← Chapters

မင်းတိုက်ရဲလား?

Vol. 1 Ch. 19

မင်းတိုက်ရဲလား?

Vol. 1 Ch. 19

ကျန်းရီသည် တစ်နေ့တွင် သူနှင့် ကျန်းရုဟူ အဆုံးအဖြတ် တိုက်ပွဲကို တိုက်ခိုက်ရမည်ဟု ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်မှု ခံရပြီးနောက် သူ့တွင် ကျန်းရုဟူနှင့် စာရင်းရှင်းစရာ များစွာ ရှိခဲ့ပေသည်။

လွန်ခဲ့သည့်ညက သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့်ကို တက်ရောက်ပြီးသည့်နောက် ကျန်းရီသည် ကျန်းရုဟူကို လုံးဝ မကြောက်တော့ပေ။ ဓားတောင်ကို ကျော်ရသည်ဖြစ်စေ ကျန်းရုဟူသည် သူ့ကို မရပ်တန့်နိုင်စေရပေ။ သူသည် ပြင်းပြင်းထန်ထန် လက်စားချေခွင့် ရရန် မျှော်လင့်နေခဲ့သည်။

ယခုမူကား ကျန်းရုဟူသည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော် သူ့ရင်ထဲတွင် ကြောက်ရွံ့စိတ် လုံးဝရှိမနေခဲ့ပေ။ သူ့မျက်နှာသည် ခါးသီးနာကျည်းမှုများ ပြည့်နှက်နေခဲ့သည်။ သူ၏ နမော်နမဲ့ နိုင်မှုကို သူ့ကိုယ်သူသာ တိတ်တဆိတ် အပြစ်ခဲ့လိုက်သည်။

လူအယောက် နှစ်ဆယ် …

လူအုပ်၏ အားအနည်းဆုံး သူတောင် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့်တွင် ရှိသည်။ ထိုအထဲတွင် ကျန်းပေါင်နှင့် ကျန်းစုန့်တို့ကဲ့သို့ စွမ်းအားမြင့် သူတို့လည်း ရှိသည်။ ဒီလောက် လူအများကြီး ရောက်ရှိလာမှတော့ သူ့တွင် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့် စွမ်းအား ရှိရင်တောင် အနောက်ဘက် တောင်ကုန်းမှ ဘေးကင်းလုံခြုံစွာ ထွက်သွားနိုင်မည် မဟုတ်ပေ။ သူ၏ ဒန်တျန်းထဲတွင်လည်း အနက်ရောင် အတွင်းအား ခြောက်မျှင်သာ ရှိသည်။

အနက်ရောင် အတွင်းအား ခြောက်မျင်မျှနှင့် သူဘာများ လုပ်နိုင်မည်နည်း … သူသည် လူတချို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ကောင်း လုပ်နိုင်လိမ့်မည်။ သို့သော် သူ၏ အနက်ရောင် အတွင်းအား ကုန်ဆုံးသွားသည်နှင့် သူသည် လူအုပ်စု၏ ရက်ရက်စက်စက် ရိုက်နှက်ခြင်းနှင့် ကန်ထုတ်ခံရခြင်းကို ကြုံတွေ့ရပေမည်။ သူကံကောင်းရင်တော့ အရိုးအချို့သာ ကျိုးသွားပေလိမ့်မည်။ ကံဆိရင်တော့ ပဋိပက္ခများအကြား သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက် ခံရပေမည်။ သူသည် ဤလူရမ်းကား အုပ်စု အကြောင်းကို ကောင်းကောင်း သိပါသည်။ သူတို့သာ စိတ်လိုက်မာန်ပါ ကမူးရှူးထိုး လုပ်လရင် သူတို့လုပ်ရပ်၏ နောက်ဆက်တွဲ အကျိုးများကိုလည်း ဂရုစိုက်နေမည် မဟုတ်ချေ။

သူထွက်ပြေး လွတ်မြောက်ရန် နည်းလမ်းတစ်ခုခုများ ရှိခဲ့ပါလား…

လူနှစ်ဆယ်သည် စောစောကပင် အုပ်စုခွဲကာ သူ့ကို အလယ်တွင် ထား၍ ဝန်းရံထားခဲ့ကြပြီး ဖြစ်သည်။ အားလုံး၏ ခန္ဓာကိုယ်များဆီမှ အတွင်းအား အငွေ့အသက်များ ထွက်ပေါ်နေခဲ့ကြသည် ဖြစ်သည်။ သူသာ တစ်ဖက်ဖက်ကို ပြေးသွားလိုက်ပါရင် ထောက်ချောက်တွင် ကျရောက်သွားလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့ ဘက်ပေါင်းစုံဆီမှ မဆုံးနိုင်သော တိုက်ခိုက်မှုများ ကျရောက်လာပေ လိမ့်မည်။

စိတ်အေးအေးထား … စိတ်အေးအေးထား …

ကျန်းရီသည် နောက်ကို ဖြည်းဖြည်းချင်း လှည့်ကာ ကျန်းရုဟူကို သားရဲတစ်ကောင်ကဲ့သို့ စူးစူးရဲရဲ စိုက်ကြည့် နေခဲ့လိုက်သည်။ သူ၏ မျက်လုံးထောင့်များသည် ပတ်ဝန်းကျင်ကို အဆက်မပြ တ်ကြည့်နေခဲ့ပြီး နားနှစ်ဖက်သည်လည်း လှုပ်ရှားသံများကို နားစွင့်ထားခဲ့သည်။ သူ၏ စိတ်သည်လည်း လက်ရှိအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းကို ရှာရင်း အဆက်မပြတ် တွေးတောနေခဲ့သည်။

သူသည် သေရင်သေ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရရင်ရ မဟုတ်ရင် လဝက်လောက် အိပ်ရာထဲတွင် လှဲနေရပေမည်။ ဖန်းယွီဆောင်ကြာမြိုင်မှ လူများ လိုက်လာရင် ရှောင်နူသည်လည်း အန္တရာယ် ရှိနိုင်ပေသည်။ ထို့ကြောင့် သူသည် ယနေ့တွင် စာရင်းအားလုံး ရှင်းနိုင်ရင် ရှင်းနိုင်၊ မရှင်းနိုင်ရင်တောင် အနောက်ဘက် တောင်ကုန်းမှ ဘေးကင်းစွာ ပြန်ဆင်းနိုင်ရမည် ဖြစ်သည်။

"ဘာဖြစ်တာလဲ … မင်းကြောက်နေတာလား …"

ကျန်းရီ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ တုန်လှုပ်နေသည်ကို မြင်ရင် ကျန်းရုဟူသည် နှလုံးသားထဲမှပင် ပီတိများ လျှံတက်လာခဲ့သည်။ ကျားအုပ်သည် မျောက်တစ်ကောင်နှင့် ကစားရသကဲ့သို့ အလွန်စိတ်ဝင်စားဖွယ် ကောင်းနေခဲ့သည်။ သူသည် ဒန်တျန်းမှ အတွင်းအားများကို တိတ်တဆိတ် ထုတ်ဖော်လိုက်ပြီး ကျန်းရီသည် ဖြည်းညှင်းစွာ လျှောက်သွားခဲ့လိုက်သည်။ သူ့ကိုယ်တွင်တော့ ဆိုးယုတ်သည့် အရောင်အဝါများ လွှမ်းလျက်နှင့် အော်ပြောလိုက်သည် ...

"မင်း အမြဲတမ်း ကြောက်လန့်တကြား နေရတော့မယ်ဆိုတာ နားလည်ရင် ငါ့လူတွေကို လက်ဖျားနဲ့တောင် မထိနဲ့လေ ... အခုတော့ ... အားလုံး ... နောက်ကျသွားပြီ ...ဒါပေမဲ့လည်း ငါဆိုတဲ့ သခင်ဟူက ဒီနေ့စိတ်ကောင်း ဝင်နေတဲ့ အတွက် မင်းကို အခွင့်အရေး တစ်ခုပေးမယ် ... မင်း ငါတို့အားလုံးရဲ့ ပေါင်ခြံအောက် ခြေထောက်နှစ်ချောင်း ကြားကနေ တွားသွားပြီး ထွက်သွားမယ်ဆိုရင် ငါမင်းကို လွှတ်ပေးလိုက်မယ် ... ဘယ်လိုလဲ …''

"အစ်ကို ကျားကြီး …"

ကျန်းပေါင်နှင့် ကျန်းစုန့်တို့သည် ကျန်းရုဟူ၏ ကမ်းလှမ်းချက်ကို ကြားရင် စိုးရိမ်သွားကြသည်။ သို့သော် ကျန်းရုဟူ၏ အကြည့်ထဲတွင် ခိုအောင်းနေသော ပြောပြ၍ မရနိုင်သည့် အဓိပ္ပာယ်များကို မြင်လိုက်သောအခါ နှစ်ယောက်လုံးသည် သဘောပေါက်သွားကြပြီး လှောင်ပြောင်ရယ်မော လိုက်ကြသည်။ ကျန်းရီ သူတို့၏ ခြေထောက်ကြားမှ တွားသွားနေစဉ်တွင် တိုက်ခိုက်ရန်မှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ ကျန်းရုဟူသည် ကျန်းရီကို လုံးဝအလွတ်ပေးလိုစိတ် ရှိမနေခဲ့ပေ။ သူသည် ကျန်းရီကို အနည်းငယ်မျှသော စာနာစိတ်လည်း မရှိခဲ့ပေ။

ကျန်းရီသည် စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်နေခဲ့သည်။ ကျန်းရုဟူသည် စိတ်မရှည်ဖြစ်လာပြီး သူ့လူများကို တိုက်ခိုက်ရန် အချက်ပြလိုက်သည်။ ထိုအချိန်မှာပင် ကျန်းရီသည် ရုတ်တရက် ပါးစပ်ဟလာခဲ့သည် ...

"ကောင်းပြီ ... ငါတွားသွားမယ် ... အစ်ကိုဟူ ... မင်းကတိကို တည်ဖို့ မျှော်လင့်ပါတယ်''

"ဟမ် …"

လူများသည် တစ်ဦးနှင့်တစ်ဦး ကြောင်အစွာ ကြည့်လိုက်ကြသည်။ လက်ရှိ လူအယောက် နှစ်ဆယ်ထဲမှ တစ်ဝက်ကျော်ခန့်သည် ကျန်းရီကို ယခင်က အနိုင်ကျင့်ဖူး ခဲ့ကြသည်။ ကျန်းရီသည် ယခင်က သွေးအန်သည်အထိ အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရသည်။ သို့သော်လည်း တစ်ယောက်မှ ကျန်းရီသည်  အောက်ကျို့ခံ တောင်းပန်နေသည်ကို မမြင်ဖူးကြပေ။ ယခုလိုမျိုး  အရှုံးကို တိုက်ရိုက်ဝန်ခံ၍ သူတို့ ခြေထောက်ကြားမှ သွားဖို့ သဘောတူသည် ဆိုသည်မှာ ပြောစရာပင် မလိုချေ။

ကျန်းရုဟူသည် အရူးမဟုတ်ပေ ... မဟုတ်ရင် ဤလူအုပ်၏ ခေါင်းဆောင်မည်သို့ ဖြစ်လာမည်နည် … သူ့နှုတ်ခမ်း ထောင့်များသည် လျှို့ဝှက်စွာ ကွေးညွှတ်သွားခဲ့ပြီး ဘေးတွင်ရှိသော သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ ကျန်းရုယင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကျန်းရုဟူသည် ကျန်းရုယင်းကို မျက်လုံးမှ အချက်ပြလိုက်ပြီးနောက် ကျန်းရုဟူသည် လှည့်လာပြီး ကျန်းရီကို ခေါင်းညိတ်ပြကာ ပြန်ပြောလာခဲ့သည် ...

"ငါ ကျန်းရုဟူက စကားအများကြီး မပြောတတ်ဘူး ... မင်းသာ ငါတို့ ခြေထောက်ကြားကနေ တွားသွားခဲ့ရင် ငါတို့ နောက်တစ်ခါ တွေ့တဲ့အခါ မင်းကို အန္တရာယ် မပေးတော့ဘူး .... ရုယင်း ... မြင်းပုံ အနေအထားနဲ့ နေလိုက်"

ကျန်းရုယင်းသည် ရှေ့သို့ ခြေနှစ်လှမ်းခန့် ချက်ချင်း တိုးလာခဲ့ပြီး မြင်းပုံစံ အနေအထား ပြုလိုက်သည်။ ထို့နောက်တွင် လှောင်ပြောင်လိုဟန်ဖြင့် ကျန်းရီကို သူ့ပေါင်ခြံအောက်ကို ညွှန်ပြကာ ပြောလိုက်သည်

"လာလေ …  ဒါကို ဖြတ်ပြီးသွား …"

"ဟား … ဟား … ဟား"

"သွားလေ တွားသွားပြီး ဖြတ်လိုက်"

လှောင်ပြောင်ရယ်မော သံများသည် ဘက်ပေါင်းစုံမှ ပျံ့လွင့်လာခဲ့သည်။ သူတို့အားလုံးသည် ကျန်းရီ လူများ၏ ပေါင်ကြားမှ တွားသွားသည့် မြင်ကွင်းကို ကြည့်ရန် အလွန်စိတ်လှုပ်ရှား နေခဲ့ကြသည်။

"ကောင်းပြီ ...ငါသွားမယ် ...''

ကျန်းရီသည် အံကြိတ်ကာ အော်ပြောလိုက်ပြီး ကျန်းရုယင်းဆီ ခြေလှမ်းကြဲများနှင့် လျှောက်သွားခဲ့လိုက်သည်။ သူ့မျက်နှာသည် မခံမရပ်နိုင်ဖြစ်မှု နာကျည်းမှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူ့ကိုယ်သည်လည်း ထိန်းချုပ်မရသော ဒေါသတို့ဖြင့် တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သို့သော် သူသည် အတွင်းအား သုံးမည့် မည်သည့် အရိပ်အယောင်မှ မပြဘဲ ရှေ့သို့သာ တသမတ်တည်း လျှောက်လာခဲ့လိုက်သည်။ သူ့တွင် ခုခံမည့်ဟန် မြူတစ်မှုန် စာမျှပင် မရှိသကဲ့သို့ပင်။

"ဟား … ဟား ..."

လူငယ်မျိုးဆက်များသည် သတိထား စောင့်ကြည့် မနေတော့ဘဲ အတော မသတ်နိုင်အောင် ရယ်မောနေကြသည်။ သူ့တို့အမြင်တွင်တော့ ကျန်းရီလို အသုံးမကျသော ကောင်သည် မည်သို့များ အမြဲတမ်း ခုခံနေရဲမည်လဲ … ကျန်းရီသည်  သဏ္ဌာန်ုံးဆင့်  အသွင်ပြောင်းခြင်း ပထမအဆင့်တွင်သာ ရှိသေးသည်။ ကျန်းရီသည် ကျန်းပေါင်နှင့် ကျန်းစုန့်တို့ကို ဒဏ်ရာရအောင် လုပ်ခဲ့သည်ကို သူတို့ မယုံခဲ့ကြပေ။ ယခု အဖြစ်များ ဖြစ်လာသော အခါတွင်ကား ပို၍ပင် မယုံကြတော့ပေ။

တစ်လှမ်း ... နှစ်လှမ်း ... သုံးလှမ်း …

ကျန်းရီသည် ခေါင်းကို ငုံ့၍ အံကိုကြိတ်ကာ ကျန်းရုယင်းဆီ တစ်လှမ်းချင်း လျှောက်သွား ခဲ့လိုက်သည်။ ကျန်းရုယင်းနှင့် တစ်မီတာခန့် အကွာသို့ ရောက်သောအခါ သူသည် ခန္ဓာကိုယ်ကို ကွေးလိုက်ကာ ကျန်းရုယင်း၏ ပေါင်နှစ်ချောင်းရှိရာ စတင်တွားသွားလိုက်သည်။

ထိုခဏတွင် မမျော်လင့်ထားသည့် ပြောင်းလဲမှုတစ်ခု ချက်ချင်း ဖြစ်သွားခဲ့သည် …

အေးစက်စက် အကြည့်တစ်ချက် ကျန်းရုယင်း၏ မျက်လုံးထဲမှ ထွက်ပေါ်လာခဲ့သည်။ မူလမြင်း အနေအထားမှသည် ခြေထောက်နှစ်ချောင်းကို ကွေးလိုက်ပြီး ရှေ့သို့ ခုန်ထွက်သွားခဲ့သည်။ အဝါရောင် အတွင်းအားတို့သည် သူ၏ ညာဘက် ခြေထောက်တွင် လေပွေတစ်ခုကဲ့သို့ လှည့်ပတ်လျက် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ခြေထောက်သည် ဒူးထောက် အနေအထားနှင့် ရှိနေသော ကျန်းရီ ကျောထက်သို့ ထက်မြသော ပုဆိန်တစ်ခုနှယ် ခုတ်ပိုင်းချလာခဲ့သည်။

ဤသည်ကား အမြင့်စားအဆင့်ရှိ အဆင့်မြင့် တောင်ဖြိုခြေထောက် သိုင်းကွက်ပင် ဖြစ်သည်။

ကျန်းမိသားစုဝင် အချို့သည် ဆွံ့အသွားကြသည်။ ကျန်းရီကဲ့သို့ ပြိုင်ဘက်တစ်ယောက်ကို တိုက်ခိုက်ရန် ဤမျှ အားကောင်းသော သိုင်းကွက်ကို မလိုချေ။ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယ အဆင့်တွင် ရောက်နေသော လူတစ်ယောက်အနေနှင့် ကျန်းရုယင်းသည် ကျန်းရီကို ရိုးရိုးတိုက်ခိုက်သည် မဟုတ်ဘဲ နှစ်ခြမ်းကွဲ သွားစေချင်နေတာ မဟုတ်ဘူးလား … သတ္တိနည်းသူ တချို့သည် ကိုယ်လက်အဂါၤ ပြတ်တောက်ရာမှ သွေးထွက်သံ ယိုဖြစ်မည့် မြင်ကွင်းများကို မကြည့်နိုင်တော့ သဖြင့် မျက်လုံးများကိုပါ မှိတ်ထားလိုက်ကြသည်။

"ဟမ့် …"

အေးစက်စက် နှာခေါင်းရှုံ့လိုက်သံသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ခေါင်းကို မော့လိုက်ကာ လက်တစ်ဖက်ကို ကွေးညွှတ်၍ ကျရောက်လာသော တိုက်ခိုက်မှုကို ကာဆီးထားလိုက်သည်။ သူ၏ ဝတ်ရုံရှည် လက်ဖျားနှင့် ဖုံးနေသော လက်သီးသည် အပြာရောင် အတွင်းအားများ စုစည်းလည်ပတ်နေခဲ့သည်။ သူသည် ကြောက်ရွံ့မှုမရှိဘဲ လက်သီးကို ကျန်းရုယင်း၏ တိုက်ခိုက်လာသော ခြေထောက်ဆီ ဝံ့ကြွားစွာ ပစ်သွင်းခဲ့လိုက်သည်။

"ဘန်း …"

"ဂျွတ် …"

အရိုးကျိုး သံများသည် အတွင်းအား ပေါက်ကွဲသံနှင့် အတူ ထွက်ပေါ်လာခဲ့သည်။ အတွင်းအားများ တိုက်မိရာမှ ဖြစ်ပေါ်လာသော လှိုင်းသည် အနီးနားရှိ ဖုန်များကို ထလာစေပြီး လူမိုက်အုပ်စု၏ အမြင်အာရုံများကို ဝေဝါးသွားစေသည်။ ထိုခဏတွင် လူအုပ်သည် မျက်တောင်ခတ် ရမည်ကိုပင် မေ့လျော့နေခဲ့သည်။ သူတို့၏ မျက်လုံးများသည် ကျွတ်ထွက်လာမတတ် ပြူးကျယ်နေကာ မြင်နေရသော အရာကို မယုံနိုင်စွာ ကြည့်နေခဲ့ကြသည်။ ကျန်းရုယင်း၏ ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ ခပ်ဝေးဝေးကို လွင့်စင်ကျသွားခဲ့သည်။

ကျန်းရုယင်းသည် မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိခဲ့သည်။ သူ၏ ဘောင်းဘီ ညာဘက်ခြမ်းသည် အစိတ်စိတ်အမွှာမွှာ စုတ်ပြဲနေခဲ့သည်။ ဖြူဖျော့ဖျော့ အရောင်ရှိ အရိုးကို လတ်လတ်ဆတ်ဆတ် သွေးများ လွှမ်းလျှက် မြင်တွေ့နေခဲ့ရသည်။  ညာဘက်ခြေထောက်မှ ပျံ့နှံ့လာသော စူးရှရှ နာကျင်မှုကြောင့် သူ့မျက်နှာသည် ရှုံ့တွနေခဲ့ပြီး  သူသည်လည်း မရပ်မနား အော်ဟစ်နေခဲ့သည်။

"ဘာတွေ ဖြစ်သွားတာလဲ?"

လူတိုင်းသည် ကြောင်အနေခဲ့ကြသည်။ ကျန်းပေါင်သည်လည်း ဆွံ့အနေခဲ့ပြီး သူ့မျက်လုံး များထဲတွင် ကြောက်ရွံမှုများ ထင်ဟပ်နေခဲ့သည်။ သူထိုနေ့က ကြုံတွေ့ခဲ့ရသည်တို့သည် ယခု ကျန်းရုယင်း အဖြစ်နှင့် တစ်ပုံစံတည်း ဖြစ်သည် ... သူသည်လည်း ကျန်းရီ၏ လက်သီးတစ်ချက်နှင့်ပင် လွင့်စင်သွားခဲ့သည်။

"ကျန်းရုဟူ .... မင်းငါ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ ငါသိတယ် ... မင်းသဘောထား ကြီးလာတယ်လို့ ဘယ်တုန်းကမှ  အပိုမျော်လင့်ချက်တွေ မထားတာ ဒီသခင်လေးကို ... ကျေးဇူးတင်ရမယ် ..."

ကျန်းရီ၏ ပုံရိပ်သည် မြေပြင်ပေါ်မှနေ၍ မြားတစ်စင်းကဲ့သို့ ကျန်းရုဟူဆီ တည့်တည့် ပြေးဝင်သွားခဲ့သည်။

ဓားပြများကို ဖမ်းမည်ဆိုရင် ဓားပြခေါင်းဆောင်ကို အရင်ဖမ်းရပေမည် …

ကျန်းရီ၏ ရည်ရွယ်ချက်သည် ရှင်းပါသည်။ သူသည် လွတ်မြောက်စရာ လမ်းမရှိမှတော့ ရွေးစရာမရှိဘဲ တိုက်ခိုက်မှသာ ထွက်သွားရပေမည် … ထို့ပြင် သူသာ ဘေးကင်းစွာ ထွက်သွားလိုရင် ကျန်းရုဟူကို အနိုင်ယူရပေမည်။

ထို့ကြောင့် သူသည် အစမှပင် သူ့ရန်သူများ သတိမထားမိသည့် အချိန်ကို စောင့်ကြည့်နေခဲ့သည်။ တစ်ဆက်တည်းမှာပင် အနက်ရောင် အတွင်းအား အစွမ်းကို အားကိုး၍  ကျန်းရုယင်းကို လက်သီးတစ်ချက်နှင့် လွင့်စင်သွားအောင် ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် သူ့ရန်သူများ အားလုံးကြောင်အ နေသည်ကို အခွင့်ကောင်းယူ၍ ကျန်းရုဟူကို တစ်ချက်တည်းနှင့် အနိုင်ယူရန် ပြင်ဆင်ခဲ့သည်။

"ဟမ့် ... မင်းတို့ အားလုံး ဘာစောင့်နေကြတာလဲ … တိုက်ခိုက်ကြလေ …"

ကျန်းရီ၏ တွက်ဆမှုသည် မဆိုးပေ ... သို့သော် သူတစ်ချက်မှားသွားခဲ့သည်။ ကျန်းရုဟူသည် ကျန်းရီ သူ့ဆီပြေးလာသည်ကို မြင်လိုက်ရသောအခါ ထိပ်တိုက်ရင်ဆိုင် ရမည့်အစား နောက်ကို အမြန်ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့အဖွဲ့ကို ကျန်းရီအား ဘက်ပေါင်းစုံမှ တိုက်ခိုက်ရန် လှုံ့ဆော်လိုက်ခဲ့သည်။

"တိုက်ခိုက်ကြ …"

ကျန်းရုဟူ၏ နောက်တွင်ရပ်နေသော လူသုံးယောက်သည် ကြောင်အနေရာမှ ချက်ချင်းသတိဝင် လာခဲ့သည်။ သူတို့သည် ကျန်းရုဟူ၏ စကားကို နားထောင်ကာ ကျန်းရီဆီ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။

အိုး ... ကျန်းရုဟူက တကယ့်ကို သူ့အဖေရဲ့ ဗီဇတွေပါလာတာပဲ … သူက ကြွက်လို သတိရှိပြီး မြွေလိုမျိုး ကောက်ကျစ်တယ် … ငါမီးစင်ကြည့်ပြီး ကရတော့မှာပဲ … အနက်ရောင် အတွင်းအား …

ကျန်းရီသည် သူ့ကိုယ်သူ လှောင်လိုက်မိသည်။  ကျန်းရုဟူသည် အလွန်သတိရှိကြောင်းကို မှားယွင်းစွာ ဆုံးဖြတ်မိခဲ့သည်။ ကျန်းရီသည် ကျန်းရုဟူ၏ ဖခင် ကျန်းယွင်ရှဲသည် 'ဝါးမြွေစိမ်း' ဟုနာမည်ပြောင် ရှိကြောင်းနှင့် ငယ်စဉ်ကပင် သူ၏ ကတိမတည်မှု၊ မရိုးသားမှုတို့ကြောင့် ကောင်းကင်တောင်ပံမြို့ တစ်ခွင် ကျော်ကြားခဲ့ကြောင်း တွေးမိသောအခါ စိတ်သက်သာရာ ရသွားခဲ့သည်။ ကျန်းရီသည် အများကြီး တွေးမနေတော့ဘဲ အနက်ရောင် အတွင်းအား တစ်မျှင်ကို သူ့မျက်လုံးဆီ ပို့ဆောင်လိုက်ရင်း အံကြိတ်ကာ ရှေ့သို့ တိုးသွားလိုက်သည်။

"ပုံရိပ်ယောင် ခြေလှမ်း …"

သူ့မျက်လုံးအစုံသည် ယပ်တောင်ပုံစံ လူဖြန့်၍ ပြေးဝင်လာသော လူသုံးယောက်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ သူသည် ရန်သူ၏ လှုပ်ရှားမှုကို အခြေခံ၍ သူတို့အသိုင်းပြုသော သိုင်းပညာ၊ တိုက်ခိုက်မှုလာရာ လမ်းကြောင်းနှင့် အမြန်နှုန်းတို့ကို ကြိုတင်တွက် ဆနေခဲ့သည်။ ထို့နောက်တွင်မူ ခြေလှမ်းလှလှကို သုံးကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းခဲ့လိုက်သည်။

"ဟမ် …"

ဘက်ဘက်ခြမ်းမှ ပြေးလာနေသော သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယ အဆင့်ရှိ လူငယ်သည် ကျန်းရီသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့်ရှိ ကျန်လူနှစ်ယောက်ဆီ သွားရမည့်အစား သူ့ဆီပြေးလာသည်ကို မြင်သောအခါ ကြောင်အသွားခဲ့သည်။ အချက်အလက်များကို ဆက်စပ်ကြည့်လိုက်ပြီး ကျန်းရုယင်းသည် ကျန်းရီ၏ လက်သီးတစ်ချက်နှင့်ပင် လွင့်စင်သွားသည်ကို တွေးမိသောအခါ သူ့နှလုံးခုန်သံတို့ မြန်ဆန်လာရသည်။ သူသည် စိတ်ဆုံးဖြတ်ကာ တိုက်ခိုက်မှုကို ရပ်တန့်ခဲ့လိုက်သည်။

"ဝှစ် …"

ကျန်းရီ၏ ပုံရိပ်သည် ပြေးလာနေစဉ်မှာပင် ညာဘက်ဆီသို့ သွားလိမ့်မည်ဟု မည်သူ တွေးမိမည်လဲ … ညာဘက်ရှိ လူနှစ်ယောက်သည် ကျန်းရီသည် သူတို့ထံသို့သာ ပြေးလာမည်ဟု ခန့်မှန်းထားခဲ့သော်လည်း ကျန်းရီသည် ဘယ်ဘက်သို့ ပြေးသွားခဲ့သည်ကို မြင်လျှင် ရုတ်တရက် ကြောင်သွားခဲ့ပြီး ချက်ချင်းတစ်နေရာကို ဦးတည်၍ ပြေးသွားခဲ့သည်။  စိတ်ရှုပ်ထွေးနေသော လူနှစ်ယောက်သည် လက်များ ကိုဝှေ့ယမ်းကာ ကျန်းရီဆီ လက်သီးများ ပစ်သွင်းလိုက်ကြသည်။

"ပိုးမျှင်လက်သီး …''

ကျန်းရီ၏ လက်တစ်စီ ရေမှော်ပင်များနှယ် ရန်သူနှစ်ယောက်ဆီကို တိုးဝင်သွားကြပြီး လက်မောင်းမှ ဆွဲလိုက်သည်။ ထို့နောက်တွင် ခန္ဓာကိုယ်ကို ဘေးဘက်သို့ လှည့်လိုက်ကာ ရှေ့သို့တိုးရင်း ရန်သူနှစ်ယောက်ကိုပါ ဆွဲခေါ်သွားလိုက်ပြီး သူ၏ ခြေထောက်တစ်ချောင်းသည် ရန်သူများ၏ ခြေထောက်ကို အဆိပ်ရှိသော မြွေတစ်ကောင်ကဲ့သို့ ဖြတ်ကန်လိုက်သည်။

မျော်လင့်ထားသည့် အတိုင်း ရန်သူနှစ်ယောက်သည် မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက်လဲကျ သွားခဲ့သည်။ ကျန်းရီမူကား သူ့ရှေ့တွင် ရှိနေသော ကျန်းရုဟူဆီ ဒေါသနကြီး ပြေးဝင်သွားခဲ့သည်။ သူ့မျက်လုံးများသည် အေးစက်သည့် အရိပ်အယောင်များ ဖြာထွက်နေခဲ့ပြီး အော်ဟစ်လိုက်သည်

"ကျန်းရုဟူ ... မင်းတိုက်ရဲလား …"

"ဒါကိုကြည့်လိုက် ... ကြယ်ကြွေလက်သီး …"

ကျန်းရီသည် လူနှစ်ယောက်ကို လူနှစ်ယောက်ကို အလွယ်တကူ အနိုင်ယူခဲ့သော်လည်း သူသည် တစ်စုံတစ်ယောက်ကို မေ့လျော့ နေခဲ့သည်လား … ကျန်းရီသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယ အဆင့်ရှိ လူကို ချန်ထားခဲ့သည်။ ထိုလူသည် ချက်ချင်း အသိဝင်လာခဲ့ပြီး ကျန်းရီဆီ ခြေလှမ်းကြဲများနှင့် ပြေးလာခဲ့သည်။ သူသည် ကျန်းရီ၏ နောက်ကျောကို ဦးတည်၍ လက်သီးနှင့် ရက်စက်စွာ ထိုးချခဲ့လိုက်သည်။

ကျန်းရီသည် ကျရောက်လာသော တိုက်ခိုက်မှုကို မရှောင်ရှားဘဲ ရှေ့သို့သာ ဆက်လက် ပြေးနေခဲ့သည်။ တိုက်ခိုက်မှုသည် သူ့ကျောပေါ်သို့ လွယ်ကူစွာ ကျရောက်လာခဲ့ပြီး သူ့ကိုယ်သည် လေထဲသို့ ချက်ချင်း လွင့်ထွက်သွားခဲ့သည်။

"ကျန်းရီ ... မင်းအစွမ်းအစနဲ့ ငါ့ကို ယှဉ်ဖို့ ကြိုးစားနေတာလား …''

ကျန်းရီ လွင့်ထွက်သွားရာ ရှေ့တည့်တည့်တွင် ရှိနေသော ကျန်းရုဟူသည် မတိုက်ခိုက်ခင် ကျန်းရီ၏ အင်အား အစစ်အမှန်ကို ခွဲခြားရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူကား  သူသည် လှုပ်ရှားမှုများကို ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မော နေခဲ့သည်။ သို့သော် သူ့မျက်လုံးများသည် ယုတ်မာတော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး အတွင်းအား လှိုင်းများသည်လည်း ဖြာထွက်လာခဲ့သည်။ သူ့လက်သီးနှစ်ဖက်ကို ကျန်းရီလာရာ လမ်းကြောင်းသို့ သတ္ထုတူများနှယ် ပစ်သွင်းလိုက်သည်။

ကျန်းရီသည် လေထဲတွင် လွင့်လာစဉ်တွင် သူ့မျက်နှာသည် မည်သည့် အမူအရာမှ ရှိမနေခဲ့သော်လည်း မျက်လုံးများတွင်တော့ အူမြူးခြင်းများ ကပ်ညိနေခဲ့သည်။ သူသည် ကျန်းရုဟူနှင့် သုံးပုံနှစ်ပုံ မီတာခန့်သို့ ရောက်သောအခါ ပါးစပ်ဖွင့်လိုက်ပြီး ပါးစပ်အပြည့် သွေးများကို ကျန်းရုဟူ၏ မျက်နှာနှင့် ခေါင်းများရွှဲသွားအောင် ထွေးထုတ်လိုက်သည် ...

မကြာခင်မှာပင် ကျန်းရုဟူ၏ ကျောရိုးတစ်လျှောက် ကြက်သီးထလာ စေလောက်သည့် ကျန်းရီ၏ အေးစက်လွန်းသော အသံသည် ထွက်ပေါ်လာခဲ့သည် ...

"ကျန်းရုဟူ .... မင်းငါ့ထောင်ချောက်မှာ မိသွားပြီ … ဒီနေ့ ငါလည်း မင်းရဲ့ ခြေလက် လေးချောင်းလုံးကို မချိုးနိုင်ရင် ငါ့နာမည် 'ကျန်းရီ'ကို ပြောင်းပြန် ရေးပစ်လိုက်မယ် …"

"အိုး ... မဟုတ်ဘူး …"

ကျန်းရုဟူ ပါးစပ်အပြည့် သွေးများ ထွေးထုတ်ထားခြင်း ခံထားရသောကြောင့် မျက်လုံးများကို ချက်ချင်း မဖွင့်နိုင်ခဲ့ပေ။ သူ့နှလုံးသားသည်လည်း ပြန်၍ပင် မတိုက်ခိုက် ရဲလောက်အောင် ခြောက်ခြားနေသဖြင့် သူ့ခေါင်းကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ထားခဲ့သည်။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်သွားကာ သွေးရူးသွေးတန်း အော်ဟစ်လိုက်သည် ...

"မင်းတို့ အားလုံး သေနေကြတာလား .... ဘာလို့ မြန်မြန် မတိုက်ခိုက် ကြသေးတာလဲ ... ငါ့အတွက် ... ဒီခွေးကောင်  ကျန်းရီကို သေတဲ့အထိ ရိုက်ပေးကြ ..."

*****

All Chapters