အခန်း (၄၄)
Vol. 4 Ch. 44
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို အရှုပ်အထွေးတွေကြားမှ ချက်ချင်းကောက်ချီလိုက်ကာ ကလေး၏ ခြေလက်တစ်ကိုယ်လုံးကို ကြွေကွဲစများနှင့်ခြစ်ရှရာ ရှိမရှိ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
တစ်ကိုယ်လုံးစစ်ဆေးပြီးသည့်နောက် ဒဏ်ရာမတွေ့ရ၍ တော်သေး၏။ ကျိုးရှောင်ယွီကတော့ သူအမှားလုပ်ထားတာကို သိသည့်အလား သူ့အမေ လက်ထဲ လိမ်လိမ်မာမာ နှင့် စကားတစ်ခွန်းမှ မပြောပဲ ငြိမ်ငြိမ်လေးနေနေ၏။
ဤတစ်ခေါက်တော့ ဝမ်ယွီထုံ ကလေးကို မဆူပါ။သို့သော် သူမစိတ်ထဲ အနည်းငယ်တော့ တုန်လှုပ်သွားမိသည်။
အခခုဖြစ်သွားသည့် မတော်တဆမှုသည် ကျိုးရှောင်ယွီ၏ အမှားမဟုတ်ပဲ သူမတို့မိဘနှစ်ဦး တာဝန်ပျက်ကွက်ပြီး ကလေးကို မကြည့်မိ၍ ကလေးက အများပိုင်ပစ္စည်းတွေကို ဖျက်ဆီးမိသွားကာ ဒဏ်ရာရမလို ဖြစ်သွားရခြင်းဖြစ်သည်။
ထိုသည်က ဝမ်ယွီထုံအတွက် သတိပေးလိုက်သလိုပင် ဖြစ်နေသည်။ အပြင်ကိုထွက်တာက အိမ်မှာ ကလေးထိန်းတာနဲ့ လုံးဝ မတူပေ။ အပြင်မှာက အန္တရာယ်ကြုံတွေ့ရနိုင်ချေပိုများ၍ သူမ ကျိုးရှောင်ယွီကို သေသေချာချာ စောင့်ကြည့်မှ ရလိမ့်မည်။
ကျိုးကျီယွဲ့ကလည်း မျက်နှာ မကောင်းပေ။ သူမျက်ခုံးတွေ တွန့်ချိုးကာ ဝမ်ယွီထုံကဲ့သို့ပင် အလေးအနက်တွေးနေပုံ ပေါ်သည်။
မန်နေဂျာဟွမ် သူခဏလေး ထွက်သွားလိုက်သည်နှင့် ယခုကဲ့ သို့အရှုပ်အထွေးဖြစ်သွားသည်ကို မယုံနိုင်ဖြစ်နေသည်။ ကြွေအိုးတွေ ကွဲတာက ပြဿနာမရှိသော်လည်း ကျိုးမိသားစု၏ ကလေး ထိခိုက်ဒဏ်ရာ ရလျင်တော့ ပြသနာအကြီးကြီး တက်သွားနိုင်သည်။
မန်နေဂျာဟွမ် သူ့နဖူးကို ထိရင်း ပြောလိုက်သည်။ "မစ္စတာကျိုး တစ်ခြား အခန်းကို ပြောင်းလိုက်ရအောင်ပါ"
ကျိုးကျီယွဲ့ မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။ "ကောင်းပြီ။ စားသောက်ခန်းနဲ့ ဟော်တယ်အခန်းထဲက ကလေး အန္တရာယ်ရှိစေနိုင်မယ့်ပစ္စည်းတွေ အားလုံး ထုတ်ထားပါ"
ထိုဖြေရှင်းနည်းက အကောင်းဆုံးမှန်း မန်နေဂျာဟွမ် တွေးကာ ခေါင်းငြိမ့်လိုက်သည်။ သူတို့ရေပူစမ်းဟော်တယ်သည် တရုတ်စတိုင်တည်ဆောက်ထားသည်ဖြစ်၍ အလှဆင်ပစ္စည်းအများစုသည် ကျိုးပျက် ကွဲလွယ်သည့်ပစ္စည်းများနှင့် ကြွေအိုးများဖြစ်သည်။ ဆိုးပေတတ်သည့်ကလေးများ သုံးရက်လောက် လာရောက်တည်းခိုမည်ဆိုလျှင် ဧည့်သည်များကို ကြိုတင်သတိပေးထားရ၏။
ဝမ်ယွီထုံသည် ကြမ်းခင်းရှိ ကွဲနေသည့် ကြွေစများကို ကျိုးရှောင်ယွီကို ပြကာ သူနားလည်သည်ဖြစ်စေ မနားလည်သည် ဖြစ်စေ အရေးကြီးသည့်လေသံဖြင့် သတိပေးလိုက်သည်။
"ရှောင်ယွီ.. အိမ်အပြင်က ပစ္စည်းတွေကို ကိုင်ချင်သလို ကိုင်လို့မရဘူး။ အရမ်းအန္တရာယ်များတယ်။ ပြီးတော့ သားက ဒီနေရာကို ရှုပ်ဖွထားလို့ သူများတွေ အလုပ်ရှုပ်ရပြီလေ သိလား?"
ကျိုးရှောင်ယွီလေး သူ၏ပြည့်ဖောင်းနေသည့် လက်ကို ရှေ့မှာပိုက်ထားကာ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့အမေစကားကို နားထောင်နေသည်။
ဝမ်ယွီထုံ မန်နေဂျာဟွမ်ကို တောင်းပန်လိုက်ကာ သန့်ရှင်းရေး လာလုပ်ပေးသည့်ဝန်ထမ်းကိုလည်း မုန့်ဖိုးပေးလိုက်သည်။
"တောင်းပန်ပါတယ်ရှင်။ ကျွန်မကလေးက ဆိုးတော့ ရှင်တို့အလုပ်ရှုပ်ရပြီ။ ပျက်စီးသွားတဲ့ တန်ဖိုးကိုလည်း နောက်ကျရင် ကျွန်မပြန်ပေးလျော်ပါ့မယ်"
မန်နေဂျာဟွမ်နှင့် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးသည် လက်မခံရဲကြပေ။ "မစ္စကျိုး ဒါက ကျွန်တော်တို့ လုပ်သင့်တာပါဗျာ"
သောင်းကျန်းဖျက်ဆီးတတ်သည့် ကလေးဆိုးများ ဟော်တယ်ကို လာတတ်ပြီး ကလေးမိဘများကလည်း တာဝန်ယူမှု မရှိကြပေ။ သူတို့က ယခု အခြေအနေထက်ပင် ပိုဆိုးအောင် ရှုပ်ပွထားတတ်ကြသည်။
ယခုလိုမျိုး ကလေးမိဘက အလေးအနက်ထားတောင်းပန်ခြင်းခံရသည်က ပထမဆုံးဖြစ်သည်။ထို့ကြောင့် မူလက သူတို့ မြင့်မြတ်သည်ဟု တွေးထားသည့် မစ္စကျိုးကို ပို၍ လေးစားသွားကြသည်။
ကျိုးကျီယွဲ့လည်း ဝမ်ယွီထုံ၏ ပြဿနာဖြေရှင်းပုံကို ကျေနပ်နေကာ သူ့မျက်ဝန်းအကြည့်တွေကလည်း ထောက်ခံနေသည်။
ဝမ်ယွီထုံကတော့အများကြီး တွေးမနေပါ။ စိတ်ရင်းဖြင့်တောင်းပန်ခြင်းနှင့် အလျော်ပေးခြင်း လိုအပ်ရုံတင်မက ရှောင်ယွီလေးကိုလည်း မှန်ကန်သည့် နည်းလမ်းကို သင်ပြပေးနိုင်သည်။ မိဘများသည် သူတို့ကိုယ်တိုင်လည်း ကလေးတွေအတွက် စံနမူနာဖြစ်နေရမည်။
ဤသို့ဖြင့် မတော်တဆ ပြဿနာလေးကို ဖြေရှင်းလိုက်ကြသည်။
ဆိုးသွမ်းတာ လုပ်ထားသည့် ကျိုးရှောင်ယွီသည် အလွန်ပင်ပန်းသွားပြီဖြစ်၍ သူ၏နေ့လည်စာကို ဂျီတိုက်ဆော့မနေတော့ပဲ လိမ်လိမ်မာမာ စားလိုက်ပြီး မျက်ခွံတွေ လေးလံလာကာ သန်းဝေပြီး ငိုက်လာတော့သည်။
မန်နေဂျာဟွမ်က မိသားစုသုံးဦးကို ဟော်တယ်အခန်းသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
ဟော်တယ်ကနေ ကျိုးကျီယွဲ့အတွက် စီစဉ်ပေးသည့် အခန်းသည် တောင်ထိပ်မရောက်ခင်တွင် ရှိပြီး တစ်ထပ်တိုက်ကလေးဖြစ်ကာ ပန်းခြံနှင့် သီးသန့်ရေပူစမ်းလည်း ပါသေးသည်။ ထို့ကြောင့် သူမတို့ ရေပူစမ်းစိမ်ရင်း တောင်တန်းရှုခင်းကိုလည်း ကြည့်ရှု ခံစားနိုင်သည်။ရေပူစမ်းအပန်းဖြေစခန်းတစ်ခုလုံးတွင် အလှဆုံးရှုခင်းနှင့် ဟန်းနီးမွန်းစုံတွဲများအတွက် အဆင်ပြေဆုံးအခန်းဖြစ်သည်။
ကျိုးကျီယွဲ့ အိပ်နေသည့် ရှောင်ယွီလေးကို ချီကာ ဝမ်ယွီထုံနှင့်အတူ အခန်းထဲ ဝင်လာခဲ့သည်။
အခန်းက သိပ်မကျယ်သော်လည်း နှစ်လိုဖွယ်ကောင်းသည့် တရုတ်စတိုင်အပြင်အဆင်နှင့် သစ်ကြားအရောင်သုတ်ထားကာ မဟော်ဂနီမျက်နှာကျက်၊လှုပ်ကုလားထိုင်၊ သစ်သားဘေးတွန်းတံခါး၊ ကော်ဖီစားပွဲနှင့် အခန်းထောင့်များတွင် အစိမ်းရောင်ပန်းပင်များစိုက်ထားရာ အခန်းကလေးက နတ်ဘုံတမျှ လှပသည်။
အထူးခြားဆုံးက ရေပူစမ်းကန်ငယ်နှစ်ခုပါခြင်းဖြစ်သည်။ ရေပူစမ်းကန်အသေးလေးက အခန်းအတွင်းမှာ ရှိကာ ကြီးသည့်ကန်တစ်ခုက အပြင်မှာ ရှိတာဖြစ်သည်။ အိပ်ခန်းကလည်း အခန်း အပြင်ဘက်ရှိ ရေပူစမ်းကို မျက်နှာ မူထားသည်။
အပြင်ဘက်က ရေပူစမ်းသည် အရှေ့ဘက်မှာ ရှိကာ တောင်တန်းတွေနှင့် အတူ နေထွက်လာသည်ကို လွမ်းမောဖွယ် ကြည့်ရှုခံစားနိုင်သည်။
ရေပူစမ်းကန်ငယ်သည် အဖြူရောင်ရေနွေးငွေ့များဖြင့်ပြည့်နှက်နေကာ ရေနွေးငွေ့များသည် မြောက်လေကြောင့် မြောက်ဘက်သို့ ယိမ်းသွားသည်။
ဟော်တယ်အခန်းထဲတွင် ကလေး အတွက် အန္တရာယ်ရှိနိုင်သည့် ပစ္စည်းများ အားလုံးကို ထုပ်လိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် အိပ်ခန်းထဲတွင် ကလေးပုခက်တစ်ခုနှင့်အိပ်ရာကြီး တစ်ခုသာရှိသည်။
အစက ဝမ်ယွီထုံ ကလေးကို ရေချိုးပေးရန် တွေးထားသော်လည်း ရှောင်ယွီလေးသည် နတ်ဘုံတမျှ လှပသည့်အခန်းထဲ ဝင်လိုက်သည်နှင့် ကျိုးကျီယွဲ့ လက်ထဲ အိပ်ပျော်သွားတော့သည်။
ရွေးချယ်စရာ မရှိတော့ပဲ ဝမ်ယွီထုံ ကလေး၏ ခြေလက် မျက်နှာကို အသာအယာ အဝတ်ဖြင့် သုတ်ပေးလိုက်ကာ ညအိပ်ဝတ်စုံ လဲပေးပြီး ပုခက်ထဲ ထည့်လိုက်သည်။
ကျိုးရှောင်ယွီလေး၏ ပထမဆုံး ခရီးဝေးသွားခြင်းဖြစ်၍ သူ့တစ်ကိုယ်လုံး ပင်ပန်းနေပြီး ပျော့ခွေနေကာ သူ့ကို အင်္ကျီတွေလဲ ပေးနေသော်လည်း လုံးဝ နိုးမလာချေ။
အားလုံးအဆင်ပြေပြေ ပြင်ဆင်ပြီးသွားပြီ ဆိုမှ မန်နေဂျာဟွမ်သည် နှုတ်ဆက်လိုက်သည်။ "မစ္စတာကျိုးနဲ့ မစ္စကျိုး ပျော်ရွှင်စရာ အချိန်လေး ပိုင်ဆိုင်ပါစေ။ လိုအပ်တာ တစ်ခုခုရှိရင် ကျွန်တော့်ကိုခေါ်လိုက်ပါ"
မန်နေဂျာဟွမ် ခေါင်းငြိမ့် ပြံးပြရင်း ထွက်ခွာသွားသည်။
တစ်ခဏအတွင်းတော့ အခန်းတစ်ခုလုံး ကျိုးရှောင်ယွီ၏ အသက်ရှုသံတိုးတိုးလေးကိုသာ ကြားနေရသည်။
ကျိုးကျီယွဲ့သည် သူ့ခရီးဆောင်အိတ်ကို ဖွင့်ကာ ပစ္စည်းများထုတ်နေသည်။ ထိုစဉ် ဝမ်ယွီထုံသည် ရုတ်တရက် တစ်ခုခုကို တွေးမိကာ သူမ သွေးတိုးလာသလို ခေါင်းကိုက်လာသည်။
ဒီခရီးစဉ်မှာ ကျိုးကျီယွဲ့နှင့် သူမတို့ တစ်ခန်းထဲ အတူအိပ်ရမည်ဖြစ်ကာ အခန်းထဲမှာလည်း အိပ်ရာ တစ်ခု ထဲ သာရှိသည်။ ဒါဆို ဒီည သူမတို့ အတူတူအိပ်ရမှာ ပေါ့!!!
မန်နေဂျာဟွမ်ကို ယာယီအခန်းစီစဉ်ခိုင်း၍ ရသော်လည်း ထိုသို့ လုပ်လိုက်လျင် ကောလဟာလတွေ ထွက်လာနိုင်ပြီး ဟော်တယ်၏ စီးပွားရေးကိုလည်း ထိခိုက်လာလိမ့်မည်။ ထို့အပြင် မနက်ဖြန်က ခရစ္စမတ်အကြိုနေ့ဖြစ်၍ ခရီးသွားအများစုသည် ကြိုတင်ဘိုကင်တင်ထားကြ၍ အခန်းလွတ်လည်း ရှိမည် မဟုတ်ပေ။
ဝမ်ယွီထုံ ညအိပ် ကုတင်ကြီးကို ကြည့်ကာ သူမစိတ်ထဲ ရူးသွားတော့မတတ်ဖြစ်သွားသည်။
မျက်လုံးတွေ ပြူးကျယ်လာကာ နှလုံးခုန်သံတွေ မြန်လာပြီး သူမ မျက်နှာ ပါးပြင်ကနေ ခြေဖဝါးထိ နီရဲလာသည်။
ဘယ်လိုလုပ်ရမလဲ? သူမ ဘာမှ မပြင်ဆင်ထားရသေးဘူးလေ!!
ပထမဆုံး အကြောင်းပြချက်သည် အတူအိပ်ရမည်ကို သူမ လုံးဝ မစဉ်းစားခဲ့မိ၍ ညအိပ်ဝတ်စုံ အလှတွေ လည်း မယူလာမိခဲ့ပေ။
ဒုတိယအရေးကြီးဆုံးအချက်က ကျိုးကျီယွဲ့၏ ကိုယ်လုံးသည် လုံးဝ ပြီးပြည့်စုံကာ သူမ အကြိုက်ဖြစ်သော်လည်း သူတို့နှစ်ဦး၏ လက်ရှိဆက်ဆံရေးက အပေါ်ယံသာ ဖြစ်ပြီး ကလေးကို အတူပျိုးထောင်သည့်သူငယ်ချင်းအဆင့်သာ ရှိကာ တစ်ကုတင်ထဲ အတူအိပ်သည့် အဆင့်မဟုတ်ပေ။
သူမ ကုတင်ကြီးကို တစ်ချက်ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ယောက် ကုတင် တစ်ဖက်တစ်ချက်စီအိပ်လို့ရလောက်သည်အထိ ကုတင်က အတော်လေးကြီး၍တော်သေး၏။
ဝမ်ယွီထုံ သူမ၏ ကိုယ်ပိုင်အတွေးပေါင်းများစွာဖြင့် လှည့်လိုက်စဉ် ကျိုးကျီယွဲ့က ပုံမှန်မျက်နှာထားဖြင့် ရှောင်ယွီလေး၏ အသုံးအဆောင်ပစ္စည်းတွေကို အေးဆေး ထုတ်နေသည်ကို မြင်လိုက်ရ၍ သူမ တစ်ဦးတည်းသာ အတွေးလွန်နေကြောင်း ခံစားလိုက်ရသည်။
ကျိုးကျီယွဲ့က သူမ အပေါ်အာရုံ ရှိမနေ၍ သူမလည်း လျှောက် တွေးမနေတော့ပေ။
ဝမ်ယွီထုံ လက်သီးကို ဆုပ်လိုက်သည်။ ဟုတ်တယ်....ဘာမှ စိုးရိမ်နေစရာမလိုဘူး! တစ်ခုခုဖြစ်ခဲ့ရင်လည်း အသိသာကြီး။
"မင်းမျက်နှာ ဘာလို့ နီနေတာလဲ? ဒီမှာ ပူလို့လား?"
ကျိုးကျီယွဲ့ ရှောင်ယွီလေး၏ ညအိပ်အဝတ်အိတ်ကို ချိတ်ရင်း ဝမ်ယွီထုံဘက် လှည့်ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။
ဝမ်ယွီထုံ ကြောင်တောင်တောင်ဖြင့် ခေါင်းကို ခါလိုက်ပြီး စိတ်မလုံမလဲဖြင့် ထခုန်လုမတတ်ပင် ဖြစ်သွားသည်။
"မဟုတ်ဘူး မဟုတ်ဘူး ရှင် အတွေးလွန် မနေနဲ့ "
ဝမ်ယွီထုံ ကျိုးကျီယွဲ့ကို စူးစူးဝါးဝါးကြည့်လိုက်ကာ ရေပူစမ်းစိမ်ရန် ရေကူးဝတ်စုံကို ကောက်ယူလိုက်ပြီး ရေချိုးခန်းထဲ အမြန်ဝင်သွားလိုက်သည်။
ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့လိုက်သည်။ 'ငါ ဘာတွေများ အတွေးလွန်မိပါလိမ့်?'
ကျိုးကျီယွဲ့၏ မျက်လုံးက အိပ်ရာပေါ်ရောက်သွားချိန်မှာတော့ သူ တစ်ခုခုကို နားလည်သွားသည်။ သူ့ခန္ဓာကိုယ်တောင့်တင်းသွားသည်။ မျက်နှာ အမူအရာပြောင်းလဲမှု မရှိသော်လည်း သူ့နားရွက်ကတော့ နီရဲလာသည်။
ဝမ်ယွီထုံ သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပေါ်စေသည့် မီးခိုးပန်းရောင် ရေကူးဝတ်စုံကို လဲလိုက်သည်။ သူမ၏ အနီရောင်ခြေသည်းဆိုးထားသည့် ဖြူဖွေးနေသည့်ခြေချောင်းတွေက ရေပူစမ်းမျက်နှာပြင်ကို ထိလိုက်သည်။ ရေနွေးငွေ့တွေဖြင့်ပြည့်နေသည့် ရေပူစမ်းသည် အတန်အသင့်ပူနေသည်။ သူမ ရေထဲ ဖြည်းဖြည်းဆင်းသွားလိုက်ပြီး ထိုင်ချလိုက်ကာ သက်သောင့်သက်သာဖြစ်သွား၍ သက်ပြင်းလေးချလိုက်သည်။
ထိုင်ပြီး သိပ်မကြာခင်မှာပဲ ကျိုးကျီယွဲ့လည်း ဝင်လာသည်။
ကျိုးကျီယွဲ့သည် သူပတ်လာသော တဘတ်ကို ချွတ်လိုက်သည်။ သူသည် ရေကူးဘောင်းဘီတိုကိုသာ ဝတ်ထားသည်။ သူ၏ သွယ်လျသည့် ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားများက သေသေချာချာ ပုံဖော်ထားသကဲ့သို့ အမြောင်းမြောင်း ထနေကာ ပေါက်ကွဲတော့မလိုစွမ်းအားအပြည့်ဖြစ်နေသည်။
ထိုကြွက်သားများကို ဝမ်ယွီထုံ အိမ်ရှိ ရေကူးကန်တွင် အကြိမ်ကြိမ်မြင်ဖူးခဲ့သော်လည်း အခုချိန်ထိ ရင်တုန်ပန်းတုန်ဖြစ်နေတုန်းပင်။ ရေပူစမ်းကြောင့် ခေါင်းတွေ မူးဝေလာသလို ခံစားလာရပြီး သူမခန္ဓာကိုယ်တစ်ခုလုံးလည်း ရေပူထဲ အပြုတ်ခံရသည့် ပုစွန်လိုဖြစ်လာသည်။
ကျိုးကျီယွဲ့က ရေပူစမ်းကန်ထဲ ဆင်းလာကာ သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
ကျိုးကျီယွဲ့ ဝမ်ယွီထုံကို ကြည့်လိုက်ကာ မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။ "မင်းကြည့်ရတာ အသက်ရှုကြပ်နေသလိုပဲ။ အနားယူလိုက်မလား?"
ရေပူစမ်းအပေါ်ဘက်ရှိ သူမ၏ ခန္ဓာကိုယ်သည် နီရဲနေကာ သူမ၏ ပါးပြင်၊ လည်ပင်းနှင့် လည်ပင်းရိုးတို့ သည် ပုစွန်ကဲ့သို့ပန်းရောင်သန်းနေပြီး နားရွက်၊ ပုခုံးနှင့် တံတောင်တို့သည် ပို၍ပင် ကြက်သွေးရောင်သန်းနေ၏။
သူမ၏ အောက်ပိုင်းကိုတော့ ရေပူစမ်းမြူတွေ ကြောင့်ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ကျိုးကျီယွဲ့ ဆက်မကြည့်တော့ပဲ သူ့မျက်လုံးကို လွဲလိုက်သည်။ ရေပူစမ်းကလည်း အတော်ကို ပူတာပဲ။ သူမ ပူနေတာလဲ မဆန်းပါဘူးလေ။
ဝမ်ယွီထုံသည် သူမ အမြီး တက်နင်းခံလိုက်ရသည့်အတိုင်း မပျော်မရွှင် ဖြစ်သွားသည်။ "မဟုတ်ပါဘူး ကျွန်မ အဆင်ပြေပါတယ်"
"ကိုယ် သောက်စရာ မှာလိုက်မလို့" ကျိုးကျီယွဲ့၏ အသံက ဩဩဖြင့် ဆွဲဆောင်မှု ပြည့်နေသည်။ ရေပူစမ်းဘေးရှိ သောက်စရာမီနူးကိုကြည့်ကာ ဟော်တယ်ကောင်တာကို ဖုန်းခေါ်လိုက်သည်။
ဆယ်မိနစ်ကြာတော့ ဟော်တယ်ဝိတ်တာလေးသည် လိမ္မော်ဖျော်ရည် အေးအေးလေးနှစ်ခွက်၊ ချောကလက်ကိတ်၊ သရက်သာကူပြင်၊ နို့မာချာဂျယ်လီနှင့် သစ်သီးပန်းကန်တို့ကို လင်ဗန်းဖြင့်သယ်လာသည်။
ဝမ်ယွီထုံ လိမ္မော်ဖျော်ရည်တစ်ငုံသောက်လိုက်ပြီးနောက် လန်းဆန်းသွားသည်။
အအေးသောက်လိုက်ပြီးနောက် ကျိုးကျီယွဲ့လည်း အနည်းငယ် နေရထိုင်ရသက်သာသွားသည်။ "မနက်ဖြန် ဘာအစီအစဉ်တွေရှိ လဲ"
"မရှိသေးဘူး" ဝမ်ယွီထုံ ပြုံးရင်း သူမခေါင်းကို ခါလိုက်သည်။
"ကလေးကို အပြင်ခေါ်သွားတာက ကျွန်မတို့ လူကြီးတွေ အပြင် ထွတ်တာနဲ့ မတူဘူး။ ခရီးစဉ်က သက်သောင့်သက်သာရှိရမယ်။ အထူးသဖြင့် ပထမနေ့မှာတင် ရှောင်ယွီလေးက ပတ်ဝန်းကျင်စိမ်းနဲ့ ကျင့်သား မရသေးဘူး။ သူ ကျင့်သားရမှ စီစဉ်လဲ ရပါတယ်"
ကျိုးကျီယွဲ့ ခေါင်းငြိမ့်လိုက်သည်။ "မင်းသဘောပါပဲ"
ဝမ်ယွီထုံ နူးညံ့စွာပြုံးလိုက်သည်။ "သုံးနှစ်အောက်ကလေးတွေက ဘာမှ မမှတ်မိနိုင်ဘူဆိုပေမယ့် စကားလုံးတွေကို ကြားပြီး ခံစားသိနိုင်သေးတယ်။ အပြုအမူနဲ့ အာရုံငါးပါး ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အရေးကြီးတယ်။ ကျွန်မတို့ လူကြီးတွေက ကလေးငယ်တွေ ခရီးသွားတာ ဘာအကျိုးမှ မရှိဘူးလို့ ပြောကြတယ်။ တစ်ကယ်တော့ မိဘတွေနဲ့အတူ ခရီးသွားပြီး သူတို့ကိုယ်တိုင်ကြုံတွေ့ရတာက တစ်ကယ်ကို အစားထိုးပေးလို့မရဘူး"
ကျိုးကျီယွဲ့၏ မျက်လုံးများလှုပ်ရှားသွားပြီး သူ၏ အာဒမ်ပန်းသီး (လည်ဇလုတ်)ကလည်း အထက်အောက် ရွေ့သွားသည်။
သူမ ပြောတာတွေက သူထင်ထားတာတွေ နဲ့ မတူကွဲပြားနေသည်။ သူ၏ အကျင့်စရိုက်အရ ပျင်းစရာကောင်းတဲ့အရာတွေနဲ့ သူ့အတွက် အကျိုးမရှိတဲ့အရာတွေကို သူဘယ်တော့မှ မလုပ်ပါ။
ဆန့်ကျင်ဘက်အနေဖြင့် သူပြန်လည်မွေးဖွားလာပြီးနောက် သူ့အရင်ဘဝက မရှိခဲ့သည့် အချိန်နှင့် ခွန်အားတွေ ပိုရှိလာသလို ခံစားရကာ ဘဝ၏ နောက်ထပ်ဖြစ်နိုင်စွမ်းတွေကိုလည်း တွေးမိလာစေသည်။
ဝမ်ယွီထုံ ခက်ရင်းလေးကိုင်ကာ စားချင်စဖွယ် ချယ်ရီခရမ်းချဉ်သီးကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။နောက် ကျိုးကျီယွဲ့ကို မျက်လုံးလေး မှိတ်ပြလိုက်ကာ ပြောလိုက်သည်။
"ရှောင်ယွီလို အရွယ်ကလေးကို ခရီးဝေးခေါ်သွားတဲ့အခါ အတင်းအကျပ် အသိပညာပေးတာမျိုး မဟုတ်ပဲ တစ်ဖြည်းဖြည်းချင်း လှုံ့ဆော်ပေးဖို့လည်း အရေးကြီးတာပေါ့။ ကမ္ဘာကြီး အကြောင်းကို တစ်ဆင့်ပြီး တစ်ဆင့်ပြောပြပြီး သူရင်းနှီးနဲ့ ပတ်ဝန်းကျင်လေး ဖြစ်လာအောင် လုပ်ပေးရမယ်"
ကျိုးကျီယွဲ့ နှုတ်ခမ်းကွေးကာ ပြုံးလိုက်သည်။ "မင်းရဲ့ ကြိုးစား အားထုတ်ပေးမှုတွေအတွက် ကျေးဇူးပါ"
ဝမ်ယွီထုံ၏ မျက်ခုံးများ အနည်းငယ် ကွေးသွားသည်။သူတို့နှစ်ယောက် လိမ္မော်ဖျော်ရည်ခွက်ချင်း တိုက်လိုက်ကြသည်။
….. ....... ....... ........
ညနေပိုင်းမှာ တွေ အထွေအထူးအစီအစဉ် မရှိသောကြောင့် ရှောင်ယွီလေးကို ညနေ ၄နာရီ ခွဲ အထိ အိပ်စေလိုက်သည်။
သူနိုးလာတော့ နို့ဝအောင် တိုက်လိုက်ပြီး မိဘတွေနှင့်အတူ ရေပူစမ်း ဟော်တယ်ကို ပတ်ကြည့်ကြသည်။
ရေပူစမ်းဟော်တယ်ကို လှပစွာ ပြင်ဆင်ထားကြသည်။ကျိုးရှောင်ယွီလေးက အစိမ်းရောင် ဒိုင်နိုဆော တွားသွားဝတ်စုံကို ဝတ်ပြီး တွန်းလှည်းပေါ်ထိုင်နေသည်။ကလေး၏ နှင်းဆီရောင်ပါးနီလေးက ဆောင်းတွင်းရှုခင်းနှင့် အလွန် လိုက်ဖက်နေသည်။
"အမြန်လေး ပြုံးမယ်" ဝမ်ယွီထုံသည် ရှောင်ယွီလေးကို ဓါတ်ပုံရိုက်နိုင်ရန် ညွှန်ကြားနေသည်။
ကျိုးရှောင်ယွီကတော့ သူ့အမေပြောတာ လုံးဝ နားမလည်ပါ။ မျက်မှောင်ကြုံ့ကာ သူ့အမေလက်ထဲက 'စောင့်ကြည့်လေ့လာကြက်' ဆိုသည့်အရာကိုသာ စိုက်ကြည့်နေသည်။
✓မှတ်ချက်: 相 (xiàng) = လေ့လာသည် / ရိုက်ကူးသည်
- 机 (jī) = စက်
- 相机 (xiàngjī)=ကင်မရာ
"သားမပြုံးရင် ရုပ်ဆိုးလိမ့်မယ်နော် အမြန်လေး ပြုံးလိုက်"
ဝမ်ယွီထုံ ခြေစောင့်ကာ စိတ်ဆိုးလိုက်မိသည်။ သူမ ရှောင်ယွီ၏ ဓါတ်ပုံရိုက်လိုက်တိုင်း ကလေး၏ ပုံက မကျေမနပ်ရုပ်ကြီးသာ ရိုက်မိနေသည်။ သို့သော် သူမ ကင်မရာ ချလိုက်သည်နှင့် ကလေးက သူ၏ ပုံမှန် ချစ်စရာကောင်းသည့်အပြုံးကို ပြုံးပြနေပြန်သည်။
“မင်းလည်း သွားရိုက်လိုက်လေ”
ကျိုးကျီယွဲ့ ကင်မရာကို ယူကာ ဝမ်ယွီထုံကို ဓါတ်ပုံ ရိုက်ပေးရန် မျက်ခုံးပင့်ပြီး အချက်ပြလိုက်သည်။
ဝမ်ယွီထုံ မချိုမချဉ်ရုပ်ဖြင့် ရှောင်ယွီလေးကို လျစ်လျူရှုလိုက်ပြီး ဓါတ်ပုံ ရိုက်ရန် ပို့စ်အမျိုးမျိုးပေးလိုက်သည်။
ကျိုးရှောင်ယွီသည် သူ့အမေ၏ စွမ်းရည်ပြသမှုကို ကြည့်နေသည်။ သူ့အဖေကတော့ "စောင့်ကြည့်လေ့လာကြက်"ဆိုသည့်အရာကို တစ်နေရာကနေ ကိုင်ထားသည်။
ဒီလူကြီးတွေက ဘာလို့ သူ့ထက်တောင်ပိုပြီး ကလေးဆန်နေရတာလဲ? သူ့ခဗျာ လူကြီးတွေရဲ့ အိုင်ကျုနိမ့်ကစားနည်း ကစားနေတာကို အကြာကြီး စောင့်လိုက်ရသည်။
ညနေစာကို သူတို့ နေ့လည်ကစားခဲ့သည့် စားသောက်ဆိုင်မှာပဲ စားကြသည်။ ဒီတစ်ခေါက်တော့ ကျိုးကျီယွဲ့ကော ဝမ်ယွီထုံကော ကလေးကို မျက်စိဒေါက်ထောက်ကြည့်နေကြကာ မမျှော်လင့်တာတွေ ဖြစ်မလာစေရန် မျက်စိအောက်ကပင် အပျောက်မခံကြတော့ချေ။
ရေပူစမ်းဟော်တယ်သည် ညဘက်ရောက်လျင်တော့ အတော်လေး တိတ်ဆိတ်သည်။ နူးညံ့သည့် လရောင်သည် မြူခိုးတွေ ဖုံးလွမ်းနေသည့်နေရာကို လရောင်စဉ်ပက်ဖြန်းပေးနေသည်။ နေ့ခင်းဘက်တွင် ရှင်းရှင်းလင်းလင်း မြင်ရသည့် ကျောက်ဆောင်နှင့်ရေကန်အလှအပများသည် အခုတော့ မှေးမှိန်ကာ မထင်မရှားဖြစ်နေသည်။
ယခုညသည် ကျိုးရှောင်ယွီအတွက် အိမ်ပြန်မအိပ်သည့် ပထမဆုံးညဖြစ်သည်။
ကောင်လေးသည် အပူချိန်အသင့်အတင့် ပေးထားသည့် အပြာရောင်ဝေလငါးရုပ် ညအိပ်ဝတ် အိတ်ဝတ်စုံကို ဝတ်ထားပြီး သူ့အမေရဲ့ လက်မောင်းကို မှီနေသည်။ ဝမ်ယွီထုံသည် အထူးပြုလုပ်ထားသည့် ပုံပြင်ရုပ်ပြစာအုပ်ကို ကိုင်ပြီး ကလေးကို ဖတ်ပြနေသည်။ ကျိုးရှောင်ယွီကတော့ လှုပ်ကုလားထိုင်ပေါ်ထိုင်ပြီး အလုပ်တစ်ချို့လုပ်နေသည်။
ဝမ်ယွီထုံသည် ရုပ်ပြစာအုပ်ကို ပုံမှန်အတိုင်း ဖတ်မပြပဲ စာအုပ်ကို ထောက်ပြပြီး ကျိုးရှောင်ယွီကို မေးလိုက်ဖြေလိုက်လုပ်နေသည်။ နောက်တစ်နည်းအားဖြင့် ကျိုးရှောင်ယွီ ထောက်ပြလိုက်သည့် ရုပ်ပုံတွေကိုလည်း ပြန်ပြောပြနေသည်။
ဝမ်ယွီထုံပြောပြတာ ရှုပ်နေသော်လည်း ရှောင်ယွီလေးက အတော်လေး သဘောကျနေသည်။
ရှောင်ယွီလေးသည် အကြိုက်ဆုံး စာအုပ် နှစ်အုပ်မှာ "အလုပ်ရှုပ်နေသည့်ဝက်ဝံလေး" နှင့် "ဝက်ဝံညိုလေး" ဖြစ်သည်။ ထိုနှစ်အုပ်မှာ အတော်လေးပင် ဆုတ်နေပြီဖြစ်သည်။
ဝမ်ယွီထုံ သည် ပုံပြောနည်းအသစ်ကို သုံးကာ ကလေးနှင့် အမေးအဖြေစကားပြောနေသည်။ ကျိုးရှောင်ယွီက အားလုံး နားမလည်သော်လည်း အလွန်အာရုံစူးစိုက်နေသည်။ သူ့မျက်လုံးတွေက ရုပ်ပုံတွေကို စူးစိုက်ကြည့်နေပြီး သူ့လက်ဖောင်းဖောင်းလေးဖြင့် စာအုပ်ပေါ်ရှိ ရုပ်ပုံ ခလုတ်များကို ထိလိုက် စာရွက်ကို ဘယ်ညာ လှန်လိုက်လုပ်နေသည်။
"ဝက်ဝံလေးက သစ်သီးအပြည့်ပါတဲ့ လှည်းကို တွန်းလာတယ်။ ဆင်ကြီးက သူ့နှာမောင်းရှည်ကြီးကိုဆန့်ပြီး ငှက်ပျောသီးခိုင်ကို လှမ်းယူလိုက်တယ်.....ဝက်ဝံလေးက တိရိစ္ဆာန်ရုံထဲမှာ ရှိတဲ့ တိရိစ္ဆာန်တွေကို အမြဲ ဂရုစိုက်ပေးတယ်။ ဝက်ဝံလေးက တိရိစ္ဆာန်ရုံကို ကူညီပေးရလို့ အရမ်းအလုပ်များရှာတယ်။ ဝက်ဝံလေးက အလုပ်ရှုပ်နေတယ်။ ခြင်္သေ့ကြီးက တောင်တန်းတွေ နောက်မှာ ပုန်းနေတယ်.."
ဆယ်နာရီထိုးတော့ ကျိုးရှောင်ယွီသည် ဆော့ရင်း ပုံပြင်နားထောင်ကာ အိပ်ပျော်သွားသည်။
ဝမ်ယွီထုံ ကောင်လေးကို ချီကာ ပုခက်ထဲ ထည့်လိုက်သည်။
နာရီဝက်လောက် ဖုန်းထဲမှ ဂိမ်းကစားပြီး နောက် သူမလည်း မနေနိုင်တော့ပဲ သန်းဝေလာသည်။
ကျိုးကျီယွဲ့ သူ၏ လုပ်လက်စ အလုပ်ပြီးတော့ မျက်ခုံးနှစ်ဖက်ကြားကို ပွတ်လိုက်ကာ လက်တော့ ပိတ်လိုက်ပြီး ဝမ်ယွီထုံကို ခေါင်းစောင်းကြည့်လိုက်သည်။
"ကျွန်မ အိပ်တော့မယ် ရှင်ကော မအိပ်သေးဘူးလား"
ဝမ်ယွီထုံ၏ ပါးပြင်က အနည်းငယ် ပူလာသည်။
ကျိုးကျီယွဲ့ ပါးစပ် ပိတ်ထားရာမှ ပြန်မေးလိုက်သည်။
"ဟုတ်ပြီ ဒါဆို ကိုယ် မီးပိတ်ပေးရမလား?"
"ကောင်းတယ်"
ဝမ်ယွီထုံသည် ကာတွန်းရုပ်ပါညအိပ်ဝတ်စုံကို ဝတ်ထားပြီး ကုတင်ကြီး၏ ဘယ်ဘက်ကို တက်အိပ်လိုက်သည်။သူမကိုယ် သူမ စောင်ဖြင့် လုံခြုံအောင်ဖုံးလိုက်ပြီး ခေါင်းသာ ဖော်ထားလိုက်သည်။ ထိုအချိန်တွင် သူမ နှလုံးခုန်သံတွေ အနည်းငယ် မြန်လာပြီး သူမခံစားချက်ကို ဖုံးကွယ်ရန် နှုတ်ခမ်းကို ကိုက်လိုက်သည်။
ကျိုးကျီယွဲ့ မီးခလုတ်နားသွားကာ မီးပိတ်လိုက်ပြီး ညအလင်းမှိန်မှိန်လေးသာ ဖွင့်ထားလိုက်သည်။
ကျိုးကျီယွဲ အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး လက်သီးဆုပ်ကာ ကုတင်၏ ညာဘက်ခြမ်း၌ အသာအယာလှဲချလိုက်သည်။