← Chapters

အခန်း (၅၁)

Vol. 5 Ch. 51

အခန်း (၅၁)

Vol. 5 Ch. 51

သူတို့နှစ်ဦး၏ ထွက်သက်ဝင်သက်လေတွေက ရောယှက်သွားခဲ့သည်။ ဝမ်ယွီထုံသည်လည်း ကျိုးကျီယွဲ့၏ ပူနွေးစိုဆွတ်သည့် ဝင်လေထွက်လေတိုင်းကို ခံစားမိနေသည်။

ဝမ်ယွီထုံ သူမအောက်ရှိ အမျိုးသားကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းတွေက ရွှန်းလဲ့လာကာ မှုံမှိုင်းနေသည့်မျက်ဝန်းတွေထဲက မာနနှင့် အေးစက်မှုတွေကလည်း ပျောက်ကွယ်သွားကာ နက်ရှိုင်းသည့်ပင်လယ်ရေနက်အောက်ခြေကို မမြင်နိုင်သကဲ့သို့ ဖြစ်နေသည်။

သူတို့နှစ်ဦး၏ ယခုကဲ့သို့ အခြေအနေက အလွန်အန္တရာယ်များမှန်း ဝမ်ယွီထုံ ခံစားမိလိုက်သည်။

"ကျွန်မ အရင်ထလိုက်မယ်"

ဝမ်ယွီထုံ အထိတ်တလန့်ဖြင့် ကျိုးကျီယွဲ့ ရင်ဘတ်ပေါ် လက်ထောက်ကာ အားယူရင်း ထရန်ပြင်လိုက်စဉ် ကျိုးကျီယွဲ့၏ လက်ဖဝါးကြီးက သူမ လှုပ်မရနိုင်အောင် သူမခါးကို တင်းကြပ်စွာ ကိုင်ထားလေသည်။

ခေါင်မိုးထပ်၏ မီးရောင်က အဝါ၊ ပန်း ခရမ်းရောင်ဖျော့သို့ ထပ်ပြောင်းသွားပြန်သည်။ ပြောင်းသွားသည့်မီးရောင်က အမျိုးသား၏ ချောမောသည့်မျက်နှာကို နိုက်ကလပ်ရှိ နတ်သားတစ်ဦးကဲ့သို့ ဆွဲဆောင်မှုရှိသည့်ပုံကို ပြောင်းသွားစေသည်။

ကျိုးကျီယွဲ့၏ အကြည့်တွေ နက်မှောင်လာပြီး ပုံမှန်ထက်ပို၍ ဆွဲဆောင်မှုရှိသည့် သူမနှလုံးကို သဲဖြင့်ပွတ်တိုက်သွားသကဲ့သို့ ဩရှရှအသံဖြင့် ပြောလာသည်။

"ကိုယ်မင်းကို သဘောကျတယ်။ မင်းနဲ့အတူရှိနေချင်တယ်"

ဒါ သူမကို ဖွင့်ပြောတာလား?

ဝမ်ယွီထုံ၏ ရင်ထဲ ဝရုန်းသုန်းကားဖြစ်သွားကာ ပါးပြင်တွေ နားရွက်တွေပါ ထူပူလာသည်။ တုန်ရင်နေသည့်သူမ၏ အသံကို ထိန်းကာ အေးဆေးသည့်ပုံဖြင့် ပြန်မေးလိုက်သည်။

"ဘာရယ်? အခုလည်း ကျွန်မတို့အတူရှိနေကြတာပဲ မဟုတ်လား။ တရားဝင်အတူရှိနေကြတာလည်း အချိန်အတော် ကြာလှပြီကို ရှင်က အတူရှိနေပြီလို့ မခံစားရသေးဘူးလား"

ကျိုးကျီယွဲ့ ရုတ်တရက်ရီလိုက်ကာ တစ်ခုခုဖုံးကွယ်ထားသလို မျက်ဆန်ကို လှိမ့်လိုက်သည်။ "ဒါပေါ့ ကိုယ်တို့က တရားဝင်အတူရှိနေကြတာပဲ"

ထို့နောက် ကျိုးကျီယွဲ့သည် သူမ၏ ခေါင်းကို ရုတ်တရက်ဖိလိုက်ပြီး သူတို့နှစ်ယောက်ကြား နေရာလပ်မရှိအောင် လုပ်လိုက်သည်။

ဝမ်ယွီထုံ ဘာမှ မအော်နိုင်သေးခင် သူမ၏ နှုတ်ခမ်းဖူးလေးသည် အမျိုးသား၏ ပါးလွှာသော နှုတ်ခမ်းပါးလေးနှင့် ဖိမိသွားသည်။

ကျိုးကျီယွဲ့၏ နှုတ်ခမ်းတွေက နွေးထွေးကာ သူမဆီ လျှပ်စီးကူးသလို ခံစားလိုက်ရသည်။ သူက သူမ၏ နှုတ်ခမ်းတစ်လက်မတိုင်းကို အသာအယာထိကာ နမ်းနေသည်။

သူ၏ ထွက်သက်ဝင်သက်တို့ကလည်း သူမမျက်နှာကို ထိနေကာ ဝမ်ယွီထုံမျက်နှာတွေ နီရဲလာပြီး ခေါင်းပင် မူးဝေလာသလို ခံစားလိုက်ရသည်။

သူမ မျက်ဝန်းတွေကလည်း ရွှန်လဲ့လာပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း အား‌ပျော့လာကာ သူမ၏ နှုတ်ခမ်းသည် အမျိုးသား၏ လျှာဖြင့် တွန်းဖွင့်ခြင်းခံလိုက်ရသည်။

အမျိုးသားကလည်း အခွင့်ကောင်းယူကာ အစွမ်းကုန်အားသုံးရင်း သူမပါးစပ်ထဲ မွေနှောက်လေတော့သည်။

မူးဝေချာချာလည်ဖြစ်စေသည့် အဖြစ်အပျက်ပြီးနောက် ဝမ်ယွီထုံသည် ကြမ်းခင်းပေါ်က နူးညံ့သည့်ကောဇောပေါ် ကျောကျသွားသည်။

ကျိုးကျီယွဲ့ကတော့ သူမ၏ ဝင်သက်ထွက်သက်တိုင်းကို လောဘတကြီး အပိုင်ယူနေသည်။ သူမ၏ နှုတ်ခမ်းနေရာမလပ်ကို ကြမ်းကြမ်းတမ်းတမ်းနမ်းနေသည်။

ဝမ်ယွီထုံလည်း အသက်ရှုရခက်ခဲလာ၍ ညဉ်းလိုက်ကာ ခြေထောက်အားပြုရင်း ကျိုးကျီယွဲ့၏ ရင်ဘတ်ကို သူမလက်ဖြင့် အားနည်းစွာ တွန်းထုတ်လိုက်သည်။

ကြာလာလျင် ဤအမျိုးသား၏ အတွင်းစိတ်ရိုင်းကို နိုးဆွလာမိမည်မှန်း သူမ သိလိုက်သည်။ ကျိုးကျီယွဲ့ကလည်း သူမ၏ အားလျော့နေသည့် လက်‌နှစ်ဖက်ကို သူမ ခေါင်းပေါ်ဆွဲယူဖိကာ နှစ်ဦးသား လက်ချောင်းများ ယှက်ထားလိုက်ကြသည်။

သူတို့နှစ်ယောက်စလုံး၏ နှုတ်ခမ်းတွေနီရဲကာ လျှာတွေကလည်း ထုံလာပြီး အသက်ရှုသံတွေကလည်း ပုံမှန်မဟုတ်တော့ပေ။

အချိန်အတော်ကြာ နမ်းပြီးမှ ကျိုးကျီယွဲ့က သူမကို လွတ်ပေးလိုက်သည်။ သူ၏ ဝင်သက်ထွက်သက်တွေက သူမ နှုတ်ခမ်းမှ တစ်ဆင့် နူးညံ့ဖြူဖွေးသည့် နားရွက်နားကို ရွေ့သွားကာ လျှာဖြင့်ယက်လိုက်ပြီး ဆွဲဆောင်မှု ရှိသည့်အသံဖြင့် မေးလိုက်သည်။

"မင်းကြိုက်လား?"

ဝမ်ယွီထုံ၏ လက်ချောင်းတွေက ကျိုးကျီယွဲ့၏ ဆံပင်ထဲ ထိုးဖွနေကာ သူ၏ ကိုယ်နံ့ကို ရှုရှိုက်နေသည်။သူမစိတ်တစ်ခုလုံး ဗလာကျင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း နွေဦးမိုးရေထဲ ရေချိုးလိုက်သလို တစ်ကိုယ်လုံး ချွေးတွေ ရွှဲစိုနေ၏။

သူမ ခေါင်းမာမာဖြင့် ကျိုးကျီယွဲ့၏ အမေးကို မဖြေပဲ သူမနှုတ်ခမ်းကိုသာ ကိုက်နေ၏။

ရုတ်တရက် သူမ၏ နားရွက်ကို ထက်မြက်သည့်သွားဖြင့် အသာအယာ အကိုက်ခံလိုက်ရ၍ ညဉ်းသံ တစ်ချက်ထွက်လာသည်။

"ကြိုက်လားလို့? ဟင်?"

ကျိုးကျီယွဲ့ ဝမ်ယွီထုံ၏ မေးကို သူ့ဘက်ဆွဲလှည့်ကာအတင်းအကြပ် အဖြေပေးစေသည်။

ဝမ်ယွီထုံ ' အင်း' ဟု ဖြေပြီးသည်နှင့် ခေါင်းကို တစ်ဖက်လှည့်ကာ ကျိုးကျီယွဲ့နှင့် မျက်နှာချင်းမဆိုင်တော့ပေ။ ကျိုးကျီယွဲ့ကလည်း သူနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် မေးကို ပြန်ဆွဲလှည့်လေသည်။

ဝမ်ယွီထုံလည်း အားတင်းကာ မျက်လုံးချင်းဆုံလိုက်စဉ်အမျိုးသား၏ မျက်လုံးထောင့်တွေက နီရဲနေပြီး နှုတ်ခမ်းကလည်း နီထွေးနေ၏။ မျက်လုံးအကြည့်တွေထဲက ရီဝေမှုတွေကလည်းခုထိ မပျောက်သေးပေ။

ကျိုးကျီယွဲ့က သူမကို ဆက်ကိုက်ကာ စနောက်နေမည်ကို စိုး၍ သူဆုပ်ကိုင်ထားသည့် လက်တွေကို ရုန်းလိုက်ကာ ပြောလိုက်သည်။

"ကျွန်မ ဗိုက်ဆာနေပြီ ညလယ်စာ စားရအောင်"

ဖရိုဖရဲဖြစ်နေသည့် သူမ အဝတ်အစားတွေကို ပြန်ပြင်ကာ စားပွဲနားရှိ ထိုင်ခုံခေါ်ထိုင်ရန် ဝမ်ယွီထုံ ပြင်လိုက်စဉ် မထင်မှတ်ပဲ ကျိုးကျီယွဲ့က သူမကို သူ့ပေါင်ပေါ် ဆွဲ ထိုင်စေလိုက်သည်။

သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက တစ်ညအတွင်း အတော်လေး တိုးတက်သွားသည့် အပြင် ကျိုးကျီယွဲ့ကလည်း သူ့ရည်ရွယ်ချက်၊ အကျင့်တွေကို မဖုံးကွယ်ထားတော့ပေ။

သူမခါးကို ဖက်ရင်း လက်ဆောင်တစ်ခု ထုတ်ပေးလိုက်သည်။

"မင်းအတွက်"

မိန်းကလေးတွေနဲ့ ဒိတ်တိုင်း လက်ဆောင်ပေးရမည် ဟူသည့် အချက်ကို သူ မမေ့ခဲ့ပါ။

သူမကို ကလေးလေးကို ချီထားတာကို ဝမ်ယွီထုံ မသက်မသာဖြစ်နေမိသည်။ ခေါင်းလေးငုံ့ ရှက်သွေးဖြာရင်း ဝမ်ယွီထုံ လက်ဆောင်ဘူးလေးကို ယူကာ ဖွင့်လိုက်သည်။

"ဘာလေးလဲ သေးသေးလေးနော်"

လက်ဆောင်ဘူးလေးကို ဖွင့်လိုက်စဉ် ထွက်လာသည်က ရွှေရောင်နှင့် အနက်ရောင်ရောနေသည့် ကတ်တစ်ခုဖြစ်သည်။ ဝမ်ယွီထုံ ထိုကတ်ကိုကိုင်ရင်း ရုတ်တရက် အံ့ဩမိသွားသည်။

ထိုစဉ် စနစ်က အတင်းတုတ်လာသည်။ "အားးး! အာ့တာ စီအီးအိုဝတ္ထုတိုင်း ပေါ်လာတတ်တဲ့ Black Card ဆိုတာလားး!"

ဝမ်ယွီထုံ မျက်နှာပိုပူလာပြီး စနစ်ကို စိတ်ထဲကနေ ကျိန်ဆဲ လိုက်သည်။ "နင် အခုချိန်ထိ စောင့်ကြည့်နေတာလား ကလေးပြုစုပျိုးထောင်တဲ့ စနစ်ရေ။ လူကြီးတွေက လူကြီး ကိစ္စလုပ်နေတဲ့ အချိန် နင် အလိုအလျောက် စက်ပိတ်ထားလို့မရဘူးလား!"

စနစ်ကတော့ ထူးမခြားနား အသံဖြင့် တအင်းအင်း လုပ်ကာ ပျောက်သွားပြန်သည်။

"ဒါကိုယ့်ရဲ့ အကန့်အသတ်မဲ့ဘဏ်ကတ် ဒုတိယကတ်။ မင်းအခု လုပ်ငန်းအသစ် စနေပြီ ဆိုတော့ အသုံးလိုလောက်မယ် "

ဘလက်ကတ် ရလိုက်လို့ ဝမ်ယွီထုံ မပျော်ဘူး မကြိုက်ဘူး ဆိုရင်တော့ သူမ ညာတာပဲ ဖြစ်လိမ့်မည်။ ဘလက်ကတ်ကို သူမပိုက်ဆံအိတ်ထဲ ထည့်လိုက်ကာ ကျိုးကျီယွဲ့ လည်ပင်းကိုဖက်ရင်း မျက်နှာပေါ်ဆုချသည့်အနေဖြင့် အနမ်းတစ်ပွင့်ပေးကာ တောက်ပသည့်မျက်လုံးဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်တယ်နော် ယောက်ျား ဒီလက်ဆောင်ကို ကျွန်မ အရမ်းကြိုက်တယ်။ ကျွန်မအတွက်လည်း အရမ်း အကူအညီဖြစ်စေမှာပါ"

၃၇နှစ်လုံးလုံး ဗြဟ္မစရိယကျင့်နေသည့် လူပျိုသိုးကြီးသည် သွေးဆောင်မှု ဒဏ်ကို မခံနိုင်တော့ပဲ နှစ်ယောက်သား ဆက်နမ်းမိသွားကြပြန်သည်။ ဝမ်ယွီထုံက ကျိုးကျီယွဲ့၏ သန်မာသည့် ပေါင်ပေါ်ထိုင်နေကာ ကျိုးကျီယွဲ့ကလည်း သူမ၏ ခါးသိမ်သိမ်လေးကို တင်းကြပ်စွာ ဖက်ထားရင်း နမ်းနေ၏။

ရုတ်တရက် စားပွဲပေါ်မှ ဖုန်း ထမြည်လာလေသည်။

မျက်နှာ နီရဲကာ ကြမ်းတမ်းနေသည့်အမျိုးသားကို ချက်ချင်း ဆွဲဖယ်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။တစ်ဖက်က ဖုန်းခေါ်သူမှာ အိမ်တော်ထိန်းစန်ဖြစ်နေသည်။

အိမ်တော်ထိန်းစန်သည် အလွန်အလိုက်သိသူဖြစ်ပြီး အရေးကြီးကိစ္စမဟုတ်လျင် အခုလို သူ့ဘက်ကစ၍ ဖုန်းခေါ်လာလိမ့်မည်မဟုတ်ချေ။

ဝမ်ယွီထုံ စိတ်ပူသဖြင့် ဖုန်းကို ချက်ချင်းပြန်ဖြေလိုက်သည်။ "အိမ်တော်ထိန်းစန် ဘာဖြစ်လို့လဲ?"

ကျိုးရှောင်ယွီ၏ နားစည်ကွဲမတတ်အော်ငိုသံက ဖုန်းတစ်ဖက်မှ ပေါ်ထွက်လာသည်။

အိမ်တော်ထိန်းစန်က စိုးရိမ်တကြီး ပြောလာသည်။

"မဒမ် သခင်ငယ်လေးက ကျွန်တော်တို့နဲ့ တစ်နေ့လုံးတော့ ကောင်းကောင်းဆော့နေတာပဲ။ ဒါပေမယ့် ဘာလို့လည်း မသိဘူး ညဘက်ရောက်လာတော့ ဂျီတိုက်နေတယ်။ ကျွန်တော်လည်း ဘယ်လို လုပ်ရမှန်းမသိလို့ ခေါ်လိုက်တာ။ ကလေးက နေမကောင်းဖြစ်နေမလား မသိလို့ပါ"

ဝမ်ယွီထုံ မျက်နှာအမူအရာ အေးခဲသွားကာ ချက်ချင်း ဗီဒီယိုကော ခေါ်လိုက်သည်။

ကျိုးရှောင်ယွီ၏ မျက်နှာလေးက ငိုလွန်း၍ နီရဲနေ၏။မျက်နှာ တစ်ခုလုံးကလည မျက်ရည်တွေ နှာရည်တွေ ရွဲစိုနေကာ နှာခေါင်းမှ နှာရည်ပူပေါင်းပင် ထနေသည်။

"ရှောင်ယွီ! ရှောင်ယွီ! မေမေပါ! မငိုနဲ့နော် မေမေ အခုပဲ ပြန်လာမယ်နော် ဟုတ်ပြီလား?"

ရှောင်ယွီလေးသည် ရင်းနှီးသည့်အသံကို ကြားလိုက်ရ၍ ဖုန်းစခရင်မ်ကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းလေးက ဝမ်းနည်းကြေကွဲစွာ မဲ့လာပြီး ရှိုက်ကြီးတငင် ကျယ်လောင်စွာ အော်ငိုတော့သည်။

"မငိုနဲ့လေ ကလေးရေ .. မေမေ မကြာခင် ပြန်လာတော့မှာနော်"

သူ့အမေ၏ ချော့မော့သည့်အသံကို ကြားလိုက်တော့ ကျိုးရှောင်ယွီလေးသည် သူ့လက်ကစ်ကစ်ကလေးဖြင့် နပ်ချေးတွေပေနေသည့် နှာခေါင်းနီနီကလေးကို ပွတ်လိုက်သည်။ ကလေးထိန်း အန်တီကြီးကလည်း ရှောင်ယွီလေး၏ လက်နှင့် နှာခေါင်းတွေမှာ ပေနေသည်များကို ကူသုတ်ပေးလိုက်သည်။

ဗီဒီယိုကော ချလိုက်ပြီးနောက် ဝမ်ယွီထုံ ကျိုးကျီယွဲ့ကို အပြစ်တင်သည့်ပုံဖြင့် မျက်စောင်းထိုးလိုက်သည်။

"အာ့တာ ရှင့်ကြောင့် ခုကျွန်မမှာ ညလယ်စာ စားဖို့ ရုပ်ရှင်ကြည့်ဖို့ အချိန်မရှိတော့ဘူး"

ကျိုးကျီယွဲ့က နူးညံ့စွာ ပြန်ပြုံးလိုက်သည်။ "ကိုယ့်အမှားပါ။ လမ်းမှာ စားဖို့ စားစရာ တစ်ချို့ ကိုယ် ထုပ်လာခဲ့မယ်"

ညလယ်စာသည် ဝမ်ယွီထုံ အကြိုက် ဘာဘီကျူးအကင်ဖြစ်သည်။ အလိုအလျောက် အပူပေးသည့်အကင်စက်က စားပွဲပေါ်မှာ ရှိနေပြီး စားစရာတွေကလည်း လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးရှိ နေသေးသည်။

အပြန်လမ်းမှာတော့ ဝမ်ယွီထုံသည် အလွန်ဗိုက်ဆာနေ၍ အကင်စားရင်း ပြန်လာရာ သူမပါးစပ်မှာ ဆီတွေ ပေပွနေ၏။ ကျိုးကျီယွဲ့ကလည်း စိတ်အနှောက်အယှက် မဖြစ်သည့်အပြင် မီးပွိုင့်မိနေတုန်း သူမကို ကားထဲမှာပင် နမ်းလိုက်သေးသည်။

သူတို့နှစ်ဦး အိမ်ပြန်ရောက်တော့ ၁၀နာရီခွဲပြီဖြစ်သည်။ အိမ်မှာလည်း ကျိုးရှောင်ယွီ၏ ငိုသံတွေဖြင့် ဗြောင်းဆန်နေ၏။

ကောင်ကလေးက တစ်ညနေလုံး သူ့အမေနှင့် မတွေ့ရ၍ လက်သီးလေးဆုပ်ကာ ငိုကြွေးရင်း ပူဆွေးနေ၏။

"အော် တို့ရှောင်ယွီလေးက ဘာလို့ ဒီလောက်ငိုနေတာလဲ!"

ဝမ်ယွီထုံသည် ချော့မော့ရင်း ပြေးကာ ကျိုးရှောင်ယွီလေးကို သူမရင်ခွင်ထဲ ချီကာ ဖက်ထည့်လိုက်သည်။

ဝမ်ယွီထုံ နောက်မှ အိမ်ထဲ လိုက်ဝင်လာသည့် ကျိုးကျီယွဲ့သည် ကျိုးရှောင်ယွီကို သံသယမျက်လုံးများဖြင့်ကြည့်နေ၏။

အိမ်တော်ထိန်းစန်နှင့် ကလေးထိန်းအန်တီကြီးတို့ကလည်း ကိုယ့်ကိုယ်ကို အပြစ်ရှိသည့်စိတ်ဖြင့် မျက်နှာ မကောင်းဖြစ်နေကြသည်။

သူတို့၏ ဂရုမစိုက်မှုကြောင့် လင်မယားစုံတွဲဒိတ်နေရာမှ အိမ်အမြန်ပြန်လာခဲ့ရသည်။ အာ့လိုမခေါ် လို့လည်း မရပြန်။ ကျိုးရှောင်ယွီလေးက အရမ်းငိုနေတော့ တစ်ခုခု နေမကောင်းများဖြစ်နေမလား စိုးရိမ်၍ဖြစ်သည်။

ထို့ကြောင့် အိမ်တော်ထိန်းစန်နှင့် ကလေးထိန်းအန်တီကြီးတို့ အကျိုးအပြစ်ကို အချေအတင်ဆွေးနွေးကြကာ ဝမ်ယွီထုံကို ဖုန်းခေါ်လိုက်ကြခြင်းဖြစ်သည်။

အမေ့ရင်ခွင်ထဲ ပြန်ရောက်သွားသည့် ကျိုးရှောင်ယွီလေးသည် ချက်ချင်းအငိုတိတ်သွားကာ မျက်ရည်တွေစိုရွှဲနေသည့် သူ့မျက်နှာကလေးက သူ့အမေရဲ့ လည်ပင်းညှပ်ရိုးကြားထဲ တိုးဝင်လိုက်သည်။

ကျိုးရှောင်ယွီ သူ၏ ပန်းရောင်လက်သီးကလေးကို ဆုပ်လိုက်ရင်း ခြေထောက်တွေကို အောင်မြင်သည့်အထိမ်းအမှတ်အနေဖြင့် လှုပ်ရမ်းကန်ကျောက်လိုက်သည်။

ဟမ့်!!!

'ဒုတိယကလေး' 'တတိယကလေး' ဆိုတဲ့ အဓိပ္ပာယ်တွေကို သူ မသိပေမယ့် ဒီည သူ့စိတ်ထဲ အမှန် စိုးရိမ်နေမိတယ်။ ဒါကြောင့် စိတ်တိုလာပြီး သူ့အမေ အကြောင်းပဲ တွေးနေမိတယ်လေ။

'ဒုတိယကလေး' 'တတိယကလေး' ဆိုတဲ့ ဟာတွေ ထွက်ပေါ်လာမှာကိုတော့ သူ လုံးဝ သဘောမတူပါဘူးနော်။

  ...... ....... ........ ......... .........

ကျိုးရှောင်ယွီနှင့် ဝမ်ယွီထုံတို့နှစ်ယောက်၏ ပထမဆုံး ဒိတ်ပြီးသည့်နောက်တွင် နှစ်ယောက်စလုံး အလုပ်တွေ ရှုပ်နေကြ၍ စကားပြောရန် အချိန်ပင်မရကြတော့ပေ။

လွန်ခဲ့သည့်ဆယ်ရက်အတွင်း ကျိုးကျီယွဲ့သည် တရုတ်နိုင်ငံအတွင်းရှိ မြို့များကို အလုပ်ခရီးသွားနေရပြီး ဝမ်ယွီထုံကလည်း ဟွားရီစင်တာဆီ သွားသွားလာလာလုပ်ကာ ရင်းနှီးမြုပ်နှံရေးဌာနရှိ လူကြီး များနှင့် ညှိနှိုင်း‌ဆွေးနွေးနေရကာ နောက်ဆုံးတွင် ရေပန်းရင်ပြင်နားရှိ သုံးထပ် ဆိုင်ခန်းလေးကို ငှားရမ်းနိုင်ခဲ့သည်။

နေရာအတွက် အတည်တကျဖြစ်သွားပြီဆိုတော့ ဝမ်ယွီထုံသည် ဧည့်ခန်းထဲမှာ ထိုင်ရင်း လပ်တော့ဖွင့်ကာ အင်တာနက်ပေါ်မှ သတင်းအချက်အလက်များ ရှာဖွေနေ၏။ ကလေးကစားကွင်းအတွက် လိုအပ်သည့် ကစားစရာ ကိရိယာများအပြင် ကစားကွင်းအတွက် အတွေ့အကြုံရှိ ဆရာမတစ်ဦးကိုလည်း ခန့်ထားရန် စီစဉ်လိုက်သည်။

လုပ်ငန်းအောက်ခြေကစ၍ သင်ယူနေသည့်ဝမ်ယွီထုံသည် ကလေးကစားစရာ ထုတ်ကုန်များကို အင်တာနက်မှ ကြည့်ရှုနေသည်။ ကလေးကစားကွင်းအတွက် ကစားစရာ ထုတ်ကုန်များသည် ဒီဇိုင်း လှပသော်လည်း အမှန်တစ်ကယ်ထုတ်ကုန်တွင် အရောင်အသွေးစုံလင်မှု မရှိသေးပါ။

ကျိုးရှောင်ယွီကတော့ သူ၏ ကစားစရာ အသစ် 'တွားသွားဥမင် 'နှင့် 'တွယ်တက်နံရံ'ကိုကြည့်ကာ စူးစမ်းနေ၏။

ဝမ်ယွီထုံ ကော်ဖီ တစ်ငုံသောက်ရင်း ကျိုးရှောင်ယွီလေးကို လှမ်းကြည့်လိုက်ကာ ပြုံးလိုက်မိသည်။

လတ်တလောတွင် ကျိုးရှောင်ယွီ၏ အစာစားချင်စိတ်သည် အတော်လေး တိုးတက်လာသည်။ ဝမ်အမေကြီး ဝူရှင်း ကိုယ်တိုင်ကြိတ်ပေးလိုက်သည့် ဝဥမှုန့်‌ တွေ ကြောင့်များလားဟု ဝမ်ယွီထုံ တွေးလိုက်သည်။

ဝမ်ယွီထုံသည် အမြဲတမ်း ရှောင်ယွီလေးအတွက် ဝဥမှုန့်ထဲ ကြက်ဥထည့်ကာ စွပ်ပြုတ်လုပ်ကာ ကျွေးပြီး တစ်ခါတစ်လေ ဝဥမှုန့်နှင့် အသီးအရွက်ကိတ်တွေ လုပ်ကျွေးသည်။ တစ်ခါတစ်လေ ဆန်ပြုတ် ပြုတ်ရာတွင်လည်း ဝဥမှုန့်တစ်ဇွန်း ထည့်ကာ ပြုတ်ကျွေး၏။

ကျိုးရှောင်ယွီကလည်း လတ်တလော ကောင်းကောင်းစားသောက်နေ၍ သူ့ခန္ဓာကိုယ်လေးသည် လုံးလုံးလေးဖြစ်လာသည်။မျက်နှာလေးကလည်း ပန်းရောင်သန်းနေပြီး ဆံပင်ကောက်လေးကလည်း အနည်းငယ်ရှည်လာသည်။

ရှောင်ယွီလေးသည် တွားသွားဝတ်စုံ အစိမ်းရောင်လိပ်ရုပ်ဝတ်စုံကို ဝတ်ဆက်ထားပြီး မတော်တဆ လဲကျလျင် ခေါင်းထိမည်ကို စိုးရိမ်၍ ကာကွယ်နိုင်ရန်'နောက်စေ့ကာဖော့' လေးကို လည်း သူ့နောက်ကျောမှာ တပ်ထားပေး၏။

ထို့ကြောင့် ကလေးငယ်လေးသည် သူ့နောက်ကျောမှ အခွံလေးနှင့် တစ်ကယ့်လိပ်ကလေးကို ဖြစ်နေသည်။သို့သော် ဤ လိပ်ကလေးသည် တွားသွားရာတွင် အလွန်မြန်လှပြီး သူ့ဖင်လုံးလုံးလေးကိုလည်း ဘယ်ညာယမ်းတတ်သေး၏။

"အေးးယေးးယေးးး!"

ရှောင်ယွီလေးသည် ဖင်လုံးလေး လိမ်ဖယ်လိမ်ဖယ်နှင့် တွားသွားဥမင်ကစားစရာရှေ့မှာ မဝင်ရဲ တရဲ ဖြစ်နေ၏။

ဝမ်ယွီထုံလည်း လုပ်လက်စ ကွန်ပြူတာကို ပိတ်ကာ ကလေးနားသွားပြီး သူ့ဘေးမှာ ထိုင်လိုက်သည်။

"မကြောက်နဲ့လေ ရှောင်ယွီ။ ဒီဥမင်ထဲကို ဝင်ပြီး ကစားလို့ရတယ်။ ဒီဥမင်က လုံခြုံစိတ်ချရတယ်။ အထဲမှ ကြောက်စရာတွေလည်း မရှိဘူး။ ဥမင်ရဲ့ အဆုံးမှာ တဲကလေးလည်း ရှိတယ်"

သူ့အမေ၏ အားပေးစကားကြောင့် ရှောင်ယွီလေးသည် အားတင်းကာ ဥမင်ထဲ လေးဖက်ကုန်း ဝင်သွားလိုက်သည်။

ဝမ်ယွီထုံက ဥမင်တစ်ဖက်ကနေ သူ့ခေါင်းလေးဝင်ကာ ရှောင်ယွီလေးကို လှမ်း ခေါ်ကာ စနောက် လိုက်သည်။

"ချစ်လေးရေ... မေမေ ဒီဘက်မှာ!"

ရှည်လျားသည့်ဥမင်ထဲတွင် ကျိုးရှောင်ယွီလေးသည် မူလက ကြောက်နေသော်လည်း ဥမင်တစ်ဖက်ပေါက်ရှိ သူ့အမေ၏ ခေါင်းကို မြင်လိုက်ရသည့်အခါ ရုတ်တရက် တစ်ခစ်ခစ်နှင့်ရီမောလာပြီး ဥမင် တစ်‌ဖက်ပေါက်ကို အမြန်လေးဖက်ကုန်းသွားတော့သည်။ ဤသို့ဖြင့် ကလေးသည် ဥမင်တစ်ဖက်ကို အောင်မြင်စွာရောက်သွားတော့သည်။

ရှောင်ယွီလေးသည် သူ့ဆံပင်ကောက်လေးကို ခါရမ်းလိုက်ပြီး ဝံ့ကြွားစွာ ပြုံးလိုက်ကာ ရေရွတ်လိုက်သည်။

"ဒါ..ဒါ...ဒါ...."

စနစ် - " ဒီတွားသွားဥမင်လေး ဝယ်လိုက်တာ ကောင်းတယ်။ဒါလေးက ကလေးအတွက် အာရုံငါးပါးကို လေ့ကျင့်ပေးနိုင်တဲ့အပြင် သူ့ခန္ဓာကိုယ်ထိန်းချုပ်မှုကိုလည်း တိုးတက်လာစေတယ်"

All Chapters