အခန်း (၄၁)
Vol. 4 Ch. 41
နေရောင်အောက်တွင် ကောင်လေး၏ ဆံပင်ကောက်တွေက ရွှေရောင်တောက် နေကာ ပန်းရောင် အသားအရည်လေးကလည်း ချောမွတ်နေသည်။ အဝေးက ကြည့်လိုက်လျင် ကျိုးရှောင်ယွီလေးသည် ပွေ့ချီပြီး တစ်ကိုက်လောက် ကိုက်လိုက်ချင်စရာ ချစ်စရာကောင်ကလေး ဖြစ်နေသည်။
လူကြီးတွေ စကားပြောနေတုန်း ကျိုးရှောင်ယွီသည် ငြိမ်ငြိမ်လေးထိုင်နေကာ တူရိယာပစ္စည်း အရုပ်တွေနှင့်ကစားနေ၏။ ပီယာနိုအရုပ်ကလေးကို သူ့လက်ချောင်းကလေးတွေဖြင့် လိုက် တို့ထိကစားလိုက်စဉ် သာယာသည့်သံဇဉ်တွေ ထွက်ပေါ်လာသည်။ ထိုအသံကိုကြားလိုက်ရသောအခါ ရှောင်ယွီလေးသည် ဂီတအသံအတိုင်း ဖင်လေးရမ်းကာ ပျော်ရွှင်နေသည်။
ဒရမ်ဝိုင်းကို သူ့လက်ကလေးဖြင့် ထုရိုက်လိုက်စဉ် ဒရမ်ကနေ အသံထွက်လာသည်။ အသံပိုကျယ်ကျယ် ထွက်လာရန် ကျိုးရှောင်ယွီ ဒရမ်ကို ခပ်ပြင်းပြင်း ထပ်တီးလိုက်သည်။
အိမ်တော်ထိန်းစန်သည် ရှောင်ယွီလေးကို ချစ်မြတ်နိုးစွာကြည့်နေသည်။ "တို့ သခင်လေးက ဒီလို ငယ်ငယ်လေးကတည်းက တူရိယာတွေ တီးတတ်နေပြီပဲ။တစ်ကယ့်ပါရမီရှင်ကလေးပဲ။ တစ်နှစ်အရွယ်မှာတင် ကဗျာတွေ ရေးပြီး သုံးနှစ်အရွယ်လောက်ဆို ဘာသာစကားသုံးမျိုးတောင် ပြောနိုင်မှာ သေချာတယ်"
ကလေးထိန်းအန်တီကလည်း လိုက်ထောက်ခံသည်။ "အသက်ငါးနှစ် ရောက်တာနဲ့ အထက်တန်းကျောင်းတက်ပြီး အသက်ရှစ်နှစ်ဆိုရင် ကမ္ဘာ့ထိပ်တန်းပညာရှင် ဖြစ်လာမှာ အသေအချာပဲ"
အိမ်တော်ထိန်းစန် နှင့် ကလေးထိန်းတို့ နှစ်ယောက် ရည်ရွယ်ချက်တူသည့်အလား အချင်းချင်းပြုံးကာ ခေါင်းငြိမ့်လိုက်ကြသည်။
ကျိုးရှောင်ယွီကတော့ သူ့အသက် ရှစ်နှစ် အထိ ဘာတွေ လုပ်ရမယ် ဆိုတာကို သူ့အတွက် သူများ တွက်ချက်စီစဉ် ပြီး သွားပြီမှန်း သိပင် မသိလိုက်ချေ။
ကျိုးရှောင်ယွီ ကူရှင်ပေါ်မှ အယ်ထရာမင်း ဇီးရိုးအရုပ်ကို ကောက်ကိုင်ကာ တစ်ခုခုကို စဉ်းစား မိပြီး ကျိုးကျီယွဲ့ဘက်လှည့်ကာ အော်ပြောလာသည်။ "ပါပါးးး..ပါပါးးး!"
စားပွဲပေါ်မှာ ထိုင်ဆွေးနွေးနေသည့် အမျိုးသား သုံးဦးစလုံး ရှောင်ယွီလေးကို လှည့်ကြည့်လာကြသည်။
တင်းဟဲသည် ချက်ချင်း ပြောလိုက်သည်။ "ဒီကလေးက လိမ္မာရုံတင်မကဘူး ဉာဏ်လည်း ကောင်းတာပဲ"
"ဟုတ်ပါ့ဗျာ ဒီအရွယ်လေးနဲ့ ပါပါးးဆိုတာကို မှန်မှန်ပြောနိုင်တယ်" ဖန်းချင်းရှုံကလည်း ထောက်ခံလိုက်သည်။
တင်းဟဲက ပြုံးကာဆက်ပြောလိုက်သည်။ "မစ္စတာ ကျိုးရဲ့ ဇနီး ကောင်းကောင်း သင်ပေးထားတာပဲ ဖြစ်ရမယ်"
ကျိုးကျီယွဲ့ မျက်လုံးဝယ် အပြုံးယောင်ယောင်လေး ပေါ်လာသည်။
သူအမှန်ကို ပြောလိုက်မိမှန်း သိလိုက်ရ၍ တင်းဟဲ၏ နှုတ်ခမ်းများ ကွေးသွားသည်။ ကလေးနှင့်ပတ်သက်ပြီး ချီးကျူးလိုက်စဉ် ကျိုးကျီယွဲ့တုံ့ပြန်မှု မရှိသော်လည်း သူ့အမျိုးသမီးကို တစ်ခါချီးကျူးလိုက်သည်နှင့် မစ္စတာကျိုး၏ မျက်နှာအမူအရာသည် နူးညံ့သွားသည်။
ဖန်းချင်းရှုံကလည်း ကျိုးကျီယွဲ့၏ မျက်နှာအမူအရာကိုသတိထားမိလိုက်ပြီး သူ့ဘဝကို ညဉ်းငြူလာသည်။
"ဟေး ကျွန်တော်တို့ တို့မိသားစုဝင်တွေကတော့ မတူဘူးဟေ့။ ကလေးတွေကော မိန်းမကောက စိုးရိမ်စရာပဲ။ခင်ဗျားတို့လည်း သိတာပဲ ကျွန်တော်တို့ တို့လင်မယားမှာ ကလေး နှစ်ယောက်ရှိတာကိုလေ။ ကျွန်တော့် အမျိုးသမီးဆိုမနေ့ညက ကျွန်တော့်ကို အေးစက်စက် ဆက်ဆံတယ်ဗျာ။ ဘေးမှာ ကလေးတွေ နေ့ရောညရောရှိနေလို့ အချစ်တွေ ရိုမန်တစ်ဆန်တာတွေ လည်း မရှိဘူးလို့ ပြောတယ်ဗျာ။ အချစ်နဲ့ ရိုမန်တစ်ဆန်တာရဲ့ အဓိပ္ပာယ်အတိအကျက ဘာလဲဗျာ"
တင်းဟဲက ခေါင်းရမ်းပြီး ပြောလာသည်။ "ခင်ဗျားတစ်ကယ်ကို နားမလည်ဘူးပဲ။ ခင်ဗျားအမျိုးသမီးက ခင်ဗျားကို ကလေးတွေ ရှိလို့ မရိုတတ်ဘူး ပြောတာလဲ မဆန်းပါဘူး"
ကျိုးကျီယွဲ့နှင့် ဖန်းချင်းရှုံတို့နှစ်ယောက် တင်းဟဲကို တစ်ချိန်တည်း လှမ်းကြည့်လိုက်ကြသည်။ ကျိုးကျီယွဲ့၏ ဖိနှိပ်သည့်အကြည့်ကို တင်းဟဲ လန့်သွားသည်။ သူ့လည်ချောင်းကိုရှင်းပြီး သေချာရှင်းပြလိုက်သည်။
"ဘဝ ဆိုတာ တည်ငြိမ်နေလို့မရဘူး။ စိတ်ဝင်စားစရာကိစ္စတွေ လုပ်ပြီး နေရာတိုင်းမှာ အံ့အားသင့်စရာတွေ ချန်ထားခဲ့သင့်တယ်။ ဥပမာပြောရရင် ခင်ဗျားကလေးတွေကို ချန်ခဲ့ပြီး ခင်ဗျားတို့နှစ်ယောက်တည်း ဒိတ်တာမျိုး၊ ဒါမှ မဟုတ် ကလေးတွေနဲ့အတူ ခရီးဝေး တစ်နေရာ သွားတာမျိုးပေါ့။အတိုချုပ်ပြောရရင် နည်းလမ်းဟောင်းကြီးပဲ သုံးမနေနဲ့ ဘယ်အမျိုးသမီးမှ ပျင်းစရာကောင်းတဲ့ ယောကျာ်းကို မကြိုက်ကြဘူး"
ဖန်းချင်းရှုံ ခါးသီးစွာ ပြုံးလိုက်သည်။ "အာ့လိုမျိုးလား။ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကိုအလုပ်ကိုပဲ ဂရုစိုက်ပြီး ပျင်းစရာကောင်းတဲ့သူလို့ပြောတာ အာ့လို သဘောမျိုး ထင်တယ်နော်"
တင်းဟဲ - "ဥပမာဗျာ ကျွန်တော်ဆို အမျိုးသမီးနဲ့ ကလေးတွေကို ဒီလ ခုလာမယ့် ခရစ္စမတ်ပိတ်ရက်ကျရင် ဩစတျေးလျကို အလည်ခေါ်သွားဖို့ စီစဉ်ထားတယ်။ နောက်လကျရင်လည်း အမျိုးသမီးနဲ့ ကျွန်တော် နှစ်ယောက်တည်း ဟောင်ကောင်ကို ခရီးတိုလေးသွားဖို့ လေယာဉ်လက်မှတ် ကြိုတင် ဘွတ်ကင် တင်ထားပြီးပြီ။ဒါကြောင့် ပတ်ဝန်းကျင် အပြောင်းအလဲ လေးနဲ့ ပျော်စရာတွေ အတူဖန်တီးတာက ရိုမန်တစ်ဆန်တယ် လို့လည်း ပြောလို့ရတယ်"
ဖန်းချင်းရှုံ ခေါင်းငြိမ့်လိုက်သည်။ "ခင်ဗျားရဲ့ အကြံပေးမှု အတွက် ကျေးဇူးတင်ပါတယ်"
ကျိုးကျီယွဲ့ အနည်းငယ်မျက်မှောင်ကြုံ့ကာ သူ၏ သွယ်လျသည့် လက်ချောင်းများဖြင့် စားပွဲကို အသာအယာ ခေါက်ရင်း အကြည့်တ္ကေ နက်နက်နဲနဲ တွေးနေပုံရသည်။
တင်းဟဲနှင့် ဖန်းချင်းရှုံလည်း ချက်ချင်း အချင်းချင်းကြည့်လိုက်ကြသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး ကျိုးကျီယွဲ့ ၏ သဘောထားက မရှင်းလင်းသည့်ပုံပေါက်သည်။ထို့ကြောင့် အကြောင်းအရာ ခေါင်းစဉ်ပြောင်းလိုက်ပြီး အလုပ်အကြောင်းသာ ပြောကြတော့သည်။
ညနေခင်း ငါးနာရီထိုးပြီဖြစ်၍ နေလည်း တစ်ဖြည်းဖြည်း ဝင်လာပြီဖြစ်ရာ နေအလင်းရောင်လည်း တစ်ဖြည်းဖြည်းမှိန်လာသည်။ ၆၈လွှာရှိစီအီးအိုရုံးခန်းမှ ကြည့်လိုက်လျင် ကောင်းကင်ကြီး တစ်ဖြည်းဖြည်းမှောင်လာကာ ဆည်းဆာခရမ်းရောင် ကနေ နက်ပြာရောင်သို့ တစ်ဖြည်းဖြည်းပြောင်းသွားပြီး မှောင်မည်းလာသည်။
ကျိုးရှောင်ယွီသည် ဖျာပေါ်မှ အရုပ်များနှင့် ဆော့ရသည်မှာ ပျင်းလာ၍ စိတ်ညစ်လာပြီး အရုပ်တွေကို သူ့လက်ကလေးတွေဖြင့် ကောက်ပစ်နေသည်။ ထို့နောက် ရုံးခန်းကျယ်ကြီးထဲ သူ့မျက်လုံး အဝိုင်းကြီးဖြင့် လှည့်ပတ်ကြည့်ကာ လျှောက်သွားလိုက်သည်။နောက်ဆုံး အထီးကျန်ခြင်း ခံစားချက်ကို မခံနိုင်တော့ချေ။
ရုံးခန်းကျယ်ကြီးထဲမှာလည်း သူ့အတွက် စိတ်ဝင်စားစရာ တစ်ခုမှ မတွေ့တော့ပဲ အဖြူအမဲမီးခိုးရောင် ရုံးခန်းကြီးက သူ့အတွက် အေးစက်ကာ မှိုင်းထိုင်းသည့် ခံစားချက်ကို ပေးနေသည်။
ကောင်ကလေး၏ စိတ်အခြေအနေသည် ဇွန်လရာသီဥတုထက်ပင် ပို၍ အပြောင်းအလဲ မြန်သည်။ရယ်မော ပျော်ရွှင်နေသည့် ကျိုးရှောင်ယွီသည် မိနစ်ပိုင်းအတွင်းမှာပဲ မျက်ရည်တွေ တစ်လက်စက်ကျလာတော့သည်။ မျက်နှာ တစ်ခုလုံးလည်း မျက်ရည်တွေ ရွှဲနှစ်နေပြီး နှာပူပေါင်းပင် ထွက်လာသည်။
အိမ်တော်ထိန်းစန်လည်း စိုးရိမ်တကြီး ကလေးကို ဖက်ကာ ချော့လိုက်သည်။ "တို့ကလေးလေးက ဘာ လို့ ငိုတာပါလိမ့်?"
ကလေးထိန်းကလည်း ကစားစရာ အရုပ်တွေဖြင့် ရှောင်ယွီလေးကို ချော့နေသည်။
ကံဆိုးစွာပင် ဤတစ်ခေါက်တွင် တော့ ရှောင်ယွီလေးသည် အရုပ်များ အပေါ် အာရုံမလာတော့ပေ။ သူ့အမေကိုပဲ သတိရတော့သည်။ သူ့အမေရဲ့နူးညံ့သည့် ထွေးပိုက်မှု၊ ချိုသာသည့်အသံ၊ သူ့ပါးစပ်ထဲ ထည့်ကာ ဝါးစားလို့ရသည့် သူ့အမေ၏ ဆံပင်ရှည် တို့ကို လွမ်းလှပြီ။မနက်ခင်းကမှ သူ့အမေနှင့် ခွဲခွာခဲ့ရသော်လည်း ရာစုနှစ်တစ်ခုစာ ကြာပြီဟု ထင်ရသည်။
အရင်တစ်ခေါက်ကလည်း သူ့အမေ သူ့ကို ဒီလို အကြာကြီး ထားသွားတာလား?
ကျိုးရှောင်ယွီ မမှတ်မိတော့ပါ။ သို့သော် သူ့ မသိစိတ်ထဲမှာတော့ သူ့အမေ သူ့ကို မလိုချင်တော့၍ ထပ် စွန့်ပစ်သွားပြီဟု ထင်နေ၏။
အိမ်တော်ထိန်းစန် ကျိုးရှောင်ယွီလေးကို ချီပိုးကာ ချော့နေစဉ် အလုပ်ကိစ္စပြီးသွားသည့် ကျိုးကျီယွဲ့က မထင်မှတ်ဘဲ အနား ရောက်လာသည်။
အိမ်တော်ထိန်းစန်နှင့် ကလေးထိန်းတို့ တစ်ချိန်တည်းမှာပဲ ကျောရိုးထဲ အေးစိမ့်သွားသည်ကို ခံစားလိုက်ရကာ ချွေးတွေ ပြန်လာသည်။ ကျိုးကျီယွဲ့က ရှောင်ယွီလေးကို နားညဉ်းတယ်ဆိုပြီး ရိုက်ဖို့လာတာတော့ မဟုတ်ပါဘူးနော်။
အိမ်တော်ထိန်းစန် စိုးရိမ်တကြီး ပြောလိုက်သည်။
"ဒုတိယသခင်လေး ကလေးတွေက ငိုတာက ပုံမှန်ပါပဲ။ကလေးက ငယ်သေးတော့ သူ့ကို မရိုက်ပါနဲ့"
ကလေးထိန်း - " သခင်ငယ်လေးကို ချော့လိုက်ရင် ခဏနေ အငိုတိတ်သွားမှာပါ"
ကျိုးကျီယွဲ့ သူ့ရှေ့က လူကြီး နှစ်ယောက်နှင့်ကလေးငယ်ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်ပြီး မျက်မှောင်ကြုံ့ကာ နှုတ်ခမ်းကို စေ့လိုက်သည်။
တင်းဟဲသည် ရုံးခန်းထဲမှ မထွက်သွားခင် သူ၏ ရွှေကိုင်းမျက်မှန်ကို ပင့်ရင်း အကြံပေးလိုက်သည်။ "ကလေးက သူ့အမေကို လွမ်းနေတာ ဖြစ်မယ် မစ္စတာကျိုး။ ကျွန်တော့် အထင် ကလေးငိုတဲ့ ပုံကို သူ့အမေဆီ ပို့လိုက်ရင် သူအားတဲ့အခါ ဗီဒီယိုကော ခေါ်လာနိုင်တာပေါ။ အာ့လိုဆိုရင် မစ္စတာကျိုးအမျိုးသမီးရဲ့ ကိုယ် ပိုင်အချိန်တွေကိုလည်း နှောက်ယှက်ရာမကျတော့ပဲ ကလေးရဲ့ပြဿနာလည်း ဖြေရှင်းပြီးသားဖြစ်သွားရော"
ကျိုးကျီယွဲ့၏ တည်တင်းနေသည့် မျက်နှာက အနည်းငယ် ဖြေလျော့သွားသည်။ "ဟုတ်တယ်"
တင်းဟဲ နှုတ်ခမ်းတွေ ကွေးသွားသည်။ သူ့အကြံပေးချက်က ဘော့စ်ရဲ့ ရင်ထဲ ထိသွားတဲ့ပုံပဲ။
ကျိုးကျီယွဲ့ ဖုန်းထုတ်ကာ ပုံရိုက်ရန် ပြင်လိုက်စဉ် တင်းဟဲက ပြုံးရင်း အကြံပေးလာသည်။"မစ္စတာကျိုး ကျွန်တော်က ဓါတ်ပုံ ရိုက်တဲ့ နေရာမှာ အရမ်းတော်တာ။ကျွန်တော့်ကိုပဲ ရိုက်ခိုင်းလိုက်ပါလား"
တင်းဟဲသည် ကျိုးကျီယွဲ့၏ ဖုန်းကို ယူကာ ရှောင်ယွီငိုနေသည့်ပုံကို ရှုထောင့်ကောင်းကောင်းမှ ရိုက်ပေးလိုက်သည်။ ကျိုးရှောင်ယွီ၏ မျက်ရည်တွေနှင့် နီရဲနေသည့်မျက်လုံးအပြင် နှာရည်တွေ ထွက်နေသည့် နှာခေါင်းနီနီလေး၊ မျက်ရည်တွေ သုတ်ထား၍ စိုစွတ်နေသည့်လက်ကလေး၊ စိတ်အားငယ်၍ တွဲလောင်းကျနေသည့် ခြေထောက်ကလေးများပင် ပါအောင် ရိုက်လိုက်သည်။
ပုံထဲ က ကျိုးရှောင်ယွီသည် အပြင်က ကျိုးရှောင်ယွီထက် အဆနှစ်ဆယ်လောက် ပိုသနားစရာကောင်းနေသည်။
ကျိုးကျီယွဲ့ ပုံတစ်ချို့ကို ဝမ်ယွီထုံဆီ ပို့လိုက်သည်။
[ကျိုးကျီယွဲ့ - ရှောင်ယွီ မင်းကို သတိရနေတယ် ထင်တယ်။ မင်းအားရင် ဗီဒီယိုကော ခေါ်ပေးနိုင်မလား?"
ငါးမိနစ်အကြာမှ ဝမ်ယွီထုံ ဆီက ဗီဒီယိုကော မဟုတ်ပဲ ဖုန်းဝင်လာသည်။ "ရှောင်ယွီလေး ဘယ်လိုနေသေးလဲ?"
ကျိုးကျီယွဲ့ တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
"သူအဆင်ပြေပါတယ်။ မင်းကို လွမ်းနေတာလေးပါပဲ "
ဝမ်ယွီထုံသည် နှိပ်နယ်သည့်စပါးမှ အနှိပ်ခံပြီးနောက် VIPအခန်းထဲ ငှက်သိုက်သောက်ရင်း ဝမ်ချူးယွဲ့ နှင့် စကားထိုင်ပြောနေစဉ် မမျှော်လင့်ပဲ ကျိုးကျီယွဲ့ ထံမှ ပုံတွေ ပို့လာခဲ့သည်။ ရှောင်ယွီလေးက တစ်ခဏတောင် ထားခဲ့လို့မရပဲ သူ့ကို သတိရနေတာပဲ။
ဝမ်ယွီထုံ သက်ပြင်းချလိုက်သည်။ မူလအစီအစဉ်က ညနေစာ စားပြီးမှ အိမ်ပြန်ရန်ဖြစ်သော်လည်း ရှောင်ယွီလေး သူ့ကို သတိရနေတယ် ဆိုတော့ မနေနိုင်တော့ဘဲ ကျိုးကျီယွဲ့ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
ဝမ်ယွီထုံ နာရီကို ကြည့်လိုက်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ "ဒီလိုလုပ်ပါလား။ ညနေစာ စားချိန်လည်း ရောက်တော့မယ် ဆိုတော့ ရှောင်ယွီလေးကို ခေါ်လာပြီး ကျွန်မတို့အတူ ညစာ စားကြမယ်လေ"
ကျိုးကျီယွဲ့ မျက်ခုံး ပင့်လိုက်သည်။ "မင်းအနှောက်အယှက် မဖြစ်ဘူးလား?"
ဝမ်ယွီထုံ သူမ ခေါင်းကို ခါလိုက်သည်။ "မဖြစ်ပါဘူး။ အမြန်သာ လာခဲ့။ ကျွန်မ တည်နေရာ ပို့လိုက်မယ်"
ကျိုးကျီယွဲ့၏ နှုတ်ခမ်း မသိမသာ ကွေးတက်သွားသည်။ "ဟုတ်ပြီ"
ဖုန်းချလိုက်ပြီးနောက် ကျိုးကျီယွဲ၏ မျက်ခုံးများပြေလျော့သွားသည်။ ကျီစယ်လိုသည့်အကြည့်ဖြင့် ကြည့်နေသည့် တင်းဟဲကို ကျိုးကျီယွဲ့ တစ်ချက် ကြည့်လိုက်သည်။
အပို အကြောင်းအရာတွေ မပြောတော့ပဲ တင်းဟဲ ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ "ဒါဆိုလည်း လောင်ဖန်းနဲ့ ကျွန်တော် တို့ အရင်သွားနှင့်လိုက်ပါ့မယ်။ မစ္စတာကျိုးလည်း ကလေးကို အမြန်ခေါ်ပြီး အမျိုးသမီးနဲ့ သွားတွေ့ လိုက်ပါဦး"
ရိုးသား၍အထာမပေါက်သည့် ဖန်းချင်းရှုံကို တွန်းကာ တင်းဟဲ တို့အပြင်ထွက်သွားကြသည်။
ကျိုးကျီယွဲ့ အိမ်တော်ထိန်းစန် လက်ထဲမှ ငိုနေသည့်ကလေးကို ချီကာ တစ်ရှုးဖြင့်မျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး ပြောလိုက်သည်။ "အခု မေမေ့ဆီ သွားကြစို့ "
ကျိုးရှောင်ယွီသည် သူ့အဖေ ပြောသည်ကို နားလည်သည့်အလား အငိုချက်ချင်းတိတ်သွားပြီးမျက်လုံးက ကြယ်တွေလို တောက်ပလာသည်။ "ကူးးကူ...အမားးး"
ကျိုးကျီယွဲ့ ပြုံးပျော်နေသည့် ကလေးကို ချီကာ ရုံးခန်းထဲကနေ သူ့ခြေတံရှည်ကြီးများဖြင့် သွက်လက်စွာ ထွက်ခွာသွားတော့သည်။
အိမ်တော်ထိန်းစန် သက်ပြင်းချလိုက်သည်။ "သခင်ငယ်လေးက တစ်ကယ့်ကို ပါရမီရှင်လေးပဲ။ လူကြီးတွေ ပြောတာ အားလုံး သူနားလည်တယ်။ ကလေးဘာသာစကားနဲ့တောင် ပြန်ပြောနိုင်သေးတယ်"
ကလေးထိန်းကလည်း ခေါင်းငြိမ့်လိုက်သည်။ "ဒီပုံအတိုင်းသာ ဆက်သွားမယ် ဆိုရင် ကျွန်မတို့သခင်ငယ်လေးက အသက်ဆယ်နှစ်မှာတင် ကောလိပ် တက်နိုင်လိမ့်မယ်"
အိမ်တော်ထိန်းစန်ကလည်း နှစ်သက်မြတ်နိုးသည့် အကြည့်တွေဖြင့် "အသက် ဆယ့်နှစ်နှစ် ရောက်ရင် နိုဘယ်ဆုတောင် ရဦးမှာ " ဟု ပြောလိုက်သည်။
ကလေးထိန်း - "အိမ်တော်ထိန်းစန် ရှင်က "ဖေဖေစီအီးအိုအချစ်ရဖို့ သားဉာဏ်ကြီးရှင်ကကူညီခြင်း " ဆိုတဲ့ ဝတ္ထုထဲကအတိုင်း ပြောနေတာလားဟင်"
အိမ်တော်ထိန်းစန် ခေါင်းငြိမ့်လိုက်သည်။ "အာ့ဝတ္ထုဖတ်တဲ့သူနဲ့ ဆုံရလိမ့်မယ် လို့ မထင်ထားဘူး"
….... ....... ........
ညနေခြောက်နာရီလောက်တွင် ကျိုးကျီယွဲ့နှင့် ကျိုးရှောင်ယွီတို့ အထူးစားသောက်ဆိုင် တစ်ခုသို့ရောက်လာကြသည်။ ဝမ်ယွီထုံ နှင့် ဝမ်ချူးယွဲ့တို့က သီးသန့်အခန်းထဲ တွင် ကြို စောင့်နေကြ၏။
ဝမ်ယွီထုံကို တွေ့လိုက်ရစဉ်တွင် ကျိုးကျီယွဲ့၏ အကြည့်တွေ အံ့အားသင့်မှု ဖြတ်ပြေးသွားသည်။
သူမ၏ ခါးလယ် ထိရှည်သော ဆံပင်ကိုကောက်ထားကာ နီညိုရင့်နို့လက်ဖက်ရည်အရောင်ဆိုးထားသည်။ သူမ၏ မက်မွန်သီးကဲ့သို့ မျက်ဝန်းလေးကလည်း ဆောင်းဦးကဲ့သို့ ကြည်လင် တောက်ပနေသည်။ သူမ၏ တောက်ပသည့် မျက်ဝန်း၊ လှပသည့် နှာတံ၊ ချယ်ရီနှုတ်ခမ်းဖူးလေးနှင့် မိတ်ကပ်မပါတာတောင် ကျောက်စိမ်းကဲ့သို့ ကြည်လင်ဖြူဖွေးနေသည့် အသားအရည်တို့ကြောင့် အလွန် ကျက်သရေရှိလှပနေ၏။
ဝမ်ချူးယွဲ့ကလည်း သူမ၏ ပုခုံးဝဲ ဆံပင်ဖြောင့်ကို အုတ်ကျိုးနီရောင်ပြောင်းထားကာ မိတ်ကပ်လိမ်းထားသည်။ သူမသည်လည်း လှပစွာ ထိုင်ရင်း iPad မီနူး ကနေ ဟင်းပွဲတွေ မှာ နေငည်။
ကျိုးရှောင်ယွီ သူ့မေမေ နှင့် အဒေါ်တို့၏ ပြောင်းလဲ သွားသည့် ဆံပင် အရောင်ကို စိတ်ဝင်တစား ကြည့်နေသည်။
"ဂူဂူးးး!"
ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ၏ ပုံစံက ချစ်စရာကောင်းလွန်း၍ ကျိုးကျီယွဲ့ လက်ထဲ မှ ချက်ချင်း ပွေ့ယူလိုက်ကာ ကလေး၏ ပါးလေးကို အသာအယာ စိတ်လိုက်သည်။
"မေမေ့ကို သတိရနေတာလား?"
ကျိုးရှောင်ယွီ နှာခေါင်းလေး နှစ်ချက်ရှုံ့လိုက်ကာ ဝမ်ယွီထုံ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ သူ့အမေကို အခုမှ ပေါ်လာ၍ အပြစ်တင်နေသည့်နှယ်။
ဘေးမှာ ရပ်နေသည့် ရှည်လျားသည့်အရပ်နှင့် ကျိုးကျီယွဲ့ကလည်း မျက်ဝန်းနက်ကြီးများဖြင့်ကြည့်ကာ ပုံမှန် ထက်ပို၍ ဆွဲဆောင်မှု ရှိသည့် အသံဖြင့်ပြောလာသည်။
"မင်းကိုသတိရပါတယ်"
ဝမ်ယွီထုံ နှုတ်ခမ်းများစေ့သွားသည်။ သူမက ကျိုးရှောင်ယွီကို သတိရလားမေးတာလေ။
ဒါပေမယ့် ကျိုးကျီယွဲ့ ပြန်ဖြေတဲ့ ပုံစံက မရှင်းမလင်းကြီး။ သူ့လေသံက ပိုတောင် မရေမရာဖြစ်နေသည်။
ဝမ်ယွီထုံ ရှောင်ယွီလေးကို ဖက်ရင်း ထိုင်လိုက်သည်။ သူမ၏ ပါးပြင်နှစ်ဖက်သည် ရှက်သွေးဖြာနေပုံက မူရင်း အလှကို ပို၍ မိန်းမသားဆန်ကာလှပသွားသည်။
ကျိုးကျီယွဲ့ မျက်လွှာကိုချကာ ဝမ်ယွီထုံနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ သူ၏ အေးစက်စက် မျက်ဝန်းထဲ အပြုံးယောင်ယောင်လေးပေါ်လာသည်။
သူတို့နှစ်ယောက် အကြည့်ချင်းမဆုံမိအောင် ရှောင်နေသော်လည်း မျက်လုံးထောင့်ကခိုးကြည့်ကာ လိုက်လုပ်နေသည့်အလား နှစ်ယောက်စလုံး၏ အပြုအမူတွေက မတိုက်ထားပဲ တူညီနေ၏။
ဘာမှ နားမလည်သည့် ကျိုးရှောင်ယွီကတော့ တစ်ယောက်တည်း "ဂူးဂူးးအောင်း " တွေ အော်နေသည်။
အစားအသောက်မှာနေသည့် ဝမ်ချူးယွဲ့ - "..?????..."
'ဒီကမ္ဘာပေါ်မှာ သူမ ဘာအမှားတွေများ လုပ်မိလို့ ဒီည ဒီနေရာကိုရောက်နေရတာလဲ?'