အခန်း (၃၇)
Vol. 4 Ch. 37
အရောင်းဝန်ထမ်းက ကျိုးရှောင်ယွီကို ကြည့်ပြီး မေးလိုက်သည်။ "ခုတလော ကလေးက နေ့စဉ် အသုံးအဆောင်ပစ္စည်းတွေနဲ့ပဲ ကစားချင်နေတယ်ထင်တယ်နော်"
ဝမ်ယွီထုံ လေးပင်စွာ ခေါင်းငြိမ့်လိုက်သည်။ "အိုးး မပြောပါနဲ့ ရှင်။ သူ့အတွက် ကစားစရာ အရုပ်တွေ အခန်းအပြည့်ရှိပေမယ့် သူဆော့လို့မရတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ပဲ ကစားချင်နေတာ"
ကျိုးရှောင်ယွီကတော့ သူစိမ်းရှေ့ရောက်လျင် အလွန်လိမ္မာဟန်ပြနေ၏။ ကျိုးရှောင်ယွီ သူ့ လက်ကလေးကို ရှေ့မှာ ငြိမ်ငြိမ်ထားပြီး နှုတ်ခမ်းက ရှက်ပြုံးကလေးပြုံးကာယူနီဖောင်းဝတ် အရောင်းဝန်ထမ်းကို ကြည့်နေ၏။
အရောင်းဝန်ထမ်းက ပြုံးကာ ပြန်ပြောလိုက်သည်။
"ဒီအရွယ် ကလေးတွေကတော့ ဒီလိုပါပဲ။ မနေ့ကပဲ အိမ်ပုံစံကစားစရာပစွစည်း အသစ် နှစ်မျိုးရောက်တယ်။တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါလား။ ကျွန်မတော့ ကလေး ကြိုက်လောက်မယ် ထင်တာပဲ။"
ဝမ်ယွီထုံ - "ဘယ်လို ကစား စရာအိမ်မျိုးလဲ?"
အရောင်းဝန်ထမ်း - " ကစားစရာအိမ်အရုပ်က အထူးပြုလုပ်ထားတဲ့ အရုပ်တွေပါ။ ကလေးတွေအတွက် ရိုးရှင်းပြီး ပညာပေးနိုင်တဲ့ နေ့စဉ်သုံး ပစ္စည်း အရုပ်လေးတွေလည်းထည့်ထားပေးပါတယ်။ ဒီလက်လုပ် ကစားစရာအိမ် လေးတွေက လက်သမား အလုပ်ရုံတွေဆီ အထူးမှာယူပြီး လုပ်ထားတာမို့လို့ အမြဲတမ်း ဆိုင်မှာ မတင်ထားဘူးရှင့်။ ပစ္စည်းရောက်တာနဲ့ တန်းကုန်တာများပါတယ်"
ဝမ်ယွီထုံလည်း ကစားစရာအိမ်ကို လိုက်ပြပေးရန် အရောင်းဝန်ထမ်းကို ပြောလိုက်သည်။
ဆိုင်ထောင့်တစ်နေရာကို ရောက်သွားစဉ် ကစားစရာအိမ်ကလေး နှစ်လုံးကို ကျိုးရှောင်ယွီ မြင်လိုက်ရသည့်နှင့် အကြည့်မလွဲနိုင်တော့ချေ။
ကစားစရာအိမ်ကလေးက 3Dသစ်သားအိမ်ကလေးဖြစ်ပြီး ကျိုးရှောင်ယွီမတ်တပ်ရပ်စာ လောက်မြင့်သည်။ ထိုသစ်သားအိမ်ကလေးများသည် အထူးပြုလုပ်ထားကာ လက်ရာလည်း အနုစိတ်လှသည်။ ထို့အပြင် အိမ်လေး ထဲမှာလည်း ကျိုးရှောင်ယွီ အကြိုက် အသုံးအဆောင်ပစ္စည်းများပါ၏။
နံရံကပ်တယ်လီဖုန်း၊ တံခါးဘဲလ်၊ နာရီ၊ ကြယ်သီး ၊ဇစ် ၊ကားလက်ကိုင်ဘီး၊ ကွန်ပျူတာ၊ ရီမုတ်၊ ချိန်းကြိုးများ၊ မီးခလုတ်၊ စတီးတံခါးလက်ကိုင်ဘု၊ တံခါး လက်ကိုင် အမျိုးအစား ခြောက်မျိုးလောက် စသည့် နေ့စဉ်သုံး ပစ္စည်းအမျိုးအစား အစုံ ထည့်ထားသည်။
ထိုပစ္စည်းများကို အရွယ်အစားသေးသေးပုံစံဖြင့် ပြုလုပ်ထားရာ အထူးကစားစရာအရုပ်ဖြစ်လာသည်။
ဝမ်ယွီထုံ သူ့လက်ကို နဖူးမှာကိုင်ရင်း သက်ပြင်းကလေးချလိုက်သည်။ "အရမ်းမိုက်တာပဲ"
"ဂူးးဂူးးး.." ကျိုးရှောင်ယွီကတော့ စိတ်လှုပ်ရှားလွန်း၍ သူ့လက်ကလေးကို ဝေ့ရမ်းကာ ခုန်ပေါက်လုမတတ်ဖြစ်နေသည်။
ဝမ်ယွီထုံ ဘဏ်ကတ်ကို ထုတ်ကာ ကစားစရာအရုပ်အိမ်ကို ဝယ်လိုက်သည်။
ဆိုင်က ထွက်မလာခင်မှာ အစက သူမ သတိမထားခဲ့မိသော ညှပ်ဖိနပ်ပုံစံ သွားယားကိုင်အရုပ်လေးကို တွေ့ လိုက်သည်။
ထိုသွားယားကိုက် အရုပ်သည် ညှပ်ဖိနပ်ပုံစံဖြစ်ပြီး ကျိုးရှောင်ယွီ၏ဖိနပ် အရွယ်အစားခန့်ရှိသည်။ ပြုလုပ်ထားသည့်ပစ္စည်းကလည်း အန္တရာယ်ကင်းကာ ကလေးများ ဝါးနိုင်သည်။
အရောင်းဝန်ထမ်းက ပုံမှန်အတိုင်း "ဒီ ဖိနပ်ပုံ သွားယားကိုက်အရုပ်တစ်စုံကို ထုပ်လိုက်ရမလားရှင့် ကလေးတွေက ဖိနပ်ဝါးရတာ ကြိုက်ကြတယ်" ဟု ပြောလိုက်သည်။
ကျိုးရှောင်ယွီက ဖိနပ်အရုပ်ကို မြင်တော့ စိတ်လှုပ်ရှားစွာ လက်ကလေး ဝေ့ရမ်းနေ၏။
ဝမ်ယွီထုံ - "..."
နောက်ဆုံးတော့ ဖိနပ်ဝါးရတာ ကြိုက်သည့် ကျိုးရှောင်ယွီ မမှားပေ။ ကလေးတိုင်းက ဖိနပ်ဝါးရတာ ကြိုက်ကြတာကိုးးး။
ကစားစရာအိမ်ကလေး နှစ်လုံးနှင့် ဖိနပ်ပုံစံ သွားယားကိုက်အရုပ်တို့ဖြင့် အိမ်ပြန်ရောက်ကတည်းက ကျိုးရှောင်ယွီတစ်ယောက် ဘယ်သူ့ကိုမှ မကြည့်နိုင်အောင် အလုပ်များလေတော့သည်။
နေ့ခင်းပိုင်းရောက်လျင် ဝမ်ယွီထုံသည် ကျောမှီထိုင်ခုံပေါ်ထိုင်ပြီး တီဗီကြည့် လက်ဖက်ရည်သောက်ရင်း ကလေးထိန်းနေ၏။
ကောင်လေးကတော့ ဧည့်ခန်းထဲ ချပေးထားသည့် ကစားစရာအိမ်လေးရဲ့ ဧည့်ခန်းထဲ ဝင်ထိုင်ပြီး တီဗီရီမုတ်ကို နှိပ်ရင်း အလုပ်များနေသည်။ ထို့နောက် ဖုန်းကို ကောက်ကိုင်လိုက်ပြန်ကာ တီတီတာတာတွေ တစ်ကိုယ်တည်းပြောနေပြန်သည်။
ဇစ်ကိုလည်း အဖွင့်အပိတ်သေချာလေး လုပ်ကာ ဆော့ပြန်သည်။ နောက်ဖိနပ်ကြိုးနှင့် ဆော့ပြန်သည်။ နောက်ကြယ်သီးတွေကို ဆွဲဆော့ပြန်သည်။ သူ့အမေ ပေးမကိုင်သည့် မီးပလက်ပေါက်နှင့်တောင် ဆော့လိုက်သေးသည်။ မီးပလက်ပေါက်ကို မြင်လျှင် သူ အရမ်းစူးစမ်းချင်သည်။ အခုတော့ သူ့ဆန္ဒပြည့်ဝချေပြီ။
ကျိုးရှောင်ယွီက ဉာဏ်ကောင်းသည့်ကလေး ဖြစ်သည်။ကစားစရာအိမ်တံခါးကို ကြိုးစားဖွင့်ကာ ကိုယ်လုံးလေး လှုပ်စိလှုပ်စိဖြင့် ဝင်သွားသည်။ အထဲမှ မီးခလုပ်အစစ်လည်း ရှိသေးသည်။ ခလုပ်ကို သူ့လက်ကလေးဖြင့် နှိပ်လိုက်သည်။ ကလစ် ဟူသည့် အသံနှင့်အတူ အဝါရောင်မီးလင်းလာသည်။ သူတအံ့တဩပြုံးလိုက်ကာ ခေါင်းလေး ပြူထွက်ပြီး ဝမ်ယွီထုံကို အော်ပြောလိုက်သည်။
"ကူးးး ကူးးးး...."
ဝမ်ယွီထုံ သောက်လက်စ လက်ဖက်ရည်ခွက်ကို ချကာ သူမ၏လက်ကို ဝေ့ရမ်းလိုက်သည်။ "ဆက်ဆော့နေ"
ကျိုးရှောင်ယွီကတော့ သစ်သားအိမ်ကလေးထဲ စူးစမ်းပြီးသည်နှင့် ပြန်ထွက်လာကာ ဖိနပ်ပုံ သွားယားကိုက်အရုပ်ကို ကောက်ကိုင်ကာ ပါးစပ်ထဲ ထည့်ဝါးလိုက်ပြန်သည်။
'ဒီဖိနပ်တွေက အရမ်းအရသာ ရှိတာပဲ!! '
ကောင်လေး၏ မျက်နှာ တစ်ခုလုံးက ကျေနပ်ပျော်ရွှင်မှုတွေ ပြည့်ဝနေ၏။
'အရမ်းပျော်တာပဲ!?'
'နောက်ဆုံးတော့ ဖိနပ်ကိုလည်း ဝါးရပြီ။ ဝိုင်ယာကြိုးတွေ မီးပလက်ခုံ တွေ နဲ့လည်း ဆော့ရပြီ။ မေမေက အရမ်းသဘောကောင်းတာပဲ။ မေမေ့ကို အရမ်းချစ်တယ်!'
ဝမ်ယွီထုံလည်း ပျော်နေသည်။ 'ကမ္ဘာပေါ်က ဘယ်ပုဂ္ဂိုလ်တွေကများ ဒီလို ထူးဆန်းတဲ့ အရုပ်ကို တီထွင်ခဲ့တာလဲ။ အရုပ်တွေက အရမ်းမိုက်တာပဲ။ ဒီညကျရင် ဆိုရှယ်မီဒီယာအကောင့်ထဲ တင်ပြီး ရီဗျူးကောင်းကောင်းပေးလိုက်ဦးမယ်။'
ရှစ်နာရီခွဲ ရောက်တော့ ကျိုးကျီယွဲ့ အိမ်ပြန်လာသည်။
ညလေက ရုတ်တရက် တိုက်ခတ်လာကာ အေးချမ်းသည့်လဝန်းကလည်း ကောင်းကင်ယံဝယ် ပေါ်လာသည်။ သစ်ပင်အရိပ်တွေကလည်း ခြံထဲဝယ် ဝိုးတဝါးကျဆင်းနေ၏။ ပန်းပင်တွေကလည်း ညလေတိုက်ခတ်မှုကြောင့် လှုပ်ခတ်နေသည်။ အပူချိန်ကလည်း တစ်ဖြည်းဖြည်းကျဆင်းလာကာ အေးလာသည်။
အိမ်အတွင်းမှာတော့ နွေးထွေးနေ၏။ ကျိုးကျီယွဲ့ သူ၏ ရှုးဖိနပ်နှင့် အပေါ်ဝတ်ဂျာကင်ကို ချွတ်လိုက်သည်။ အိမ်ထဲ အဝင်နေရာလေးက အလင်းရောင်မှိန်နေ၏။ လေထုကတော့ ဝမ်ယွီထုံ ယူဆောင်လာပေးသည့် ချိုမြိန်နွေးထွေးမှုကို ရနေသည်။
အိမ်အတွင်းပိုင်းကို လမ်းလျှောက်ဝင်လာတော့ လူကြီး နှင့် ကလေးလေးတို့ ဧည့်ခန်းထဲ ရှိနေကြသည်ကို မြင်လိုက်ရသည်။ အမျိုးသမီးက သူမဖုန်းဖြင့် ဂိမ်းကစားနေပြီး ကောင်လေးကတော့ ကစားစရာအိမ်နှင့် အလုပ်ရှုပ်နေ၏။ သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မနှောင့်ယှက်ကြပဲ အသီးသီး ကိုယ့်ဂိမ်းနှင့်ကိုယ် ကစားနေကြသည်။
ကျိုးကျီယွဲ့ သူ့ နက်ခတိုင်ကြိုးကို ဖြေလျော့လိုက်ကာ သူ့နှုတ်ခမ်းဝယ် အပြုံးရေးရေး လေးပေါ်လာသည်။တစ်နေကုန် အလုပ်ထဲ ပင်ပန်းသမျှတွေ ပြေလျော့သွားသလိုပဲ။
ဝမ်ယွီထုံ ဂိမ်းတစ်ပွဲနိုင်၍ ဖုန်းကို ချကာ ခေါင်းလှည့်လိုက်စဉ် သူမဘေး မတ်တပ်ရပ်နေသည့် အမျိုးသားကို မြင်လိုက်ရသည်။သူမ၏ မက်မွန်သီးပုံ မျက်လုံးလေး တောက်ပသွားကာ ချိုသာစွာ ပြုံးလိုက်သည်။ "ပြန်ရောက်ပြီလား"
ကျိုးရှောင်ယွီ သူ့လက်တုတ်တုတ်တိုတိုကလေးကို ဝေ့ရမ်းပြီး နှုတ်ဆက်နေသည်ကိုလည်း ကျိုးကျီယွဲ့ မြင်လိုက်ရသည်။ "အားး!"
ကျိုးကျီယွဲ့က ဘာမှ ပြန်မပြောပဲ ရေတစ်ခွက်ငှဲ့ကာ ဝမ်ယွီထုံကို ပေးလိုက်သည်။
ဝမ်ယွီထုံ အနည်းငယ်အံ့အားသင့်သွားသည်။ ဂိမ်းဆော့ပြီး ရေမသောက်တာကြာလို့ ရေသောက်ချင်နေတာကို သူဘယ်လိုသိတာပါလိမ့်? ဝမ်ယွီထုံ သူ့ကို အမြန်ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးပါ"
ကျိုးကျီယွဲ့ တစ်ခဏ ချီတုံချတုံဖြစ်နေကာ ဆုံးဖြတ်ချက် ချလိုက်သည်။ စကားလုံး တစ်ခုချင်းဆီကို သေချာရွေးကာ ပြောလိုက်သည်။ "မနက်ဖြန်စနေနေ့ မင်းအားလား?"
ဝမ်ယွီထုံ ကတော့ နောက်ဂိမ်းတစ်ပွဲကစားနေ၍ သူ့ကိုပင် မော့မကြည့်ပဲ လက်ဝေ့ရမ်းပြောလိုက်သည်။ "မအားဘူး မနက်ဖြန် ကျွန်မ ရှောင်ယွီကို သူ့သူငယ်ချင်းနဲ့ တွေ့ဖို့ခေါ်သွားရမှာ"
ကျိုးကျီယွဲ့ ဘာမှ မပြောသေးပဲ နှုတ်ခမ်းကို စေ့ထား၏။
ဝမ်ယွီထုံက ဆက်ပြောလာသည်။ " ရှောင်ယွီရဲ့ သူငယ်ချင်းရှီးရှီးလေ။ ကျွန်မတို့ မနက်ဖြန်သွားတွေ့ပြီး ကစားကြမှာ"
ဝမ်ယွီထုံ နှင့် ရှီးရှီးအမေတို့ မနက်ဖြန်စနေနေ့ အတူတွေ့ကြရန် ချိန်းထားကြသည်။
ကျိုးကျီယွဲ့လည်း လက်ထောက်ချန်း ပြောခဲ့သည်များကို သတိရလိုက်ကာ ထပ်မေးလိုက်သည်။ "ဒါဆို တနင်္ဂနွေနေ့ကော?"
ဝမ်ယွီထုံ ထူးဆန်းသလိုခံစားလိုက်ရ၍ သူ့ကို မော့ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ ကိစ္စတစ်ခုခုရှိလို့လား?"
ကျိုးကျီယွဲ့ ဘာပြောရမှန်းမသိတော့၍ မျက်ခုံးလှုပ်လာသလိုပင် ခံစားရသည်။
"ဘာကိစ္စမှ မရှိဘူးဆိုရင် နောက်မှ ပြောကြတာပေါ့" ဝမ်ယွီထုံ ခေါင်းပြန်ငုံ့ကာ ဂိမ်းကို ဆက်ကစားနေလိုက်သည်။
ကျိုးကျီယွဲ့ တစ်ယောက် မျက်မှောင်ကြုံ့ရင်း ထိုနေရာမှာပင် အရှုံးများနှင့် မတ်တပ်ရပ်နေမိသည်။
သူ့ဘဝနှစ်ခု စာမှာ ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်ကို အပြင်သွားဖို့ ခေါ်ချင်မိသည်။ 'ဘယ်လိုလုပ်ရမလဲ?'
တနင်္ဂနွေနေ့ မနက်ခင်းကောင်းကင်က နီလာကဲ့သို့ မိုးပြာရောင်ကြည်လင်နေ၏။ ရွှေရောင်ဖြန်းသည့်နေရောင်ခြည်ကလည်း ပြတင်းပေါက်ကနေ ဖြာကျနေကာ အိပ်ရာ မထချင်ဘဲ ပျင်းရိစေမည့် အငွေ့အသက်ကို ပေးနေ၏။
ဒီနေ့ အပြင်ထွက်လည်ရမည်ကို သတိရလိုက်၍ ဝမ်ယွီထုံ အိပ်ရာမှ ထကာ ကောင်ကလေးကို အဝတ်အစား ဆင်ယင်ပေးလိုက်သည်။ သူမကတော့ တစ်ကိုယ်လုံး ဂျင်းပြာဝတ်လိုက်ကာ အဖြူရောင်ဘေ့စ်ဘောဦးထုပ်ဆောင်းလိုက်သည်။ သူမ၏ ဖြူဖွေးသည့်မျက်နှာ အသားအရည်ကို ဆောင်းတွင်း အသားရည်ထိန်းသိမ်းခရင်မ်လိမ်းလိုက်သည်။ ကောင်လေးကတော့ မျက်လုံး ဝိုင်းဝိုင်း နူးညံ့ချောမွတ်သည့်အသားအရည်နှင့် အလွန် ချစ်စရာကောင်းနေ၏။
ကျိုးရှောင်ယွီ ကလေးထမင်းစားထိုင်ခုံ ပေါ်ထိုင်ရင်း သူ၏ မနက်စာ ဖရုံသီးဆန်ပြုတ်အနှစ်၊ ကန်စွန်းဥမုန့်နှင့် ဘလူးဘယ်ရီသီး လတ်လတ်ဆတ်ဆတ်များကို စားနေ၏။
ကျိုးရှောင်ယွီ၏ အစားကို ကိုယ်တိုင်စားလာနိုင်ခြင်းက ပို၍ အားကောင်းလာ၏။ ကန်စွန်းဥမုန့်ကို ဘယ် လက်ဖြင့်ကောက်ကိုင်လိုက်ပြီး ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။ နောက် ညာလက်ဖြင့် ဘလူးဘယ်ရီသီးကို ကောက်ယူနေသည်။ တစ်ခါတစ်လေမှသာ ဝမ်ယွီထုံ က ဖရုံသီးဆန်ပြုတ်ကို သူ့ပါးစပ်ထဲ ခွံ့ထည့်ပေးရသည်။ကျိုးရှောင်ယွီ ကလည်း သူ့အမေ ခွံ့သည့်အခါတိုင်း ပါးစပ်ဟကာ စားလိုက်ပြီး ခေါင်းကလေးမော့ကာ သူ့ကို ချီးကျူးမည့်အသံကို စောင့်မျှော်နေ၏။
"ရှောင်ယွီလေးက အရမ်းလိမ္မာတာပဲ။ အစားမစားမှာကို မေမေ စိတ်ပူစရာတောင် မလိုတော့ဘူး"
ဝမ်ယွီထုံလည်း မနက်စာ စားနေရင်း လိမ္မော်ရည်ကို တစ်ငုံသောက်လိုက်ပြီး သူမမျက်နှာချင်းဆိုင်မှာ ထိုင်စားနေသည့်အမျိုးသားကို လှမ်းကြည့်လိုက်သည်။
ကျိုးကျီယွဲ့သည် မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးထားကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြောနိုင်သည်။သူ၏ဆံပင်တွေက အနည်းငယ် စိုစွတ်နေပြီး ရေချိုးဆပ်ပြာအနံ့လည်း သင်းနေ၏။
ကျိုးကျီယွဲ့ သူ့လက်မှ ဘလက်ကော်ဖီခွက်ကို ကိုင်ထားရင်း ဝမ်ယွီထုံကို မေးလိုက်သည်။ "ဒီနေ့ ဘယ်သွားကြမလို့လဲ"
ဝမ်ယွီထုံ ခေါင်းလေး ငဲ့ကာ ကြည့်ရင်း ပြုံးလိုက်သည်။
"မနက်ခင်းပိုင်း ကလေးစာကြည့်တိုက်ကို သွားပြီး နေ့လည်ပိုင်းကျရင်တော့ မိသားစုစားသောက်ဆိုင်မှာ နေ့လည်စာ သွားစားကြမလို့။ ရှောင်ယွီရဲ့ သူငယ်ချင်းရှီးရှီးက တနင်္လာကနေ သောကြာထိ ကျောင်းသွားရတော့ ပိတ်ရက်လေးပဲ လည်ရလို့လေ။ ရှင်ကရော? အချိန်ပို အလုပ်ဆင်းမလို့လား?"
ကျိုးကျီယွဲ့ ခေါင်းခါလိုက်သည်။ "အချိန်ပို မရှိဘူး"
ဝမ်ယွီထုံကို သူ မျှော်လင့်တကြီး ကြည့်လိုက်သည်။ မမျော်လင့်ပဲ ဝမ်ယွီထုံက အိုးးဟု အသံပြုပြီး အနည်းငယ်သာ အံ့ဩပြကာ ဘာမှ ဆက်မပြောပဲ ကျိုးရှောင်ယွီကို ဆန်ပြုတ် ဆက်ခွံ့နေ၏။
နာရီဝက်လောက်ကြာတော့ မနက်စာစားပြီးသွားကြကာ ကောင်လေးကို ကားနောက်ခန်းမှာ ထည့်ပြီး ကျိုးကျီယွဲ့ကို လက်ပြနှုတ်ဆက်လိုက်သည်။ "ဘိုင်းး ညနေကျမှ တွေ့မယ်"
ကျိုးရှောင်ယွီကတော့ အပြင်သွားရမည်မှန်း သိ၍ ပျော်နေ၏။သူ့အမေပုံစံကို အတုခိုးကာ သူ့အဖေကို လက်ပြနှုတ်ဆက်နေ၏။ "ဂူးဂူးးး!"
ကျိုးကျီယွဲ ကားအပြင်ဘက်ကနေ လက်ပြနှုတ်ဆက်ရင်း အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။
ကားထဲက လူကြီးလေးနှင့် ကလေးလေးက သူ့ကိုပါခေါ်သွားဖို့ စိတ်ကူးမရှိတာ သိသာလှသည်။ "ဒါဆို ပျော်ခဲ့ကြနော်"
"အိုခေ ! ဘိုင်းး."
ကားပြတင်းမှန် ချပြီးနောက် တစ်ဖက်နှင့် တစ်ဖက် မမြင်ရတော့ချေ။ Rolls-Royceကားလေးသည် တစ်ဖြည်းဖြည်း ထွက်ခွာသွားတော့သည်။
ကျိုးကျီယွဲ့ တုံ့ဆိုင်းမှုမရှိပဲ ထွက်ခွာသွားသည့် ကားနောက်ကို ကြည့်ရင်း သူ့မျက်လုံးတွေ မဲမှောင်သွားသည်။
ဟားးဟားး အတော်ကောင်း။ သူ့အဖြစ်က သူမ နောက်လိုက်ပြီး အိတ်ကိုင်ဖို့ အခွင့်အရေးတောင် မရှိပါလား။
ဝမ်ယွီထုံက ဘာမှ အထွေအထူးတွေးမနေပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက သူငယ်ချင်းနဲ့အတူ ကိုယ့်ကလေးတွေကို ခေါ်ပြီး အပြင်ထွက်လည်ကြတာလေ။ အမျိုးသားတွေကို ခေါ်လာစရာမှ မလိုတာ။
မိနစ် နှစ်ဆယ်ခန့်ကြာတော့ ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီတို့ အွန်လိုင်းမှာ နာမည်ကြီးသည့် မြို့တော်A ရဲ့ ကလေးများ လည်ပတ်နိုင်သည့် နာမည်ကြီး ဆယ်နေရာထဲက တစ်ခုဖြစ်သည့် ကလေးစာကြည့်တိုက်သို့ ရောက်သွားကြသည်။ ဖန်းရော့ရှီးတို့ သားအမိလည်း တံခါးပေါက်ဝမှာ စောင့်နေကြသည်။
ဖန်းရော့ရှိီးသည် ပန်းရောင်စကပ်ဝဲဝဲလေးနှင့် အဖြူရောင်အသားကပ်ကို လှလှပပလေး ဝတ်ထားသည်။ နူးညံ့သည့်ဆံပင်ရှည်ပေါ်မှာ အဖြူရောင် သိုးမွှေးဦးထုပ်ကိုလည်း ဆောင်းထားသည်။
ဆံပင်ရှည်ကတော့ အဖျားမှာ လှိုင်းကြီး ကောက် ကောက်ထားသည်။
ဖန်းရော့ရှီး အဝေးမှ နှုတ်ဆက်လိုက်သည်။ "ဟယ်လို အန်တီ!!! ဟယ်လို မောင်လေး ရှောင်ယွဲ့ !!"
ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ လက်ကလေးကို ကိုင်ဝေ့ရမ်း ကာ ပြန်နှုတ်ဆက်လိုက်သည်။ "ရှီးရှီး! အစ်မဖန်း ဟယ်လို"
ရှီးရှီးအမေက သူ့သမီးနှင့် အရောင်တူ ဝတ်ထားသည်။သူမ ဆံပင်ကိုလည်း လှိုင်းကြီးကောက်ထားသည်။ သူမသည် ကျက်သရေရှိစွာ ပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။
"အစ်မကျိုး"
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ချီရင်း ဖန်းရော့ရှီး အမေကို မနာလို ဖြစ်မိသည်။ သမီးလေး ရှိတာကောင်းလိုက်တာ။အမေနဲ့ သမီးအဝတ်အစား ဆင်တူ ဝတ်ပြီး ဆံပင်ပုံစံလည်း ဆင်တူ ပြင်လို့ရတယ်လေ။
စာကြည့်တိုက်ထဲ ဝင်ဖို့ လက်မှတ်ဝယ်ကာ လေးယောက်သား အတူဝင်သွားလိုက်သည်။ ဝမ်ယွီထုံလည်း ပထမဆုံး ဒီလို နေရာမျိုး လာလည်ဖူးတာ ဖြစ်သည်။
ကလေးတွေကို ဒီလို သန့်ရှင်းတဲ့ နေရာမျိုး ခေါ်လာ ရသည်က တန်လှသည်။ လက်မှတ်ကလည်း ဈေးမကြီးပါ။ ကစားစရာနှင့် ရုပ်ပြစာအုပ်များလည်း အစုံအလင်ရှိသည်။ ကလေးတွေကို အမြဲတမ်း ပုံပြင်ဖတ်ပြသည့် ဝါရင့်ဆရာမများလည်း ရှိသည်။
ဖန်းရော့ရှီးကတော့ ရောက်ရောက်ချင်း တစ်ခါတည်း လီဂို ကစားစရာ အရုပ်များ နံရံအပြည့် ရှိသည့် နေရာကို တန်းသွားလေတော့သည်။ ထိုလီဂို အတုံးများကို သူမ ကိုယ်တိုင်စီကာ ကစားနေ၏။
ကျိုးရှောင်ယွီကတော့ ဖန်းရော့ရှီးကို မျက်လုံးလေး အဝိုင်းသားဖြင့် ကြည့်နေသည်။ သူ့အစ်မက သူ့ကိုမခေါ်ပဲ ပျော်ပျော်ကစားနေ၍ သနားကမားအကြည့်ဖြင့် ကြည့်နေသည့်ပုံ။
ဝမ်ယွီထုံလည်း ကောင်လေး၏ မကျေမနပ်အကြည့်ကို သတိထားမိလိုက်၍ ကျိုးရှောင်ယွီကို လီဂိုကစားသည့်နေရာကို ခေါ်သွားလိုက်သည်။ လီဂိုအတုံးတွေက ကြီး၍ ရှောင်ယွီလေး မတော်တဆ ပါးစပ်ထဲ ထည့်မိမှာကိုလည်း စိုးရိမ်စရာမလိုပေ။
လိဂိုအရုပ်ကစားသည့်နေရာမှာ သုံးလေးနှစ်အရွယ်ကလေးများသာ ရှိကြ၍ ရှောင်ယွီလေးနှင့် အတူ ဘယ်သူမှ မဆော့ချင်ကြပေ။
ဖန်းရော့ရှီးက လက်ကို ခါးထောက်ကာ မေးလိုက်သည်။
"ရှောင်ယွီ ဘာလို့ ဒီကို လာတာလဲ။ နင်ကငယ်သေးလို့ လီဂိုမကစားတတ်သေးဘူး။ ဟိုဘက်က အရုပ်တွေ နဲ့ သွားကစားရမှာလေ"
ကျိုးရှောင်ယွီ ကြမ်းပြင်ပေါ်ထိုင်ပြီး မနာလိုသည့်ပုံဖြင့် မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်နေ၏။ သူလည်း အစ်ကို အစ်မတွေလို အတုံးလေးတွေ ဆက်တာ ဆော့ချင်တယ်လေ။
ဘေးက ကြည့်နေသည့် ရှီးရှီးအမေက သူ့သမီးကို ဝင်ပြောလိုက်သည်။ "ရှီးရှီး ရှောင်ယွီလည်း အတုံးလေးတွေ ဆက်တာ ကစားချင်မှာပေါ့။ ဒါက အများပိုင်နေရာဆိုတော့ လူတိုင်း ကိုယ်ကစားချင်တာ ကစားခွင့်ရှိတယ်လေ။ ဗိုလ်မကျရဘူး။"
ဖန်းရော့ရှီး အထင်သေးသည့်ပုံဖြင့် ဟွန့်ကနဲ နှာမှုတ်သံပြုကာ ပြောလိုက်သည်။ "ဟုတ်ပြီ ဒါဆို ဒီမှာ ထိုင်ပြီးတော့ပဲ ကြည့်ရမယ်နော်။ ငါဆက်ထားတဲ့ အတုံးတွေကို မထိရဘူးနော်။ နားလည်လား"
ကျိုးရှောင်ယွီကလည်း လီဂိုတုံးတွေကို မထိမိစေရန် ဘေးမှာပဲ လိမ်လိမ်မာမာလေး ထိုင်နေ၏။ ဖန်းရော့ရှီးက အနီရောင်လီဂို အတုံးနှစ်တုံးကို ရှောင်ယွီ လက်ထဲ ထည့်ပေးလိုက်သည်။ "ဒါနဲ့ ဆော့နေ။ ဘာမှ မထိနဲ့နော်"
ကျိုးရှောင်ယွီကလည်း ချေးမများပါ။ သူ့မမ ပေးသည့် အတုံးနှစ်တုံးကို လက်ထဲမှာ ကျစ်ကျစ်ဆုပ်ကိုင်ပြီး ပြုံးဖြီးနေ၏။ "ကူးးး ကူးးးး.."
ကလေး နှစ်ယောက် ငြိမ်းချမ်းရေး ရနေသည့်အတောအတွင်း ဝမ်ယွီထုံနှင့် ရှီးရှီး အမေတို့ လက်တေးကော်ဖီတစ်ခွက်ဆီနှင့် မိဘများအတွက်နေရာခုံတန်းပေါ် ထိုင်ရင်း စကားလေးပြောကာ ကလေးတွေကို စောင့်ကြည့်နေကြသည်။