သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်
Vol. 1 Ch. 18
သခင်မလေးရီသည် ဒေါသတကြီး ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် သူမ၏ ဝတ်စုံသည် လုံးဝကို စိုစွတ်နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်နေစေခဲ့သည်။ ပုံမှန်အားဖြင့် သူမသည် ဒီနေရာတွင် ထပ်မနေချင်တော့သလို ဤလူများကိုလည်း အခမဲ့ဖျော်ဖြေ မနေချင်တော့ပေ။
ကျန်းရီသည်လည်း ထွက်သွားရန် ပြင်ဆင်ထားပြီ ဖြစ်သည်။ သူ့တွင် အနက်ရောင် အတွင်းအား တစ်မျှင်သာ ကျန်တော့ရာ သခင်မလေးရီကဲ့သို့ ထူးချွန်သူ မဆိုထားနှင့် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် ပြိုင်ဘက်ဆိုရင်တောင် သူ့ကို လွယ်လွယ်ကူကူ အနိုင်ယူ နိုင်ပေလိမ့်မည်။
အစက သူသည် သိုင်းခန်းမတွင် ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် အဖြစ် ပိုက်ဆံရှာကာ အကြွေးပြန်ဆပ်ရန် တွေးထားခဲ့သည်။ ယခုတွင်မူကား ပိုက်ဆံရရန် အမှန်ပင် လွယ်ကူသည့် ပုံမရချေ ....
"အထီးကျန် ဝံပုလွေ ... မင်းဘယ်သွား မလို့လဲ …''
ကျန်းရီသည် ထွက်သွားမည့်ဟန် ပြုလိုက်စဉ် ကြီးကြပ်သူယန်သည် ချက်ချင်း မေးလာခဲ့သည်။
နှောင့်ယှက် ခံလိုက်ရသော ကျန်းရီသည် မျက်နှာဖုံးကို အမြန်ချွတ်ကာ ပြောလိုက်သည် ....
"ကြီးကြပ်သူ ... ကျွန်တော် အလုပ်ထွက်တယ် ... ပိုက်ဆံလည်း မလိုချင်တော့ပါဘူး ... ဒီမျက်နှာဖုံးကို ပြန်ပေးပါရစေ"
ကြီးကြပ်သူယန်သည် ပျာယာ ခတ်သွားခဲ့သည်။ သူသည် အခက်အခဲများစွာ ကြုံပြီးနောက်မှ တော်သော သိုင်းလေ့ကျင့်ဖက် တစ်ယောက်ကို ငှားရမ်းနိုင်ခဲ့သည်။ သူဘယ်လိုများ ကျန်းရီကို လွယ်လွယ် ထွက်သွားခွင့် ပေးနိုင်ပါမည်လဲ …
သူသည် ကျန်းရီရှိရာ တိုးသွားလိုက်ပြီး ပြောလိုက်သည် ...
"အထီးကျန်ဝံပုလွေ ... မင်းက လုပ်အားခ နည်းလွန်းတာကို သဘောမကျတာလား ... ဒီကိစ္စကြောင့် ဆိုရင်တော့ ... မင်းဒီမှာ ဆက်နေမယ်ဆိုရင် ငါမင်းကို ငွေအဆင့် သိုင်းလေ့ကျင့်ဖက် အနေနဲ့ လုပ်အားခပေးမယ် ... တစ်နေ့ကို ငွေတစ်ဆယ်တေးလ်နှုန်း ... ဘယ်လို သဘောရလဲ"
ကျန်းရီသည် သူ၏ ဝတ်ရုံကို ပြန်ခြုံလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်သည် ...
"ကြီးကြပ်သူ ... ကျွန်တော့်မှာ အရေးကြီးကိစ္စ ရှိသေးတာကို အခုမှ သတိရသွားလို့ ... နောက်မှပြန်လာခဲ့ပါ့မယ်..."
ကျန်းရီသည် ကြီးကြပ်သူယန်၏ သိုင်းခန်းမတွင် ဆက်နေစေလိုသည့် သဘောထားကို စကားတစ်ခွန်းနှင့် ငြင်းပယ်လိုက်ကာ သိုင်းခန်းမ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ သံချပ်အနက်ရောင်ဝတ် အစောင့်များ၏ မယုံနိုင်သလို အကြည့်အောက်တွင် သူသည် ခြေလှမ်းကြဲကြီးများနှင့် မြို့တော်အရှေ့ဘက်ရှိ ကျန်းအိမ်တော်ဆီ ပြန်ခဲ့လိုက်သည်။
"ကြီးကြပ်သူယန် .... ကြီးကြပ်သူယန် …"
ကျန်းရီထွက်သွားပြီး ငါးမိနစ်မျှ အကြာတွင် အနီရောင် ပုံရိပ်လေး တစ်ခုသည် သိုင်းလေ့ကျင့်ခန်းများ ရှိရာ စင်္ကြံလမ်းကို ဖြတ်၍ အသည်းအသန် ပြေးလာခဲ့သည်။
"ကြီးကြပ်သူယန် ... အခုလေးတွင် ကျွန်မနဲ့ လေ့ကျင့်ခဲ့တဲ့ ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် ဘယ်မှာလဲ"
"သူထွက်သွားပြီ"
ပဟေဠိ ဖြစ်သွားဟန်နှင့် ကြီးကြပ်သူ ယန်သည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး မေးလာခဲ့သည် ...
"ဘာကိစ္စများ ရှိလို့ပါလဲ ... သခင်မလေးရီ ... ဒီသိုင်းလေ့ကျင့်ဖက်နဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခုများ ရှိနေလို့လား …''
"သူသွားပြီလား ... အိုး ... သွားပါပြီ ..."
သူမ၏ မျက်နှာတွင် စိတ်ပျက်သွားဟန်များနှင့် သခင်မလေးရီသည် ပြောလာခဲ့သည်
"သူပြန်လာရင် တစ်ယောက်ယောက်နဲ့ ကျွန်မကို အကြောင်းကြားပေးပါ ... ဒီသိုင်းလေ့ကျင့်ဖက်က တကယ့်ကို တော်တယ် ... ကျွန်မရဲ့ လျှပ်စီးမုန်တိုင်း လက်သီးကို ရှစ်နှစ်ကျော် လေ့ကျင့်ခဲ့ပြီး ... ကျွမ်းကျင်တဲ့ အဆင့်ကို လွန်ခဲ့တဲ့ သုံးနှစ်တည်းက ရောက်နေခဲ့ပြီ ... ဒီတစ်ယောက်နဲ့ တစ်ကြိမ်ဘဲ လေ့ကျင့်ပြီးတဲ့နောက် ကျွန်မ သဘာဝလွန် အဆင့်ကို ရောက်သွားခဲ့ပြီ ..."
"ဘာ …''
ကြီးကြပ်သူယန်၏ မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲ သွားခဲ့သည်။ သူ၏ မျက်လုံးများသည်လည်း နောင်တများနှင့် ပြည့်လျှံနေခဲ့သည်။ သိုင်းလေ့ကျင့်ဖက်နှင့် လေ့ကျင့်ရန် စီစဉ်ခြင်း၏ အဓိက ရည်ရွယ်ချက်သည်ကား လူတစ်ယောက်၏ တိုက်ခိုက်မှု အမြန်နှုန်း၊ တိုက်ပွဲဝင် အတွေ့အကြုံများနှင့် သိုင်းပညာ ကျွမ်းကျင်မှုတို့ တိုးတက်စေရန် ဖြစ်သည်။
ထိုသုံးချက်လုံးသည် တိုးတက်ရန် အလွန်ခက်ခဲသည်။ လူတစ်ယောက်၏ ကျွမ်းကျင်မှုကို တိုးတက်စေရန် နာရီပေါင်းများစွာ တိုက်ပွဲဝင် လေ့ကျင့်ဖို့ လိုအပ်သည်။ ထို့ကြောင့်ပင် သိုင်းပညာ လေ့ကျင့်သော အခန်းများတွင် အတွင်းအား သုံးခြင်းကို တားမြစ်ထားခဲ့ခြင်းဖြစ်သည်။
သိုင်းပညာ တတ်မြောက် ကျွမ်းကျင်မှုကို ကနဦးအဆင့်၊ ကျွမ်းကျင်အဆင့်နှင့် သဘာဝလွန် အဆင့်ဟူ၍ သုံးမျိုးခွဲခြား ထားသည်။ သခင်မလေးရီသည် လျှပ်စီးမုန်တိုင်း လက်သီးကို လွန်ခဲ့သည့် သုံးနှစ်ကျော်ကြာအောင် လေ့ကျင့်ခဲ့သော်လည်း သဘာဝလွန်အဆင့်ကို ရောက်မလာခဲ့ပေ ... ယခု ကျန်းရီနှင့် တစ်ပွဲသာ လေ့ကျင့်ရသေးသည် ... သူမသည် သဘာဝလွန်အဆင့်ကို ဘယ်လိုများ ချက်ချင်း ရောက်ရှိ သွားခဲ့သည်လဲ …
အားလုံးက တိုက်ဆိုင်နေသည်လား ... ဒါမှ ဒီကလေးကဘဲ တုံးချင်ယောင်၊ အားနည်းသယောင် ဟန်ဆောင် ထားခဲ့သည်လား … ထိုကောင်လေးရဲ့ တကယ့် အစစ်အမှန်က အရမ်းတော်တဲ့ သိုင်းပညာရှင် တစ်ယောက်များလား … သူ သခင်မလေးရီကို သဘာဝလွန်အဆင့် ရောက်သွားအောင် ကူညီလမ်းညွှန် ပေးခဲ့တာက မတော်တဆရော ဟုတ်ခဲ့ပါ့မလား …
ကြီးကြပ်သူယန်သည် တစ်ခုမှကို နားမလည်တော့ပေ ... သို့သော် သူသိသည်ကား ကျန်းရီသည် သိုင်းလေ့ကျင့်ဖက်လုပ်ရန် နောက်တစ်ကြိမ် ရောက်လာခဲ့ရင် သူ့ကို ဒီမှာနေအောင် နည်းလမ်းများစွာ ရှာမည်ဖြစ်သည်။ သူသာ သိုင်းခန်းမရှိ သခင်လေး၊ သခင်မလေးများ သိုင်းပညာရပ်တွင် မြန်မြန်ဆန်ဆန် တိုးတက်အောင် ကူညီနိုင်လျှင် သူ့အဆင့်အတန်းသည် မခန့်မှန်း နိုင်လောက်အောင် မြင့်မားသွားမည် ဖြစ်ပေသည်....
*****
ကျန်းရီသည် သူ၏ ကိုယ်ပိုင် အိမ်လေးရှိရာ ခြံဝင်းလေးဆီ ရောက်သောအခါ နေ့လယ်ဘက်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် နောက်တစ်နေ့တွင် အနောက်ဘက် တောင်ကုန်းသို့ သွားရမည်ကို တွေးမိသောအခါ ထမင်းကို လျင်မြန်စွာ စားသောက်လိုက်သည်။ သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်သို့ တက်ရောက်ရန် သူ့အခန်းထဲတွင် လေ့ကျင့်နေဖို့ စီစဉ်နေခဲ့သည်။
"ဝိဉာဏ်အားဖြည့် ဆေးတွေ"
အဖြူရောင် ပုလင်းငယ်လေးထဲမှ ဆေးများကို ထုတ်ယူနေစဉ်တွင် သူ့ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့ပေသည်။ ဆေးများသည် အမြင့်စား အဆင့်ရှိ အဆင့်မြင့် ဆေးလုံးများ ဖြစ်ကြပြီး အတွင်းအား ကျင့်ကြံနှုန်းကို မြန်ဆန်စေသည်။ ထို့ပြင် ဆေးအာနိသင်နှင့် အနက်ရောင် အတွင်းအားကို ပေါင်းစပ်လိုက်ရင် ဆေးအာနိသင်သည် မြေကမ္ဘာအဆင့်လောက်သို့ သေချာပေါက် ရောက်သွားပေမည်။ ဆေးဆယ်လုံးကို အသုံးပြုလိုက်ရင် သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်သို့ ရောက်ရန် လုံလောက်ပေသည်။
"အနက်ရောင် အတွင်းအားကို လေ့ကျင့်ရမယ့် အချိန်ပဲ"
သူသည် ဆေးပုလင်းကို ချထားလိုက်ပြီး စတင်တရား ထိုင်တော့သည်။ ခြောက်နာရီကျော် ကြာပြီးနောက် သူသည် ချက်ချင်း မျက်လုံးဖွင့်ကာ ဆေးတစ်လုံးကို စတင်မြိုချကာ ကျန်းရေအသ ွင်ပညာကို စတင်လေ့ကျင့် ခဲ့တော့သည်။
"ကောင်းလိုက်တဲ့ဆေး …"
ကျန်းရီသည် သူ့ရင်ဘတ်ကို ဖြတ်စီး၍ ဒန်တျန်းထဲသို့ လျင်မြန်စွာ တိုးဝင်သွားသော အပူလှိုင်း တစ်ခုကို အာရုံခံမိသောအခါ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ ကျင့်ကြံရန် ဆေးများ အလုံအလောက် ရှိခြင်းသည် ကောင်းမွန်ပေသည်။
ကျန်းရုဟူလို အစွမ်းအစမရှိသူ တစ်ယောက်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ ရောက်နေသည်မှာ ဝိဉာဏ်အားဖြည့် ဆေးများကို ထမင်းစားသလို စားသောက်ထား၍ မဟုတ်ပါလော …
"အနက်ရောင် အတွင်းအား ... ထွက်လာခဲ့ …"
ဆေးစွမ်းအားများသည် သူ့ဒန်တျန်းကို ဝင်ရောက်သွားသည်နှင့် ကျန်းရီသည် ချက်ချင်း အနက်ရောင် အတွင်းအား တစ်မျှင်နှင့် ပေါင်းစပ်လိုက်ကာ ကျန်းရေအသွင်ပညာကို စတင်လေ့ကျင့် ခဲ့လိုက်သည်။
"ဒီ အမြန်နှုန်း... "
သူ့ဒန်တျန်းထဲမှ ထွက်လာသော အပြာရောင် အတွင်းအားများကို အာရုံခံစား မိသောအခါ ကျန်းရီသည် အလွန်ပျော်ရွှင် လာခဲ့သည်။ အနက်ရောင် အတွင်းအားများနှင့် ပေါင်းစပ်ထားသော ဆေးအာနိသင်သည် သူ့ကျင့်ကြံနှုန်းကို ဆယ်ဆခန်း မြန်ဆန်သွားစေသည်။
စက္ကန့်နှစ်ဆယ်၊ သုံးဆယ်ခန့်ကြာသောအခါ အနက်ရောင် အတွင်းအား အစွမ်းသည် ကုန်သွားခဲ့ပြီ ဖြစ်သည်။ သူသည်လည်း ရွေးချယ်စရာ မရှိတော့ဘဲ နောက်ထပ် အနက်ရောင် အတွင်းအား တစ်မျှင်ကို သုံးကာ ဆက်လက်ကျင့်ကြံ နေလိုက်သည်။
ဤသို့ ထပ်တလဲလဲ လုပ်ပြီးနောက် အနက်ရောင် အတွင်းအား ဆယ်မျှင်လုံးကုန်ဆုံး သွားခဲ့ကာ သူ၏ အဆုံးမှတ်သည်လည်း ရောက်သွားခဲ့ပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
သူသည် အနက်ရောင် အတွင်းအားများကို ဆက်လက် ထုတ်ယူလိုက်သောအခါ ယခင်နှင့် မတူဘဲ ခြားနားနေသည်ကို သူသတိပြုမိ လိုက်သည်။ ဝိဉာဏ်အား ဖြည့်ဆေး၏ အစွမ်းကြောင့် သူ၏ အတွင်းအား ထုတ်လုပ်မှုသည် သုံးဆခန့် မြန်ဆန်နေခဲ့သည်။ တစ်နာရီ အတွင်းမှာပင် သူသည် အနက်ရောင် အတွင်းအား ခြောက်မျှင်လောက် ထုတ်ယူပြီးခဲ့ပြီ ဖြစ်သည်။
ကျန်းရီသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရာတွင် ဤမျှ တစ်ခါမှ မပျော်ခဲ့ဖူးချေ။ သူသည် ကျင့်ကြံခြင်းတွင်သာ အာရုံအပြည့် စိုက်ထားခဲ့သည်။ သူသည် အနက်ရောင် အတွင်းအား ဆယ်မျှင်ကို တစ်ခါထုတ်လိုက်၊ ဆေးတစ်လုံးသောက်ကာ ကျင့်ကြံလိုက်နှင့် ညစာစားရန်ကိုပင် မတွေးမိတော့ချေ။
သူကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည့် အချိန်သည် နောက်တစ်နေ့နံနက် မိုးသောက်နေခဲ့ပြီ ဖြစ်သည် …
ဆေးဆယ်လုံးတွင် သူသည် ကိုးလုံးကို အသုံးပြုခဲ့ပြီးနောက် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူ၏ ကိုယ်တွင်းအမြင် အာရုံကို သုံး၍ ကြည့်လိုက်သောအခါ ဒန်တျန်းနေရာတွင် ရှိသော အပြာရောင် အတွင်းအားတို့သည် နှစ်ဆခန့်ရှိနေပြီ ဖြစ်ပြီး အရောင်သည်လည်း ပိုရင့်နေခဲ့သည်။
ကျန်းရီသည် မနေနိုင်တော့ဘဲ ကောင်းကင်ကို ကြည့်ကာ ရင်ထဲမှ အပျော်များကို ဖွင့်ထုတ် အော်ဟစ်လိုက်သည်။
သူသည် ခုနစ်နှစ်အရွယ်မှပင် ကျန်းရေအသွင်ပညာကို စတင်လေ့ကျင့်ခဲ့ပြီး သူဆယ့်ငါးနှစ်တွင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် ရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။ ဆေးအကူအညီနှင့် ရောက်ရှိခဲ့သော်လည်း ကျန်းရီကို အဆုံးမရှိ ပျော်ရွှင်သွားစေရန် လုံလောက်သည်။ အရေးအကြီးဆုံးသည်ကား သူ၏ ချိတ်ပိတ်သင်္ကေတကို ဆက်လက်ချိုးဖျက် နိုင်သည်နှင့် သူ၏ ကျင့်ကြံနှုန်းသည်လည်း ဆက်လက်၍ တိုးတက်လာပေလိမ့်မည်။ ထိုအရာသည် ကျန်းရီအတွက် မျှော်လင့်ချက် ရောင်ခြည်လေး ဖြစ်စေသည်။ သူ့ကို တိုက်ခိုက်လိုစိတ်နှင့် သည်းခံလိုစိတ်များ မွေးဖွားပေးသည့် မျှော်လင့်ချက်လေးလည်း ဖြစ်သည်။
တစ်ခဏမျ ကြာပြီးနောက် သူသည် သူ၏ ပျော်ရွှင်နေသော စိတ်ခံစားချက်လေးကို သိမ်းဆည်းလိုက်ရင်း ကိုယ်တွင်း အမြင်အာရုံကို သုံးကာ ဒန်တျန်းနေရာကို ထပ်မံစစ်ဆေး လိုက်သည်တွင် တစ်ခုခု မှားနေသည်ကို သူချက်ချင်း တွေ့ရှိသွားခဲ့သည် … အပြာရောင် အတွင်းအားတွေရဲ့ အရောင်က ဘာလို့ နည်းနည်းလေး နက်မှောင်လာတာလဲ … အနက်ရောင် အတွင်းအားရဲ့ အရောင်ကရော ဘာလို့ ပိုဖျော့သွားရတာလဲ …
သိုင်းပညာရှင် တစ်ယောက်၏ အဆင့်တိုးတက်လာရင် သူထုတ်သော အတွင်းအားသည်လည်း ပိုမို သိပ်သည်းလာပြီး စွမ်းအားလည်း အများကြီး တိုးတက်လာလိမ့်မည် …
ဤသည်ကား ကောင်းကင်ကြယ်တာရာ နယ်မြေတွင် လူအများ သိကြသော အယူအဆ ဖြစ်သည်။ ကျန်းရီ၏ အဆင့်တိုးတက် သွားသောကြောင့် အပြာရောင် အတွင်းအား၏ စွမ်းအားလည်း မြင့်တက်လာသည်မှာ ပုံမှန်သာ ဖြစ်သည်။ ဘာလို့ သူ့ရဲ့ အနက်ရောင် အတွင်းအားက အရောင်နည်းနည်း ပြောင်းသွားတာလဲ … ပြောင်းမည်ဆိုရင် အဘယ်ကြောင့် ပို၍ ဖျော့တော့ သွားရပါသနည်း …
ကျန်းရီသည် ခဏမျ အလေးအနက် စဉ်းစားပြီးနောက် ဒန်တျန်းမှ အနက်ရောင် အတွင်းအား တစ်မျှင် ထုတ်ယူလိုက်ကာ သူ၏ မျက်လုံးထောင့်ရှိ သွေးကြောများဆီ ပို့ဆောင်လိုက်သည်။ သို့သော်လည်း ယခင်ကနှင့် ခြားနားခြင်း မရှိပေ။ အမြင်အာရုံသည် အတော်လေး တိုးတက်လာသော်လည်း ယခင်ထက်ပို၍ မထူးခြားပေ။
"ဘာလို့ အနက်ရောင် အတွင်းအားရဲ့ အရောင်က ပိုဖျော့သွားတာများလဲ …"
ကျန်းရီသည် ပဟေဠိ ဖြစ်နေခဲ့သည်။ သူသည် မျက်လုံးများ မှိတ်လိုက်ရင်း ကိုယ်တွင်း အမြင်အာရုံကို သုံးကာ သူ၏ ကိုယ်တွင်းတွင် ကျန်ရှိနေသော တစ်ခုတည်းသော အနက်ရောင် အတွင်းအားမျှင်ကို လေ့လာနေခဲ့သည်။ သို့သော် အချိန်အတော်ကြာအောင် လေ့လာခဲ့သော်လည်း သူသည် မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ခဲ့ရပေ။
နှစ်မိနစ်ခွဲခန့် ကြာပြီးနောက် သူသည် ကူကယ်ရာမဲ့စွာ မျက်လုံးဖွင့်လာခဲ့သည်။ သို့သော် သူ၏ မျက်နှာအမူအရာသည် အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားခဲ့သည်။ သူ့ပတ်ဝန်းကျင်သည် ရှင်းလင်းပြတ်သား နေခဲ့သည်။ နှစ်မိနစ်ခွဲခန့် ကြာပြီးသွားတာတောင် အနက်ရောင် အတွင်းအား၏ စွမ်းအင်သည် မည်သို့များ မကုန်ဆုံး ရသေးပါသနည်း …
ငါ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်ကို ရောက်သွားလို့နဲ့ တူတယ် ... အပြာရောင် အတွင်းအားကလည်း ပိုပြီး သိပ်သည်းသွားတယ် ... အနက်ရောင် အတွင်းအားရောဘဲ ... စွမ်းအားကုန်ဆုံး နှုန်းကလည်း ပိုပြီး နှေးကွေးသွားတယ် …
ထိုစဉ်တွင် သူ့မျက်လုံးသည် အလင်းတစ်ချက် လက်သွားပြီး အမြင်အာရုံများ ဝေဝါးသွားသည်။ အနက်ရောင်အတွင်းအား၏ စွမ်းအားများ လုံးဝကုန်ဆုံး သွားသည်နှင့် တူသည်။
"ငါထပ်ပြီး စမ်းသပ်ကြည့်ရမယ် …"
ကျန်းရီသည် တီးတိုးပြောခဲ့သည်။
ကျန်းရီသည် နောက်ဆုံးကျန်သော အနက်ရောင် အတွင်းအားမျှင်ကို သူ၏ မျက်လုံးဆီ နောက်တစ်ကြိမ် ပို့လိုက်သည်။ သူ၏ အမြင်အာရုံသည် တိုးတက်လာခဲ့ပြီး နှစ်မိနစ်ခွဲခန့် ကြာမြင့်ခဲ့လေသည်။
"တစ်မျှင်က နှစ်မိနစ်ခွဲကျော် ကြာမယ်ဆိုရင် ဆယ်မျှင်ဆိုတော့ နာရီဝက်လောက် ကြာမယ် …"
ကျန်းရီသည် အချိန်ကို တွက်ချက်ပြီးနောက် ထပ်မံပျော်ရွှင် လာရပြန်သည်။ သိုင်းပညာ ကျွမ်းကျင်သူနှင့် တိုက်ခိုက်လျင် အနိုင်၊ အရှုံးကို မြန်မြန်ဆုံးဖြတ်၍ ရသော်လည်း ကြာရှည်တိုက်ခိုက် ရမည်ဆိုရင် အမြင်အာရုံက ပို၍ အသုံးဝင်ပေလိမ့်မည်။
အပြင်ဘက်တွင် ကောင်းကင်သည် လုံးဝလင်းနေခဲ့ပြီ ဖြစ်သည်ကို တွေ့ရသောအခါ သူထပ်မံ၍ လေ့လာ မနေရဲတော့ပေ။ သူသည် ခေါင်းဆောင်ရုန်ထံသွား၍ သတင်းပို့ပြီး အနောက်ဘက် တောင်ကုန်းရှိ ဆေးပင်များကို သိမ်းဆည်းရပေဦးမည်။ သူသည် ကျန်းရုဟူနှင့် အဖွဲ့၏ အနှောင့်အယှက်ကို မခံရစေရန် အနက်ရောင် အတွင်းအားကို ထပ်မံထုတ်၍ အသုံးပြုရန်လည်း သိုလှောင်ထားရဦးမည်။
ကျန်းရီ ကျင့်ကြံပြီးသော အချိန်သည် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။ သူသည် အနက်ရောင် အတွင်းအား ခြောက်မျှင်ခန့် ထုတ်လုပ်ထားခဲ့ပြီး ဖြစ်သည်။ ထို့နောက် အလျင်အမြန်ထကာ ပြောင်းဖူးမုန့် နှစ်လုံးကို မြိုချစားသောက်ပြီး အိမ်တော် အရှေ့ဘက် ခြံဝင်းရှိ ကြီးကြပ်သူများ နားနေခန်းကို ထွက်လာ ခဲ့လိုက်သည်။
ကြီးကြပ်သူများ နားနေခန်းတွင် ခေါင်းဆောင်ရုန်၏ ဗျစ်တောက်ဗျစ်တောက် ဆူပူမှုများကို ခံရပြီးနောက် ကျန်းရီသည် ဆေးပင်များ သိုလှောင်သိမ်းဆည်းရန် အနောက်ဘက် တောင်ကုန်းသို့ အမြန်ထွက်လာ ခဲ့သည်။
ယခုအချိန်တွင် သူသည် အနောက်ဘက် တောင်ကုန်းရှိ အလုပ်များကို ပြန်လုပ်နေရခြင်းနှင့် ခေါင်းဆောင်ရုန်သည် အမိန့်ပေး တံဆိပ်ပြားအကြောင်းကို ဘာမှမေးမလာသည်ကို ကျေးဇူး တင်နေမိသည်။ ထို့ပြင် အနောက်ဘက် တောင်ကုန်းကို သူရောက်သော အခါတွင်လည်း တောင်ခြေရှိ အစောင့်သည် သူ့ကို မှတ်မိနေခဲ့ပြီး အမိန့်ပေး တံဆိပ်ပြားကို တောင်းမလာခဲ့ချေ ...
တစ်နာရီလုံးလုံး အလုပ်လုပ်ပြီးနောက် ကျန်းရီသည် စိုက်ခင်းအမှတ် (၇)ရှိ ဆေးပင်များကို သိမ်းဆည်းပြီး သွားခဲ့ပြီ ဖြစ်သည်။ သူတောင်ကုန်းပေါ်မှ ဆင်းပြီး အိမ်ပြန်တော့မည့် ဆဲဆဲတွင် သူ့ဘယ်ဘက်ရှိ တောအုပ်ငယ်လေးဆီမှ တဂျွတ်ဂျွတ် မြည်သံများကို သူကြားလိုက်ရသည်။
သူ၏ မျက်လုံးသည် ဘယ်ဘက်ရှိ တောအုပ်ငယ်လေးအပေါ် ဝေ့ဝဲကျရောက် သွားခဲ့သည်။ တစ်ချက်ကြည့်ပြီးနောက် ကျန်းရီသည် ဆွံ့အသွားရသည်။ ခပ်ဝဝ လူတစ်ယောက်သည် တောအုပ်ငယ်ဆီမှ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ သူ၏ မျက်နှာသည် မုန်းတီးမှု၊ မနာလိုမှုတို့နှင့် လှောင်ပြောင်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။ ကျန်းရုဟူမှတစ်ပါး မည်သူဖြစ်နိုင် ပါမည်နည်း … ထို့အပြင် မဆုံးနိုင်သော ခေါင်းသေးသေးများသည် သူ့နောက်ဘက်မှ အစီအရီ ထွက်လာကြသည်။ ဒီအုပ်စုက အနည်းဆုံး လူနှစ်ဆယ်လောက် ရှိတယ် …
တစ်ယောက်နဲ့ အယောက်နှစ်ဆယ်လား …
ကျန်းရီသည် တံတွေးတစ်ချက် မြိုချခဲ့လိုက်သည်။ သူ့စွမ်းအားတွေ အများကြီး တိုးတက်လာသည်မှာ မှန်သည်၊ သူ့တွင် အနက်ရောင် အတွင်းအား ရှိသည်မှာလည်း မှန်သည် ... သို့သော် ဒီလောက် လူအများကြီးကို သူမည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း ... ထို့ပြင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ရောက်နေသော ကျန်းရုဟူအပြင် ထိုအုပ်စု၏ ငါးယောက်၊ ခြောက်ယောက်ခန့်သည်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယ အဆင့်တွင် ရှိကြသည် ....
ကျန်းရီ၏ မျက်နှာ အရောင်ပြောင်း သွားသည်ကို မြင်ရင် ကျန်းရုဟူသည် ခေါင်းမော့ကာ အော်ရယ်လာခဲ့သည် ...
"ဟားဟား .... ကျန်းရီ … မင်းက အရမ်းရိုင်းစိုင်း လာတယ်လို့ ငါထင်တယ် ... ငါဒီနေ့ မင်းရဲ့ ခြေထောက်တွေကို မချိုးပစ်နိုင်ရင် ငါ့နာမည် 'ကျန်းရုဟူ' ကို ပြောင်းပြန်ရေးပစ်မယ် …"
*****