လူသတ်သမား(5)
Vol. 27 Ch. 270
သူမ၏ စွမ်းအင်နှင့် စိတ်ဝိဉာဉ်တို့ ထိတွေ့လိုက်ချိန်တွင် လျန်ယိုခန်း၏ မျက်ဝန်းအစုံ ရုတ်တရက် ပြုးကျယ်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးမှာလည်း နာကျင်မှုကြောင့် ရှုံ့တွနေခဲ့သည်။
ကုကျစ်စုန့် သူ၏ စိတ်ဝိဉာဉ်နှင့် မှတ်ဉာဏ်များတွင်းသို့ စတင်ဝင်ရောက်လာချိန်တွင် ပထမဆုံးခံစားလိုက်ရသည်မှာ သူ၏ မှတ်ဉာဏ်မဟုတ်။ အခြားလူတစ်ဦး၏ ရောယှက်နေသော အမုန်းတရားများပင်။
ထိုအမုန်းတရားများသည်က စိုစွတ်ထိုင်းမှိုင်းနေပြီး မိစ္ဆာဆန်သော အငြိုးအတေးဖြစ်ကာ လျန်ယိုခန်းအား ငရဲထိ ဆွဲခေါ်သွားချင်ပုံပေါ်သည်။
ထိုအလွန်အမင်းအားကောင်းလှသည့် ရေသရဲ၏ အငြိုးတရားကြောင့်ပင် လျန်ယိုခန်းနှင့် လူမိုက်ကျိုးတို့၏ ပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ထိုရေသရဲမှာ မည်သူဖြစ်သည်ကို သူမ သိရှိပြီးဖြစ်သည်။ ဤသည်မှာ တရားမျှတမှုမရှိစွာ သေဆုံးခဲ့ရပြီး အပျက်မတစ်ယောက်အဖြစ် နာမည်တပ်ခံခဲ့ရသည့် သနားစရာအမျိုးသမီးသာလျှင်ဖြစ်သည်။
မမျှမတ သေဆုံးခဲ့ရပြီးနောက် ရေကန်တွင်းသို့ ပစ်ချခံရပြီး ပိုးမွှားများ၊ ငါးများ၊ ဂဏန်းများမှ သူမ၏ အရိုးအသားများကို ဝါးမျိုကာ ဝိဉာဉ်အထိ ဝါးမျိုခံခဲ့ရသော အမျိုးသမီးပင်။
ဤငြိတွယ်နေသော အမုန်းတရားအား ခံစားလိုက်ရပြီးနောက် ကုကျစ်စုန့် သူမ၏ စိတ်စွမ်းအားဖြင့် ဖုံးလွှမ်းလိုက်ရန် ဝန်မလေးခဲ့ပေ။
နောက်တစ်စက္ကန့်အကြာတွင်တော့ သူမသည် ရေနက်ပိုင်းထိ ဆွဲခေါ်သွားခံလိုက်ရပြီးနောက် ရင်ဘတ်နှင့် အဆုတ်တွင်း ရေများပြည့်နှက်နေသော အသက်ရှူကြပ်သည့် ခံစားချက်၊ အသွေးအသားများအား စားသောက်ခံရသည့် ခံစားချက်မှာ နာကျင်လွန်းလှသည်။
စွမ်းအင်နှင့် ခံနိုင်ရည်အားလျော့သည့် ပညာရှင်များသာ ဤမျှအားကောင်းသော မကောင်းသည့်ခံစားချက်များနှင့် လွှမ်းမိုးခံလိုက်ရပါလျှင် နေရာတွင် ချက်ချင်းကျရှုံးကာ အပြင်းအထန်ဒဏ်ရာရ၍ ယင်စွမ်းအင်၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။
သို့သော် ကုကျစ်စုန့်သည်က သာမန်ပညာရှင်မဟုတ်ချေ။
ထိုနာကျင်မှု တဖြည်းဖြည်းလျော့ပါးသွားချိန်တွင် အမုန်းတရားများ၏ အောက်တွင် ဖုံးကွယ်နေသော အရာများအား သူမ မြင်တွေ့ခဲ့ရသည်။
သူမသည်ကား ‘ခြေအငြိမ်မနေသည့် မိန်းမ’ ၊ ‘လျန်ယိုခန်း၏ မိန်းမ’ မဟုတ်။
လျှို့မိုရှင်းသာလျှင်ဖြစ်သည်။
သူမ၏ ဘဝသည်က ခက်ခဲ၍ မချမ်းသာသော်လည်း၊ ခင်ပွန်းဖြစ်သူသည် အရက်မူးလာချိန်တွင် ဒေါသကြီးသောင်းကျန်းတတ်သော်လည်း.. သူမတွင် လိမ္မာသိတတ်သည့် ကလေးတစ်ဦးရှိသည်။
ထိုကလေးသာလျှင် ဤပျင်းစရာဘဝကြီးတွင် သူမ၏ တစ်ခုတည်းသော နားခိုရာနေရာငယ်ဖြစ်ခဲ့သည်။
ခင်ပွန်းဖြစ်သူက အရက်သေစာအား ကြိုက်နှစ်သက်ပြီး သာမန်အလုပ်သမားတစ်ဦးသာ ဖြစ်သည်။
သူရှာ၍ ရသမျှ လစာသည်က သူ့အရက်ဖိုးသာ ဖြစ်ခဲ့ရပြီး သူမနှင့် ကလေးငယ်အတွက် အကြွင်းအကျန်သာ ရှိခဲ့သည်။
လျှို့မိုရှင်းမှာ ပညာတတ်တစ်ဦးမဟုတ်သော်ငြား သူမ အလုပ်ထွက်လုပ်ချင်၍ အင်မတန်ချွေတာတတ်သော သားငယ်ကို ပိုမိုကောင်းမွန်သည့် ဘဝတစ်ခု ပေးချင်ခဲ့သည်။
သို့သော် သူမ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ စကားစမိပါလျှင် ခင်ပွန်းဖြစ်သူက သူမအား ရွံရှာသော အကြည့်ဖြင့် ကြည့်တတ်သည်။
‘နင်က ဘာကိစ္စအဲဒီလောက် အငြိမ်မနေဘဲ အပြင်ထွက်ပြီး လင်ငယ်ရှာချင်နေရတာလဲ?’
အချိန်ကြာလာသည်နောက်တွင်တော့ သူမက ခင်ပွန်းဖြစ်သူမရှိသည့်အချိန်တွင် ညဈေးတန်း၌ ဆိုင်ငယ်လေးသာ ဖွင့်ရဲခဲ့သည်။
သို့သော် သူမ၏ နူးညံ့မှု၊ နာမည်ကြီးခြင်းနှင့် ရုပ်ရည်ချောမောခြင်းတို့သည် ‘မယားကောင်းမပီသခြင်း’ဆိုသော စွပ်စွဲချက်တို့ဖြင့် နာမည်တပ်ခံရကာ ရွာသားများ၏ သွားပုတ်လေလွင့်ပြောဆိုခံခဲ့ရသည်။
သူမသည်ကား အမျိုးသားလုပ်ဖော်ကိုင်ဖက်များဖြင့် စကားအနည်းငယ်သာ ပြောဆိုခဲ့သော်လည်း ရွာထဲမှ အရှက်မရှိသောလူများ၏ ပါးစပ်တွင်တော့ အပျက်မတစ်ယောက်အဖြစ် စနောက်ခံခဲ့ရသည်။
ထိုအချက်ကြောင့်ပင် သူမ၏ နောက်ကွယ်၌ အတင်းအဖျင်းပြောခံရခြင်းများ စတင်ခဲ့ခြင်းပင်။
ထိုအချက်ကြောင့်ပင် သူမသည် အကြိမ်ပေါင်းများစွာ ဆူပူဆဲဆို၊ရိုက်နှက်ခံခဲ့ရသည်။ ခင်ပွန်းဖြစ်သူ၏ မျက်လုံးနီကြီးများကို မြင်လိုက်သည်နှင့် သူမ ပင်ပန်းဆင်းရဲစွာ ခံစားခဲ့ရပြီး ခင်ပွန်းသည်ကိုလည်း အဘယ်ကြောင့် သူမ၏ ရှင်းပြချက်ကို နားမထောင်ရသနည်းဟု ငိုယိုမေးမြန်းခဲ့ဖူးသည်။
သို့သော် လျန်ယိုခန်း အမြဲပြောသည်မှာ:
‘နင်သာ အပြင်ထွက်ပြီး ရွမနေရင် ရွာသားတွေက ဘာပြောစရာရှိမှာလဲ? နင်ကိုက အငြိမ်မနေလို့ ဖြစ်ရတာ!”
ထို့ကြောင့် လျှို့မိုရှင်းတစ်ယောက် မတော်မတရားကျင့်ခံခဲ့ရချိန်တွင် သူမ လုံးဝ ပြိုလဲကျသွားခဲ့သည်။
သူမအား အနိုင်ကျင့်သူသည်က မည်သူဖြစ်သနည်းကိုလည်း သူမ မသိခဲ့ချေ။
သူမထံတွင် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခများကို ခံစားနေရသည်ကိုလည်း သူမ နားမလည်နိုင်ခဲ့ပေ။
လျှို့မိုရှင်း ရဲခေါ်ရန် ဆုံးဖြတ်ချက်ချထားခဲ့သော်လည်း ထိုလူက ဗီဒီယိုကို ယူသွားခဲ့ပြီး သူမအား ခြိမ်းခြောက်ခဲ့သည်။
‘ဒီနယ်မြေမှာ ငါ့မိသားစုနောက်ခံကို နင်သိလား? ငါ့မိသားစုက ချမ်းသာတယ်၊ အားကောင်းတယ်.. ပြီးတော့ ဟွမ်ပြည်နယ်မှာ နာမည်ကြီးပဲ.. နင်က ငါ့ကို တရားစွဲချင်တာလား? နင်အမှုကို နိုင်မလားကြည့်လိုက်လေဘယ်ရှေ့နေက နင့်ကို ကူရဲမှာလဲ? ဘယ်သူက ငါလိုမျိုး အလုပ်အကိုင်၊ ငွေကြေးပြည့်စုံတဲ့ အောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်က နင့်လို တောသူမကို မတရားကျင့်တယ်လို့ ယုံမှာလဲ? ဘယ်သူက နင့်ကို ယုံမလဲဆိုတာ ကြည့်ရအောင်’
ထိုယောင်္ကျားမှာ အရှက်မရှိ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
‘နင့်သားက အခုမှ xx အလယ်တန်းကျောင်းမှာ ကျောင်းတက်နေတုန်းမဟုတ်လား? နင့်ရဲ့ စောက်သုံးမကျတဲ့ ယောင်္ကျားက ဆောက်လုပ်ရေးလုပ်ငန်းမှာ အုတ်တွေရွှေ့ပေးရုံနဲ့ ပိုက်ဆံဘယ်လောက်ရှာနိုင်မှာမို့လို့လဲ?
စကားနားထောင်ပြီး ငြိမ်ငြိမ်နေလိုက်.. ဒါဆိုရင် ငါ မင်းကို ကောင်းကောင်းစားသောက်နိုင်အောင် လုပ်ပေးမယ်၊ အေး ကျောက်တုံးကို ကြက်ဥနဲ့ ခွဲချင်လို့ကတော့ မင်းတို့ မိသားစုတစ်ခုလုံးကို ငါ့လက်သန်းတစ်ချောင်းတည်းနဲ့တင် ချေမှုန်းပစ်လို့ရတယ်’
လျှို့မိုရှင်းတစ်ယောက် သူမ ခံစားနေရသမျှ ဝေဒနာများသည်က သူမနှင့် တစ်ရွာတည်းသာ လူမိုက်ကျိုးဆိုသော လူကြောင့် ဖြစ်ကြောင်းကို သိလိုက်ရသည်။
ဤလူမိုက်ကျိုးသည် လောင်းကစားအင်မတန်ခုံမင်ပြီး လောင်းကစားစွဲနေသော်လည်း အရည်အချင်းမရှိပေ။ သူသည် သူမအား မတရားကျင့်ခဲ့သည့် လူ့တိရိစ္ဆာန်အပေါ်တွင် အကြွေးတင်နေခဲ့သည်။
ထိုလူ့တိရိစ္ဆာန်တွင် မကောင်းသည့် တဏှာရာဂစိတ်များ ရှိသည်ကို သိသောကြောင့် သူ့၏အကြွေးအား အစားဆပ်ပေးနိုင်မည့် လူအား ရှာဖွေခဲ့ချိန်တွင် သူမကို မျက်စိကျသွားခဲ့ခြင်းပင်။
နှစ်ယောက်သား ထွက်ခွာသွားချိန်အထိ သူ့တို့ပြောခဲ့သည့် ရွံစရာစကားမှာ သူမနားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
‘နင်က ရွာထဲမှာ ဘာလို့ မိန်းမပျက်လို့ နာမည်ထွက်နေသေးလဲ နင့်ကိုနာမည်ပျက်အောင်လုပ်ခဲ့တဲ့လူတွေကိာပဲ အပြစ်တင်လိုက်?’
လျှို့မိုရှင်း အသည်းခိုက်အောင် နာကျင်ခဲ့ရသည်။ ထိုနေ့က သူမ ဤလူနှစ်ဦးကို သတ်ပြီး သူမ ကိုယ်တိုင်လည်း သေချင်စိတ်ဖြင့် အိမ်သို့ပြန်ရောက်လာခဲ့သည်။
ထိုအချိန်တွင် လျန်ယိုခန်း အိမ်သို့ပြန်လာနေသည်ကို မြင်လိုက်ရပြီးနောက် သူမ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သည်။
ခင်ပွန်းဖြစ်သူက သူမနှင့်အတူ ရဲကိုခေါ်ပေးလိမ့်မည်ဟု မျှော်လင့်လိုက်မိသော်လည်း သူမ ပါးစပ်မဟနိုင်ခင်မှာပင် အပြင်ထွက်၍ ‘လင်ငယ်မျှော်’နေသည်ဟု ဆိုကာ ဆဲဆိုခံလိုက်ရသည်။
ညစာစားနေချိန်တွင် လျှို့မိုရှင်းမှ မုဒိမ်းကျင့်ခံရသော သနားစရာအမျိုးသမီးတချို့၏ အကြောင်းကို စကားစ၍ ပြောဆိုခဲ့ချိန်တွင်လည်း လျှန်ယိုခန်၏ အဖြေမှာ သွေးအေးလွန်းလှသည်။
‘သူတို့အကုန်လုံးက ညစ်ပတ်တဲ့မိန်းမတွေဖြစ်နေတာကို အရှက်မရှိ အသက်ရှင်ရဲကြသေးတယ်.. ငါသာ အဲလိုမိန်းမဆိုလို့ကတော့ သေရမှာတောင် ရှက်တယ်’
ထိုအချိန်အခိုက်အတန့်တွင် လျှို့မိုရှင်း၏ မျှော်လင့်ချက်ရောင်ခြည်လေးလည်း ပျောက်ဆုံးသွားခဲ့ရသည်။ သူမ ပြောချင်သည့် စကားများကို ဝမ်းတွင်းသို့ မျိုချလိုက်ပြီး ဤကမ္ဘာတွင် သူမကို ကယ်တင်နိုင်မည့်သူမှာ သူမကိုယ်တိုင်သာ ဖြစ်ကြောင်း နားလည်လိုက်သည်။
ထိုလူ့တိရိစ္ဆာန်များထံတွင် သူမ၏ ဓာတ်ပုံရှိနေပြီး ထိုလူ၏ မိသားစုသကည် သူမတို့ဒေသတွင် အမှန်တကယ်လည်း အာဏာရှိကြောင်း သိလိုက်ရသည်။
သူမတစ်ဦးတည်းအနေဖြင့် မတရားစွာ သေဆုံးခဲ့ရပါလျှင် အဆင်ပြေပါသော်လည်း အလယ်တန်းကျောင်းနောက်ဆုံးနှစ်တက်နေသည့် သားဖြစ်သူအား ထိခိုက်မည်ကို စိုးရိမ်နေခဲ့မိသည်။
ထို့ကြောင့် အချိန်အကြာကြီး စဉ်းစားပြီးနောက်တွင် သူမ ရဲကိုမခေါ်ရန် ဆုံးဖြတ်လိုက်သည်။
သူမ အားနွဲ့ဟန်ဆောင်ကာ ထိုတိရိစ္ဆာန်နှစ်ကောင်ထံမှ အရှက်ခွဲခြင်းနှင့် ပိုက်ဆံတို့အား လက်ခံချင်ယောင်ဆောင်ခဲ့သည်။ သူမ အိပ်ရာ၏ ခေါင်းရင်းတွင် recorder တစ်ခုအား ဖွက်ထားပြီး သူမကို ခြိမ်းခြောက်နေသူနှစ်ဦး၏ မျက်နှာ၊ သူတို့ပြောခဲ့သမျှ စကားလုံးများကို အသံဖမ်းထားခဲ့သည်။
သူမအား ပေးခဲ့သည့် လက်ဝတ်ရတနာများကိုလည်း နောင်တစ်ချိန်တွင် သက်သေအဖြစ် အသုံးပြုနိုင်ရန် ဖွက်ထားခဲ့သည်။
သို့သော် သူမ မေ့နေခဲ့သည့်အရာတစ်ခုမှာ ကောလဟာလများသည် လူကို သေစေနိုင်သည်ထိ အဆိပ်ပြင်းလှပေသည်။
ထိုရွံစရာကောင်းသည့် လူမိုက်ကျိုးသည်က သူမအိမ်အနီးတွင် ဝေ့လည်နေသောကြောင့် ရွာသားများ တီးတိုးပြောဆိုကြသည့် သွားပုတ်လေလွင့်စကားများသည် သည်းမခံနိုင်လောက်အောင်ပင် ကြီးထွားလာခဲ့သည်။
နောက်ဆုံးတွင်တော့ လျန်ယိုခန်းနှင့် တစ်ဆိုက်တည်း အတူ အလုပ်လုပ်သည့် အလုပ်သမားတစ်ဦး အရက်မူးလာပြီးနောက် လျန်ယိုခန်းအား လုပ်ဖော်ကိုင်ဖက်များရှေ့တွင် ရယ်မောလှောင်ပြောင်ခဲ့သည်။
သူ၏ မိန်းမဖြစ်သူသည်က အိမ်တွင် သူ့ပိုက်ဆံများကို ဖြုန်းတီး၍ ဖောက်ပြန်နေကြောင်း၊ တစ်ရွာလုံးလည်း သူ့ကို ကြောက်တတ်သည့် အရူးတစ်ယောက်ဖြစ်ကြောင်း သိကြသည်ဟု လှောင်ပြောင်ခဲ့သည်။
ဒေါသထွက်သွားသည့် လျန်ယိုခန်းလည်း ထိုလူနှင့် ရန်ဖြစ်ခဲ့ပြီး တခြားလုပ်ဖော်ကိုင်ဖက်များ၏ ဖျန်ဖြေမှုကြောင့်သာ ရန်ပွဲရပ်ခဲ့လေသည်။
‘အိုကေ၊အိုကေ၊ သူက ဒီအတိုင်းစတာပါကွာ.. မင်းတို့လည်း မနက်ဖြန် အလုပ်,လုပ်စရာရှိသေးတယ်.. စောစောအိပ်ကြတော့’
လျန်ယိုခန်းမှာ ထိုညတစ်ညလုံး ဒေါသမီးဟုန်းဟုန်းတောက်နေခဲ့ကာ ဘယ်လိုမှ အိပ်မပျော်နိုင်ခဲ့ပေ။
နောက်ဆုံးတွင်တော့ သူက ညအမှောင်ကို အခွင့်ကောင်းယူ၍ လုပ်ဖော်ကိုင်ဖက်အားလုံး အိပ်ပျော်နေကြချိန်တွင် အိမ်သို့ ညတွင်းချင်း ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်လျှင် ရောက်ချင်း ဇနီးသည် မတော်မတရားကျင့်ခံနေရချိန်နှင့် တည့်တည့်ဆုံတော့သည်။
လျှို့မိုရှင်းအား မတရားကျင့်ရန် ရောက်လာသည့် တိရိစ္ဆာန်ကောင်မှာ ကြောက်လန့်လွန်း၍ မျက်နှာတစ်ခုလုံး ပြာနှမ်းကာ အဝတ်ပင် မကပ်နိုင်၊ ထွက်ပြေးသွားခဲ့သည်။
ဒေါသမီးဟုန်းဟုန်းတောက်နေသော လျန်ယိုခန်လည်း ထိုလူ၏ မျက်နှာကို မြင်လိုက်ရသည်။ တစ်ဖက်လူ၏ အာဏာအား ကြောက်လန့်သောကြောင့် သူ့အနေဖြင့် လိပ်တစ်ကောင်ကဲ့သို့ပင် အခွံတွင်း ခေါင်းလျှို၍ ထိုလူ ခြံဝင်းအတွင်းမှ ထွက်ပြေးသွားသည်ကိုသာ စိုက်ကြည့်နေခဲ့သည်။
သူ့ရင်ထဲတွင် ထိန်းချုပ်မထားနိုင်တော့သော ဒေါသယမ်းအိုးကတော့ ဇနီးသည်ထံသို့ ပုံကျသွားခဲ့သည်။
သူမ၏ ရှင်းပြချက်များ၊ တောင်းပန်မှုများ နားထဲမဝင်တော့။
ဆက်တိုက် ထိုးကြိတ်ကန်ကျောက်နေခဲ့သည်။
လျှို့မိုရှင်းက ဖုန်းကို ထုတ်ကာ သူမရိုက်ကူးထားသည့် ဗီဒိယိုများ၊ အသံဖမ်းထားသည်များကို ဖွင့်ပြ၍ ရှင်းပြရန် ကြိုးစားခဲ့သော်ငြား လျန်ယိုခန၏ စိတ်ထဲတွင်တော့ သူမအရှက်မရှိ၍ ဖြစ်ရသည်ဟုသာ ယုံကြည်နေခဲ့သည်။
ကင်းစောင့်နေသည့် လူမိုက်ကျိုးသည်လည်း စိတ်ရူးပေါက်နေသော လျန်ယိုခန်တစ်ယောက် ဇနီးဖြစ်သူအား သွေးသံရဲရဲ ဖြစ်သည်ထိ ရိုက်နှက်ကန်ကျောက်နေသည်အား မြင်တွေ့လိုက်ရလေသည်။
သူလည်း ဤနေရာတွင် ဆက်မနေရဲတော့သည့်အတွက် ချက်ချင်း ထွက်ပြေးလာခဲ့သည်။
ရလဒ်မှာတော့ သူအလောတကြီး ထွက်ပြေးလာခဲ့သောကြောင့် ဆူညံသံကြားရ၍ အပြင်ထွက်လာကြည့်သည့် အိမ်နီးနားချင်းဖြစ်သူက သူ့အား မြင်သွားခဲ့ခြင်းပင်။
**