အခန်း (၅၀)
Vol. 5 Ch. 50
တေးဂီတသံအလိုက် ပြောင်းလဲသွားသည့် ဝါစိမ်းနီပြာရောင်စုံမီးများသည် ဆောင်းည၏ အေးချမ်းမှု အောက်တွင် ရှိနေသည့် ရေပန်းရင်ပြင်ကို နွေးထွေးသည့်ခံစားချက်ကို ပေးနေသည်။
ယောက်ျားပျိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦးသည် လမ်းမ ဘေးတွင် ရပ်ကာ စကားပြောနေကြသည်။ မိန်းမပျိုလေးစည် ရွှင်မြူးသည့်ဟန်ဖြင့် သူ့ဘေးက ယောကျာ်းပျိုလေးကို မျက်စောင်းထိုးလိုက်သည်။ ယောကျာ်းပျိုလေးသည် ငယ်ရွယ်ကာ တောက်ပနေသည့် ရွှေရောင်ဆံပင် နှင့် သူ့မျက်နှာဝယ် ငယ်ရွယ်သည့်အားမာန်အပြည့်ဖြစ်နေသည်။
သူတို့ နှစ်ယောက်သည် လိုက်ဖက်လှသည်။ နှစ်ယောက်စလုံးသည် လောကဒဏ်၏ ရိုက်ခတ်မှုကို မခံရသေးသည့်အလား သူ့တို့ပတ်လည်တွင် ဖြူစင်ရိုးသားခြင်းတွေ ဝန်းရံနေ၏။ ယောက်ျားပျို၏ အမူအရာက ပေါ့ပျက်ပျက် စနောက်နေသော်လည်း မိန်းမပျိုလေးကို ကြည့်သည့်အကြည့်က လေးနက်ကာ ချစ်ခင်နှစ်သက်မှုတွေ ရောနှောနေသည်ကို သူ့လို ဘေးလူကြည့်လျက်ပင် မြင်နေရသည်။
ကျိုးကျီယွဲ့၏ မျက်လုံးတွေ ဓားနဲ့ အထိုးခံလိုက်ရသလိုပင်ခံစားလိုက်ရသည်။ သူ့မျက်လွှာကို အောက်ချကာ အံကြိတ်လိုက်သည်။ သူ့မျက်နှာ အမူအရာကလည်း အေးစက်နေသည်။
လတ်တလော သူမနှင့် အတူရှိစဉ်ကာလအတွင်း ဝမ်ယွီထုံသည် သူ့အပေါ် အထူးခံစားချက်ရှိကြောင်း သူခံစားမိသည်။ သူ့ကို လေးစားချစ်ခင်လို့လား သူ့အပေါ် တစ်ခဏသိလိုစိတ်ကြောင့်လား အာ့လိုအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် အာ့လို အကြောင်းတွေကြောင့်တော့ ထူးခြားတယ်လို့ ခံစားမိမှာ မဟုတ်ဘူး။
ရင်ဘတ်ကြီးပေါက်ထွက်လာမလို ခံစားရသည့်အပူလှိုင်းလုံးကြီးတွေထက်စာလျင် သူမ၏ ကြင်နာမှု အနည်းငယ်က ပင်လယ်ကြီးထဲ ရေတစ်စက်ကျသလို၊ တောအုပ်ကြီးနှင့် အရွက်တစ်ရွက် နှိုင်းယှဉ်သလိုဖြစ်နေ၏။ ဖြစ်နေ၏။
သူမက သူ့ရှေ့က အမျိုးသားငယ်လေးကို အပေါ်ကိုရော တစ်ခြားထူးခြားတဲ့ ခံစားချက်တွေ ရှိနေမလား?
ဘယ်လိုပဲ သူ့မှာ နုငယ်တဲ့ရုပ်သွင် ရှိစေကာမှု သူ့အသက်က ၃၇နှစ်ရှိနေပြီ ဆိုတော့ နှစ်ဆယ်အရွယ်ကောင်လေးတွေနဲ့တော့ လုံးဝ ကွဲပြားနေမှာပေါ့။
ထိုကဲ့သို့နားလည်လိုက်သည့် ကျိုးကျီယွဲ့သည် ကားထဲက ချက်ချင်း ထွက်လိုက်ကာ လမ်းတစ်ဖက်ရှိ လူနှစ်ဦးဆီ ဦးတည်လိုက်သည်။ ညလေအေးတိုက်ခတ်မှုကြောင့် လေနှင်ရာ တိုက်ခတ်နေသည့် သူ၏ ဝတ်စုံဆီမှ အဆင့်မြင့် သစ်သားရနံ့ရေမွေးကို တစ်ဖက်လူနှစ်ယောက်ဆီ လွင့်နေသည်။
ဝမ်ယွီထုံက သူ့ကို အရင်မြင်လိုက်ပြီး မျက်လုံးအရောင် တောက်ပသွားသည်။ "ရှင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ?"
ကျိုးကျီယွဲ့ သူမဆီ လျှောက်သွားလိုက်ကာ ရှင်းလင်းသည့်အသံဖြင့် ပြောလိုက်သည်။ "ကိုယ် မင်းကို လာကြိုတာ"
ကျိုးကျီယွဲ့ ဝမ်ယွီထုံ၏ လက်ကို ကိုင်လိုက်သည်။ သူ ဆုပ်ကိုင်လိုက်သည့် သူမ၏ လက်သည် နွေးထွေးကာ နူးညံ့နေသည်။
ဝမ်ယွီထုံသည် ကျိုးကျီယွဲ့က သူမ လက်ကို လာကိုင်လိမ့်မည်ဟု မထင်ထားခဲ့၍ ရုတ်တရက် ကြောင်သွားကာ မျက်နှာ ပူလာသည်။
သူမ ရှေ့မှ ယောက်ျားနှစ်ယောက် အချင်းချင်း မတွေ့ဖူးသေးကြမှန်း နောက်မှ သတိရလိုက်၍ သူတို့ နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက သွမ့်ရိရဲ့ ညီ သွမ့်ရွှမ်းယဲ့တဲ့ ကျွန်မရဲ့ ငယ်သူငယ်ချင်းလည်း ဟုတ်တယ်"
"ဒါကတော့ ငါ့အမျိုးသား ကျိုးကျီယွဲ့"
ဝမ်ယွီထုံသည် ထိုသို့ မိတ်ဆက်ပေးလိုက်ပြီး ကျိုးကျီယွဲ့နားတိုးကာ သူမခေါင်းကို သူ့လက်မောင်းဖြင့် အသာအယာ ထိလိုက်သည်။ ကျိုးကျီယွဲ့ သူမ၏ လက်ချောင်းတွေကိုညှစ်လိုက်ကာ သူ၏ မျက်နှာ အမူအရာသည်နောက်ဆုံးတော့ နူးညံ့လာခဲ့သည်။
ကျိုးကျီယွဲ့ ရောက်လာကတည်းက သွမ့်ရွှမ်းယဲ့၏ မျက်နှာ ပေါ်မှ အပြုံးသည် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူ့အပြုံးပျောက်သွားသည်နှင့် သူ၏ မက်မွန်သီးပုံစံ မျက်ဝန်းကလည်း အေးစက်မှုတွေ ချက်ချင်းထုတ်လွတ်လာသည်။
ကျိုးကျီယွဲ့ကတော့ သူ့ခံစားချက်တွေကို ဖုံးကွယ်လိုက်ပြီး အရင်နှုတ်ဆက်လိုက်သည်။ "ဟယ်လို မင်းက သွမ့်သခင်ငယ်လေးကိုးးး။ မင်းအစ်ကိုဆီကနေ မင်းအကြောင်းကို မကြာခဏ ကြားဖူးပါတယ်"
ငယ်ရွယ်သူဖြစ်သည့် သွမ့်ရွှမ်းယဲ့ကတော့ သူ့ခံစားချက်ကို ဖုံးကွယ်မထားနိုင်ခဲ့ပဲ အရွဲ့တိုက်သည့် လေသံဖြင့် ပြောလာသည်။
"ဟုတ်လားဗျ။ ကျွန်တော်ကတော့ ယွီထုံ ခင်ဗျား အကြောင်း ပြောတာကို တစ်ခါမှ မကြားဖူးဘူး"
ထိုစကားကို ကြားလိုက်စဉ် ဝမ်ယွီထုံ ကြောင်အသွားသည်။ 'ဒီကောင်ဘာပြောချင်တာလဲ? ကျိုးကျီယွဲ့အကြောင်း တစ်ခါမှ မပြောဖူးဘူးဆိုတာ ဒီကောင်ဘာကို ဆိုလိုချင်တာလဲ? ကိုယ်နဲ့ ရင်းနှီးတဲ့ လူတိုင်းကို ကိုယ့်ယောက်ျား အကြောင်း လျှောက်ပြောနေစရာမှ မလိုတာ မဟုတ်ဘူးလား။'
ဥပမာ ပြောရရင် သူ့အစ်မ ဖြစ်တဲ့ ဝမ်ချူးယွဲ့ကို ကျိုးကျီယွဲ့အကြောင်းပြောပြတိုင်း သူမကစိတ်ဝင်စားဟန်မပြသည့်အပြင် ဘလော့ပစ်မည်ဟုပင် ပြန်ခြိမ်းခြောက်လာခဲ့သည်။
ဝမ်ယွီထုံက ပြန်လည်ချေဖို့ပြင်လိုက်စဉ် ကျိုးကျီယွဲ့က အမှုမထားသလိုပြုံးရင်း ပြန်ပြောလာသည်။ သူ့အကြည့်တွေကတော့ ပြုံးမနေချေ။
"သွမ့်သခင်ငယ်လေးရေ စိတ်မရှိပါနဲ့ ကျွန်တော်အိမ်မှာ ကိစ္စလေးရှိသေးလို့ ယွီထုံကို ခေါ်ပြီး အရင် ပြန်နှင့်လိုက်တော့မယ်နော်"
ဝမ်ယွီထုံကလည်း သွမ့်ရွှမ်းယဲ့ကို လက်ပြနှုတ်ဆက်လိုက်သည်။ "နောက်မှ တွေ့မယ်"
သွမ့်ရွှမ်းယဲ့ သူ့ရှေ့မှ ထွက်ခွာသွားသည့် လူနှစ်ယောက်ကို ကြည့်ကာ သူ့နှလုံးသားထဲကနေ မနာလိုမှုနှင့်ဒေါသတွေက မထိန်းချုပ်နိုင်အောင်ဖြစ်လာသည်။ သူ နိုင်ငံခြားကို ကျောင်းသွားတက်တုန်း ဝမ်ယွီထုံက စုဟန်နှင့် စေ့စပ်လိုက်သည်။ ထိုသတင်းကြားခဲ့စဉ် က သူအချိန်အတော်ကြာ အသည်းကွဲခဲ့ရသည်။
အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ပြီး မမျှော်လင့်ပဲ စုဟန်နှင့် ကွဲသွားခဲ့သော်လည်း ဘယ်ကရောက်လာမှန်းမသိသည့် လူသစ်တစ်ယောက်က သူမကို ယူသွားပြန်ပြီ။ နှစ်တွေ အတော်ကြာသည်အထိ သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ဖို့ ဝမ်ယွီထုံက တစ်ခါမှ အခွင့်အရေး မပေးခဲ့ပါ။
သွမ့်ရွှမ်းယဲ့၏ ရွှေရောင်ဆံပင်တွေက ဆောင်းလေအေး၏ တိုက်ခတ်မှုအောက်တွက် မှုံမှိုင်းသွားသည်။လမ်ဘေးတွင် ကာရံထားသည့် တန်းကို သူ့ခြေဖြင့်ကန်ကာ လှည့်ထွက်သွားသည်။
ကားထဲက ကျိကျီယွဲ့ကတော့ တစ်လမ်းလုံး ကိုင်လာသည့် ဝမ်ယွီထုံ၏ လက်ကို မလွတ်သေးချေ။ သူ့မျက်လွှာကိုချကာ အလင်းရောင် မှိန်သည့်ဘက်ကို ကြည့်နေ၏။
သူ၏ ဆုပ်ကိုင်မှု ကြောင့် ဝမ်ယွီထုံ၏ လက်ချွေးတွေ စိုလာ၍ သူမလက်ကို ပြန်ရုတ်ရန်ကြိုးစားသော်လည်း သူက တင်းတင်း ပြန်ဆုပ်ကိုင်ထားပြန်သည်။
ကျိုးကျီယွဲ့ သူမကို ရုတ်တရက်ကြည့်ကာ မေးလာသည်။ "ဝမ်ယွီထုံ မင်း ဒီည အားလား?"
သူဘာ့ကြောင့်မေးလဲ ဝမ်ယွီထုံလည်း မသိ၍ ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မ အားပါတယ်"
ကျိုးကျီယွဲ့ သည် မာနရောထွေးနေသော်လည်း အနည်းငယ်ကျိုးနွံသည့် လေသံဖြင့် ပြောလာသည်။
"ဒါဆို ကိုယ်တို့ ဒီည ဒိတ်ရအောင်"
ဝမ်ယွီထုံ၏ မျက်လုံး အနည်းငယ်ပြူးသွားကာ ကျိုးကျီယွဲ့နှင့် မျက်လုံးချင်းဆုံကြည့်လိုက်သည်။
လမ်းဘေးမီးရောင်က ကားပြတင်းကိုဖြတ်သန်းကာ ဝင်ရောက်နေမှုကြောင့် သူတို့အချင်းချင်းရုပ်သွင်ကို ဝိုးတဝါးသာမြင်ရသည်။
ကျိုးကျီယွဲ့၏ အသံက သူမရင်ထဲ ကျောက်တုံးကြီးနှင့် လာရိုက်ခတ်သလို ခံစားရသည်။
'ဘယ်လို? ဘယ်လို?'
'သူက ငါ့ကို ဒိတ်ဖို့ခေါ်နေတာလား? ချစ်သူတွေ ဒိတ်ကြတဲ့ ဒိတ်မျိုးလား? သူပြောချင်တာ အာ့လို မလား?'
ကျိုးကျီယွဲ့က သူမ အနားကပ်လာသည်။ သူ့မီးခိုးရောင် မျက်ဝန်းတွေဖြင့် အမှောင်ထဲမှာ သူမကို စူးစိုက်ကြည့်ကာ ပုံမှန်ထက် စွဲဆောင်မှု ရှိသာ့်အသံဖြင့် အလေးအနက်ပြောလာသည်။
"ကိုယ် မင်းအကြောင်းကို ပိုသိချင်တယ် ဒါကြောင့် မင်းနဲ့ ဒိတ်ချင်တယ် မင်းမှာ ဆန္ဒရှိရဲ့လား?"
သူ့အသံကြောင့် ဝမ်ယွီထုံ ခေါင်းထဲ ထူပူရှုပ်ထွေးသွားသည်။ ထို့နောက် ချောင်းဟန့်သံ ပြုကာ ပြန်ပြောလိုက်သည်။
"ကျွန်မတို့ဘယ်သွားမှာလဲ? ကျွန်မ အိမ်ပြန်ပြီး အဝတ်အစားလဲ လိုက်ဦးမယ်လေ"
"မင်းရောက်ရင် သိပါလိမ့်မယ်" ကျိုးကျီယွဲ့က သူ၏ လက်မဖြင့် သူမ၏ လက်ဖမိုးကို အသာအယာပွတ်လိုက်သည်။
"ဒါဆို ကိုယ်တို့ နောက်နာရီဝက်နေရင် သွားရအောင်"
"အိုခေ" ဝမ်ယွီထုံ ကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ ရှက်ရှက်ဖြင့် ပြန်ဖြေလိုက်သည်။
အိမ်ပြန်ရောက်တာနှင့် ဝမ်ယွီထုံသည် သူမအခန်းကို ယုန်ကလေးကဲ့သို့ အမြန်ပြေးသွားသည်။
ကျိုးရှောင်ယွီကတော့ သူမ အခန်းထဲမှာ ရှိမနေပါ။ ကလေးရဲ့အခန်းထဲမှာ ကလေးထိန်းက ရေချိုးပေးနေလောက်သည်။
လက်ရှိအချိန်မှာတော့ ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီအကြောင်း စဉ်းစားမနေတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူမ ဘဝမှာ ယောကျာ်းတစ်ယောက်နဲ့ ပထမဆုံး ဒိတ်ဆိုတော့ သေချာ ဂရုစိုက်ပြင်ဆင်ရမယ်။
သူမ ရေမြန်မြန်ချိုးလိုက်ပြီး အဝတ်အစားရွေးရန် အဝတ်အစားထားသည့်အခန်းထဲ ဝင်လိုက်သည်။ ဝမ်ယွီထုံ အဝတ်ဘီဒိုထဲက ဈေးအကြီးဆုံး ဝတ်ရအဆင်ပြေဆုံး အလှဆုံး အတွင်းခံကို စိုက်ကြည့်လိုက်သည်။
ထိုအတွင်းခံကို သူမဝယ်စဉ်က အရောင်းဝန်ထမ်းက ထိုအတွင်းခံကို "တိုက်ပွဲဝင်ဝတ်စုံ"ဟုခေါ်ခဲ့သည်။ ထိုဝတ်စုံကို သူမ အကြောင်းအရင်းတစ်ချို့ကြောင့် ဝယ်ခဲ့ပြီးနောက် တစ်ခါမှ မဝတ်ရသေးပေ။
ဝမ်ယွီထုံ ထိုအတွင်းခံကို ချက်ချင်းကောက်ဝတ်လိုက်သည်။ သူမအပြည့်အဝ ပြင်ဆင်ထားဖို့ လိုသည်။ မထင်မှတ်ပဲ ဒီည တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ အခွင့်အရေးကိုတော့ လက်လွတ်မခံနိုင်ပါဘူးနော်။
ဝမ်ယွီထုံ မီးခိုးပန်းရောင်ခါးစည်း ချည်ထိုးထည်နှင့် လျော့ရဲရဲ ဆောင်းတွင်းဝတ်အပေါ်ထပ်ကို ဝတ်ဆင်လိုက်သည်။ လိမ္မော်ရနံ့ ရေမွှေးကို သူမ လည်ပင်းအနောက် နားရွက်နှင့် လက်ကောက်ဝတ်တွေမှာ ဆွတ်လိုက်သည်။ နောက်ကျန်နေသေးသည့် ဆယ်မိနစ်အတွင်း မိတ်ကပ် ပေါ့ပေါ့ပါးပါးလိမ်းလိုက်ပြီး နှင်းဆီ ရနံ့သင်းသည့် ချိုချဉ် တစ်ခုကို သူမပါးစပ်ထဲ ကောက်ငုံလိုက်သည်။
သူမကိုယ်ကို မှန်ထဲကြည့်လိုက်သည်။ လုံးဝကို ပြီးပြည့်စုံသွားပြီ။
ဝမ်ယွီထုံ ကလေးရဲ့ အခန်းကို သွားကာ ရှောင်ယွီလေးကို တစ်ချက်ကြည့်လိုက်သည်။ ရေချိုးခန်းထဲကနေ ကလေးသီချင်းသံ ထွက်နေ၍ ကလေးက အခုထိ ရေချိုးနေဆဲဖြစ်လောက်သည်။
ဝမ်ယွီထုံ ရုတ်တရက်ပေါ်လာ၍ အိမ်တော်ထိန်းစန် အနည်းငယ် အံ့ဩသွားသည်။ "မဒမ် အပြင်သွားဦးမလို့လား?"
ဝမ်ယွီထုံ အခုဝတ်ထားသည့် ဝတ်စုံသည် နေ့လည်အပြင်ထွက်စဉ်က ဝတ်ထားသည့်အဝတ်အစားနှင့်မတူပဲ အရမ်းလှပနေသည်ကို သည်ကို အိမ်တော်ထိန်းစန်သတိထားမိလိုက်သည်။
ဝမ်ယွီထုံ ရှက်သွေးလေးဖြာကာ ခေါင်ငြိမ့်ရင်း ပြန်ဖြေလိုက်သည်။ "ဟုတ်တယ် ကျွန်မ ကျိုးကျီယွဲ့ နဲ့ အပြင်သွားမလို့ ဒီညတောင်ပြန်လာဖြစ်မလားမသိဘူး"
အိမ်တော်ထိန်းစန်သည် လေထုထဲက ပြောင်းလဲသွားသည့်အနံ့ကို ခံလိုက်မိ၍ ပျော်သွားသည်။ ခေါင်းကိုချက်ချင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ မဒမ် နောက်ကျချင်သလောက် နောက်ကျလို့ရတယ်။ ဒီညလည်း ပြန်လာစရာ မလိုဘူး။သခင်ငယ်လေးကို ဒီည ကျွန်တော်တို့ သေချာ ဂရုစိုက်လိုက်ပါ့မယ် မစိုးရိမ်နဲ့ပါနဲ့"
ည ဆယ့်နှစ်နာရီကျော်မှ သူမ ပြန်လာနိုင်လောက်မည်။ကျိုးရှောင်ယွီက အိမ်တော်ထိန်းစန်၊ ကလေးထိန်းတို့နှင့်လည်း ရင်းနှီးနေပြီ ဖြစ်၍ သူတို့ကို ကလေးသိပ်ခိုင်းတာက ပြသနာ မရှိလောက်ပေ။
ဝမ်ယွီထုံ ရင်ထဲကနေ ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးပါနော်"
အိမ်တော်ထိန်းစန် သူမျက်လုံးဘေး အရေးအကြောင်းများပင်ပေါ်အောင် ပြုံးလိုက်သည်။ "ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာတွေပါ"
ဝမ်ယွီထုံ ရေချိုးခန်းထဲမှာ ရေချိုးနေသည့် နူးညံ့သည့်ကောင်လေးကို တစ်ချက် ချောင်းကြည့်လိုက်သည်။ကလေးနားသွားကာ စကားမပြောတော့ပဲ တိတ်တိတ်လေး ပြန်လှည့်ထွက်သွားလိုက်သည်။ သူမ ကလေးဆီကနေ လှည့်ထွက် မသွားချင်သော်လည်း နောက်ဖြစ်လာမည့်အရာတွေကို ပို၍ စိတ်လှုပ်ရှား မျှော်လင့်မိသည်။
ပြီးတော့ ဒါက သူ့ရဲ့ ပထမဆုံးဒိတ်လေ။ ဒါကြောင့် ကလေးတွေကို ခေါ်လာလို့ မဖြစ်ဘူး!
ကျိုးရှောင်ယွီလေး ရေချိုးပြီးတော့ ကလေးထိန်းက အဝတ်အစားဝတ်ပေး အမွှေးနံ့သာတွေ လိမ်းပေးလေသည်။ ကျိုးရှောင်ယွီက နှုတ်ခမ်းလေးဆူကာ လက်တွေ ဝေ့ရမ်းရင်း ညဉ်းငြူနေ၏။ သူက သူ့အမေ သူ့ကို ရေချိုးပေး အဝတ်လဲပေးတာကိုပဲ ကြိုက်တာလေ။
နွေးနွေးထွေးထွေး ဝတ်ဆင်ပြီးသည့် ရှောင်ယွီလေးကို အိမ်တော်ထိန်းစန် ကောက်ပွေ့လိုက်သည်။
နောက်သူက ရှောင်ယွီလေးကို တက်ကြွပျော်ရွှင်စွာ ပြောလာသည်။ "သခင်ငယ်လေးရေ ဖေဖေနဲ့ မေမေနဲ့က မကြာခင် ဒုတိယကလေး တတိယကလေးတွေ ရလာတော့မှာ။ သခင်ငယ်လေးလည်း မကြာခင် ညီလေးညီမလေးတွေ ရလာတော့မှာ"
အိမ်တော်ထိန်းစန်ပြောသည်ကို ကျိုးရှောင်ယွီ နားမလည်သော်လည်း သိပ်မကောင်းသည့်အရာဖြစ်မည်ဟု သူသိလိုက်ကာ သူ့စိတ်ထဲ အချက်ပေးသံမြည်လာသည်။ အိမ်တော်ထိန်းစန်၏ ဆံပင်ဖြူတွေကို သူ့လက်ကစ်ကစ်ကလေးဖြင့် ဒေါသတကြီး ဆွဲနှုတ်လိုက်သည်။
'ဟမ့် ဘာ ဒုတိယကလေး တတိယ ကလေးလဲ? ဘာ ညီလေး ညီမလေးလဲ??'
'ဒါမျိုး သူ လုံးဝခွင့်မပြုဘူးး။ ဖေဖေနဲ့ မေမေ ဆီမှာ သူတစ်ယောက်ပဲ ရှိရမယ်။'
'ဖေဖေနဲ့ မေမေက သူ့တစ်ယောက်တည်းကိုပဲ ချစ်ရမယ်။ သူ! တစ်! ယောက်! တည်း! ကို! ပဲ!!!!'
...... ....... ........ ........ .........
နွေးထွေးသည့်ညလေးတွင် လကလည်း တောက်ပစွာ လင်းလက်ကာ သာယာနေ၏။
ကျိုးကျီယွဲ့သည် ဒီညအတွက် အနက်ရောင်စူပါကားလေးကို ရွေးမောင်းလာခဲ့သည်။ ကားလေးသည် လေတွေတိုက်ခတ်နေသည့် ရင်းဟူတောင်ခြေအတိုင်း လျင်မြန်စွာ မောင်းတက်လာသည်။
တောင်အလယ်လောက်အရောက်တွင် မီးလင်းနေသည့် အိမ်တစ်လုံးဆီ သူတို့ရောက်လာခဲ့သည်။
အစကတော့ ဝမ်ယွီထုံသည် အိမ်မှာ ကျန်ခဲ့သည့်ကောင်လေးအတွက် စိတ်မကောင်းဖြစ်နေသော်လည်း အခုတော့ သူမ၏ အာရုံကို တောင်ပေါ်အိမ်ကလေးက လုံးဝ ဆွဲဆောင်သွားသည်။
"ဒါက ဘယ်နေရာလဲ?"
ကျိုးကျီယွဲ့ နှုတ်ခမ်းလေး တွန့်ကွေးကယ ပြုံးလိုက်ရင်း တက်ကြွစွာ ကြည့်လိုက်သည်။ "ဒါက ကိုယ့်ရဲ့ လျို့ဝှက်စခန်းလေ"
ဝမ်ယွီထုံ အံ့ဩသွားသည်။ ကျိုးကျီယွဲ့လို အေးစက်တည်ငြိမ်သည့် လူတစ်ယောက်မှာ တစ်ကယ်ကြီး လျို့ဝှက်စခန်းရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ကျိုးကျီယွဲ့ သူမ လက်ကို ဆွဲကိုင်ကာ အိမ်၏ ခေါင်မိုးထပ်ကို တက်သွားလိုက်သည်။
အိမ်ခေါင်မိုးထပ်က မှောင်မည်းနေ၍ ဝမ်ယွီထုံ သူမ မျက်လုံးကျင့်သားမရသေးချိန်တွင် ရုတ်တရက် ခေါင်မိုးထပ်တစ်ခုလုံး လင်းထိန်သွား၏
ခေါင်မိုးထပ်တွင် လုံးဝ သူမ အမြင်ကို ဆွဲဆောင်နိုင်သည့် ထိုးဖောက်မြင်နိုင်သည့် မှန်များဖြင့် ဆောက်လုပ်ထားသည့် ကြယ်တာယာကြည့် မိုးမျှော်အခန်း တစ်ခန်းရှိနေသည်။ အခန်းတစ်ခုလုံးကို ဆင်ထားသည့်မီးရောင်ကြောင့် မိုးမျှော်အခန်းလေးသည် အလွန်ရိုမန်တစ်ဆန်နေ၏။
အခန်း၏ မလှမ်းမကမ်းတွင် နှင်းဆီပွင့်ဖတ်တွေကြဲထားသည့် ဆိုဖာကြီးနှင့် လေးထောင့်ထမင်းစားစားပွဲတစ်ခုအပြင် အနီရောင်နှင်းဆီပန်းစည်းနှင့် လက်ဆောင်ဘူးကိုလည်း ဝမ်ယွီထုံ မြင်လိုက်ရသည်။
လေးထောင့်စားပွဲပေါ်တွင်တော့ အကောင်းစားဝိုင်နီပုလင်းတစ်ချို့နှင့် ဝိုင်ခွက် အပြင် အရသာရှိမည့် စားစရာအချို့ကိုလည်း တင်ထား၏။
ကျိုးကျီယွဲ့က ဒီညအတွက် သူ့လူတွေကို ပြင်ဆင်ခိုင်းထားပုံရသည်။သို့သော် အခန်းထဲရှိ ပြင်ဆင်ထားသည့်ပုံစံအနေအထားက အချိန်အတော်အကြာ ပြင်ဆင်ထားသည့်ပုံပေါ်သည်။
ဝမ်ယွီထုံလည်း ပြင်ဆင်ထားသည့်အခန်းအနေအထားကိုကြည့်ရင်း အံ့ဩသွားသည်။ ဒီအပြင်အဆင်အိုင်ဒီယာက ကျိုးကျီယွဲ့လို ယောကျာ်းရင့်မာကြီးဆီက ထွက်လာတာတော့ မဟုတ်လောက်ပါဘူး။
ကျိုးကျီယွဲ့၏ မျက်လုံးထဲ စိုးရိမ်မှုတွေ ပြည့်နေ၏။တင်းဟဲ အရင်ကပြောဖူးသည့် ကြယ်တာယာကြည့်မိုးမျှော်ခန်းတွင် ချစ်ခွင့်ပန်၍ အောင်မြင်ခဲ့သည့် စီအီးအိုတစ်ယောက်အကြောင်း ဇာတ်လမ်းထဲကအတိုင်း ကျိုးကျီယွဲ့ သူလိုက်လုပ်ထားသည်ကို ဘယ်တော့မှ ဝန်ခံမည်မဟုတ်ချေ။ ထို့ကြောင့် သူသည် ယခုကဲ့သို့ ကြယ်တာယာကြည့်မိုးမျှော်ခန်းကို ပြင်ဆင်ရန် လူငှားလိုက်ခြင်းဖြစ်သည်။
"အိုးမိုင်ဂေါ့ အရမ်းလှတာပဲ!"
ဝမ်ယွီထုံက အခန်းထဲကို စိတ်လှုပ်ရှားစွာ ဝင်သွားသည်။အခန်းထဲ အပူပေးစက်ကို ကြိုဖွင့်ထား၍ အခန်းက နွေးထွေးနေ၏။
ကျိုးကျီယွဲ့လည်း နောက်က လိုက်ဝင်ကာ အခန်းတံခါးကို ပိတ်လိုက်သည်။
ရုတ်တရက် အခန်းထဲမှ ကြည်နူးဖွယ် ဂီတသံထွက်ပေါ်လာပြီး မျက်နှာကျက်ပေါ်မှ ခန်းစီးစ ပွင့်လာကာ ရုပ်ရှင်ကြည့်ရန် စခရင်ကြီးက မှန်နံရံတစ်ဖက်ကနေ ကျဆင်းလာ၏။
ချက်ချင်းပင် ခေါင်မိုးထပ်၏ မီးအလင်းရောင်သည် ချစ်ကြည်နူးဖွယ် အရောင်မှိန်မှိန်ကို ပြောင်းလဲသွား၍ အခန်းလေးသည် လရောင်အောက်တွင် ပို၍ နူးညံ့နွေးထွေးဟန်ပေါက်သွားသည်။
မူလက ကျိုးကျီယွဲ့သည် ဝမ်ယွီထုံအား နောက်မှ ဤနေရာကိုခေါ်လာရန် စီစဉ်ထားသော်လည်း ဒီနေ့မှ ရုတ်တရက် ဘယ်ရက်ဆိုတာ အရေးမကြီးပဲ အခုချိန်ကသာ အကောင်းဆုံးဖြစ်ကြောင်း ခံစားလိုက်ရသည်။ထို့ကြောင့် သူ့နှလုံးသားခံစားချက်အတိုင်း လိုက်နာပြီး ရုတ်တရက် သူမကို ဒီခေါ်လာရခြင်း ဖြစ်သည်။
အခန်းထဲ ရောက်တော့ ဝမ်ယွီထုံ သူမ၏ အပေါ်ထပ်ကြိ ချွတ်လိုက်သည်။ အတွင်းက သူမဝတ်ထားသည့် ချည်ထိုးဝတ်စုံလေးက သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပေါ်လွင်စေ၏။ သူမအခန်းတွင်း လြိက်ပတ်ကြည့်နေပုံက လရောင်အောက် တောအုပ်အတွင်း လှည့်ပတ်ကြည့်နေသည့် နတ်သူငယ်လေးနှင့် တူလှသည်။
သူမအံ့အားသင့်နေသည့်အပြင် အလွန်လည်း ရှက်နေ၍ ကျိုးကျီယွဲ့နှင့် မျက်လုံးချင်းဆိုင်မကြည့်ရဲသေးပေ။
"မင်းကြိုက်ရဲ့လား?"
"အရမ်းလှတာပဲ။ ကျွန်မ အရမ်းကြိုက်တယ်"
ဝမ်ယွီထုံ ခေါင်းကိုအသာလေးငြိမ့်လိုက်သည်။
ကျိုးကျီယွဲ့ သူမရှေ့မှာ ရပ်ရင်း တစ်ခုခုပြောချင်သည့်အလား တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေ၏။
ဝမ်ယွီထုံ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။သူမနှလုံးကလည်း မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်စွာမြည်နေ၏။ ရုတ်တရက် ကျိုးကျီယွဲ့ ပြောလာမည့်စကားကို သူမ နားမထောင်ရဲတော့ပေ။
ထို့ကြောင့် သူမမျက်လုံးကို ကျိုးကျီယွဲ့နောက်က ဝိုင်နီနှင့်စားစရာတွေဘက် အကြည့်ပို့လိုက်သည်။ "ကျွန်မ ဗိုက်ဆာလာသလိုပဲ။ စားချင်လာပြီ"
ဝမ်ယွီထုံ ခြေလှမ်းကျယ်ကြီးဖြင့် စားစရာထားရာ စားပွဲဘက်သွားလိုက်သည်။ ကျိုးကျီယွဲ့ကို ကျော်ကာ ခြေလှမ်းလှမ်းလိုက်စဉ် သူမ စီးထားသည့် ၁၀စင်တီမီတာရှိဒေါက်မြင့်က ကြမ်းခင်းပေါ်ရှိ အစအနတစ်ခုကို ရုတ်တရက်တက်နင်းမိ၍ ယိုင်သွားသည်။
"အာ့ --"
ဝမ်ယွီထုံ သူမကိုယ်ကို မထိန်းနိုင်တော့ပဲ ရှေ့ကိုပစ်လဲသွားစဉ် သူမရှေ့က အရပ်ရှည်သည့်အမျိုးသားကလည်း သူမကို လှမ်းဖမ်းလိုက်ရင်း ကြမ်းခင်းပေါ်အတူလဲကျသွားသည်။
ကြမ်းခင်းပေါ် ကျောကျသွားသည့် ကျိုးကျီယွဲ့သည် နာကျင်မှုကြောင့် ညဉ်းငြူလိုက်သည်။ သူ့ရင်ဘတ်ပေါ်လဲကျနေသည့် ဝမ်ယွီထုံ၏ ခါးကိုတော့ တင်းတင်း ဆုပ်ကိုင်ထားသည်။
သူတို့နှစ်ဦး၏ နှာခေါင်းထိပ်ချင်း ထိမိသွားစဉ် အကြည့်ချင်းလည်း တစ်ခဏ ဆုံလိုက်ကြသည်။ နှစ်ဦးစလုံး၏ အသက်ရှုသံတွေ ရောထွေးနေကာ ဝင်သက်ထွက်သက်ချင်းကနေ အပူငွေ့တွေကို ခံစားမိနေကြသည်။