အခန်း (၄၅)
Vol. 4 Ch. 45
တစ်စုံတစ်ယောက် ကုတင်ပေါ်လှဲချလိုက်၍ ကုတင်တစ်ဖက် နိမ့်သွားတာကို ဝမ်ယွီထုံ ခံစားသိလိုက်သည်။သစ်သားရနံ့ရေမွှေးကလည်း လေထုထဲပျံ့လွင့်သွားသည်။
အမှောင်ထုကြောင့် အမြင်အာရုံမှတစ်ပါး တစ်ခြား အာရုံခံစားမှုတွေပိုအားကောင်းလာသည်။သူတို့နှစ်ဦး စောင်တစ်ခုတည်း အောက်ဝယ် အတူရှိနေကြသည်။စောင်က အတော်လေး ကြီးသော်လည်းတစ်ဖက်လူ လှုပ်ရှားလိုက်တိုင်း စောင်ရွေ့လျားသွားသည်ကို တစ်ဖက်လူကလည်း သိနေ၏။
ဝမ်ယွီထုံ အသက်ကို ဖြည်းဖြည်းရှုရင်း စောင်အောက်ကွေးနေမိသည်။ သူမခေါင်းကို တစ်ဖက်လှည့်ကြည့်လိုက်စဉ် ကျိုးကျီယွဲ့၏ ပုံရိပ်ကို မြင်နေရသည်။
ကျိုးကျီယွဲ့သည် အိပ်ရာ အစွန်းတစ်ဖက်မှာ အိပ်နေကာ တစ်ခြားတစ်ဖက်ရှိ အမျိုးသမီးကို အနှောက်အယှက်ပေးမိမည်စိုးရိမ်၍ မျက်လုံးပိတ်ကာ မလှုပ်မယှက်လှဲနေသည်။
နေ့ခင်းတုန်းက သူမ၏ အတွေးတွေက ရယ်စရာကောင်းသွားမှန်း ဝမ်ယွီထုံ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ လုံခြုံစိတ်ချမှုကိုလည်း ခံစားလိုက်ရသည်။
ကျိုးကျီယွဲ့က အကာအကွယ်ပေးတတ်သည့်လူကြီးလူကောင်းတစ်ယောက်ဖြစ်၍ သူ့ကို စိုးရိမ် ကြောက်စရာ မလိုတော့ပါ။
သူမစိတ်ထဲ စိုးရိမ်ပူပန်မှု ပျောက်ကွယ်သွားသည်နှင့် ခန္ဓာကိုယ်ကလည်း ပြေလျော့သွားသည်။သူမ ကျိုးကျီယွဲ့ဘက်ကို လှည့်ပြီး မေးလိုက်သည်။
"ကျွန်မတို့မနက်ဖြန် ထျန်းရိလမ်းဘက်က ခရစ္စမတ်ဈေးရောင်းပွဲကို သွားကြမလား အာ့မှာ ရှောင်ယွီ ကြိုက်မယ့်အရာတွေ ရှိလောက်မယ်"
"ကောင်းပြီလေ မင်းသဘောပဲ"
ကျိုးကျီယွဲ့ အသံက အေးစက်စက်နိုင်သော်လည်း စပီကာက ထွက်လာသည့်အသံကဲ့သို့ အနည်းငယ် ဩဩဖြစ်နေကာ ဆွဲဆောင်မှု ရှိနေသည်။ ငှက်မွှေးဖြင့် သူမရင်ထဲ ပွတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူမပါးပြင်တွေ နီရဲလာသည်။
သူမ ချက်ချင်း တစ်ဖက်ကို လှည့်လိုက်ပြီးစောင်ကို ခြုံလိုက်သည်။ "ကျွန်မအိပ်ပြီ ဂွတ်နိုက်!"
ထိုအမျိုးသားကလည်း ပါးစပ်ဟလာသည်။ "ဂွတ်နိုက်!"
ဒီညတော့ အိပ်မရနိုင်လောက်ဟု ဝမ်ယွီထုံ ထင်ထားသော်လည်း အမှောင်ထုထဲမှ တစ်ဖက် အမျိုးသား၏ တည်ငြိမ်သည့် အသက်ရှုသံနှင့် မလှမ်းမကမ်းမှ ကလေးငယ်၏ ဟောက်သံသေးသေးလေးကြောင့် တစ်ခဏအကြာမှာပဲ သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
ဝမ်ယွီထံ ကုတင်ပေါ် လူးလိမ့်ကာ အိပ်နေစဉ် သူမအိပ်မက်ထဲဝယ် သူမ၏ ငါးမန်းရုပ်ဖက်လုံးလေး ပျောက်သွားသည်ဟု ဝိုးတစ်ဝါးအိပ်မက်မက်လာသည်။
သူမညဉ်းငြူလိုက်ကာ နှစ်ပတ်လောက်လူးလိမ့်လိုက်သည်။ နောက်ဆုံးတော့ သူမ၏ ငါးမန်းရုပ်ဖက်လုံးကို ဖက်မိလိုက်သည်။ သို့သော် ဤငါးမန်းရုပ်ဖက်လုံးက အရင်ကထက်ပိုပြီး နွေးထွေးနေကာ နည်းနည်းမာတောင့်တောင့်ကြီး ဖြစ်နေသည်။
ဝမ်ယွီထုံ ငါးမန်းရုပ်ဖက်လုံးကို ခြေတစ်ဖက်ဖြင့် ခွလိုက်သည်။ ထို့နောက် သူမ၏ ခြေသလုံး၊ ဗိုက်တို့ဖြင့် ဖက်လုံးကို ပွတ်ကာ အဆင်ပြေဆုံး အနေအထားရအောင် နေရာ အကျအနယူဖက်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
တစ်ဖက်မိန်းကလေး၏ နူးညံ့သည့်ရင်ဘတ်နှင့် မွှေးကြိုင်နေသည့် ကိုယ်လုံးက သူ့ကို ဖိနေ၏။ ကျိုးကျီယွဲ့ ပူလာသလို ခံစားရပြီး ခန္ဓာကိုယ် တောင့်တင်းလာသည်။ သူ့အသက်ရှုသံတွေ ပြင်းလာပြီး သူ၏စိတ်ထဲမှ မကောင်းဆိုးဝါးက တစ်ဖြည်းဖြည်း ထွက်ပေါ်လာကာ နှဖူးမှာလည်း ချွေးတွေသီးလာသည်။
ဆယ်မိနစ်လောက် သူ့ကို နှိပ်စက်ပြီးသည့်နောက် ဝမ်ယွီထုံ အိပ်ပျော်သွားသည်။ နောက်ဆုံးတော့ ကျိုးကျီယွဲ့ သည်းမခံနိုင်တော့ပဲ ဝမ်ယွီထုံ၏ ခြေလက်တွေကို ဖယ်ပစ်လိုက်သည်။ ဝမ်ယွီထုံကတော့ မကျေမနပ်သေးပဲ သူ့ကို ဖက်ချင်နေသေးသည်။ သူမ၏ မျက်တောင်တွေက တုန်လှုပ်နေကာ နီထွေးနေသည့် နှုတ်ခမ်းဖူးလေးကလည်း အနည်းငယ် စူနေသည်။
ကျိုးကျီယွဲ့ ဒေါသကြောင့် အော်ရီလုမတတ်ဖြစ်သွားသည်။ သူမကို အရမ်းကြီး ရိုးအနေဖို့တော့ မမျှော်လင့်ထားပေမယ့် အခု သူမရဲ့ ပုံစံက သူ့ကို ယောက်ျားလို့ကော မြင်သေးရဲ့လား?
သူ အိပ်ရာပေါ်မှ အမြန်ထလိုက်သည်။ အမှောင်ထုထဲမှာ အမျိုးသားသည် သူ၏ အတုအယောင် အမျိုးသားကောင်းဆန်မှုနှင့် တည်ငြိမ်မှု ကွာကျသွားသည်။
သူ၏ မျက်နှာ အမူအရာသည် တင်းမာကာဆွဲဆောင်မှုအပြည့်ဖြစ်နေသည်။ သူ့မျက်လုံးတွေကလည်းနက်မှောင်နေကာမျက်လုံးထောင့်ဝယ် အရိုင်းဆန်မှု ခြယ်သထားသည်။ သူ၏စိတ်လိုရာအတိုင်း ဖြစ်ပျက်သွားသည့် ခန္ဓာကိုယ်အောက်ပိုင်း တစ်နေရာကို ငုံ့ကြည့်လိုက်သည်။
ကျိုးကျီယွဲ့ ရေချိုးခန်းကို လျှောက်သွားလိုက်ပြီး မျက်နှာကို ရေအေးဖြင့် သစ်ချလိုက်သော်လည်း မငြိမ်းသက်နိုင်သေးပေ။
သူအနည်းငယ် စိတ်ရှုပ်သွားပြီး နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး သားရဲတိရိစ္ဆာန်တစ်ကောင်သောင်းကျန်းသကဲ့သို့ဖြစ်နေသည်။ သူကိုယ်ကို ချုပ်တည်းထားတာလည်း အလွန်ကြာပြီဖြစ်၍ ချုပ်တည်းထားမှု ပျက်သွားသည်နှင့် သူမထိန်းနိုင်တော့ပဲ ထပ်ခါထပ်ခါ ပေါက်ကွဲလာတော့သည်။
ရေချိုးခန်းထဲမှ ရေကျသံက နှစ်နာရီခန့်ကြာခဲ့သည်။
သန်းခေါင်ယံ မတိုင်ခင်မှာပဲ ကျိုးကျီယွဲ့ အိပ်ရာထဲ ပြန်ဝင်လာခဲ့သည်။ ကုတင်ပေါ်မှာ ဝက်လိုအိပ်နေသည့် ဝမ်ယွီထုံကို ကုတင် တစ်ဖက် တွန်းလိုက်ပြီး သူတို့နှစ်ယောက်ကြား ဖက်လုံးရှည်တွေကို ခြားထားလိုက်သည်။နောက်ဆုံးတော့ ကျိုးကျီယွဲ့ တစ်ယောက် မနက်ခင်းအထိ အေးအေးလူလူ အိပ်စက်သွားနိုင်တော့သည်။
နောက်တစ်နေ့မနက်ခင်း အာရုံဦးကျော်သည်နှင့် ကျိုးရှောင်ယွီသည် သူ၏ လက်ကလေးဖြင့် ပုခက်အစွန်းကို ထုရိုက်ကာ သူ့သွားတွေကိုဖြီးပြပြီး သူ့မိဘတွေကို ထရန် အော်နေတော့သည်။
"ဟေးးးဟေးးးဟေးးးး..."
ဝမ်ယွီထုံ မျက်လုံးကို ပွတ်ရင်း ထလာသည်။ "ဘေဘီလေးရေ..အစောကြီး နိုးနေတာလား?"
သူမ အိပ်ချင်မူးတူးဖြင့် ဆံပင်စီးလိုက်ကာ ကျိုးရှောင်ယွီအတွက် နို့ဖျော်ပေးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကျိုးကျီယွဲ့လည်း ထနေပြီ ဖြစ်၍ ပျင်းတိပျင်းရွဲ့ အသံဩဩဖြင့် ပြောလိုက်သည်။ "ကိုယ်လုပ်လိုက်မယ် မင်း နည်းနည်း ထပ်အိပ်လိုက်ဦး"
ဝမ်ယွီထုံ ခေါင်းငြိမ့်လိုက်ပြီး ကုတင်ပေါ်ပြန်လှဲ အိပ်လိုက်သည်။ "ကျေးဇူးပဲနော် နို့မှုန့်သုံး ဇွန်းကို ရေ၁၈၀mlနဲ့ ဖျော်ပေးနော်"
ကျိုးကျီယွဲ့ အရမ်းအရေးကြီးသည့်အရာကို လုပ်ရမည့်အလား မျက်မှောင်ကို ကြုံ့ကာ နို့မှုန့်ဖျော်ရန်ပြင်လိုက်သည်။
ငါးမိနစ်လောက်ကြာတော့ နို့ဘူးဖျော်ပြီးပြီဖြစ်၍ ကျိုးရှောင်ယွီနား နို့ဘူးကိုင်ကာ သွားလိုက်သည်။
ကျိုးရှောင်ယွီသည် လက်ကိုင်ပါသည့် နို့ဘူးသုံးနေ၏။ ထို့ကြောင့် နို့ဘူး လက်ကိုင်နှစ်ဖက်ကို သူ့လက်ဝဝကစ်ကစ်လေးဖြင့်ကိုင်ပြီး သူ့ပါးစပ်လေးဟကာ နို့သီးခေါင်းကို စို့လိုက်သည်။
တစ်ငုံသောက်လိုက်သည်နှင့်ချက်ချင်း သူ့မျက်နှာ အမူအရာပြောင်းလဲသွားပြီး နို့ဘူးကို လွင့်ပစ်ကာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ အော်ငိုတော့သည်။
ဝမ်ယွီထုံလည်း အိပ်ရာမှ ချက်ချင်းထကာ ရှောင်ယွီလေးကို စိုးရိမ်တကြီး ပြေးဖက်လိုက်သည်။ ကောင်လေးက မျက်ရည်တွေနဲ့ အော်ငိုနေပြီး သူ့ပါးစပ်နှင့် လျှာကလည်း နီရဲနေသည်။
ဝမ်ယွီထုံ နို့ဘူးထဲမှ နို့ရည်ကို သူမလက်ကောက်ဝတ်ပေါ် တင်စမ်းလိုက်ပြီးနောက် မျက်မှောင်ကြုံ့လိုက်သည်။ နို့ရည်က လူကြီး အတွက်တော့ အနေတော်ဖြစ်သော်လည်း ကလေးအတွက်တော့ ပူနေသေးသည်။ သူတို့တွေ ခရီးထွက်နေသည်ဖြစ်၍ အိမ်မှာကဲ့သို့ ရေအပူချိန် တစ်သတ်မှတ်တည်း ထားကာ ထုတ်ပေးနိုင်သည့်စက်လည်းမရှိပေ။ ကျိုးကျီယွဲ့ကလည်း အတွေ့အကြုံမရှိသေး၍ ရေအပူချိန်ကို ဘယ်လို စမ်းသပ်ရမည်မှန်း မသိပေ။
သူတစ်ခုခု အမှား လုပ်လိုက်ပြီမှန်း ကျိုးကျီယွဲ့ နားလည်လိုက်၍ ရှက်ရှက်ဖြင့်မေးလိုက်သည်။ "ကိုယ်ကတော့ အပူချိန် အဆင်ပြေတယ်လို့ ထင်တာပဲ"
ဝမ်ယွီထုံ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ "ကလေးတွေရဲ့ အပူခံနိုင်မှုက ကျွန်မတို့တွေနဲ့ မတူဘူး။ကလေးကို နို့ဘူးမတိုက်ခင်မှာ အပူချိန်ကို လက်ကောက်ဝတ်မှာ စမ်းသင့်တယ်။ ရှင်လည်း တစ်ဖြည်းဖြည်းနဲ့ သိလာမှာပါ..."
နို့ရည်အပူချိန်အတော်အသင့်ရောက်ပြီ ဆိုမှ ဝမ်ယွီထုံ ကလေးကို ထပ်တိုက်လိုက်သည်။ ကောင်လေးက သူ့အမေ၏ ညအိပ်ဝတ်စုံကို တင်းတင်း ကိုင်ထားကာ သူ့အဖေကို ဒေါသတကြီး စိုက်ကြည့်နေရှာသည်။
'ဟမ့်!! သူ့အဖေ ကျွေးတဲ့ စားစရာ တွေကို နောက် ဘယ်တော့မှ မစားတော့ဘူး!!'
ယနေ့အချိန်ဇယားကတော့ ပေါ့ပေါ့ပါးပါးလေးသာဖြစ်သည်။ မနက်ခင်းပိုင်းမှာတော့ ဝဝကစ်ကစ် ကျိုးရှောင်ယွီလေးကို ငါးမန်းရုပ်ရေကူးဝတ်စုံဝတ်ပေးပြီး လည်ပင်းမှာ ရေကူးကော်လံလေးတပ်ပေးကာ ရေပူစမ်းအတွင်း အတူရေစိမ်ကြသည်။
ရေပူစမ်းရေအပူချိန်က မြင့်လွန်း၍ ကျိုးရှောင်ယွီကို အတွေ့အကြုံရရုံမျှ တစ်ခဏသာ ရေစိမ်ခိုင်းလိုက်သည်။ ဆယ်မိနစ်လောက် ရေစိမ်ပြီးနောက် ကလေးကို ရေပူစမ်းမှ ပြန်ထုတ်လိုက်ကာ ရေလောင်းပေးပြီး အဝတ်လဲပေးလိုက်သည်။
နေ့လည်နေ့ခင်းပိုင်းတော့ ပုံမှန်အတိုင်းပင် ကျိုးရှောင်ယွီသည် ၄:၃၀အထိ အိပ်လေသည်။ အိပ်ရာမှ နိုးပြီးနောက် ကောင်လေးသည် ခရီးစဉ်၏ ပထမဆုံးလည်ပတ်မှု ခရစ္စမတ်ဈေးရောင်းပွဲကို သွားရန်ပြင်ဆင်တော့သည်။
ခရစ္စမတ်အကြို ညနေခင်းဖြစ်၍ အပူချိန်င မနေ့ကထက် ပို၍ လျော့ကျနေသည်။ ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို ဂျက်ကတ်ထူထူနှင့် ဂွမ်းကပ်ဘောင်းဘီထူထူကိုဝတ်ပေးထားသည်။ သူမကိုယ်တိုင်လည်း ကတ်ရှမီးယားလည်စည်းထူထူကို ပတ်ထားသည်။
ကျိုးကျီယွဲ့၏စတိုင် လေကာဂျက်ကတ်၊ အနက်ရောင်ဘောင်းဘီရှည်ဖြင့် ပိုလန်းနေသည်။
ကလေးကို သေချာချာ ဂရုစိုက်မည်ဟူသည့် ဆုံးဖြတ်ချက်ကို သေချာပြနိုင်ရန် ရှောင်ယွီလေးကို လက်နှစ်ဖက်ဖြင့် အသေအချာ ချီထားသည်။
ခရစ္စမတ်ဈေးရောင်းပွဲမှာ လူအတော်စည်ကားသည်ဟု ကြားထား၍ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ကလေးတွန်းလှည်းပင် မယူလာခဲ့ပေ။
မူလကတော့ ကျိုးရှောင်ယွီသည် သူ့အဖေနှင့် မလိုက်ချင်၍ ကော့လန်ကာ ခြေထောက်တွေကန်ကျောက်နေသေးသည်။ ကျိုးကျီယွဲ့က နဂါးမောက်သီးအရသာ ပဲစေ့ဂျယ်လီအိတ်ကို ထုတ်လိုက်ကာ ကလေးပါးစပ်ထဲ နှစ်စေ့လောက် ထည့်ပေးလိုက်သည်။ မကျေမနပ်ဖြစ်နေသည့်ကောင်လေးသည် မနက်က သူကျိန်ဆိုထားသည့် အရာကို မေ့သွားပြီး သူ့အဖေနှင့် ငြိမ်ငြိမ်လိုက်သွားတော့သည်။
မြို့တော်Bအလယ်ရှိ ခရစ္စမတ်ဈေးရောင်းပွဲကို သွားရန် သူတို့မိသားစုသုံးယောက် နာရီစက်လောက် ကားစီးလိုက်ရသည်။
မှောင်ပင် မမှောင်သေးသော်လည်း နေ့ခင်းပိုင်းကတည်းက ဆိုင်တစ်ချို့ဖွင့်နေပြီဖြစ်သည်။ ထိုအချိန်မှာပဲ လူအုပ်ကြီးက တစ်ဖြည်းဖြည်း များလာပြီး ခရစ္စမတ်ဈေးရောင်းပွဲ လမ်းတစ်ခုလုံး လူတွေ ပြည့်ကုန်၏။
ကျိုးရှောင်ယွီကတော့ တစ်အံ့တစ်ဩပါးစပ်အဟောင်းသားဖြင့် သူ့လက်ကလေးကို စိတ်လှုပ်တရှား ဝေ့ရမ်းနေ၏။
"ယေးးယေးးး!"
သူ့ဘဝမှာ သူလို လူအများကြီးအုပ်လိုက်ကို ပထမဆုံး ဖြင်ဖူးခြင်းဖြစ်ပြီး သူမြင်ရသည့် အရာဝတ္ထုတိုင်းက အတော်လည်း စိတ်ဝင်စားဖို့ကောင်းနေ၏။
ခရစ္စမတ်ဈေးရောင်းပွဲမှာ ဆိုင်တန်းအမျိုးအစားတွေလည်း စုံလင်လှသည်။ အရောင်အနံ့အရသာနှင့် ပြည့်စုံသည့် ဝိုင်များ တည်ခင်းပြထားသော ဆိုင်ခန်း၊ မွှေးကြိုင်သည့်အနံ့များနှင့် မုန့်ဖုတ်ဆိုင်၊ ထူးခြားသည့် ပစ္စည်းသေးသေးလေးဖြင့် ခင်းကျင်းပြထားသည့် လက်ဆောင်ပစ္စည်းဆိုင်၊ ခရစ္စမတ် အလှဆင်ပစ္စည်းများရောင်းသည်ြ ဆိုင်တန်း၊ ပုံတူပန်းချီဆွဲပေးသည့် ဆိုင်ခန်း စသည်ဖြင့် စည်ကားလှသည်။
ပစ္စည်းတိုင်းသည် ကျိုးရှောင်ယွီတစ်ခါမှ မမြင်ဖူးသည့် ပစ္စည်းများဖြစ်သည်။ ထို့ကြောင့် သူ၏ စပျစ်သီးကဲ့သို့ မျက်လုံး ဝိုင်းဝိုင်းကလေးကို ပြူးကျယ်ကာ လိုက်ကြည့်နေ၏။
ဝမ်ယွီထုံကတော့ မနေနိုင်တော့ပဲ သောက်လို့ကောင်းမည့်သစ်သီးဝိုင်တစ်ခွက်နှင့် ချောကလက်ကိတ်တို့ကို ဝယ်လိုက်သည်။ ထို့နောက် ဘေးမှာရပ်ပြီး အားရပါးရ စားတော့၏။
ကျိုးရှောင်ယွီကတော့ တံတွေးတွေ မြိုချရင်း သူ့လက်ကလေးကို ဆန့်တန်းကာ လုယူချင်နေသည်။
ပါးစပ်မှာ ချောကလပ်ကိတ်ခရင်မ်တွေ ပေးနေသည့် ဝမ်ယွီထုံသည် ဝူးဝါးအသံဖြင့်ပြောလိုက်သည်။ "ကလေးတွေ ဒါစားလို့မရဘူး"
ကျိုးကျီယွဲ့က ရှောင်ယွီလေး ပါးစပ်ထဲ ပဲစေ့ဂျယ်လီချိုချဉ်ကို ထည့်ပေးလိုက်သည်။ ကျိုးရှောင်ယွီ ဒေါသကြောင့် နှာမှုတ်သံ ဟွန့်ကနဲ နှစ်ချက်ပြုလိုက်သည်။နောက် သူ့အဖေ ရင်ဘတ်ကို ထုရိုက်ကာ ညဉ်းငြူအော်ဟစ်နေ၏။
'ပဲစေ့ဂျယ်လီ ချိုချဉ် မလိုချင်ဘူးးးး။ သူ့အမေစားတာပဲ စားချင်တယ်?'
ကျိုးကျီယွဲ့လည်း ဂျီတိုက်နေသည့် ကလေးကို အာရုံလွဲရန် ဘေးနားက မီးလင်းနေသည့် ခရစ္စမတ်သစ်ပင်နားကလေးကို ခေါ်သွားလိုက်ပြီး ဝမ်ယွီထုံ စားပြီးမှ ပြန်လာရန်တွေး လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ကလေးသည် ခရစ္စမတ်သစ်ပင်၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ သူ၏ လက်ဝဝကစ်ကစ်လေးကို ဆန့်ထုတ်ကာ ခရစ္စမတ်သစ်ပင်ပေါ် အလှဆင်ထားသည့် ချိုချဉ်ကို လှမ်းဆွဲလေတော့သည်။ သို့သော် သူ့အဖေ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ဝမ်ယွီထုံလည်း ကိတ်ကို ပါးစပ်ထဲ အမြန်သွပ်ကာ ဝိုင်ခွက်ထဲ ဝိုင်အနည်းငယ် ချန်ထားလိုက်ပြီး ကျိုးကျီယွဲ့တို့သားအဖကို လိုက်ရှာလိုက်သည်။ ကျိုးကျီယွဲ့ကို တွေ့လျင် သူ့ပုခုံးကို ပုတ်လိုက်သည်။
"နည်းနည်းလောက် သောက် ဦးမလား။ ကျွန်မ သစ်သီး ဝိုင်တစ်ခွက်သွားဝယ်ပေးမယ်လေ"
ကျိုးကျီယွဲ့ မျက်ခုံးလေး ပင့်လိုက်သည်။ "အရသာမြည်းရုံ တစ်ငုံလောက်ပဲ သောက်မှာပါ"
ဝမ်ယွီထုံ မျက်မှောင်ကြုံ့လိုက်သည်။ တစ်ငုံလောက်ကို သူမက ဘယ်လို သွားဝယ်ပေးရမှာလဲ? ကျိုးကျီယွဲ့က သူမ၏လက်ထဲမှ ဝိုင်ခွက်ကို စိုက်ကြည့်နေတာတွေ့လိုက်ရ၍ မယုံကြည်နိုင်ဖြစ်သွားသည်။ "ရှင် ကျွန်မ ခွက်ထဲက သောက်မလို့လား?"
ကျိုးကျီယွဲ့က ဘာလို့ မသောက်နိုင်ရမှာလဲ ဆိုသည့် သံသယ အကြည့်ဖြင့်ကြည့်လိုက်သည်။
ဝမ်ယွီထုံ အနည်းငယ်ရှက်မိသွားပြီး သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်။
ကျိုးကျီယွဲ့ အရပ်က ရှည်လွန်း၍ သူမ ခြေဖျားလေးထောက်ကာ ခွက်ကိုမြောက်ကာ သူ့နှုတ်ခမ်းနားတေ့ပေးလိုက်သည်။ ချိုမြိန်နွေးထွေးသည့် ဝိုင်နီချိုချိုတွေက အမျိုးသား၏ နှုတ်ခမ်းနှင့်လျှာပေါ်မှ ဖြတ်စီးဆင်းသွားသည်။
သူ၏ နှုတ်ခမ်းတွေက အနီရောင်ပြောင်းသွားပြီး နှုတ်ခမ်းထောင့်မှာ တင်ကျန်နေသည့် ဝိုင်စက်တွေကို သူ၏ လျှာဖြင့် သပ်တင်လျက်လိုက်သည်။ ထို့နောက် သူ၏ မျက်ခုံးကို ပင့်ကာ ဩရှရှ အသံဖြင့် ပြောလာသည်။
"အင်းး မဆိုးပါဘူးး"
ဝမ်ယွီထုံ ရှက်သွေးဖြာနေသည့် မျက်နှာဖြင့် ခေါင်းလေးငုံ့ကာ ဝိုင်ခွက်ကို ပြန်ယူလိုက်သည်။
ကျိုးရှောင်ယွီကတော့ မပျော်မရွှင်ဖြစ်သွားပြီး ဘူနေသည့် ရုပ်ဖြင့် အတင်းအော်ဟစ်နေ၏။ "အားးးး!!!"
'ဖေဖေက လူကြီး ဖြစ်နေပြီကို လက်မပါဘူးလား? ဘာလို့ မေမေ့ကို တိုက်ခိုင်းရတာလဲ?'
ကျိုးကျီယွဲ့သည့် အော်နေသည့် ကလေး၏ ပါးစပ်ထဲ ဆန်ကိတ်မုန့် သွပ်ပေးလိုက်ကာ မျက်လုံးမှေးကြည့်နေ၏။ ကျိုးရှောင်ယွီလည်း သူ့ပါးစပ်ထဲ ဝင်လာသည့် မုန့်ကို ဝါးစားရလေတော့သည်။
'ဟမ့် !! သူ့ကို ဆန်ကိတ်နဲ့ လာချော့လို့ ရမယ်များ ထင်နေလား!!မေမေကပဲ သူ့ကို ခွံ့ကျွေးလို့ရတယ်။ ဖေဖေဆိုးကတော့ မရဘူး!!'
ဝမ်ယွီထုံ ဝိုင်ခွက်ထဲမှ ကျန်နေသေးသည့် ဝိုင်တွေကို သောက်လိုက်သည်။ ခွက် နှုတ်ခမ်းဝမှာ အမျိုသား၏ အငွေ့အသက်တွေက ကျန်နေသေး၏။
ဝမ်ယွီထုံ ဝိုင်ကြောင့်ဖြစ်လာသည့် ခေါင်းထဲမှ မူးနောက်နောက် မအီမသာဖြစ်မှုတွေကို ခရစ္စမတ်အကြိုညနေခင်းဝယ် တိုက်ခတ်လာသည့် လေအေးတွေကြား ခါချလိုက်သည်။
နောက် သူတို့သုံးယောက် ဈေးတန်းတွေကြား ပတ်လျှောက်ကြသည်။ ဝမ်ယွီထုံကတော့ ဈေးတန်းမှာ ရောင်းချသည့် ခရစ္စမတ်ရက် အထူးမုန့်မျိုးစုံကို တစ်ခုပြီးတစ်ခု မြည်းစမ်းကြည့်နေ၏။ ခရစ္စမတ်ပေါင်မုန့်၊ သစ်ကြမ်းပိုးကွတ်ကီး၊ သစ်ကြားသီးလှော်၊ လခြမ်းပေါင်မုန့်၊ လက်လုပ်မတ်ရှမယ်လို စသည်ဖြင့် အမျိုးအစား စုံစုံလင်လင်ကို မြည်းစမ်းနေသည်။
ကျိုးကျီယွဲ့ကလည်း တစ်ကိုက်စီ လိုက်မြည်းကြည့်၏။ သူတို့ပထမဆုံး စားစရာ ဝေစားကြတုန်းက ဝမ်ယွီထုံ ရှက်သော်လည်း နောက်ပိုင်းတော့ ပုံမှန်ဖြစ်သွားသည်။
ကျိုးရှောင်ယွီကလည်း မြင်သည့်အရာတိုင်းကို လိုချင်နေ၏။ ထို့ကြောင့် ဝမ်ယွီထုံသည် ကလေးအတွက် အနီရောင်သိုးမွှေးဦးထုပ်၊ ခရစ္စမတ်သစ်ပင်မှာချိတ်ဆွဲရသည့် ဆန်တာကလော့အရုပ်နှင့် ဟူပေါင်လေးအတွက် သိုးမွှေးထိုးခရစ္စမတ်သစ်ပင် အရုပ်လေးပင် ဝယ်ပေးခဲ့သည်။
"ခရစ္စမတ်နှုတ်ခွန်းဆက်သစာလွှာရေးဦးမလား"
ဈေးထောင့်တစ်နေရာတွင်"အချိန်နှေးပို့ဆောင်ရေး" ဆိုသည့် ဆိုင်ခန်းတစ်ခုရှ်ိသည်။ ဆိုင်ရှင်သည်အနီရောင်စန်တာဦးထုပ်ကိုဝတ်ဆင်ထားကာပြုံးရင်း ပြောလိုက်သည်။
" သင့်ကိုယ်တိုင်အတွက် ဒါမှမဟုတ် သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေကို ခရစ္စမတ်နှုတ်ခွန်းဆက်စကားရေးလို့ရပါတယ်။ ကျွန်တော်တို့ကနေပြီးတော့ မိတ်ဆွေတို့ရေးထားတဲ့ နှုတ်ခွန်းဆက်စာကို အနာဂတ်တစ်ချိန်ချိန်မှာ အရောက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။"
ဝမ်ယွီထုံ မျက်ခုံးပင့်လိုက်မိသည်။ "အနာဂတ်တစ်ချိန်ချိန်ကို ပို့ပေးမယ်?"
"ဟုတ်ပါတယ်" ဆိုင်ရှင်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ပို့ရမယ့် ရက်စွဲက တစ်နှစ်အတွင်းဆိုရင် ၅၀ယွမ် ကျမှာဖြစ်ပြီး တစ်နှစ်ထက်ပိုကြာမယ် ဆိုရင်တော့ ၁၀ယွမ် ထပ်ပေးရမှာ ဖြစ်ပါတယ်"
ဝမ်ယွီထုံ စိတ်ဝင်စားသွားသည်။ အနာဂတ် ကျိုးရှောင်ယွီလေးအတွက် သူမ စာတစ်ချို့ပို့ချင်မိသည်။ ပို့စ်ကတ်တစ်ခုကို ထုတ်ပြီး ခေါင်းငုံ့ကာ စာ ရေးလိုက်သည်။
အနောက်ဘက်မှ ကျိုးကျီယွဲ့၏ အသံ ထွက်လာသည်။ "ကျွန်တော့်ကိုလည်း တစ်ခုပေးပါ"
ဝမ်ယွီထုံ ပြုံးရင်းလှည့်ကြည့်ကာ မေးလိုက်သည်။ "ရှင်လည်း ရှောင်ယွီအတွက် စာရေးပို့ချင်လို့လား?"
ကျိုးကျီယွဲ့ မျက်လွှာချရင်း ထူးမခြားနား ပြန်ဖြေလိုက်သည်။ "အင်း"
ကျိုးကျီယွဲ့ သူ၏ လေကာအင်္ကျီအိတ်ကပ်မှ ဘောပင်ထုတ်ကာ ဝင့်ကြွားဟန်ပါသည့် လက်ရေးလက်သားဖြင့် စာစရေးတော့သည်။
"ရှင် ဘာရေးနေတာလဲ?" ဝမ်ယွီထုံ အနီးကပ် သွားကြည့်လိုက်သည်။ သို့သော် ကျိုးကျီယွဲ့က မပြချင်သည့်ဟန်ဖြင့် ကွယ်လိုက်သည်။
ဝမ်ယွီထုံ နှာခေါင်းရှုံ့လိုက်သည်။ "ဟင့် အရမ်းကပ်စေးကုပ်တာပဲ"
သူမ ကျိုးရှောင်ယွီအတွက် ဆုမွန်ကောင်းတောင်းပေးသည့်စာများရေးကာ နောက်လာမည့် သုံးနှစ်ကို လိပ်မူလိုက်သည်။ ထိုးအချိန်ရောက်လျှင် ကျိုးရှောင်ယွီသည် မူကြိုရောက်လောက်ပြီဖြစ်ကာ စာဖတ်ဖို့သင်ယူနေလောက်ပြီ။ ဒီပို့စကတ်လေးရလျှင် သူ့စာဖတ်ခြင်းကို အထောက်အကူ ပြုစေလောက်မှာပါ။
သူတို့နှစ်ယောက်၏ စာများကို "အချိန်ခရီးသွားစာတိုက်" ဆိုသည့် စာတိုက်ပုံးထဲ ထည့်လိုက်ကြသည်။
ဆိုင်ပိုင်ရှင်က ပြုံးကာ ပြောလိုက်သည်။ "အားပေးမှု အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ သုံးလေးရက်အတွင်း ပေးစာကို ပို့လိုက်ပါမယ်။ ကြားထဲ လိပ်စာပြောင်းတာတွေ ရှိရင် ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်"