← Chapters

အခန်း (၅၃)

Vol. 5 Ch. 53

အခန်း (၅၃)

Vol. 5 Ch. 53

သူတို့နှစ်ယောက် ဘာအလုပ်ကိစ္စမှ မဆွေးနွေးဖြစ်ကြပေ။ ဝမ်ယွီထုံ အောက်ထပ်ကို ထမင်းစားဖို့ ဆင်းလာတော့ သူမ၏ နှုတ်ခမ်းတွေက နီကာ ဖူးယောင်နေပြီး အောက်နှုတ်ခမ်းမှာ ကိုက်ရာပင် ကျန်နေခဲ့သည်။

ကျိုးရှောင်ယွီကတော့ သူ့အမေရဲ့ နှုတ်ခမ်းကို မျက်မှောင်ကြုံကာ ကြည့်နေသည်။ သူ့လက်ကလေးကို ဆန့်ကာ သူ့အမေ၏နှုတ်ခမ်းပေါ်က ဒဏ်ရာကို ထိရန်ကြိုးစားနေ၏။

'မေမေ ထိခိုက်မိတုန်းက အတော်လေး နာမယ် ထင်တယ်? မေမေကို သူအမြဲတမ်းဂရုစိုက်သင့်တယ်။' မေမေ့အနာသက်သာစေမယ့် အနာကပ်ပလာစတာလေးတောင် သူဖြစ်ချင်သွားမိသည်။

ဝမ်ယွီထုံကတော့ ကျိုးကျီယွဲ့ကို ကြောက်စရာအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအမျိုးသားကတော့ တည်ငြိမ်သည့်ဟန်ပန်ဖြင့် ကျက်သရေရှိစွာ စားသောက်နေ၏။ အဝတ်အစားလဲခန်းတုန်းက သူ့အရေပြားအောင်ကနေ ထွက်ပေါ်လာသည့် သားရဲရိုင်းကြီးနှင့် လုံးဝမတူကွဲပြားနေသည်။

ကြည်နူးဖွယ် အမှောင်ပုံရိပ်များ သူမစိတ်ထဲ မတွေးမိပဲ ပြန်ပေါ်လာသည်။ သူမမျက်လုံးကိုစည်းထားသည့် လည်စည်းနက်ခတိုင် ပြန်ဖြုတ်လိုက်တော့ ရေချိုးခန်းဝတ်စုံကို လည်ပင်းဖော်ထားသည့် အမျိုးသား၏ ဆွဲဆောင်မှု ရှိသည့် လည်ဇလုတ်ကို မြင်လိုက်ရသည်။ ချွေးစက်တွေက သူ၏ ထင်ရှားသည့် မေးရိုးမှ စီးကျလာကာ သူမ၏ ရင်ဘတ်ပေါ် တိုက်ရိုက်ကျသွားသည်။

အခန်းတွင်း တပ်ဆင်ထားသည့် ဆက်သွယ်မှုစနစ် အင်တာကောမ်မှ ညနေစာ စားလို့ရပြီဖြစ်ကြောင်း အသိပေးလာလို့ သူတို့နှစ်ဦး ရပ်သွားရသည်။ မဟုတ်လျင် နောက်ထပ် ဘာတွေ ဆက်ဖြစ်မလဲ မသိနိုင်ပါ။

ဝမ်ယွီထုံ စိတ်ရှုပ်စွာ သက်ပြင်းချလိုက်မိသည်။ 'နောက်တစ်ခေါက်ကျရင် သူမ သူ့ကို ပြင်းပြင်းလေးကိုက်လိုက်သင့်တယ်။'

  …... ........ ........ .......

ညပိုင်း ဝမ်ယွီထုံ ရှောင်ယွီလေးကို စာအုပ်ဖတ်ပြပြီးချိန်တွင် ကလေးက အိပ်ရာပေါ်မှာ ဟိုဒီလူးလိမ့်ကစားနေ၏။ သူ့ခြေထောက်လေးကို ခေါင်းနားထိ ဆွဲယူကာ သူ့ခြေချောင်းတွေကို အားရပါးရ ဝါးနေ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ယွီထုံသည် မျက်မှောင်ကြုံ့မိလိုက်သော်လည်း လျစ်လျူရှုထားလိုက်သည်။

ကျိုးရှောင်ယွီကတော့ သူ့ခြေချောင်းတွေကိုအလွန်အရသာရှိသည့်အရာကို စားနေသည့်နယ် အားရပါးရ စုပ်နေ၏။ သူ့ခြေချောင်းတွေကို စွဲလမ်းစွာ စုပ်ရင်း အိပ်ပျော်သွားတော့သည်။

ဝမ်ယွီထုံကတော့ ရေစိုအဝတ်ဖြင့် ကလေး၏ ခြေချောင်းတွေတွင် ကပ်နေသည့် သူ့သွားရာ်များကို ရွံရှာသာ့်ဟန်ဖြင့် သုတ်ပေးလိုက်ကာ ကလေးကို သူ့အိပ်ရာပေါ် သွားသိပ်လိုက်သည်။

ထိုစဉ် WeChat မှ အသံမြည်လာသည်။

[အလကားရလိုက်တဲ့ ယောက်ျား - နေ့ခင်းတုန်းက မင်းကိုယ့်ကို အလုပ်ကိစ္စရှိလို့ လာရှာတာမလား? အခု ကိုယ်အားပြီ]

ဝမ်ယွီထုံ သူမနှုတ်ခမ်းမှ ဒဏ်ရာကို ထိလိုက်ကာ ဟွန့်ကနဲ အေးစက်စက် အသံပြုလိုက်သည်။ 'သူမရဲ့ အလကားရလိုက်တဲ့ ယောကျာ်းက သူမကို သူ့အခန်းဆီခေါ်ပြီး ဘာတွေ လုပ်ချင်နေလဲ ဆိုတာ မသိဘူးများ ထင်နေလား? လုံးဝ အရူး လုပ်ခံမှာ မဟုတ်ဘူးနော်။'

သူတို့နှစ်ယောက် အတူဆုံပြီး အလုပ်ကိစ္စအကြောင်းပြောဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။ သူမ၏ အလုပ် နှောင့်နှေးတာပဲ အဖက်တင်လိမ့်မည်။ ထို့ကြောင့် အလုပ်မှာ ပြသနာ ပေါ်လာလျင်လည်း သူမ ကိုယ်တိုင်ပဲ ဖြေရှင်းတာ အကောင်းဆုံးဖြစ်လိမ့်မည်။

ကျိုးကျီယွဲ့၏ စာကို ဝမ်ယွီထုံ စိတ်ဆိုးတကြီးဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်မ မအားဘူး နောက် တစ်ခေါက်မှ ပြောကြမယ်"

ထို့နောက် သူမ ရှီးရှီးအမေ လျန်ဇီ အမေတို့နှင့်အတူ ဗီဒီယိုကော ခေါ်ကာ အစည်းအဝေး လုပ်လိုက်သည်။

သူတို့သုံးဦးသည် ဈေးနှုန်းလည်း သင့်တင့်ပြီး အတွေ့အကြုံများသည့် ထုတ်လုပ်သူများကို ရွေးချယ်လိုက်ကာ ပစ္စည်းမမှာခင် သူတို့စက်ရုံတွေကို အလည်သွားကြည့်ရန် စီစဉ်လိုက်သည်။

သို့သော် ယခုချိန်သည် နှစ်ကုန်ခါနီးဖြစ်၍ ထုတ်လုပ်သည့် စက်ရုံအများစုကလည်း နှစ်သစ်ကူးပိတ်ကုန်ကြပြီ ဖြစ်သည်။ ထို့ကြောင့် သွားလည်မည့်အစီအစဉ်ကို နှစ်သစ်ကူးပိတ်ရက်နောက်ပိုင်းကို ရွေ့လိုက်ရသည်။

လျန်ဇီတို့မိသားစုလည်း မနက်ဖြန်သူတို့ ဇာတိကို ပြန်ကာ နှစ်သစ်ကူးဆင်နွှဲမည်ဖြစ်၍ နှစ်ဆန်း၇ရက်နေ့အထိ မြို့တော်အေဆီ ပြန်လာနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ဝမ်ယွီထုံနှင့် ရှီးရှီးအမေတို့သာ ကြာသာပတေးနေ့တွက် ရှော့ပင်းမောကို အတူသွားကာ နှစ်သစ်အတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ရန် ချိန်းလိုက်ကြသည်။

ကြာသာပတေးနေ့သည် လူနာပြက္ခဒိန်၏ ဆယ့်နှစ်လမြောက် ၂၆ရက်နေ့ဖြစ်သည်။

ဆောင်းရာသီ ကုန်ဆုံးတော့မည့်အချိန်တွင် အေးစက်သည့် မြောက်လေသည် ပြင်းထန်စွာ တိုက်ခတ်လာသည်။ ခြံဝန်းထဲရှိ သစ်ပင်တွေကလည်း ဆောင်းလေ၏ တိုက်ခတ်မှုကြောင့် သစ်ရွက်တွေ ကြွေကာ ဗလာကျင်းပြီး ထီးထီးကြီး ကျန်နေခဲ့သည်။

ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို အပြာဖျော့ရောင် ဒိုင်နိုဆောရုပ်ပါ တစ်ဆက်တည်း ဝတ်စုံကို ဝတ်ပေးကာ အရောင်တူ သိုးမွှေးဦးထုပ်၊ လည်စည်းနှင့် လက်အိတ်တို့ကို ဝတ်ပေးလိုက်သည်။

ကျိုးရှောင်ယွီလေးသည် သိုးမွှေးလုံးလေးလို လုံးလုံးလေးဖြစ်နေပြီး နူးညံ့ဖြူစွတ်နေသည့်ပန်းရောင်မျက်နှာလေးသာ ဖော်ထားသည်။

ဝမ်ယွီထုံ ကိုယ်တိုင်လည်း နွေးထွေးစေမည့် ဂျာကင်အင်္ကျီ၊ဂျင်းဘောင်းဘီနှင့် လည်ရှည်ဖိနပ်၊ လည်ပင်းမှာလည်း ကတ်ရှမီးယားလည်စည်းတို့ ဝတ်ဆင်ထားသည်။

ဝမ်ယွီထုံ နှင့် ဖန်းရော့ရှီးတို့သားအမိတို့ ရှော့ပင်းမောမှာ တွေ့ရန် ချိန်းထားလိုက်ကြသည်။ တရုတ်နှစ်သစ်ကူးရောက်တော့မည်ဖြစ်၍ ရှော့ပင်းမောသည်လည်း အနီရောင်မီးပုံးများ၊ တရုတ်စတိုင် အလှဆင်ပစ္စည်းများ ချိတ်ဆွဲကာ ပွဲတော်စတိုင် ပြင်ဆင်ထား၏။

ဖန်းရော့ရှီး၏ လက်ကတော့ ပတ်တီးပတ်ထားဆဲဖြစ်သော်လည်း လွန်ခဲ့သည့်ရက် ဝမ်ယွီထုံတို့အလည်သွားစဉ်ကထက် ပိုသက်သာလာပုံရသည်။

"ဟယ်လို အန်တီ! ဟယ်လို မောင်လေး ရှောင်ယွီ!"

ဖန်းရော့ရှီးသည် မြက်ခင်းစိမ်းရောင်ဆွယ်တာအင်္ကျီနှင့် အဖြူရောင်ဘောင်းဘီကြပ်ကို ဝတ်ထားပြီး သူ့အမေခိုင်းသည့်အတိုင်းသူ့အိတ်ထဲက ပေါက်စီအိတ်ကို ထုတ်ကာ ရှောင်ယွီဘေးကို ကမ်းပေးလိုက်သည်။

"မောင်လေး ရှောင်ယွီ! ရော့ ဒါ မောင်လေးအတွက် "

ကျိုးရှောင်ယွီသည် သူ၏ စပျစ်သီးကဲ့သို့မျက်လုံးဝိုင်းလေးကို ကွေးအောင်ပြုံးရင်း လက်ကလေးဆန့်ကာ မုန့်ကို ယူလိုက်သည်။ "ယေးးယေးးယေးးး..."

ကလေးနှစ်ယောက်သည် လွန်ခဲ့သည့်ရက်က သူတို့နှစ်ဦးကြား ဖြစ်ပျက်ခဲ့သည်များကို လုံးဝမေ့လျော့သွားကြပြီဖြစ်သည်။ ဖန်း‌ရော့ရှီးက ကြင်ကြင်နာနာဖြင့် ရှောင်ယွီလေး၏ လက်ကိုင်ထားကာ အရင်တိုင်း သူတို့နှစ်ဦး ပြန်ချစ်ခင်သွားကြသည်။

ကလေးမိဘတွေက ကလေးတွေ အတွက် အရင်ဆုံး အဝတ်အစားဝယ်ရန် ဆိုင်ကို သွားလိုက်ကြသည်။

ဖန်းရော့ရှီးသည် ရိုးရာဝတ်စုံ စတိုင်အမျိုးမျိုးအပြင်၊ အနီရောင်ဆံပင်အဆင်တန်ဆာများနှင့် အနီရောင် သားရေဖိနပ်ကိုလည်းဝယ်လေသည်။

ကျိုးရှောင်ယွီအတွက်တော့ အနီရောင်ရိုးရာဝတ်စုံစတိုင် တစ်ဆက်တည်းအင်္ကျီနှင့် အနီရောင် ခြေအိတ်အပြင် ကလေးစီးဖိနပ် သုံးစုံကိုလည်း သူ့အမေက ဝယ်ပေးလေသည်။

ဆယ်လကျော်နေပြီ ဖြစ်သည့် ကျိုးရှောင်ယွီလေးသည် နောက် နှစ်လ သုံးလ အတွင်း လမ်းလျှောက်လာနိုင်တော့မည်ဖြစ်၍ ဝမ်ယွီထုံသည် သူ့အတွက် ဖိနပ်ခံပြား နူးညံ့သည့် ဖိနပ်မျိုးကို အထူးရွေးချယ်ကာ ဝယ်ပေးခဲ့သည်။

သူမ ဖိနပ်ရွေးနေစဉ် တွင် စနစ်က သူမကို စိတ်ထဲကနေ ညွှန်ကြားနေသည်။ "ကလေးတွေ ပထမဆုံး စီးမယ့်ဖိနပ်ကို သေချာလေး ရွေးချယ်သင့်တယ်။ မဟုတ်ရင်တော့ ကလေးရဲ့ ခြေထောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေလိမ့်မယ်။ကလေးငယ်တွေရဲ့ ဖိနပ်ရွေးချယ်တဲ့ အခါမှာ အချက်ငါးချက်ကို အခြေခံပြီး ရွေးရမယ်။ ပထမအချက် ခေါက်နိုင်စွမ်းရှိရမယ်။ ဖိနပ်‌အောက်ခံရဲ့အရှေ့ သုံးပုံ တစ်ပုံ ပိုင်းကို ခေါက်နိုင်ရမယ်။ ဒုတိယအချက် ဆိတ်ကြည့်ပါ။ ဖိနပ်ရဲ့ အတွင်းအပြင်ကို ဆိတ်ကြည့်ပြီး အသားနူးညံ့မှု ရှိမရှိ ချုပ်သားကောင်းမကောင်းစစ်ဆေးရမယ်။တတိယအချက် လိန်ကြည့်ပါ။ ဖိနပ်ကို လိန်ကြည့်ပြီး ဖိနပ်သားမာလား ပျော့လား ပုံပျက်သွားလား စစ်ဆေးကြည့်ပါ။ စတုတ္ထအချက် ဖိနပ်အောက်ခံကို စစ်ဆေးပါ ................"

ကျိုးရှောင်ယွီအတွက်လည်း ပထမဆုံး ဖိနပ်ကို အစမ်းစီးဖူးခြင်းဖြစ်သည်။ သူသည် သူ့ခြေထောက်ကို ပြူးကြည့်ကာ ဖိနပ်ကို ကိုင်ကြည့်နေ၏။ "အန်းးးဂူးလူးးဂူးးလူးးးး"

သူ့ခြေထောက်ကို ဖိနပ်ဖြင့် စီးကြပ်ထားသည်ကို သူ မနေတတ်‌ဖြစ်နေသည်။ ထို့ကြောင့် ခြေထောက်ကို ကန်ကြောက်ကာ မဝတ်ချင်ကြောင်း‌ပြနေသည်။

ဝမ်ယွီထုံက ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်။

"ရှောင်ယွီရေ သားက နောက်ဆို လမ်းလျှောက်တော့မှာလေ။ လမ်းလျှောက်တဲ့အခါ ကလေးတိုင်းက ဖိနပ်စီးရတယ်။ ဖိနပ် စီးထားမှ မြန်မြန်ဆန်ဆန် လမ်းလျှောက်နိုင်တာ"

ကျိုးရှောင်ယွီကတော့ ဖိနပ်စီးရန် ငြင်းဆန်နေဆဲဖြစ်ပြီး ချွတ်ပစ်ချင်နေ၏။

ဖန်းရော့ရှီးက ရှောင်ယွီလေးကို ကြည့်ကာ ရီမောရင်း ပြောလိုက်သည်။ "ရှောင်ယွီ နင် ဖိနပ်မစီးတာလဲ ကောင်းပါတယ် မဟုတ်လည်း နင်က လမ်းမှ မလျှောက်နိုင်သေးတာ။ အရူးလေးး"

ဖန်းရော့ရှီး၏ အထင်သေးလှောင်ပြောင်သည့်အသံကို ကြားလိုက်တော့ ကျိုးရှောင်ယွီသည် မျက်မှောင်ကြုံ့ကာ ညဉ်းငြူလိုက်သည်။ 'ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဖိနပ်ကို လုံးဝ မချွတ်ဘူးဟေ့။'

သူ့လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ 'ဒီနေ့ကနေ စပြီးတော့ သူကြိုးစားပြီး လမ်းလျောက်မယ် မြန်မြန်ပြေးနိုင်အောင် လုပ်ပြီး ဒီဆိုးတဲ့ မမ သူ့ကို ထပ်ပြီး မလှောင်ပြောင် ရအောင် လုပ်မယ်!!'

က‌လေးတွေ အတွက် အဝတ်အစားတွေ ဝယ်ပြီးသွားတော့ ဝမ်ယွီထုံနှင့် ရှီးရှီးအမေတို့ အတွင်းခံ အသစ်ဝယ်ရန် အမျိုးသမီးအတွင်းဝတ်ဆိုင်ကို သွားကြသည်။

အမျိုးသမီး အတွင်းခံ ဆိုင်တွင် အတွင်းဝတ်စတိုင်မျိုးစုံ ရှိ၏။

သူတို့နှစ်ဦး အဝတ်များကို စမ်းဝတ်ကြည့်ကြသည်။ ဝမ်ယွီထုံ အဝတ်လဲ ခန်းမှာ စမ်းဝတ်နေစဉ် ရှီးရှီးအမေက ကလေးနှစ်ယောက်ကို ထိန်းပေးနေ၏။

အရောင်းဝန်ထမ်းက အဝတ်လဲခန်းထဲ ဝင်လာကာ ဝမ်ယွီထုံကို အတွင်းဝတ်ဘရာချိတ်များ ကူချိတ်ပေးနေသည်။ ဝမ်ယွီထုံ၏ ယစ်မှုးလောက်စရာ ကိုယ်လုံးအလှကို မြင်လိုက်ရသည့်အရောင်းဝန်ထမ်းသည် မျက်နှာပန်းရောင်သန်းကာ ထုတ်ပြောလာသည်။

"မစ္စ ရှင့်မှာ အရမ်းမိုက်တဲ့ကိုယ်လုံးရှိတာပဲ။ ကျွန်မတို့ ဘရန်းရဲ့ နောက်ဆုံးပေါ်မော်ဒယ်ကို စမ်းဝတ်ကြည့်ပါလား"

ဝမ်ယွီထုံလည်း အသစ်ထွက်ထားသည့် ဒီဇိုင်းများကို ဝတ်ကြည့်ရင်း အရမ်းကြိုက်သွားသည်။ ဒီဇိုင်းအသစ်အတွင်းဝတ်များသည် ကြိုးပြားသေးပြီး အလွန်မိုက်ကာ ရှေ့မှာလည်း အသားအနည်းငယ်သာ ပါ၍ မလုံ့တလုံလေးဖြစ်နေ၏။ အလွန်ကြည့်ကောင်းပြီး CatWalk လျှောက်မည့်စတိုင်ကဲ့သို့ပင်ဖြစ်သည်။ သို့သော် ထိုအတွင်းဝတ်များသည့် ပုံမှန်မြင်နေကျ အတွင်း ဝတ်များကဲ့သို့မဟုတ်၍ နေ့တိုင်းဝတ်ရန်တော့ အဆင်မပြေပေ။

ဝမ်ယွီထုံကတော့ ထိုအတွင်းဝတ်များ၏ အလှအပကို မတွန်းလှန်နိုင်တော့၍ အားလုံး ဝယ်လိုက်၏။

အမေနှစ်ယောက်သည် သူတို့အတွက် အဝတ်အစားများ လက်ဝတ်ရတနာများ ဝယ်လိုက်ပြီးနောက် သူတို့အိမ်အတွက် နှစ်သစ်အလှဆင်ပစ္စည်း တစ်ပုံတစ်ပင်ကိုလည်းဝယ်လိုက်ကြသည်။ နောက်ဆုံးကျမှ သူတို့အမျိုးသားများအတွက် အင်္ကျီအသစ်ဝယ်ပေးရန် ဘရန်းဆိုင်ကြီးတစ်ခုထဲ ဝင်လိုက်ကြသည်။

ဝမ်ယွီထုံသည် ကျိုးကျီယွဲ့ထံ မက်ဆေ့ပို့ကာ သူ ဘာ ဆိုဒ် ဝတ်လဲ မေးလိုက်သည်။

ကျိုးကျီယွဲ့ကလည်း သူ၏ ကိုယ်အတိုင်း အသေးစိတ်ကို တရုတ်လိုရော အင်္ဂလိပ်လိုပါ ပို့လာသည်။ ထိုအတိုင်းအတာများသည် သူဝတ်စုံများ ဒီဇိုင်နာနှင့်အပ်ရာတွင် သုံးသည့် ပုခုံးအကျယ်၊ လက်အရှည်၊ ခါးပတ်လည် စသည်တို့ဖြစ်သည်။

ဝမ်ယွီထုံသည် ကျိုးကျီယွဲ့ ပြန်ပို့လာသည့် ကိုယ်တိုင်းအတိအကျကို တအံ့တဩကြည့်လိုက်သည်။ သူ့ကိုယ်အတိုင်းတွေက နိုင်ငံတကာ စူပါမော်ဒယ်တွေနဲ့တောင် နှိုင်းယှဉ်လို့ရနေတာကို ကြည့်ရင်း ဝမ်ယွီထုံ ခေါင်းလေးရမ်းကာ သက်ပြင်းချလိုက်သည်။

'ကောင်းလိုက်တာ...အလကားရလိုက်တဲ့ ယောကျာ်းဆီမှာ တစ်ကယ့်အမိုက်စားတွေပဲ ရှိနေတာပဲ။'

ဝမ်ယွီထုံသည် ကျိုးကျီယွဲ့အတွက် ပြင်သစ် ဘာဂန်ဒီ ရှပ်အင်္ကျီထဲက ရွေးလိုက်သည်။

သူအနီရောင်ဝတ်တာကို တစ်ခါမှ မမြင်ဖူးတော့ အနီရောင်နဲ့ဆို ဘယ်လို နေမလဲ မသိဘူးး။

အင်္ကျီဖိုးဘေ မရှင်းခင် ဘရန်းဆိုင်ကနေ အမျိုးသားအတွင်းခံနှင့်ခြေအိတ် တစ်စုံကို လက်ဆောင်ပေးလာသည်။

သူတို့နှစ်ယောက် ဆက်ဆံရေးက အတွင်းခံတွေ လက်ဆောင်ပေးရလောက်တဲ့အထိ မရင်းနှီးကြသေး၍ ဝမ်ယွီထုံ လက်ဆောင်ကို ငြင်းလိုက်သည်။

ထိုစဉ် ရှီးရှီးအမေက မျက်ခုံးလေး ပင့်ကာ ဝင်ပြောသည်။ "ဘာလို့မယူတာလဲ? ဒီဆိုင်က ဈေးအပေါဆုံး ပစ္စည်းတောင် ဂဏန်းငါးလုံးရှိတယ်။ အလကားအဖြစ်မခံပါနဲ့"

ရှီးရှီးအမေ ထိုသို့ပြောလိုက်တော့ ဝမ်ယွီထုံလည်း ပြန်စဉ်းစားလိုက်ပြီး ပိုက်ဆံကို လက်လွတ်မခံနိုင်တော့ပဲ လက်ဆောင်ကို လက်ခံလိုက်သည်။ အတွင်းဝတ်လက်ဆောင်ကို ကြာကြာပင်မစိုက်ကြည့်ရဲပဲ ဝယ်လာသည့် တစ်ခြား ရှပ်အင်္ကျီတွေအောက်ထည့်လိုက်သည်။ ကျိုးကျီယွဲ့က မေးလာရင်တော့ ကုန်သည်တွေ ပေးလာတဲ့ လက်ဆောင်လို့ ပြန်ဖြေလိုက်ပါမယ်လေ။

  …...... .......... ..........

 နှစ်သစ်ကူးအကြိုညနေခင်းလေးဝယ် သူတို့အိမ်လေးသည် နှစ်သစ်ကြိုရန် အရာရာပြင်ဆင်ပြီး ဖြစ်နေသည်။ ကျိုးရှောင်ယွီလေးကလည်း သူ့ဘဝရဲ့ ပထမဆုံး နှစ်သစ်ကူးအကြိုညကို ကြိုဆိုခြင်းဖြစ်သည်။

ကျိုးစံအိမ်နှင့် ခြံဝင်းကိုလည်း သေသေချာချာလေး အလှဆင်ထားကြသည်။‌ ကျိုးစံအိမ်က အတော်လေးကျယ်၍ ဝမ်ယွီထုံသည် ပျားလိမ္မော်ပင်၊ သစ်ခွပန်း၊ ဟော်လီပန်း၊ ခြောက်လပန်း စသည့် နှစ်သစ်ကူးအလှဆင်ပန်းအများအပြားကို ပန်းဆိုင်ပိုင်ရှင်ဆီမှ ဝယ်ခဲ့ရ၏။ အိမ်ရှိအလုပ်သမားများကို အိမ်တော်ထိန်းစန်က ဦးဆောင်ကာ အိမ်အလှဆင်ရန် တစ်ရက်ပင် အချိန်ယူလိုက်ရသည်။

ရေချိုးပြီးသည့် ကြောင်လေး ဟူပေါင်ကိုလည်း ပွဲတော် ဝတ်စုံ အနီရောင်ကို ဝတ်ပေးထား၏။ ဟူပေါင်လေးက သူ၏ အင်္ကျီအသစ်ကို သူ့လက်ဖဝါးလေးဖြင့် ပွတ်သပ်နေ၏။ အင်္ကျီဝယ် ခေါင်းလောင်းလေးများ ချိတ်ဆွဲထား၍ ကြောင်ကလေး ဟူပေါင်သည် ထိုခေါင်းလောင်းလေးများကို ဆော့ကစားရင်း ပျော်နေ၏။

ကျိုးရှောင်ယွီလကတော့ ကြမ်းခင်းပေါ် လေးဖက်ကုန်းသွားနေ၏။ တစ်အိမ်လုံးကို ရဲရဲတောက်နေအောင် အလှဆင်ထားသည်များကို စိတ်ဝင်တစားလိုက်ကြည့်နေ၏။သူ့လက်ကလေးကို ဆန့်ကာ နှစ်သစ်ကူးအလှဆင်ထားသည့်ပန်းများကို ဆွဲယူလိုက်သော်လည်း သူ့အမေက ပြန်ယူသွားပြန်သည်။

ယနေ့တစ်ရက်သာ ကျိုးကျီယွဲ့ တစ်ယောက် အလုပ်ကနေ စောစောပြန်လာသည့် ရက်ဖြစ်သည်။ မမှောင်ခင် အိမ်ကို ပြန်ရောက်နေ၏။

အိမ်၏ နေရာတိုင်းက နွေးထွေးကာ သက်သောင့်သက်သာ ရှိနေသည်။

ကျိုးကျီယွဲ့၏ တွန့်ချိုးနေသည့်မျက်ခုံးတွေက မသိလိုက်ပဲ ပြေလျော့သွားသည်။ နှုတ်ခမ်းကအနည်းငယ် ပြုံးကာ အပေါ်ဝတ်ကုပ်ကို ချွတ်လိုက်သည်။

သူ့အရင်ဘဝတုန်းက နှစ်သစ်အကြိုညနေခင်းကို ရေးရေးလေး မှတ်မိနေပါသေးသည်။ သူက အလုပ်ခရီးထွက်ပြီး အိမ်ကိုလည်း ပြန်မလာနိုင်ခဲ့ပေ။ လက်ထောက်ချန်းပင်လျင် အပျော် ခရီးမထွက်နိုင်ခဲ့ပေ။ တရုတ်နှစ်သစ်ကူးရက်တွေမှန်းလဲ သူ မသိခဲ့ပါ။ သူ့အနေနဲ့လည်း ပိတ်ရက်တွေအပေါ် စိတ်မဝင်စားခဲ့တာလည်း ဖြစ်မည်။

ကျိုးရှောင်ယွီနှင့် ဝမ်ယွီထုံတို့သည် ကောဇောပေါ်ထိုင်ရင်း ဘောလုံးကစားနေကြ၏။ သူတို့ရှိရာကို ကျိုးကျီယွဲ့ လျှောက်လာကာ အမျိုးသမီး၏ နဖူးနှင့် ပါးပြင်ကို ငုံ့ကာ နမ်းလိုက်သည်။

ထိုအချင်းအရာကို မြင်လိုက်ရသည့် ကျိုးရှောင်ယွီသည် မျက်နှာကြီး ရှုံ့မဲ့ကာ ကြမ်းခင်းကို သူ့လက်ကလေးဖြင့် တစ်ဘန်းဘန်းထုကာ မကျေမနပ် အော်ငိုလေတော့သည်။

ကလေး၏ မကျေနပ်မှုကို နားလည်လိုက်သည့် ဝမ်ယွီထုံသည် ကျိုးကျီယွဲ့ကို အပြစ်တင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ထိုမြင်ကွင်းကို အိမ်တော်ထိန်းစန်ကလည်း မြင်လိုက်ရသည်။ ထိုစုံတွဲ၏ ချစ်ခင်ကြည်နူးမှုကို ကိုယ်တိုင် ပထမဆုံးမြင်လိုက်ရ၍ စိတ်လှုပ်ရှားကာ အော်လုမတတ်ဖြစ်သွားသည်။

မနေနိုင်တော့ပဲ သူ့ဖုန်းကို ချက်ချင်းထုတ်ကာနှစ်သစ်ကူးပိတ်ရက်အိမ်ပြန်နေသည့် ကလေးထိန်းအန်တီကို QQမှ မက်ဆေ့ပို့လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့ရဲ့ QQနာမည်တွေကလည်း စာပေမြို့တော်အကောင့်ရှိ စာဖတ်သူနာမည်များဖြစ်နေသည်။

[တနင်္လာနေ့ တနင်္လာနေ့ က ငါ့အတွက် အရမ်းကောင်းတာပဲ - ငါ့မှာ နေ့တိုင်း သူတို့ရဲ့ ချစ်ပုံပြင်လေးကို မျှော်လင့်ခဲ့ရတာ]

[အောက်ကျို့ခြင်းက အမျိုးသားတွေအတွက် အမျိုးသမီးဘက်က အကောင်းဆုံး လက်ဖွဲ့ပစ္စည်းပဲ - နှစ်ဆန်းနှစ်ရက်နေ့‌ကျရင် ကျွန်မ အလုပ်ပြန်လာခဲ့မယ်။ဒီရက်ပိုင်းကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးပါ။ ပျော်ရွှင်စရာ နှစ်သစ်အကြိုညနေခင်းလေး ဖြစ်ပါစေ]

[တနင်္လာနေ့ တနင်္လာနေ့ က ငါ့အတွက် အရမ်းကောင်းတာပဲ - ပျော်ရွှင်စရာ နှစ်သစ်ကူးအကြိုညနေခင်းလေးဖြစ်ပါစေ!!]

အိမ်တော်ထိန်းစန်လည်း သူ၏ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ကာ ရှေ့ကို တိုးသွားရင်း အပြုံးလေးဖြင့် အသိပေးလိုက်သည်။

"ဒုတိယသခင်လေး၊ မဒမ် နှစ်သစ်ကူးအကြို ညစာစားဖို့အချိန်ရောက်ပါပြီ"

လူကြီးနှစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့သည် စားပွဲတစ်ခုတည်းမှာ ထိုင်နေကြသည်။ ယနေ့ည၏ နှစ်သစ်ကူးအကြိုညစာ စားပွဲလေးက အဆင့်မြင့်ပါဝင်ပစ္စည်းများနှင့် နှစ်သစ်ကူးအနှစ်အရသာပါသည့် ဖက်ထုပ်၊ပေါက်စီလုံးများနှင့် စားချင့်စဖွယ် ခမ်းနားလှသည်။

ကျိုးရှောင်ယွီ၏ ကလေးစားပွဲပေါ်မှာလည်းပုစွန်နှင့်ဟင်းသီးဟင်းရွက်များရောပြွမ်းကာ နူးညံ့စွာချက်ထားသည့် အီတာလျံသားပြွမ်းထမင်း၊ ဖရုံသီးပန်းပွင့်လွှာလိပ်၊ ကန်စွန်းဥပေါင်းနှင့် ကြက်ဥအနှစ်စွပ် ၊ဖက်ထုပ်သေးသေးလေးများနှင့် သစ်သီးပွဲသေးတစ်ပွဲ စသည့် ဟင်းပွဲများစုံလင်လှ၏။

ကျိုးရှောင်ယွီသည် ဖရုံသီးပန်းပွင့်လွှာလိပ် တစ်ခုကို ယူကာ ပါးစပ်ထဲ ထည့်စားလိုက်ပြီး သွားတွေ ပေါ်အောင် ပြုံးလိုက်သည်။

ဝမ်ယွီထုံ သူမဖုန်းကိုကောက်ကိုင်ကာ သူမအမေ ဝူရှင်းဆီ ဗီဒီယိုကော ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဝမ်မိသားစုကလည်း နှစ်သစ်ကူးအကြိုညစာစားနေကြတာဖြစ်သည်။ဝမ်ဖေဖေကြီး ၊ဝမ်ယန်ချဲ နှင့် ဝမ်ချူးယွဲ့တို့အားလုံးလည်း ထမင်းစားပွဲ ပေါ်အတူ ထိုင်နေကြ၏။

ကျိုးကျီယွဲ့က သူ့မျက်နှာဖုန်းထဲ ပေါ်လာအောင် ဝမ်ယွီထုံနားတိုးလာသည်။ "အဖေ...အမေ..."

ဖေဖေဝမ်နှင့် မေမေဝမ်တို့လည်း သူ့တို့သားမက်လေးကို သာကြောင်း မာကြောင်း မေးမြန်းကာ ပေါက်စီလုံးလေးဆီ ခေါင်းစဉ် ပြောင်းလိုက်ကြသည်။

ကျိုးရှောင်ယွီကတော့ သူ့အဖွားကို မြင်လိုက်ရ၍ အလွန်ပျော်ရွှင်နေကာ သူ့လက်ထဲက ဆီလီကွန်ဇွန်းကို ဝေ့ရမ်းလိုက်၏။ "ယေးးယေးးးယေးးး"

ဝူရှင်းကလည်း ရှောင်ယွီလေးကို အရမ်းသတိရနေပြီဖြစ်သည်။ "တရုတ်နှစ်ဆန်း နှစ်ရက်နေ့ကျရင် ဖွားဖွားဆီ အလည်လာရမယ်နော်။ ဖွားဖွားက မြေးလေးကို စာအိတ်နီ ကြီးကြီး ပေးမှာ"

ဝမ်ယွီထုံ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်ပြီ အမေ သမီးလည်း စာအိတ်နီ ကြီးကြီး လိုချင်တယ်"

ဝူရှင်း ကိုယ့်သမီးကို သဘောမကျသည့်ပုံဖြင့် ကြည့်လိုက်သည်။ "ညဉ်း ဘာလို့ ကလေးကို တစ်ယောက်တည်း စားခိုင်းရတာလဲ။ ကလေးက အရမ်းငယ်သေးတာကို ဘယ်လိုလုပ် ကိုယ့်ဖာသာ စားနိုင်မှာလဲ။ ဗိုက်လည်း ဝမှာ မဟုတ်ဘူး"

ဝမ်ယွီထုံကတော့ ထူးမခြားနား မျက်နှာထားဖြင့် ပုခုံး တွန့်ကာ ပြောလိုက်သည်။ "သမီးက သူ့ကို ကိုယ့်ဖာသာ အရင်စားခိုင်းတာ။ နောက်ပိုင်း သူ မဝလောက်ဘူးဆိုမှ သမီးက ပြန်ခွံ့ကျွေးလိုက်တာ"

ဝူရှင်းက လက်မခံနိုင်သည့်ပုံဖြင့် ခေါင်းရမ်းလိုက်သည်။

"ဘယ်လိုလုပ် ဗိုက်ဝမတုန်း!! ကလေးသေးသေးလေးကို ကိုယ့်ဖာသာ စားခိုင်းရတယ်လို့။ အဓိပ္ပာယ်ကို မရှိဘူး။ရှောင်ယွီ ဖွားဖွားဆီလာခဲ့။ နောက်တစ်ခါဆို ဖွားဖွားခွံ့ကျွေးမယ်နော်။ ဖွားမြေးလေး ဖြူးဖွေးပြီး လုံး တုတ်လာစေရမယ်"

အမေနဲ့ သမီး နှစ်ယောက် ကလေးပြုစုပျိုးထောင်ခြင်းအကြောင်းအရာ " ကလေးကိုယ်တိုင်စားစေခြင်းနှင့် အစာခွံ့ကျွေးခြင်းကြား ကြာရှည်အကျိုးသက်ရောက်မှု" နှင့်ပတ်သက်သည့်အယူအဆ ကွဲလွဲမှုတွေကို နာရီဝက်လောက်ကြာ ပါးစပ် အမြုပ်ထွက်အောင် ငြင်းနေကြသည်။

ဗီဒီယိုကော ချလိုက်ပြီးနောက် ကျိုးကျီယွဲ့လည်း Mနိုင်ငံမှာ နေထိုင်သည့် အမျိုးသမီးကြီး ကျိုးကို ဗီဒီယိုကော ခေါ်လိုက်သည်။

ဝမ်ယွီထုံ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ကျိုးကျီယွဲ့၏ မိသားစုဝင်ကို သူမ ပထမဆုံး တွေ့ရခြင်းဖြစ်သည်။ လူတိုင်းသိကျသည့်အတိုင်းပင် မိသားစုဝင်များသည့် ကျိုးမိသားစုသည် ယခုအခါ လူအနည်းငယ်သာ ရှိတော့သည်။

ကျိုးကျီယွဲ့၏ မိဘတွေနှင့် သက်ဆိုင်သည့်ဆွေမျိုးတစ်ချို့ ကမ္ဘာတစ်ဝန်းတွက် ရှိသေးသော်လည်း ကျိုးကျီယွဲ့နှင့် သွေးနီးသည့် ဆွေမျိုးဆို၍ ပြေးကြည့်လျင် ၈၅နှစ်အရွယ် အမျိုးသမီးကျိုးသာ ကျန်တော့သည်။

ထမင်းစားခန်းမှာ တပ်ထားသည့် မှန်ကိုကြည့်ကာ သူမ ဆံပင်တွေကို ပြင်လိုက်ပြီး ရှောင်ယွီလေး၏ ပါးစပ်တွေမှာ ကပ်နေသည့် ထမင်းစေ့တွေကိုလည်း သုတ်ပေးလိုက်သည်။

ဗီဒီယိုကောက တစ်ဖက်လူမကိုင်ခင် စက္ကန့်အနည်းငယ် မြည်နေ၏။

ဝမ်ယွီထုံ စိတ်လှုပ်ရှားစွားဖြင့် ဖုန်းနား တိုးကြည့်လိုက်ရာ တစ်ခေါင်းလုံးဖြူနေသည့်အသက်ကြီး အမျိုးသမီးတစ်ဦးက ဖုန်းကနေ ပေါ်လာသည်။ သူမမျက်နှာ ဝယ် အချိန်၏ တိုက်စားမှုကြောင့်အရေးအကြောင်းများ ပေါ်နေ၏။ သူမ၏ အပြုံးသည် ကြင်နာကာ ရုပ်ရည်သွင်ပြင်သည် ကြည့်လိုက်သည်နှင့် ချမ်းသာသည့် သွင်ပြင်ရှိသည်။

ဝမ်ယွီထုံ အနည်းငယ်အံ့အားသင့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအသက်ကြီးပြီဖြစ်သည့် အမျိုးသမီးကြီးသည်မြစိမ်းရောင်တရုတ်ရိုးရာအင်္ကျီနှင့် တန်ဖိုးကြီး လက်ဝတ်ရတနာများ ဝတ်ဆင်ထားပြီး တရုတ်ရုပ်လုံးဝ မပေါက်သည့် အနောက်တိုင်းသူ ရုပ်ဖြစ်နေ၍ဖြစ်သည်။

ဝမ်ယွီထုံ သူမလက်ဖြင့် နဖူးကို ကိုင်လိုက်သည်။ ကျိုးရှောင်ယွီလေး၏ ရွှေအိုရောင်စပ်နေသည့် ဆံပင်ကောက်များနှင့် ကျိုးကျီယွဲ့၏ မျက်လုံး အရောင်တို့က ဘယ်သူ့ဆီက လာတာလဲ ဆိုတာ သူမ နားလည်သွားခဲ့ပြီ။

All Chapters