← Chapters

အခန်း (၅၅)

Vol. 5 Ch. 55

အခန်း (၅၅)

Vol. 5 Ch. 55

နှစ်သစ်ရဲ့ ပထမနေ့ရက်မှာ ကျိုးရှောင်ယွီလေး စောစောထလာခဲ့သည်။ သူ့ရဲ့ ပုခက်ထဲမှာ လူးလိမ့်ဆော့ကစားနေပြီး သူ့ရဲ့ အစောပိုင်းကာလကလေးဖွံ့ဖြိုးမှုကစားစရာရှိ ခလုတ်များကို လျောက်နှိပ်ကာ ဆော့ကစားနေ၏။

"လူကလေးတွေက မွေးလာရင် သူ့ရဲ့စိတ်သဘောထားက ကောင်းမွန်ပါတယ်။ သဘာဝအရတော့ လူတွေအားလုံးက အတူတူပါပဲ........."

ဝမ်ယွီထုံသည် "စရိုက်သုံးမျိုးဖြစ်စဉ်"ကို ရွတ်ပြနေသည့်အသံကြောင့် နိုးလာခဲ့သည်။ သူမမျက်လုံးတွေကို ပွတ်လိုက်ပြီး ကျိုးရှောင်ယွီကို နှုတ်ဆက်လိုက်သည်။

"ဂွတ်မောနင်း ရှောင်ယွီလေးရေ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ"

ကျိုးရှောင်ယွီက သူ့လက်ထဲမှာ ရှိသည့်ကစားစရာကို ဝေ့ရမ်းပြကာ သူ့ရဲ့ပေါက်နေသည့် သွားလေးချောင်းလုံး ပေါ်အောင် ဖြီးကာ ပြုံးပြလေသည်။

"ယေးးယေးးယေးးယေးးး!!"

ဝမ်ယွီထုံ ပေါက်စီလုံးလေးကို အင်္ကျီလဲပေးလိုက်ပြီး အနီရောင်သိုးမွှေးဦးထုပ် ဆောင်းပေးလိုက်သည်။ကလေးရဲ့ အသားအရည်ကဖြူဆွတ်ကာ ပန်းရောင်သန်းနေ၍ အနီရောင်နှင့် အလွန်လိုက်ဖက်လှသည်။ အနီရောင်က သူ့အသားအရေကို ပိုဖြူစေကာ မျက်လုံးအရောင်ပိုတောက်စေ၍ နှုတ်ခမ်းလေးကလည်း ပန်းရောင်ပိုသန်းစေ၏

မနက်ခင်းပိုင်းမှာတော့ ကျိုးကျီယွဲ့သည် ဝမ်ယွီထုံနှင့် ရှောင်ယွီတို့ကို မြို့ထဲ လမ်းလျှောက် လည်ပတ်ရန် ကားဖြင့် ခေါ်သွားလေသည်။

မြို့တော်အေသည် ရွေ့ပြောင်းလုပ်သားများဖြင့် လူနေထူထပ်သည့်မြို့ဖြစ်သည်။ နှစ်သစ်ကူးကာလဖြစ်၍ အလုပ်သမားများ ဇာတိပြန်ကုန်ကြသောကြောင့် မြို့တော်အေ၏ လမ်းမကြီးများပေါ်တွင် ကားမများပေ။ ပုံမှန် ကားကြပ်လေ့ရှိသည့်နေရာများတွင် ယခု လမ်းရှင်းနေ၏။

မြို့ထဲမှာ စိတ်ဝင်စားစရာသိပ်မရှိ၍ ကျိုးကျီယွဲ့သည် သူတို့ကိုမြို့ဟောင်းဘက် လူစည်သည့်လမ်းလျှောက်နေရာတွေကို ခေါ်သွားလေသည်။ ထိုလျှောက်လမ်းသည် ရှည်လျားသည့်သမိုင်းရှိရာ မြို့တော်အေ၏ လည်ပတ်သင့်သည့် နေရာများထဲ တွင် တစ်ခု အပါအဝင်ဖြစ်သည်။

လွန်ခဲ့သည့်ရက်တွေက ကျိုးကျီယွဲ့ တစ်ခုသိခဲ့ရသည်။ သူဌေးတစ်ယောက်က သူ့ကလေးသုံးယောက်ကို မြို့ဟောင်းဘက်ရှိ လျှောက်လမ်းနှင့် ဈေးဆိုင်တန်းတွေနေရာကို တစ်ခါတစ်လေ အလည်ခေါ်လာလေ့ရှိရာ ကလေးတွေက ဒီနေရာကို အရမ်းကြိုက်ကြတယ်လို့ သိခဲ့ရသည်။

ကျိုးကျီယွဲ့သည် လက်တစ်ဖက်ဖြင့် ကျိုးရှောင်ယွီကို ချီကာ နောက် တစ်ဖက်ဖြင့် ဝမ်ယွီထုံ၏ လက်ကို ကိုင်ထားလေသည်။ သူတို့သုံးဦးသည် လျှောက်လမ်းပေါ်ဝယ် ဦးတည်ရာ မရှိ လျှောက်သွားရင်း လည်ပတ်နေကြသည်။ တစ်နေရာ ရောက်သော် ဝမ်ယွီထုံသည် နှစ်သစ်ကူးအထူးနို့လက်ဖက်ရည်ကို ဝယ်သောက်ရန် တန်းစီနေ၏။

ကျိုးရှောင်ယွီကတော့ စူးစမ်းချင်စိတ်အပြည့်ဖြင့် သူ့မျက်လုံးလေးကို ပြူးကျယ်ကာ လမ်းမပေါ်ရှိ သွားသွားလာလာ လုပ်နေသည့်လူများကို ငေးမေးကြည့်နေ၏။

ရုတ်တရက် နားကွဲမတတ် ကျယ်လောင်သည့် ဗုံသံ လင်းကွင်းသံတွေကို မလှမ်းမကမ်းမှ ကြားလိုက်ရသည်။ ထိုအရာသည် မြို့တော်ဟောင်း၏ ရိုးရာ ခြင်္သေ့အက ဖျော်ဖြေမှု ဖြစ်သည်။ ခြင်္သေ့အက အဖွဲ့သည် လမ်းမပေါ် ဖျော်ဖြေရင်း သူမတို့ရှိရာဆီ တစ်ဖြည်းဖြည်း နီးကပ်လာ၍ ဗုံသံ လင်းကွင်းသံတွေကလည်း ကျယ်သထက်ကျယ်လာသည်။

ကျိုးရှောင်ယွီသည် ဘေးဘီကြည့်ကာ ထိတ်လန့်လာပြီး မျက်မှောင်ကြုံ့ပြီး သူ့အမေ ရင်ခွင်ကို ရှာလေတော့သည်။

"အန်းဂူးးဂူးး.."

ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့ထံမှ ကလေးကို ချီလိုက်သည်နှင့် ကျိုးရှောင်ယွီသည် သူ့အမေအင်္ကျီကို တင်းတင်း ဆုပ်ကိုင်ထားလေတော့သည်။ သူ့ပန်းရောင်မျက်နှာလေးကလည်း ကြောက်လန့်နေပြီး ‌နားကိုလည်း သေချာစွင့်ထားလေသည်။

ဝမ်ယွီထုံလည်း ကျဉ်းထဲကြပ်ထဲရောက်သွား၍ ကလေးနားမလည်နိုင်သေးမှန်း သိသော်လည်း အသာအယာ ရှင်းပြလိုက်သည်။

"ရှောင်ယွီ အာ့တာခြင်္သေ့အကလေ။ ခြင်္သေ့အက ဆို တာ ရိုးရာဖျော်ဖြေမှုတစ်မျိုးပဲ။ ဘယ်ကစလည်း လေ့လာကြည့်ရင် ဟ်ိုးအရင်ရှေးခတ်ကတည်းက...."

ခြင်္သေ့အကအဖွဲ့သည် နားစည်ကွဲမတတ် ဗုံသံ လင်းကွင်းသံတို့ဖြင့် တစ်ဖြည်ဖြည်း နီးကပ်လာသည်။ ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီလေးကို ဖက်ကာ လမ်းဘေးကနေ စောင့်ကြည့်နေ၏။ လမ်းဘေးမှ ခြင်္သေ့အက‌ကို ရပ်စောင့်ကြည့်သူတွေကလည်း တစ်ဖြည်းဖြည်း များလာသည်။ လူသွားလမ်းကလေးသာဖြစ်၍ မကြာခင်အတွင်း လမ်းမပေါ် လူတွေ ပြည့်ကြပ်သွားတော့သည်။

ကျိုးကျီယွဲ့သည် လက်တစ်ဖက်က ဝမ်ယွီထုံ၏ နို့လက်ဖက်ရည်ကို ကိုင်ထားပြီး တစ်ဖက်ဖြင့် ဝမ်ယွီထုံ၏ ခါးကို ဖက်ထားကာ အနည်းငယ်မြင့်သည့် လမ်းနေရာသို့ ဆွဲခေါ်လိုက်သည်။

"ဂရုစိုက်ဦး"

ဝမ်ယွီထုံကလည်း အလိုက်သင့် ပါလာသည်။ "အင်းး"

လူတိုင်းက ပျော်ရွှင်စွာ သူတို့ဖုန်းများဖြင့် ခြင်္သေ့အကကို မှတ်တမ်းတင်နေကြသော်လည်း ကျိုးရှောင်ယွီကတော့ မျက်ရည်ပိုးပေါက်ကျလာကာ နားစည်ကွဲမတတ် အော်ငိုလာတော့သည်။

"ဝါးးးးဝါးးးးး..."

ရှောင်ယွီသည် ကြီးလာသည်နှင့်အမျှ အဆုတ်ကလည်း ကြီးလာပြီး အော်ငိုသံသည် ဗုံသံတွေ ထက်ပင် ပိုကျယ်လောင်နေသည်။

မူလက ရိုးရာ ခြင်္သေ့အက ကြည့်ကာ ပျော်နေကြသည့်သူတစ်ချို့သည် စိတ်ဆိုးသည့်အကြည့်များဖြင့် သူမတို့မိသားစုကို ကြည့်လာကြသည်။

ဒီမိသားစုသုံးယောက်က အကောင်းစား အဆင့်မြင့်ဘရန်းအဝတ်အစားတွေနဲ့ ဆိုတော့ တစ်ချက်ကြည့်လိုက်တာနဲ့ သာမန်မိသားစုမဟုတ်မှန်း သိသာသည်။ ဒီလို လူချမ်းသာတွေဖြစ်နေရင်တောင် အများသူငှာပိုင်တဲ့ နေရာတွေမှာ အနှောက်အယှက်လာပေးလို့မရဘူးး။

ခြင်္သေ့အကအဖွဲ့ နီးလာလေလေ ရှောင်ယွီလေးငိုသည့်အသံက ပိုကျယ်လာလေလေဖြစ်သည်။သူ့လက်သီးဆုပ်လေးဝေ့ရမ်းကာ ခြေထောက်တွေကိုလည်း ကန်ကျောက်လေသည်။ မျက်နှာမှာလည်း မျက်ရည်တွေလည်း ရွဲနေကာ နှာရည်တွေလည်း တွဲလာသည်။

ဝမ်ယွီထုံလည်း မျက်နှာတွေပူလာပြီး ကျိုးကျီယွဲ့မျက်နှာမှာလည်း ရှက်နေသည့်ဟန်ဖြတ်ပြေးသွားသည်။ထို့ကြောင့် အမေနှင့်သားကို လူနည်းသည့်ထောင့်တစ်နေရာကို ဆွဲခေါ်သွားလိုက်သည်။

ခြင်္သေ့အကအဖွဲ့၏ ဗုံသံလင်းကွင်းသံတွေ တစ်ဖြည်းဖြည်း ဝေးသွားတော့မှ ကျိုးရှောင်ယွီလေးလည်း တစ်ဖြည်းဖြည်း အငိုတိတ်သွားတော့သည်။သူ့နှာခေါင်းကို သူ့လက်သေးသေးလေးဖြင့် ပွတ်ထား၍ သူ့လက်ကလေးသည် မျက်ရည်တွေ နှာရည်တွေ နှင့် ညစ်ပတ်နေ၏။

ဝမ်ယွီထုံ တစ်ယောက် ဘယ်လိုပြောရမှန်း မသိတော့၍ သက်ပြင်းအကြိမ်ကြိမ်ချကာ ကလေး၏ မျက်ရည် နှာရည်တွေပေနေသည့် မျက်နှာနှင့် လက်တွေကို သုတ်ပေးလိုက်သည်။

ကျိုးရှောင်ယွီလေးသည် အိမ်မှာတော့ အထက်စီးဆန်မာနကြီးကာ အိမ်ကျယ်လေးဖြစ်နေသည်။ သူ့ကိုယ်သူ အာဏာရှင်ကဲ့သို့ ပြုမူတတ်ကာ လူတွေကိုလည်း ရိုက်တတ်သေးသည်။ သို့သော် အိမ်အပြင်ရောက်သည်နှင့် ကြောက်ရွံ့တတ်ကာ ခြင်္သေ့အကကို မြင်လျင်ပင် ထိတ်လန့်နေသည်။

ဤသို့ဖြင့် သူတို့မိသားစုလေး၏ မြို့ဟောင်း ဈေးတန်းဘက် အလည်လမ်းလျှောက်ထွက်ခြင်း အဆုံးသတ်လိုက်ကြကာ အိမ်ပြန်လာလိုက်ရတော့သည်။

ဝမ်ယွီထုံသည် ကျိုးရှောင်ယွီလေးကို နှစ်သစ်မှာ အထူးအဆန်းတွေ မြင်စေချင်သည်။ ထို့ကြောင့် အိမ်တော်ထိန်းစန်ကို မီးရှုးမီးပန်းတွေ ဝယ်ခိုင်းထားသည်။

ညနေခင်းလုံးဝ မမှောင်ခင်အချိန်တွင် မီးရှုးမီးပန်းကစားရန် ရှောင်ယွီလေးကိုခြံထဲ ခေါ်သွားလိုက်သည်။

ဝမ်ယွီထုံ မထင်မှတ်ထားသည်က ရှောင်ယွီလေးသည် မီးရှုးပန်းတုတ်တံ အသေးလေးကိုပင် ကြောက်ရွံ့နေ၏။

ကျိုးကျီယွဲ့ကို မီးရှုးပန်းတုတ်တံ တစ်ခု မီးညှိခိုင်းကာ ကျိုးရှောင်ယွီကို ပြခိုင်းလိုက်သည်။

ကျိုးကျီယွဲ့ကလည်း သူမ ပြောသည့်အတိုင်း လုပ်ပေးလေသည်။ သူ၏ ရှည်လျားသွယ်လျသည့် လက်ချောင်းများဖြင့် ကိုင်ထားသည့် မီးရှုးပန်းတုတ်တံသည်မီးပွားလေးတွေ ဖြာထွက်နေကာ သူ၏ အေးစက်စက်မျက်နှာလေးကို လေထုထဲမှာ တောက်ပနေစေသည်။ ယခုကဲ့သို့ အေးစက်စက်‌ဆောင်းရာသီတွင် ဤမြင်ကွင်းလေးသည် အလွန်လှပနေသည်။

ကျိုးကျီယွဲ့သည် မီးပန်းတွေ ဖွာနေသည့် မီးရှူးပန်းတုတ်တံကို ရှောင်ယွီလေး သေချာ မြင်နိုင်ရန် အနားတိုးပေးလိုက်သည်။

ဝမ်ယွီထုံကလည်း ရှောင်ယွီလေးလက်ကို ကိုင်ကာ ညွှန်ပြလိုက်သည်။

"ရှောင်ယွီ...မနေ့ညက ဖတ်ခဲ့တဲ့ စာအုပ်ထဲကလိုမျိုးလေ။ဒါကို မီးရှုးပန်းလို့ခေါ်တယ်။ မီးရှုးပန်းလေးက မလှဘူးလား?"

မည်ကဲ့သို့ ရှင်းပြစေကာမှု ကျိုးရှောင်ယွီကတော့ ရန်သူကြီးကို ရင်ဆိုင်နေသကဲ့သို့ဖြစ်နေ၏။ သူသည် ဝမ်ယွီထုံ ရင်ခွင်ဘက် တွန့်ဆုတ်နေကာ မျက်နှာကြီးကလည်း တွန့်လိန်ပြီး မကျေမနပ်ဖြစ်နေသည်။

ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့လိုက်သည်။ "သူကိုယ်တိုင်များ ကိုင်ချင်လို့လား?"

ဝမ်ယွီထုံလည်း ရှောင်ယွီလေး၏ အမူအရာကို နားမလည်ပေ။ ဒါပေမယ့် ဘယ်ကလေးက ဒါမျိုး ဆော့စရာ‌‌တွေကို မကြိုက်တာမျိုးရှိလို့လဲ ဟုတ်တယ်မလား?

သူမ မီးရှူးပန်းတုတ်တံကို လှမ်းယူရန်ပြင်လိုက်သည်နှင့် ကျိုးရှောင်ယွီသည် သူမ လက်မောင်းကို ဆွဲလိုက်ကာ ‌အားးးကနဲ အော်လေတော့သည်။

ကျိုးရှောင်ယွီလေးသည် သူ့အမေအင်္ကျီကိုဆွဲကာ နှုတ်ခမ်းလေးဆူရင်း မျက်ရည်တွေလည်း ချက်ချင်း ပိုးပေါက်ကျလာတော့သည်။

'ဒီနေ့ မေမေနဲ့ ဖေဖေက သူ့ကို အနိုင်ကျင့်တယ်!!!?'

'ကြောက်စရာ မွန်းစတားအက သူ့ကို ခေါ်ကြည့်ရုံတင်မကဘူး ကလေးတွေကို မီးလောင်စေနိုင်တဲ့ ဟာနဲ့လည်း သူ့ရှေ့မှာ ကစားပြနေကြတယ်!!!'

ကျိုးရှောင်ယွီသည် စိတ်ဆိုးတကြီးဖြစ်ကာ မျက်နှာကြီး ဆူပုတ်ပြီး လက်သီးလေးဆုပ်နေ၏။

'မေမေနဲ့ ဖေဖေက အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ။သူတို့နဲ့ မခေါ်တော့ဘူးး!!!'

ဤသို့ဖြင့် ကျိုးရှောင်ယွီလေးသည် နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ မကျေမချမ်းခံစားချက်တွေဖြင့် ဖြတ်သန်းခဲ့လိုက်ရရှာသည်။

နှစ်သစ်ကူး ဒုတိယနေ့မှာတော့ ဝမ်ယွီထုံသည် ဝမ်အိမ်တော်ကို အလည်သွားလျင် ယူသွားမည့် လက်ဆောင်များကိုပြင်ဆင် ရေတွက်ရင်း အလုပ်များနေ၏။

သူမသည် အဖေဝမ်၊ အမေဝမ်နှင့် သူမ မောင်နှမများအတွက် လက်ဆောင်များကို သေချာလေးပြင်ဆင်ထားခဲ့သည်။ လက်ဆောင်များကို ကားပေါ်တင်ရန် အလုပ်သမားများကို မပြောခင်လေးမှာ သူမဖုန်းရုတ်တရက်မြည်လာခဲ့သည်။

ဖုန်းခေါ်လာသည့်သူက ဝမ်ချူးယွဲ့ဖြစ်ကာ သူမအသံသည် စိုးရိမ်နေသည့်ပုံဖြစ်သည်။ "အမေ သူ ဒီ မနက် ရှစ်နာရီတုန်းကရေချိုးခန်း ထဲမှာချော်လဲလို့! အမေ့ကို ဆေးရုံပို့ထားတယ်!"

ဝမ်ယွီထုံ၏ မျက်လုံးသူငယ်အိမ်ကြုံ့ကာ လက်ချောင်းတွေ တုန်ယင်သွားသည်။ "ဘာ!! ဘာပြောလိုက်တယ်?"

ဝမ်ချူးယွဲ့သည် အတတ်နိုင်ဆုံးအသံကို ထိန်းကာ ပြန်ပြောလာသည်။ "ရေချိုးခန်းကြမ်းပြင်က ရေစိုနေတာ အမေအိမ်သာသွားတော့ သတိမထားလိုက်မိလို့ မတော်တဆ ချော်လဲသွားတယ်။ ငါတို့တွေ အခုဆေးရုံမှာ။ အမေ့ကိုတော့ ဆရာဝန်တွေ စစ်ဆေးကြည့်နေတယ်"

ဝမ်ယွီထုံ သူမရင်ထဲက စိုးရိမ်ထိတ်လန့်မှုတွေကို ချုပ်ထိန်းကာ တုန်ယင်နေသည့်အသံဖြင့်ပြောလိုက်သည်။

"ငါ လည်း အခုလာခဲ့မယ်"

ခုလေးတင် ဓာတ်လှေကားမှ ထွက်လာသည့် ကျိုးကျီယွဲ့သည် ဝမ်ယွီထုံ လက်ဆောင်ပေးထားသည့် အနီရောင်တီရှပ်ကို ဝတ်ဆင်ထားသည်။ အင်္ကျီအရောင်က သူ့ကို ပိုပြီး အသားဖြူကာ ချောမောစေသည်။ သို့သော် ကိုယ်လူချောကို ဝမ်ယွီထုံ မကြည့်အားပါ။ သူမဖုန်းကို လက်ကကိုင်ပြီး မျက်လုံးက ချက်ချင်း နီရဲလာသည်။

"ဘာဖြစ်တာလဲ?" ကျိုးကျီယွဲ့က စိုးရိမ်တကြီး ရှေ့တိုးကာ မေးလာသည်။

ဝမ်ယွီထုံသည် ဖြူလျော့နေသည့် မျက်နှာဖြင့်ပြောလာသည်။ "အမေ သူ မနက်က ချော်လဲပြီး အခုဆေးရုံရောက်နေတယ်"

ကျိုးကျီယွဲ့သည် ကြမ်းပြင်ပေါ် လေးဖက်ကုန်းသွားနေသာ့်အဝတ်မလဲရသေးသည့် ကျိုးရှောင်ယွီကို ကောက်ချီလိုက်ကာ ပြောလိုက်သည်။

"မင်းဆေးရုံကို အရင်သွားနှင့်လိုက် ကိုယ်နဲ့ ရှောင်ယွီ ခဏနေ လိုက်လာခဲ့မယ်"

ကျိုးရှောင်ယွီသည် နားမလည်နိုင်ဖြစ်နေသော်လည်း လူကြီးတွေရဲ့အတည်ပေါက်မျက်နှာထားကို မြင်သောအခါ သူဝင်ပြောရမည့်အချိန်မဟုတ်သည်ကို သိသည့်အလား လက်ကလေးရှေ့ထားကား လိမ်လိမ်မာမာလေးနေနေ၏။

"အိုခေ"

ဝမ်ယွီထုံခေါင်းငြိမ့်ကာ ဘာမှ ပြောမနေတော့ပဲ ဆေးရုံကို သုတ်ခြေတင်ပြေးလေတော့သည်။

ဆေးရုံသွားနေစဉ် ကားနောက်ခန်းမှ ထိုင်ပြီး ဝမ်ယွီထုံသည် စီးကျလာသည့် သူမမျက်ရည်တွေကိုတိတ်တိတ်လေး သုတ်လိုက်သည်။ သက်ကြီးရွယ်အိုတစ်ချို့ အိမ်မှာ မတော်တဆ ချော်လဲရင်း ကြီးကြီးမားမားဖြစ်ပျက်သွားကြသည့် သတင်းမျိုးကို သူမ ဖတ်ဖူးခဲ့သည်။

ဝူရှင်းသည် အသက်ငါးဆယ်ကျော်သာ ရှိသေးသော်လည်း ဝမ်ယွီထုံသည် စိုးရိမ်နေမိကာ ဆိုးဆိုးဝါးဝါးဖြစ်လောက်မည့်အရာများကို ဝမ်ယွီထုံ တွေးပူနေမိသည်။

ကူးပြောင်းလာခဲ့သည့်သူမ အနေဖြင့် မူလကိုယ်ဝမ်ယွီထုံ၏ မိသားစုအပေါ် သူမ ထင်ထားသည်ထက်ပိုကာ သံယောဇဉ်ရှိနေသည်က ထူးဆန်းလှသည်။ ထိုခံစားချက်များသည် သူမရင်ထဲကနေ အလိုအလျောက်ဖြစ်ပေါ်လာဟန်တူသည်။

ဝမ်ယွီထုံ ဆေးရုံ ရောက်သောအခါ ဝူရှင်းသည် သူမ၏ လူနာခန်းထဲမှာ အိပ်နေ၏။ အိပ်နေသည့် ဝူရှင်းကို သူမ မနှောက်ယှက်တော့ပဲ ဖြူလျော့သည့်အသားအရေ၊ တစ်ညတည်းနှင့် ဝိတ်အတော်ကျသွားသည့် သူမ အမေကို ဝမ်ယွီထုံ ကြည့်နေမိသည်။

ဝမ်ယန်ချဲနှင့် ဝမ်ချူးယွဲ့တို့သည် လူနာခန်းအပြင်ဘက် တံခါးနားမှာ ရပ်နေကြသည်။ အဖေဝမ်ကတော့ လူနာ၏ အခြေအနေကို ဆရာဝန်ရှင်းပြသည်အား နားထောင်ရန် သွားရာမှ ပြန်မလာသေးပေ။

သူတို့ မောင်နှမသုံးယောက်စလုံး တံခါးအပြင်ဘက် ကော်ရစ်ဒါလျှောက်လမ်းမှာ တိတ်တိတ်လေးရပ်နေကြသည်။

ဝမ်ယန်ချဲက တီးတိုးပြောလာသည်။ "အမေ့တစ်ကိုယ်လုံးကိုတော့ စစ်ဆေးကြည့်ပြီးပြီ။ အမေ လဲကျသွားတော့ သူ့လက်နဲ့ထောက်လိုက်မိလို့ လက်ဖျံရိုးတော့အက်သွားတယ်။ ခြေကျင်းဝတ်လည်း ယောင်သွားတယ်။ ဒီအတောအတွင်းတော့ အမေ လှုပ်လှုပ်ရှားရှားနေဖို့အဆင်ပြေမှာ မဟုတ်ဘူး။ ကျန်တာတွေတော့ အဆင်ပြေပါတယ်။ ဆေးရုံမှာ တစ်ပတ်လောက်နေပြီးရင် ဆေးရုံက ဆင်းလို့ရပြီတဲ့"

ဝမ်ချူးယွဲ့သည် စိတ်သက်သာရာ ရသွားကာ သက်ပြင်းကလေး ချလိုက်သည်။ "အဆိုးထဲက အကောင်း တော်သေးတာပေါ့။ ရေချိုးဇလုံက ညာဘက်မှာ ရှိလို့ မဟုတ်ရင် အမေလဲတဲ့အခါ ခေါင်းနဲ့ တိုက်မိနိုင်တယ်။"

တစ်လမ်းလုံး စိတ်ပူလာသည့် ဝမ်ယွီထုံလည်း နောက်ဆုံးတော့ စိတ်သက်သာရာရသွားသည်။သူမ နဖူးပေါ်မှာ မှ ချွေးများကို သုတ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ဒါဆို အထဲကို ဝင်ပြီး အမေ့ကို စောင့်ပေးနေလိုက်မယ်"

ဝမ်ယွီထုံသည် လူနာခန်းထဲ ခြေသံဖွဖွလေးနင်းကာ လျှောက်သွားလိုက်သည်။

မနက်ခင်း ဆေးရုံကို ကတိုက်ကရိုက်လာခဲ့လိုက်ရသည်ဖြစ်၍ ဝမ်ယန်ချဲနှင့် ဝမ်ချူးယွဲ့သည် အိမ်ခဏပြန်ကာ ဝူရှင်း၏ အသုံးအဆောင်ပစ္စည်းများကို အိမ်ပြန်ယူကြသည်။ ထို့အပြင် ဝူရှင်းသည် ဆေးရုံမှာ တစ်ပတ်ခန့်နေရမည်ဖြစ်၍ အကူတစ်ဦးကိုလည်း ခေါ်လာရန် စီစဉ်လိုက်ကြသည်။

ဆေးရုံလူနာခန်းသည် ပိုးသတ်ဆေးအနံ့တွေ ပြည့်နှက်နေ၏။ ဝူရှင်းသည် ဘယ်လက် ပတ်တီးစည်းထားရင်း အိပ်ပျော်နေသည်။

အချိန်တွေကုန်ဆုံးပြီးနောက် ကုတင်ပေါ်ရှိအမျိုးသမီးသည် အသက် မငယ်တော့သော်လည်း သူမ၏ မျက်ခုံးမျက်လုံးတွေက အလွန်လှပနေသေးသည်။ သို့သော် ယိုယွင်းသွားသည့် အလှတရား၏ အရိပ်အယောင်တစ်ချို့ကို မြင်နေရသေးသည်။

ဝမ်ယွီထုံ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူမ နှုတ်ခမ်းကို စေ့လိုက်ပြီး ဝူရှင်းနိုးလာလျှင် စားနိုင်ရန် ပန်းသီး၊ လိမ္မော်သီး၊ ကီဝီသီးတို့ကို ရေဆေးကာ အခွံခွာ လှီးရင်း သစ်သီးပန်းကန်ကို ပြင်ထားလိုက်သည်။

ဝူရှင်းသည် အကြာကြီး အိပ်မနေပဲ နာရီဝက်အကြာတွင် နိုးလာသည်။ သူမ၏ ‌ဘေးတွင်း အလုပ်ရှုပ်နေသည့် ဝမ်ယွီထုံကိုမြင်လျင် အနည်းငယ်အက်ကွဲနေသည့်အသံဖြင့် "ထုံထုံ" ဟု ခေါ်လိုက်သည်။

ဝမ်ယွီထုံက သူမကိုမြင်လျင် စိတ်ပူစွာ အနားကို ပြေးသွားရင်း ဆူလေတော့သည်။ "အမေ ဘာလို့ အိမ်သာသွားတာကို ညှပ်ဖိနပ်စီးသွားရတာလဲ။ ချော်လဲမှာပေါ့။ မချော်လဲ နိုင်မယ့် ဖိနပ်တွေ အိမ်သာမှာလဲ ထားပေးတာကို ဘာလို့ လဲမစီးတာလဲ?"

သူမကို ဆူပူနေသည့် သမီးကြောင့် ဝူရှင်းအနည်းငယ် စိတ်ရှုပ်သွားကာ ဒဏ်ရာမရသည့် လက်တစ်ဖက်ကို ‌ရမ်းပြလိုက်သည်။ "ငါသိပါတယ်"

"အမေ့ဘယ်လက် ဒဏ်ရာ ရသွားတယ်လေ!!"

ဝူရှင်းက စိတ်ရှုပ်လာသည်။ "ကံကောင်းတာက ငါ့ ညာလက်မဟုတ်ဘူးလေ။ အမေ အဆင်ပြေပါတယ်"

ဝမ်ယွီထုံတစ်ယောက် သူ့အမေစကားကြောင့် ဆွံ့အသွားခဲ့ကာ လိမ္မော်သီး ဆက်ခွာနေလိုက်သည်။

ဝူရှင်းက သူ့သမီးကို ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်သည်။ "ဟေးးး ဘာလို့ ညဉ်းတစ်ယောက်တည်း ဖြစ်နေရတာလဲ?"

"အစ်ကိုနဲ့ အစ်မက အိမ်ပြန်ပြီး အမေ့ပစ္စည်းတွေပြန်ယူတယ်လေ။ အဖေကတော့ ခဏနေပြန်လာလိမ့်မယ်"

"မဟုတ်ဘူးလေ အမေ မေးတာ အသေးလေးကောလို့?"

ဝူရှင်းသည် ချစ်စရာရှောင်ယွီကလေးနှင့် နှစ်သစ်ကူး ဒုတိယနေ့မှာ တွေ့ရန် လွန်ခဲ့သည့်နှစ်ရက်ကတည်းက ပြောနေတာဖြစ်သည်။ "ရှောင်ယွီလေးကော ဘယ်မှာလဲ?"

ဝမ်ယွီထုံက အံသြတကြီး မျက်ခုံး ပင့်လိုက်သည်။ "ကလေးကို လာခိုင်းမလို့လား? ဒါပေမယ့် ကလေးက အရမ်း ဆူတယ်နော်"

"အမေက ကလေးကို ချစ်လို့ပါအေ။ ရှောင်ယွီလေးကို ဒီခေါ်လာစမ်းပါ" ဝူရှင်းသည် လက်ကျိုးထားသည့် လူနာပုံစံ လုံးဝ မပေါက်ချေ။ ကလေးအကြောင်းပြောနေသည့်အခါ သူ့မျက်ဝန်းတွေက တောက်ပနေ၏။

ဝူရှင်းသည် ကလေးများကို အမှန်ပင်ချစ်သည်။အပြစ်တင်ရမည့်သူကို ပြပါဆိုလျင် ဝမ်ယန်ချဲကို လက်ညိုးထိုးရမည်။ အသက်က သုံးဆယ်နားနီးနေပြီ အခုထိ အိမ်ထောင်ပြု သားမွေးလုပ်ဖို့ စိတ်မဝင်စားသေးဘူး။ မြေးတွေ မမွေးပေးတော့ သူမရဲ့ သန်မာ မှုတွေကိုလည်း ဘယ်မှာ သုံးရမှန်းမသိတော့။ ထို့အပြင် ယခု သူမ စိတ်အခြေအနေ သိပ်မကောင်းသေး၍ သူမကို နှစ်သိမ့်ပေးရန် ကလေးတစ်ယောက်ယောက်ကို သူမအနားရှိစေချင်သည်။

ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့ကို ဖုန်းဆက်ကာ ကလေးကို ခေါ်လာခိုင်းလိုက်ရသည်။

ရှောင်ယွီလေးကို ခေါ်ရန် တာဝန်ကြီး ပြီး ဆုံးသွားတော့ ဝူရှင်းသည် ဝမ်ယွီထုံကို နောက်တစ်ခု ထပ်ခိုင်းလေသည်။

ဝူရှင်းသည် အနည်းငယ် ဟိတ်ဟန်များသည့်လူမျိုးဖြစ်သည်။ သူမ၏ လူချမ်းသာအမျိုးသမီးသူငယ်ချင်းများမြင်နိုင်ရန် WeChatထဲ ပို့စ်တင်ရန် ဝမ်ယွီထုံအား သူမ၏ ဆေးရုံကုတင်ပေါ် လှဲနေသည့်ပုံ၊ ပတ်တီးစည်းထားသည့် သူမ၏လက်ပုံ တို့ကို ဓါတ်ပုံရိုက်ခိုင်းလေသည်။

ပို့စ်တင်လိုက်ပြီးနောက် ဝူရှင်း၏ WeChat သည် မက်ဆေ့တွေ ဖုန်းအဝင်ကောတွေ ဝင်လာသည့်အသံများမြည်လာသည်။ ဝူရှင်းသည် ဝမ်ယွီထုံ ခွံ့သည့် သစ်သီးကို စားရင်း ညာလက်ဖြင့် ဖုန်းကိုင်ကာ ခေါ်လာသည့် ဖုန်းတွေကို ပြန်ဖြေနေသည်။

"ဟုတ်တယ် ဟုတ်တယ် ကျွန်မကိုက ဂရုမစိုက်မိတာပါလေ။ အရမ်းနာတာပဲ။ အခုတော့ ဆေးရုံမှာ။ ကျွန်မ သမီးငယ်လေးက ကျွန်မကို ဂရုစိုက်ပေးနေတာလေ။ကျွန်မယောကျာ်းကတော့ သုံးမရပါဘူးရှင်။ ရှင်တို့လာစရာမလိုပါဘူး။ ကျွန်မ ဆေးရုံမှာ တစ်ပတ်လောက်ပဲ နေရမှာ။ ဆေးရုံကဆင်းရင် အလှအပအတွက် ရက်ချိန်း ယူထားတာ လာခဲ့မယ်လေ...."

"အသုံးမကျသူ" ဝမ်ဖေဖေကြီး ဝမ်ယွင်ထင်းသည် ထိုအခိုက်တွင် ဆေးရုံအောက်ထပ်ကို ရောက်နေလေသည်။သူသည် သူ့မိန်းမအတွက် နေ့လည်စာ ထမင်းဘူးလေးကို ကိုင်ကာ အပေါ်ထပ်တက်ရန် ဓာတ်လှေကားစောင့်နေ၏။

"အဖေ "

ရုတ်တရက် ဆွဲဆောင်မှု ရှိသည့်အမျိုးသားတစ်ဦး၏ အသံ သူ့အနောက်မှ ထွက်လာသည်။ ဝမ်ယွင်ထင်း လှည့်ကြည့် လိုက်စဉ် ကျော့ရှင်းခန့်ငြားလှသည့် ကျိုးကျီယွဲ့သည် လက်တစ်ဖက်က တန်ဖိုးကြီး လက်ဆောင်များကို ကိုင်ပြီး ကျန်တစ်ဖက်က ရှောင်ယွီလေးကို ချီထားသည့် ပုံကို မြင်လိုက်ရသည်။

ကျိုးရှောင်ယွီလေးသည် သူ့အဖိုး ဝမ်ယွင်ထင်းကို မြင်လျင် သွားဖြီးကာ ပြုံးပြပြီး လက်ကလေးဝေ့ရမ်းပြီး ပျော်ရွှင်စွာ နှုတ်ဆက်လေသည်။ သူ့ဆံပင်ကောက်လေးတွေကလည်း တုန်ခါရမ်းနေ၏။

"ယေးးယေးးးယေးးးး!"

ဝမ်ယွင်ထင်းလည်း မျက်လုံးအရောင်တောက်သွားပြီး သူ့သမက်လေးကို သာကြောင်းမာကြောင်း မေးမြန်းလေသည်။

"ရှောင်ကျိုး မင်းက အရမ်းစဉ်းစားပေးတတ်တာပဲ!"

ကျိုးကျီယွဲ့ကလည်းယဉ်ကျေးစွာ အသာအယာခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော့လုပ်ရမယ့်အရာတွေပါဗျာ"

သူတို့နှစ်ယောက် ဝူရှင်း၏ အခြေအနေကို ဆက်ပြောကြသည်။လဓါတ်လှေကားရောက်လာတော့ နှစ်ဦးသား အထဲဝင်ကာ တံခါးပိတ်လုဆဲဆဲအချိန်တွင် တံခါးသည်ရုတ်တရက် ပြန်ဖွင့်ခံလိုက်ရကာ အရပ်ရှည်ရှည် ဖက်ရှင်ကျကျ ညီအစ်ကို နှစ်ဦး ဓါတ်လှေကားထဲကို ဝင်လာသည်။

လက်ဆောင်အိတ်တွေ သယ်လာသည့် သွမ့်ရိသည် သူ့နေကာမျက်မှန်ကို ချွတ်ကာနှုတ်ဆက်လာသည်။

"အန်ကယ် ကျွန်တော်တို့ WeChat မှာ အန်တီ ပို့စ်တင်ထားတာမြင်လို့ အန်တီ့ဆီ လာလည်တာပါ"

မမြင်ရတာ ရက်ပိုင်းသာရှိသေးသော်လည်း သွမ့်ရွှမ်းယဲ့သည် ပါးချိုင့်နှစ်ဖက်ဖြင့် ဆံပင်ကလည်း ပန်းရောင်တောက်တောက်ကို ပြောင်းဆိုးထားလေသည်။ "မင်္ဂလာပါ အန်ကယ်"

ဝမ်ယွင်ထင်းစိတ်ထဲ ခံစားချက် သိပ်မကောင်းတော့ပေ။သို့သော် ချိုသာသည့်အပြုံးကိုတော့ မျက်နှာဝယ် ဆင်မြန်းထားလိုက်သည်။ " မင်္ဂလာပါကွယ် မင်းတို့လည်း သိတတ်လိုက်ကြတာ"

ကျိုးကျီယွဲ့ နှင့် သွမ့်ရွှမ်းယဲ့တို့ အကြည့်ချင်း တစ်ခဏ ဆုံလိုက်ကြပြီး အမှုမထားသည့်ပုံဖြင့် ချက်ချင်း အကြည့်လွဲလိုက်ကြသည်။

ဝမ်ယွင်ထင်းသည် ဓါတ်လှေကားတံခါးကို ပိတ်ရန်ပြင်လိုက်စဉ် တံခါက ထပ်ရပ်သွားပြန်သည်။

မတွေ့ရတာ ရက်ပိုင်းလောက်ရှိမည့် စုဟန်သည် ဦးထုပ်အမဲနှင့် မတ်စ်ကို ဆောင်းရင်း ဝင်လာသည်။ သူ့လက်ထဲမှာလည်း အဟာရဖြည့်စွက်အစားအစာများ အိတ်နှစ်အိတ်စာ သယ်လာလေသည်။ စုဟန်သည် မတ်စ်ကို ချွတ်လိုက်ကာ အေးဆေးတည်ငြိမ်သည့်အမူအရာမှ ပြုံးကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အန်ကယ် ဒီမနက် အန်တီရဲ့ WeChat မှာ တင်ထားတာ မြင်လိုက်လို့ပါ။ဒီနေ့ အလုပ်နားရက်လဲ ဖြစ်နေတာနဲ့ အန်တီဆီ အလည်လာလိုက်တာ"

ဝမ်ယွင်ထင်း နှလုံးခုန်နှုန်းတွေ မြန်ကာ ဘုရားတနေမိသည်။ သူ့နှဖူးမှ အေးစက်စက်ချွေးတွေကို အသာအယာ သုတ်လိုက်သည်။ "ရှောင်စုကလည်း အတော်သိတတ်တာပဲ"

စုဟန်သည် ဆေးရုံ ဓါတ်လှေကားထဲ ဝင်လာလိုက်ကာ ဓါတ်လှေကားအထဲရှိ ကျိုးကျီယွဲ့နှင့် သွမ့်ရွှမ်းယဲ့တို့ကို တစ်ချက် ကြည့်လိုက်ကာ သူ့မျက်ဝန်းထဲ မလိုတမာစိတ်ဖြတ်ပြေးသွားလေသည်။

ကျိုးကျီယွဲ့ သူ့နှုတ်ခမ်းတွေအေးစက်စွာ တွန့်ကွေးသွားသော်လည်း ဘာမှ မတုံ့ပြန်ခဲ့ပေ။ သွမ့်ရွှမ်းယဲ့ကတော့ သဘောမကျသည့် ဟန်ဖြင့် လက်သီး ဆုပ်နေသည်။

သွမ့်ရိကတော့ သူ့ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ ရှိုးကို ကြည့်နေ၏။

ကျိုးရှောင်ယွီကတော့ သွားရည်တွေကျကာ ငေးမောနေသည်။

သိပ်မကျယ်လှသည့် ဓါတ်လှေကားလေးသည် လူတွေ ဖြင့် ပြည့်ကြပ်သွားသည်။

ဓါတ်လှေကား တံခါး ဖြည်းညှင်းစွာ ပိတ်သွားသည်။ ဝမ်ယွင်ထင်းသည် ခန္ဓာကိုယ် သတိအနေအထားဖြစ်နေကာ ဟန်ဆောင်အပြုံးကိုလည်း သူ့မျက်နှာ ဝယ် ဆင်မြန်းထားသည်။

'သူ့ဘဝမှာ ဘယ်လို အမှားတွေများလုပ်မိခဲ့လို့ နှစ်သစ်ကူးဒုတိယနေ့ကြီးမှာ ဘာလို့ ဒီလို အဖြစ်မျိုး ကြုံနေရတာလဲ?'

'ခုချိန် ဓါတ်လှေကားထဲက ထွက်မယ်ဆိုရင် နောက်ကျသွားပြီလား?'

All Chapters