အခန်း (၂၁)
Vol. 3 Ch. 21
လောင်ကျန့်အနေဖြင့် ပြေးထွက်သော ယုန်၏အကြောင်းကို ဂရုမစိုက်နိုင်ခဲ့ပါချေ။
သူက ဘဲသံနှင့်လူဆီသို့ ဦးတည်လျက် အလောတကြီး ပြေးသွားလိုက်လေ၏။ ဘဲသံနှင့်လူက သူ၏လက်ကို လည်ပင်းမှဖယ်လိုက်လျှင် စုတ်ပြဲခံရသည့်ဒဏ်ရာ နက်နက်သုံးချက်နှင့် အပေါ်ယံ တစ်ချက်တို့ကို တွေ့လိုက်ရလေသည်။
ဒဏ်ရာများက ပါးလျသည်ဟု ထင်ရသော်လည်း အတွင်းပိုင်းအထိ နက်ရှိုင်းလေ၏။ သူ၏လည်ပင်းက သွေးများစီးကျနေခဲ့ပြီး အတော်လေးပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့လေသည်။
ထိုယုန်က သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်သာ ဖြစ်လိမ့်မည်။ ၎င်း၏အသွင်အပြင်က အလွန်လှည့်ဖြားနိုင်စွမ်းရှိသည်။
ထိုမျှ အပြစ်ကင်းစင်ကာနူးညံ့ပုံရသော ယုန်လေး၏ လက်သည်းများက အလွန်ချွန်ထက်ပြီး လျှင်မြန်နေလိမ့်မည်ဟု မည်သူသိပါလိမ့်မည်နည်း ။
လောင်ကျန့် သက်ပြင်းချပြီး နာကျင်မှုဖြင့် ညည်းညူနေသော ဘဲသံနှင့်လူကို ကြည့်လိုက်သည်။ ဤအကြိမ် သူတို့ကံမကောင်းခဲ့ပေ။
လရောင်မှိန်မှိန်အောက်တွင် လူများက သူတို့၏ဘေးမှဖြတ်၍ ရင်ပြင်ဆီသို့ ဦးတည်ပြေးနေသော အဖြူလုံးလေးတစ်လုံးကို သတိထားမိခဲ့ကြသည်။
ဆာလောင်မှုဖြင့် အိပ်မပျော်သော ကလေးမလေးက ယင်ရိလျိုကို မြင်သွားပြီး သူမကို ပြူးကျယ်နေသည့်မျက်လုံးများနှင့် ကြည့်ကာ လက်ညှိုးထိုး၍ အော်လာခဲ့လိုက်သည်။
“မားမား! အဲဒီနေရာမှာ ယုန်လေးတစ်ကောင်ရှိတယ်!”
သူမ အံ့အားတကြီး ပြောလိုက်၏။
သူမကိုဖက်ထားသော အမျိုးသမီးက ခေါင်းမော့ပြီး လှည့်ပတ်ကြည့်လိုက်လေသည်။ သို့ရာတွင် အိပ်ပျော်နေသော လူပင်လယ်ကြီးကိုသာ မြင်ရလေသည်။
“အိပ်တော့ အဲဒီမှာ ဘာယုန်မှမရှိပါဘူး!”
သူမက သမီးဖြစ်သူ၏ခေါင်းကို ပြန်ဖိသွင်းလိုက်သည်။
“အဲဒီမှာ ရှိတယ်! ရှိတယ်လို့ ! သမီးယုန်သေးသေးလေး လိုချင်တယ် ဝူးးးး…..”
ယင်ရိလျိုမကတော့ သူမက ယခုလေးတင် ကလေးမလေးတစ်ယောက်ကို ငိုသွားစေရန် ပြုလုပ်ခဲ့မိသည်ကို မသိခဲ့ပါချေ။ သူမက အလွန် လျှင်မြန်သွက်လက်စွာဖြင့် ဟောခန်းဆီသို့ ပြေးသွားခဲ့ကာ အချိန်ခဏလေးအတွင်း ရောက်ရှိသွားခဲ့သည်။
ဟောခန်း၏ ဝင်ပေါက်တွင် လက်မောင်းများကို ပွေ့ပိုက်၍ မတ်တတ်ရပ်ကာ စောင့်ကြပ်နေသော စစ်တပ်ဝတ်စုံဖြင့် အမျိုးသားတစ်ယောက် ရှိလေသည်။
သူမ အရှိန်ကို လျော့လိုက်ပြီး သူမ၏ နူးညံ့သော ခြေဖဝါးလေးများဖြင့် ဖိနင်းကာ အသံမထွက်လုနီးပါးကိုယ်ဖော့၍ အတွင်းဘက်သို့ ခိုးဝင်လိုက်သည်။
ဟောခန်းထဲတွင် ရှိနေသော မီးလုံးများကတော့ လျှပ်စစ်ဓာတ်အား မရှိတော့သည့်အတွက်ကြောင့် မဖွင့်ထားခဲ့ချေ။ သို့သော်ငြား လျှပ်စစ်လှိုင်းတန်းဆီ တွဲချည်ထားသော စွမ်းအားပြင်းဓာတ်မီးတစ်ခုရှိနေကာ အချင်းဝက်ဆယ်မီတာကျော်လောက်အထိ အလင်းရောင်တောက်ပအောင် ထွန်းလင်းပေးနေခဲ့သည်။
ယင်ရိလျို အမှောင်ထဲတွင် ပုန်းအောင်းလိုက်သည်။ ထို့နောက်မှသာ ဤနေရာတွင် ဆင့်ကဲပြောင်းလဲသူ အများအပြား မရှိနေသည်ကို သတိထားမိခဲ့လေ၏။ အလွန်ဆုံး နှစ်ဆယ်မှ သုံးဆယ်လောက်သာလျှင် ရှိပြီး လေထုဖိအားကတော့ အနည်းငယ် တင်းမာနေခဲ့သည်။
သူမ၏အကြည့်က ဓာတ်မီး၏အလင်းရောင် မကျရောက်နိုင်သည့် နံရံတွင် ကပ်နေသော သတ္တဝါတစ်ကောင်ဆီသို့ အဆွဲဆောင်ခံလိုက်ရသည်။
သူမ၏မျက်လုံးများက အမှောင်ထဲတွင် ရှင်းလင်းစွာမြင်နိုင်သောကြောင့် အလွန်ကြီးမားသော သတ္တဝါကြီးကို အကြည့်တစ်ချက်ဖြင့် ဖော်ထုတ်နိုင်ခဲ့လေသည်။
၎င်းသည်က တစ်မီတာထက်ရှည်သော အိမ်မြှောင်ကြီးဖြစ်၏။ ပထမဆုံး ကြည့်မိချိန်တွင်တွင် နံရံတွင်ကပ်နေသော ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟပင် ထင်ခဲ့ရလေသည်။
၎င်း၏ မြစိမ်းရောင်အရေပြားများက အရွယ်အစားအမျိုးမျိုးရှိသော အဖုများနှင့် ရှုပ်ထွေးနေခဲ့သည်။ ၎င်းက အနည်းငယ်ရွံ့စရာကောင်းနေခဲ့လေသည်။
ယင်ရိလျိုတစ်ယောက် အခိုက်အတန့်တစ်ခုမျှ တုန်လှုပ်သွားသော်ငြား ထို့နောက်တွင် အိမ်မြှောင်၏မျက်နှာပေါ်မှ အနည်းငယ်ထူးဆန်းကာ တောင့်တင်းသော အမူအရာတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။
ထို့နောက်တွင်တော့ ဤသည်မှာ သန္ဓေပြောင်းတိရစ္ဆာန် အစစ်မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲသူ တစ်ယောက်သာဖြစ်ကြောင်းကို သူမ ဟုကောက်ချက်ချလိုက်နိုင်ခဲ့သည်။
ထိုပိုးဖလံလူသား မာဖေးကျန့်ကဲ့သို့ပင်၊ ဤလူသည်လည်း အိမ်မြှောင်တစ်ကောင်ထံမှ မြိုချခြင်းခံခဲ့ရပြီး အသတ်ခံရသင့်သော်လည်း ထို့အစား အိမ်မြှောင်နှင့် မျိုးစပ်သွားခဲ့ခြင်းဖြစ်ပေ၏။
ထိုကြောင့်သာ ဟောခန်းထဲတွင် ဤကဲ့သို့ အိပ်မြှောင်ကြီးတစ်ကောင် ရှိသော်ငြား နှိမ်နှင်းမခံရခြင်းဖြစ်လိမ့်မည်။
ဤကဲ့သို့ တွားသွားသတ္တဝါများတွင် အားနည်းသော အမြင်အာရုံရှိသော်လည်း သူတို့၏ကျန်ရှိသော အာရုံခံစားမှုများကတော့ အလွန်ပင် ထက်မြက်လေသည်။
ယင်ရိလျိုတစ်ယောက် ထပ်မသွားရဲသောကြောင့် အဝေးမှ အမှောင်ထဲတွင်သာ ရိုးရှင်းစွာ ရပ်နေလိုက်သည်။
လေထုထဲတွင် ဖိအားများစွာ ရှိနေခဲ့၏။ ကံမကောင်းစွာဖြင့် ဖြစ်ပျက်နေသည်များကို သူမ မြင်ရရန် မဖြစ်နိုင်ချေ။
ယုန်ပုလေးတစ်ကောင်အဖြစ်နှင့် သူမက လူများ၏ခြေထောက်များ ကြားကအဟမှ ကျင်းယန်၏ဝှီးချဲ အရိပ်အယောင်ကိုသာ ဖမ်းနိုင်လေသည်။
အကြောင်းပြချက် တချို့ကြောင့် ဤတင်းမာမှုမှာ သူမ၏ရွှေပေါင်လုံးကြီးနှင့် ဇာတ်လိုက်များကြောင့် ဖြစ်လိမ့်မည်ဟု ယင်ရိလျို ခံစားမိနေခဲ့ရသည်။
သူမ ကျင်းယန်၏အနားသို့ ချဥ်းကပ်ရမည်လား ရပ်နေရမည်လား တွေးတောစဥ်းစားနေခဲ့မိသည်။ ဤအချိန်တွင် သူမ မျှော်လင့်ထားသကဲ့သို့ပင် ဒေါသစိတ်နှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ဖိနှိပ်ထားသော အသံတစ်ခုက ပြောလာသည်ကို ကြားရလေသည်။
“ကျင်းယန် မင်း အရမ်းကြီး တရားလွန်မလာနဲ့!”
ယင်ရိလျိုတစ်ယောက် ဘေးဘက်မှ ဆက်လက် မကြည့်ချင်တော့ချေ။ ရွှေပေါင်လုံးကြီးက တစ်ကိုယ်တည်းဖြစ်ပြီး ဇာတ်လိုက်များမှာတော့ သူတို့နှင့်တူ အသင်းတစ်သင်းလုံး ရှိနေလေသည်။
ထို့ထက်ပိုသည်မှာ ကျင်းယန်၏ခြေထောက်များက အပြည့်အဝ ပြန်လည်မသက်သာသေးချေ။ ကျင်းယန် အနိုင်ကျင့်ခံရမည်ကို သူမကြောက်ရွံ့မိသည်။
ယုန်လေးက မြေပြင်ကို သူမ၏နောက်ခြေများဖြင့် ကန်ပြီး လူအုပ်ထဲသို့ တဟုန်ထိုးပြေးသွားလိုက်သည်။ အမှောင်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးနေနေသော အိမ်မြှောင်လူသားသည်လည်း သူမ၏လှုပ်ရှားမှုကို သတိထားမိပြီး သန္ဓေပြောင်းတိရစ္ဆာန်အချို့ ဖောက်ဝင်လာသည်ဟု တွေးမိခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် လူတိုင်းက သတိမပေးနိုင်ခင် ယင်ရိလျိုက တဟုန်ထိုးပြေးဝင်နှင့်ပြီဖြစ်ပေ၏။
သူမ အထဲသို့ ပြေးဝင်လာလာချိန်တွင် ဝှီးချဲပေါ်တွင် ထိုင်နေသော ကျင်းယန်က လူငယ်တစ်ယောက်၏ နဖူးကို သေနတ်ဖြင့် တည်ငြိမ်စွာ ချိန်ရွယ်နေသည်ကို မြင်လိုက်ရလေသည်။
ထိုအခိုက်အတန့်တွင် ထိုလူငယ်၏ နောက်တွင် ကြံ့ခိုင်သန်စွမ်းသော လူကြီးတစ်ယောက်က ရုတ်တရက်ပေါ်လာခဲ့သည်။
သူ၏သန်မာသော လက်မောင်းများက အနက်ရောင်အစင်းကြောင်းများရောနေသည့် အဝါရောင်အမွှေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သူက ကျင်းယန်၏ ခေါင်းနောက်ကို ထိုးလုနီးပါး ဖြစ်နေပေပြီ….
ရှန်းယင်ကျိုးထံတွင် အမှီခိုဆုံး လူတစ်ယောက်ရှိသည်ဆိုပါက ထိုသူမှာ သူ ကလေးဘဝကတည်းက တိတ်တဆိတ် ကာကွယ်ပေးနေသော အနားယူထားသည့် အထူးအင်အားစု၏ စစ်သား ဖြစ်လိမ့်မည်ပင်။
ထိုအမျိုးသား၏အမည် အပြည့်အစုံကို ဝတ္ထုက မဖော်ပြခဲ့သော်လည်း ရှန်းယင်ကျိုးနှင့် တခြားသူများက သူ့ကို အန်ကယ်ကျိုးအဖြစ် အမြဲညွှန်းဆိုခေါ်ဝေါ်ခဲ့ကြသည်။
ဝတ္ထုတစ်လျှောက် ဤဇာတ်ကောင်က မကြာခဏပေါ်ထွက်လာခဲ့လေ့ရှိ၏။ အစမှ အဆုံးအထိ သူသည်က ရှန်းယင်ကျိုး၏ ညာလက်ရုံးဖြစ်ခဲ့ပေသည်။
ရှန်းယင်ကျိုးနှင့် သူ၏အဖွဲ့ အိမ်မှထွက်ခွာလာသောအချိန်တွင် လမ်းပေါ်တွင် တိရစ္ဆာန်ရုံမှ လွတ်မြောက်လာသော သန္ဓေပြောင်းကျားတစ်ကောင်ကို ရင်ဆိုင်ခဲ့ကြရသည်။
ကံကောင်းစွာဖြင့် ကျားက သန္ဓေပြောင်းချိန်က သားပေါက်လေးတစ်ကောင်သာ ဖြစ်နေခဲ့သည်။ မွေးကတည်းက တိရစ္ဆာန်ရုံထဲတွင် ပျိုးထောင်ခံခဲ့ရတာကြောင့် ၎င်းက ရက်စက်မှုနှင့် အတွေ့အကြုံတို့ လစ်လပ်နေခဲ့သည်။
အန်ကယ်ကျိုးက ရှန်းယင်ကျိုးကို ကယ်ဆယ်လိုက်နိုင်သော်ငြား ကျားက သူ၏လက်မောင်းတစ်ဝက်နီးပါးကို ကိုက်ဖြတ်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် သူ့အနေဖြင့် ဆေးခန်းများမှ လုယက်လာသော ဆေးဝါး၊အရက်ပြန်များနှင့် ဒဏ်ရာကို ပိုးသတ်ခဲ့ပြီး ပိတ်ကျဲစဖြင့် ပတ်ထားခဲ့ရသည်။
သို့သော်လည်း သူ မသိလိုက်မှီအချိန်တွင် ဆုံးရှုံးမှုတစ်ခုဟု သူထင်ခဲ့သောလက်မောင်းက သူဘာသာသူပြန်လည် ကြီးထွားလာပြီး သူ၏လက်များကိုလည်း ကျားလက်သည်းများအဖြစ် အသွင်ပြောင်းနိုင်သော စွမ်းရည်ကို ဖွံ့ဖြိုးလာခဲ့သည်။
အခြေအနေသည်က ရုပ်ဖျက်ထားသော ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ဤဇာတ်ကောင်အပေါ် ဝတ္ထုအတွင်းဖော်ပြချက်က အလွန်အသေးစိတ်ပေသည်။ ထို့ကြောင့် ကျားစင်းကြောင်းပါသော လက်မောင်းမှ ကျင်းယန်ကို ထိုးတော့မည်ကို မြင်သောအချိန်တွင် ယင်ရိလျို လူအုပ်ထဲသို့ တဟုန်ထိုးသွားပြီး သူမ၏နှလုံးသားကလည်း ပါးစပ်ထဲသို့ ရောက်လုနီးပါးဖြစ်နေခဲ့ရသည်။
သူက သန္ဓေပြောင်းလက်မောင်းနဲ့ စစ်သားဟောင်းပဲ!
ဝတ္ထု၏နောက်ပိုင်းအချိန်ကာလအတောအတွင်း၌ အန်ကယ်ကျိုးမှာ သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ကို သေသည်အထိပင် ရိုက်သတ်နိုင်ခဲ့သည်။
သူ၏လက်မောင်းများက မည်မျှသန်မာလာသည်ကို တစ်ယောက်မှ စိတ်ကူးနိုင်လိမ့်မည်မဟုတ်ပေ။
ဤရိုက်ချက်သာ ကျင်းယန်၏အပေါ်သို့ ဆင်းသက်သွားပါက မည်သည့်အရာများ ဖြစ်ပျက်လာလိမ့်မည်ကို ယင်ရိလျို စိတ်မကူးဝံ့ပါချေ။
ယင်ရိလျို သူမ၏ ဘေးဘက်ပတ်လည်မှ လူများကို အလောတကြီးဖြတ်ကျော်လိုက်၏။
သူမ၏အကြည့်များက အန်ကယ်ကျိုးပေါ်တွင် မြဲမြံနေခဲ့ပြီး သူမ၏ ချွန်ထက်သောလက်သည်းများကို ဆန့်ထုတ်ကာ ထိုလူကြီးဆီသို့ ခုန်လိုက်လေသည်။
သူမ၏လက်သည်းများက ထိုလူကြီး မာကျောပြီး ထူထဲသော အရေပြားကို စိုက်ဝင်သွားခဲ့ပြီး သူ၏လက်မောင်းကြွက်သားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ကျင်းယန်သည်လည်း ရှန်းယင်ကျိုး၏နောက်တွင် ရပ်နေသော လူကြီးကို သတိထားမိခဲ့သည်။
သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အရှိန်အဝါနှင့် မတ်တတ်ရပ်နေသော ကိုယ်ဟန်မှတဆင့် ထိုလူကြီးသည် ယခင်က စနစ်တကျ လေ့ကျင့်မှုကို လက်ခံခဲ့ထူးလိမ့်မည်ဆိုသည်ကို ကျင်းယန်ပြောနိုင်လေသည်။
သူ့အနေဖြင့် ရန်ပွဲကို မစချင်သော်ငြား ရှန်းယင်ကျိုးနှင့် ဟုန်မင်သည်က အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသောကြောင့် သူ၏သေနတ်ကို ဆွဲထုတ်ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ အထင်မြင်သေးဖွယ်ကောင်းသော လုပ်ရပ်မျိုးမဟုတ်ပေ။ ကမ္ဘာပျက်ကပ်ကာလအတောအတွင်း လက်နက်တစ်ခု ရှိခြင်းသည်က အင်အားအဖြစ် သတ်မှတ်ခံရသည်။
ကမ္ဘာပျက်ကပ်၏ အစောပိုင်းအဆင့်များတွင် လူသားများ၏ ခန္ဓာကိုယ်က မည်မျှပင် သန္ဓေပြောင်းခဲ့သသည်ဖြစ်စေ ကျည်ဆန်ထက်ပို၍မာကျောရန် မဖြစ်နိုင်ဆဲပင်။
ထို့ကြောင့် သူ သေနတ်ကို ထုတ်လိုက်သောအချိန်တွင် ဘေးပတ်လည်မှ လူတိုင်း၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်လုံးများက ရှန်းယင်ကျိုးပေါ်တွင် ရှိနေစဥ် တည်ရှိမှုကို အာရုံမခံစားနိုင်လုနီးပါးရှိနေသည့် သူ၏နောက်မှ လူကိုလည်း သူ အာရုံစူးစိုက်ထားခဲ့၏။
ခဏအကြာတွင် သူ ကြိုတင်ခန့်မှန်းထားသကဲ့သို့ပင် သက်လတ်ပိုင်းလူကြီးက ကျင်းယန်မှ သူ့ကို သတိမထားမိဟု ယူဆပြီး အလစ်ချောင်းကာတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့လေသည်။
ထိုးချက်က လေအလယ်တွင် ရှိနေဆဲအတောအတွင်းတွင်ပင် သူ၏ခေါင်းပေါ်မှ လေထုဖိအားကို ကျင်းယန်ခံစားနိုင်၏။
သူ၏မျက်လုံးများက အသွင်ပြောင်းသွားခဲ့ကာ သူ၏မျက်စံများသည်လည်း အကွဲအဟများအဖြစ်ပြောင်းလဲသွားခဲ့သည်။
လေထုထဲရှိ ကျားလက်သည်းကြီးများက သူ၏မျက်လုံးများ ရှေ့မှောက်တွင်တော့ အရှိန်နှေးသွားသည့် ပုံပေါ်နေသည်။
တိုက်ခိုက်မှုကို တားဆီးရန်အတွက် သူ၏လက်ကိုမြှောက်တော့မည့်အချိန်တွင် အဖြူရောင်အမွှေးလုံးလေး တစ်လုံးက သူ၏မြင်ကွင်းအတွင်း ရုတ်တရက်ထိုးဖောက်ဝင်လာခဲ့သည်။
၎င်းက သူ၏ယုန်လေးဖြစ်ပေသည်။