အခန်း (၅၆)
Vol. 5 Ch. 56
ဓာတ်လှေကား အပေါ်တက်သွားသည်။ ဝူရှင်း၏ အခန်းရှိရာ အတွင်းလူနာဆောင်၏ အထပ်မြင့်ဆီကို ဖြည်းဖြည်းလေး တက်သွားသည်။
သွမ့်ရိသည် ဝမ်ယွင်ထင်း လက်ထဲမှ ထမင်းဘူးကို မြင်လိုက်၍ စနောက်လိုက်သည်။ "အန်ကယ် ဒါက ကိုယ်တိုင်ချက်လာတာလား?"
ဝမ်ယွင်ထင်း၏ အကြည့်တွေက နူးညံ့သွားပြီး ခေါင်းငြိမ့်ကာ ပြောလာသည်။ "ဟုတ်တယ် အန်ကယ့်အမျိုးသမီးက အန်ကယ်လုပ်တဲ့ ခေါက်ဆွဲကို ကြိုက်တယ်လေ"
ဝမ်ယွင်ထင်း ယူလာသည့် ထမင်းဘူးထဲတွင် အသားဖက်ထုပ်ခေါက်ဆွဲပါသည်။ ဝူရှင်းအကြိုက်ဆုံး ဟင်းလျာဖြစ်သည့်အတွက် သူအိမ်ခဏပြန်ကာ အမြန်လုပ်လာခဲ့ခြင်း ဖြစ်သည်။
သွမ့်ရိက ပြုံးကာ ဆက်ပြောလာသည်။ "အန်ကယ်က တစ်ကယ့်ကို စံထားသင့်တဲ့ အိမ်ထောင်ရှင် ယောကျာ်းကောင်းပဲ"
ဝမ်ယွင်ထင်း ရှက်ရှက်ဖြင့် သူ့နှာခေါင်းသူ ပွတ်လိုက်သည်။ "မဟုတ်ပါဘူး မဟုတ်ပါဘူး ဒါကတော့ အိမ်ထောင်ရှင်ယောကျာ်းတိုင်း လုပ်နိုင်ပါတယ်"
သွမ့်ရွှမ်းယဲ့ကလည်း သူ၏ မက်မွန်သီးမျက်ဝန်းကို မှေးကာ ပြောလာသည်။ "အန်ကယ်က အိမ်ထောင်ရှင်ယောကျာ်းကောင်းဖြစ်ရုံတင်မကဘူး အဖေကောင်းတစ်ယောက်လည်း ဖြစ်သေးတယ်။ အိမ်ထောင်တစ်ခုလုံးကိုလည်း ကောင်းကောင်းစီမံနိုင်တယ် အန်တီဆို အခုထိ ငယ်ရွယ်နုပျို လှပနေသေးတာကိုပဲ ကြည့်လေ။ ဒါပေမယ့် ကျွန်တော်သိသလောက် လက်ထပ်ပြီးယောကျာ်းတိုင်းက အာ့လို အရည်အချင်းမျိုး မရှိကြဘူး"
ကျိုးကျီယွဲ့ သူ၏ နှုတ်ခမ်းထောင့်တွေကို အေးစက်စက် ကွေးလိုက်သည်။ သူ့ပုံစံက အေးဆေးသက်သာ လွန်းကာ မျက်လုံးပင့်ကြည့်ရန်ပင် ပျင်းနေဟန်ပုံပေါ်သည်။
စုဟန်ကလည်းပြုံးလိုက်ရင်း မရေမရာပြောလာသည်။ "ဟုတ်တာပေါ့...အန်ကယ်နဲ့ အန်တီဆိုရင် နှစ်ယောက်သား သိလာကြတာ ကြာရုံမက တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းချစ်ကြတယ်။ ဒါပေမယ့် ခုခေတ်မှာ တစ်ချို့ယောက်ျားတွေက သူတို့မစွမ်းဆောင်နိူင်တိုင်း ကလေးကို အကြောင်းပြပြီး သူတို့အိမ်ထောင်ဖက်ကို အိမ်မှာပဲ ခြေချုပ်မိအောင် လုပ်ကြတယ်လေ။ အာ့လိုလူတွေနဲ့တော့ ယှဉ်လို့မရဘူးလေ"
သွမ့်ရွှမ်းယဲ့သည်လည်း နှုတ်ခမ်းလေး ကွေးကာ ပြုံးရင်း ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် တစ်ချို့ယောကျာ်းတွေက အာ့လိုမျိုး ကလေးအကြောင်းပြတဲ့ အကွက်တွေ သုံးတတ်တယ်။ အာ့လိုမျိုးအပြုအမူက ရှက်ဖို့အကောင်းဆုံးပဲ"
ကျိုးရှောင်ယွီကတော့ ဓါတ်လှေကား မှန်မှာ ပေါ်နေသည့် သူ၏ချစ်စရာကောင်းသည့် ရုပ်သွင်ကို ကြည့်ကာ လက်ကလေး ဝေ့ရမ်းပြရင်း မိမိကိုယ်ကို ရီနေသည်။
"ဒါ ဒါ ယေးးယေးးယေး"
စုဟန်နှင့် သွမ့်ရွှမ်းယဲ့ အကြည့်ချင်း ဆုံမိလိုက်ကြသည်။ အချင်းချင်းကြည့်မရသည့်လူနှစ်ဦး ရုတ်တရက် တစ်ဖက် လူ ပြောသည့်စကားသည် အဓိပ္ပာယ်ရှိကြောင်း ခံစားမိလိုက်ကြသည်။
ဝမ်ယွင်ထင်းကတော့ စကားပင် ဝင်မပြောရဲတော့ပေ။သူ့တည်ရှိနေမှုကို တတ်နိုင်သမျှ လျော့ချရင်း ဓါတ်လှေကား အထက်နံပါတ်တွေ ပြောင်းနေသည်ကို စိုက်ကြည့်နေလိုက်သည်။ သူ့စိတ်ထဲမှာလဲ ဓါတ်လှေကားကို အမြန်သွားစေချင်နေမိသည်။
ကျိုးကျီယွဲ့သည် ပန်းရောင်ဆံပင်ဆိုးထားသူ နှင့် ဦးထုပ်ဆောင်း ထားသူတို့ကို သူ၏ မျက်ဝန်းညိုတို့ဖြင်ြ တစ်ချက်ကြည့်လိုက်ကာ ပြောင်ပင် ရွဲ့ ပြောလာသည်။
"ကျွန်တော့်မိဘတွေလည်း နှစ်အတော်ကြာသူငယ်ချင်းတွေ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းချစ်ကြတယ်။ ဒါပေမယ့် အာ့တာကြောင့် သူတို့တွေ အချိန်ကြာကြီး အတူရှိရမယ်လို့ မဆိုလိုဘူးလေ။ လူဆိုတာ အတူရှိဖို့ ကံကြမ္မာမဖန်လာရင် အရင်းနှီးဆုံးသူတွေတောင် သူစိမ်းတွေ ရန်သူတွေ ဖြစ်လာနိုင်တာပဲ"
သွမ့်ရွှမ်းယဲ့၏ မျက်လုံးများ အရောင်မှိန်သွားသည်။ စုဟန်၏ မျက်နှာကတော့ ချက်ချင်း မည်းမှောင်သွားသည်။
ဝမ်ယွင်ထင်းတစ်ယောက် အသက်ပင် မရှုရဲတော့ချေ။'ကျေးဇူးပြုပြီး မင်းတို့ပြောတဲ့ အကြောင်းအရာတိုင်းမှာ ငါနဲ့ ပတ်သက်ပြီး မပါ လို့မရဘူးလား။ ငါ မင်းတို့အပေါ် ဘာအမှားတွေများ လုပ်မိလို့လဲကွာ။'
ထိုအခိုက်မှာ သွမ့်ရိက ခေါင်းစဉ်ပြောင်းပေးလိုက်သည်။ "အန်ကယ် ကျွန်တော်တို့ အန်တီကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ကူညီပေးစရာရှိလဲဗျ"
ဝမ်ယွင်ထင်း လက်ခါပြလိုက်သည်။ "မလိုပါဘူးကွယ်။ မင်းတို့ လာပေးတာနဲ့ တင် ကျေးဇူးတင်မိနေပြီ အားလုံးကို ကျေးဇူးတင်ပါတယ်ကွယ်"
ဝမ်ယွင်ထင်းလည်း သွမ့်ရိကို ကျေးဇူးတင် ချစ်ခင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ ခုတစ်လော ဒီ သွမ့်လူငယ်လေးကို သူသဘောကျနေမိသည်။
အနည်းဆုံးတော့ သူက တစ်ခြားသူတွေလို ရန်သူနဲ့ တွေ့ရသလိုမျိုး ခေါင်းကိုက်စေတဲ့ ခံစားချက်မျိုး မပေးဘူးလေ။
"တင်းး--"
နောက်ဆုံးတော့ သူတို့သွားလိုသည့်အထက်သို့ ရောက်လာသည်။ ဓါတ်လှေကားတံခါး ပွင့်လာသည်နှင့် ဝင်လာသည့် လတ်ဆတ်သည့်လေလေးက ဝမ်ယွင်ထင်းအား သူအသက်ရှင်နေသေးသည်ဆိုသည့် ခံစားချက်ကို ပြန်ရစေသည်။
သူတို့အဖွဲ့ လူနာခန်းထဲသို့ ဝင်လာကြသည်။ ဝူရှင်းသည် ဝမ်ယွီထုံ ကျွေးသည့် လိမ္မော်သီးစားနေစဉ် လူအုပ်လိုက်ကြီး ဝင်လာ၍ အံ့အားသင့်သွားသည်။
ပျာရီးပျာယာဖြင့် ဝင်လာသည့် လူငယ်များကို နှုတ်ဆက်လိုက်သည်။ "ဟယ်လို"
ကျိုးကျီယွဲ့ သူ့လက်ထဲမှ လက်ဆောင်များ ဘေးချလိုက်သည်။ အရပ်ရှည်လျားသည့် ကျိုးကျီယွဲ့သည် စိုးရိမ်သည့်အကြည့်များဖြင့် မေးလိုက်သည်။ "အမေ သက်သာရဲ့လား"
ကျိုးရှောင်ယွီကလည်း ဝူရှင်းကို မျက်လုံးလေးပြူးကာ ကြည့်နေ၏။ "ဒါ ဒါ ဒါ ဒါ !"
ဝူရှင်းသည် သူ့သမက်လေးကို ကြည့်လေလေ သဘောကျလေလေ ဖြစ်လာသည်။ "နည်းနည်းလေးဖြစ်တာပါ။ ရက်ပိုင်းလောက် နားလိုက်ရင် ကောင်းသွားမှာ"
ထို့သို့ပြောရင်း ရှောင်ယွီလေးကို စနောက်သည့် မျက်နှာ လုပ်ပြလိုက်၍ ကလေးကလည်း သဘောကျကာ သူ့သွားလေးချောင်းလုံး ပေါ်အောင် ပြုံးဖြီးလိုက်လေသည်။
သွမ့်ညီအစ်ကို နှစ်ယောက်ကလည်း ဘေးကနေ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ "ဟယ်လို အန်တီ"
သွမ့်ရွှမ်းယဲ့သည် ဝမ်ယွီထုံဘက်လှည့်ကာ ပါးချိုင်းပေါ်အောင်ပြုံးပြလိုက်ပြီး ဟိုင်းးးဟု ပါးစပ်လေး လှုပ်ပြလိုက်သည်။
ဝမ်ယွီထုံကတော့ သူ၏ ပန်းရောင်ဆံပင်ကိုသာ ငေးကြည့်နေမိတော့သည်။ သွမ့်ရွှမ်းယဲ့၏ ပန်းရောင်ဆံပင်က တောက်ပလွန်း၍ ဝမ်ယွီထုံပင် သူ့ဆံပင် ဘယ်လိုထိန်းသိမ်းလဲ မေးချင်လာမိသည်။
စုဟန်သည် ရှေ့တိုးလာကာ သူ့လက်ထဲက ဖြည့်စွက်အစာ လက်ဆောင်အိတ်ကြီး နှစ်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ "ဟယ်လို အန်တီ"
ထို့နောက်သူ၏ ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်စဉ် အားလုံး ရှော့ရ ကုန်ကြသည်။
စုဟန်၏ မျက်နှာသွင်ပြင်က ချောမောလှပသော်လည်း သူ့ခေါင်းကတော့ ပြောင်နေအောင်ရိတ်ထားလေရာ အလွန်ရီစရာကောင်းနေ၏။ စုဟန်သည် ဝမ်ယွီထုံဆီ မျော်လင့်ချက် အရိပ်သန်းနေသည့်အကြည့်လေးဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
ဝမ်ယွီထုံကတော့ ပန်းရောင်ဆံပင်ကောင်လေး နှင့် ကတုံးပြောင်ကောင်လေးတို့ကို ကြည့်ကာ တစ်ခုခု ပြောချင်သော်လည်း သူမကိုယ်သူမ ထိန်းလိုက်ရသည်။
ဝမ်ယွီထုံ အရမ်းရယ်ချင်နေလွန်း၍ သူမရင်ဘတ်တွေပင် လှုပ်လာသည်။ သူမ မထိန်းနိုင်ပဲ ရယ်မိတော့မလိုပင်ဖြစ်သွားသည်။
ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့လိုက်ပြီး ဝမ်ယွီထုံကို သူများမမြင်နိုင်ရန် သူ့ခြေတံရှည်လေးဖြင့်အသာနေရာ ရွေ့ကာ သူ့ကိုယ်လုံးဖြင့် ကွယ်ထားလိုက်သည်။
နောက်ဆုံးတော့ ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့နှင့် ကျိုးရှောင်ယွီထံ အာရုံ ပြန်လှည့်လာနိုင်ခဲ့သည်။
ကျိုးကျီယွဲ့သည် သူမ ဝယ်ပေးသည့်ရှပ်အင်္ကျီကို ဝတ်ထားခဲ့သည်။ အသားကလည်း ဖြူနေပြီး သူ၏ရုပ်သွင်ပြင်က တောက်ပနေကာ ဆီဆေးပန်းချီကားချပ်ထဲက လူချောလေးလိုဖြစ်နေသည်။
သူ့လက်ထဲက ဘောလုံးလေး ကျိုးရှောင်ယွီကလည်း လုံးတုံးတုံးလေးနှင့် ချစ်စရာကောင်းလှသည်။
ဝမ်ယွီထုံပင် ကလေး၏ ချစ်စရာကောင်းမှုမှာ ကြွေဆင်းသွားပြီး ကျိုးကျီယွဲ့လက်မှ ပွေ့ချီလိုက်သည်။
ဝူရှင်းကလည်း သက်သာနေပြီ ဖြစ်၍ ဝမ်ယွီထုံသည် စိတ်ပျော်ရွှင်စွာ ကလေး၏ ပါးကိုနမ်းလိုက်သည်။
"ရှောင်ယွီလေးရေ ဒီမှာ ဖွားဖွားလေ။ ဖွားဖွားလို့ခေါ်လိုက်" ဝမ်ယွီထုံ ရှောင်ယွီ၏လက်ကလေးကို ကိုင်ကာ ဝူရှင်းကို ဝေ့ရမ်း နှုတ်ဆက်လိုက်သည်။
ရှောင်ယွီကလည်း ရုတ်တရက် ပါးစပ်ကနေ "ဖော်ဖော်...ဖော်ဖော်" ဟု အသံပေးလေသည်။ (ဖော့ဖော =ဖွားဖွား တရုတ်လို အသံနှင့်ဆင်တူ)
ဝူရှင်းလည်း ကလေး၏ ချစ်စရာအမူအရာကိုကြည့်ကာ မျက်လုံးထောင့်နား အတွန့်တွေ ပေါ်သည်အထိ ပြုံးလိုက်သည်။
"ကလေးကတော်လိုက်တာ။ ဒီအရွယ်လေးနဲ့ ဖွားဖွားလို့တောင် ခေါ်တတ်နေပြီ!"
ဝမ်ယွီထုံလည်း ချီးကျူးသည့်အနေဖြင့် ရှောင်ယွီလေး ခေါင်းကို ပွတ်ပေးလိုက်သည်။ ရှောင်ယွီလေးသည် ၁၁လ ပြည့်ခါနီးလာလေလေ အဓိပ္ပာယ်ရှိသည့် ဆင်တူစကားလုံး နှစ်လုံးတွဲများကို အတုခိုးပြောတတ်လာလေလေဖြစ်သည်။
သူမကြိုက်သာ့်အရာကိုလည်း ခေါင်းခါကာငြင်းတတ်ပြီး တစ်ချို့ပစ္စည်းများ၏ နာမည်ကိုပါ တစ်ဖက်လူ နားလည်အောင် ပြောတတ်နေပြီဖြစ်သည်။
စနစ် - " ဟုတ်ပါတယ် ခုကနေစပြီးတော့ ရှောင်ယွီလေးက လူတွေနဲ့ ပြောဆိုဆက်သွယ်ဖို့ တစ်ကယ့် ဘာသာစကားကို သုံးလာတော့မှာ ဖြစ်ပါတယ်"
စနစ်ကနေပြီး ရုပ်ပုံ နှင့်စာများ ပေါ်လာသည်။
[သင့်ကလေး၏ ဘာသာစကားစွမ်းရည် တိုးတက်လာစေဖို့ နည်းလမ်းကောင်းများ]
[ အမေနဲ့ အဖေက ကလေးကို လက်တွေ့ဘဝဖြစ်စဉ်တွေ နဲ့ စကားပြောသင်ပေးပါ။ သင်ဘာလုပ်လုပ် သင့်ကလေးကို မညဉ်းငြူပဲ ရှင်းပြပေးပါ ]
[အမေနဲ့ အဖေက စာဖတ်ပြသူတွေအဖြစ်ပြောင်းလဲလိုက်ပါ။ ကလေးထောက်ပြလိုက်တဲ့ အရာတိုင်းကို ပြောပြပါ။ အသေးစိတ်ရှင်းပြနိုင်လေလေ ပိုကောင်းလေလေပါပဲ]
[ အမေနဲ့ အဖေက စကားပြောကြတဲ့အခါမှာ ဝါကျ ပြည့်ပြည့်စုံစုံပြောပါ။ သင့်ကလေးနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကလေးနားလည်နိုင်မည့်စကားလုံးတွေ အပြင် ဝေါဟာရအသစ်တွေကိုလည်း ပြောပေးပါ]
ဝမ်ယွီထုံသည် ဝူရှင်းနှင့် ချော့မြူနေသည့် ကျိုးရှောင်ယွီကိုချီရင်း သူမစိတ်ထဲကနေ စနစ်က ပြလာသည့်အချက်အလက်များကို ဂရုတစိုက် ဖတ်လိုက်သည်။
ဖတ်နေရင်း ဝမ်ယွီထုံ နားမလည်လာ၍ စနစ်ကို စိတ်ထဲကနေ မေးလိုက်သည်။ "စကားလုံး နှစ်လုံးတွဲတွေက ပြောလို့မရဘူးလား။ ကျွန်မဆို ရှောင်ယွီလေးကို နှစ်လုံးတွဲလေးတွေ ပြောနေကြ။ ထမင်းကိုဆို မန်းမန်း၊ အိပ်ဖို့ဆို အိပ်အိပ်၊ ခွေးလေးကို ဆို ဝုတ်ဝုတ်တို့လေ အာ့လိုလေးပြောတာ ချစ်စရာလည်း ကောင်းတယ်လေ "
စနစ် - "အာ့လို သံတူ နှစ်လုံးတွဲကို စကားလုံး တစ်ခုလို့ သတ်မှတ်လို့မရဘူး။ ကလေးတွေ စကားစပြောတဲ့အချိန်တော့ အာ့လိုလေးသင်ပေးတာက သူ့ကို စကားပြောချင်စိတ်ဖြစ်စေတယ်။ ဒါပေမယ့် ကလေးရဲ့ စကားပြောစွမ်းရည် တိုးတက်လာတာနဲ့အမျှ မိဘတွေအနေနဲ့ မွေးစကလေးငယ်တွေကို အပြောသင်သလိုမျိုး ဆက်လုပ်နေလို့မရတော့ဘူး။ ကလေးရဲ့ ဘာသာစကားစွမ်းရည်တွေ ဆက်တိုးတက်လာအောင် အခြေခံစံနှုန်းစကားလုံးတွေကို တိတိကျကျ သင်ပေးသင့်ပြီ"
ဝမ်ယွီထုံလည်း တွေးဆလိုက်ရင်း ခေါင်းငြိမ့်လိုက်သည်။ “ခု တို့ရှောင်ယွီလေးက စကားစပြောခါစအရွယ်ဆိုတော့ အရမ်းကြီး အတိအကျ ပြောစရာမလိုပဲ သူ့ရဲ့ စကားပြောချင်စိတ်ကို တိုးလာစေရုံလုပ်ပေးရမှာပေါ့"
စနစ် - " ဒါပေါ့"
ဝူရှင်းသည် လက်ထိခိုက်ထား၍ ကလေးကို မချီနိုင်သော်လည်း သူ့ပေါင်ပေါ်တင်ထားလေသည်။
"တို့ရှောင်ယွီလေးက အတော်လေး အရပ်ရှည်လာပြီနော်!" ဝူရှင်က ကလေးကို ကြည့်ရင်း ပြုံးကာ ပြောလေသည်။
"မတွေရတာ ခဏလေးပဲ ရှိသေးတာကို သူ့ခြေလက်တွေ အတော်လေး ရှည်လာပြီနော်"
ကျိုးရှောင်ယွီကတော့ သူ၏ စပျစ်သီးကဲ့သို့ လုံးဝန်းသည့် မျက်လုံးကြီးဖြင့် ဝူရှင်းကို လိမ်လိမ်မာမာကြည့်ကာ သွားလေးချောင်းလုံးပေါ်အောင် ပြုံးပြလေသည်။
"ဖော်ဖော် .... ဖော်ဖော် ...."
ဝူရှင်းသည် အပြုံးမျက်ဝန်းများဖြင့်ကြည့်ကာ ရှောင်ယွီလေး၏ ခေါင်းကို ညာလက်ဖြင့် ပွတ်သပ်လိုက်သည်။
ထိုအခိုက်ဖြူစင်သည့်ကလေးငယ်လေး ရှောင်ယွီသည် သု့လက်ကို ဆန့်ကာ ဝူရှင်း၏ ပတ်တီးစည်းထားသော ဘယ်လက်ကို ကလေးပီပီ သိလိုစိတ်ဖြင့်ရိုက်လိုက်လေသည်။
ဝမ်ယွီထုံ မျက်လုံးသူငယ်အိမ်ကြုံ့သွားကာ ပို၍ ဆိုးရွားသည့်အရာများ လုပ်မလာခင် ကလေးကို သူ့အမေဆီမှ အမြန်ချီလိုက်လေသည်။
"အမေ အဆင်ပြေရဲ့လား?"
ဝူရှင် ခေါင်းခါလိုက်သည်။ "မပြေဘူး!"
လူတိုင်းလည်း စိုးရိမ်တကြီးဖြင့် ဆရာဝန်ကို ခေါ်လိုက်ကြသည်။
ရောက်လာသည့်ဆရာဝန်ကလည်း သေချာပြန်လည်စစ်ဆေးကာ ကျိုးရှောင်ယွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဘာမှ တော့မဖြစ်သွားပါဘူး။ ခုလို ဒဏ်ရာပြန်လည်ထူထောင်တဲ့ ကာလမှာ မတော်တဆခိုက်မိတာမျိုးမဖြစ်အောင် ကလေးနဲ့ အနီးကပ်မနေတာ အကောင်းဆုံးပါပဲ"
ဝမ်ယွီထုံလည်း အလျင်အမြန် ဟုတ်ကဲ့ပြောကာ ကျိုးရှောင်ယွီ ပြသနာထပ်မရှာနိုင်တော့အောင် ကလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့သည်။
ကျိုးရှောင်ယွီကတော့ ဘာမှ မသိသည့်မျက်ဝန်းလေးဖြင့် ကြည့်ကာ သူ့ခြေထောက်တွေ လှုပ်ရမ်းနေ၏။
'သူက သူ့အဖွားနဲ့ ဆော့ချင်ရုံပါ။ သူလည်း သူ့အဖွားလုပ်သလိုမျိုး လက်မှာ ပတ်ထားချင်တယ်လေ။ ပျော်ဖို့ကောင်းမယ့်ပုံပဲ!'
ကျိုးကျီယွဲ့သည် ဝမ်ယွီထုံ လက်မှ ရှောင်ယွီလေးကို ချီလိုက်ကာ သူမနားထဲ တီးတိုးပြောလိုက်သည်။ "ကိုယ်ရှောင်ယွီကို အိမ်အရင်ပြန်ခေါ်သွားလိုက်မယ်လေ။ အမေလည်း အနားယူလို့ရတာပေါ့"
ဝမ်ယွီထုံလည်း ထိုသို့စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီလေ။ ကျွန်မ ဒီနေ့တော့ ဆေးရုံမှာပဲ အမေ့ကို အဖော်လုပ်လိုက်မယ်။ ညနေပိုင်းမှ အိမ်ပြန်လာခဲ့မယ်"
ကျိုးကျီယွဲ့သည် ဝမ်ယွီထုံကြိုက်သည့် အုတ်ဂျုံ နို့လက်ဖက်ရည်နှစ်ပုလင်းကို ထုတ်ကာပေးလိုက်သည်။
"မင်းလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်"
ထိုသို့ပြောလိုက်ပြီး အနားမှာ ဘယ်သူမှမရှိသလိုမျိုး ဝမ်ယွီထုံ၏ နဖူးပေါ် အသာအယာ အနမ်းလေးပေးလိုက်သည်။ သူတို့ပုံစံက တစ်စက္ကန့်ပင် မခွဲခွာနိုင်ကြသည့် စုံတွဲကဲ့သို့ဖြစ်နေ၏။
အမေဝမ်လည်း လူငယ်စုံတွဲတို့၏ ချစ်ကြည်နူးနေမှုကိုကြည့်ကာ သူ့မျက်နှာဝယ် အပြုံးလေး တွဲခိုသွားသည်။အဖေဝမ်ကတော့ ရေသောက်နေရင်း မြင်လိုက်ရ၍ သီးသွားလေသည်။
သွမ့်ရွှမ်းယဲ့နှင့် စုဟန်တို့ကတော့ ချက်ချင်း မျက်နှာ ကြီး မဲမှောင်သွားကြကာ နှာခေါင်းရှုံ့သံများပင် ထွက်လာကြသည်။
လူတိုင်း ဝိုင်းကြည့်နေကြ၍ ဝမ်ယွီထုံ ရှက်ကာ မျက်နှာကြီး နီရဲလာပြီး သူ့လက်ထဲက နို့လက်ဖက်ရည်ပုလင်းကိုသာ တင်းတင်း ဆုပ်ကိုင်ထားတော့သည်။
"အိုခေ ရှင်တို့ အရင်ပြန်နှင့်လိုက်ပါ" ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ ရင်ဘတ်ကို တွန်းလိုက်ကာ ကျိုးရှောင်ယွီကို ပြောလိုက်သည်။
"ဘေဘီလေးရေ ဒီနေ့ အဖေ့စကားကို နားထောင်ရမယ်နော်။ မေမေ ညနေရောက်ရင် စောစောပြန်လာပြီး ပုံပြင်ဖတ်ပြမယ်နော် ဟုတ်ပြီလား"
ကျိုးရှောင်ယွီ မျက်လုံးလေးတွေ အရောင်တောက်သွားသည်။ သူ မသွားချင်သေးသော်လည်း သူ့အမေစကားကို နားထောင်ပြီး တိတ်တိတ်လေးနေကာ ငိုယိုဂျီမကျပေ။
"အမေနဲ့ အဖေ ကျွန်တော် ရှောင်ယွီနဲ့ အိမ်အရင်ပြန်လိုက်ပါဦးမယ်" ကျိုးကျီယွဲ့သည် ဝမ်အဖေနှင့် ဝမ်အမေ ဘက်လှည့်ကာ နှုတ်ဆက်စကားပြောလိုက်ပြီး ကျန်သည့်လူတွေဘက်လှည့်ကာ မရေမရာပြောလိုက်သည်။
"လူနာခန်းက တိတ်ဆိတ်နေတာ ကောင်းတယ် ဆိုတော့ ကျွန်တော်တို့တွေ ဒီမှာ ရှိနေတာ မကောင်းဘူးထင်တယ်"
အဖေဝမ်ကလည်း ခေါင်းငြိမ့်ကာ ဝင်ပြောလိုက်သည်။
"ဟုတ်ပြီလေ ရှောင်ကျိုး နှစ်သစ်ကူးပြီးရင် အိမ်လာလည်ဦးနော်"
သွမ့်ညီအစ်ကို နှင့် စုဟန်တို့လည်း ဆက်နေရမှာ အားနာ၍ ဝမ်အဖေနှင့် ဝမ်အမေတို့ကို အသီးသီး နှုတ်ဆက်လိုက်ကြသည်။
ဝမ်ယွင်ထင်းက သူတို့တွေကို ဆေးရုံအောက်ထပ်ထိ လိုက်ပို့လေသည်။ သူ့အနေဖြင့် စိတ်မသက်မသာဖြစ်သော်လည်း ဝတ္တရားအရ လိုက်ပို့ပေးလေသည်။
ဆယ်မိနစ်အကြာတွင် သူတို့တစ်တွေ ဓါတ်လှေကားထဲ အတူ ထပ် စီးရပြန်လေသည်။
"တင်းး--"
ဓါတ်လှေကား တံခါးပိတ်သွားလေသည်။ သူတို့တစ်တွေ အပေါ်တက်လာတုန်းကလို ဓါတ်လှေကားလေးထဲ ပြည့်သိပ်နေသည်။
သွမ့်ရိက ဝမ်ယွင်ထင်းကို ပြုံးကာ ပြောလိုက်သည်။ "အန်ကယ်..အန်တီကတော့ စိတ်ပျော်နေပုံပဲ"
ဝမ်ယွင်ထင်းကလည်း ပြုံးကာ ပြန်ပြောသည်။ "အင်းး အဆိုးထဲက အကောင်းပေါ့ကွယ်"
ကျိုးရှောင်ယွီလေးကို ချီထားသည့် ကျိုးကျီယွဲ့က ဝမ်ယွင်ထင်းကို မေးလိုက်သည်။ "အဖေ ခုတစ်လော အကူအညီ လိုသေးလားခင်ဗျ"
ဝမ်ယွင်ထင်းက ချက်ချင်း ခေါင်းခါလိုက်သည်။ "မလိုပါဘူး မလိုပါဘူးကွယ် အဖေတို့ နိုင်ပါတယ်"
ကျိုးကျီယွဲ့ ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။ "လိုအပ်တာရှိရင် အားမနာပဲ ကျွန်တော့်ကို ပြောပါ"
ကျိုးရှောင်ယွီကတော့ ဓါတ်လှေကားမှန်မှာ ပေါ်နေသည့်သူ့ရုပ်ပုံကိုကြည့်ကာ သူ့လက်မကို အရသာရှိလှစွာ စုပ်နေ၏။
ဝမ်ယွင်ထင်းက ကျိုးကျီယွဲ့ကို ကျေးဇူးတင်စကားပြောရန်ပြင်နေစဉ် စုဟန်က အထင်သေးသည့်ပုံဖြင့် ပြောလာသည်။
"တစ်ခြားသူတွေကို အကူအညီမပေးခင် ကိုယ်ကလေးကို နိုင်အောင်ထိန်းဖို့ တစ်ချို့လူတွေကို အကြံလေးပေးချင်တယ်"
ထို့သို့ပြောပြီး နောက်ဝမ်ယွင်ထင်းဘက်လှည့်ကာ ဆက်ပြောလိုက်သည်။
"အန်ကယ်..ကျွန်တော်အဖွဲ့သားတွေက နှစ်သစ်ကူးနားရက်ယူနေကြတာဆိုတော့ အကူအညီလိုရင် ကျွန်တော့်ကို ခေါ်လိုက်ပါနော်"
သွမ့်ရွှမ်းယဲ့ကလည်း သူ၏ မက်မွန်သီးပုံမျက်ဝန်းလေးကို ကျဉ်းကာ ပြောလိုက်သည်။ "အန်ကယ်..ကျွန်တော်လည်း ခုလ အိမ်ကို ကျောင်းပိတ်လို့ ပြန်လာတာ ကုမ္ပဏီကို အလုပ်သင်ဆင်းဖို့ကလည်း နောက်လမှ ဆိုတော့ အကူအညီလိုအပ်ရင် ကျွန်တော်ကို ခေါ်လိုက်ပါနော်"
ဝမ်ယွင်ထင်း ခေါင်းကို အမြန်ခါလိုက်ရသည်။ "အာ့လိုတွေ မလိုအပ်ပါဘူး။ အန်ကယ်တို့မိသားစုကိစ္စကို ကိုယ့်ဖာသာ ဖြေရှင်းနိုင်ပါတယ်ကွယ်"
ကျိုးကျီယွဲ့က နှုတ်ခမ်းကို တွန့်ကွေးလိုက်ကာ ဆံပင်ပန်းရောင်ဆိုးထားသူနှင့် ဦးထုပ်ဆောင်းထားသူတို့ကို အေးစက်စက်ကြည့်လိုက်ပြီး ရွဲ့ပြောလိုက်သည်။ "ဟုတ်တယ် ဒါကျွန်တော်တို့မိသားစုကိစ္စပဲ တစ်ခြားသူတွေ ဝင်စိုးရိမ်ပေးစရာ မလိုပါဘူး"
ထိုစကားကြားလိုက်သည်နှင့် သွမ့်ရွှမ်းယဲ့က မျက်မှောင်ကြုံ့ကာ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ စုဟန်ကတော့ လက်သီးကို တင်းတင်းဆုပ်ရင်း မပျော်မရွှင်ဖြစ်သွားသည်။
သွမ့်ရိကတော့ ဘာခံစားချက်မျှ မပြပဲ သူမျက်ခုံးလေးအသာ ပင့်လိုက်သည်။
ဝမ်ယွင်ထင်းတစ်ယောက် ချွေးစေးတွေပင် ပြန်လာသည်။ ဓါတ်လှေကားအထပ် ဂဏန်းနံပါတ်တွေ ပြနေသည့် နေရာကိုသာ စိုက်ကြည့်ရင်း ဓါတ်လှေကား အမြန်သွားရန်သာ ဆုတောင်းနေမိသည်။
"တင်းးး--"
နောက်ဆုံးတော့ ဓါတ်လှေကားလေးသည် အောက်ထပ်ကို ရောက်လာသည်။ ချောမောသည့် လူငယ်အမျိုးသား အဖွဲ့သည် ဝမ်ယွင်ထင်းကို နှုတ်ဆက်စကားပြောလိုက်ကြသည်။
"ပြန်လိုက်ပါဦးမယ် အဖေ"
ကျိုးရှောင်ယွီကလည်း သူ့ဝကစ်ကစ်လက်ကလေးကို ဝေ့ရမ်းပြသည်။ "ဖော်ဖော် ဖော်ဖော်!!"
"ပြန်လိုက်ပါဦးမယ် အန်ကယ်"
"အားလုံး ခုလို လာလည်ပေးကြတာ ကျေးဇူးပါကွယ်"
ဝမ်ယွင်ထင်း လက်ပြကာ အားလုံးကို နှုတ်ဆက်လိုက်သည်။ ဓါတ်လှေကတံခါးကလည်း အသာအယာ ပြန်ပိတ်သွား၍ နှစ်ဖက် မြင်ကွင်းတွေ ပိတ်သွားသည်။
နောက်ဆုံး ဝမ်ယွင်ထင်း သက်ပြင်းချကာ ပြုံးနိုင်တော့သည်။ တစ်နေ့တာလုံးရဲ့ အပြုံးအစစ်အမှန်လေးပေါ့!