အခန်း (၅၉)
Vol. 5 Ch. 59
မနက်ခင်းမှာ လျန်ကျောက်ဟွာက သူ့ရဲ့စံအိမ်ကြီးရဲ့ မြေအောက်ထပ်က သီးသန့်ဝိုင်သိုလှောင်ခန်း လေးကို မိသားစုသုံးယောက်အား အလည်ခေါ်သွားခဲ့သည်။
သုံးဖက်မြင်ဝိုင်ဗီရိုတန်း၊ L ပုံစံ ဆိုဖာ၊ အနက်ရောင် ဘဲဥပုံ စားပွဲ၊ ပြီးတော့ နွေးထွေးတဲ့မီးရောင် အပြင်အဆင်တွေက ဝိုင်သိုလှောင်ခန်းတစ်ခုလုံးကို အဆင့်အတန်းမြင့်မားပြီး ကြီးကျယ်ခမ်းနားစေကာ အေးချမ်းငြိမ်းသက်ပြီး လေးနက်တဲ့ ခံစားချက်တွေနဲ့ ပြည့်နေစေသည်။
ခိုင်မာတဲ့သစ်သားဝိုင်တန်းစင်တွေပေါ်မှာ ဝိုင်ပုလင်းတွေ စီတန်းလိုက် စနစ်တကျ ထားရှိထားသည်။
လျန်ကျောက်ဟွာက ဝိုင်နီပုလင်းတချို့ကိုဖွင့်လိုက်သည်။ သူတို့တွေ ဝိုင်တွေ မြည်းစမ်းဖို့ လုပ်နေကြတုန်း ရေမွှေးနံ့ပြင်းပြင်း မိတ်ကပ်တွေရှယ်လိမ်းပြင်ဆင်ထားပြီး မီနီစကတ်တိုဝတ်ထားကာ ဘွတ်ဖိနပ်မြှင့်ကြီးစီးထားတဲ့ အမျိုးသမီးတစ်ယောက် ဝင်လာခဲ့သည်။
လျန်ယဲ့လီရဲ့မျက်လုံးတွေက ဝိုင်သိုလှောင်ခန်းထဲက လူတွေကို ခြုံငုံကြည့်လိုက်ပြီး နောက်ဆုံး အလယ်ခုံမှာ ထိုင်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့အပေါ် စူးရှသည့်အကြည့်ဖြင့် ရဲရဲကြည့်နေလိုက်သည်။ ထိုအမျိုးသားကတော့ အေးစက်စက်မျက်နှာထားနှင့် ထူးခြားထင်ရှားတဲ့ စရိုက်လက္ခဏာရှိပြီး ပုံမှန်ထက်ထူးခြားကာ မြင့်မြတ်သည့်ဟန်ပန်ပေါ်နေသည်။
သို့သော် ကျိုးကျီယွဲ့ ဘေးမှာ ကလေးတစ်ယောက်ကို ပွေ့ထားတဲ့ နူးညံ့လှပသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေ အရောင် မှိန်သွားပြီး သူ့မျက်နှာပေါ်မှာ မနာလိုဝန်တိုစိတ် ဖြတ်ပြေး သွားမိသည်။
"အန်ကယ်"
လျန်ယဲ့လီက လျန်ကျောက်ဟွာဆီကို လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ သူမက လျန်ကျောက်ဟွာ ညီဖြစ်သူ၏ သမီးဖြစ်ပြီး လျန်မိသားစုထဲက မျိုးဆက်ရဲ့ အငယ်ဆုံးသမီးတစ်ယောက်ဖြစ်သည်။
လျန်ကျောက်ဟွာ အနည်းငယ်အံ့သြသွားသည်။ "ရှောင်လီ ဒီနေ့ အစောကြီး ရောက်လာပါလား။ အတူတူ နေ့လည်စာ စားကြမယ်မလား?"
လျန်ယဲ့လီက ညနေခင်းလောက်မှ သူမအိမ်မှ လူကြီးတွေနှင့်အတူ နှစ်သစ်ကူးဂါရဝပြုရန် စီစဉ်ထားခဲ့သော်လည်း ကျိုးကျီယွဲ့ကို တိတ်တဆိတ် ချောင်းကြည့်လိုက်ကာ "ဟုတ်ကဲ့ အန်ကယ် "ဟု ပြန်ဖြေလိုက်သည်။
လျန်ကျောက်ဟွာက ပြုံးပြရင်းပြော လိုက်သည်။ "သမီးနဲ့ ရှောင်ယွဲ့တို့က M နိုင်ငံမှာ အထက်တန်းကျောင်းအတူတူ တက်ခဲ့ကြသေးတယ်မလား?"
"ဟုတ်ပါတယ်"
လျန်ယဲ့လီက ပြန်လှည့်ပြီး ကျိုးကျီယွဲ့ကို ချစ်စဖွယ်အသံကလေးဖြင့် ရှက်ရှက်ကလေးနဲ့ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ စီနီယာ"
သူမသည် M နိုင်ငံက နာမည်ကြီး ကိုယ်ပိုင်အကယ်ဒမီကျောင်းတစ်ကျောင်းမှာ ကျိုးကျီယွဲ့၏ အတန်းဖော်တစ်ယောက်ဖြစ်ခဲ့ဖူးသည်။
ထိုစဉ်က ကျိုးကျီယွဲ့သည် ကျောင်းမှာနာမည်ကြီး နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ခဲ့သည်။ ရုပ်ရည်ချောမောရုံတင်မကဘဲ မိသားစုနောက်ခံကြီးမားပြီး ကျောင်းစာမှာလည်း တော်ကာ၊ ချမ်းသာကြွယ်ဝတဲ့ကလေးတွေထဲမှာလည်း ရိုးသားကြိုးစား စည်းကမ်းရှိတဲ့သူတစ်ယောက်ဖြစ်ခဲ့သည်။
လျန်မိသားစုနှင့် ကျိုးမိသားစုဆက်ဆံရေးကြောင့် လျန်ယဲ့လီသည် ကျိုးကျီယွဲ့နှင့် ရံဖန်ရံခါ နှုတ်ဆက်မေးမြန်းစကားပြောခဲ့ဖူးလေသည်။
သို့သော် အထက်တန်းကျောင်းပြီးသွားသည့်နောက်ပိုင်း ကျိုးကျီယွဲ့သည် နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကို တက်ခွင့်ရခဲ့ပြီး လျန်ယဲ့လီကတော့ သာမန်ကျောင်းတစ်ကျောင်းကိုသာ ဝင်ခွင့်ရခဲ့၍ သူတို့မေးထူးခေါ်ပြော မရှိကြတော့ချေ။
မူလက လျန်ယဲ့လီသည် လျန်မိသားစု၏ အဆက်အသွယ်ကို အသုံးချကာ ကျိုးကျီယွဲ့နှင့် ပြန်လည် ဆက်သွယ်လိုခဲ့သည်။ သို့သော် သူမ ပြန်လာတဲ့အခါမှာတော့ ကျိုးကျီယွဲ့သည် ဝမ်မိသားစုရဲ့ သမီးငယ်နဲ့ အိမ်ထောင်ကျသွားပြီ ဖြစ်ကြောင်း မမျှော်လင့်ပဲ သူ့ဦးလေးဆီကနေ ကြားလိုက်ရသည်။
မကျေမနပ်မှု အရိပ်အယောင်တွေ လျန်ယဲ့လီရဲ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွားပြီး သူမရဲ့လက်သီးတွေကို တင်းတင်းဆုပ်လိုက်သည်။
သူမမှာ မိသားစုနောက်ခံကောင်းရှိသည်။ လျန် မိသားစုကလည်း ဝမ် မိသားစုထက် သာသည်။ သူမမှာ အခွင့်အရေးတစ်ခုကိုပဲ လက်လွတ်သွားခဲ့တာ။ ကျိုးကျီယွဲ့က ကျိုးလုပ်ငန်းစုကို လက်ခံယူခဲ့ပြီး အခက်အခဲကြုံကာ အကူအညီအများဆုံး လိုအပ်နေချိန်မှာ တရုတ်ပြည်ကိုချက်ချင်းပြန်လာပြီး အကူအညီ မပေးနိုင်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျင် အခု ထိုယောက်ျားဘေးမှာ ထိုင်နေရတဲ့သူက မစ္စဝမ် ဖြစ်ချင်မှ ဖြစ်မှာပါ။
ကျိုးကျီယွဲ့က သူ့ဦးနှောက်ထဲ သေချာ ပြန်စဉ်းစားလိုက်ကာ မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။ "မစ္စလျန်"
လျန်ယဲ့လီက ချစ်ခြင်းတွေပြည့်နေသည့်အကြည့်ဖြင့်ကြည့်ပြီး သူ့ပါးစပ်ကိုလက်ဖြင့်အုပ်ရင်း ပြုံးပြလိုက်သည်။
"စီနီယာ ကျွန်မကို ခုထိမှတ်မိသေးတယ်လား။ ကျွန်မလည်း ကျောင်းက တင်းနစ်ကလပ်မှာ ပါဖူးတယ်နော်"
ကျိုးကျီယွဲ့က အားကစားမှာ ထူးချွန်ပြီး ကျောင်းရဲ့ ရေကူးအသင်းနဲ့ တင်းနစ်ကလပ်ရဲ့ အကျော်အမော်တစ်ဦးဖြစ်ခဲ့ဖူးသည်။
ကျိုးကျီယွဲ့က မျက်ခေါင်းကျုံ့လိုက်ပြီး"အိုး" ဟုသာ ဆိုလိုက်သည်။
"စီနီယာ ခုထိတင်းနစ် ဆက်ကစားသေးလား။ အချိန်ရတဲ့အခါ ကျွန်မတို့ အတူကစားကြမယ်လေ"
"ကစားဖြစ်တာရှားပါတယ်"
သူတို့ရဲ့စကားဝိုင်းကိုကြားနေရသည့် ဝမ်ယွီထုံသည် နှာခေါင်းရှုံ့ကာ နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။ ကျိုးရှောင်ယွီကတော့ မျက်ခေါင်းကျုံ့ပြီး သူ့လက်သီးကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်သည်။
လျန်ကျောက်ဟွာက လူတိုင်းအတွက်ဝိုင်ခွက်ထဲ ဝိုင်နီထည့်လိုက်ကာ အတူတူထိုင်ပြီး ဝိုင်မြည်းကြ စကားပြောကြသည်။
လျန်ယဲ့လီသည် ဝမ်ယွီထုံ ဘေးနား တမင်ထိုင်ပြီး ကျိုးရှောင်ယွီကို " ဟယ်လို ကလေးရေ တို့တွေ လက်ဆွဲ နှုတ်ဆက်ကြမလား " ဟုနှုတ်ဆက်လိုက်သည်။
ကျိုးရှောင်ယွီ လို့ခေါ်တဲ့ ဒီကလေးအကြောင်းကို သူမ အရင်ကတည်းက ကြားဖူးထားသည်။ သူက အသက်ငယ်ပေမယ့် ဂုဏ်သိက္ခာ အဆင့်အတန်းရှိသည့် ကျိုးမိသားစုရဲ့ တစ်ဦးတည်းသော အမွေခံကလေးဖြစ်သည်။ ကျိုးကျီယွဲ့ ရဲ့နှလုံးသားထဲမှာ အလေးထားရသူတစ်ဦးဖြစ်သည်။ ဒီကလေးကို သူမအပေါ်ချစ်အောင်လုပ်ခဲ့နိုင်ရင် မိထွေး ရာထူးက ဘယ်သူယူယူ အတူတူပဲဖြစ်မှာပဲလေ။
လျန်ယဲ့လီတစ်ယောက် ထိုသို့တွေးရင် သူ့နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျိုးကျီယွဲ့ နဲ့ ဝမ်ယွီထုံတို့ရဲ့ အိမ်ထောင်ရေးက အပြန်အလှန် အကျိုးကျေးဇူးဖလှယ်တဲ့ အိမ်ထောင်ရေးသာ ဖြစ်ပြီး ခံစားချက်လုံးဝမရှိနိုင်ပေ။
ဝမ်ယွီထုံ တစ်ယောက်ကတော့ ဝိုင်မြည်းနေရတာမအားလို့ လျန်ယဲ့လီ၏ အကြံအစည်တွေ ပေါ်တင်လှုပ်ရှားမှုတွေကို မသိလိုက်ပေ။ ကျိုးရှောင်ယွီလေးကတော့ နှုတ်ခမ်းကြီးစူပြီး သူ့အမေရဲ့လက်မောင်းကြားထဲ တိုးဝင်ကာ ဝမ်ယွီထုံ၏ အဝတ်အစားကို တင်းတင်းကြီး ဆုပ်ကိုင်ထားလိုက်သည်။
လျန်ယဲ့လီ အနည်းငယ်ရှက်သွားသည်။ သူမအိတ်ကပ်ထဲကနေ ချိုချဥ်တစ်လုံးထုတ်ယူပြီး "ကလေးရေ ချိုချဉ်စားချင်လား" လို့ ပြုံးပြီးမေးလိုက်သည်။
ကျိုးရှောင်ယွီက ခေါင်းကလေးဖော်လာကာ စူးစမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
လျန်ယဲ့လီလည်း မျှော်လင့်ချင်ကလေးရေးရေး မြင်လာရတော့ ချိုချဉ်ကို ရမ်းပြကာ ပြောလိုက်သည်။ "တီတီနဲ့ ချီရအောင်လေ။ ဒါဆို ချိုချဉ်လေးကျွေးမယ်"
ကျိုးရှောင်ယွီက ခဏလောက်စဉ်းစားဟန်ပြုပြီး တောက်ပနေတဲ့ ချိုချဥ်အထုပ်လေးကို ကြည့်ကာ သူ့မျက်လုံးကြီးတွေကိုပြူးပြီး လက်ဝကစ်ကစ်လေးကို ဆန့်လိုက်သည်။
လျန်ယဲ့လီရဲ့မျက်လုံးတွေလင်းလက်သွားပြီး သူ့ကိုပွေ့ဖို့ မြန်မြန်ဆန်ဆန်ပဲ လက်ဆန့်ထုတ်လိုက်သည်။
မထင်မှတ်ထားပဲ ကျိုးရှောင်ယွီက သူမရဲ့လက်ကိုရှောင်သွားပြီး သူ့ရဲ့သန်မာတဲ့ လက်ကလေးနှစ်ဖက်နဲ့ အရမ်းမြန်မြန်ဆန်ဆန်နဲ့ အားပါပါသုံးပြီး လျန်ယဲ့လီရဲ့ခုံပေါ်က ဝိုင်နီခွက်ကို "ဘန်း" ကနဲ တိုက်ချလိုက်သည်။
"အား!!"
လျန်ယဲ့လီ အလန့်တကြား အော်ဟစ်လိုက်ကာ ချက်ချင်းပဲ ခုံကနေ ထလိုက်သည်။ သူမရဲ့ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မီတာအနည်းငယ် ပြေးခွါလိုက်ရသည်။
ဝိုင်နီတွေက နေရာအနှံ့ယိုစီးကျနေကာ စားပွဲနဲ့ ကြမ်းပြင်တွေမှာ အနီရောင်အရည်တွေနဲ့ ဖုံးလွှမ်းကုန်သည်။
လျန်ယဲ့လီ တစ်ယောက် မျက်နှာ ဖြူဖတ်ဖြူလျော်ဖြင့် မြန်မြန်ဆန်ဆန်ပဲ သူ့ရဲ့ မက်မွန်သီးရောင်စကတ်တိုလေးကို စစ်ဆေးကြည့်ပြီး ဝိုင်နီအစွန်းအထင်းတွေ မရှိဘူးဆိုတာ အတည်ပြုပြီးမှသာ စိတ်သက်သာရာရသွားတော့သည်။
သူမက ဝမ်ယွီထုံကြည့်လိုက်ရာ မယုံကြည်နိုင်သည့်မျက်ဝန်းများဖြင့် အံ့အားသင့်သွားမိသည်။
ဝမ်ယွီထုံကတော့ အေးအေးဆေးအေးပင် ရှောင်ယွီလေးကို ပွေ့ထားပြီး သူ့ဘေးမှာ ဆက်ထိုင်နေကာ သူမမျက်နှာအမူအရာကလည်း လုံးဝမပြောင်းလဲပေ။
ကျိုးရှောင်ယွီသည် အရာရာကိုစူးစမ်းနေကာ သူ့အမေလက်ထဲက ဒီထူးဆန်းတဲ့ အနီရောင်သောက်စရာကို သောက်နေတာမြင်တဲ့အခါ သူက သူ့အမေ လက်ထဲကနေ ဝိုင်ခွက်ကို လုယူချင်သွားသည်။
ဝမ်ယွီထုံက ဝိုင်ခွက်ကိုင်ထားသည့် သူမ၏သွယ်လျတဲ့လက်မောင်းကို ဆန့်ထုတ်ပြီး သူ့လက်ထဲက ဝိုင်ခွက်ကို စက်ဝိုင်းကြီးတစ်ခုလို လှည့်ပေးလိုက်ကာ ခွက်လုလိုသည့် ကလေးကို ခွက်ရဲ့ ထောင့်တစ်ထောင့်မှ မထိခွင့်ပြုခဲ့ပါချေ။ သူမ၏လှုပ်ရှားမှုတွေက မြန်ဆန်ပြီး ကျွမ်းကျင်လှသည်။
သူမက ကလေးကို လက်တစ်ဖက်နဲ့ပွေ့ထားပြီး နောက်တစ်ဖက်နဲ့ ဝိုင်ခွက်ရဲ့အောက်ခြေကို ညှပ်ကိုင်ထားပြီး သူမျက်နှာကို တစ်ဖက်သို့ နည်းနည်းလှည့်လိုက်ကာ ဝိုင်နီကို မြည်းဖို့ ခေါင်းမော့လိုက်သည်။ သူ့လည်ပင်းက လှပတဲ့ မျဉ်းကွေးပုံစံကွေးသွားသည်။ သူမ၏ဟန်ပန်က ကျော့မော့နေပြီး သူ့မပွေ့ထားတဲ့ ဆော့ကစားနေတဲ့ကလေးကတောင် သူမကို လုံးဝအနှောက်အယှက်မပေးနိုင်ချေ။
အဖြစ်အပျက်တစ်ခုလုံးကို မြင်လိုက်ရသည်ဘ လျန်ယဲ့လီသည် ရှော့ ရသွားခဲ့သည်။ ဒီမစ္စဝမ်က သာမန်လူတစ်ယောက်တော့ မဟုတ်နိုင်ဘူး။ ဘာလို့များ ဒီလိုခြေဆော့လက်ဆော့တတ်တဲ့ကလေးကို ရင်ဆိုင်ရတဲ့အခါ ဒီလိုတည်ငြိမ်အေးဆေးဖြစ်နေနိုင်ရတာလဲ?
အသံတွေကြားလိုက်ရသည်နှင့် ကျိုးကျီယွဲ့သည် ချက်ချင်း အနားရောက်လာခဲ့သည်။ ကျိုးရှောင်ယွီကို ချက်ချင်းကောက်ချီလိုက်ပြီး ဝမ်ယွီထုံလက်ကို ဆုပ်ကိုင်ရင်း ဝမ်ယွီထုံကို နှစ်သိမ့်လိုက်သည်။ "ဝိုင်နီတွေ ဘယ်လိုလုပ်မှောက်ကုန်တာလဲ? မင်းအဆင်ပြေရဲ့လား?"
ဝမ်ယွီထုံ ပုခုံးတွန့်လိုက်ကာ ပြန်ဖြေလိုက်သည်။ "အဆင်ပြေပါတယ်"
လျန်ကျောက်ဟွာက အိမ်အလုပ်သမား အချို့ကို ခေါ်ကာ ဝိုင်နီမှောက်ကျသွားသည့် စားပွဲနှင့် ဝိုင်သိုလှောင်ခန်း ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။
ဝမ်ယွီထုံလည်း သန့်ရှင်းရေး လာလုပ်ပေးသည့် အလုပ်သမားများကို နှစ်သစ်ကူး အနီရောင်စာအိတ်တချို့ပေးပြီး လျန်ကျောက်ဟွာကို တောင်းပန်လိုက်သည်။
"ကျွန်မတို့ကလေးက ခြေဆော့လက်ဆော့နဲ့ ဆိုတော့ အန်ကယ်ရဲ့ အဖိုးတန်ဝိုင်တွေကို မှောက်စေမိပါပြီ။ကျွန်မ တစ်ကယ်တောင်းပန်ပါတယ်ရှင်"
လျန်ကျောက်ဟွာကလည်း ပြုံးကာ "ရတယ် ကလေးတွေဆော့တတ်တာ ပုံမှန်ပါပဲ။ ဆော့တယ်ဆိုတာ သူတို့ ရွှင်လန်းပြီး ဉာဏ်ကောင်းတယ်ဆိုတဲ့သဘောပါ။ ဒီကလေးက ဉာဏ်အရမ်းကောင်းတယ်ထင်ပါတယ်" လို့ ပြောလိုက်သည်။
လူတိုင်းက ထပ်ပြီးစကားစမြည်ပြောကြကာ ရင်းနှီးဖွယ်ရာအခြေအနေလေး ပြန်ဖြစ်သွားသည်။
အဖြစ်အပျက်တစ်ခုလုံးကို စောင့်ကြည့်နေသည့် လျန်ယဲ့လီ၏ မျက်နှာအမူအရာက တဖြည်းဖြည်းနဲ့ တောင့်ခဲ့လာသည်။ သူ့နှလုံးသားထဲက စိတ်လှုပ်ရှားစရာကောင်းပြီး ကလေးဆန်တဲ့တစ်ဖက်သတ် အတွေးတွေက တဒင်္ဂလေးအတွင်းမှာပဲ မှေးမှိန်သွားသည်။
သူမအထက်တန်းကျောင်းသားဘဝတုန်းက အခြားမိန်းကလေးတွေလိုပဲ ကျိုးကျီယွဲ့ဘတ်စကတ်ဘောကစားတာကို အဖွဲ့လိုက်သွားကြည့်ဖို့ မကြာခဏသွားခဲ့ဖူးသည်။ ရဲတင်းသည့် နိုင်ငံခြားသူ ကောင်မလေးတချို့က ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေဝတ်ဆင်ပြီး ကျိုးကျီယွဲ့ကို ရေဘူးယူပို့ပေးကြသော်လည်း ကျိုးကျီယွဲ့ကသူတို့ကို အဖက်လုပ်ဖို့ မပြောနှင့် ကြည့်ပင် ကြည့်မလာပေ။ ဘယ်သူ့မျက်နှာမှ မထောက်ထားခဲ့ဘဲ အေးစက်စက်သာ နေခဲ့သည်။
ကျိုးကျီယွဲ့ ဘဝတစ်လျှောက်မှာ အမျိုးသမီးတစ်ယောက်ကို ဒီလိုမျိုးပြုမူဆက်ဆံလိမ့်မယ်လို့ လျန်ယဲ့လီ တကယ်ပဲ မျှော်လင့်မထားခဲ့ပေ။ သူ့နှလုံးသားနဲ့ မျက်ဝန်းတွေထဲမှာ ဝမ်ယွီထုံသာ စိုးမိုးနေပြီး အရမ်းကိုနူးညံ့သိမ်မွေ့စွာ ပြုမူနေသည်။
ကလေးရဲ့ မေမေလေး မိထွေးနေရာကလည်း လုပ်ဆောင်ဖို့ ခက်ခဲပါတယ်လေ။
လျန်ယဲ့လီသည် ကျိုးရှောင်ယွီနှင့် ရီရီမောမော စကားပြောဆက်ဆံနေသည့် ဝမ်ယွီထုံကိုကြည့်ကာ ချွေးပြန်လာသည်။ ဒီလိုကလေးဆိုးမျိုးနဲ့ သူမသာဆိုရင် တစ်နာရီတောင် သည်းမခံနိုင်လောက်ပါ။
လျန်ယဲ့လီသည် တိတ်တိတ်လေးနဲ့ ဘေးဖက်ကို နည်းနည်းရွေ့ကာ ထိုင်လိုက်သည်။ သူမကို ရုတ်တရက်တိုက်ခိုက်မှုခံရနိုင်သည့် ဒီကလေးနားကိုထပ်ပြီး မချဉ်းကပ်တော့ပါ။
နေ့လည်စာစားချိန်မှာ ကျိုးကျီယွဲ့နှင့် ဝမ်ယွီထုံတို့သည် တို့သည် ကျိုးရှောင်ယွီရဲ့ ဘယ်ဘက်ညာဘက်မှာ ထိုင်ပြီး ကလေးကို ဟင်းနုနွယ်နဲ့ အမဲသားစွပ်ပြုပ်နှင့်ကြက်ဥအနှစ်ဟင်းရည်တွေကို အလှည့်ကျ ခွံ့ကျွေးကြသည်။
ဝမ်ယွီထုံက ကလေးကို သက်တောင့်သက်သာနဲ့ ခွံ့ကျွေးရင်း သူ့ကိုယ်တိုင်လည်း စားသည်။ ထိုကဲ့သို့ ကလေးနဲ့အတူရှိနေတာက သူမကို ပိုပြီး အရောင်အဝါတွေ တောက်ပနေသလိုဖြစ်နေသည်။ ကျိုးကျီယွဲ့က တစ်ချက်တစ်ချက် ချစ်ခြင်းတွေပြည့်နှက်နေသည့်မျက်ဝန်းတွေဖြင့် လှမ်းကြည့်လေသည်။
လျန်ယဲ့လီသည် မျက်လွှာကိုချရင်း ကျိုးကျီယွဲ့ကို ချဉ်းကပ်ရန် ထပ်မကြိုးစားတော့ပါ။ ဝမ်ယွီထုံကလည်း သူမဘက်ကစပြီး လျန်ယဲ့လီကို စကားသွားပြော မနေခဲ့ပါ။ ဤသို့ဖြင့် ထမင်းစားပြီးနောက် သူတို့တစ်တွေ အိမ်ပြန်လိုက်ကြလေသည်။
အိမ်ပြန်ရောက်သည်နှင့် ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို ပွေ့ပြီး မျက်နှာအမူအရာမပြောင်းဘဲ သူမ အခန်းထဲကို ပြန်သွားသည်။ သူမက တံခါးကို ဆောင့်ပိတ်ပြီး သေချာလောက်အောင် သော့ခတ်လိုက်သည်။ ကျိုးကျီယွဲ့ အပြင်ကနေ တံခါးခေါက်သော်လည်း လုံးဝ မတုံ့ပြန်ပေ။
ကျိုးကျီယွဲ့ မျက်မှောင်ကျုံ့ပြီးတံခါးနားမှာ ချောင်းဟန့်ရင်း ပြောလိုက်သည်။ "ရှောင်ယွီရဲ့ အဝတ်တစ်ထည် ကိုယ့်ဆီမှာကျန်ခဲ့လို့"
စက္ကန့် ပိုင်းအတွင်း တံခါးပွင့်လာသည်။
ဝမ်ယွီထုံ လက်ပိုက်ရင်း မကျေမနပ်အကြည့်ဖြင့် မေးလိုက်သည်။ "ဘယ်အဝတ်လဲ"
ကျိုးကျီယွဲ့တစ်ယောက် ဝမ်ယွီထုံ ဘာဖြစ်နေမှန်း မသိသော်လည်း မျက်နှာကို အနူးညံ့ဆုံးထားကာ မေးလိုက်သည်။ "စိတ်ဆိုးနေတာလား"
ဝမ်ယွီထုံက နှုတ်ခမ်းစူပြီး ပြန်ပြောလိုက်သည်။"မဟုတ်ပါဘူး။ ဘာလို့ စိတ်ဆိုးရမှာလဲ"
ကျိုးကျီယဲ့က အခန်းထဲကိုဝင်ဖို့ ခြေလှမ်းလှမ်း လိုက်စဉ်တစ်စုံတစ်ယောက်က သူ့ဘောင်းဘီကို တင်းတင်းကြီး ဆွဲထားသည်။
ကျိုးရှောင်ယွီသည် သူ့မျက်နှာကလေးကိုမော့ချီကာ သူ့ကို သွားဖြီးအံကြိတ်ကာ"အားးအားးအားး" အော်ရင်း သူ့ကို အခန်းထဲဝင်ခွင့်မပြုပေ။
ကျိုးကျီယွဲ့လည်း ကြမ်းခင်းပေါ်က ဘောလုံးကလေးကိုကောက်ချီလိုက်ပြီး ဝမ်ယွီထုံကို စကားအနည်းငယ်ထပ်ပြောဖို့လုပ်တုန်း သူ့ဘယ်ဘက်ပါးပြင်ကို ရုတ်တရက် ပြင်းပြင်းထန်ထန် အကုတ်ခံလိုက်ရသည်။
ကျိုးရှောင်ယွီသည် သူ့ရဲ့လက်သည်းတွေကိုထုတ်ပြီး ကျိုးကျီယွဲ့ရဲ့မျက်နှာကို အနီရောင်အရစ်တစ်ခု ကျန်အောင် ကုတ်ချလိုက်သည်။
နောက် သူ့အဖေကို"အားးး အားးး အားး" ဆိုပြီး ကြောက်စရာကောင်းအောင် အော်လေသည်။
'ဟမ့် !!!ဘာတွေဖြစ်နေလဲဆိုတာ သူ မသိပေမယ့် အဖေက အမေ့ကို စိတ်ဆိုးအောင်လုပ်နေတယ်ဆိုတာ သူ့မသိစိတ်ထဲကနေ သိနေတယ်။ဒါမျိုးသူ လုံးဝ ခွင့်မပြုနိုင်ဘူးးး'
'ဒီကမ္ဘာပေါ်မှာ သူကလွဲရင် ဘယ်သူမှ မေမေကို စိတ်ဆိုးအောင် မလုပ်ရဘူးးး!!!'
ကျိုးကျီယွဲ့သည် သူ့ကိုတိုက်ခိုက်နေသည့် ကလေးရဲ့ လက်ကလေးနှစ်ဖက်ကို ထိန်းချုပ်လိုက်ပြီး အရှက်မရှိ အခန်းထဲကို လျှောက်ဝင်သွားလိုက်သည်။
ဝမ်ယွီထုံသည် အလှပြင်ခုံရှေ့မှာထိုင်ပြီး ခေါင်း ဖြီးနေ၏။ သူမ၏နုနယ်လှပသည့်မျက်နှာကလေးက တင်းနေပြီး မျက်နှာအမူအရာက အေးစက်စက်ဖြစ်နေသည်။
"ဘာဖြစ်တာလဲ" ကျိုးကျီယွဲ့က ကလေးကို လက်တစ်ဖက် နဲ့ပွေ့ထားပြီး နောက်တစ်ဖက်ဖြင့် ဝမ်ယွီထုံ၏ ပခုံးကိုကိုင်လိုက်ပြီး ဘီးကို ယူရန် ကြိုးစားလိုက်သည်။ "ကိုယ် ခေါင်းဖီးပေးမယ်"
ဝမ်ယွီထုံက ဘီးကို ပြန်ယူကာ နှုတ်ခမ်းလေး စူရင်း ပြောလိုက်သည်။ " စီနီယာ့ကို အနှောက်အယှက်မပေးချင်ပါဘူး"
ကျိုးကျီယွဲ့တစ်ယောက် နားလည်သွားသည့် မျက်နှာအမူအရာဖြစ်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
"အန်ကယ်လျန်ရဲ့ တူမကို ကိုယ်လည်း မသိပါဘူး"
"ရှင် မသိဘူးဆိုရင် ဟိုက ဘာလို့ ရှင့်ကို စီနီယာလို့ ခေါ်နေရတာလဲ"
"ကိုယ် တစ်ကယ် သူ့ကို မမှတ်မိဘူး" ကျိုးကျီယွဲ့ တစ်ယောက် ကူကယ်ရာမဲ့နေသည့်မျက်ဝန်းတွေဖြင့် ဝမ်ယွီထုံကို ကြည့်လိုက်သည်။ "ကိုယ့်အထက်တန်းတုန်းက အတန်းဖော်ဖြစ်ခဲ့မယ်ထင်တယ်"
ဝမ်ယွီထုံ ကျိုးကျီယွဲ့၏ မျက်နှာ အမူအရာကို အကဲခတ်လိုက်ရာ အမှန်ပင် မသိသည့်ပုံ ပေါက်နေသောကြောင့် မျက်နှာ အနည်းငယ် ဖြေလျော့လိုက်သည်။ သို့သော် လေသံကိုတော့ မလျော့သေးပဲ မေးလိုက်သည်။
"ဒါဆို ရှင်ကျောင်းတုန်းက ဂျူနီယာဘယ်နှစ်ယောက်ရှိတုန်းး အကုန်လုံးက ရှင့်ကို စီနီယာလို့ ခေါ်ကြတာလား?"
သူ့အမေရဲ့ စိတ်ဆိုးနေသည့် လေသံကို ကြားတော့ ကျိုးရှောင်ယွီလေးသည် အံကြိတ်သွားကြီးဖြီး၊ ဆံပင်ကောက်လေးတွေခါရမ်းကာ သူ့လက်သီးကလေးဖြင့် ကျိုးကျီယွဲ့၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထုရိုက်လေသည်။
'သူက အမေ့ရဲ့ ကိုယ်ရံတော်လေးပဲ!!
မေမေ့ကို အနိုင်ကျင့်တဲ့ သူမှန်သမျှကို အလင်းစွမ်းအင်တွေ နဲ့ တိုက်ထုတ်ပစ်မယ်!!?'
ကျိုးကျီယွဲ့ကတော့ သူ့ကို ထုရိုက်နေသည့် ကောင်လေးကို ဂရုမစိုက်အားပါ။ သူ့မျက်နှာဝယ် အပြုံးတစ်ခု လှစ်ကနဲ ပေါ်သွားပြီး နှုတ်ခမ်းလေး တွန့်ကွေးလိုက်သည်။
"ဘယ်သူမှ မရှိပါဘူး"
သူ့ရှေ့ကို ကုန်းကာ သူမ၏ နဖူးကို နမ်းလိုက်သည်။
"ကိုယ့် ဇနီးတစ်ယောက်တည်းပဲ"
ဝမ်ယွီထုံတစ်ယောက် စိတ်ဆိုးဒေါသထွက်နေမှုတွေ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ နှုတ်ခမ်းတွေက ပြုံးမလိုလိုပင် ဖြစ်သွားသော်လည်း ချက်ချင်း ပြန်တည်လိုက်သည်။
ပြုံးစစ ဖြစ်နေသည့် ကျိုးကျီယွဲ့ မေးလိုက်သည်။ "မင်း မနာလိုဖြစ်နေတာလား"
"လုံးဝမဟုတ်ပါဘူးနော်"
ဝမ်ယွီထုံသည် ခေါင်းကို ခါရမ်းလိုက်ကာ အမြီးကို နင်းမိသော ကြောင်တစ်ကောင်ကဲ့သို့ ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။
ကျိုးရှောင်ယွီကလည်း အချိန်ကိုက် သူ့အဖေရဲ့ အင်္ကျီကော်လံကို ဆွဲကာ မျက်လုံးမှေးရင်း ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
'မေမေ စကားသံကျယ်ကျယ်နဲ့ ပြောလာအောင် ဒီအဖေဆိုးက ဘာတွေများလုပ်လိုက်တာလဲ?'
"ကျွန်မ ရှောင်ယွီလေးကို သိပ်လိုက်တော့မယ်" ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့ဆီမှ ကလေးကို ပြန်ချီလိုက်ကာ သူ့ဘေးကနေ ချက်ချင်း ပြေးသွားလိုက်သည်။
"ရှင် အခုသွားတော့"
"အင်းး"
ကျိုးကျီယွဲ့သည် သားအမိနှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း အခန်းထဲက ထွက်သွားလိုက်သည်။
သူ့အမေလက်ထဲ ပြန်ရောက်သွားသည့် ကျိုးရှောင်ယွီလေးသည် သူ့မျက်နှာကို သူ့အမေ၏ မွှေးကြိုင်နေသော လည်ပင်းကြားထဲ တိုးဝေ့ကာ လိမ်မာနေ၏။
ဝမ်ယွီထုံသည် ကလေး၏ ခေါင်းကို ပွတ်ကိုင်လိုက်ပြီးသူမပါးပြင်ကို ကလေးမျက်နှာ နှင့် ထိလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
"တို့ရှောင်ယွီလေးက လိမ္မာလိုက်တာ"
ကျိုးရှောင်ယွီသည် သူ၏ စပျစ်သီးကဲ့သို့ လုံးဝန်းသည့် မျက်ဝန်းတွေကို ကွေးကာ သွားလေးချောင်းလုံး ပေါ်အောင် ဖြီးလိုက်သည်။
'သူက သေးသေးလေးဖြစ်နေပေမယ့် သူ့အမေကို လာအနိုင်ကျင့်တဲ့ လူဆိုးတွေကို တိုက်ထုတ်ပြီး သူ့အမေကို ကာကွယ်ပေးနိုင်တဲ့ နတ်သားလေးပဲ။'