← Chapters

အခန်း (၅၇)

Vol. 5 Ch. 57

အခန်း (၅၇)

Vol. 5 Ch. 57

ဝမ်ယွီထုံ ဆေးရုံမှာ နေခဲ့သော်လည်း ရှောင်ယွီလေး၏ အချိန်ဇယား၊ ညနေစာနှင့် အကယ်၍ သူမ အိမ်ပြန်နောက်ကျလျင် ဖတ်ပြရမည့် ပုံပြင်စာအုပ်များကိုပါ ရွေးချယ်စီစဉ်ပြီးဖြစ်သည်။

[ ဝမ်ယွီထုံ - ယောကျာ်းရေ ညနေခင်း တစ်ရေးအိပ်ပြီး ရှောင်ယွီလေးနိုးတဲ့အခါ တစ်နာရီလောက် အပြင်ရှုခင်းလေးတွေ ခေါ်ပြဦးနော်။ ရာသီဥတုကအေးတယ် ဆိုပေမယ့် ဆောင်းတွင်းမှာ အိမ်ပြင်ပ လှုပ်ရှားမှု လေးတွေ လုပ်ပေးတာလည်း ကလေးကို ပိုသန်မာလာစေတယ်]

[ဝမ်ယွီထုံ - စားဖိုဆောင်ကိုလည်း ‌ကလေးအတွက် ကြက်သားဟင်းနဲ့ဂေါ်ဖီထုပ်ဟင်း၊ ဝက်သားဖက်ထုပ်၊ ဆလပ်နဲ့ ပါဆလေနံနံ နုတ်နုတ်စင်းရယ် ပြောင်းဖူးစွပ် ရယ် ပြင်ပေးခိုင်းလိုက်ပါ။ ကလေးကို အသီးအရွက်တွေ အကုန်စားခိုင်းပါ အစား ရွေးမစားခိုင်းနဲ့]

[ဝမ်ယွီထုံ - ကျွန်မ အိမ်ပြန်မရောက်သေးခင် သူအိပ်ချင်လာရင် ရှင် အရင်ချော့သိပ်လိုက်။ "လာပါ ဆရာဝန်ကြီးဦးဝက်ဝံ" ရယ် "တွမ်လေးဆေးရုံရောက်နေတယ်" ၊ "ကျွန်တော်ဆေးထိုးရမှာ မကြောက်ဘူး" ဆိုတဲ့ ရုပ်ပြ စာအုပ်တွေ ကလေးကို ဖတ်ပြလိုက်ပါ။ ပြီးတော့ ဆေးရုံ ဆိုတာဘယ်လိုမျိုး ဆရာဝန်ဆိုတာ ဘယ်လိုမျိုးဆိုတာ ကလေးနားလည် သိနိုင်ဖို့ ဒီနေ့ ဆေးရုံမှာ ဘာတွေ မြင်ခဲ့ ကြားခဲ့လဲ ဆိုတာကို ပြောပြပေးပါ]

ကျိုးကျီယွဲ့သည် ဆိုဖာပေါ်ထိုင်ရင်း ရှောင်ယွီလေး ကြမ်းခင်းပေါ် လေးဖက်ထောက်သွားကာ ဟူပေါင်နှင့် တူတူပုန်းတမ်းဆော့နေကြသည်ကို စောင့်ကြည့်နေသည်။ ဝမ်ယွီထုံ ပို့လိုက်သည့်စာကို တစ်ချက်ကြည့်ကာ ဖတ်လိုက်ပြီး စာပြန်လိုက်သည်။

"ဟုတ်ပါပြီ မစိုးရိမ်ပါနဲ့"

[ဝမ်ယွီထုံ - ကြောင်ကလေး အနမ်းပေးနေသည့် အီမိုဂျီ]

[ဝမ်ယွီထုံ - ချစ်တယ်နော် ဟီဟီ!]

ကျိုးကျီယွဲ့သည် နက်မှောင်သည့်မျက်ဝန်းများဖြင့် သူ့ဖုန်းကို အတန်ကြာအောင် ဆုပ်ကိုင်ထားလိုက်ပြီး မှ စာ ပြန်လိုက်သည်။

"ချစ်တယ်"

စာပြန်လိုက်ပြီးနောက် ဖုန်းကို ဘေးပစ်လိုက်ကာ သူ၏ သွယ်လျသည့် လက်ချောင်းများဖြင့် မျက်ခုံးများကို ပွတ်လိုက်သည်။

ဟေမာန်ဆောင်း၏ နွေးထွေးသည့် နေရောင်ခြည်သည် ဧည့်ခန်းပြတင်းမှ တစ်ဆင့် လင်းလက်စွာ ဖြာကျနေသည်။ အရပ်ရှည်သည့် အမျိုးသား၏ နှာတံပေါ် နေရောင်ကျနေကာ နှာတံတစ်ဝက်က အရိပ်ကျနေသည်။ အနှီးအမျိုးသားသည် ပြတင်းပေါက်နားကို လျှောက်သွားလိုက်ကာ အဝေးတစ်နေရာကို ငေးမောကြည့်နေရင်း သူ၏ မီးခိုးရောင် မျက်ဝန်းတွေထဲ မရှင်းလင်း မရေရာမှုအရိပ်အယောင်များ ဖြတ်သန်းသွားသည်။

ထို့နောက် သူသည် ဝမ်ယွီထုံ မှာကြားထားသည့်အတိုင်း ကျိုးကျီယွဲ့အတွက် လုပ်ပေးရမည်များကို အစဉ်လိုက်လုပ်ဆောင်ပေးတော့သည်။

ကောင်ကလေးကတော့ ဆော့စရာ သူ့ဘေး ရှိနေသ၍ အမေကို လုံးဝ သတိမရပေ။ မွန်းလွဲပိုင်းတွင် ကျိုးကျီယွဲ့သည် ကလေးကို ဒန်း၊ လျှောများခေါ်စီးရန် အပြင်ခေါ်သွားလေသည်။ ကျိုးရှောင်ယွီကတော့ သူ့ဆံပင်ကောက်လေးကို ခါရမ်းရင်း ပန်းရောင်မျက်နှာလေးကို မော့ချီကာ ပြုံးဖြီးနေ၏။

ကျိုးကျီယွဲ့သည် ရှောင်ယွီလေးကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ကာ လျှောအပေါ်ကနေ ဆင်းချပေးသည်။

လျှောအောက်ကို ရောက်သည်နှင့် ကြာစွယ်လို တုတ်နေသည့် သူ့လက်ကလေးတွေကို ဝေ့ရမ်းကာ နောက်တစ်ခေါက်လျှောစီးချင်ကြောင်း တစ်တွတ်တွတ် လျှောက်ပြောလေတော့သည်။

''နောက်ဆုံး တစ်ခေါက်စီးပြီးရင် အိမ်ပြန်ကြမယ်နော်"

ကျိုးကျီယွဲ့ သူ၏ နာရီကို ငုံ့ကြည့်လိုက်သည်။

"ညနေစာ စားချိန်ရောက်ပြီ"

သိုးမွှေးလုံးလေးလို ဖြစ်အောင် အနွေးထည်တွေ ဝတ်ထားသည့် ကျိုးရှောင်ယွီလေးသည် သူ့နှုတ်ခမ်းလေးကို စူကာ သူ့ကို ချီရန်လက်ဆန့်လေသည်။

ကျိုးကျီယွဲ့လည်း ရှေ့ကို ကုန်းကာ ကလေးကို ချီရန် သူတို့ခန္ဓာကိုယ်ချင်း ထိလိုက်စဉ် ရုတ်တရက် သူတို့နှစ်ဦးကြား တည်ငြိမ်လျှပ်စီး စီးဆင်းသွားလေသည်။

[ဆောင်းတွင်းမှာ လူလူချင်းထိတဲ့အချိန်တို့ ပစ္စည်းတစ်ခုခုကိုင်တဲ့အချိန်တို့ လျှပ်စစ်စီး ဓါတ်လိုက်သလိုမျိုးဖြစ်သွားတာမျိုးပါ။ အဝတ်အစားတွေစောင်တွေကို ပွတ်လိုက်ရင် မီးပွင့်တာမျိုးပါ မြင်ရတတ်ပါတယ်]

"ခရက်!!"

တည်ငြိမ်လျှပ်စစ်စီးကူးခြင်းကြောင့် ကျိုးရှောင်ယွီ၏ ခန္ဓာကိုယ်တုန်လှုပ်ကာ ကြောက်လန့်တကြား မျက်လုံးပြူးသွားသည်။

"အားး" တည်ငြိမ်လျှပ်စစ်ကြောင့် ကျိုးရှောင်ယွီ၏ ဆံပင်သည် ကြောင်ကလေးများ ကြောက်လန့်၍ အမွှေးထောင်သွားသကဲ့သို့ ထောင်သွားပုံမှာ အလွန်ရီချင်စရာကောင်းလှသည်။

ကျိုးကျီယွဲ့လည်း သူ့ပုခုံးလေးများ အနည်းငယ် လှုပ်သွားအောင် တိုးညှင်းစွာ ရီလိုက်မိသည်။ ဖုန်းကို ထုတ်ကာ ရှောင်ယွီလေးပုံကို ရိုက်လိုက်သည်။

ကျိုးရှောင်ယွီကတော့ ထိတ်လန့်စရာ လျှပ်စီး ခံလိုက်ရ၍ မျက်မှောင်ကြုံ့ကာ ကြောင်နေသော်လည်း သူ့အဖေကတော့ သူ့ကို ကြည့်ကာ ရီနေပြီး သူ့ကို "လက်ကြက်"နဲ့တောင် ဓါတ်ပုံ ရိုက်နေသေးတယ်။ အရမ်းစိတ်ဆိုးတယ်။

ကျိုးကျီယွဲ့ ဖုန်းကို သိမ်းလိုက်ပြီး ကလေးကို ထပ် ပွေ့ချီလိုက်သည်နှင့် ရှောင်ယွီလေးသည် သူ၏ လက်ကို ဆန့်ကာ ကျိုးကျီယွဲ့၏ လက်ကို နှစ်ချက်ရိုက်လိုက်သည်။

  “ဖတ် !! ဖတ်!!—”

'ဟမ့် သူက အလင်းစွမ်းအင်ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်ပါနော်။သူ မကြိုက်တဲ့သူ ဘယ်သူ့ကို မဆို ရိုက်လိုက်လို့ရတယ်။'

သူ့အဖေကို ရိုက်လိုက်ပြီး နောက် ရှောင်ယွီလေးသည် နှုတ်ခမ်းကြီးစူကာ သူ့အဖေ၏ ချော့အလာကို စောင့်နေ၏။

'အဖေ့ကို သူ အရင်ရိုက်လိုက်တာ ဆိုပေမယ့် အဖေအရင်ဆုံး ချော့လာတာကိုတော့ လိုချင်သေးတယ်လေ။'

လူတွေကို စရိုက်တတ်နေပြီ ဖြစ်သည့် ကျိုးရှောင်ယွီလေးကို ကျိုးကျီယွဲ့သည် မျက်ခုံးပင့်ရင်း တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည်။

ထို့နောက် ဝမ်ယွီထုံဆီ စာ ပို့လိုက်သည်။ "ရှောင်ယွီက သူများကို ရိုက်တတ်နေပြီ"

ဝမ်ယွီထုံ တစ်ယောက် သူ့အမေ ဝူရှင်း အိပ်နေ၍ လုပ်စရာမရှိပဲ ထိုင်နေစဉ် ကျိုးကျီယွဲ့ဆီမှ မက်ဆေ့ရောက်လာ၍ ဖွင့်ကြည့်လိုက်ရာ ကျိုးရှောင်ယွီ၏ ဆံပင်ထောင်ထောင်ပုံကို မြင်လိုက်ရ၍ အူတက်မတတ် ရယ်လိုက်ရသည်။ အနီးကပ်ပင် ချဲ့ကြည့်လိုက်သေးသည်။

[ဝမ်ယွီထုံ - ဟားးဟားးဟားးးဟားးးဟားးးဟားးးဟားးး သူအရင်ပတ်ကတည်းက လူရိုက်တတ်နေပြီ]

လွန်ခဲ့သာ့်အပတ်ကတည်းက ကျိုးကျီယွဲ့သည် လူရိုက်တတ်နေပြီဖြစ်သည်။ သူ၏ လက်သေးသေးကလေးတွေကလည်း အလွန်သန်လှ၍ တစ်ဖက်လူကို ပြင်းပြင်းရိုက်နိုင်ရုံ မက ကုပ်ဆွဲတာမျိုးလည်း လုပ်တတ်လာသည်။

လွန်ခဲ့သည့်သုံးရက်က ဝမ်ယွီထုံပင် မျက်နှာ အကုတ်ခံလိုက်ရသေးသည်။ သူမမျက်နှာ အတော်လေး နာသွား၍ ကလေးရဲ့ ရှည်နေသည့် လက်သည်းတွေကို အမြန်ညှပ်ပေးလိုက်ရသည်။

စနစ် - "တစ်ကယ်တော့ ရှောင်ယွီလိုမျိုး တစ်နှစ်ခွဲမပြည့်သေးတဲ့ကလေးတွေက တစ်ဖက်လူတွေကို ရိုက်တတ်ကုတ်တတ်လာပြီ။ ဒါပေမယ့် တစ်ဖက်သားကို ထိခိုက်နစ်နာစေချင်လို့ တိုက်ခိုက်တာမျိုး မဟုတ်ပါဘူး။ အမှန်တော့ သူရိုက်လိုက် ကုတ်လိုက်လို့ ဖြစ်ပျက်သွားတဲ့ တစ်ဖက်သားရဲ့ တုန့်ပြန်မှုကို စူးစမ်းနေတာပါ။ ဒါကပုံမှန်အပြုအမူပါပဲ"

ဝမ်ယွီထုံ စိတ်ညစ်သည့်ပုံဖြင့် သူမနဖူးကို ကိုင်လိုက်သည်။ "ဒါဆို ကျွန်မတို့ ဘယ်လို လုပ်သင့်လဲ။ ကလေးကို ဒီအတိုင်း လွတ်ထားလို့လည်း မရဘူးလေ ဟုတ်တယ်မလား"

ရုတ်တရက် စနစ်မှ ကလေးပြုစုစောင့်ရှောက်ရေး အချက်အလက်များပြ ရုပ်ပုံနှင့်စာများ ကျလာသည်။

[ကိုယ့်ကလေးက ကိုယ့်ကို ရိုက်တတ်နေပြီ ဆိုရင် ဘာလုပ်မလဲ?]

[မေမေနဲ့ ဖေဖေက ထူးထူးခြားခြား မျက်နှာပျက်ပြတာ စိတ်ဆိုး အံ့ဩတာမျိုး မလုပ်ပဲ တည်ငြိမ်နေပေးပါ]

[သင့်ကလေးကို လက်အသုံးပြုကာ ဟိုင်းဖိုက် လက်ဝါးရိုက်ခြင်း၊ လက်ခုပ်တီးခြင်းများ သင်ပေးနိုင်သည်။]

[ ကျွန်ုပ်ပြောသည်များကို နားမလည်လျင် သင်၏အာရုံကို ပြောင်းလိုက်ပါ]

ဝမ်ယွီထုံလည်း စနစ်က ပြလာသည့် စနစ်ကျသည့် ကလေးပြုစုစောင့်ရှောက်ရေးပြ ရုပ်ပုံနှင့်စာများကို ဂရုတစိုက်ဖတ်လိုက်သည်။ ထို့နောက် ကျိုးကျီယွဲ့ကို "ကိုယ့်ကလေးက တစ်ဖက်သားကို ရိုက်တတ်လာရင် ဘယ်လိုလုပ်မလဲ" ဟူသည့်ခေါင်းစဉ်ဖြင့်စာပို့လိုက်သည်။

ဒီနေ့ညတော့ ရှောင်ယွီလေး တစ်ယောက် အစောကြီး အိပ်ချင်နေ၏။ ၈နာရီခွဲသာရှိသေးသော်လည်း အိပ်ချင်နေ၍ သူ့မျက်လုံးများကို ပွတ်နေသည်။

ရေချိုးပြီးသည့် ရှောင်ယွီလေးကို ကလေးထိန်းဆီမှ ကျိုးကျီယွဲ့ ချီလိုက်သည်။ ထို့နောက် ကလေးကို စာအုပ်ဖတ်ပြရင်း ချော့သိပ်ရန် သူ့အခန်းကို ခေါ်သွားလိုက်သည်။

အိပ်ရာဝင်ချိန်ရောက်တော့ ကလေးက သူ့အမေကို ထပ်သတိရလာပြန်သည်။ နှာခေါင်းလေး တရှုံ့ရှုံ့၊ မျက်နှာလေးမဲ့ မဲ့တဲ့တဲ့ဖြင့် ဖင်လေးလိမ်ဖယ်လိမ်ဖယ် လုပ်ကာ အခန်းထဲ သူ့အမေ ဝမ်ယွီထုံကို ပတ်ရှာတော့သည်။

ကျိုးကျီယွဲ့က သူ၏ အိပ်ရာ ကျယ်ကြီးပေါ် ကလေးကို ချီတင်လိုက်ကာ တီးတိုးချော့လိုက်သည်။ "မေမေ ခဏနေ ပြန်လာတော့မှာနော်။ ဖေဖေတို့ ပုံပြင်အရင်ဖတ်ရအောင်"

ကျိုးရှောင်ယွီ မကျေမနပ်ဖြင့်အော်ရင်း သူ့လက်ကို ဆန့်ကာ သူ့အဖေကို ရိုက်လိုက်သည်။

"အားးး"

'ဟမ့်!! သူ့အဖေ ပုံပြင်ပြောပြတာ သူမကြိုက်ပေါင်!! မေမေ ပြောပြတာပဲ နားထောင်ချင်တယ်!'

ကျိုးကျီယွဲ့ကတော့ ကောင်လေး၏ ရင်တွင်းခံစားချက်တွေကို လျစ်လျူရှုလိုက်ကာ ဝမ်ယွီထုံ ဖတ်ပြခိုင်းသည့်စာအုပ်ကို ဖွင့်ပြရင်း တစ်လုံးချင်းဖတ်ပြလေသည်။

မူလက မပျော်မရွှင်ဖြစ်နေသည့်ကျိုးရှောင်ယွီသည် စာအုပ်အတွင်းမှ ရောင်စုံရုပ်ပြများ၏ ဆွဲဆောင်မှုကိုခံလိုက်ရကာ အိမ်ပြန်မရောက်သေးသည့် သူ့အမေကို ခေတ္တမေ့သွားသည်။

ကလေးကို ဖတ်ပြသည့်စာအုပ်များသည် စာနည်းနည်းသာပါပြီး ရုပ်ပုံပိုများလေရာ ကျိုးကျီယွဲ့က မြန်မြန်ဖတ်ပြီးသွားလေသည်။

စာအုပ်ဖတ်ပြပြီးနောက် ကျိုးကျီယွဲ့သည် တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သည်များကို ကလေးအား ပြန်ပြောင်းပြောပြရန် ဝမ်ယွီထုံ မှာထားသည်ကို သတိရလိုက်သည်။

"ဒီနေ့ ဖွားဖွားက ချော်လဲလို့ ဆေးရုံတက်လိုက်ရတယ်။‌ဖွားဖွားဆီကို အဖေတို့အတူသွားလည်ကြတာ မှတ်မိလား?"

ကျိုးရှောင်ယွီသည် နားလည်သည့်ဟန်ဖြင့် မျက်လုံးလေးပြူးကာ ပါးစပ်ကနေ "ဖောဖော"ဟု ပြောလာသည်။

ကျိုးကျီယွဲ့ ခေါင်းငြိမ့်လိုက်ကာ ရှင်းလင်းသည့်အသံဖြင့် ဆက်ပြောသည်။ "ဆေးရုံမှာ လူနာတွေကို ဆေးကုပေးတဲ့ အဖြူရောင်ဂျူတီကုတ်တွေ ဝတ်ထားတဲ့ ဆရာဝန်တွေ ရှိတယ်။ ဆေးရုံမှာ လူနာတွေ နေနိုင်မယ့် အခန်းတွေလည်း ရှိတယ်......"

ကျိုးရှောင်ယွီသည် သူ့အဖေပြောသမျှကို နားမလည်သော်လည်း ပျင်းစရာကောင်းလွန်းလှသည်။ကောင်ကလေးသည် သူ့ခြေလက်တွေကိုကိုက်ရင်း ကျိုးကျီယွဲ့၏ သာယာနာပျော်ဖွယ် အသံဩဩဖြင့် အငြို့ခံလိုက်ရသလိုဖြစ်ကာ တစ်ဖြည်းဖြည်းချင်းအိပ်ပျော်သွားလေသည်။

ကိုးနာရီဒေါင်ကနဲထိုးသည်နှင့် ရှောင်ယွီလေး၏ မျက်လုံးကလည်း လုံးဝ ပိတ်ကာ အိပ်ပျော်သွားတော့သည်။

ကျိုးကျီယွဲ့လည်း သူ့အခန်းထဲက ကလေးပုခက်ထဲ ကလေးကို ထည့်သိပ်လိုက်သည်။ မနက်ခင်းတုန်းက သူ့အခန်းထဲကို ကလေးပုခက်နှင့် ကလေးစောင့်ကြည့်မော်နီတာအား အရေးပေါ်ဆင်ခိုင်း ထားခဲ့သည်။

ကျိုးရှောင်ယွီလေး အိပ်မောကျနေတာ သေချာပြီ ဆိုမှ ကျိုးကျီယွဲ့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ရေချိုးပြီး ပြန်ထွက်လာတော့ ဝမ်ယွီထုံထံမှ သူမ အိမ်ပြန်ရောက်ပြီဖြစ်၍ ကျိုးရှောင်ယွီကို သူမအခန်းထဲ ခေါ်လာသိပ်ရန် စာကို့ထားသည်ကို တွေ့လိုက်ရသည်။

ကျိုးရှောင်ယွီ အိပ်နေသည့် ပုခက်နားသွားလိုက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ဘောလုံးလေးကို ကြည့်လိုက်သည်။ ကျိုးကျီယွဲ့၏ မျက်ဝန်းတွေက မဲနက်နေကာ အတိမ်အနက် မမှန်းဆနိုင်သော်လည်း ကိုယ့်ကိုယ်ကို လှောင်ရယ်လိုသည့်ဟန် သူ့နှုတ်ခမ်းထောင့်တွေကွေးတက်သွားသည်။

ဆံပင်ပန်းရောင်ကောင်နှင့် ကတုံးကောင်တို့ကို သူကြည့်မရသည်မှာ အမှန်ဖြစ်သော်လည်း သူ၏ ကလေးအဖေနေရာကလည်း ရှောင်ယွီလေး အပေါ်တွင် မူတည်နေသည်ကိုလည်း သူသိသည်။ ထို့ကြောင့် သူ့ကလေးကို အမှီပြုပြီး ထိပ်ထိရောက်အောင် တက်ရမည်။

ဝမ်ယွီထုံက ကလေးကို ချစ်လို့ ကျိုးရှောင်ယွီကို ဂရုစိုက်ပေးနေမှန်း ယလည်း သိသာသည်။

ဒါပေမယ့် ဘာဖြစ်လဲ? ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ထိပ်ကို ရောက်တဲ့သူက သူပဲ ဖြစ်ရမယ်။

ကျိုးကျီယွဲ့ မျက်လုံးမှေးလိုက်သည်။သူ၏ ခိုင်မာသည့် မျက်နှာ သွင်ပြင်က သူ့ကိုပို၍ ဆွဲဆောင်မှု ရှိသွားစေသည်။ရေချိုးပြီးခါစဖြစ်၍ ရေငွေ့များက သူ့မျက်နှာ ဝယ်ကျန်ရှိနေသေးသည်။ မေးကို အသာမော့ကာ စိုစွတ်နေသေးသည့် သူ့ဆံပင်ကို မှန်ရှေ့မှာ ဖြီးလိုက်သည်။မီးခိုးရောင်လွှမ်းနေသည့်မျက်ဝန်းတွေက အေးစက်မှုတွေပျောက်ကွယ်ကာ အောင်နိုင်မှုခံစားချက်တွေ ပေါ်လာသည်။

ကျိုးကျီယွဲ့ အောက်ထပ်ကို ဆင်းကာ ဝမ်ယွီထုံ အခန်းတံခါးခေါက်လိုက်သည်။

ဝမ်ယွီထုံ အပြေးလေး တံခါးသွားဖွင့်လိုက်သည်။သူမလည်း ခုလေးတင်ရေချိုးပြီး၍ ရေချိုး ဝတ်စုံ ဝတ်ထားကာ ခေါင်းမှာလည်း ရေချိုးတံဘတ်ကို ပတ်ထားသည်။တံခါးဖွင့်လိုက်‌တော့ ကျိုးကျီယွဲ့တစ်ယောက်တည်းကိုသာ မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။

"ဟင်? ဘာလို့ ရှင် တစ်ယောက်တည်းလဲ?ရှောင်ယွီကို ခေါ်မလာဘူးလား?"

ကျိုးကျီယွံ့သည် အခန်းထဲ ကို ဝင်လာရင်း ပြောလိုက်သည်။ "ကိုယ် စောင့်ကြည့်ကင်မရာတွေလည်း တပ်ထားတာမို့လို့ ဒီညတော့ ကိုယ့်အခန်းထဲပဲ အိပ်ပါစေ"

"အို့ ဒါဆိုလည်း ကောင်းပါတယ်"

ဝမ်ယွီထုံ သူမ၏ ဆံပင်ရှည်ကို တံဘတ်ဖြင့် ပတ်ထားရင်း မှန်တင်ခုံနားသွားကာ ဆံပင်အခြောက်ခံစက် ခလုတ်ကို ဖွင့်ရန်ပြင်လိုက်သည်။

သူမလက်ထဲမှ ဆံပင် အခြောက်ခံစက် အလုခံလိုက်ရသည်။ ကျိုးကျီယွဲ့ သူမ နောက်မှာ ရပ်နေကာ စကားတစ်ခွန်းမပြောမျက်လွှာချရင်း သူမဆံပင်ကို လေမှုတ်ပေးနေသည်။

သူ၏ သွယ်လျသည့် လက်ချောင်းတွေက သူမ‌ရေစို ဆံပင်တွေကို ကိုင်တွယ်နေသည်။ ဆံပင်အခြောက်ခံစက်က ထွက်လာသည့် လေပူတွေကလည်း အနေတော်ပင်။ ဝမ်ယွီထုံသည် သက်သောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရပြီး သူမ နောက်က အမျိုးသားကို မှန်ထဲကနေ ပြုံးပြလိုက်သည်။

ကျိုးကျီယွဲ့ကလည်း သူမကို မှန်ကနေ တစ်ဆင့်ကြည့်လာသည်။ ဝမ်ယွီထုံက ကျေးဇူး ဆိုသည့် စကားကို ပါးစပ်လှုပ်ပြလိုက်သည်။

အမျိုးသားက ဘာမှ ပြန်မပြောပဲ မျက်ခုံးလေးအနည်းငယ်ပင့်ပြကာ ဆံပင်ကိုသာ ဆက်အခြောက်ခံပေးနေသည်။

ပွယောင်းယောင်း နူးညံ့တောက်ပသည့် ဆံကေသာများသည် ကျိုးကျီယွဲ့၏ လက်ချောင်းတွေကြား လျှောကျနေ၏။ ကျိုးကျီယွဲ့သည် မှန်တင်ခုံပေါ်က ဘီးကို လှမ်းယူလိုက်ကာ သူမ ဆံပင်ကို အသာ ဖြီးပေးလိုက်သည်။

"ဒီနေ့ ဘယ်လိုလဲ?"

စိတ်ကြည်နေသည့်ဝမ်ယွီထုံသည် ပြုံးရင်း ဖြေလိုက်သည်။ "အမေက အဖြေအနေကောင်းတယ်။ ခွဲစိတ်ခန်းလည်းမဝင်ရလောက်ဘူး။ ပုံမှန်ကုသမှုလောက်ပဲ လုပ်ရနိုင်တယ်။ နောက်ရက်တွေကျ အဖေနဲ့ ကျွန်မတို့ မောင်နှမသုံးယောက် အလှည့်ကျစီ အမေ့ကို စောင့်ပေးရမှာ။ မနက်ဖြန်တော့ အစ်မ အလှည့်ဆိုတော့ ကျွန်မသွားစရာမလိုဘူး"

ဝမ်ယွီထုံစကား ကြားရသည့် ကျိုးကျီယွဲ့သည် မျက်ခုံးလေး အနည်းငယ်ပင့်ကာ အို့ ဟု အသံပြုလိုက်သည်။

ဝမ်ယွီထုံက ခေါင်းငြိမ့်ကာ ဆက်ပြောသည်။ "အမေက သူ့အခန်းထဲမှာ လူရှုပ်နေတာ မကြိုက်လို့ ကျွန်မတို့ အလှည့်ကျ တာဝန်ယူလိုက်ကြတာ"

ရုတ်တရက် သူမ တစ်ခုခုကို သတိရလိုက်ပြီး မျက်တောင်ခတ်ကာ နူးညံ့သည့်လေသံဖြင့် ပြောလာသည်။ "ကျွန်မ ဒီနေ့ ခြေကျင်းဝတ်လည်သွားသေးတယ်။ ကျွန်မ သေချာ ဂရုမစိုက်မိတော့ ဆေးရုံမှာ မတော်တဆ ခြေကျင်းဝတ်လည်သွားတာလေ"

အမှန်တော့ မနက်ပိုင်း ဝမ်ယွီထုံ စိုးရိမ်တကြီးဖြင့် ဆေးရုံကို အမြန်လာစဉ် မတော်တဆဖြစ်သွားခြင်းဖြစ်သည်။ သူမအမေကို စိတ်ပူလွန်း၍ ခြေကျင်းဝတ်ကို ဂရုမထားလိုက်မိရာ နေ့လည်ထမင်းစားချိန်လောက်မှ ခြေကျင်းဝတ်နာနေမှန်း သတိထားမိလာသည်။

ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့လိုက်ကာ ဝမ်ယွီထုံကို မင်းသမီးလေးလိုပွေ့ရင်း ခြေသုံးလှမ်းအကွာလောက်က ဆိုဖာနား‌ချီသွားလိုက်သည်။

ဝမ်ယွီထုံကို ဆိုဖာပေါ်တင်လိုက်ပြီး သူမခြေထောက်ကို ဆွဲယူကာ သူ့ပေါင်ပေါ်တင်လိုက်သည်။

"ဒီနားလား?" ကျိုးကျီယွဲ့သည် ‌သူမ ခြေကျင်းဝတ်မှ အညိုအမဲကို မြင်လိုက်သည်။ အညိုအမဲစွဲနေသည့်နေရာနား သူ၏ လက်ဖဝါးဖြင့် အသာအုပ်ကာ ပွတ်သပ်ပေးလိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

"နာလား?"

"နည်း နည်းး"

ဝမ်ယွီထုံသည် ညာခြေထောက် အနည်းငယ်မြှောက်ထားရသည်။ ဆိုဖာပေါ်က ခေါင်းအုံးပေါ်ဘေးတစောင်းလှဲနေ၏။ သူ အတွင်းဝတ်မဝတ်ထားပဲ ရေချိုးဝတ်ရုံသာ ရုံထားမှန်း နောက်ကျမှ သိလိုက်ရသည်။

သူမမျက်နှာကြီး ပူနွေးလာပြီး ရှက်ရှက်ဖြင့် ရေချိုးဝတ်ရုံကို အစွန်းကို ဆွဲချနေမိသည်။ ရေချိုးဝတ်ရုံကလည်း တိုနေ၍ သူမ၏ ပေါင်အလယ်နားထိရောက်နေသည်။

ကျိုးကျီယွဲ့ကတော့ သူမ၏ ခြေကျင်းဝတ်ဒဏ်ရာကိုသာ နှိပ်နယ်ပေးနေသည်။

သူမတွင် လှပသည့်ခြေတံ၊ ချောမွတ်သည့်အသားအရည်နှင့် သွယ်လျသည့်ခြေကျင်းဝတ်ရှိ၏။ ခြေတံ လှပရုံမက ခြေချောင်းများကလည်းဖြူ‌ဖွေးနူးညံ့ကာ လုံးဝန်းဝန်းလေးဖြင့် ပန်းရောင်သန်းကာ ချစ်စရာကောင်းနေသည်။

ကျိုးကျီယွဲ့၏ နှိပ်နယ်ပေးမှုက မြန်လည်း မမြန်သလို နှေးလည်း မနှေးပေ။ ဖိနှိပ်ပေးသည့်အားကလည်း တော်သင့်ရုံသာဖြစ်သည်။

ဝမ်ယွီထုံကတော့ ယခုအနေအထားကို အန္တရာယ်ရှိမှန်း ခံစားနေမိ၍ နှုတ်ခမ်းကိုသာ တင်းတင်း စေ့ထားလေသည်။

"အိုခေ ရပြီ ကျွန်မ မနာတော့ဘူး" ထိုသို့ပြောရင်း သူမ ခြေထောက်ကို ရုန်းလိုက်သည်။

ထိုစဉ် ' ဖက်' ကနဲ့ ကျိုးကျီယွဲ့၏ နှာရိုးကို မတော်တဆ ကန်မိသွားလေသည်။ ကျိုးကျီယွဲ့၏ မျက်နှာထား တင်းသွားသည်ကို ခံစားလိုက်မိ၍ အမြန်တောင်းပန်လိုက်သည်။ "ဆောရီး ဆောရီး ကျွန်မ မရည်ရွယ်ပါဘူး!"

ကျိုးကျီယွဲ့က နာသွားပုံရသည်။ သူ့နှာခေါင်းကို ကိုင်ရင်း မျက်မှောင်ကြုံ့ကာ သူမကို ကြည့်လိုက်ပြီး မရှင်းမလင်း လေသံဖြင့်ပြောလာသည်။ "တောင်းပန်ရုံ နဲ့ လုံလောက်တယ်ပေါ့?"

ဝမ်ယွီထုံ၏ လှပသည်မျက်နှာလေး ပန်းရောင်သန်းသွားပြီး နှလုံးခုန်သံတွေလည်း မြန်လာသည်။ "ဒါဆို ကျွန်မ ဘာလုပ်ပေးရမလဲ?"

ကျိုးကျီယွဲ့သည် သူ၏ လက်ဖဝါးကြီးဖြင့် သူမ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ကာ သူ့အောက် ဆွဲယူလိုက်သည်။ ရုတ်တရက် လောင်ကျွမ်းနေသည့် သူ့မျက်လုံးများဖြင့် သူမကို ငုံ့ကာ စိုက်ကြည့်လိုက်သည်။

"မင်းသိလား? သူများကို ကန်ရင် အပြစ်ဒဏ်ပေးခံရမယ်ဆိုတာ?"

All Chapters