေကာမူ နောက်တွန့်နေမည် မဟုတ်ချေ။
"ချီကြယ်ပွင့်သုံးရာနဲ့ တောင်တက်လမ်းဆုံးတဲ့အထိ သွားလို့ရပါ့မလား။"
ဇူယွမ်မှာ နှုတ်ခမ်းများအား တင်းတင်းစေ့ထားလိုက်မိ၏။ ချီစွမ်းအင်များ အကုန်အစင် ပျောက်ကွယ်သွားလျှင် တစ်စုံတစ်ခုတော့ ထူးခြားကောင်းထူးခြားလာပေလိမ့်မည်။
ဇူယွမ်မှာ ထိုသို့တွေးတောလိုက်ပြီးနောက် အားယူကာ အရှေ့သို့ ဆက်လက်လျှောက်လှမ်းလိုက်သည်။ ဤသို့ဖြင့် ေခြတစ်လှမ်းပြီးတစ်လှမ်း ဇူယွမ်၏ချီကြယ်ပွင့်များ ပျောက်ကွယ်သွား၏။ အချိန်အနည်းငယ်မျှ ကြာမြင့်ပြီးနောက်တွင် ကျန်ရှိနေသော ချီကြယ်ပွင့်သုံးရာလုံး ကုန်ဆုံးသွားရသည်။
ဇူယွမ်မှာ ပင်ပန်းနွမ်းနယ်စွာဖြင့် ေခြလှမ်းများအား ရပ်တန့်လိုက်၏။ ဇူယွမ်မှာ အလုံးစုံ စွမ်းအင်မဲ့နေသော ခန္ဓာကိုယ်အား ပြန်လည်ခံစားလိုက်ရသည်။ အတိတ်ကာလများ၌ စွမ်းအင်ဝင်ပေါက်များ ပိတ်နေစဥ်အတွင်း ဇူယွမ်မှာ ထိုက့ဲသို့ စွမ်းအင်မဲ့ခြင်းအား ခံစားခ့ဲရဖူး၏။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှ္ူထုတ်လိုက်ပြီးနောက် လျှောက်လှမ်းလာခ့ဲသော ကျောက်လှေကားထစ်များအား ပြန်လည်ကြည့်ရှုလိုက်သည်။ ဇူယွမ်မှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တွေးတောနေမိ၏။
အကယ်၍ ဤလမ်းအတိုင်းသာ ပြန်လှည့်သွားပါက ပျောက်ကွယ်သွားသော ချီစွမ်းအင်များအား ပြန်လည်ရရှိနိုင်မည်ပင် ဖြစ်သည်။ သို့သော် တောင်ထွတ်၏စမ်းသပ်မှုအား ကျရှုံးရပေလိမ့်မည်။
ထို့ကြောင့်......
အရှေ့သို့သာ ဆက်လက်လျှောက်လှမ်းသင့်၏.....
ဇူယွမ်မှာ အဆုံးမရှိသော လှေကားထစ်များအား ငေးမောကြည့်ရှုလိုက်သည်။ ဇူယွမ်မှာ ချီစွမ်းအင်များ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ခန္ဓာကိုယ်မှာ အလွန်ပင် အားနည်းနေပြီ ဖြစ်၏။
ဇူယွမ်မှာ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် မျက်ဝန်းထဲ၌ တွေဝေနေသော အငွေ့အသက်များ ပျောက်ကွယ်သွားတော့သည်။
"စွမ်းအင်ဝင်ပေါက်တွေ မပွင့်ခ့ဲတဲ့ အချိန်တုန်းကတောင် ငါလက်မလျှော့ခဲ့တာ။ အခုလည်း ငါ့ချီစွမ်းအင်တွေ ကုန်သွားတယ်ဆို အစကနေ ပြန်ပြီးကျင့်ယူလို့ရတာပဲ။"
"အနည်းဆုံးတော့ ငါ့မှပြန်ပြီးကျင့်ကြံခွင့် ရှိသေးတယ်။"
ဇူယွမ်မှာ ဆုံးဖြတ်ချက်ပြတ်သားသွားဟန်ဖြင့် တွေဝေနေခြင်းမရှိပဲ တောင်တက်လမ်းအား ဆက်လက်လျှောက်လှမ်းလိုက်၏။
ချီစွမ်းအင်များ မရှိတော့လျှင်ပင် ဇူယွမ်မှာ လက်လျှော့လိုက်မည် မဟုတ်ပေ။
ကျင့်ကြံခြင်းလောကတွင် အရေးအကြီးဆုံးအရာမှာ ဆုံးဖြတ်ချက်ပြတ်သားခြင်းပင် ဖြစ်သည်။ ကြောက်ရွ့ံမှုများနှင့် တွေဝေတုံ့ဆိုင်းနေမည်ဆိုပါက အနောက်တွင်သာ ကျန်ရစ်ခ့ဲရမည် ဖြစ်၏။
ဇူယွမ်မှာ ဖြည်းညင်းစွာဖြင့် တောက်တက်လမ်းအား အားယူလျှောက်လှမ်းနေသည်။ ဇူယွမ်မှာ ပင်ပန်းနွမ်းနယ်လွန်းသောကြောင့် ခြေလှမ်းများပင် လေးလံနေရ၏။
ထိုသို့ ဖြည်းညင်းစွာ ဆက်လက်လျှောက်လှမ်းနေစဥ်မှာပင် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ကျဆင်းလာလေသည်။ ထိုရွှေရောင်အလင်းတန်းမှာ လေထုထဲတွင် ယိမ်းနွဲ့ဝေ့ယမ်းနေပြီးနောက် ဇူယွမ်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။ ဇူယွမ်၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ပျောက်ဆုံးသွားသော ချီကြယ်ပွင့်များမှာ တစ်ပွင့်ပြီးတစ်ပွင့် ပြန်လည်ပေါ်ပေါက်လာ၏။ ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း၌ များပြားလှသော ချီစွမ်းအင်များ ပြန်လည်ရရှိလာပြီပင် ဖြစ်သည်။
ဇူယွမ်၏ မျက်ဝန်းများမှာ တောက်ပသွားရပြီးနောက် ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားသည့်အလား ကျေနပ်အားရစွာ ပြုံးလိုက်မိ၏။ တောင်ထွတ်စမ်းသပ်ခြင်းမှာ စိတ်နှလုံး၏ သန်မာမှုအား စမ်းသပ်ခြင်းဖြစ်ကြောင်း ဇူယွမ်မှ နားလည်သဘောပေါက်သွားရသည်။
ပုံမှန်ဆိုလျှင် လူအများစုမှာ ချီစွမ်းအင်များ ဆုံးရှုံးသွားရခြင်းအပေါ် ကြောက်လန့်တုန်လှုပ်စွာဖြင့် လက်လျှော့လိုက်ကြမည်ပင် ဖြစ်၏။
သို့သော် အစစ်အမှန် စွမ်းအင်ဆိုသည်မှာ ချီစွမ်းအင်တစ်မျိုးတည်းဖြင့်သာ တည်ဆောက်၍မရနိုင်ပဲ တုန်လှုပ်ခြင်းမရှိသော နှလုံးသားစွမ်းအင်ကိုပါ လိုအပ်ပေသည်။
ဇူယွမ်တက်လှမ်းလာခ့ဲသော ကျောက်လှေကားထစ်များမှာ မြူခိုးများနှင့်အတူ ဖြည်းညင်းစွာ ပျောက်ကွယ်သွား၏။ ရွှေရောင်အလင်းတန်းများမှာလည်း ဇူယွမ်၏ခန္ဓာကိုယ်အတွင်းသို့ ဆက်လက်စီးဝင်နေလျက် ရှိသည်။
ရွှေရောင်အလင်းတန်းများအားလုံး စီးဝင်သွားပြီးနောက် ဇူယွမ်မှာ ချီပင်လယ်အတွင်း၌ ချီကြယ်ပွင့်ငါးထောင်မျှ ရှိနေသည်ကို ခံစားလိုက်ရ၏။ ဇူယွမ်မှာ တိုတောင်းလှသော အချိန်အတွင်း၌ပင့ ချီကြယ်ပွင့်တစ်ထောင်အား ထပ်မံရရှိလိုက်ခြင်း ဖြစ်သည်။ ထိုပမာဏမှာ ဇူယွမ်၏ ကျင့်ကြံခြင်းတစ်လနှင့်ပင် ညီမျှ၏။
ထိုချီကြယ်ပွင့်တစ်ထောင်မှာ စမ်းသပ်မှုအောင်မြင်ခြင်း၏ ဆုလာဒ်ပင် ဖြစ်သည်။
ဇူယွမ်၏ ပင်ပန်းနွမ်းနယ်မှုများမှာ ယူပစ်သလို ပျောက်ဆုံးသွားရပြီးနောက် ကျေနပ်အားရစွာ ထပ်မံရယ်မောလိုက်၏။
ဇူယွမ်၏ရှေ့တွင်ရှိနေသော မြူခိုးများ လွင့်ပြယ်သွားကာ ရွှမ်အဖိုးအို၏ ငယ်ရွယ်သောအသံ ထပ်မံထွက်ပေါ်လာသည်။
"စမ်းသပ်မှုသုံးခုအနက် ပထမဆုံးစမ်းသပ်မှု အောင်မြင်သွားပါပြီ။"
ထိုအသံထွက်ပေါ်လာပြီးနောက် ဇူယွမ်၏အနီးတွင်ရှိနေသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထပ်မံပြောင်းလဲသွား၏။
ဇူယွမ်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်းမရှိပဲ ပြောင်းလဲမှုများ ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေလိုက်သည်။
ဇူယွမ်မှာ ခေါင်းကိုမော့လျက် ပြောင်းလဲနေသော ပတ်ဝန်းကျင်အား ကြည့်ရှုနေ၏။ ဇူယွမ်မှာ ပထမအဆင့်စမ်းသပ်ခြင်းအား အောင်မြင်နိုင်ခ့ဲသည်။ ထိုပထမအဆင့်စမ်းသပ်မှုသည်ပင် အလွန်အန္တရာယ်များလှသောကြောင့် တပည့်ခေါင်းဆောင်များစွာမှ ကျရှုံးခ့ဲရခြင်း ဖြစ်ပေလိမ့်မည်။
ဇူယွမ်မှ ကြည့်ရှုနေရင်းမှာပင် ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများ ရပ်တန့်သွား၏။ ဇူယွမ်အနီးရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကမ္ဘာသစ်တစ်ခုအလား ထပ်မံပြောင်းလဲသွားပြီပင် ဖြစ်လေတော့သည်။