အခန်း (၄၂)
Vol. 4 Ch. 42
အထူးစားသောက်ဆိုင်၏ ညနေစာဝိုင်းဝယ် ကျိုးရှောင်ယွီလေးသည် ဖရုံသီးချောင်းပေါင်းကို ဘယ်လက်မှာ ကိုင် ညာလက်မှာ ဆယ်လ်မွန်ငါးကြော်ကိုကိုင်ကာ ပါးစပ်ထဲ သွပ်နေ၏။
သူ့လက်နှစ်ဖက်စလုံးက စားစရာတွေ ပေပွနေပြီး ပါးစပ်ထောင့်နှင့် မျက်နှာကလည်း အရောင်စုံနေသည်။ သူ၏ သွားရည်ခံထဲမှာလည်း ပါးစပ်ကနေ ကျလာသည့် စားစရာ တွေနှင့် ပြည့်နှက်နေသည်။
သို့သော် ဝမ်ယွီထုံ ရှောင်ယွီလေး ကိုယ်တိုင်စားသောက်နေသည်ကို မနှောက်ယှက်ပါ။ အစောပိုင်းတွင် ကလေးကို သူကိုယ်တိုင်ယူစားစေကာ ပျင်းလာပြီဆိုမှ ပန်းကန်ထဲ ကျန်သည့် စားစရာများကို ဝမ်ယွီထုံက ခွံ့မည်ဖြစ်သည်။
စနစ် - "ရှောင်ယွီလေး စားစရာကို ကိုယ်တိုင်ယူစားတာ တိုးတက်လာပြီ။ နောက်တစ်ဆင့်ကျရင်တော့ ဇွန်းသုံးတတ်အောင် သင်ပေးရမယ်။ သူဇွန်းနဲ့ စစားတဲ့ အချိန်မှာ လူကြီးတွေက ဇွန်းခပ်ပြီး ပါးစပ်ထဲ ထည့်နည်း တွေ သင်ပေးရမယ်"
ကျိုးရှောင်ယွီ စားနေရင်း မတော်တဆ ဆယ်လ်မွန်ငါးတုံးအောက်ပြုတ်ကျသွား၍ မျက်လုံးလေး ပြူးကာကြည့်နေသည်။
ဝမ်ယွီထုံ ဆယ်လ်မွန်ငါးတုံးကို ကောက်ပစ်လိုက်ကာ ရှောင်ယွီ၏ လက်ကို ဆေးလိုက်သည်။ ထို့နောက် ကလေး လက်ထဲ ဆီလီကွန် ဇွန်း ထည့်ပေးလိုက်သည်။
"ရှောင်ယွီ ဆန်ပြုတ်ကိုလည်း ကိုယ့်ဖာသာစားကြည့်မလား?"
ရှောင်ယွီသည် ဇွန်းကို စူးစမ်းသည့်အနေဖြင့် ဝေ့ရမ်းရင်း ပြုံးဖြီးလိုက်သည်။
ဝမ်ယွီထုံ ကလေး၏ ညာလက်ကိုကိုင်ပြီး သစ်အယ်သီးနှင့်အသားဆန်ပြုတ်ကို ဇွန်းဖြင့် ခပ်ကာ ရှောင်ယွီ ပါးစပ်ထဲ ခွံ့လိုက်သည်။
ရှောင်ယွီ ဆန်ပြုတ်ကို မြိုချလိုက်ကာ ဇွန်းကို ကိုယ်တိုင်သုံးရ ၍ ပျော်နေ၏။ "ဂူဂူးးး!"
ဝမ်ယွီထုံ ကောင်လေး၏ ခေါင်းကို ပွတ်လိုက်သည်။
"ဟုတ်ပြီနော် ဇွန်းသုံးပြီး ကိုယ့်ဖာသာကိုယ်စားကြည့်"
ဝမ်ယွီထုံ ကလေးလက်ကိုကိုင်ကူပြီး ဆန်ပြုတ်နောက်တစ်ဇွန်းခပ်ကာ ရှောင်ယွီပါးစပ်ထဲ ထပ်ထည့်ပေးလိုက်သည်။
ရှောင်ယွီလေးက ဇွန်းကို မှန်အောင်ကိုင်ပြီး ပထမဆုံးအကြိမ် စားနိင်တော့ သူ့အမေချီးကျူးနိုင်ရန် မျက်နှာ လေးမော့လိုက်သည်။
ကျိုးကျီယွဲ့က ရေစိုတစ်ရှုးထုတ်ကာ ကလေး၏ မျက်နှာကို သုတ်ပေးလိုက်သည်။
ဝမ်ယွီထုံ လည်း ကလေးကို ချီးကျူးပေးလိုက်သည်။
"တို့ရှောင်ယွီလေးက တော်လိုက်တာ"
ဖြစ်စဉ် တစ်ခုလုံးကို စောင့်ကြည့်နေသည့် ဝမ်ချူးယွဲ့သည် မျက်ခုံးလေး ပင့်လိုက်မိသည်။ ပေါက်စီလုံးလေးက အတော်လေး ချစ်စရာကောင်းတာကိုတော့ သူမ ဝန်ခံလိုက်သည်။
"ဂူဂူးးးး.." လူတိုင်း၏ မျက်စိအောက်မှာပဲ ကျိုးရှောင်ယွီသည် ဆန်ပြုတ်တစ်ဇွန်းကို တုန်တုန်ရီရီခပ်လိုက်သည်။လူတိုင်း၏ မျှော်လင့်နေသည့်အကြည့်အောက်မှာပဲ ကလေးက လက်ကို မထိန်းနိုင်ပဲ ဇွန်းထဲက ဆန်ပြုတ် ဝီးကနဲ လေပေါ်ပျံသွားကာ ဝမ်ချူးယွဲ့၏ ပန်းကန်ထဲ သေချာ ချိန်ပြီးပစ်လိုက်သကဲ့သို့ ဖက်ကနဲ ကျသွားသည်။
ဝမ်ချူးယွဲ့ - "..."
'ပေါက်စီလုံးကလေး ဘယ်လောက် ချစ်စရာကောင်းတယ်ပြောပြော အဝေးက ကြည့်တာပဲ ကောင်းပါတယ်။'
ဝမ်ယွီထုံ အားနာနာဖြင့် ပြုံးလိုက်သည်။ "အစ်မ ပန်းကန်ကို လဲပေးလိုက်မယ်နော်"
ဝမ်ချူးယွဲ့ နှုတ်ခမ်းကို စေ့ရင်း ပန်းကန်အသစ်ကို ယူလိုက်ပြီး ကျေးဇူးတင်စကားပြော လိုက်သည်။ 'ဇွန်းကြီး သူ့ခေါင်း လာမမှန်လို့ တော် သေးတာပေါ့'
နောက်တော့ ဝမ်ယွီထုံကသာ ကလေးကို ဆက်ခွံ့ကျွေးလိုက်သည်။ သူတို့အိမ်မှာ မဟုတ်ပဲ အပြင်မှာ စားကြတာဖြစ်၍ ရှောင်ယွီလေးကြောင့် သီးသန့်စားသောက်ခန်းတစ်ခုလုံးညစ်ပတ်သွားလျင် မကောင်းပါ။
ကျိုးကျီယွဲ့ကတော့ တစ်ရှုးဖြင့် ရှောင်ယွီလေး၏ လက်နှင့် ပါးစပ်ကိုသုတ်ကူပေးလိုက်သည်။
"မင်း ခရစ္စမတ်ကျရင်အားလား?" ကျိုးကျီယွဲ့က ရုတ်တရက်မေးလာသည်။ "အပြင်ကို အလည်သွားရအောင်လေ"
ဝမ်ယွီထုံ မျက်လုံးလေး ပြူးကာ အံ့ဩသွားသည်။
"အပြင်အလည်သွားမယ်?"
ကျိုးကျီယွဲ့ အသာအယာ ခေါင်းငြိမ့်လိုက်သည်။
"မြို့တော်B မှာ အပန်းဖြေအနားယူလို့ကောင်းတဲ့ ရေပူစမ်းဟော်တယ်ရှိတယ်လေ"
ဝမ်ယွီထုံ မျက်လုံး သူငယ်အိမ်ပင်ကျယ်လာသည်။ ကျိုးကျီယွဲ့က သူမတို့ကို အပန်းဖြေခရီး ခေါ်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကျိုးကျီယွဲ့ကို ဘယ်လိုကြည့်ကြည့် အပန်းဖြေခရီးသွားတတ်သည့် လူမျိုးဖြစ်လိမ့်မည်ဟု မထင်ခဲ့ပါ။
ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်၍ ချက်ချင်း ပြုံးကာ ပြန်ဖြေလိုက်သည်။ "အားတာပေါ့ အားတာပေါ့!! မြို့တော်B က သိပ်လည်း မဝေးတော့ ကျွန်မတို့ ရှောင်ယွီလေးကိုလည်း ခေါ်သွားလို့ရတာပေါ့"
ကျိုးကျီယွဲ့ - “ဟုတ်တာပေါ့.”
"ရှင်က ခရစ္သမတ်ကျရင် အလုပ်မရှိဘူးလား " ဝမ်ယွီထုံက တိုက်ရိုက်မေးချလိုက်သည်။
ကျိုးကျီယွဲ့ အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။ "ကိုယ်အာ့အချိန် အလုပ်လုပ်စရာမလိုဘူး"
ဝမ်ယွီထုံ ခေါင်းလေးစောင်းကာ ပြုံးလိုက်သည်။ "အရမ်းကောင်းတာပဲ။ ကျွန်မက ရှင် တစ်နှစ်လုံး အလုပ်ချည်းပဲ လုပ်နေတယ် ထင်တာ"
ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့ကာ တင်းဟဲပြောသည့် 'ပျင်းစရာကောင်းသည့်ယောကျာ်း' ဆိုသည့်စကားလုံးကို စဉ်းစားမိရင်း သူ့စိတ်ထဲ မိမိကိုယ်ကို စိတ်ပျက်မှု ဖြစ်မိသွားသည်။
ဝမ်ယွီထုံ အလည်ခရီးစဉ်ကို တွေးကာ အလွန် စိတ်လှုပ်ရှားမိသည်။ စားပွဲဝိုင်းမှာ နောက်တစ်ယောက်ရှိနေမှန်း သတိရလိုက်၍ နည်းနည်း ရှက်မိသွားသည်။ "အစ်မကော ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား"
ဝမ်ချူးယွဲ့ တစ်ယောက် လုံးဝငြင်းလိုသည့် မျက်နှာထာဖြင့် ပလုတ်တုပ်ကစားစရာကဲ့သို့ ခေါင်းကို တွင်တွင်ခါလိုက်သည်။ "တော်ပြီ"
'ငါ့အစာအိမ်က သိပ်မကောင်းလို့ ခွေးစာ တွေ ထပ်မစားနိုင်တော့ဘူး။'
....... ...... ....... ........
နောက်တစ်နေ့ရောက်လျင် ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ခေါ်ကာ ဟူပေါင်ကို အိမ်ခေါ်လာနိုင်ရန် သွားကြိုကြသည်။
တိုက်ခန်းအောက် ကားပါကင်ဝယ် ကြောင်ပိုင်ရှင်သည် လေဆိပ်ကိုသွားမည်ဖြစ်၍ ခရီးဆောင် အိတ်တလုံးကိုဆွဲကာ ဆင်းလာသည်။ သူ့လက်ထဲက ဟူပေါင်ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ "မင်းအိမ် အသစ်မှာ လိမ်လိမ်မာမာနေနော်"
ဟူပေါင်လေးက အိမ်အသစ်ပြောင်းရမည်ကို မသိသေးပဲ သူ့သခင်၏ ဘလက်ဖဝါးကို သူ့ခေါင်းလေးဖြင့် ပွတ်ရင်း မြောင်သံပြုနေ၏။
ဝမ်ယွီထုံ ပြုံးရင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့ ကျွန်မတို့ဟူပေါင်ကို သေချာ ဂရုစိုက်ပါ့မယ်။ ရှင်လဲ ဘယ်အချိန်ပဲဖြစ်ဖြစ် ဟူပေါင်ဆီ လာလည်လို့ရပါတယ်"
ကြောင်ပိုင်ရှင်လည်း အင်တင်တင်ဖြင့် ခေါင်းငြိမ့်လိုက်ကာ ဟူပေါင်ကို ထပ်ကြည့်လိုက်ကာ ခရီးဆောင်အိတ်ကို ဆွဲကာ ထွက်သွားတောသည်။
အိမ်ပြန်ရောက်တော့ ဟူပေါင်ကို အသစ်ပြင်ပေးထားသည့် ကြောင်နေအိမ် ဗီလာလေးထဲ ထည့်ပေးလိုက်သည်။
ကျိုးရှောင်ယွီသည့် မိသားစုဝင်အသစ်ကို စိတ်ဝင်တစား မျက်လုံးလေးပြူးကာ ကြည့်ပြီး စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။ "အားး!"
သို့သော် ဟူပေါင်ကတော့ ငြင်းလိုက်လေသည်။ ဟူပေါင်လေးသည် နေအိမ်အသစ်ကို လက်မခံနိုင်သေး၍ သူ၏မျက်လုံးစိမ်းကြီးတွေက အရင်လို မတောက်ပတော့ပဲ အထီးကျန်နေသည့်ပုံ ပေါက်လေသည်။
ဝမ်ယွီထုံလည်း ကြောင်နေအိမ်ဗီလာထဲ ကတ်ထူဘူးတွေ ထည့်ထားပေးလိုက်သည်။ ဟူပေါင်သည် ချက်ချင်း ကတ်ထူဘူးကို ကွယ်ကာ ပုန်းနေပြီး တိတ်ဆိတ်နေကာ အပြင်လည်း ထွက်မလာချေ။
ကတ်ထူဘူး များ၏ ဘေးတွင် အစာ၊ ရေ ၊ကြောင်မစင်စွန့်သည့်ခွက်နှင့်ကစားစရာများကို ထားပေးလိုက်သည်။
ကျိုးရှောင်ယွီက ကြောင်ကလေးနှင့်ကစားချင်နေသည်။ ထို့ကြောင့် ဝမ်ယွီထုံ ရှောင်ယွီကို ခေါ်ပြီး ခေါင်းရမ်းပြသည်။
"ရှောင်ယွီ ဟူပေါင်လေးက ခုမှ အိမ်ကို ရောက်လာတာမို့လို့။ အိမ်နဲ့ ရင်းနှီးအောင် အချိန်ခဏတော့ပေးရမယ်။ ဒါကြောင့် အခု သူ့ကို မကိုင်သေးနဲ့ဦးနော်။ သူ့ဖာသာသူ အေးဆေး နေပါစေ"
ကျိုးရှောင်ယွီသည် အော်ဟစ်ငိုယိုတာမျိုးလည်း မလုပ်၊ ကြောင်ကလေးကို ရှာတာမျိုးလည်း မလုပ်ပဲ သူ့အမေ လက်ပေါ် ငြိမ်ငြိမ်လေး လိမ်လိမ်မာမာ နေလေသည်။
ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ "လိမ္မာတဲ့ ကလေးလေး။ မေမေတို့တွေ ဒီရက်ပိုင်း အကျယ်ကြီး မအော်ပဲ နေရအောင်။ ဟူပေါင်လေး အိမ်အသစ်နဲ့ နေသားကျသွားအောင် တိတ်တိတ်ဆိတ်ဆိတ်လေး နေပေးရအောင်နော်"
ကြောင်ဗီလာ၏ အပြင်ဘက်ကို ဖောက်မြင်နိုင်သည့် မှန်ဖြင့်ကာထားပြီး အတွင်းပိုင်းတွင် ကြောင်တွယ်တက်ကစားနိုင်သည့်ဖရိမ်များ၊ ကြောင်အိပ်ရာ၊ ကြောင်မစင်စွန့်သည့်ခွက်၊ ကြောင်ကစားစရာ အရုပ်များနှင့် တစ်ခြား ကြောင်အသုံးအဆောင်ပစ္စည်းများ ထည့်ထားပေးသည်။
ကျိုးရှောင်ယွီသည် မှန်အပြင်ဘက်ကနေ ငြိမ်ငြိမ်စိမ်စိမ် တွားသွားနေ၏။ သူက မိသားစုဝင်အသစ်ကို တွေ့ချင်နေသော်လည်း ဟူပေါင်လေးက ကတ်ထူဘူးအနောက်တွင်သာ ပုန်းနေပြီး လုံးဝ ထွက်မလာချေ။
ကျိုးရှောင်ယွီ၏ မျက်နှာသည် စိတ်ပျက်နေဟန်ပေါ်သည်။ သို့သော် မှန်နံရံကို ထုရိုက်ကာ အော်ဟစ်တာမျိုးတော့ သူမလုပ်ပါ။ ကြောင်ဗီလာ၏မှန်နံရံ အပြင်ဘက်ကသာ စူးစမ်းကြည့်နေ၏။
နေ့လည်ခင်း ရောက်သည်အထိ မိသားစုဝင်အသစ်၏ မျက်နှာကို ရှောင်ယွီ မမြင်ရသေးပါ။
" ရှောင်ယွီ ..နေ့လည်စာ အရင်စားရအောင်လေ" ဝမ်ယွီထုံ တွားသွားနေသည့် ဘောလုံးလေးကို ကောက်ချီလိုက်ကာ ကြောင်ဗီလာထဲက ကြောင်စာ ခွက်ကို လှမ်းကြည့်လိုက်သည်။ ကြောင်စာက လုံးဝ မစားထားချေ။
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို နေ့လည်စာ စားဖို့ခေါ်သွားလိုက်သည်။ နေ့လည်စာ စားပြီးနောက် ကြောင်ဗီလာကို ပြန်သွားကြည့်လိုက်သည်။ ဟူပေါင်က ခုချိန်ထိ ထွက်မလာသေးပါ။ သို့သော် သူလှုပ်ရှားမှုရှိသည်ကိုတော့ မြင်နေရသည်။
ကြောင်စာ ထည့်ထားသည့်ပန်းကန်လုံးလေးသည် အစားကြီးသည့် ကြောင်ကလေးလာစားထား၍ အရာ ယွင်းနေ၏။ သို့သော် အစားကြီးသည့် ကြောင်ကလေးကိုတော့ ဘယ်မှာမှ မတွေ့ရပါ။
ဝမ်ယွီထုံ ပြုံးလိုက်ပြီး ကျိုးရှောင်ယွီ နားထဲ တီးတိုးပြောလိုက်သည်။ "ဟူပေါင်လေးကို ဒီရက်ပိုင်းအတွင်း မျက်စိနဲ့ပဲ စောင့်ကြည့်နေပြီး သွားမနှောက်ယှက်နဲ့နော်။ သူအိမ်နဲ့ အသားကျရင်းနှီးသွားမှ အတူတူဆော့လို့ရမှာနော်"
ကျိုးရှောင်ယွီလည်း ဇဝေဇဝါဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ဂူဂူးး.."
ဟူပေါင်ကတော့ ဝမ်ယွီထုံ ခန့်မှန်းထားသည်ထက်ပိုမြန်မြန်ဆန်ဆန် နေရာ အသစ်ကို အသားကျသွားသည်။ပထမ နှစ်ရက်ကတော့ ကတ်ထူဘူးတွေ နောက်မှာပဲ ပုန်းနေပြီး အပေါ့အလေးစွန့်ချင်သည့်အချိန် နှင့် ဗိုက်ဆာသည့်အချိန်မှသာ ဘေးမှာ လူရှိမရှိ ကြည့်ပြီးထွက်လာတတ်သည်။ လူသံကြားသည်နှင့် ချက်ချင်း ပြန်ပုန်းသွားတတ်သည်။
သို့သော် တတိယနေ့ရောက်ချိန်တွင် ဟူပေါင်သည် သူ၏ သန့်ရှင်းသပ်ရပ်သည့် နေအိမ်အသစ်နှင့် အသားကျသွားတော့သည်။
ဟူပေါင်လေး အပြင်ကို တိတ်တိတ်ဆိတ်ဆိတ်ထွက်လာချိန်တွင် မှန်နံရံအပြင်ဘက်ကနေ မျက်လုံးပြူးလေးဖြင့် သူ့ကို စူးစမ်းကြည့်နေသည့် နှင်းဘောလုံးလေးကို တွေ့လိုက်ရသည်။
နောက်ဆုံးတော့ ကျိုးရှောင်ယွီလေး သူတစ်ချိန်လုံး တွေ့ချင်နေသည့် ဟူပေါင်လေးကို တွေ့လိုက်ရသည်။သူ့သွားလေး နှစ်ချောင်းကို ပြုံးဖြီးပြကာ ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်လိုက်သည်။
"အောင်းးအောင်းး!"
ဟူပေါင်သည် ချက်ချင်း ဝှီးကနဲ ကတ်ထူဘူးနောက် ပြန်ပြေးပုန်းသွားသည်။
ကျိုးရှောင်ယွီ စိတ်ညစ်ညစ်ဖြင့် နှုတ်ခမ်းလေးဆူကာ မျက်နှာ ပေါ်က အပြုံးလေး ပျောက်ကွယ်သွားသည်။
"ဆန္ဒ မစောပါနဲ့။ ဟူပေါင်လေးကို အချိန်ထပ်ပေးလိုက်ပါ"
ဝမ်ယွီထုံ ကြောင်အရုပ်တစ်ခုကို ကိုင်ပြီး ကျိုးရှောင်ယွီကို ဖက်ကာ ကြောင်ဗီလာထဲ ဝင်လိုက်သည်။ ဟူပေါင် နှင့် မလှမ်းမကမ်းဝယ် ရပ်လိုက်သည်။
"ဟူပေါင် ဒါမင်းရဲ့ အိမ်အသစ်ပဲနော်။ ငါတို့တွေကလည်း မင်းရဲ့သူငယ်ချင်းတွေပါ။ ကြောက်စရာ မလိုဘူးနော်"
ဝမ်ယွီထုံ ဒူးတုပ်ထိုင်လိုက်ကာ ကျိုးရှောင်ယွီလက်နှင့် အတူ ကြောင်ရုပ်ကို ကိုင်လိုက်သည်။ ကြောင်အရုပ်သည် ငှက်မွှေးစိုက်ထားသည့် သိုးမွှေးလုံးလေးဖြစ်သည်။
ဟူပေါင်သည် ငယ်သေးသည့်အရွယ်ဖြစ်၍ အလွန်တက်ကြွကာ ကစားချင်သည့် ကြောင်ကလေးဖြစ်သည်။
လွန်ခဲ့သည့်နှစ်ရက်အတွင်း ဤအမျိုးသမီးနှင့် ကလေးကိုလည်း မကြာခဏမြင်ရ၍ ရင်းနှီးပြီး ဖြစ်ရာ သူကို နာကျင်စေမည့်သူများ မဟုတ်ကြောင်းကို သိသည်။
ထို့ကြောင့် သိုးမွှေးလုံးအရုပ်ကို မြင်လိုက်သောအခါ ဟူပေါင် မနေနိုင်ပဲ ကတ်ထူဘူး အပြင်ပြေးထွက်လာမိသည်။
နောက်ဆုံးတော့ ကျိုးရှောင်ယွီတစ်ယောက် သိမ်မွေ့နူးညံ့ကာ လှပသည့် ကြောင်လေးကို မြင်ရပြီဖြစ်သည်။ဟူပေါင်သည် သိုးမွှေးလုံး အပေါ်ကို ခုန်အုပ်ကာ သူ့အစိမ်းရောင်မျက်လုံးကလည်း သိုးမွှေးလုံးနောက် လိုက်ရွေ့ နေသည်။ သူ့မျက်နှာကလည်း ကျားနှင့် ဆင်တူပြီး အရိုင်းဆန်မှု နှင့် ချစ်စရာကောင်းမှု ပေါင်းစပ်ထားသကဲ့ သို့ ဖြစ်နေသည်။
ကျိုးရှောင်ယွီသည် ကြောင်လှလှလေး၏ ညို့ယူဖမ်းစားမှုကို ခံလိုက်ရသည်။ သူ့အမေ လက်နှင့်အတူ ကြောင်ကစားစရာ အရုပ်ကို ညှင်သာစွာ လှုပ်ရမ်းပြီး အလွန်စိတ်လှုပ်ရှားနေ၏။ "အောင်းးအောင်း..."
"ကြောင်လေး ဟူပေါင်ကိုချစ်လား?"
ကျိုးရှောင်ယွီ ဟူပေါင်၏ အရောင်တောက်လှပနေသည့် အမွှေးကို ကြည့်နေရင်း သွားရည်တွေ ကျလာသည်။
"ဂူဂူးးးး!"
စနစ် - " ကြောင်ကိုသာ ပုံမှန် ရေချိုး၊ သန်းချ၊ လက်သည်းညှပ်၊ ကာကွယ်ဆေး ထိုးတာတွေ လုပ်ပေးပါ။ အိမ်မွေးတိရိစ္ဆာန်ရှိတာကလေးအတွက်လည်း ကောင်းပါတယ်။ ပန်းနာရင်ကြပ်နဲ့ ဓာတ်မတည့်မှုတွေကို ခံနိုင်ရည်ရှိလာနိုင်ပြီး ကလေးကို ချစ်တတ်ဖို့နဲ့ တာဝန်ယူတတ်ဖို့ သင်ပေးနိုင်တာပေါ့။ ကလေးဘဝလည်း ပျော်စရာတိုးတာပေါ့"
တစ်ပတ်ခန့်ကြာလျင် ကျိုးရှောင်ယွီသည် သူအားသည့်အချိန်တိုင်း ဟူပေါင်လေးနှင့် အတူလာကစားလေ့ရှိသည်။ ဤသို့ဖြင့် သူတို့နှစ်ဦးလည်း တစ်ဖြည်းဖြည်း ရင်း နှီးလာကြသည်။
ဟူပေါင်သည် တက်ကြွကာ ချွဲတတ်သော ကြောင်ကလေးဖြစ်သည်။ ကျိုးရှောင်ယွီနှင့် ရင်းနှီးပြီးနောက် သူနှင့် ကစားရတာကို ပိုပို ကြိုက်နှစ်သက်လာသည်။
ဟူပေါင်လည်း သူ၏ ကြောင်ဗီလာထဲတွင်သာ ငြိမ်မနေတော့ပဲ တစ်အိမ်လုံးအနှံ့ ကျိုးရှောင်ယွီနှင့် အတူ ပြေးလွှား ဆော့ကစားတော့သည်။
ကျိုးကျီယွဲ့ ညနေအိမ်ပြန်လာချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသည်။ သူ့အကြည့်တွေက နူးညံ့ကာ မလှမ်းမကမ်းမှ ရပ်ကြည့်နေသည်။ ဒီလို နွေးထွေးတဲ့ မြင်ကွင်မျိုးကို သူ့အရင်ဘဝမှာ မတွေ့ခဲ့ရဖူးဘူး။
ကြောင်ပေါက်ကလေးနှင့် အပြာရောင်တစ်ဆက်တည်းတွားသွားဝတ်စုံကို ဝတ်ထားသည့် ကလေးလေးတို့သည် သိုးမွှေးလုံး အရုပ်နှင့် ဆော့နေကြသည်။ သူတို့ပျော်ရွှင်စွာ ဆော့နေကြစဉ် ကျိုးကျီယွဲ့ အိမ်ပြန်လာသံကို ကြားလိုက်ရ၍ ကြောင်ကလေးသည် ကြောင်လန့်ကာ ထွက်ပြေးသွားသည်။
ကျိုးရှောင်ယွီသည် တစ်စက္ကန့်လောက်ကြောင်သွားပြီး သူ့ သူငယ်ချင်း ကြောင်ကလေးက သူ့ကို ထားသွားမှန်း နားလည်လိုက်၍ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။
ကောင်လေးသည် ကြမ်းခင်းကို ထုရိုက်ကာ ခုမှ အိမ်ပြန်လာသည့် ကျိုးကျီယွဲ့ကို ဒေါသတကြီး ကြည့်လိုက်သည်။ နောက်ဆုံးတော့ ဟူပေါင်နဲ့ သူငယ်ချင်း ဖြစ်လာပြီ ဆိုခါမှ အခုတော့ သူ့အားထုတ်မှုတွေက အလကား ဖြစ်သွားပြီပဲ။
'ဟမ့် !! ဒီ ဖေဖေဆိုးကြီးက အရင်ကထက် ပို စိတ်ရှုပ်စရာကောင်းတယ်! သူ့သူငယ်ချင်းကို တောင် ခြောက်လွတ်လိုက်သေးတယ်။'
ဝမ်ယွီထုံ ကြမ်းခင်းပေါ် စိတ်ကောက်နေသည့် ကောင်ကလေးကို ကောက်ချီရင်း ပြုံးကာ ပြောလိုက်သည်။
"စိတ်မဆိုးနဲ့လေ။ ရက်စက်တဲ့ ပုံဖြစ်နေတာလဲ ဖေဖေ့အပြစ်မှ မဟုတ်တာ"
ကျိုးကျီယွဲ့ မျက်ဝန်းထဲ တွင် အနည်းငယ် ရှက်သည့်အရိပ်ဖြတ်သွားသည်။ သူ၏အနက်ရောင်ဂျက်ကတ်ကို ချွတ်လိုက်စဉ်တွင် နောက်ဆုံးပေါ် ရေမွှေး ပြင်းရှရှ သစ်သားရနံ့ သူ့ကိုယ်မှ လွင့်လာသည်။
သူ၏ မီးခိုးရောင်မျက်ဝန်းဖြင့် ဝမ်ယွီထုံကို ကြည့်ကာ မေးလိုက်သည်။ "မင်းပစ္စည်းတွေ ထုပ်ပိုး ပြီး ပြီလား?"
မြို့တော်B ရေပူစမ်းဟော်တယ်ကိုသွားဖို့ ပစ္စည်းများ ထုပ်ပိုးရမည်ကို ဝမ်ယွီထုံ သတိရလိုက်၍ လက်ကာ ပြလိုက်သည်။
"မလောပါနဲ့။ ကျွန်မတို့ မနက်ဖြန်မှ သွားမှာ မဟုတ်လား? ကျွန်မ ခရီးဆောင်အိတ်ကို သေချာ စစ်ဆေးပြီး ထည့်ထားပါ့မယ်"
"ဟုတ်ပြီ " ကျိုးကျီယွဲ့ နှုတ်ခမ်းများ အပေါ်တွန့်ကွေးလာသည်။
"အလျင်မလိုပါဘူး"
ခရစ္စမတ်ခရီးစဉ် သွားနိုင်ရန်အတွက် ကျိုးကျီယွဲ့သည် လွန်ခဲ့သည့်အပတ်အတွင်း သူ့အလုပ်တွေ အားလုံးကို အချိန်ပိုဆင်းကာ ပြီးစီးအောင် လုပ်ထားခဲ့ရသည်။ ဒီလေးရက်အတွင်း အားနိုင်အောင် လွန်ခဲ့သည့်ရက်က အနီးနားမြို့ကိုပင် အလုပ်ခရီး သွားလိုက်ရသေးသည်။
မြို့တော်B ရှိ ရေပူစမ်းဟော်တယ်သည် ကျိုးမိသားစုပိုင်ဖြစ်သည်။ အဖွားကျိုး Mနိုင်ငံကို ပြောင်းသွားကတည်းက ကျိုးမိသားစုဝင်တွေထဲ အပန်းဖြေခရီးသွားရမည့်သူ မရှ်ိတော့ပေ။ ထို့ကြောင့် ရေပူစမ်းကို စီးပွားဖြစ် ခရီးသွားအပန်းဖြေနေရာ အဖြစ်ပြောင်းလိုက်ကြသည်။
ကျိုးကျီယွဲ့ လည်း ထိုနေရာကို မရောက်တာ ကြာပြီဖြစ်သည်။ ရေပူစမ်းဟော်တယ် ဖွင့်ပွဲ လုပ်စဉ်က နောက်ဆုံး ရောက်ခဲ့တာဖြစ်သည်။ သူ့အနေဖြင့် ထိုနေရာကို အထူးကြိုက်နှစ်သက်တာမျိုးလည်း မရှိခဲ့ပါ။
သို့သော် မြို့တော်B နှင့် မြို့တော် Aကြား အကွာအဝေးကလည်း အတန်အသင့်သာ ဝေးပြီးလေယာဉ်ဖြင့် သွားလျင် တစ်နာရီခွဲသာ ကြာသည်။ ကျိုးရှောင်ယွီကို ခေါ်သွားဖို့လည်း အဆင်ပြေ၍ သူတို့မိသားစုသုံးယောက် ရေပူစမ်းဟော်တယ်ကို သွားလည်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ညအချိန် ကျိုးရှောင်ယွီ အိပ်သွားမှ ဝမ်ယွီထုံ အဝတ်အစား စထုပ်ပိုးနိုင်တော့သည်။ သူမ ကလေးကို ပထမဆုံးအကြိမ် ခရီးဝေးခေါ်သွားမည်ဖြစ်၍ အွန်လိုင်းမှ လိုအပ်သည်များ လေ့လာထားခဲ့ရသည်။
မူလက ဝမ်ယွီထုံသည် ခရီးဆောင်အိတ်အကြီးကြီး နှစ်လုံးဖြင့် ထုပ်ပိုးပြီးဖြစ်သော်လည်း ပစ္စည်းတွေ လိုနေသေးသည်ဟု ခံစားလိုက်ရသည်။ ကလေးကို ရက်အချို့ ခရီးဝေးခေါ်သွားတာက အမှန်တော့ အိမ်ပြောင်းတာနဲ့ ထူးမခြားနားပင်။
ဝမ်ယွီထုံ သူမ၏ [ဆံပင်ကောက်လေးရှောင်ယွီ] အကောင့်မှာ တင်ရန် ' ကလေးကို ခရီးဝေးခေါ်သွားလျှင် လိုအပ်သည့်စာရင်းများ' ဟူသည့် ဗီဒီယိုပင် ရိုက်လိုက်သေးသည်။ သို့သော် သူမ ထုပ်ပိုး မပြီးနိုင်သေး၍ ထိုဗီဒီယိုကလည်း မပြီးနိုင်တော့ပေ။
ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ အသုံးအဆောင်ပစ္စည်း တွေ နှင့် ပြည့်နေသည့် ခရီးဆောင်အိတ် နံပါတ်တစ်ကို ဖွင့်လိုက်သည်။ ဆောင်းတွင်းဝတ်အင်္ကျီ၊ ညအိပ်ဝတ်စုံအိတ်၊ သွားရည်ခံ၊ ချည်ထည်ပဝါ၊လက်သုတ်ပဝါ၊ရေချိုးတဘတ်၊ ဒိုင်ပါ၊ သွားတိုက်ဆေး သွားတိုက်တံ၊ကလေးဘောင်းဘီ.........
ခရီးဆောင်အိတ် နံပါတ်နှစ်မှာတော့ ကျိုးရှောင်ယွီ၏ ရိက္ခာများဖြင့် ပြည့်နှက်နေ၏။ နို့မှုန့်၊ နို့မှုန့်ဖျော်စက်၊ နို့ဘူး သုံးဘူး၊ ရေခွက် တစ်ခွက် ၊တစ်ခါသုံးဖျာ၊ သွားရည်ခံတစ်ခု၊ အပြင်စား ပန်ကန်တစ်လုံး၊ ကလေးသောက်ရေဘူး၊ ခေါက်ဆွဲ ၊သွားရည်စာများနှင့် အမျိုးစား စုံလင်သော ဖြည့်စွက်စာ ဆန်ပြုတ်မှုန့်များ........
ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ ကလေးရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် အသားအရည် ထိန်းသိမ်းခရင်မ်ထည့်ထားသည့်ခရီးဆောင်အိတ် နံပါတ်သုံးကို ဖွင့်ကာ လွတ်နေသေးသည့် နေရာတွင် သူမ အသုံးအဆောင် ပစ္စည်းတစ်ချို့ကို ထည့်လိုက်သည်။
သူမ ပစ္စည်းများ ထည့်ပြီးသည်နှင့် ခရီးဆောင်အိတ်ပုံရိုက်ကာ [ချစ်စရာကလေးငယ်များ ပြုစုပျိုးထောင်ခြင်းစခန်း] Group Chatတွင်ပုံ ပို့လိုက်သည်။
[ လျန်ဇီမေမေ - ကလေးငယ်နဲ့ ခရီးဝေးသွားတာ ခရီးစဉ် ချောမွေ့ပါစေ]
[ရှီးရှီးမေမေ - မေမေ အသစ်တွေပဲ ကိုယ့်ကလေးတွေ နဲ့ ခရီးဝေးသွားဖို့ တွေးရဲတာ]
[ လျန်ဇီမေမေ - တို့ကတော့ တရားသဘောကို နားလည်သွားပြီဖြစ်လို့ အေးဆေးပဲ လှဲနေပါတော့မယ်]
[ ရှီးရှီးမေမေ - စစ်သည်တော်တစ်ဦး ဖြစ်လာတော့မယ်မေမေ အတွက် ချီးယားးး ]😁