← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

ယခုတလာ ကျိုးရှောင်ယွီလေး သွားရည်ကျနေသည်ကို ဝမ်ယွီထုံ သတိထားမိလိုက်သည်။ သူ၏ ပန်းရောင်နှုတ်ခမ်းလေး ဖွင့်ကာ ကြည်လဲ့နေသည့် သွားရည်တွေကျလာ၍ အင်္ကျီကော်လံတွေ စိုသွားတတ်သည်။ထို့ကြောင့် ဝမ်ယွီထုံသည် ချက်ချင်းလဲနိုင်ရန် သွားရည်ခံအချို့ကို ပြင်ဆင်ထား၏။

ညပိုင်း ရှောင်ယွီလေးကို သွားတိုက်ပေးစဉ်တွင် ကလေး၏ အပေါ်မေးရိုးမှ ရှေ့သွား သုံးချောင်းနှင့် လေးချောင်းမြောက်သွားများ ပေါက်လာသည်ကို တွေ့လိုက်ရသည်။ သွားအသစ်များသည် ဖြူဖွေးကာ သေးငယ် ချွန်ထက်နေပြီး ဆိုးသွမ်းသည့် တိရိစ္ဆာန်များ၏ သွားကလေးများကဲ့သို့ ချစ်စရာ ကောင်းလှသည်။

"ဝိုးးး တို့ကလေးလေးက အရမ်းမိုက်တာပဲ အခုဆို သွားလေးချောင်းတောင် ပေါက်နေပြီနော်"

ဝမ်ယွီထုံ သူမဆံပင်ကို ပိုနီတေးစတိုင်မြောက်ချည်လိုက်ကာ ကလေး၏ အသစ်ပေါက်လာသော သွားနှစ်ချောင်းကို ပြုံးကာ ကြည့်လိုက်သည်။

ကျိုးရှောင်ယွီသည် သူ့မျက်နှာလေးကို မော့ကာ ပါးစပ်ကို ဖွင့်ရင်း သူ့အမေ သွားတိုက်ပေးသည်ကို ငြိမ်ငြိမ်လေးခံနေ၏။

လက်ချောင်းစွပ်သွားပွတ်တံသည် ကျိုးရှောင်ယွီ၏ ယခု အခြေအနေနှင့် မကိုက်ညီတော့၍ ဆီလီကွန်သွားပွတ်တံကို လွန်ခဲ့သည့်ရက်ပိုင်းကတည်းက ပြောင်းသုံးနေပြီ ဖြစ်သည်။ ရှောင်ယွီလေးအတွက် သွားပွတ်တံ အသစ်ကို ၃၆၀°လှည့်နိုင်ပြီး ကိုင်တွယ်ရလွယ်ကူကာ အမျှင်များနူးညံ့ပြီး တစ်နှစ်အောက်ကလေးများအတွက် သင့်လျော်သည့် အမျိုးအစားကို ဝမ်ယွီထုံ အထူးရွေးချယ်ကာ ဝယ်ယူထားသည်။

"ကောင်ကလေးက သွားတိုက်ရတာကို ကြိုက်တယ်။သွားကို ဘယ်ညာတိုက်။ အပေါ်အောက်တိုက်။ အတွင်းနဲ့ အပြင်တိုက်။ တို့သွားလေးက အရမ်းဖြူဖြူဖွေးဖွေး....."

ကျိုးရှောင်ယွီသည် သူ့အမေ၏ အဆို စွမ်းရည်ပြနေသည်ကို သဘောကျစွာ မျက်လုံးလေးမှေးရင်း ကြည့်နေ၏။

ကျိုးရှောင်ယွီလေး ယခုကဲ့သို့ နေ့တိုင်း သွားတိုက်ရသည်ကို နေသားကျနေပြီဖြစ်သည်။ သွားတိုက်ပြီးရင် သူ့ပါးစပ်က သန့်ရှင်းကာ သွားလေးတွေကလည်း ဖြူဖွေးသန့်ရှင်းနေတတ်သည်။ စားစရာတွေစားပြီးလို့ ပါးစပ်နံမှာကိုလည်း မေမေ စိုးရိမ်စရာ မလိုတော့ဘူးလေ!

သွားတိုက်ပြီး နောက် ကလေးကို ညအိပ်ဝတ်စုံလဲပေးကာ အိပ်ရာဝင်အချိန်ဇယားအတိုင်း ပုံပြင်စာအုပ်ဖတ်ပြသည်။ ဝမ်ယွီထုံသည် ကလေးကို မချော့သိပ်တော့ပဲ သူ့ခေါင်းအုံးပေါ် ကလေးကို ချထားလိုက်ကာ သူမ လုပ်ရမည့်အလုပ်ကို လုပ်နေလိုက်သည်။

ကျိုးရှောင်ယွီလေးသည် အိပ်ရာကြီးပေါ်ဝယ် ဟိုဒီလူးလိမ့်လိုက်၊ သူ့ခြေလက်တွေကို စုပ်လိုက်၊ အိပ်ရာ ခေါင်းရင်းဘက်ရောက်သွားလိုက်၊ ခြေရင်းဘက်ရောက်သွားလိုက်နှင့် နောက်ဆုံးတော့ သူ့မျက်လုံးလေးကိုပြူးကာ တစ်နေရာ စိုက်ကြည့်နေရင်း မျက်လုံးတစ်ဖြည်းဖြည်းမှေးကျကာ အိပ်ပျော်သွား၏။

ဝမ်ယွီထုံ သူမ လုပ်လက်စ အလုပ်ကို ချထားလိုက်ကာ မျက်လုံးလေး ပိတ်ကာ အိပ်နေသည့် ကောင်လေးကို ပြုံးရင်း ကြည့်လိုက်သည်။နောက် ရှောင်ယွီလေးကို ချီကာ သူ၏ ကလေးအိပ်ရာပေါ်ချလိုက်ရင်း စောင်ကို အသာအယာ ခြုံပေးလိုက်သည်။

စနစ် - "ဂုဏ်ယူပါတယ် း! ကလေးက ကိုယ့်ဖာသာကိုယ်အိပ်တတ်သွားပါပြီ။ နို့တိုက်စရာမလို၊ ချီထားစရာမလို၊ သီချင်းသံမလို ၊ချော့သိပ်စရာမလိုပဲ ရှောင်ယွီလေးက ပထမဆုံး အမှန်တစ်ကယ်ကို ကိုယ့်ဖာသာကိုယ်အိပ်တတ်သွားပါပြီ"

ဝမ်ယွီထုံ သူမ မေးကို ချီကာ ဂုဏ်ယူစွာပြောလိုက်သည်။ "ဒါပေါ့ ကျွန်မ သင်ပေးထားတာလေ ပြောရမယ် ဆိုရင် ကျွန်မ တော်လို့ပေါ့"

စနစ် - " တစ်ခါတစ်လေလည်း ဒီလိုဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ပေးထားတဲ့ အချက်တွေကို လိုက်နာဖို့ လိုပါသေးတယ်"

စနစ်ကနေ ကလေးပြုစုစောင့်ရှောက်သည့် အချက်အလက်များ ပေါ်လာသည်။

[မေမေ သားသား ကိုယ့်ဖာသာ အိပ်တတ်သွားပြီ ]

[ကလေးတွေကို ချော့သိပ်စရာ မလိုပဲ အိပ်စေမည့် နည်းလမ်းများ]

[အိပ်ချင်သည့်လက္ခဏာများကို ကြည့်ပါ။ ဥပမာ ငေးမောနေခြင်း၊ ခြေလက်များကိုက်နေခြင်း၊ သန်းဝေနေခြင်း၊ မျက်လုံးများ ပွတ်နေခြင်း အစရှ်ိသဖြင့်]

[အိပ်ရာဝင်အချိန်ဇယားပြင်ဆင်ပါ။ အိပ်ရာဝင်အချိန်ဇယားသည် ကလေးအတွက် အရေးပါသည်။]

[သက်သောင့်သက်သာ ရှိမည့် အိပ်ရာပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ ဥပမာ အခန်းအပူချိန်]

[ကလေးက မငြိမ်မသက် လှုပ်ရှားနေလျင် ပုတ်ပေးကာ ချော့သိပ်နိုင်သည်။]

ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ အိပ်ပျော်သွားပြီးနောက် မိဘနှင့်ကလေးနိဗ္ဗာန်ဘုံ ပန်းခြံအတွက် ကနဦးတင်ပြချက်နှင့် ယနေအစည်းအဝေးမှ အကြံပေးချက်များကိုအခြေခံကာ ပြောင်းလဲသင့်သည်များ ပြောင်းလိုက်သည်။ သူမတို့ ဘရန်းမိတ်ဆက်ကို ထပ်ထည့်လိုက်သည်။ ဘရန်းဒီဇိုင်းမိတ်ဆက်ရေးဆွဲရာတွင် အကူအညီပေးရန် ကျိုးကျီယွဲ့၏ ဒီဇိုင်နာကိုပင် မျက်နှာ ပြောင်ပြောင်ဖြင့် ငှားရမ်းခဲ့၏။

သူမ၏ ယောကျာ်းက အရမ်းအသုံးဝင်လိမ့်မည်ဟု မမျော်လင့်ခဲ့ပါ။ နောက်တစ်နေ့မှာပဲ ဒီဇိုင်နာအဖွဲ့တစ်ခုလုံးက အိမ်ကို ရောက်လာခဲ့သည်။

ဝမ်ယွီထုံသည် ဒီဇိုင်းအဖွဲ့နှင့် ဒုတိယထပ်ဧည့်ခန်းတွင် တွေ့ဆုံကာ ဆွေးနွေးခဲ့သည်။ ဒီဇိုင်နာအဖွဲ့ကလည်း အလွန်အရည်အချင်းရှိကြကာ ဝမ်ယွီထုံ လိုချင်သည့်အတိုင်း ဘရန်းမိတ်ဆက် လက်ကမ်းစာစောင်ကို အမြန်လုပ်ပေးနိုင်ကြသည်။

ကြာသာပတေးနေ့တွင်တော့ ဝမ်ယွီထုံသည် ပြင်ဆင်ထားသည့်အရာများကို ယူဆောင်ကာ ဟွားရီစင်တာ ရင်းနှီးမြုပ်နှံရေးဌာနတွင် မန်နေဂျာလျန်နှင့် တွေ့ဆုံရန် သွားလိုက်သည်။

မန်နေဂျာလျန်သည် ဝမ်ယွီထုံ၏ ဘရန်းမိတ်ဆက်ကိုကြည့်ကာ အံ့အားသင့်သွားသော်လည်း မျက်နှာမှာတော့မပြပါ။ သူအရမ်းအိပ်ချင်နေသည့်အချိန် သူ့ကို ခေါင်းအုံး လာပေးသလို ခံစားလိုက်ရသည်။ အရမ်းသက်သာသွားတာပဲ! အဘယ့်ကြောင့် ဆိုသော် ဟွားရီစင်တာသည် ယခင်ကတည်းက ရေပန်းရင်ပြင်နေရာဝန်းကျင်တွင် အပန်းဖြေနေရာ တစ်ခု လုပ်ရန် လုပ်ရန် စိတ်ကူးရှိခဲ့တာဖြစ်သည်။ ထိုစိတ်ကူးများထဲတွင် ကလေးကစားကွင်းသည် ဦးစားပေးဖြစ်သည်။

တစ်ခြားရှော့ပင်းမော စင်တာများဆိုလျင် လွန်ခဲ့သည့်နှစ်နှစ်ခန့်ကတည်းက မိုးလုံ လေလုံ ကလေးကစားကွင်းတွေ ဆောက်လုပ်ကြပြီး ဖြစ်သည်။ မိုးလုံ လေလုံ ကလေး ကစားကွင်းသည် နေရာကျယ်ကျယ်လိုအပ်ကာ အရင်းအနှီးများသော်လည်း အတော်လေး အမြတ်တင်မည့် လုပ်ငန်းဖြစ်သည်။

မြို့တော်အေ အတွင်းမှာလည်း အတော်လေးအလုပ်ဖြစ်နေသည့် မိုးလုံလေလုံ ကလေးကစားကွင်းများရှိ၏။ရုံးပိတ်ရက်တို့ နွေရာသီ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာပင် လူအ‌ရေအတွက် အကန့်အသတ်ဖြင့် ဝင်ခိုင်းရသည်အထိပင် အလုပ်ဖြစ်သည်။‌ ကစားကွင်းထဲ ဝင်နိုင်ဖို့ လူတွေ တန်းစီရသည်အထိပင် ဖြစ်ခဲ့သည်။

မစ္စဝမ်တွင် အလွန်ထက်မြက်သည့် အမြင်ရှိသည်ဟု မန်နေဂျာလျန် စိတ်ထဲ တွေးလိုက်သည်။ သူတို့၏ သုံးထပ်ဆိုင်ခန်းလေးသည် အကျယ်အဝန်းဧရိယာ ၁၈၀၀ ကုဗမီတာရှိကာ လူစည်ကားသည့်လမ်း ရေပန်းရင်ပြင်ကို မျက်နှာမူထားသည့် ပေါ်လွင်ထင်ရှားသည့်နေရာတွင် ရှိနေ၏။ အကယ်၍ ထိုနေရာကိုသာ အတွင်းအပြင် ဒီဇိုင်းတွေ ပြောင်းပြီး ကြီးမားသည့် မိုးလုံ လေလုံ ကစားကွင်းအဖြစ် ဖွင့်လှစ်နိုင်ခဲ့ရင် အမှန်ပင် လူအများအပြားကို ဆွဲ ဆောင်နိုင်လိမ့်မည်။

မန်နေဂျာလျန်သည် ဝမ်ယွီထုံ ပြင်ဆင်လာသည့် ကလေးကစားကွင်းအိုင်ဒီယာဘရန်းမိတ်ဆက်စာစောင်ကို ကြည့်ကာသူ့အကြည့်ထဲ အံ့အားသင့်မှု တွေ ပေါ်လာသည်။

အမှန်တော့ သူတို့ရှော့ပင်းမောစင်တာ၏ ဆိုင်ခန်းငှားရမ်းမှု စံနှုန်းများသည် သိပ်မမြင့်ပါ။ ဘရန်းအသစ်များကို ပင် စင်တာက ဆိုင်ခန်းငှားပေးလေ့ရှိသည်။

သို့သော် ယခု မစ္စဝမ် ပြင်ဆင်ထားသကဲ့သို့ ပရော်ဖက်ရှင်နယ် ဆန်ဆန် ဘရန်း မိတ်ဆက်ကို ပြင်ဆင်ထားမှု မတွေ့ခဲ့ဖူးပါ။ ဘရန်းမိတ်ဆက်စာစောင်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် နောက်ဆုံး ဖြစ်ပေါ်လာမည့် ပုံစံကို တစ်ခါတည်း တန်းမြင်ရသည်။

…

မန်နေဂျာလျန်နှင့် ပထမဆုံးတွေ့ဆုံရာတွင် သူတို့နှစ်ဦး အသေးစိတ်မဆွေးနွေးခဲ့ကြပါ။ ကလေးကစားကွင်း၏ တည်ဆောက်ပုံ အကြမ်းဖျင်းနှင့် ငှားရမ်းခကိုသာ အပေါ်ယံ ညှိနှိုင်းခဲ့ကြသည်။ ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့၏ အကြံပေးချက်အတိုင်း မိုးလုံလေလုံ ကလေးကစားကွင်းက စင်တာကို ဘယ်လိုအကျိုးများယူဆောင်လာနိုင်မည့် ဆိုသည့်အချက်များကို ပြောကာ ညှိနှိုင်းခဲ့သည်။

သူတို့နှစ်ဦး ဆွေးနွေးအပြီးတွင် မန်နေဂျာလျန်သည် စင်တာ တာဝန်ရှိအကြီးပိုင်းအဖွဲ့များနှင့် ဆက်တိုင်ပင်လိုက်ဦးမည်ဖြစ်ကြောင်း သတင်းထူးလျင် ပြန်လည်အကြောင်းပြန်မည် ဖြစ်ကြောင်း ပြောလာသည်။

ညနေ ငါးနာရီခွဲတွင် ဝမ်ယွီထုံသည် ဟွားရီစင်တာမှ ထွက်လာလိုက်သည်။

သူမသည် ယနေ့ အနက်ရောင်ကိုယ်ကြပ်စကပ်နှင့် ဒေါက်မြင့်ဖိနပ်ကို စီးထား၍ လမ်းလျှောက်လျင် အဆင်မပြေဖြစ်နေ၏။ ထို့ကြောင့် ဟွားရီစင်တာ၏ ဝင်ပေါက်တွင်ရပ်ကာ ဒရိုင်ဘာ လာအကြိုကို စောင့်နေလိုက်သည်။

ထိုစဉ် ရုတ်တရက် အနီရောင်ပြိုင်ကားလေး တစ်စီး သူမရှေ့ ဝရော ကနဲ ရောက်ချလာသည်။

ဝမ်ယွီထုံ မျက်ခုံးလေးပင့်လိုက်သည်။ သူမအသိမိတ်ဆွေ တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ ပြိုင်ကားသည် မစ္စတာသွမ့်၏ အနီရောင် 'ဖာရာရီ' ပြိုင်ကားလေးဖြစ်နေသည်။

နေကာမျက်မှန် တပ်ထားသည့်သွမ့်ရိက ခေါင်းလေး စောင်းကာပြုံးလိုက်သည်။ "ဒီနေ့ ဘာလို့ တစ်ယောက်တည်းရှိနေတာလဲ? အသေးလေးကော အိမ်မှာထားခဲ့တာလား?"

ဝမ်ယွီထု ပြိုင်ကားထဲက သူနှင့် မျက်နှာ တစ်တန်းထဲ ဖြစ်စေရန် ကိုယ်ကို အောက် ကိုင်းကာ ပြောလိုက်သည်။

"ကလေးက အိမ်မှာ။ ဒီနေ့ ကျွန်မ ဒီကို အလုပ်နဲ့ လာတာ"

ပြိုင်ကားထဲတွင် အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် အသက် ၁၉-၂၀ နှစ် အရွယ် အမျိုးသားတစ်ဦး ဘေးထိုင်ခုံတွင်ပါလာသည်ကို ဝမ်ယွီထုံ တွေ့လိုက်ရသည်။ထိုအမျိုးသားတွင် တောက်ပသည့် ရွှေရောင်ဆံပင် နှင့် နူးညံ့သည့်သွင်ပြင်ရှိသည့် မျက်နှာ သေးသေးသွယ်ရှိကာ ဘယ်ဘက်နားရွက်တွင် နားကပ်သေးသေးလေးကို ပန်ထားသည်။ သူက ဝမ်ယွီထုံကို မြင်သည်နှင့် ချက်ချင်း မျက်လုံးတောက်ပသွားသည်။

"ယွီထုံ!!"

ထိုသူသည် မူလကိုယ် ဝမ်ယွီထုံ၏ ငယ်သူငယ်ချင်း၊ သွမ့်ရိ၏ ညီငယ် သွမ်ရွှမ်းယဲ့ ဖြစ်သည်။

သူမ တစ်အံ့တဩ မေးလိုက်သည်။ "သွမ့်ရွမ်းယဲ့ နင်ဘာလို့ပြန်လာတာလဲ?"

သွမ့်ရွှမ်းယဲ့သည် ဖြူဖွေးစီရီသည့် သွားများပေါ်အောင် လန်းဆန်းသည့်အပြုံး ပြုံးလာသည်။ "ကိစ္စ ထွေထူးတော့မရှိပါဘူး။ ကျောင်းတစ်နှစ်လောက် နားပြီး ငါ့အစ်ကိုဆီကနေ စီးပွားရေး ဘယ်လို လုပ်ရမလဲ ဆိုတာ သင်မလို့"

ဝမ်ယွီထုံ ခေါင်းငြိမ့်ကာ အိုးး ဟု ရေရွတ်လိုက်သည်။

"အခုလေးတင် ရှောင်ယဲ့ကို လေဆိပ်ကနေကြိုလာတာ။တိုက်တိုက်ဆိုင်ဆိုင် လာဆုံကြ တာဆိုတော့ ညနေစာ အတူစားကြရအောင်လေ"သွမ့်ရိသည် မျက်ခုံးလေး ပင့်ကာ ပြောလာသည်။

သွမ့်ရွှမ်းယဲ့ကလည်း ထောက်ခံသည့်အနေဖြင့် ဝင်ပြောသည်။ "ဟုတ်တယ် ငါတို့တွေ မဆုံတာလည်း နှစ်အတော်ကြာပြီဆိုတော့ ညနေစာ အတူစားရအောင်။ ငါ့အစ်ကို ကျွေးလိမ့်မယ်"

ဝမ်ယွီထုံ နှုတ်ခမ်းလေးစေ့ကာ ဝေခွဲမရဖြစ်နေသည်။သူမ အိမ်က ကောင်လေးကိုလည်း လွမ်းလှပြီ။ သူမ အိမ်က ထွက်လာစဉ် ကျိုးရှောင်ယွီလေးသည် အိပ်နေရာက မနိုးသေးချေ။ အခုဆိုလျင် နိုးပြီး အိမ်တော်ထိန်းစန်၊ကလေးထိန်း အန်တီကြီးတို့နှင့်အတူ ဆော့နေလောက်ပြီ။အကယ်၍ သူမ အိမ်ပြန်နောက်ကျလျင် ကလေးက ငိုနေလောက်မလား?

သွမ့်ရိသည် ဝမ်ယွီထုံကို တစ်ချက်ကြည့်လိုက်ကာ သူမ အတွေးတွေကို ခန့်မှန်းမိသွားသည်။ "ငါတို့ နင့်အချိန်တွေကို မဖြုန်းတော့ပဲ ဟွားရီစင်တာမှာပဲ စားလိုက်မယ်လေ။ စားပြီးရင်လည်း အိမ်ပြန်လိုက်ပို့ပေးမယ်။ပြီးတော့ ကိုယ့်ညီနဲ့ ညီမနဲ့လည်း မတွေ့တာ အတော်ကြာပြီလေ"

ဝမ်ယွီထုံ တစ်ချက်ပြန်စဉ်းစားလိုက်ကာ ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီလေ ဒါဆို ဒီနေ့ကို ကျွန်မကျွေးပါ့မယ်။ ကြောင်ကလေး ဟူပေါင်လေးကို မိတ်ဆက်ပေးခဲ့တာကို ကျေးဇူးတင်တဲ့ အနေနဲ့ပေ့ါ"

သွမ့်ရိ သူ၏ နေကာမျက်မှန်ကိုချွတ်ကာ လက်ခါပြလိုက်သည်။ "အာ့အကြောင်း ထည့်မပြောပါနဲ့တော့။ကိုယ့် ကားအရင် သွားထားလိုက်ဦးမယ်။ ‌အထဲ မှာ တွေ့ကြမယ်လေ"

သွမ့်ရွှမ်းယဲ့က သူ့အစ်ကိုဘက်လှည့်ကာ ပြောလိုက်သည်။ "အစ်ကို ကျွန်တော်လည်းကားပေါ်က ဆင်းလိုက်မယ်။ ယွီထုံနဲ့အတူ လမ်းလျှောက်သွားပြီး စားသောက်ဆိုင်ရှာလိုက်မယ်။ အစ်ကိုက ကားပါကင် သွားထိုးလိုက်"

သွမ့်ရိလည်း သူ့ညီ သွမ့်ရွှမ်းယဲ့ကို ကားပေါ်က အရင် ဆင်းခိုင်းလိုက်သည်။

အရပ်ရှည်ခန္ဓာကိုယ်ပိန်သွယ်ကာ သင့်တင့်သည့် ဘော်ဒီရှိသည့် သွမ့်ရွှမ်းယဲ့သည် အနီရောင် 'ဖာရာရီ' ပြိုင်ကားပေါ်မှ ဆင်းလာသည်။ ညနေ နေဝင်ဆည်းဆာအောက်တွင် သူ၏ ‌ရွှေရောင်ဆံပင်တွေက ပြောင်လက်နေကာ သူ့အပြုံးကလည်း တောက်ပနေ၍ သူ၏ရောင်ဝါသည် ချိုမြိန်နေသည်။ သူ့တွင် သွမ့်မိသားစု၏ မျိုးရိုးဗီဇဖြစ်သည့်မက်မွန်သီးပုံမျက်ဝန်းရှိကာ သွမ့်ရိတွင် မရှိသည့် ပါးချိုင့်ယောင်ယောင်လေး နှစ်ဖက်လည်း ပါသေးသည်။

သွမ့်ရွှမ်းယဲ့သည် မူလကိုယ် ဝမ်ယွီထုံနှင့် ဂိမ်းကစားဖော်ကစားဖက် ငယ်သူငယ်ချင်းဖြစ်ကာ မူလတန်းကနေ အထက်ထန်းထိ ကျောင်းအတူတူ တက်ခဲ့ကြသူများဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က သွမ့်ရွှမ်းယဲ့သည် နိုင်ငံခြား တက္ကသိုလ်တစ်ခုကိုသွားတက်ခဲ့သည့် နောက်မှသာ သူတို့နှစ်ယောက် အဆက်အဆံ သိပ်မရှိဖြစ်ကြတော့ပေ။ လက်ရှိ‌တော့ သူတို့နှစ်ယောက်သည် ရံဖန်ရံခါ ဂိမ်းကစားပြီး WeChat တွင် စကားပြောရုံလောက်သာ ရှိသည်။

  "ဟိုင်းးး မတွေ့ရတာ ကြာပြီနော်!"

သွမ့်ရွှမ်းယဲ့သည် ဝမ်ယွီထုံ၏ ခေါင်းကို ပုတ်ရန် ရှေ့ကို နှစ်လှမ်း သုံး လှမ်းခန့် တိုးလာလိုက်သည်။

ဝမ်ယွီထုံ နောက်ကို ချင်ချင်းဆုတ်ကာ သူမ မျက်ခုံးဖြင့် အချက်ပြလိုက်သည်။ "လာပါဟာ တစ်ခုခုသွားစားရအောင်"

သူတို့နှစ်ယောက် စကားပြောရင်း လမ်းလျှောက်လာကြသည်။ သွမ့်ရွှမ်းယဲ့သည် လေအိုးတစ်ယောက်ဖြစ်ကာ သူ့ကောလိပ်မှ အခန်းဖော်အကြောင်း၊ ကျောင်းကန်တင်းမှ ကျွေးသည့်စားစရာများထဲမှ သူမုန်းသည့် ဟင်းအကြောင်း၊ တရုတ်ပြည်မှ သူငယ်ချင်းများအကြောင်း အစုံအလင်ပင် သူ့ကို ပြောပြလေသည်။

သူ့မျက်လွှာကို အနည်းငယ်ချလိုက်ကာ စပ်စုသည့်ပုံဖြင့် ဝမ်ယွီထုံကို မေးလာသည်။ "ဟေးး ဘာလို့ အစ်ကို စုဟန်နဲ့ လမ်းခွဲလိုက်တာလဲ ?"

ဝမ်ယွီထုံ ပုခုံးတွန့်ကာ ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။ "အကြောင်းအရင်း မရှိပါဘူး။ ဒီအတိုင်း လမ်းခွဲလိုက်ကြတာပါ"

သွမ့်ရွှမ်းယဲ့ ရုတ်တရက် သူမဘက်လှည့်ကာ မျက်နှာချင်းဆိုင်လာ၍ ဝမ်ယွီထုံ ကြောင်သွားကာ သူ့ကိုပင် တိုက်မိလုမတတ်ဖြစ်သွားသည်။ သူမ အချိန်မှီ ရပ်လိုက်နိုင်၍ တော်သေး၏။

ဝမ်ယွီထုံ မျက်လုံးကိုပင့်ကာ သံသယအကြည့်ဖြင့်ကြည့်လိုက်သည်။ "ဘာဖြစ်တာလဲ?"

သွမ့်ရွှမ်းယဲ့က သူမကို အသေအချာစိုက်ကြည့်ကာ မေးလိုက်သည်။ "ငါကြားတာတော့ အခု မင်းတစ်ယောက်ယောက်နဲ့ လက်ထပ်ထားတယ်ဆို?

ဝမ်ယွီထုံ ခေါင်းငြိမ့်လိုက်သည်။ "အင်းး ဟုတ်တယ်"

သွမ့်ရွှမ်းယဲ့ မျက်မှောင်ကြုံ့ရင်း တစ်ခုခုကို တီးတိုးရေရွတ်လိုက်သည်။

ရှော့ပင်းမောထဲမှာ လူတွေ ပြည့်နေ၍ သူရေရွတ်လိုက်သည့်စကားကို ဝမ်ယွီထုံ မကြားလိုက်ပေ။ ဝမ်ယွီထုံက အသံကျယ်ဖြင့် ပြန်မေးလိုက်သည်။ "နင် ဘာတွေ ပြောနေတာလဲ? ငါမကြားရဘူး"

သွမ့်ရွှမ်းယဲ့က ပြန်မဖြေပဲ ရှေ့ကိုပြန်လှည့်သွားပြီး မလှမ်းမကမ်းရှိ စားသောက်ဆိုင်တစ်ခုဆီသို့ ဦးတည်သွားသည်။ ဝမ်ယွီထုံ သူ့မျက်နှာကို မမြင်လောက်တော့မှ သူ့အကြည့်တွေက ရီဝေသွားပြီး နှုတ်ခမ်းထောင့်တွေက ရယ်သွမ်းသွေးသည့်ဟန်ဖြင့် ကွေးတက်လာသည်။

သူတို့ နှစ်ယောက် ဟော့ပေါ့ဆိုင်ထဲ ဝင်ကာ စားစရာမှာ ရန် ထိုင်လိုက်ကြသည်။ မကြာမီအတွင်း သွမ့်ရိလည်း ရောက်လာသည်။ သွမ့်ညီအစ်ကိုနှစ်ယောက်က ဝမ်ယွီထုံ နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။

ဝမ်ယွီထုံသည် အိမ်တော်ထိန်းစန်ကို ဖုန်းခေါ်ကာ ရှောင်ယွီလေး၏ အခြေအနေကို လှမ်းမေးလိုက်သည်။

အိမ်တော်ထိန်းစန်က ပြုံးကာ ပြန်ဖြေသည်။ "သခင်ငယ်လေးက အဆင်ပြေပါတယ်။ ဟူပေါင်နဲ့ အတူ ဥနီအရုပ်ကို ဆွဲတမ်းကစားနေကြတယ်။မဒမ် မစိုးရိမ်ပါနဲ့။ လုပ်စရာရှိတာကိုသာ လုပ်ပါ ကျွန်တော်တို့အိမ်မှာအဆင်ပြေပါတယ်"

ဝမ်ယွီထုံလည်း စိတ်သက်သာရာရသွားသည်။ "ဟုတ်ကဲ့ပါ ခုလိုကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ ညကျရင်သူ့ကို အမဲသားနဲ့ ခရမ်းချဉ်သီးအနှစ်ကို တစ်ပန်းကန်လုံး ကုန်အောင် ကျွေးရမယ်နော်။ သူ့ကို အစားချေးမများစေ‌နဲ့"

အိမ်တော်ထိန်းစန် အာရုံတစိုက်ပြန်ဖြေလာသည်။

"ဟုတ်ကဲ့ပါ မဒမ်"

ဝမ်ယွီထုံ ဖုန်းပြောနေသည်ကို နားထောင်နေသည့် သွမ့်ရွှမ်းယဲ့၏ မျက်နှာ အမူအရာသည် တည်တံ့နေကာ မျက်လုံး‌တွေက အောက်ကို စိုက်ကြည့်နေသည်။

ထိုစဉ် ဟော့ပေါ့အိုးအတွက် လိုအပ်သည်များ တစ်ခုပြီး တစ်ခု ရောက်လာသည်။ ဝမ်ယွီထုံသည် စားစရာများကိုကြည့်ကာ သွားရည်မြိုချလိုက်သည်။ သူမ အကြိုင် ဝက်ဦးနှောက်ကို ဟော့ပေါ့အိုးထဲသို့ ကောက်ထည့်လိုက်သည်။

သွမ့်ရွှမ်းယဲ့သည် ဟန်ဆောင်ပန်ဆောင် ရွံရှာဟန်ပြုကာ ရုတ်တရက် ပြောလာသည်။ "ဒီလောက် နှစ်တွေကြာတာတောင် နင့်အကြိုက်ကာ မပြောင်းသေးဘူးလား။ နင်အမြဲတမ်း ဒါတွေ စားရတာ ကြိုက်တယ်နော်"

ဝမ်ယွီထုံ တစ်ခဏ ကြောင်သွားသည်။ "ငါ အရင်ကလည်း ဒါတွေ စားတယ်လား?"

အရင်ခန္ဓာကိုယ် ပိုင်ရှင်နဲ့ သူမက အကြိုက်ချင်းတူတယ် တဲ့လား?

သွမ့်ရွှမ်းယဲ့သည် သူမကို အရူးကဲ့သို့ကြည့်လာကာ အထင်မြင်သေးသလို ပြောလိုက်သည်။ "နင်ရူးနေပြီလား?နင် အရင်က ဟော့ပေါ့စားရင်လည်း အမြဲ ဝက်ဦးနှောက်စားတယ်လေ။ ဝက်ဦးနှောက်တင်မကဘူး။ ဘဲအူတို့ ကျောက်ကပ်တို့ပါ နင်ကြိုက်သေးတယ်လေ"

ဝမ်ယွီထုံ၏ စိတ်က လုံးဝ ကြောင်သွားသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် သူမ ဒီလောက် အကြိုက်တူလိမ့်မည်ဟု သူမ မ‌မျှော်လင့်ခဲ့ချေ။ ဒါကတော့ အရမ်း တိုက်ဆိုင်လွန်းတယ်။

ထိုစဉ် သွမ့်ရိက သူ့ညီကိုဖြတ်ပြောလိုက်သည်။

"ဟုတ်ပါပြီ ငါလည်းဘအာ့တာတွေစားပါတယ်ဟ"

သွမ့်ရွှမ်းယဲ့ 'ကျစ်' ကနဲ အသံပြုလိုက်သည်။

သွမ့်ရိ ကျောက်ကပ်တစ်လွှာ ကို ကောက်ယူကာ ဝမ်ယွီထုံကို ကမ်းပေးလိုက်သည်။ "အော် ဒါနဲ့ စကားမစပ် ယွီထုံ"

ဝမ်ယွီထုံက ကျောက်ကပ်အပိုင်းအတွက် ကျေးဇူးတင်လိုက်သည်။ "ဘာလဲ အစ်ကိုသွမ့်"

"မင်းအစ်မက အလုပ်ခရီးထွက်နေတာလား?" သွမ့်ရိပြုံးကာ မေးလိုက်သည်။ "သူတစ်ပတ်လောက် ကြာမယ်လို့ပြောသွားလား? သူပြန်မလာတာ ဆယ်ရက်တောင် ရှိပြီ ထင်တယ်နော်?"

ဝမ်ယွီထုံ သူ့မျက်လုံးများကျဉ်းကာ စဉ်းစားလိုက်သည်။အစ်ကိုကြီးသွမ့်က အမြဲ သူ့အစ်မအကြောင်းပဲ ပြောနေကြောင်း သူမ သတိထားလိုက်မိသည်။ သွမ့်ရိ ဘာတွေးနေမှန်း လူတိုင်းသတိထားမိလောက်မည်။

ထို့ကြောင့် ဝမ်ယွီထုံ သူ့ကို စချင်လာသည်။ "အစ်မက မနေ့ညကပဲ အိမ်ပြန်ရောက်ပြီလေ အစ်ကို့ကို မပြောဘူးလား?"

သွမ့်ရိ၏ မျက်နှာ အမူအရာ ချက်ချင်းပြောင်းလဲသွားကာ သူ၏ မက်မွန်သီးပုံစံမျက်ဝန်းလေးက အေးစက်မှုတွေ ဖြတ်ပြေးသွားသည်။

ဝမ်ယွီထုံလည်း ချက်ချင်းသတိထားမိလိုက်ကာ သူမလက်ကို ရမ်းပြပြီး ထပ်ပြောလိုက်သည်။ "အိုးး ဆောရီးးကျွန်မ အမှတ်မှားသွားတာ။ အစ်မက ပြန်မလာသေးဘူး။မနေ့ညက ပြန်လာတာ ကျွန်မ အစ်ကို"

သွမ့်ရိ၏ မျက်နှာ အမူအရာ သက်သောင့်သက်သာ ဖြစ်သွားကာ မျက်ခုံးလေးပင့်ရင်း အို့ ဟု ပြန်ပြောလာသည်။

ဝမ်ချူးယွဲ့ရှေ့တွင်တော့ အရည်ထူသည့် လူကဲ့သို့ဖြစ်သော်လည်း သွမ့်ရိသည် အတိုင်းအဆကိုသိသည်။ထို့ကြောင့် ဝမ်ချူးယွဲ့အကြောင်း ဆက်မမေးတော့ပဲ တစ်ခြား ခေါင်းစဉ်ပြောင်းလိုက်သည်။

သူတို့‌သုံးယောက် ဟော့ပေါ့ကို ပျော်ပျော်ကြီး စားကြသည်။ သွမ့်ရိနှင့် သွမ့်ရွှမ်းယဲ့ ညီအစ်ကို နှစ်ယောက်စလုံးက ဆက်ဆံရေးကောင်းကာ စကားပြောကောင်းသူတွေ ဖြစ်ကြ၍ သူတို့ဝိုင်းလေးသည် ပျင်းစရာမကောင်းခဲ့ပါ။

သို့သော် ဝမ်ယွီထုံသည် အိမ်မှာကျန်ခဲ့သည့် ကောင်လေးဆီပဲ သူမ အတွေးတွေ ရောက်နေ၍ ရှစ်နာရီမထိုးခင် မြန်မြန်ပြီးအောင်စားလိုက်သည်။

သွမ့်ရိလည်း ဝမ်ယွီထုံ၏ အလျင်လိုနေမှုကို သတိထားမိလိုက်၍ ကားသော့ကို ကောက်ကိုင်ကာ လှုပ်ပြလိုက်သည်။

"လိုက်ပို့ပေးရမလား? နောက်မှ ရှောင်ယဲ့ကို သက်သက်ပြန်လာကြိုလိုက်မယ်လေ"

သူ့ပြိုင်ကားလေးက လူနှစ်ယောက်သာ စီးလို့ရသည်။

သွမ့်ရွှမ်းယဲ့ကလည်း ပုခုံးတွန့်ကာ ပြောလိုက်သည်။ "ရတယ်လေ။ စားထားတာတွေ အစာကြေသွားအောင် အိမ်ကိုတောင် ပြေးသွားလို့ရတယ်"

ဝမ်ယွီထုံ တစ်ရှုးထုတ်ကာ ပါးစပ်ကိုသုတ်လိုက်သည်။

"မလိုပါဘူးရှင် ကျွန်မကို လာကြိုဖို့ အိမ်ကိုပဲ ဖုန်းဆက်လိုက်ပါ့မယ်။ သွမ့်သခင်လေးကို အိမ်အထိ မပြေးခိုင်းတော့ပါဘူး"

ဝမ်ယွီထုံ ဖုန်းကို ထုတ်ကာ ဒရိုင်ဘာကို ဖုန်းဆက်လိုက်သည်။

သွမ့်ရွှမ်းယဲ့ကလည်း မတ်တပ်ရပ်လိုက်ကာ ဝမ်ယွီထုံကို ငုံ့ကြည့်လိုက်သည်။ "ဒါဆို ငါလည်း နင်နဲ့ အတူ အပေါက်ဝမှာ အတူ စောင့်ကူမယ်လေ။ ငါလည်း ထပ်မစားနိုင်တော့ဘူး။ လာ လမ်းလျှောက်ရအောင်"

ဝမ်ယွီထုံလည်း ထူးထွေ ပြောမနေတော့ပေ။ "ရတယ်လေ နင့်သဘောပဲ"

သူတို့နှစ်ယောက် အတူယှဉ်တွဲကာ ရေပန်းရင်ပြင်ကို ဖြတ်လျှောက်လာပြီး ဟွားရီ ရှော့ပင်းမောစင်တာ၏ ဝင်ပေါက်ကို ရောက်လာကြသည်။

ဆောင်းည၏ လေက အေးစက်နေကာ မျက်နှာကို ဖြတ်တိုက်လာလျင် ဓားဖြင့်အလှီးခံလိုက်ရသကဲ့သို့ စပ်ဖျဉ်းဖျဉ်းခံစားရသည်။

ဝမ်ယွီထုံ သူမ၏ ပုဝါထူထူကို ထုတ်ကာခြုံလိုက်ပြီး သူမလက်ကိုး ပါးစပ်နားတေ့ကာ လေပူတွေဖြင့် နွေးအောင် လုပ်လိုက်သည်။

"မင်းဒီည ဂိမ်း Rank တင်မှာလား?" သွမ့်ရွှမ်းယဲ့က မေးလာသည်။

ဝမ်ယွီထုံ ခေါင်းခါလိုက်သည်။ "ဟင့်အင်း ငါဒီတစ်ပတ်လုံး အလုပ်အရမ်းများတယ်။ အရေးတကြီးလုပ်စရာရှိလို့"

"ဟုတ်ပြီလေ မင်းအားရင် ငါ့ကို အွန်လိုင်းပေါ်မှာ လာရှာနော်"

သွမ့်ရွှမ်းယဲ့ သူ့လက်ကို အိတ်ကပ်ထဲ ထည့်လိုက်ကာ နက်မှောင်သည့်မျက်ဝန်းများဖြင့် ဝမ်ယွီထုံကို ကြည့်ကာ မေးလိုက်သည်။

"မင်း အာ့ဒီလူနဲ့ လက်ထပ်လိုက်တော့ အဆင်ပြေရဲ့လား?"

ဝမ်ယွီထုံ ပြုံးလိုက်ကာ စနောက်သည့်ပုံဖြင့် အကြွားသန်သည့်ဒေါင်းပုံစံဖမ်းလိုက်သည်။ "ဒါပေါ့ အခု ငါ ချမ်းသာတဲ့ အမျိုးသမီးဖြစ်နေပြီ မမြင်ဘူးလား? ငါ့တစ်ကိုယ်လုံး ပိုက်ဆံတွေနဲ့ လွှမ်းခြုံထားတယ်"

ဒီနေ့ သူမဝတ်လာသည့် ဝတ်စုံသည် သန်းချီတန်သည်။

သွမ်းရွှမ်းယဲ့ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"မင်းအကျင့်စရိုက်အရ နောက်ပိုင်း ချမ်းသာတဲ့ မိသားစုကနေ မောင်းထုတ်ခံရတဲ့အခါ ငါ့ဆီအလုပ်လာလုပ်လိုက်။ ငါလက်မခံချင်လဲ လက်ခံထားပေးပါ့မယ်"

ဝမ်ယွီထုံ သူမမျက်ဆံကို လှိမ့်ပြီး သူ့ကို ကြည့်လိုက်သည်။ "နင်ရူးနေတာလား!"

သွမ့်ရွှမ်းယဲ့က ရုတ်တရက် သူမအနား တိုးကပ်လာသည်။ "ဟေ့ နင့်မျက်နှာပေါ်မှာ တစ်ခုခုကပ်နေတယ်"

ဝမ်ယွီထုံ သူမမျက်နှာကို လက်နှစ်ဖက်ဖြင့်စမ်းကြည့်လိုက်သည်။ "ဘာကပ်နေတာလဲ"

"ဒီမှာ မျက်တောင်မွှေး!" သွမ့်ရွှမ်းယဲ့ သူမပါးပြင် ပေါ်က မျက်တောင်မွှေးကို ပုံမှန်အတိုင်းသာ ယူဖယ်လိုက်သည်။

မလှမ်းမကမ်းတွင် အနက်ရောင်ဇိမ်ခံကားတစ်စင်းသည် လမ်းဘေးကို ဖြည်းဖြည်းချင်းရပ်လာသည်။

ကားထဲရှိ အမျိုးသား၏ ခန့်ငြားသည့်မျက်နှာကို လမ်းဘေးမီးရောင်က ဖြာကျနေကာ မျက်နှာ ရှိ တင်းမာနေမှုကို ဖော်ပြနေသည်။

သူ၏ သွယ်လျသည့် လက်ချောင်းတွေက ဝတ်စုံရှိ ကြယ်သီးတွေကို ပွတ်တိုက်သွားသည်။ သူ၏ မီးခိုးရောင်မျက်ဝန်းတွေက စူးရှလာကာ ညို့မှိုင်းလာသည်။

All Chapters