← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

နှစ်သစ်ကူး ရှစ်ရက်နေ့တွင် နံနက်ခင်းလေး၏ နွေးထွေးသည့်နေရောင်ခြည်သည် အိမ်ခန်းအတွင်းကို ဖြာကျနေသည်။

ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့သည် ထမင်းစား စားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်ကာ မနက်စာ စားနေကြသည်။ကျိုးရှောင်ယွီကလည်း သူ၏ ကလေးထမင်းစားထိုင်ခုံမှာ ထိုင်ပြီးစားနေသည်။ သူ့ရှေ့က ပန်းကန်လေးမှာတော့ ရွှေဖရုံသီးနှင့် ဂျုံ ဆန်ပြုတ်၊ ဥနီ ကြက်ဥပန်ကိတ်၊ ရောင်စုံ သီးနှံများထည့်ထားလုပ်ထားသည့် ပုံစံဆန်း ပေါက်စီလေး နှစ်လုံး ထည့်ထားသည်။

ရှောင်ယွီသည် ယုန်ရုပ်ပုံ ပေါက်စီကို ယူကာပါးစပ်ထဲ ထည့်ရင်း ဝါးလိုက်သည်။ နောက် ရွံရှာသည့်ပုံဖြင့် ထွေးထုတ်လိုက်သည်။ 'ဒီပေါက်စီက လှပေမယ့် စားလို့လည်း မကောင်းဘူးးး။'

ကျိုးရှောင်ယွီ သူ့အမေ၏ ပန်းကန်ကို လှမ်းကြည့်လိုက်ရာ သူ၏ စပျစ်သီးလို လုံးဝိုင်းသည့် မျက်လုံးလေးက ပြူးကျယ်သွားသည်။

ဝမ်ယွီထုံသည် Oreo ကိတ်ကို စားနေပြီး သူမနှုတ်ခမ်းထောင့်တွေ မှာလည်း မုန့်အစအနတွေ ကပ်နေ၏။

ယခုအခါ စားဖိုဆောင်သည် ဝမ်ယွီထုံ၏ အကြိုက်ကို သိနေပြီဖြစ်သည်။ ဝမ်ယွီထုံသည် အချိုကြိုက်ကာ ထမင်းစားပြီးတိုင်း မုန့်အချိုနှင့် လက်တေးနို့လက်ဖက်ရည်ကို သောက်လေ့ရှိသည်။ အဓိကဇာတ်ဆောင်ဖြစ်သည့် ကျိုးကျီယွဲ့ကတော့ နောက်အစွန်းတစ်ဖက်မှာ ဖြစ်သည်။ သူကတော့အချို လုံးဝ မစားပေ။ အချိုစားလိုက်သည်နှင့် နေထိုင်မကောင်းဖြစ်လာသလို ခံစားရသည်။

ဝမ်ယွီထုံသည် ထမင်းစားထိုင်ခုံပေါ် လှုပ်ရွကာ သူမကို ကြည့်နေသည့် ကလေးကို လှမ်းကြည့်လိုက်သည်။

ကျိုးရှောင်ယွီသည် သီးစုံပေါက်စီတွေကို ကြမ်းပြင်ပေါ်လွင့်ပစ်ကာ စားပွဲကို သူ့လက်ကလေးဖြင့် ထုရိုက်ပြီး သူ့အမေစားနေသည့် ကိတ်ကို ကြည့်ရင်း အော်လေသည်။

"ဒါ ဒါ မားမား မားမား"

ဝမ်ယွီထုံ စားလက်စကိတ်ကို ချရင်း တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ "ရှောင်ယွီ ဒါက လုံးဝ စားလို့မကောင်းဘူးးး ဒီမှာကြည့် ဒီမဲမဲကြီးတွေက ခါးတယ်။ မေမေ ဆို ဒါစားပြီး အန်တောင် အန်ချင်သွားတယ်"

ဝမ်ယွီထုံ တစ်ယောက် ဟန်ဆောင်မူပိုကာ အန်ချင်သည့် ပုံပင်လုပ်ပြလိုက်သည်။ "အီးး ဒါက အရမ်းရွံဖို့ကောင်းတာပဲ Oreo မုန့်တွေက ခါးလိုက်တာ အရမ်းဆိုးတယ်"

ကျိုးကျီယွဲ့တစ်ယောက် မျက်လုံးလေး ပင့်ကာ ကြည့်ရင်း နှုတ်ခမ်းထောင့်တွေ ကွေးသွားသည်။

သူ့အမေ၏ မျက်နှာ အမူအရာကိုကြည့်ကာ ကျိုးရှောင်ယွီတစ်ယောက် ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေရှာသည်။ ထို့နောက် သူ၏ သီးစုံ ပေါက်စီကို ယူပြီး ပါးစပ်ထဲ ကောက်ဝါးလိုက်သည်။

'အို့!! ထားလိုက်ပါတော့ အာ့မုန့်မဲမဲကြီးက တစ်ကယ်လဲ ရုပ်ဆိုးတယ်။ သူ့ရဲ့ ပေါက်စီကမှ လှသေးတယ်!'

ကျိုးရှောင်ယွီသည် လိမ်လိမ်မာမာဖြင့် သူ၏ မနက်စာကို စားလိုက်ပြီးနောက် ဝမ်ယွီထုံသည် ကလေးလွတ်လွတ်လပ်လပ် ဆော့ကစားနိုင်ရန် ကြမ်းခင်းပေါ်ချပေးလိုက်သည်။

ကလေးကလေးက ထမင်းစားခန်းထဲမှာလူးနေရင်း ရုတ်တရက် စားပွဲအောက်က ကြမ်းပြင်ပေါ်မှာ အမည်းရောင်အမှုန့်တချို့ကို တွေ့လိုက်ရသည်။

ပေါက်စီလုံးလေးသည် ထမင်းစားခန်းကြမ်းခင်းဝယ် လေးဖက်ကုန်းသွားရင်း စားပွဲအောက်က အနက်ရောင်မုန့်အကြေများကို တွေ့လိုက်ရသည်။

Oreo ကိတ်မုန့်အပေါ်ယံကို မုန့်အကြေများဖြင့် ဖုံးထားရာ ဝမ်ယွီထုံစားရင်း မတော်တဆ အောက်ကျသွားခြင်း ဖြစ်နိုင်သည်။

ကျိုးရှောင်ယွီလေး၏ မျက်လုံးတွေ အရောင်တောက်သွားပြီး မုန့်အကြေတွေရှိရာဆီကို ဖင်လေး လိမ်ဖယ်လိမ်ဖြင့် တွားသွားတော့သည်။

စားပွဲပေါ်က လူကြီး နှစ်ယောက်ကတော့ ယနေ့လုပ်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးနေကြသည်။

ဝမ်ယွီထုံသည် ပုဝါဖြင့်နှုတ်ခမ်းထောင့်ကို သုတ်ကာ ပြောလိုက်သည်။ "အမေ ဒီနေ့ဆေးရုံက ဆင်းမှာ ဆိုတော့ ကျွန်မ ရှောင်ယွီနဲ့ သွားကြိုလိုက်မယ်"

"ကိုယ်လည်းလိုက်မယ်"

"ဒါပေမယ့် ရှင် မနက်ခင်းပိုင်း ကုမ္ပဏီအလုပ်သွားပြီး နေ့လည်ခင်းမှာ လေယာဉ်စီးရမှာမဟုတ်လား?"

ဝမ်ယွီထုံ တစ်ယောက် နှုတ်ခမ်းစူကာ ပျော်နေပုံ မပေါက်ပေ။ ကျိုးကျီယွဲ့သည် ညနေပိုင်းတွင် လေယာဉ်ဖြင့် ဥရောပကိုသွားကာ နိုင်ငံခြားရှိကုမ္ပဏီအခွဲများကို သွားရောက်စစ်ဆေးမည်ဖြစ်သည်။ ထိုခရီးစဉ်သည် ဆယ်ရက် သို့မဟုတ် လဝက်ခန့်ကြာနိုင်သည်။ လုပ်ရမည့်အလုပ်ကများလွန်း၍ မီးပုံးပွဲအမှီ ပြန်လာနိုင်မည်ဟု မထင်ချေ။

ကျိုးကျီယွဲ့ သူ့နာရီကို ငုံ့ကြည့်လိုက်ရင်း ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ကိုယ် အချိန်မှီလုပ်နိုင်ပါတယ်။ မနက်ပိုင်းကုမ္ပဏီ အစည်းအဝေးကို အချိန်နည်းနည်း ရွေ့လိုက်မယ်လေ"

လူကြီး နှစ်ယောက်စကားပြောနေတုန်း ဘယ်သူမှ သတိမထားမိခင် ပေါက်စီလုံးလေးသည် စားပွဲအောက်က ကျနေသည့် မုန့်အစအနများကို ကောက်စားနေလေသည်။

ကျိုးရှောင်ယွီတစ်ယောက် စားပွဲအောက်ဝယ် ရတနာသိုက်ကို ရှာဖွေတွေ့ရှိသွားသည်။

စားပွဲအောက်တွင် Oreo မုန့်အစအနများသာမက လက်တေး နို့လက်ဖက်ရည် နှစ်စက်လည်း ဖိတ်နေ၏။ 'သူ့အမေက နို့လက်ဖက်ရည်လို့ခေါ်တဲ့ ဆေးကို နေ့တိုင်းသောက်တယ်။ မေမေပြောတာတော့ သူ့ကို နေ့တိုင်းချီရလို့ လက်နာလို့ နို့လက်ဖက်ရည်လို့ခေါ်တဲ့ ဆေးကို သောက်ရတာတဲ့။ အာ့ဆေးက လက်နာကျင်တာကို ကုသပေးတယ်တဲ့။'

ကျိုးရှောင်ယွီသည် သူ့မျက်လုံးဝိုင်းကြီးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မုန့်အစအနအကြေများကို သူ့လက်ကလေးဖြင့် ကောက်လိုက်သည်။ ဘယ်လောက်ခါးလဲ ဆိုတာ သူသိချင်သည်။

သိချင်စိတ်ဖြင့် မုန့်ကို ပါးစပ်ထဲ ထည့်လိုက်ရာ တစ်ခဏလောက် ကြောင်သွားမိသည်။

ဟင်းခတ်အမွှေးအကြိုင် အရသာသစ်တွေကို မမြည်းစမ်းဖူးသည့် ကလေး၏ လျှာဖျားလေးသည် ဖော်မပြနိုင်လောက်အောင်ကောင်းသည့် အရသာသစ်ကို မြည်းစမ်းလိုက်ရသည်။ သူ့မျက်လုံးတွေ ပြူးကျယ်ကာ အံ့ဩမိန်းမောလျက် အသက်ရှုမှားသွားမိသည်။

ကြမ်းခင်းပေါ်ကျနေသေးသည့် Oreo မုန့်အစအနများကို အမြန်ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်ရင်း ကောင်းကောင်းအရသာခံလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွေမှာ ပေနေသည့် အနက်ရောင်အစအနများကိုပင် လျှာဖြင့် အကုန်ယက်စားလိုက်သည်။

'ခါးတယ် ဆိုတာ ဒီလို အရသာမျိုးလားး? ခါးတဲ့ အရသာက အရမ်းစားကောင်းတာပဲ!'

ကျိုးရှောင်ယွီတစ်ယောက် စိတ်မရှည်တော့ပဲ ဝမ်းလျားမှောက်ကာ ကြမ်းခင်းပေါ်ကျနေသည့် မုန့်အစအနများနှင့် နို့လက်ဖက်ရည်စက်တွေအားလုံးကို လျှာဖြင့် ယက်လေတော့သည်။

အရသာရှိတာတွေကို စားရင်း ကျိုးရှောင်ယွီတစ်ယောက် ပျော်နေတုန်း ဝမ်ယွီထုံ၏ ဒေါသတကြီး အော်ဟစ်သံကို သူ့ခေါင်းပေါ်ကနေ ကြားလိုက်ရသည်။ "ကျိုး !! ရှောင် !! ယွီ !! ဘာလို့ ကြမ်းခင်းကို ယက်ပြီး အမှိုက်တွေစားနေရတာလဲ?"

ဝမ်ယွီထုံ စိတ်ဆိုးတကြီး ကလေးကို ကောက်ချီလိုက်ကာ ပေပွနေသည့် ပါးစပ်ကို ရေစိုတစ်ရှုးဖြင့် သုတ်လိုက်သည်။

"ကြမ်းခင်းပေါ်ကျနေတာတွေက အမှိုက်တွေပဲ။ အမှိုက်တွေကို စားလို့မရဘူး။ အာ့တာတွေက ညစ်ပတ်တယ်။စားမိရင် ဗိုက်နာလိမ့်မယ်"

ကျိုးကျီယွဲ့သည်လည်း မျက်မှောင်ကြုံ့ကာ ရွံရှာဟန်ဖြင့် ကလေးကိုကြည့်လိုက်သည်။

"မားမား ဒါဒါဒါ!!" ကျိုးရှောင်ယွီကတော့ အပြစ်ကင်းသည့်မျက်နှာကလေးဖြင့် ပါးစပ်ထဲက မွှေးကြိုင်နေသည့်အရသာသစ်ကို ခံစားလိုက်သည်။

မေမေနဲ့ ဖေဖေက ဘာလို့ စိတ်ဆိုးနေကြတာလဲ?

အမှိုက်လို့ပြောတဲ့ဟာက အရမ်းစားကောင်းတာပဲ။ အမှိုက်တွေကို ကောက်စားရတာ သူအကြိုက်ဆုံးပဲ!

"ကြမ်းခင်းပေါ်ကျနေတဲ့ဟာတွေက ညစ်ပတ်တယ်။ သူတို့ထဲမှာ ဘတ်တီးရီးယားမွန်းစတားတွေ ရှိတယ်။ အာ့ဒီမွန်းစတားတွေကိုစားမိရင် ဗိုက်ထဲမှာ သန်ကောင်တွေ ပေါက်လာမှာ။ နောက် ဗိုက်နာလာရော။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး ဆေးတွေ သောက်ရမှာ....."

ဘာမှမသိသည့်ကလေးလေး ကျိုးရှောင်ယွီကတော့ သူ့လက်ကလေးကို ရှေ့ပိုက်ရင်း လိမ်လိမ်မာမာ နားထောင်နေသည်။

အမှိုက်ကောက်စားသည့် ကလေးလေးကို ဆုံးမပြီးနောက် ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့သည် ပေါက်စီလုံးလေးကို ခေါ်ကာ ဆေးရုံမှ ဆင်းမည့် ဝူရှင်းကို သွားကြိုကြလေသည်။

ဖေဖေဝမ်၊ ဝမ်ယန်ချဲနှင့် ဝမ်ချူးယွဲ့တို့ အားလုံးလဲ ဆေးရုံမှာ ရောက်နေကြသည်။ သွမ့်ရိတစ်ယောက်လည်း ရောက်နေသည်ကို ဝမ်ယွီထုံ အံ့အားသင့်စွာ တွေ့လိုက်ရသည်။

ဒီနေ့တော့ သွမ့်ရိတစ်ယောက် ပြသနာရှာလာမည့် သူ့ညီလေးကို မခေါ်ခဲ့တော့ပါ။ ထိုအစား သူ၏ မက်မွန်သီးပုံစံမျက်ဝန်းလေးကို ကွေးရင်းပြုံးကာ ဝမ်ယွင်ထင်းနှင့် နီးနီးကပ်ကပ်နေနေ‌၏။

ဝမ်ယွင်ထင်းကတော့ ဒီနေ့ စိတ်အခြေအနေကောင်းနေသည်။ သွမ့်ရိကသူ့ကို မကြာခဏ ရယ်မောစိတ်ပျော်အောင် လုပ်ပေးရုံမက မအားသည့်ကြားက လက်ဆောင်တွေ နှင့် ရောက်လာသည့် ကျိုးကျီယွဲ့ကိုလည်း မြင်လိုက်ရ၍ အားနာမိသွားသည်။ "ရှောင်ကျိုး မင်းက အရမ်းစဉ်းစားပေးတတ်တာပဲ"

ကျိုးကျီယွဲ့လည်း ခေါင်းငြိမ့်ရင်း "ဒါ ကျွန်တော်လုပ်ပေးသင့်တာပါ" ဟု ပြန်ပြောလေသည်။

ဝမ်ယွင်ထင်း၊ ဝမ်ယန်ချဲ၊ ကျိုးကျီယွဲ့နှင့် သွမ့်ရိတို့သည် ဆေးရုံကော်ရစ်ဒါ လျှောက်လမ်းတွင် တီးတိုးပြောနေကြစဉ် ဝမ်ယွီထုံက ရှောင်ယွီကို ချီရင်း ဝမ်ချူးယွဲ့နှင့်အတူ ဝူရှင်း ဆေးရုံဆင်းနိုင်ရန် လူနာခန်းထဲ ဝင်ကာ ပြင်ဆင်ပေးလေသည်။

ကျိုးရှောင်ယွီသည် ဝမ်ချူးယွဲ့နှင့် ဝူရှင်းကို မြင်လျှင် ဘယ်သူမှ တိုက်တွန်းစရာ မလိုပဲ ပြုံးဖြီးပြကာ နှစ်သစ်ကူးဂါရဝပြုဟန် နှုတ်ဆက်ပြလေသည်။

ဝမ်ယွီထုံ မျက်ခုံးလေး ပင့်ကာ ကလေးကို ကြည့်လိုက်သည်။ ဤကောင်လေးကို ဘာမှ မသိဟု သူမ ထင်နေသော်လည်း အမှန်တော့ ကလေးလေးက အတော်လေး သိနေပြီ ဖြစ်သည်။ သူ သဘောကျသည့်သူကို မြင်လျှင် သူက စပြီး မိတ်ဖွဲ့စကားပြောသည်ကို မြင်လိုက်ရ၍ ကလေး၏ လူမှု ဆက်ဆံရေးနှင့် ပတ်သတ်ပြီး သူမစိုးရိမ်စရာ မလိုတော့ပါ။

ရှောင်ယွီလေး၏ နှစ်သစ်ကူးဂါရဝပြုတာကို မြင်လိုက်ရသည့် ဝူရှင်းသည် အလွန်ပျော်သွားပြီး ကျိုးရှောင်ယွီလက်ထဲ စာအိတ်နီထည့်ပေးလိုက်သည်။ "ဒါက တို့ရှောင်ယွီလေး အရုပ်တွေ ဝယ်ဖို့။ တို့ကလေးလေးက အရမ်းတော်တာပဲ!"

ချီးကျူးခံလိုက်ရသည့် ကျိုးရှောင်ယွီသည် မျက်နှာလေးမော့ချီ ပြုံးဖြီးကာ သူ့အဖွား ဝူရှင်းဆီမှ စာအိတ်နီကို လက်ခံ ယူလိုက်ပြီး နှစ်သစ်ဂါရဝပြုသည့်ဟန် ကို ထပ်လုပ်ပြလေသည်။

ဝမ်ချူးယွဲ့ပင်လျင် တအံ့တဩဖြင့် " ရှောင်ယွီက အရမ်းတော်တာပဲ သူဘာလို့ လုပ်တတ်နေရတာလဲ?" ဟုပြောလာသည်။

ဝမ်ယွီထုံတစ်ယောက် ဟွန့်ကနဲ နှာသံပြုလိုက်ရင်း မိုးပေါ်မြှောက်တက်လုမတတ် မျက်နှာထားဖြစ်သွားသည်။

"ဒါပေါ့ ဘယ်သူသင်ပေးထားတယ် ဆိုတာကိုတော့ သိတယ်မလား?"

ဝူရှင်းတစ်ယောက် ဝမ်ချူးယွဲ့ကို မျက်စောင်းထိုးကြည့်ကာ နှာခေါင်းရှုံ့သံပြုရင်း မင်္ဂလာဆောင်ဖို့ ပွစိပွစိပြောလေတော့သည်။

"အေးးး ညဉ်းလည်း အသက်က သုံးဆယ်နားနီးနေပြီ။အိမ်ထောင်ပြုကလေးမွေးဖို့ စဉ်းစားရမယ့်အချိန်ရောက်ပြီ။ ညဉ်းကလေးရလာမှ အားလုံ နားလည်လာလိမ့်မယ်"

ပြန်ခံပြောရန်ပင် ပျင်းနေသည့် ဝမ်ချူးယွဲ့သည် သူ့အမေစကားကို ရွဲ့ပြောလိုက်လေသည်။ "အာ့အကြောင်း စဉ်းစားနေစရာကို မလိုဘူး သမီးက လုံးဝ အိမ်ထောင်ပြုမှ မဟုတ်ဘူး"

ဝမ်ယွီထုံ စနောက်သည့်ပုံဖြင့် ပြုံးလိုက်သည်။ "ညီမ အထင် မစ္စတာသွမ့်ကတော့ အဆင်ပြေမယ့်ပုံပါပဲ။ အစ်မကိုလိုက်နေတာလည်း အတော်ကြာပြီဆိုတော့ သူ့ကို စဉ်းစားကြည့်ရင်ကော?"

သွမ့်ရိ၏ ပွေရှုပ်သည့်သတင်းကြောင့် သဘောမကျသည့် ဝူရှင်းပင်လျင် ခေါင်းမာသည့် သူ့သမီးကြီးကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ "ဟုတ်တယ်။ ရှောင်သွမ့်ဆို အရမ်း အဆင်ပြေတယ်။ခုတစ်လောအမေ့ကိစ္စနဲ့လည်း သူ့ခဗျာ ပြေးလွှားနေရရှာတာ။ မင်းအဖေလည်း သူ့ကို သဘောကျတယ်"

ဝမ်ချူးယွဲ့ကတော့ အရေးမစိုက်သည့်ဟန်ဖြင့် ပုခုံးတွန့်ကာ "သမီးကိုပဲ ပြောမနေနဲ့ဦး အမေ့သားကို အရင် ရည်းစားရှာခိုင်းလိုက်ပါဦး"

ကျိုးရှောင်ယွီလေးကို ကြည့်ရင်း ဝူရှင်း စိတ်ဓာတ်ကျသွားပြန်သည်။ "ညဉ်းတို့အစ်ကိုက လူတစ်မျိုးပဲ။ သူ့ကို မိတ်ဆက်ပေးတဲ့ မိန်းကလေးတွေကို ကြည့်တောင်မကြည့်ဘူး။ ကောလိပ်တုန်းက သူ့ရည်းစားဟောင်းကိုပဲ စိတ်မပြတ်နိုင်ဖြစ်နေတယ်။ အမေကြားတာတော့ သမီးရည်းစားဘဝတုန်းကတော့ ကောင်မလေးကို ဂရုမစိုက်ပစ်ထားပြီး လမ်းခွဲလိုက်ပြီး အခု သူ့ရည်းစားဟောင်းကောင်မလေးက ကောင်လေးအသစ်ရသွားမှ ပြန်တွဲဖို့ သွားတောင်းပန်နေတယ်တဲ့။ ဟိုကလည်း ပြန်လက်မခံတော့ ကြေကွဲပြီး အိမ်မှာ ဆေးလိပ်တွေချည်းလှိမ့်သောက်နေတယ်လေ။ အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ.."

ဝမ်ယွီထုံတစ်ယောက် သူ၏ စပ်စုတတ်သည့်နားကို အတင်းစွင့်ထားကာ ရှောင်ယွီကလည်း နားလည်သည့်ပုံဖြင့် သူ၏မျက်လုံးကိုပြူးကာ နားထောင်နေလေသည်။ သူ့လက်ဝကစ်ကစ်လေးတွေကို ဆန့်ထုတ်ကာ သူ့ရင်ဘတ်ကိုလည်း အချိန်ကိုက် ပုတ်လိုက်သေးသည်။

"ဒါ ဒါ ဒါ ဒါ "

ဝမ်ချူးယွဲ့ ကလေးကို ကြည့်ရင်း ပြုံးလိုက်သည်။

"ကလေးတွေကလည်း အတင်းစကားနားထောင်ရတာကြိုက်တယ်လား?"

ဝမ်ယွီထုံလည်း ရယ်စရာကောင်းသည်ဟုတွေးလိုက်သည်။ "သူဘယ်လောက်နားလည်လဲတော့မသိဘူး"

စနစ် - " ခုချိန်မှာ ရှောင်ယွီက ပြင်ပအချက်အလက်တွေကို စုဆောင်းယူနေတဲ့ အဆင့်ပဲ။ သူ့ဦးနှောက်သေးသေးလေးကနေပြီး ပြင်ပ ကနေကြားလာတဲ့ အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာမယ်။ တစ်နှစ်ခွဲလောက် ရောက်ရင် ကလေးက လူကြီးတွေ ပြောတဲ့ အကြောင်းအရာတော်တော်များများကို ပိုပြီး နားလည်လာမယ်။ နောက်ပိုင်း ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေပါ ထုတ်ပြောလာနိုင်လိမ့်မယ်..."

ဝူရှင်းကို ဝမ်အိမ်တော်ပြန်ပို့ပြီးနောက် ကျိုးကျီယွဲ့က အလုပ်ပြန်သွားလေသည်။

အနားမှာ ဘယ်သူမှ မရှိတော့ ကျိုးကျီယွဲ့သည် ခေါင်းငုံ့ကာ ဝမ်ယွီထုံ၏ နှုတ်ခမ်းလေးကို လှစ်ကနဲ နမ်းလိုက်ကာ မခွဲခွာချင်သည့် အသံလေးဖြင့် ပြောလာသည်။

"အလုပ်ခရီးက ဆယ်ရက်လောက်ကြာမယ်။ ကိုယ် တတ်နိုင်သလောက် စောစောပြန်လာခဲ့မယ်"

"အင်းပါ "

ကျိုးကျီယွဲ့ နှုတ်ခမ်းထောင့်လေး အပေါ်မြှောက်တက်ကာ ပြုံးလိုက်သည်။ ဝမ်ယွီထုံကို သူ့ဘက် ဆွဲဖက်လိုက်ရင်း နဖူးပေါ် အနမ်းတစ်ပွင့် ‌ခြွေလိုက်သည်။ "ကိုယ်ပြန်လာတာ စောင့်နေနော်"

ဖြောင့်တန်းရှည်လျားသည့် အထူးချုပ်အဆင့်မြင့် ဝတ်စုံကို ဝတ်ထားသည့် ကျိုးကျီယွဲ့သည် ကားနောက်ခန်းကို ဝင်ထိုင်လိုက်သည်နှင့် နောက်ဆုံးပေါ် ဇိမ်ခံကားလေးသည် တစ်ဖြည်းဖြည်း မောင်းထွက်သွားတော့သည်။

ကားမှန်ကနေ မြင်ရသည့်အရိပ်ကို ကြည့်ကာ ဝမ်ယွီထုံ တစ်ယောက် ရင်ထဲ ဝမ်းနည်းရိပ်လှိုက်တက်လာသည်။

သူတို့နှစ်ယောက် နှလုံးသားချင်း ဖလှယ်ပြီးနောက် ပထမဆုံးအကြိမ်ခွဲခွာရခြင်းဖြစ်သည်။ ထို့ကြောင့် မခွဲချင်ဖြစ်နေသည်။

ဝမ်ယွီထုံ ဝမ်အိမ်တော်မှာ နေ့လည်ခင်းအထိနေလိုက်ပြီး ရှောင်ယွီလေး နေ့ခင်း တစ်ရေးအိပ်ရာက ပြန်ထလာသည်နှင့် ကလေးကို ခေါ်ကာ ဖန်းရော့ရှီးအိမ်အလည်ခေါ် သွားလေသည်။

လျန်ဇီ အမေကလည်း လျန်ဇီကို ဖန်းရော့ရှီးအိမ် အလည်ခေါ်လာလေသည်။

အမေသုံးယောက် တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်ကာ နှစ်သစ်ကူးလက်ဆောင်နှင့် စာအိတ်နီတွေ ဖလှယ်ကြပြီး နောက် အလုပ်ကိစ္စ ဆက်ဆွေးနွေးကြသည်။

ဝမ်ယွီထုံသည် ယနေ့အစည်းအဝေးမလာခင် ကစားကွင်းသုံး ကိရိယာနှင့် ထုတ်လုပ်သူတွေ အကြောင်းနှင့် ဆိုင်အတွင်းအပြင် အလှဆင်ရန် တစ်ပတ်အတွင်း အပြီးသတ်လုပ်ဆောင်ရန် စီမံချက်တစ်ခုရေးဆွဲလာခဲ့သည်။

ဝမ်ယွီထုံသည် မတ်လ မတိုင်ခင် ကစားကွင်းကို ဖွင့်နိုင်ရန်စီစဉ်နေသည်။ လုပ်ငန်းမစတင်ခင် ကစားကွင်းလုံခြုံရေးလမ်းညွှန်၊ ငွေကိုင်စာရင်းကိုင်၊ စားဖိုမှုးများနှင့် စားပွဲထိုးများ ခန့်အပ်ရန်အပြင် ကစားကွင်းအတွက်ကျန်သည့် လုပ်ငန်းစဉ်များလည်း လိုသေး၏

ဖန်းရော့ရှီးတို့အိမ်မှာ ကလေးထိန်း အန်တီလင်းရှိ၏။ အမေသုံးယောက် အလုပ်စကားပြောနေစဉ် အန်တီလင်းက ကလေးသုံးယောက်စလုံးကို ထိန်းနေရသည်။

ဖန်းရော့ရှီးသည် လာဗင်ဒါရောင်ကာတွန်းရှပ်အင်္ကျီ၊အဖြူရောင်စကပ်၊ မီးခိုးရောင်ချည်သားအသားကပ်ဘောင်းဘီ ဝတ်ထားကာ ခေါင်းမှာလည်း ခရမ်းဖျော့ရောင်ခေါင်းစည်း စည်းထားသည်။ နှုတ်ခမ်းနီထွေးထွေး ဖြူဖွေးသည့်သွား၊ မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် ဖန်းရော့ရှီးသည် အရုပ်မလေးများထင်ပင် ပိုချစ်ဖို့ကောင်းလှပနေ၏။

ကလေးမလေးသည် ယနေ့စိတ်ကြည်လင်နေသည်ဖြစ်၍ မောင်လေးနှစ်ယောက်က သူမနောက် လိုက်နေသည်ကိုပင် စိတ်ရှုပ်သည်ဟု မခံစားရပေ။ ထိုအစား သူမက ဦးဆောင်ပြီး မောင်လေး နှစ်ယောက်ကို ခေါ်ဆော့လေသည်။ ရှီးရှီးသည် မောင်လေး နှစ်ယောက်ရှေ့ မတ်တပ်ရပ်ရင်း ပြုံးကာ ပြောလိုက်သည်။

"ရှောင်ယွီ~ ရှောင်လျန်~ ငါတို့ကစားကြမယ်လေ။ ငါက ဆရာမလုပ်မယ်။ နင်တို့က ကျောင်းသားလုပ်!"

တစ်ချို့တစ်ဝက်သာ နားလည်သည့် လျန်ဇီသည် ရှုပ်ထွေးသည့်ပုံဖြင့် ခေါင်းငြိမ့်ရင်း "အင်း " ဟု ပြန်ဖြေလိုက်သည်။

ကျိုးရှောင်ယွီကတော့ လိမ်လိမ်မာမာ ထိုင်နေသည်။ ဆရာမနှင့် ကျောင်းသား ဆိုသည့် စကားလုံးကို သူ မသိပါ။ သို့သော် အရူးလေးလို ခေါင်းသာ ငြိမ့်လိုက်သည်။

ဖန်းရော့ရှီး တစ်ယောက် ကျေနပ်သွားပြီး သင်ပုန်းသေးသေးလေး တစ်ခု ထုတ်လာကာ ဆော့ပင်ဖြင့် အတည်ကြီး လိုလို စာရေးလေသည်။

"ဒီနေ့ ဆရာမက မင်းတို့ကို သင်္ချာသင်ပေးမယ်!"

ဖန်းရော့ရှီးသည် မူကြိုမှ သင်္ချာအတန်းထဲကလို အတုယူလိုက်လုပ်လေသည်။ "ကဲ! လိုက်ဆိုကြ ! တစ် အပေါင်း တစ် ညီမျှခြင်း ရှစ် ! နှစ် အပေါင်း နှစ် ညီမျှခြင်း ခုနှစ်....."

သူမ သင်ပုန်းရှေ့ အကြာကြီး ရွတ်ဆိုခဲ့သော်လည်း သူမ နောက် တစ်ယောက်မှ လိုက်ဆိုမလာချေ။ လှည့်ကြည့်လိုက်တော့ ကလေးနှစ်ယောက်က ငေးမောနေ၏။ လျန်ဇီက သွားရည်တွေ ကျနေပြီး ကျိုးရှောင်ယွီက အယ်ထရာမန်းပုံတူရုပ်ထုကို ငေးကြည့်နေ၏။

ဖန်းရော့ရှီးတစ်ယောက် မျက်မှောင်ကြုံ့လိုက်သည်။

"နင်တို့ ဘာလို့ အာ့လောက် တုံးအနေရတာလဲ။ ဘာလို့ စာကို သေချာ လိုက်မကြည့်ကြတာလဲ!အခန်းထောင့်မှာ မတ်တပ်ရပ်ပြီး ဒဏ်ပေးခံချင်နေတာလား!!"

လျန်ဇီက ပြုံးရင်း ခေါင်းလေး ခါလိုက်သည်။

"မမ မမ"

ကျိုးရှောင်ယွီကတော့ ရှေ့က ဆရာမရှီးရှီး ပြောနေတာကို လုံးဝ ဂရုမစိုက်ပဲ အယ်ထရာမန်းရုပ်နား ပြေးသွားလေသည်။

ဖန်းရော့ရှီး အရမ်းစိတ်တိုသွားပြီး ကောင်လေးနှစ်ယောက်ကို ခါးထောက်ကာ ဆူရန်ပြင်လိုက်သည်။ ထိုစဉ် သူတို့ကို စောင့်ကြည့်နေသည့် အန်တီလင်းသည် ရုတ်တရက် ဗိုက်နာလာ၍အိမ်သာတက်ချင်လာသည်။

"ရှီးရှီး မောင်လေးတွေကို သေချာထိန်းထားဦးနော်။ အန်တီ အိမ်သာ သွားလိုက်ဦးမယ်။ ခဏလေး ပြန်လာမယ်နော်"

ဖန်းရော့ရှီးသည် မောင်လေးတွေကို ဆူပူမည့်ကိစ္စမေ့သွားကာ လိမ်လိမ်မာမာ ခေါင်းငြိမ့်ရင်း ရယ်မောကာ ပြန်ပြောသည်။

"အန်တီ ကိစ္စမရှိဘူး။ မောင်လေးတွေကို သမီးခေါ်ဆော့ထားလိုက်မယ်"

အန်တီလင်းလည်း အကာအရံတွေ ပြုလုပ်ထားသည့် ကလေးများ ကစားရာ နေရာကို ကြည့်လိုက်သည်။ အန္တရာယ်ရှိသည့်ပစ္စည်းများလည်း အထဲမှာ မရှိ၊ ကလေးငယ်နှစ်ယောက်လည်း ဒီကနေ ကျော်လွှားကာ ထွက်ဖို့ မဖြစ်နိုင်သည့်အပြင် ဖန်းရော့ရှီးကလည်း သိတတ် နားလည်နေပြီဖြစ်ရာ စိုးရိမ်မနေတော့ပဲ အိမ်သာကို အသော့လေး ပြေးသွားလိုက်သည်။

ဖန်းရော့ရှီးတစ်ယောက် ပျင်းရိလာစဉ် ထောင့်တစ်နေရာမှ ရှိနေသည့် မဖောက်ရသေးသည့် ကစားစရာဘူးအသစ်ကို တွေ့သွားသည်။

ထိုကစားစရာဘူးသည် သူမမိဘတွေနှင့်အတူ တစ်ခြားသူတွေအိမ်ကို နှစ်သစ်ကူးဂါရဝပြုသွားစဉ် အိမ်ရှင် အန်တီ အန်ကယ်တွေက သူမကိုလက်ဆောင်ပေးခဲ့တာ ဖြစ်သည်။

ဖန်းရော့ရှီးတစ်ယောက် လက်ဆောင်ထုပ်ကို အမြန်ဖောက်လိုက်ပြီး မြင်လိုက်ရသည့်အရာကြောင့် အလွန်စိတ်လှုပ်ရှားသွားသည်။

တောက်ပနေသည့် ဘူးလေးထဲတွင် အလှပြင်ပစ္စည်းကိရိယာမျိုးစုံဖြင့် ပြည့်နှက်နေ၏။

ကလေးအလှပြင် ပစ္စည်းမျိုးစုံ လက်သည်းအလှပြင်ကိရိယာများ၊ ဆံပင် အလှပြင်ကိရိယာများအပြင် လက်ဝတ်လက်စား များလည်း ပါသေးသည်။

ဖန်းရော့ရှီးတစ်ယောက် ဘယ်လက်ထဲမှာ နှုတ်ခမ်းနီ၊ ညာလက်မှာ အိုင်းရှဲဒိုးကို ကောက်ကိုင်လိုက်သည်။သူမ လက်ထဲမှ ကလေးကစားစရာ အလှပြင်ပစ္စည်းများကို မျက်လုံးလေး မှေးကာ ကြည့်လိုက်ရင်း သူ့ခေါင်းထဲမှာ အကြံဉာဏ်ကောင်း တစ်ခုပေါ်လာလေသည်။

All Chapters