အခန်း (၅၂)
Vol. 5 Ch. 52
ဝမ်ယွီထုံသည် ရှောင်ယွီလေးနှင့်အတူ တွားသွားဥမင်ထဲ တစ်ခဏဆော့လိုက်သည်။ ရှောင်ယွီလေးသည် သဘောကျလွန်း၍ သူ့ဆံပင်လေးတွေ လှုပ်ခါနေအောင် ရယ်မောနေသည်။
ကလေး၏ ကျောဘက်ကို ချွေးစုပ်အဝတ်လေး ချက်ချင်း ထည့်ပေးလိုက်ပြီး တွယ်တက်ခြင်းနှင့် လျောစီးကစားခြင်းကို လုပ်နိုင်သည့်ကစားစရာကို ကလေးနှင့်အတူ ဆက်ကစားလိုက်သည်။
တွယ်တက်လျှောစီးလုပ်နိုင်သည့်ကစားစရာတွင် လှေကားထစ် အနိမ့်ကလေးများ၊ လျှောတစ်ခုနှင့်လှိမ့်တုံးများပါရှိကာ တစ်နှစ်အရွယ်ကလေးငယ်များအတွက်အထူးသင့်လျော်၏။
ကျိုးရှောင်ယွီလေးသည် သူ၏ သန်မာသောခြေလက်တွေနှင့် လှေကားထစ်တွေကို တွယ်တက်နေသည်။ဝမ်ယွီထုံက သူမဖုန်းကို ထုတ်ကာ ကလေးဘေးကနေ ဗီဒီယိုရိုက်ရင်း အားပေးနေ၏။
"ရှောင်ယွီလေးရေ ကြိုးစားတက်ဟေ့ ထိပ်ကိုရောက်တော့မယ်!!"
ကျိုးရှောင်ယွီလေးထိပ်ကိုရောက်လျင် သူ့အမေကို လှည့်ကြည့်ကာ ဂုဏ်ယူစွာ အော်လိုက်သည်။
"ဒါ ဒါ ဒါ ဒါ !!!"
"တော်လိုက်တာ!!! တို့ကလေးလေးက လျောစီးချတော့မယ်"
လျောစီးချရန် ဝမ်ယွီထုံသည် ကလေးကို လက်ဟန်အမူအရာပြလိုက်သည်။
ကျိုးရှောင်ယွီ ပြုံးဖြီးကာ တစ်ခစ်ခစ် ရယ်မောလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် လျောကနေ အမြန် စီးချလိုက်သည်။
ဝမ်ယွီထုံ ရုတ်တရက် ကြောင်သွားပြီး ဖုန်းကို အမြန်ချကာ ပေါက်စီလုံးလေးကို ဖမ်းရန် အပြေးသွားလိုက်သော်လည်း ကံမကောင်းစွာပင် သူမ ခြေတစ်လှမ်းနောက်ကျသွားသည်။
ရှောင်ယွီလေးက လျောကနေ လှိမ့်ဆင်းလာပြီး ကူရှင်ခံထားသည့်ကြမ်းခင်းပေါ်ကို ခေါင်းဖြင့်အရင်ကျလာသည်။
"ဝါးးးးး..."
ရှောင်ယွီလေး လန့်ဖြန့်သွားပြီး ထငိုလေတော့သည်။ကြမ်းခင်းကူရှင်ပေါ် လိပ်ကလေးကိုလဲနေပြီး ခြေလက်တွေ ဆန့်ကာဝေ့ရမ်းပြီး သူ့အမေလာချီစေရန် အော်ဟစ်ငိုနေ၏။
ဝမ်ယွီထုံလည်း ချက်ချင်း ကလေးကို ကောက်ချီကာ ချော့မော့လိုက်သည်။ ကျိုးရှောင်ယွီက မျက်ရည်တွေ နှင့် သူ့မျက်နှာကို သူ့အမေ ပုခုံးပေါ်မှီရင်း ကြေကွဲစွာ ငိုနေ၏။
ဝမ်ယွိထုံ ရယ်လည်းရယ်ချင် စိတ်လည်း ရှုပ်သွားမိသည်။ အဘယ့်ကြောင့်ဆိုသော် လျှောကလည်း နိမ့်နိမ့်လေးဖြစ်ပြီး ကြမ်းခင်းမှာလည်း ကူရှင်ခင်းထား၍ နူးညံ့နေကာ ကလေးပြုတ်ကျရင်ပင် ဒဏ်ရာရကာ နာတာမျိုး ဖြစ်မည်မဟုတ်ချေ။
ဒါပေမယ့် အခုဒီကောင်လေးကတော့ အတော့်ကို ဂျီတိုက်တတ်နေပြီဖြစ်သည်။ ကိစ္စသေးသေးလေးတွေ ကြုံရရင်ကို အော်ဟစ်ငိုယိုပြီး လူကြီးနားကပ်ချွဲတတ်၏။
မနေ့က ရှီးရှီးတစ်ယောက် သူမ၏ ဆောင်းတွင်းအပျော်ခရီးထွက်သွားသည်ဟု ရှီးရှီးအမေပြောပြသည်။ ထိုခရီးမှာ ရှီးရှီးသည် စကိတ်စီးရင်းချော်လဲကာ လက်မှာ ဖန်ပုလင်းကွဲရှသွားသည်။ သွေးတွေ တစ်တောက်တောက် ကျနေသော်လည်း ရှီးရှီးသည် လုံးဝမငိုပဲ အံကြိတ်ကာ တောင့်ခံနေခဲ့သည်။
ဝမ်ယွီထုံသည် နေ့ခင်းပိုင်းတွင် ဒဏ်ရာရနေသည့် ဖန်းရော့ရှီးထံ ရှောင်ယွီလေးနှင့်အတူ အလည်အပတ်သွားရန် စီစဉ်လိုက်သည်။
နေ့လည်ပိုင်း ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီတို့အိပ်ရာကြီးထဲ တစ်ရေးအိပ်လိုက်ကြသည်။ ခုတစ်လော ဝမ်ယွီထုံ သူမ၏ အလုပ်ကိစ္စများကြောင့် ညပိုင်းအလုပ်လုပ်ရ၍ နေ့ခင်းပိုင်း တစ်ရေးအိပ်ရန် လိုအပ်နေသည်။
ဝမ်ယွီထုံအိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ် သူမ၏ မျက်တောင်မွှေးတွေကို နူးညံ့သည့် လက်ကလေးက လာ ဆွဲနေသလို ခံစားရသည်။ နောက်လက်တစ်ဖက်ဖြင့် သူမ၏ နှာခေါင်းတွေကို ကိုင်ပြီး နှာခေါင်းပေါက်ထဲ လက်နှိုက်ချင်သလို ခံစားလိုက်ရသည်။
ဝမ်ယွီထုံ မျက်မှောင်ကြုံ့ရင်း မျက်လုံး ဖွင့်ကြည့်လိုက်သည်။
"အာာာ မာမားး မာမားးး...."
ကျိုးရှောင်ယွီ တစ်ယောက် သူ့ အမေ နိုးလာတာကို မြင်တော့ သွားဖြီးကာ ပြုံးပြလိုက်သည်။
"ရှောင်ယွီ...သူများရဲ့ နှာခေါင်းတွေ မျက်လုံးတွေကို လျှောက်မကိုင်ရဘူးလေ။ အဆင်မပြေဖြစ်တယ်"
ကျိုးရှောင်ယွီကတော့ သူ၏ စပျစ်သီးပုံ မျက်လုံး ကွေးနေအောင်ပြုံးကာ နားလည်သည့်ပုံဖြင့် ခေါင်းငြိမ့်ပြလေသည်။
"ဟေးးဟေးးးဟေးးး"
ဝမ်ယွီထုံ သူမ လက်ကို မြောက်ကာ ကလေး၏ ခေါင်းကို ဖွကိုင်လိုက်ပြီး စိတ်သက်သာရာရသွားသည်။ ခုဆို ကလေးက စကားလုံးတွေ တော်တော်များများကို နားလည်နေပြီပဲ။
ထိုသို့တွေးလိုက်သည့် တစ်ခဏ အတွင်းမှာပဲ ကျိုးရှောင်ယွီလေးသည် သူ့လက်ကို ဆန့်ကာ လက်သည်းတွေဖြင့် သူမ မျက်လုံးကို ကုတ်လိုက်သည်။ သူမ အလစ်မှာ တိုက်ခိုက်ခံလိုက်ရ၍ ဝမ်ယွီထုံ၏ မျက်လုံး အကုတ်ခံလိုက်ရကာ နာကျင်သွားပြီး အားးကနဲ အော်လိုက်မိသည်။
ဝမ်ယွီထုံ - "..."
ဒီကလေးမှာ ဘယ်လို ဝါသနာမျိုး ရှိတာလဲဟ??
စနစ်က သူမကို နှစ်သိမ့်ပေးရှာသည်။ "ကလေးကို လွတ်ထားလိုက်ပါ။ တို့ရှောင်ယွီလေးက ခုဆို သူ့ရဲ့ ခန္ဓာကိုယ်အသေးစိတ် လှုပ်ရှားမှုတွေ တိုးတက်လာနေပြီ။ ဒါကြောင့် သူက သူများရဲ့ မျက်လုံးတွေ နှာခေါင်းတွေကို ကုတ်မိနိုင်တယ်။ ဆိုလိုတာက သူ့ရဲ့ မျက်လုံး နဲ့ လက် ချိန်ကိုက် လှုပ်ရှားမှု တွေက ပိုပြီး ပိုပြီး တိုးတက်လာပြီလို့ ပြောနိုင်တယ်"
ဝမ်ယွီထုံ - ဆွံ့အ!
"ဟမ့် နောက် တစ်ခါဆို နင့်Host ကိုပါ ပုံစံ အသစ်ပြောင်းခိုင်းလိုက်။ ဒါမှ တစ်ခါတည်း လှုပ်ရှားမှု တွေ တိုးတက်သွားအောင်လေ။"
စနစ် ပါးစပ်ပိတ်သွားသည်။
တစ်ရေးနိုးရာက ထလာပြီးနောက် ကလေးကို နို့ ၁၈၀မီလီ တိုက်သည်။ ထို့နောက် ကျိုးရှောင်ယွီလေးကို ဖန်းရော့ရှီးဆီ အလည်ခေါ်သွားလိုက်သည်။
ဖန်းရော့ရှီးအိမ်ကို ပထမဆုံး အလည်သွားခြင်းဖြစ်၍ ဝမ်ယွီထုံသည် ကလေးမလေးအတွက် သုံးလေးနှစ်အရွယ် ကလေးတွေ ကြိုက်တတ်သည့် ကစားစရာတွေ မုန့်တွေ အများကြီးကို လက်ဆောင်ယူသွားလိုက်သည်။
ရှီးရှီး အမေက အိမ်က ထွက်လာကာ ကြိုဆိုသည်။
"ဘာလို့ အာ့လောက် လက်ဆောင်တွေ အများကြီး ယူလာရတာလဲ?"
"ကလေး ပစ္စည်းတစ်ချို့ပါ။ ရှီးရှီးလည်းကြိုက်မှာပါ"
ဝမ်ယွီထုံ ပြုံးလိုက်သည်။ အနာဂတ်မှာ ခမည်းခမက်တွေ ဖြစ်လာကြမှာ ဆိုတော့ သေချာလေး ဆက်ဆံ ထားရမယ်လေ။
ဘယ်လက်မှာ ပတ်တီးစည်းထားသည့်ဖန်းရော့ရှီးကတော့ ဧည့်ခန်းထဲ ထိုင်ရင်း ပဟေဠိဆက်နည်းကစားနေ၏။ မနေ့က ဒဏ်ရာရပြီးကတည်းက သူမ မိဘတွေက သူမကို အပြင် ပင် မထွက်ခိုင်းတော့ချေ။ ဖန်းရော့ရှီးကတော့ တစ်နေ့လေးတောင် အပြင် မထွက်ပဲ မနေနိုင်၍ ထောင့်မှာ ထိုင်ပြီး စိတ်ကောင်နေလေသည်။
သူမ၏ သူငယ်ချင်း တစ်ယောက်ယောက် ဧည့်တွေ့ လာမည်ကိုလည်း မမျှော်လင့်ထား၍ သူမ၏ မျက်လုံးလေးတွေက ချက်ချင်း အရောင်တောက်သွားသည်။
ဒီ ကောင်စုတ်ကလေးက သူမ နှင့် အကြိုက်တူတာ ဘာမှ မရှိပေမယ့် ဘယ်သူငယ်ချင်းမှ မလာတာ ထက်စာရင် တော်ပါသေးသည်။
"ဟယ်လို အန်တီ! ဟယ်လို မောင်လေး ရှောင်ယွီ!"
ဝမ်ယွီထုံ ချက်ချင်း ရှီးရှီး အနားသွားကာ မေးလိုက်သည်။ "ရှီးရှီး သမီးလက် ဘယ်လိုနေသေးလဲ?"
ကျိုးရှောင်ယွီကလည်း စူးစမ်းချင်စိတ်ဖြင့် မျက်လုံးလေးပြူးကာ ရှီးရှီးလက်ကို ကြည့်နေ၏။
"သမီးလက်က ပျောက်သွားပြီ!" ဖန်းရော့ရှီးက အပေါ်အောက် ခုန်ပေါက်ကာ သူမ လက်ကို ပြရင်း ပြောလိုက်သည်။
"သမီးက အလင်းနိုင်ငံက အယ်လ်ထရာမင်း ရှီးရှီးလေ။သမီးမှာ အလင်းစွမ်းအင်တွေ ရှိတယ်။သမီးလက်ကို ချက်ချင်း ကုလိုက်နိုင်တယ်"
လူကြီးအားလုံးက ရယ်ပြုံးလိုက်ကြသည်။ ကျိုးရှောင်ယွီတစ်ယောက်တည်းကသာ ဖန်းရော့ရှီးပြောတာကို အတည်ကြီး နားထောင်နေသည်။
သူလဲ အဲ့ဒီ အလင်းစွမ်းအင် ဆိုတာမျိုး လိုချင်တယ်!!
ကျိုးရှောင်ယွီက အောက်မှာ ကစားချင်၍ အော်ဟစ်နေသောကြောင့် ဝမ်ယွီထုံ ရှောင်ယွီလေးကို တွားသွားနိုင်ရန် ကြမ်းခင်းပေါ်ချပေးလိုက်သည်။
ရှောင်ယွီလေးက စိတ်လှုပ်ရှား တက်ကြွစွာ ရှီးရှီးလေးဆီ လေးဖက်ကုန်းသွားလိုက်သည်။ ဖန်းရော့ရှီးကလည်း ဒီနေ့ သူ့ကို အလွန်သဘောကျနေကာ လက်ဝေ့ရမ်း နှုတ် ဆက်လိုက်သည်။
"ရှောင်ယွီ လာ ငါတို့ အတူ ဆော့ရအောင်"
ကလေးနှစ်ယောက်က အလွန်တည့်ကာ ကစားနေကြတာမြင်တော့ ဝမ်ယွီထုံနှင့် ရှီးရှီး အမေတို့နှစ်ယောက်လည်း ဧည့်ခန်းမှာ ထိုင်ရင်း လက်ဖက်ရည်သောက်ကာ စကားပြောနေလိုက်ကြသည်။
သူတို့ နှစ်ယောက် အတူထိုင်ကာ အလုပ်အကြောင်းစပြောလိုက်သည်။ ဝမ်ယွီထုံသည် သူမ ရှာဖွေထားသည့် ကုန်ထုတ်စက်ရုံ အချို့၏ သတင်းအချက်အလက်များကို ရှီးရှီးအမေဆီ ပို့ပေးပြီးဖြစ်သည်။ ရှီးရှီးအမေကလည်း ကွန်ပျူတာကို ဖွင့်ကာ သူတို့နှစ်ယောက် ကလေးကစားစရာပစ္စည်းတွေကို စိတ်ပါလက်ပါကြည့်လိုက်ရင်း ပစ္စည်း အရည်အသွေးကောင်း ဈေးသက်သာသည့် ကစားစရာများကို ရွေးလိုက်ကြသည်။
ရှီးရှီးအမေ - " စက်ရုံဘက်က ထုတ်လုပ်သူတွေ ပြောထားတဲ့ အချက်အလက်တွေ တော့ ဖတ်ကြည့်ရသလောက်ဆိုရင် ဝယ်ပြီး နောက်ပိုင်း ကစားစရာ ပစ္စည်းတွေ ထိန်းသိမ်းမှုကလည်း အရေးကြီးတယ်နော်"
ဝမ်ယွီထုံ - " သူတို့ပြထားတဲ့ အချက်အလက်တွေကို ကျွန်မ ကြည့်ပြီးသွားပြီ။ ပရိုဂျက်တာ နဲ့ မော်တာ အတွက်က တစ်နှစ်အာမခံချက်ရှိပြီး ရဲတိုက် ကစားစရာအတွက်က ၂နှစ်အာမခံချက်ရှိတယ်။"
လူကြီး နှစ်ယောက် အလုပ်ကိစ္စဆွေးနွေးနေကြတုန်း ဖန်းရော့ရှီးက အယ်ထရာမင်း စူပါမင်း အရုပ်တွေ အရုပ်အဝတ်အစားတွေ ပြည့်နေသည့် သူမ၏ ကမ္ဘာငယ်လေးကိုရှောင်ယွီလေးကို ခေါ်ပြလေသည်။
ကျိုးရှောင်ယွီကတော့ တအံ့တဩဖြစ်နေကာ အယ်ထရာမင်း၏ ဝတ်စုံကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။
"နင်လည်း ဝတ်ချင်လို့လား?"
ကျိုးရှောင်ယွီက သူ့လက်ကလေးကို ဝေ့ရမ်းပြီး လက်သီးဆုပ်ကလေးဖြင့် ကြမ်းခင်းကို ထုရိုက်နေ၏။
"ဂူးးဂူးးဂူးးဂူးး!"
ဖန်းရော့ရှီးက ရှောင်ယွီလေး ပြောသည်ကို ချက်ချင်း နားလည်လိုက်ပြီး ခါးထောက်ကာ မေးလိုက်သည်။
"နင်လည်း အလင်းစွမ်းအင်ကို လိုချင်လို့လား?"
ကျိုးရှောင်ယွီက ဖော်လံဖား လုပ်ချင်သည့်ပုံဖြင့် ရယ်ပြလိုက်သည်။
ဖန်းရော့ရှီးက သဘောကောင်းစွာပင် အယ်ထရာမင်း ဝတ်စုံတစ်ခုကို ရှောင်ယွီအား ဝတ်ပေးလိုက်ပြီး သူကိုယ်တိုင်ကလည်း သိုင်းဝတ်စုံ တစ်ခုကို ပြောင်းဝတ်လိုက်သည်။
"မောင်လေး ရှောင်ယွီ ဘောက်စင်လက်သီး ထိုးတာကို စသင်ရအောင်။ ကိုယ်ခံ ပညာသာ တတ်ထားရင် အလင်းစွမ်းအင်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်"
ဖန်းရော့ရှီးက လက်သီးကလေး ဆုပ်ကာ ချိတ်ဆွဲ ထားသည့် သူမ၏ ပန်းရောင် သဲအိတ်ကို ထိုးလိုက်သည်။
ထိုးခံ လိုက်ရသည့် သဲအိတ်က ဘန်းကနဲ အသံမြည်သွားသည်။ "ဘန်းးး"
ဖန်းရော့ရှီးက ဂုဏ်ယူစွာ မျက်နှာ လေးမော့ချီလိုက်သည်။
"ကဲ ရှောင်ယွီအခု မင်း အလှည့်ပဲ!လာ ဘယ်လို ထိုးရမလဲ ဆိုတာ သင်ပေးမယ်"
ကျိုးရှောင်ယွီက သူ့မျက်လုံး ဝိုင်းဝိုင်းလေးကို ပြူးကျယ်လိုင်ပြီူ ဖင်လေး ဘယ်ညာယိမ်းကာ တွားသွားလိုက်သည်။
ဖန်းရော့ရှီးက လက်ဝေ့ထိုးနည်းတစ်မျိုးကို သရုပ်ပြလိုက်သည်။
"ငါတို့က အလင်းစွမ်းအင်ပိုင်ဆိုင်တဲ့ အယ်ထရာမင်းတွေပဲ။ ငါက အယ်ထရာမင်း ရှီးရှီး နင်က အယ်ထရာမင်း ရှောင်ယွီ။ အခု ငါတို့ လူဆိုးတွေကို တိုက်ထုတ်ကြမယ်!!"
ဖန်းရော့ရှီးက ခေါင်းငုံ့ကာ ရှောင်ယွီလေးကို ပြောလိုက်သည်။ "နင် နားလည်ပြီလား?"
ကျိုးရှောင်ယွီ မျက်မှောင်ကို တင်းတင်းကြုံ့လိုက်သည်။ ကျိုးရှောင်ယွီလေး၏ ယခု အသက်အရွယ်သည် အမူအရာများ အတုခိုးရသည်ကို အလွန်ကြိုက်သည့် အသက်အရွယ်ဖြစ်သည်။ ထို့ကြောင့် ယခုလေးတင် ဖန်းရော့ရှီး သင်ပေးလိုက်သည့် တိုက်ကွက်ကို အတုခိုးကာ သူ့လက်သီးလေးဖြင့် ဖန်းရော့ရှီး၏ နှာခေါင်းကို မတော်တဆ ထိုးမိလိုက်တော့သည်။
"ခွက်!"
ကျိုးရှောင်ယွီ သူ၏ အားကုန်ဖြင့် ဖန်းရော့ရှီး၏ မျက်နှာ လှလှ လေးကို ထိုးလိုက်သည်။ ဖန်းရော့ရှီး ကြမ်းခင်းပေါ်လဲကျပြီး အော် ငိုလေတော့သည်။ အော်ငိုရင်း ဒေါသထွက်လာပြီး ကျိုးရှောင်ယွီ၏ လက်ကို အားဖြင့်ရိုက်လိုက်သည်။ ကျိုးရှောင်ယွီ၏ လက်ဖောင်းဖောင်းလေးကလည်း နီရဲသွားတော့သည်။
"ဝါးးးးးး.."
"အားးးး..."
ခုလေးတင် ချစ်ခင်နေကြသည့် နှစ်ယောက်က ဆယ်မိနစ်ပင်မကြာပဲ အခြေအနေတွေ ပြောင်းလဲကာ ထိန်းမနိုင်သိမ်းမရဖြစ်ကာ အော်ငိုကြကုန်သည်ကို ကြားလိုက်ရသည်။
ဝမ်ယွီထုံနှင့် ရှီးရှီး အမေတို့အပြေးလာကာ ကိုယ့်ကလေးကိုယ် ကောက် ချီလိုက်ကြသည်။
ငိုထား၍ မျက်လုံးတွေ နီရဲနေသည့် ဖန်းရော့ရှီးက တိုင်ပြောလေတော့သည်။ "အကုန်သူ့ကြောင့်!! သူက သမီးကို ရိုက်တယ် သမီး သူ့ကို မုန်းတယ်။ မောင်လေးနဲ့ ဘယ်တော့မှ မကစားတော့ဘူး!!"
ကျိုးရှောင်ယွီကလည်း ဝူးဝူးဝါးဝါးတွေ အော်နေလေသည်။ သူလည်း ဖန်းရော့ရှီးကို မုန်းတယ်။ 'မမ က သူ့ကို ရိုက်တယ်။ ဒီမမ နဲ့ ဘယ်တော့မှ မကစားတော့ဘူး!'
ကလေးနှစ်ယောက်က ရန်သူတွေလို အချင်းချင်းကြည့်နေကြသည်။ ဝမ်ယွီထုံ နှင့် ရှီးရှီးအမေတို့နှစ်ယောက်ကတော့ ကူကယ်ရာမဲ့ဖြစ်နေကြတော့သည်။
ရှီးရှီးအမေ - "ဒါဆိုလည်း ကျွန်မတို့တွေ ကျန်တဲ့ အလုပ်ကိစ္စတွေကို WeChat ကနေပဲ ပြောကြတာပေါ့။အားလုံး ညနေပိုင်းအားကြတယ် ဆိုတော့ ကျွန်မတို့သုံးယောက် အွန်လိုင်းမီတင် လုပ်လိုက်ကြရအောင်"
ဝမ်ယွီထုံကလည်း ငိုနေသည့် ကောင်လေးကို ဖက်ထားကာ ဟုတ်ပြီ ဟု ပြန်ဖြေလိုက်သည်။
ကျိုးရှောင်ယွီနှင့် ဖန်းရော့ရှီးတို့ ရန်ပွဲဖြင့် ခွဲခွာလိုက်ကြရပြီး အိမ်ပြန်ရောက်တော့ ညနေ ငါးနာရီခွဲ ပင်ရှိပြီဖြစ်သည်။ ကောင်လေး၏ ပန်းရောင် နှုတ်ခမ်းလေးကတော့ ဆူထော်နေဆဲဖြစ်ပြီး အလွန်စိတ်ဆိုးနေပုံရသည်။
အိမ်တော်ထိန်းစန်က ဖြူလုံးလုံးကောင်လေးကို ထွေးပွေ့ကာ ပြောလိုက်သည်။ "ဟေးး ဘာလို့ တို့ရဲ့ ကမ္ဘာ့ ချစ်စရာ အကောင်းဆုံးကလေးလေးက ဆူပုတ်နေရတာလဲ"
ကျိုးရှောင်ယွီက ညဉ်းငြူကာ သူ့ခြေထောက်တွေကို ကန်ကျောက်လေသည်။ 'သူဖန်းရော့ရှီးကို မုန်းတယ်။ အာ့မမ အကြောင်း တွေးလိုက်ရုံနဲ့ကို မုန်းတယ်။'
ဖန်းရော့ရှီးက လူတွေကို ရိုက်တတ်ရုံ တင်မကဘူး လိမ်ပါလိမ်တတ်သေးတယ်။
ကျိုးရှောင်ယွီ နှုတ်ခမ်းလေး ဆူကာ သူ၏ လက်ကို ကြည့်လိုက်သည်။
'သူ ခုထိ အလင်းစွမ်းအင်တွေ မပိုင်ဆိုင်သေးဘူးပဲ'
အိမ်တော်ထိန်းစန်က ဝမ်ယွီထုံကို အဓိပ္ပာယ်ပါသည့်အပြုံး ပြုံးပြကာ မျက်လုံးလေး မှိတ်ပြရင်း ပြောလိုက်သည်။
"မဒမ် ဒုတိယသခင်လေးက နောက်ဆုံးတော့ အလုပ်ခရီးကနေ ပြန်လာပြီ။ ခုလေးတင် အိမ်ပြန်ရောက်တာ ဆိုတော့ အခု သူ့အခန်းထဲ မှာ ရေချိုးနေလောက် တယ်"
ဝမ်ယွီထုံ အနည်းငယ်အံ့ဩသွားသည်။ 'အစက ကျိုးကျီယွီပြောတော့ မနက်ဖြန်မှ ပြန်လာမှာ ဆို?'
သူမ သူ့ကို အလုပ်ကိစ္စ မေးစရာ လေးတွေ ပေါ်လာ၍ လပ်တော့ပ်ကို ယူကာ ကျိုးကျီယွဲ့ အခန်းရှိရာ လေးလွှာကို တက်လိုက်သည်။
ဝမ်ယွီထုံ တံခါးကို ခေါက်လိုက်သော်လည်း ပြန်ထူးသံ မကြားရပေ။ ထို့ကြောင့် တံခါးကို တွန်းဖွင့်ကာ ဝင်လာလိုက်သည်။
ရေချိုးခန်းဘက်ကနေ ရေကျသံတွေ ကြားနေရပြီး ရေချိုးဆပ်ပြာရနံ့ သင်းသင်းလေးက ရေချိုးခန်းတံခါးကြားကနေ ထွက်နေသည်။
ဝမ်ယွီထုံလည်း သူမ လပ်တော့ကို ချထားကာ ထိုင်ခုံမှာ ခဏ ထိုင်စောင့်နေလိုက်သည်။
သူတို့ နှစ်ယောက်တည်း မတွေ့ဖြစ်တာ ပြီးခဲ့တဲ့ ဒိတ်ကတည်းကပဲ။ သူမ ဝတ်ထားသည့် ဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ကျိုးကျီယွဲ့၏ အဝတ်အစားခန်းထဲ ဝင်လိုက်ကာ မှန်ရှေ့မှာ သူမ ဆံပင်ကို သေချာ ပြန်ပြင်လိုက်သည်။
ကျိုးကျီယွဲ့၏ အဝတ်အစားခန်းက အလွန်ကျယ်လှကာ ဝမ်ယွီထုံပင် တအံ့တဩ ငေးမောရသည်။
အခန်းက အရမ်းကို သန့်ရှင်း သပ်ရပ်နေသည်။ အနောက်တိုင်းဝတ်စုံများ၊ ရှပ်အင်္ကျီ၊ ဘောင်းဘီ၊လည်စည်း၊ လက်ကိုင်ပဝါ၊ နာရီ ၊လက်ကြယ်သီး၊ ကော်လာကလစ်၊ လည်စည်းကလစ်၊ ခါးပတ် စသည့်ပစ္စည်းမျိုးစုံက သူ့အကန့်နှင့်သူ စနစ်တကျရှိနေပုံမှာ သပ်သပ်ရပ်ရပ် မနေရလျင် မနေနိုင်သည့် စိတ်ရောဂါရှိနေသူ ကဲ့သို့ပင်။
ရုတ်တရက် ဝမ်ယွီထုံ စနောက်ချင်စိတ် ပေါ်လာသည်။ဒီနေ့ သူမ ပိုးသား ရှပ်အင်္ကျီကို ဝတ်ထားသည်။ ကျိုးကျီယွဲ့၏ အပြာရောင်နှင့် ရွှေရောင်ရောနေသည့် လည်စည်းနက်ခတိုင်ကိုယူလိုက်ကာ သူမ၏ ကော်လံမှာ ချည်လိုက်သည်။ မှန်ထဲမှာ သူမကိုယ် သူမကြည့်ရင်း ပြုံးလိုက်သည်။
အဝတ်အစားခန်းနားကို လျှောက်လာသည့် ခြေသံတွေကြားလိုက်ရပြီး နောက် တံခါးက တွန်းပွင့်လာသည်။
ကျိုးကျီယွဲ့က အနက်ရောင် ရေချိုးခန်း ဝတ်စုံကို ဝတ်ထားဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကလည်း ရေနွေးငွေ့တွေ ထွက်နေကာ သူ၏ ဖြူဖွေးသည့်အသားအရည်ပင် ရေပူကြောင့် အနည်းငယ် နီနေ၏။
ဝမ်ယွီထုံ တောက်ပသည့်မျက်လုံး အကြည့်များဖြင့် ရုတ်တရက် ပြေးသွားကာ ကျိုးကျီယွဲ့အပေါ် ခုန်တက်လိုက်ပြီး သူမ လက်မောင်းများဖြင့် အမျိုးသားကို သိုင်းဖက်လိုက်သည်။
"ရှင် ပြန်လာပြီပဲ"
သေချာ တွေးကြည့်လိုက်မှ သူတို့နှစ်ယောက် မတွေ့ရတာ ဆယ်ရက်တောင် ရှိပြီပဲ။
ကျိုးကျီယွဲ့၏ မျက်ဝန်းတွေထဲ အံ့အားသင့်သည့်အရိပ်အယောင် ဖြတ်ပြေးသွားသည်။ အခွင့်အရေးကို အမိအရယူကာ ဝမ်ယွီထုံ၏ နူးညံ့သည့်ကိုယ်လုံးလေးကို ဖက်လိုက်ကာ သူ့ နှုတ်ခမ်းတွေက ပြုံးလာသည်။
"အင်း ဟုတ်တယ်"
"ကျွန်မကို သတိမရဘူးလား?"
ဝမ်ယွီထုံ၏ ကိုယ်လုံးက ကျိုးကျီယွဲ့ ကိုယ်ပေါ်မှာ ချိတ်ဆွဲနေသည်။ သူမ၏ ခေါင်းလေးကို စောင်းကာ ရည်ရွယ်ချက်ရှိရှိဖြင့် ကျိုးကျီယွဲ့နားထဲ တီးတိုးမေးလိုက်သည်။
ကျိုးကျီယွဲ့ ခေါင်းစောင်းလာကာ မျက်လုံးအကြည့်တွေက မြူခိုးတွေ ဝေလာသည်။ "ကိုယ် မင်းကို အရမ်းသတိရတယ်"
ဝမ်ယွီထံ တစ်ခုခုပြောရန် ပြင်နေတုန်း သူမကိုယ်လုံးလေးကို မှန်ရှေ့ အတွန်းကပ်ခံလိုက်ရသည်။ သူမ နောက်ကျောမှာ အေးစက်နေသည့် မှန်မျက်နှာပြင်နှင့် ရှေ့မှာတော့ ပူနွေးနေသည့် အမျိုးသား၏ ကိုယ်လုံးး။ သူမ ကတော့ နှစ်ခုကြားညှပ်နေကာ လွတ်လမ်းကို မမြင်ရပေ။
ကျိုးကျီယွဲ့ သူ၏ကြမ်းတမ်းသည့် လက်ချောင်းထိပ်ဖြင့် သူမ၏ မေးကို ပင့်တင်လိုက်ကာ ဆွဲဆောင်မှု အပြည့်ဖြင့်ပြောလိုက်သည်။
"မင်း ကိုယ့်ကိုရော သတိရလား?"
ဝမ်ယွီထုံ မျက်လုံးကို လှိမ့်ကာ စနောက်လို၍ လိမ်ညာလိုက်သည်။
"မရပါဘူး။ ရှင့်ကို လုံးဝ သတိမရပါဘူးနော်"
ကျိုးကျီယွဲ့ တိုးညှင်းစွာ ရယ်လိုက်သည်။ ထို့နောက် သူမ ၏ ကော်လံမှာ ဝတ်ထားသည့် သူ၏ လည်စည်းကို ကြည့်လိုက်သည်။
"ဒီလည်စည်း စည်းထားတာ မှားနေတယ်"
ဝမ်ယွီထုံ ကြောင်သွားသည်။
"မမှားပါဘူး"
နောက် စက္ကန့်ပိုင်းအတွင်း ကျိုးကျီယွဲ့သည် လည်စည်းကို ဆွဲဖြုတ်လိုက်ကာ ဝမ်ယွီထုံ ကြောင်နေစဉ် အတွင်း သူမ မျက်လုံးကို စည်းလိုက်သည်။
"ဒီမှာ စည်းရမှာ"
ကျိုးကျီယွဲ့၏အသံက ကွဲအက်ကာ ဆွဲဆောင်မှု ရှိနေသည်။ သူသည် သူမ၏ ပန်းဆီရောင် ပါးပြင်နှင့် နားပန်သီးကို သူ့လက်ချောင်းများဖြင့် ထိလိုက်ပြီး သူ၏ နှုတ်ခမ်းဖူးလေးပေါ်လည်း သူ၏ လက်ဗွေရာ တင်လိုက်သည်။
ဝမ်ယွီထုံ တစ်ယောက် သူမ ရှေ့မှ ဘယ်အရာကို မျှ မမြင်ရသော်လည်း တစ်ခြား အာရုံခံစားမှုတွေကိုတော့ ထင်ထင်ရှားရှား သိနေသည်။
သူမသည် ညအမှောင်ထဲမှာ သားရဲတစ်ကောင်၏ ချောင်းမြောင်းခြင်းကို ခံနေရကာ ဘယ်အချိန်အစားခံရမလဲ မသိသည့် ခံစားချက်မျိုးရနေသည်။
ဝမ်ယွီထုံ၏ အသက်ရှုသံတွေ မြန်နေကာ သူမမျက်လုံးကို စည်းကာ ထားသည့် လည်စည်းကို ဆွဲဖြုတ်ပစ်ချင်မိသည်။ သို့သော် အမျိုးသားက သူမ၏ လက်တွေကို သူမနား နားမှာ ချုပ်ကိုင်ထား၏။
သူမ၏ အသက်ရှုသံကို ပင် သူမ ပြန်ကြားနေရပြီး စိတ်လှုပ်ရှားမှုကြောင့် နဖူးပေါ်မှာပင် ချွေးတွေ စို့လာသည်။
သို့သော် အမျိုးသားကတော့ သက်သောင့်သက်သာ အခြေအနေ ဖြစ်နေသည်။ သူက အရင်ဆုံး ပူနွေးနေသည့် သူမမျက်နှာကို သူ၏ နှာခေါင်းထိပ်ဖြင့် ပွတ်သပ်လိုက်ပြီး သူ၏ ဝင်သက်ထွက်သက်တွေဖြင့် သူမတစ်ကိုယ်လုံးကို အားပျော့သွားအောင် လုပ်နေသည်။
နောက်ဆုံးခေါင်းကို ငုံ့လိုက်ပြီး သူမ၏ နှုတ်ခမ်းဖူးလေးကို ငုံလိုက်သည်။ နောက်စက္ကန့်ပိုင်းအတွင်း ပြင်းပြသည့်အနမ်းတွေက ထိန်းမရဖြစ်လာပြီး သူမကို ရစ်ပတ်ကာ ကျူးကျော်ချင်လာသည်။
ဝမ်ယွီထုံသည် သူမခါးကို တင်းကြပ်စွာ ဖက်ထားခံရပြီး မှန်ဘက် တွန်းထားခံနေရသည်။ သူမခြေထောက်တွေကတော့ လေပေါ်ဝဲနေပြီး အမျိုးသား၏ ပုခုံးတွေပေါ် အားနည်းစွာ ဖက်တွယ်ထား၏။