← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ကလေးသုံးယောက် ပြတင်းပေါက်နားမှာ ထိုင်ကာ ပုံပြင်နားထောင်နေကြစဉ် ဝင်လာသည့် လိမ္မော်နီရောင် နေရောင်ခြည်က ကလေးများ ကိုယ်ပေါ်ဖြာကျကာ ငြိမ်းချမ်း နွေးထွေးသည့် သွင်ပြင်ကို ဖြစ်ပေါ်စေသည်။

မိဘတွေ နားနေသည့် နေရာမှာ ထိုင်နေသည့် မိခင်သုံးဦးကလည်း ထိုမြင်ကွင်းကိုကြည့်ကာ ကျေနပ်နေ၏။

ဝမ်ယွီထုံလည်း ထိုမြင်ကွင်းကိုကြည့်ပြီး ရင်ထဲ ထိရှခံစားသွားကာ ပြောလိုက်သည်။ "ရှီးရှီးက သူ့မောင်လေးတွေကို ဂရုစိုက်ပေးတဲ့နေရာမှာ အရမ်းတော်တာပဲ"

ရှိးရှီးအမေက ရှက်သွားသည်။ "မဟုတ်ပါဘူးရှင် မောင်လေး‌တွေက လိမ္မာလို့ပါ"

လျန်ဇီအမေ - "ကလေးတွေ နောက်ပိုင်းအတူတွေ့ပြီး ကစားကြဖို့ ကျွန်မတို့တွေ WeChat Group ဖွဲ့ရအောင်လေ"

ဝမ်ယွီထုံ ချက်ချင်း "ချစ်စရာကလေးငယ်များပြုစုပျိုးထောင်ခြင်းစခန်း"ဆိုသည့် WeChat Groupကို ဖွဲ့လိုက်သည်။

နေ့လည်နေ့ခင်းရောက်တော့ မိခင်သုံးဦး သူတို့ကလေးတွေကို ခေါ်ကာ မိသားစုစားသောက်ဆိုင်ကို နေ့လည်စာအတွက် ချီတက်ကြလေသည်။

ကျိုးရှောင်ယွီ၏ ရှေ့မှာ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသား တို့ရောပြုတ်ထားသည့် ဆန်ပြုတ်၊ ကြက်ဥပန်ကိတ်နှင့် ကီဝီသီးတို့ရှိနေသည်။ ဖန်းရော့ရှီးနှင့်လျန်ဇီတို့၏ ပန်းကန်ကို ကြည့်လိုက်ကာ ကျိုးရှောင်ယွီ အော်လေတော့သည်။

လျန်ဇီက တနှစ်ပြည့်ပြီဖြစ်၍ အရသာရှိသည့် ခရမ်းချဉ်သီး၊ ပုစွန်၊ မှိုတို့ရော‌ကြော် ထားသည့်ခေါက်ဆွဲနှင့် အသားဖက်ထုပ်တစ်ပွဲစားရလေသည်။ သူ့ဟင်းတွေက အရောင်အသွေးစုံလင်ကာ အနံ့မွှေးကြိုင်လှသည်။

ဖန်းရော့ရှီး၏ နေ့လည်စာက သစ်သီးပီစာနှစ်ပိုင်း၊ ကြက်တောင်ပံကင်နှငိ့ လိမ္မော်ဖျော်ရည်ဖြစ်ရာ ပိုအရသာရှိသည်။

ကျိုးရှောင်ယွီ မနာလိုဖြစ်မိသည်။ သူလည်း မမ၊ ကိုကို တို့ပန်းကန်ထဲကလိုမျိုး စားချင်တယ်လေ။

ဝမ်ယွီထုံ ကောင်လေး၏ ခေါင်းကိုပုတ်ကာ ညှင်ညှင်သာသာ ပြောလိုက်သည်။ "ရှောင်ယွီ မြန်မြန်ကြီးလာပြီး သွားတွေအများကြီး ပေါက်လာရင် အရသာ ရှိတာတွေ အများကြီး စားရမှာနော် ဟုတ်ပြီလား?"

ပါးစပ်ထောင့်နားမှာ ဆော့စ်တွေ ပေနေသည့် ဖန်းရော့ရှီးက ရယ်မောလိုက်သည်။ "ဟုတ်တယ်။ မင်းက ငယ်သေးတယ်။ သွားနှစ်ချောင်းပဲ ပေါက်သေးတာလေ။ ဒါကြောင့် ကြက်တောင်ပံ စားလို့မရသေးဘူး!"

လျန်ဇီကလည်း ဖြီးပြရင်း အသားဖက်ထုပ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ "ဟုတ်တယ်...စား.."

ကျိုးရှောင်ယွီ ဟွန့်ကနဲ နှာ မှုတ်သံပြုရင်းနှုတ်ခမ်းစူလက်သီးဆုပ်လိုက်သည်။ ဒီနေ့တော့ သူက ဘောင်မဝင်သလိုပါပဲလား။

အနာဂတ်မှာ သူ့အမေစကားများများနားထောင်ပြီး မြန်မြန်အရပ်ရှည်၊ သွားတွေ အကုန်ပေါက်ပြီး မမ တွေလို စားလို့ကောင်းတာတွေ စားနိုင်အောင် လုပ်ရမယ်။

နေ့လည်စာ စားပြီးကြတော့ ငယ်သေးသည့် လျန်ဇီနှင့် ကျိုးရှောင်ယွီတို့ သူတို့ကိုယ်ပိုင်တွန်းလှည်းပေါ်မှာ အိပ်ပျော်သွားကြသည်။ ဖန်းရော့ရှီးလည်း ကြာကြာတောင့်မခံနိုင်ပဲ သူ့အမေပေါင်ပေါ် အိပ်ပျော်သွားတော့သည်။

ကလေးတွေ အိပ်ပျော်သွားတော့မှ အမေများ၏ အေးဆေးတွေ့ဆုံခြင်း စတင်တော့သည်။ ဝမ်ယွီထုံလက်ဖက်ရည်အိုးနှင့် မုန်တစ်ချို့ ထပ်မှာလိုက်ကာ အတူစားရင်းစကားပြောကြ အမှတ်တရ ဓါတ်ပုံ ရိုက်ကာ ရှီးရှီးအမေ၊ လျန်ဇီ အမေနှင့်အတူ WeChat အပေါ် ပို့စ် တင်လိုက်သည်။

ညနေခင်းငါးနာရီထိုးတော့ အမေသုံးယောက်နှင့် ကလေးသုံးယောက် ကားပါကင်နေရာမှာ နှုတ်ဆက်လမ်းခွဲ လိုက်ကြသည်။

ကျိုးရှောင်ယွီ သူ့လက်ကလေးကို ဝေ့ရမ်းကာ ပထမဆုံး ဘိုင်းဘိုင်း လုပ်လိုက်သည်။

လူတိုင်းအံ့ဩကာ ချီးကျူးလိုက်ကြသည်။

"ရှောင်ယွီလေးက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ တစ်နှစ်မပြည့်သေးပဲ ဒီအရွယ်လေးနဲ့ ဘိုင်းဘိုင်း လုပ်တတ်နေပြီ"

"ရှောင်ယွီက ကျွန်မ တွေ့ဖူးသမျှထဲမှာ အတော်ဆုံးကလေးပဲ"

ဝိုင်းချီးကျူးကြတော့ ကျိုးရှောင်ယွီက ရှက်သွားကာ သူ့လက်ကလေးကို ပိုဝေ့ရမ်းတော့သည်။ ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို ဉာဏ်ကောင်းသည်ဟု ထင်မိသည်။ဘိုင်းဘိုင်း လုပ်ပုံကို သူမ သီးသန့်မသင်ပေးဖူးသော်လည်း ရှောင်ယွီလေးက သူ့ဖာသာ သင်ယူနိုင်ပြီး သူများနှင့် ဆက်သွယ် နိုင်သည်။

စနစ် - "၉-၁၁လ ကလေးတွေက စကား မပြောတတ်ခင် ကိုယ်လက်ဟန် အမူအရာပြစကားကို အရင်ဆုံးသင်ယူကြတယ်။ ခေါင်းငြိမ့်ခြင်း လက်ခုပ်တီးခြင်း၊ လေပေါ်ဝဲအနမ်းပေးခြင်း၊ ဘိုင်းဘိုင်းလက်ပြခြင်းတို့ဖြစ်တယ်။တစ်ချိန်တည်းမှာပဲ လူကြီးတွေ နားမလည်နိုင်တဲ့ ကလေးစကားတွေလည်း တီတီတာတာ ပြောတတ်လာကြပြီ။"

ကလေးပြုစုပျိုးထောင်ခြင်း ရုပ်ပုံကားချပ်နှင့်စာများ စနစ်ကနေ ရုတ်တရက်ပေါ်လာသည်။

[၉-၁၁လ ကလေးတွေကအတုခိုးပြီး သူတို့ရဲ့ ဘာသာစကားစွမ်းရည်ကို တစ်ဟုန်ထိုးတိုးတက်လာအောင် လုပ်ကြတယ်။ မိဘတွေကလည်း အောက်ပါအတိုင်း လုပ်ဆောင်ပေးနိုင်ပါတယ်]

[မိမိကလေးကို ရိုးရှင်းသည့် စကားလုံးများ၏ ကိုယ်ဟန်အမူအရာပြ သင်္ကေတများကို သင်ပေးနိုင်သည်။]

[ခန္ဓာကိုယ်အစိတ်အပိုင်းများကို သင်ပေးနိုင်သည်။]

[ကလေးသီချင်းများကို အတူတူ သီဆိုပေးနိုင်သည်။]

  …

အားလုံး နှုတ်ဆက်လိုက်ကြပြီး ဝမ်ယွီထုံလည်း အိမ်က ကားလာအကြိုကို စောင့်နေလိုက်သည်။

ယနေ့ ကျိုးရှောင်ယွီ၏ တိုးတက်မှုကို ပြန်တွေး လိုက်ပြီး ကလေးနှင့် မနေနိုင်ပဲ ပါးချင်းအပ်လိုက်သည်။ "တို့ရှောင်ယွီလေးက တော်လိုက်တာ။ ဒီနေ့ အရမ်းလိမ္မာပြီး တော်လိုက်တာ။ ဂျီလည်း မကျဘူး စကားလည်း နားထောင်တယ်"

ကျိုးရှောင်ယွီက ယားသလို ခံစားလာရ၍ သူ့အမေ အင်္ကျီကော်လံကို ကိုင်ကာ ဂုတ်ကလေး ပုကာ တစ်ခစ်ခစ်နှင့် ရီလေတော့သည်။

ဝမ်ယွီထုံလည်း ကောင်လေး၏ ပါးဖောင်းဖောင်းလေးကို ကိုင်လိုက်သည်။ "မြန်မြန်ကြီးလာပြီ ဖေ့ဖေ့လို အရပ်ရှည်ခန့်ငြားတဲ့သူ ဖြစ်လာနော် ဟုတ်ပြီလား"

ရုတ်တရက် သူမ အနောက်မှ ယောကျာ်းတစ်ဦး၏ ရယ်သံ ကြားလိုက်ကသည်။

ဝမ်ယွီထုံ ကြောင်သွားကာ လှည့်ကြည့်လိုက်စဉ် သူမ အနောက်မှာ ကျိုးကျီယွဲ့ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။အရောင်ဖျော့ အားကစားဝတ်စုံကို ဝတ်ထားကာ ခန့်ငြား ရှည်လျားသည့်သူ့ပုံစံနှင့် နူးညံ့သည့် မျက်ဝန်းတွေက စနောက်လိုသည့်ပုံ ပေါ်နေသည်။

စောနက သူမပြောလိုက်သည်ကို ပြန်စဉ်းစားမိရင်း ဝမ်ယွီထုံ မျက်နှာပူလာမိသည်။ "ရှင် !! ဘယ်လိုလုပ်ရောက်လာတာလဲ"

ကျိုးကျီယွဲ့ သူမလက်မှ ကောင်လေးကို ပွေ့လိုက်သည်။

"မင်းတို့ကို လာကြိုတာလေ"

ကျိုးရှောင်ယွီ ငြိမ်ငြိမ်ကလေး သူ့အဖေလက်ထဲ လိုက်သွားသည်။ ရုတ်တရက် ရှောင်ယွီ ခေါင်းထဲ မမ ဖန်းရော့ရှီး သင်ပေးသည့် စကားလုံး တစ်ခုကို သတိရသွားသည်။

"ပါပါးး...ပါပါးးး...ပါပါးးး..."

ဝမ်ယွီထုံ ဂုဏ်ယူစွာပြောလိုက်သည်။ "ကျွန်မ ကောင်းကောင်းသင်ပေးထားတယ် ဟုတ်တယ်မလား"

ကျိုးကျီယွဲ့ စိတ်ထဲ နူးညံ့သွားကာ ပြုံးလိုက်သည်။

"မင်း တော်ပါတယ်"

ဝမ်ယွီထုံ ကျိုးကျီယွဲ့ ပုခုံးကို အသာ ပုတ်လိုက်သည်။

"ရှင် ကျွန်မကို ဆုမချတော့ဘူးလား။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ သင်ပေးထားတာဆိုတော့လေ"

"ဒါပေါ့ ကိုယ် မင်းအတွက် လက်ဆောင်ဝယ်လာတယ်"

ဝမ်ယွီထုံ မယုံကြည်နိုင်ဖြစ်သွားသည်။"လက်ဆောင် ?? တစ်ကယ်ရီးလား??"

ကျိုးကျီယွဲ့ သူ့လက်ဖဝါးတွေကို ဆုပ်ကိုင်လိုက်သည်။ပထမဆုံးအကြိမ် မိန်းကလေး တစ်ယောက်ကို လက်ဆောင်ဝယ်ပေးတာဖြစ်တော့ ဘယ်လိုမျိုး ဝယ်ရမလဲ မသိပေ။ သူ ဝယ်သည့်လက်ဆောင် ကိုလည်း သူမကြိုက်မကြိုက်မသေချာချေ။

ဝမ်ယွီထုံ ကျိုးကျီယွဲ့နောက်ကနေ စိတ်လှုပ်ရှားစွာ လိုက်လာပြီး ကားတံခါးကို စိတ်ဝင်တစားဖြင့် ဖွင့်လိုက်သည်။

သူမ အပြုံးတွေ အေးခဲသွားပြီး အံ့ဩလွန်း၍ မျက်လုံးများပင် ပြူးသွားသည်။

ကား အနောက်ခန်း တစ်ခုလုံးက အဝါရောင် Hermes အိတ်တွေချည်းဖြစ်နေသည်။

ကျိုးကျီယွဲ့ မျက်လုံးထဲ မသက်မသာ ခံစားရသည့် အရိပ်အယောင်ပြေးသွားသည်။ လက်ဆောင် ဘာရွေးရမယ်မှန်း မသိ၍ အကုန်ဝယ်လာခဲ့လိုက်သည်။ စုစု‌ပေါင်း သူဝယ်ခဲ့သည်များက လက်ကိုင်အိတ် ၃၁အိတ်နှင့် တစ်ခြား အသုံး အဆောင်ပစ္စည်းများဖြစ်သည်။ အာ့လောက်ဆိုရင်တော့ ဝမ်ယွီထုံ တစ်ရက် တစ်အိတ်ကိုင်ဖို့ လုံလောက်မယ် ထင်တာပဲ။

ဝမ်ယွီထုံ မနေနိုင်ပဲ ခေါင်းရမ်းလိုက်မိသည်။

အရမ်း လက်ဖွာလွန်းတယ်။ တစ်ကယ်ကို လူမဆန်အောင်ကို အသုံးအဖြုန်းကြီးလွန်းတယ်။

ကျိုးရှောင်ယွီလေးကို မမျှော်လင့်ပဲ ပါပါး လို့ခေါ်တတ်အောင် သင်ပေးလိုက်တာနဲ့ ဒီလူကြီးက အရမ်းတွေ သဘောကောင်းတော့တာပဲ။

ဝမ်ယွီထုံ ကားထဲ ပျော်ရွှင်စွာ ဝင်ထိုင်လိုက်သည်။Hermes အိတ်တွေ အများကြီးပဲ။ ကျိုးရှောင်ယွီကလည်း အိတ်အသေးလေးတစ်လုံးကို သူ့လက်မှာကိုင်ပြီး စူးစမ်းလိုက်သည်။

"ဂူးဂူးးး..."

"ကျေးဇူးနော် ဒါတွေကို ကျွန်မ အရမ်းကြိုက်တယ်"

ဝမ်ယွီထုံ အရမ်းပျော်နေသည်။ ထို့ကြောင့်အဝါရောင် အိတ်တွေကို ဓာတ်ပုံရိုက်လိုက်သည်။ နောက်ပြီး ကျိုးရှောင်ယွီ နှင့်လည်း အတူ ကားထဲ ပုံ တစ်ပုံ ရိုက်လိုက်သည်။

ကျိုးကျီယွဲ့ အရှေ့မှာ ကားမောင်းနေရင်း အနောက်ကြည့်မှန်ကနေ ဝမ်ယွီထုံကို လှမ်းကြည့်နေသည်။ သူ့ရင်ဘတ်တွေ တင်းကြပ်လာသလို ခံစားရသည်။

လက်ထောက်ချန် က သု့ဇနီးလောင်းကို လက်ဆောင်ပေးပြီး တာနဲ့ နောက်တစ်ဆင့်အနေနဲ့ ဒိတ်ဖို့ ခွင့်တောင်းတယ်တဲ့ ဟုတ်တယ် မလား?

ကျိုးကျီယွဲ့ ဘယ်လို စပြောရမလဲ စကား စာစီနေတုန်း ဝမ်ယွီထုံက စပြောလာသည်။

"ဒါနဲ့ ကျိုးကျီယွဲ့ ရှင် မနက်ဖြန်အားလား"

ကျိုးကျီယွဲ့ နှုတ်ခမ်းလေးကို စက်ဝန်းပုံလေး ကွေးကာ ခေါင်းငြိမ့်လိုက်သည်။ "အားပါတယ်"

ဝမ်ယွီထုံမက်မွန်သီးမျက်ဝန်းလေး ကွေးကာ ပြုံးလိုက်သည်။ "ကောင်းတယ်။ မနက်ဖြန် ကျွန်မ အစ်မနဲ့ အပြင်သွားစရာရှိလို့။ ရှင်အားတယ် ဆိုရင် အိမ်မှာ နေပြီး ရှောင်ယွီလေးကို ထိန်းပေးပါလား"

ဝမ်ယွီထုံပြောပြီးသည်နှင့် ကားပေါ်တွင် ခြောက်ခြားစရာကောင်းလောက်အောင် နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားသည်။

ဝမ်ယွီထုံ မျက်ခုံးပင့်ကာ ယာဉ်မောင်းသူထိုင်ခုံပေါ်ထိုင်နေသည့် အမျိုးသားကို နားမလည်သည့်ပုံဖြင့် လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ ရှင်ပဲ ပြောတော့ မနက်ဖြန်အားတာတယ်ဆို? ရှောင်ယွီလေးနဲ့ အချိန်ပိုဖြုန်းပြီး ပိုပြီး ရင်းနှီးအောင်လုပ်ရမှာ ပေါ့"

ကားစတီယာတိုင်ကိုင်ထားသည့် ကျိုးကျီယွဲ့၏ လက်တွေက သွေးကြောတွေ ထောင်နေ၏။ တစ်အောင့်လောက်ကြာမှ သွားကြားကနေ အသံထွက်လာသည်။

"ကောင်းပြီလေ"

လွန်ခဲ့သည့်ဆယ်မိနစ်လောက်ကမှ ဝမ်ချူးယွဲ့သည် ဝမ်ယွီထုံအား သူနှင့်အတူ ရှော့ပင်ထွက် လက်သည်းအလှပြင် ဆံပင်အလှပြင် သွားရန် အဖော်ခေါ်ထားလေသည်။

[ဝမ်ယွီထုံ - ကျိုးကျီယွဲ့အားလား မေးလိုက်ဦးမယ်။ သူအားပြ ကလေးထိန်းပေးမှ လိုက်လို့ရမှာ ]

[ဝမ်ချူးယွဲ့ - အိုခေပါ]

ကျိုးကျီယွဲ့ ဆီက အ‌ဖြေရသည်နှင့် ချက်ချင်း သူမတို့ မောင်နှမတွေရဲ့ WeChat Group ထဲ အသံမက်ဆေ့ပို့လိုက်သည်။

"ညီမတို့အိမ်က မစ္စတာကျိုးကတော့ မနက်ဖြန်သူအားလို့ ကလေးထိန်းပေးမယ်တဲ့၊ ဒါဆို မနက်ဖြန်တွေ့ကြမယ်နော်"

ဝမ်ယွီထုံ တမင်သက်သက် "တို့အိမ်က မစ္စတာကျိုး" ဆိုသည့်စကားကို နူးညံ့ချိုသာသည့်အသံဖြင့် အဓိပ္ပာယ်တစ်မျိုးပေါက်အောင် ပြောလိုက်သည်။

  [ဝမ်ချူးယွဲ့ - ...]

  [ဝမ်ယန်ချဲ - …]

ကားမောင်းနေသည့် အမျိုးသားကလည်း ရုတ်တရက် ကျောတောင့်သွားသည်။ သို့သော် သူ့နှုတ်ခမ်းထောင့်လေးကတော့ အနည်းငယ်ကွေးသွားသည်။ စောနက ဖြစ်သွားသည့် စိတ်ဓါတ်ကျမှုတွေက ချက်ချင်း ပျောက်ကွယ်သွားသည်။

ဝမ်ယွီထုံသည် သူမ၏ Hermes အိတ်ဘူးများကို Group Chat ထဲ ပို့လိုက်ပြန်သည်။ သို့သော် ကံမကောင်းစွာဖြင့် ဝမ်ယန်ချဲ နှင့် ဝမ်ချူးယွဲ့တို့က ပြန်စာပို့ရမှာ ပျင်း၍ စာထပ်မပို့တော့ချေ။

  ….... ...... ....... .......

တနင်္ဂနွေနေ့မနက်ခင်းရောက်လျှင် ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏အဝတ်အစားများကို လဲ‌ပေးလိုက်ကာ ကလေး၏ ပါးလေးကို ကိုင်လိုက်သည်။

"ရှောင်ယွီ.. မေမေက အန်တီနဲ့ သွားစရာရှိလို့ ဒီနေ့တော့ ဖေဖေနဲ့ပဲ ဆော့နော် သား လိမ္မာရမယ် နော်"

ကျိုးရှောင်ယွီ သူ့အမေပြောတာ နားမလည်ပါ။ မျက်မှောင်ကြုံ့ရင်း ခြေထောက်ကို ကန်လိုက်သည်။ "ပါပါးးး ...ပါပါးးးး.."

ဝမ်ယွီထုံ ကျေနပ်စွာ ပြုံးလိုက်ရင်း ကလေး၏ခေါင်းကိုပွတ်လိုက်သည်။ "ဟုတ်တာပေါ့ တို့ရှောင်ယွီလေးက သိပ်တော်တာပဲ ဒီနေ့ကစပြ ပါးပါးကို ခဏခဏ ခေါ်ရမယ်နော်။ ဖေဖေကတော့ အရမ်း ဝမ်းသာမှာ"

ချီးကျူးခံလိုက်ရသည့် ကျိုးရှောင်ယွီ၏ မျက်လုံးတွေ ကြယ်တွေထင်တောင် တောက်ပလာသည်။ ထိုစကားလုံးကို ပြောတိုင်းလူတိုင်းကြိုက်နှစ်သက်ကြသည်ကို သူသိလာသည်။ ထိုကြောင့် အသံကျယ်ကျယ်ဖြင့် ထပ်အော်လိုက်သည်။

"ပါးပါးးး.."

ရှောင်ယွီလေး ပျော်ရွှင်စွာ ပါးပါးးဟု အော်နေစဉ် အတွင်းမှာပဲ ဝမ်ယွီထုံ ကလေးကို ကျိုးကျီယွဲ့ အခန်းရှေ့ခေါ်သွားပြီး တံခါးခေါက်လိုက်သည်။

ကျိုးကျီယွဲ့သည် ရေစိုနေသည့်ဆံပင်နှင့် နက်ပြာရောင် ရေချိုးဝတ်ရုံဖြင့် လာဖွင့်ပေးသည်။ သူ့၏ နှုတ်ခမ်းတွေက ပုံမှန်ထက်ပို အရောင်တောက်နေကာ နိုးလာတာနဲ့ ရေချိုးထားပုံပေါ်သည်။

"ရောက်လာပြီလား"

ကျိုးကျီယွဲ့၏ ရေချိုးခန်းဝတ်စုံသည်အောက်အနည်းငယ်ကျနေ၍ ဖြူဆွတ်သည့်အသားအရည်နှင့် ရင်ဘတ်ကြွက်သားများ ပေါ်နေ၏။

ဝမ်ယွီထုံ နှစ်ခေါက်ထပ်ပိုကာ ငေးကြည့်လိုက်မိပြီး သူမ မျက်နှာ ပူလာ၍ အကြည့်လွဲလိုက်သည်။ "ကျွန်မ အစ်မနဲ့ပဲ အပြင်ကို မနက်စာ သွားစားမလို့ အိမ်မှာ မစားတော့ဘူးနော်။ ရှောင်ယွီလေးကိုတော့ ထိန်းပေးဦး"

ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ကျိုးကျီယွဲ့ လက်ထဲ ထည့်ပေးလိုက်၍ ကလေး နှင့်အကြည့်ချင်း ဆုံလိုက်သည်။ရှောင်ယွီလေးက သူ့အဖေကို မကြိုက်ပေမယ့် အရင်ကလို သူ့အဖေပေါ် မလိုက်ချင်တာမျိူး မလုပ်တော့ပါ။

"ဂူဂူးး.." ကျိုးရှောင်ယွီသည် သူ့အမေက သူ့ကိုထားခဲ့ပြီး အပြင်သွားမည်ကို ရိပ်မိကာ အင်တင်တင်ဖြစ်နေသည်။မျက်ဝန်းထဲမှာ စက္ကန့်ပိုင်းအတွင်း မျက်ရည်တွေ ကျလာတော့မလိုဖြစ်နေသည်။

ဒါပေမယ့် ဒီတစ်ခေါက်တော့ ကျိုးရှောင်ယွီ မငိုပါ။ အဘယ့်ကြောင့်ဆိုသော် သူ့အမေက သူ့လက်ထဲကို စတော်ဘယ်ရီဒိန်ချဉ်အရသာ ပဲစေ့ ချိုချဉ်ထုပ်ကို သူ့လက်ထဲ ထည့်ပေးကာ ပါးစပ်ပိတ်ထားစေခဲ့၍ ဖြစ်သည်။

"အိမ်မှာ လိမ်လိမ်မာမာ နေနော် ဖေဖေ့စကားနားထောင်နော် မေမေ ခဏနေ ပြန်လာခဲ့မယ်နော်"

ကျိုးကျီယွဲ့က ခေါင်းငြိမ့်လိုက်သည်။ "မစိုးရိမ်ပါနဲ့"

ဝမ်ယွီထုံ မျက်လုံးလေး တစ်ဖက်မှိတ်ပြကာ သူတို့နှစ်ယောက်ကို လက်ပြနှုတ်ဆက်လိုက်ပြီး အမြန်လစ်သွားတော့သည်။

ကျိုးကျီယွဲ့ ထွက်သွားသည့်သူမ နောက်ကျောကို ကြည့်ရင်း တစ်ခဏ ငေးငိုင်မိသည်။

သူကတော့ သူဖြစ်ချင်တဲ့ အတိုင်းမဖြစ်ခဲ့ပေမယ့် ဝမ်ယွီထုံကတော့ ဒီနေ့ အရမ်းပျော်နေတဲ့ ပုံပဲ။

ကျိုးရှောင်ယွီနှင့် အပြင်သွားတိုင်းတစ်ခါမှ မဝတ်ခဲ့ဖူးသည့်မီးခိုးပန်းရောင်စကပ်ကို သူမ ဝတ်ထားကာ သွယ်လျသည့် သူမခန္ဓာကိုယ်က ကျက်သရေရှိလှသည်။

ပေါ့ပေါ့ပါးပါးမိတ်ကပ်လည်းလိမ်းထားပြီး ပုံမှန်ထက် အနံ့ပြင်းသည့် နှင်းဆီပန်းရနံ့ ရေမွှေးလည်း ဆွတ်ထားသေးသည်။ ထို့အပြင် သူလက်ဆောင်ပေးထားသည့် ဆင်မီးခိုးရောင် Hermes အိတ်ကိုလည်း လွယ်ထားသည်။

ကျိုးကျီယွဲ့ ပြုံးလိုက်မိသည်။ အောင်မြင်ချင်ရင် တစ်ချို့ကိစ္စတွေက အလျင်မလိုပဲ အေးအေးဆေးဆေး ဖြည်းဖြည်းလေး သွားရတယ်တဲ့။

သို့သော် သူ့လက်ထဲက ကလေးကတော့ မအေးဆေးနိုင်ပါ။

All Chapters