← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

စိတ်မရှည်ဖြစ်နေသည့် ရှောင်ယွီလေးကို တွန်းလှည်းမှ ကောက်ချီလိုက်ကာ သံဇဉ်ဂီတရေပန်းနားသွားလိုက်သည်။

ကျိုးရှောင်ယွီလေးသည် သူ့အမေ၏ အင်္ကျီကို တင်းတင်းဆုပ်ကိုင်ကာ လွတ်နေသည့် ရေပန်းနေရာများကြား ပြေးလွှားဆော့ကစားနေသည့် ကိုကို၊ မမ များကို ပါးစပ်လေး စေ့ထားရင်း လိုက်ကြည့်နေ၏။

ဝမ်ယွီထုံသည် သူမကလေး စိတ်ကူးယဉ်နေသည်ကို သေချာလေး ဂရုစိုက်ပေးနေသည်။ ဟွားရီစင်တာမှာ နာမည်ကြီးဘရန်း ကလေးအဝတ်အစားဆိုင်တွေ၊ နာမည်ကြီး ဘရန်းအရုပ်ဆိုင်တွေ၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးစင်တာနှင့် ကလေးပစ္စည်းနှင့် ဆိုင်သည့် စတိုးဆိုင်များအများအပြားဖွင့်ထားသည်ကို သူမ သတိထားမိသည်။

သို့သော် ကလေးတွေအတွက် ပျော်စရာနေရာကတော့ အကန့်အသတ်ဖြစ်နေသည်။ ကလေးတွေ ကစားနိုင်မည့် နေရာသည် သံဇဉ်ဂီတ ရေပန်းတစ်ခုသာ ရှိသည်။

အမှန်တော့ ဝမ်ယွီထုံသည် ဆိုင်တစ်ခုဖွင့်ရန် စိတ်ကူးရှိခဲ့သော်လည်း အကောင်အထည် မဖော်နိုင်သေးပေ။ ထိုစိတ်ကူးသည် လတ်တလောပင် ရှင်းရှင်းလင်းလင်းဖြစ်လာသည်။

အကယ်၍သူမသည် လူကြိုက်များနိုင်မည့် မိုးလုံလေလုံကလေးကစားကွင်း၊ မိသားစုစားသောက်နေရာနှင့် မိသားစုစတိုင် ကလေးစာကြည့်နေရာစသည့် ကလေးမိဘများကို ပညာပေးနိုင် ပျော်စရာရှာဖွေနိုင်သည့် နေရာမျိုး ပြုလုပ်ပေးနိုင်လျင် ကလေးတွေသာမက လူကြီးများပင် ပျော်ပျော်ကြီး မိမိ ကလေးများကို ထိန်းကျောင်းပေးနိုင်မည်။

သို့သော် ထိုကဲ့သို့ မိဘနှင့်ကလေးများနိဗ္ဗာန်ဘုံကို ဖွင့်လှစ်လိုလျင် ဆိုင်နေရာနှင့် ဆိုင် အတွင်း အနေအထား၊ကိရိယာတန်ဆာပလာအမြောက်အများလိုအပ်မည့်အပြင် လာရောက်မည့်လူပမာဏနှင့် ဆိုင်အတွင်း လူပမာဏဝင်ဆန့်နိုင်မှု တို့ကိုပါ တွက်ချက်ရမည်ဖြစ်သည်။

ဝမ်ယွီထုံ သိသလောက်ဆိုလျင် ဟွားရီစင်တာ အနီးအနားတွင် အဆင့်မြင့်အိမ်ရာများရှိကာ မူကြိုသုံးခု၊ မူလတန်းနှင့် ရုံးအဆောက်အဦများရှ်ိသည်။ ဖွင့်လှစ်ထားသည့် မူကြိုသုံးခုတွင် နှစ်ခုသည်အင်တာနေရှင်နယ် မူကြိုဖြစ်ကာ တစ်နှစ်လျင် ယွမ်နှစ်သိန်းသုံးသောင်းပေးဆောင်ရသည်။

ဟွားရီစင်တာမှ အနီးဆုံး ကလေးကစားကွင်းကြီးသည်ဟန်ထျန်းမြို့တွင်ရှိပြီး သုံးကီလိုမီတာဝေး၏။ ထို့အနေအထားကို ကြည့်လိုက်လျင် ဈေးကွက်လိုအပ်ချက်ကလည်း ရှိနေသည်။

ဟွားရီစင်တာတွင် နာမည်ကြီးဘရန်းဆိုင် အများအပြားရှိ၍ ရုံးပိတ်ရက်အပြင် ကျန်သည့်ရက်များတွင်လည်း လူစည်ကားသည်။

ထို့အပြင် ဝမ်ယွီထုံ၏ အကြံမှ ပစ္စည်းကိရိယာများထည့်လိုက်လျင်ပင် ဆိုင်ခန်းဧရိယာသည် ကျယ်ဝန်းနေသေးသည်။ သူမ သုံးထပ်စတိုးဆိုင်ခန်းကို မော့ကြည့်လိုက်သည်။ ထိုဆိုင်ခန်းကိုအရင် သူမဝင်ကြည့်စဉ်က ၁၅၀၀စတုရန်းမီတာခန့် ကျယ်ဝန်း၏။ ဆိုင်၏ အပြင်ဘက် အပြင်အဆင်ကလည်း ရိုးရှင်းသည့်စတိုင်ဖြစ်သည်။ ဆိုင်နေရာမှ လှမ်းကြည့်လိုက်လျင် ရေပန်းကိုလည်း လှမ်းမြင်ရ၍ ရှုခင်းလည်းသာသည်။

ဘယ်လိုပဲ ကြည့်ကြည့်သူမစိတ်ထဲမှာတော့ စိတ်ကူးထဲက မပြီးမြောက်သေးသည့် မိဘနှင့်ကလေးနိဗ္ဗာန်ဘုံလေး နှင့် တူနေသည်။

ထိုကဲ့သို့ စဉ်းစားလိုက်ပြီးနောက် ဝမ်ယွီထုံသည် စင်တာ၏ ရင်းနှီးမြုပ်နှံရေးဌာနကို ဖုန်းဆက်မေးလိုက်ရာ ထိုစတိုးဆိုင်နေရာကို ဘယ်သူမှ လာမငှားရမ်းသေးကြောင်းသိလိုက်ရသည်။

"ဆိုင်ခန်းက အခုအငှားဖွင့်ထားပါတယ်။ တစ်ကယ်လို့ မိတ်ဆွေ စိတ်ဝင်စားရင် အသေးစိတ်ဆွေးနွေးဖို့အတွက် ရက်ချိန်းယူလို့ရပါတယ်"

ဝမ်ယွီထုံလည်း အများကြီးစဉ်းစား မနေတော့ပဲ ရင်းနှီးမြုပ်နှံရေးဌာန မန်နေဂျာလျန်နှင့် တွေ့ရန် ကြာသာပတေးနေ့ ရက်ချိန်းယူလိုက်သည်။ ဖုန်းချလိုက်ပြီး သူမစိတ်ကူးထဲက မိဘနှင့်ကလေးနိဗ္ဗာန်ဘုံလေးကို အ‌သေးစိတ်စဉ်းစားကြည့်ကာ သူမ ကိုယ်ထဲမှ သွေးများဆူပွက်ကာ တက်ကြွလာသည်။

တစ်ခဏအကြာတွင်ရှီးရှီးအမေနှင့် လျန်ဇီအမေတို့ လည်း ရောက်လာကြသည်။ ဒီနေ့တော့ သူတို့နှစ်ယောက်စလုံး ကလေးမခေါ်လာကြပါ။ ဖန်းရော့ရှီးက မူကြိုကျောင်းသွားပြီး လျန်ဇီလေးကတော့ သူ့အဖွားအိမ် အလည်သွားနေသည်။

ဤသို့ဖြင့် ကျိုးရှောင်ယွီလေးသည် အမေသုံးယောက်ပတ်ချာလည်ဝိုင်းနေသည့် အဖိုးတန်ကလေးလေးဖြစ်လာခဲ့သည်။ အားလုံး၏ အာရုံစိုက်မှုကိုရနေသည့် ကျိုးရှောင်ယွီလေးသည်သူ့ဆံပင်ကောက်ကွေးလေးကို ခါရမ်းကာ သူ၏ ပန်းဆီရောင်သန်းနေသည့်မျက်နှာလေးကလည်း ကျက်သရေရှိမြင့်မြတ်နေသည့်ဟန်ပေါ်နေသည်။

ရှီးရှီးအမေ - "ရှောင်ယွီလေးက နည်းနည်း ပိန်သွားသလိုပဲနော။ ဒါပေမယ့် သူအရပ်တော့ရှည်လာတယ်။သူ့ခြေထောက်တွေ ပိုရှည်လာပြီ"

"ဟုတ်တယ် သူ့ကို မြို့တော်ဘီကို အလည်ခေါ်သွားတုန်းက သူ့အစာအိမ်တွေ ကမောက်ကမဖြစ်ကုန်တယ် ထင်တယ်။ တစ်နေ့ကို ဝမ်း သုံးလေးခါလောက် လျှောပြီး ဝိတ်ကျသွားတော့တာပဲ" ဝမ်ယွီထုံ ကူရာမဲ့ ဖြစ်နေသည့်ပုံဖြင့်ပြောလိုက်သည်။

လျန်ဇီမေမေ - " ကလေးရဲ့ ခန္ဓာကိုယ် ပြန်လန်းလာဖို့ အားဆေးလေးတွေ တိုက်ပေးလေ"

ရှီးရှီးအမေနှင့် လျန်ဇီ အမေတို့ က ဝမ်ယွီထုံကို တစ်နှစ်အောက် ကလေးအားတိုက်ကျွေးနိုင်သည့် အားဆေးများ ညွှန်းပေးလိုက်ကြသည်။

ရှီးရှီးအမေ -:"အချိန်လည်း လင့်နေပြီ ဆိုတော့ အိမ်မပြန်ခင် ကျွန်မတို့တွေ နေ့လည်စာအတူစားသွားရအောင်လေ"

ရှီးရှီးအမေသည် ကျိုးရှောင်ယွီကို ငှဲ့ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ဒီမှာမိသားစု စားသောက်ဆိုင်မရှ်ိတော့ ကလေးတွေခေါ်လာပြီး အတူစားဖို့က အဆင်မပြေဘူး။ အခုလို ဆုံဖြစ်မယ်မှန်းကြိုသိရင် နည်းနည်းဝေးပေမယ့် ဟန်ထျန်းမြို့မှာပဲ တွေ့ဖို့ချိန်းလိုက်ပါတယ်"

လျန်ဇီအမေကလည်း ပုခုံးတွန့်ကာ ပြောလိုက်သည်။

"ဟုတ်တယ် ဒီမှာသာ မိသားစုစားသောက်ဆိုင်ရှိရင် လျန်ဇီကို အပတ်တိုင်း ဒီခေါ်လာမှာ"

ဝမ်ယွီထုံလည်း သူမ၏ ပုံမဖော်ရသေးသည့် စိတ်ကူးကို ဖွင့်ပြောလိုက်တော့သည်။ သူတို့နှစ်ယောက်ကလည်း အလွန်စိတ်ဝင်စားလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

အမေ သုံးယောက်သည် ကျိုးရှောင်ယွီလေးကို စားသောက်ဆိုင်တစ်ခုဆီ ခေါ်လာပြီး ဝင်ထိုင်လိုက်ကြကာ စောနက ကိစ္စကို ဆွေးနွေးနေကြသည်။

ကျိုးရှောင်ယွီကတော့ ကလေးထမင်းစားထိုင်ခုံပေါ်ထိုင်ပြီးသွားရည်ခံလေးဝတ်ကာ သူ့ကို စားစရာခွံ့ကျွေးမည်ကို စောင့်နေ၏။

အမေသုံးယောက်ကလည်း ကလေးကိုအတူတကွဂရုစိုက်ပေးနေကြသည်။ ဝမ်ယွီထုံသည် ခရမ်းချဉ်သီးနှင့်အမဲသားဆန်ပြုတ်အနှစ်ကို အမြန်ပြင်ဆင်လိုက်သည်။ ရှီးရှီးအမေက ဇွန်းဖြင့်ခက်ကာ ကလေးကို ကျွေးလိုက်ပြီး လျန်ဇီအမေက ပေါက်စီအလွတ်ပေါင်းတစ်လုံးကို နည်းနည်းချင်းစီ ဖဲ့ကာ ကလေးကို ကျွေးနေသည်။

အမေသုံးယောက်စလုံးက လှပကာ နူးညံ့သိမ်မွေ့ကြပြီး ကလေးကို ပြုစုစောင့်ရှောက်သည့် နေရာမှာလည်း အတွေ့အကြုံရှိကြသည်။ ထို့ကြောင့် ကျိုးရှောင်ယွီလေးသည် အလွန်သက်သောင့်သက်သာခံစားရပြီး သူ၏ ပန်း‌ဆီရောင် မျက်နှာလေးကလည်း ဝင်းနေကာ ဆံပင်တွေခါရမ်းပြီး ပါးစပ်လေးဖွင့်ကာ အစာထပ်တောင်းနေသည်။

ဝမ်ယွီထုံ ကလေး၏ ခေါင်းကို ပွတ်လိုက်သည်။

"အရမ်းလိမ္မာလိုက်တာ.."

ကျိုးရှောင်ယွီ သူ့လက်ကလေးကို ဝေ့ရမ်းလိုက်သည်။

"ဒါ...ဒါ....ဒါ....ဒါ.."

ဝမ်ယွီထုံ အမေနှစ်ဦးနှင့် စကားအတန်ကြာအောင်ပြောပြီးနောက် ရှီးရှီးအမေနှင့် လျန်ဇီအမေတို့သည် နာမည်ကြီးတက္ကသိုလ်များမှ ဘွဲ့ရများဖြစ်ကြောင်းသိလိုက်ရသည်။ သို့သော် ကလေးကို ဂရုစိုက်ရမည်ဖြစ်၍ လွန်ခဲ့သည့်နှစ်များကတည်းက သူတို့အလုပ်တွေ နားလိုက်ကာ အိမ်မှာပဲ အချိန်ပြည့် အိမ်ရှင်မ လုပ်ခဲ့ကြရသည်။

ရှီးရှီးအမေ - " အစက ရှီးရှီးလေး မူကြိုစတက်ရင် ကျွန်မလည်း ဒီနှစ်အတွင်း အလုပ်ပြန်ဝင်ဖို့စီစဉ်ထားတာ။ ဒါပေမယ့် အခုထိ မဆုံးဖြတ်ရသေးဘူး"

လျန်ဇီအမေ - "လျန်ဇီက တစ်နှစ်အရွယ်ပဲ ရှိသေးပေမယ့် အိမ်က လူကြီးတွေကလည်း ကလေးထိန်းကူကြတော့ အခု ကျွန်မမှာ အားလပ်ချိန်တွေ ရှိပါတယ်။ လောလောဆယ်တော့ ကျွန်မရဲ့ အရင်အလုပ်လည်း ပြန်မဝင်နိုင်သေးတော့ ပြင်ပနဲ့ အဆင်အသွယ်မပြတ်ရအောင် အပိုဝင်‌ငွေ အလုပ်လေး လုပ်မလား စဉ်းစားနေတာ"

သူတို့သုံးဦးတွင် ဝမ်ယွီထုံ တစ်ဦးတည်းကသာ ပညာအရည်အချင်း အနိမ့်ဆုံးနှင့် လုပ်ငန်းအတွေ့အကြုံအနည်းဆုံးဖြစ်သည်။ မူလကိုယ်သည် ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်လုပ်ကိုင်ဖူးသော်လည်း သူမနှင့် မကိုက်ညီခဲ့ရုံသာမက ပြသနာ‌တွေလည်း အတော်လေး ရှာခဲ့သည်။

သူတို့သုံးဦးသား မိဘနှင့်ကလေးနိဗ္ဗာန်ဘုံ လေး အကြောင်း ဆွေးနွေးကြရင်း အရှိန်ပါလာကြကာ ဆွေးနွေးရင်း တက်ကြွလာကြသည်။ ရိုးရှင်းသည့်အမေသုံးဦးပါဝင်သည့် စွန့်ဦးတီထွင်အသင်းလေးသည် တိတ်တဆိတ် ပေါ်ပေါက်လာခဲ့သည်။ ဆိုင်နာမည်၊လုပ်ငန်းဖွဲ့စည်းတာ်ဆောက်ပုံ နှင့် အလုပ်သမားစီမံခန့်ခွဲမှုများကိုလည်း ဆွေးနွေးခဲ့ကြ၏။ ပုံမဖော်ရသေးသည့် စိတ်ကူးအိုင်ဒီယာလေးသည် တစ်ဖြည်းဖြည်း ပုံပေါ်လာသည်။

ရင်းနှီးမြုပ်နှံမှု အချိုးအရ ဝမ်ယွီထုံသည် ရှယ်ယာ ၆၀%၊ ရှီးရှီးအမေသည် ၃၀% ၊ လျန်ဇီ အမေသည် ၁၀% ထည့်ဝင်မည်ဖြစ်သည်။

ခေါင်းဆောင်ဖြစ်သည့် ဝမ်ယွီထုံသည် ဆိုင်၏ ဒီဇိုင်းပိုင်းနှင့်အစီအစဉ်ရေးဆွဲမှု အပိုင်းကို တာဝန်ယူရမည်ဖြစ်ပြီး အရေးကြီးကိစ္စရပ်များကို အကောင်အထည် ဖော်ပေးရမည်ဖြစ်သည်။ ရှီးရှီးအမေကတော့ ငွေရေး ငကြေးရေး အပိုင်းကို တာဝန် ယူကာ လျန်ဇီ အမေကတော့ ဥပဒေရေးရာနှင့် ဆိုင်သည့်အပိုင်းများကို တာဝန်ယူလိုက်ကြသည်။

သို့သော် လောလောဆယ်တော့ သူတို့ သုံးဦးစလုံး ကလေးကစားကွင်းနှင့် ဆိုင်သည့်လုပ်ငန်း အတွေ့အကြုံမရှိကြသေး၍ ဆိုင်၏ အစောပိုင်းကာလတွင် သူတို့ကို ကူညီကာ ဖြစ်လာနိုင်သည့် ပြသနာများကို ပရော်ဖက်ရှင်နယ်ကျကျဖြေရှင်းနိုင်မည့် အတွေ့အကြုံရှိ ဆရာမတစ်ဦးငှားရမ်းရမည်ဟု သုံးဦးသား ဆွေးနွေးလိုက်ကြသည်။

အမေသုံးယောက်က သူ့ကို ဂရုမစိုက်ဘဲ လျစ်လျူရှုနေကြ၍ ကျိုးရှောင်ယွီတစ်ယောက် မပျော်မရွှင်ဖြစ်လာကာ အော်ဟစ်လေတော့သည်။

"အားးးး"ဟု အကြိမ်ကြိမ်အော်ပြီး အမေများ၏ အာရုံကို သူ့ဘက်ပြန်လည်လာအောင် ကြိုးစားလေသည်။

ဝမ်ယွီထုံ ကလေးကိုလှည့်ကြည့်လိုက်ပြီး မျက်ခုံးလေးပင့်လိုက်သည်။ "ကျွန်မတို့ ရှောင်ယွီလေးကိုလည်း နေရာပေးကြမလား?"

ရှီးရှီးအမေနှင့် လျန်ဇီအမေတို့လည်း ရှောင်ယွီလေးကို တစ်ချိန်တည်း လှည့်ကြည့်လာသည်။

အားလုံး၏ အာရုံစိုက်မှု သူ့ဆီပြန်ရောက်လာတော့ ရှောင်ယွီလေးသည် ဆီလီကွန်ဇွန်းကို ကောက်ကိုင်ကာ သူ့စွမ်းရည်တွေ ထုတ်ပြလေတော့သည်။ သူ့နှုတ်ကလည်း တီတီတာတာတွေ ပြောကာမျက်လုံးလေးကို လခြမ်းသဏ္ဌာန်ကွေးရင်း ဆီလီကွန်ဇွန်းကိုကိုင်ကာ ဟိတ်ဟန်ထုတ်ပြီး ကပြလေတော့သည်။

ရှီးရှီးအမေက နှုတ်ခမ်းလေးကွေးကာ ပြုံးလိုက်သည်။

"တို့ရှောင်ယွီလေးက အရမ်းချောတာပဲ ဘာလို့ ကလေးတို့ကမ္ဘာရဲ့ ကိုယ်စားပြုကလေးမလုပ်ခိုင်းရမှာလဲ"

ကျိုးရှောင်ယွီလေးက ၉၉.၉ရာခိုင်နှုန်းသော တစ်ခြားကလေးတွေကို ရူပါချင်းယှဉ်လျင်ပင် ရိုက်ချနိုင်လိမ့်မည်ဟု လျန်ဇီအမေကလည်း ပြောလာသည်။သူ့သားပင်လျန်ဇီပင်လျင် ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု ဝန်ခံလာသည်။

"ဟုတ်တယ် ရှောင်ယွီလေးက တစ်ကယ်ချောတာ တစ်နှစ်မပြည့်သေးတာတောင် ဒီလောက်ချောတာ ကြီးလာတဲ့အခါ ပိုချောပြီး ပျိုတိုင်းကြိက်တဲ့ နှင်းဆီခိုင်လေးဖြစ်မှာ"

လူတိုင်းက သူ့ကို ချီးကျူးနေမှန်း ကျိုးရှောင်ယွီ ခံစားသိ၏။ ထို့ကြောင့် သူ့နှုတ်ခမ်းလေးကို စေ့ရင်း ရှက်ပြုံးလေး ပြုံးလိုက်ကာ ထမင်းစားထိုင်ခုံစားပွဲပေါ် သူ့လက်သေးသေးလေး နှစ်ဖက်ကို တင်လိုက်သည်။

သူလည်း သူ့ကိုယ်သူ ချောမှန်း ချစ်စရာကောင်းမှန်းသိသည်။ လူတိုင်းကလည်း ထိုကဲ့သို့ပြောကြသည်။

ဝမ်ယွီထုံ - "..."

စနစ်ကလည်း ပြောလာပြန်သည်။ "ကလေးတွေကို ချီးကျုးပေးရမယ် ဆိုပေမယ့် စနစ်တကျ ချီးကျူးပေးတာမျိုးပဲ လုပ်ရမယ်။ ကြုံသလို ချီးကျူးတာမျိုး မလုပ်သင့်ဘူး!အခု ချီးကျုးနေတာက ကြုံရာချီးကျူးစကားပြောသလို ဖြစ်နေတယ်"

စနစ်မှ ရုပ်ပုံနှင့် စာများ ပြသလာသည်။

[ဖေဖေ နဲ့ မေမေ သားကို ချစ်ရင် ချီးကျူးစကားတွေ ပြောပေးပါ]

[ကလေးတွေရဲ့ အမူအကျင့် ပြောင်းလဲမှုတွေ ကို ချီးကျူးပေးပါ။ ဉာဏ်ကောင်းသွက်လက်ချက်ချာလို့ ချီးကျူးတာထက် အလုပ်ကြိုးစားအားထုတ်မှုကို ချီးကျူးပေးတာ ပို‌ကောင်းပါတယ်]

[တစ်ခြားကလေးတွေနဲ့ နှိုင်းယှဉ်ချီးကျူးတာမျိုး မလုပ်ပါနဲ့!]

  ….. ..... ...... ...... ......

ရှီးရှီးအမေ၊ လျန်ဇီအမေတို့နှင့် ဆွေးနွေးစရာရှိသည်များ ဆွေးနွေးပြီးနောက် ညနေ သုံးနာရီခွဲခန့်တွင် ရှီးရှီးအမေသည် ရှီးရှီးကို မူကြိုကျောင်းမှ သွားကြိုရမည်ဖြစ်၍ မနှုတ်ဆက်ချင်ပဲ နှုတ်ဆက်ခွဲခွာလိုက်ကြရသည်။

ကျိုးရှောင်ယွီလေးကတော့ သူ့တွန်းလှည်းပေါ် အိပ်ပျော်နေ၍ ရင်ဘတ်ပေါ်စောင်ခြုံပေးလိုက်သည်။

သူတို့သုံးဦး နှုတ်ဆက်ပြီးနောက် ဝမ်ယွီထုံသည် သူတို့ ကလေးများအကြောင်းဆွေးနွေးသည့်ဂရု အပြင် နောက်ထပ် မိဘနှင့်ကလေးနိဗ္ဗာန်ဘုံ ဆိုသည့် WeChat Group အသစ်ကို ထပ်ဖွဲ့လိုက်သည်။

သူတို့အချင်းချင်း ရင်းနှီးကြသော်လည်း အချင်းချင်း" ဘယ်သူ့အမေ" ၊ "မစ္စဘယ်သူ" ဟုသာ ခေါ်ကြသည်။

သို့သော် Group Chat မှာတော့ အပြင်မှာ ကဲ့သို့ မဟုတ်ပဲ နာမည်အရင်းတွေကို တိုက်ရိုက်ရေးမှတ်ထားလိုက်ကြသည်။

[ဝမ်ယွီထုံ - နောက်နှစ်ပတ်လောက်နေရင် ကျွန်မ ကနဦးအဆိုပြုချက် တင်ပြပေးပါမယ်။ ပထမဆုံး ဟွားရီစင်တာရင်းနှီးမြုပ်နှံမှုဌာနနဲ့ ဆက်သွယ်ပြီး ဆိုင်ခန်းငှားလိုက်ပါဦးမယ်]

[အိုက်ဝမ် (ရှီးရှီးမေမေ) - နားလည်ပါပြီ ]

【ရှရီချင်း (လျန်ဇီမေမေ) - နားလည်ပါပြီ.】

..... ....... ....... ........ ....... .......

ညနေစာစားချိန်တွင် ဝမ်ယွီထုံသည် ရှောင်ယွီကို မှိုဖက်ထုပ်နှင့် ကြက်သားအနှစ်တို့ကို ခွံ့ကျွေးရင်း သူမ၏ ဆိုင်ဖွင့်မည့် အိုင်ဒီယာကို ကျိုးကျီယွဲ့အား ပြောပြနေသည်။

စက္ကန့်ပိုင်းအတွင်း ဝမ်ယွီထုံ၏ ဥက္ကဌဖြစ်သွားသည့် ကျိုးကျီယွဲ့သည် ထိုင်ခုံကို နောက်မှီထိုင်လိုက်ပြီး သူ၏ သွယ်လျသည့် လက်ချောင်းတွေကို ကျက်သရေရှိလှစွာ ယှက်ကာ မီးခိုးရောင်မျက်ဝန်းတွေဖြင့် ဝမ်ယွီထုံ ပြောသည်ကို အာရုံစိုက်နားထောင်နေသည်။

ဝမ်ယွီထုံ နာရီဝက်လောက် ရှင်းပြနေရ၍ အာ‌ခေါင်ပင် ခြောက်လာသည်။ နောက်ဆုံးတော့ သူမ၏ ဘရန်းအိုင်ဒီယာအသေးစိတ်၊ ဒီဇိုင်းပိုင်းနှင့် ဝန်ထမ်းစီမံခန့်ခွဲမှု အပြင် ရှီးရှီးအမေ၊ လျန်ဇီအမေတို့နှင့် ပူးပေါင်းထားမှုကိုပါ ပြောပြလိုက်နိုင်သည်။

ကျိုးကျီယွဲ့သည် တစ်ခြားအကြံပြုချက်တွေ တော့ ပြောမလာခဲ့ပါ။

သို့သော် သူ၏ ဩဇာရှိသည့်အသံဩဩဖြင့် မေးလာသည်။

"ကျိုးလုပ်ငန်းစုအောက်က ကျိုးအိမ်ခြံမြေလုပ်ငန်းမှာလည်း ရှော့ပင်းမောတွေ ဆိုင်ခန်းတွေ ရှိပါတယ်။ ဘာလို့ အာ့ကို တစ်ချက်လောက်သွားမကြည့်တာလဲ?"

ဝမ်ယွီထုံလည်း မူပိုမနေတော့ပဲ ခေါင်းငြိမ့်လိုက်သည်။

"သွားကြည့်လိုက်ပါ့မယ်"

နောက်တစ်နေ့တွင် ဝမ်ယွီထုံကို မြို့တော်အေမှ ကျိုးအိမ်ခြံမြေအောက်ရှိ ရှော့ပင်းမောအားလုံးကို လိုက်လည်ကာ ကြည့်ရှုရန် ဝန်ထမ်းတစ်ဦးက ခေါ်သွားလိုက်သည်။

ဝမ်ယွီထုံလည်း ကျိုးလုပ်ငန်းစု၏ စီးပွားရေးကို နားလည်စပြုလာသည်။ လုပ်ငန်းစုကြီးကို ပုံဖော်ပြရလျင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အပင်ကြီးနှင့်တူပြီး ရှုပ်ထွေးလှသည့် ချိတ်ဆက်မှုများရှိနေသည်။

ကျိုးလုပ်ငန်းစု၏ အကြီးမားဆုံး လက်အောက်ခံ ကုမ္ပဏီသည် ကျိုးအိမ်ခြံမြေလုပ်ငန်းဖြစ်သည်။ ကျိုးအိမ်ခြံမြေလုပ်ငန်း၏ ပရောဂျက်များသည် မြို့တော်အေတွင် အများအပြားရှိသည်။ လူနေအိမ်ရာများ၊ ရှော့ပင်းစင်တာများ၊ ရုံးအဆောက်အအုံများနှင့် ဟော်တယ်များစသည်ဖြင့်ရှိသည်။

ထို့အပြင် ထို အဆောက်အအုံများသည် သက်ဆိုင်ရာနယ်ပယ်များတွင် အဆင့်အမြင့်ဆုံး အဆောက်အအုံများဖြစ်ကာ နာမည်ကြီး အဆင့်မြင့် ဘရန်းတိုင်း၏ အိမ် ဟုပင် သတ်မှတ်နိုင်သည်။

ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို တွန်းလှည်းထဲ ထည့်တွန်းကာ လှည့်ပတ်ကြည့်နေသည်။ ကောင်ကလေးသည် အလွန်ပျင်းရိလာ၍ အသစ်ထုတ်သည့်တိရိစ္ဆာန်ရုပ်ပုံဘီစကစ်နှင့် သစ်သီးအနှစ်ကို တိတ်တဆိတ် တစ်ချိန်လုံးစားနေသည်။

ဝမ်ယွီထုံ တစ်နေကုန်လုံးလျှောက်ပတ်ကြည့်သော်လည်း ဟွားရီစင်တာက ဆိုင်ခန်းလောက် သူမ၏ မြင်ကွင်းထဲ ထင်းကနဲ ဖြစ်လောက်သည့်ဆိုင်မျိုး မတွေ့ရပေ။

ဟွားရီစင်တာသည် ကျိုးအိမ်‌ခြံမြေလုပ်ငန်း လက်အောက်ရှိ စင်တာတွေလောက် အဆင့်မမြင့်ပါ။ဟွားရီစင်တာရှိ ဘရန်းဆိုင်များသည် လူလတ်တန်းစားများအတွက် ပိုရည်ရွယ်၏။ လမ်းပန်းဆက်သွယ်ရေး အနေအထားလည်း မဆိုးလှသလို ဝမ်ယွီထုံ လိုချက်သည့် အနာဂတ်ဖွံ့ဖြိုးမှုအတွက်လည်း ပိုသင့်တော်သည်။

သူမသည် အဆင့်မြင့်ဈေးကွက်ကို သွားလိုခြင်းမဟုတ်ဘဲ လူအများကြီးကို သူမ တတ်နိုင်သလောက် ဝန်ဆောင်မှုပေးလိုခြင်းဖြင်းဖြစ်သည်။

ထို့ကြောင့် သူမ အလကားရလိုက်သည့် ယောကျာ်း၏ ကြင်နာစွာပေးကမ်းမှုကို ငြင်းပယ်လိုက်ကာ ကိုယ့်တိုင်ကြိုးစားကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ကျိုးကျီယွဲ့သည်လည်း သူမဆုံးဖြတ်ချက်ကို ကြားသိရလျင် ဆက်မစည်းရုံးတော့ပေ။ "မင်းတစ်ခြားအကူအညီလိုရင် ကိုယ့်ကိုပြောပါ"

ဝမ်ယွီထုံ သူမလည်ချောင်းကို တမင်ညှစ်ကာ ချွဲ့နွဲ့ ချိုသာသည့် ငြုတုတု အသံဖြင့်စနောက်လိုက်သည်။

"ဟုတ်ကဲ့ပါ မစ္စတာကျိုးးး~~~"

ယနေ့ ဝမ်ယွီထုံသည် ပရော်ဖက်ရှင်နယ်ဆန်ဆန် မီးခိုးပြာရောင်ကုတ်အပေါ်ထပ်နှင့် အဖျားရှူးစကပ်ကို ဝတ်ဆင်ထားရာ သူမ၏ ပုံမှန်စတိုင်နှင့် ကွဲထွက်နေသည်။

အလုပ်မှ အိမ်ပြန်ရောက်လာသည့် ကျိုးကျီယွဲ့သည် နက်ခတိုင်ကိုဖြည်ရင်း ဝမ်ယွီထုံ၏ ချွဲ့နွဲ့သည့်စကားသံကို ကြားလိုက်ရလျင် သူ့လက်ချောင်းတွေ တန့်သွားသည်။ နှုတ်ခမ်းကိုလည်း စေ့လိုက်ကာ သူ့နားရွက်အနားတွေက အနည်းငယ် အနီရောင်သန်းလာသည်။

ဝမ်ယွီထုံ သူမနှုတ်ခမ်းလေးကို လက်ဖြင့်အုပ်လိုက်ပြီး အောင်နိုင်သူတစ်ယောက်နှယ် ရီမောလိုက်သည်။ နောက် ရှေ့ကို ခြေတစ်လှမ်းတိုးကာ ခြေဖျားလေးထောက်ရင်း နက်ခတိုင်ကူဖြည်လိုက်ပြီး ထိုနက်ခတိုင်ကို ဆွဲဖြုတ်ကာ ယုန်ကလေးနှယ် အမြန်ပြေးသွားလိုက်၏။

ကြမ်းခင်းပေါ်ထိုင်ရင်း ကြောင်ကလေးဟူပေါင်နှင့် ဆော့နေသည့် ကျိုးရှောင်ယွီသည် သူ၏ သူငယ်ချင်းကောင်း ဟူပေါင်ကို ထားခဲ့ကာ ဝမ်ယွီထုံနောက် တစ်ခစ်ခစ်ရီရင်း ဆံပင်ကောက်လေး ခါရမ်းကာ အမြန်တွားသွားလိုက်သည်။

မေမေက သူနဲ့ တူတူပုန်းတမ်းကစားနေတာလား?

ကျိုးကျီယွဲ့၏ မျက်နှာဝယ် အပြုံးလေးယောင်ယောင်ပေါ်လာသည်။ တစ်ခါတစ်ရံ ဝမ်ယွီထုံ၏ အသက်ဘယ်လောက်မှန်းပင် သူ မသိတော့ပါ။ သူမသည် ကျိုးရှောင်ယွီထက်ပင် ပို၍ ဆိုးနေသေးသည်။

နတ်ဆိုးကြီး အိမ်ပြန်လာပြီမှန်း သိလိုက်ရသည့် ကြောင်ကလေး ဟူပေါင်ကတော့ တတ်နိုင်သမျှ အမြန်ဆုံး တစ်ချိုးတည်း လှစ်ပြေးလေတော့သည်။

All Chapters