လူသတ်သမား (6)
Vol. 28 Ch. 271
နောက်ဆုံးတွင်တော့ အိမ်တွင်းမှ တောင်းပန်သံသည် တဖြည်းဖြည်း တိုးဝင်သွားခဲ့ပြီးနောက် လျန်ယိုခန်း၏ လက်တွင်းမှ လက်နက်မှာ ကုလားထိုင်မှသည် ပန်းကန်လုံး၊ ပန်းကန်လုံးမှသည် သွေးစွန်းနေသော တူတစ်လက်ဖြစ်လာခဲ့သည်။
လျှို့မိုရှင်း၏ မျက်ဝန်းများက ပြူးကျယ်နေခဲ့ပြီး သွေးအိုင်ထဲသို့ လဲကျသွားခဲ့လေသည်။
တဖြည်းဖြည်း ဝိဉာဉ်ချုပ်သွားချိန်ထိ နစ်နာသူဖြစ်သော သူမအနေဖြင့် အဘယ်ကြောင့် ဤသို့ အဆုံးသတ်ရသည်ကို နားမလည်နိုင်ခဲ့ပေ။
သူမ၏ ဝိဉာဉ်မှာလည်း ထိုလူသုံးယောက်အပေါ် မုန်းတီးစိတ်ကြောင့် သရဲအဖြစ် ပြောင်းလဲသွားခဲ့ပြီး လျန်ယိုခန်းနောက်သို့ တိတ်တဆိတ် ကပ်လိုက်လာခဲ့သည်။
သူ လူသတ်လိုက်မိပြီဖြစ်ကြောင်း သဘောပေါက်လိုက်ချိန်တွင် လျန်ယိုခန်းလည်း အနည်းငယ် ဒေါသပြေသွားခဲ့ပြီးနောက် တုန်လှုပ်လာခဲ့သည်။ သို့သော် သူချက်ချင်း တုံ့ပြန်နိုင်ခဲ့ပြီး အခင်းဖြစ်ရာနေရာအား အိမ်တွင်ရှိသည့် ဆပ်ပြာများဖြင့် ဆေးကြောသန့်ရှင်းပြီးနောက် ဇနီးသည်၏ အလောင်းကို ထုတ်ပိုး၍ လူမိုက်ကျိူး၏အိမ်သို့ သွားခဲ့သည်။
အထုတ်သိမ်းကာ ထွက်ပြေးရန် ပြင်နေသည့် လူမိုက်ကျိုးလည်း သွေးများ ပေကျံနေသော လျန်ယိုခန်းကို သူ့အိမ်တံခါးရှေ့တွင် ပိတ်ရပ်နေသည်ကို မြင်လိုက်ရသည်။
တစ်ဖက်လူက သူ့ကို သတ်ရန် လာသည်ဟု ထင်သောကြောင့် မြေကြီးပေါ်တွင် ဒူးထောက်၍ ငိုယိုတောင်းပန်နေခဲ့သည်။
လျန်ယိုခန်က ဇနီးဖြစ်သူ၏ ဖုန်းတွင်း၌ ရိုက်ကူးထားသော သက်သေခံဗီဒိယိုများကို ဖွင့်ပြခဲ့သော်လည်း ရဲမခေါ်ခဲ့သလို ဇနီးသည်အတွက်လည်း ပူဆွေးနေခြင်းမရှိ။
ဇနီးသည်၏ အလောင်းကို ဖျောက်ဖျက်ရန် ကူညီပေးဖို့သာ လူမိုက်ကျိုးအား ခြိမ်းခြောက်ခဲ့သည်။
သူ ဒေါသတကြီးဖြင့်:
“ငါတို့အကုန်လုံးက လူသတ်သမားတွေပဲ. ငါကောင်းကောင်းမနေရဘူးဆိုရင် အကုန်အတူတူသေရမှာပဲဆိုတာ မြဲမြဲမှတ်ထား”
လျန်ယိုခန်းမှ ဇနီးသည်ကို သတ်ဖြတ်သကဲ့သို့ သူ့ကိုလည်း သတ်ပစ်မည်အား ကြောက်ရွံ့စိုးရိမ်စိတ်ကြောင့် လူမိုက်ကျိုးလည်း ကျောက်တုံးရှာဖွေခြင်း၊ ကူ၍ တုပ်နှောင်ပေးခြင်းနှင့် အလောင်းကို စွန့်ပစ်ရန် လှေကိုပါ ကူမောင်းပေးခဲ့သည်။ ထို့နောက် အမှုဖြစ်ရာနေရာကိုလည်း ကူညီသန့်ရှင်းပေးခဲ့သည်။
ထိုနေ့ မနက်အစောပိုင်းမှာပင် လျန်ယိုခန်းက အဝတ်အစားလဲပြီးနောက် တည်တည်ငြိမ်ငြိမ်ပင် ဆောက်လုပ်ရေးဆိုက်ရှိရာသို့ ပြန်သွားခဲ့သည်။
သူက တစ်ညလုံး တမှေးမှပင် မအိပ်စက်ခဲ့ပေ။
သူ အပြင်သို့ထွက်ကာ ပြန်လာခဲ့သည်ကို မည်သူမှပင် မသိလိုက်ကြပါချေ။
လျန်ယိုခန်းမှာ တစ်နေ့လုံး ငေးငိုင်နေခဲ့ကာ အလုပ်မှဆင်းချိန်တွင်တော့ ဇနီးသည်အား မတရားပြုကျင့်ခဲ့သည့် လူထံသို့ ဗီဒီယိုမှတ်တမ်းဖြင့်အတူ သွားတွေ့ခဲ့သည်။
‘ရဲတွေ ရှာတွေ့သွားခဲ့တယ်ဆိုရင် ကျုပ်ကို အပြစ်လွတ်မယ့်နည်း ခင်များကိုယ်တိုင် ရှာပေးရမယ်၊ မဟုတ်လို့ကတော့ ကျုပ်က ဒီမှတ်တမ်းတွေနဲ့ ခင်များကိုပါ တိုင်မှာ.. ကျုပ်ဆိုတာက နာမည်ရော၊ အာဏာရော၊ ငွေကြေးရော ဘာမှမရှိတဲ့ကောင်ပဲ..
ခင်များကတော့ ကျုပ်တို့နဲ့မတူဘူး.. ခင်များမှာ အလုပ်အကိုင်ကောင်းကောင်း၊ မိန်းမနဲ့ ကလေးလည်း ရှိသေးတယ်.. ပြီးတော့ ခင်များတို့ မိသားစုထဲက တစ်ယောက်က အရာရှိပဲလေ
အဆိုးဆုံးအခြေအနေရောက်လာရင်တော့ ကျုပ်တို့အားလုံး အတူတူ သေကြတာပေါ့!’
တစ်ဖက်လူမှာလည်း လျှို့မိုရှင်းဘက်မှ တစ်ချိန်လုံး သက်သေများစုဆောင်းနေခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဆုံးရှုံးစရာမရှိတော့သည့် လူတစ်ယောက်သည်က မည်သည်ကိုမျှ ကြောက်လန့်မှုမရှိတော့ကြောင်း သူ ကောင်းကောင်းနားလည်သည်။
နောက်ဆုံးတွင်တော့ သူက လျန်ယိုခန်းအား ‘လျော်ကြေး’အနေဖြင့် ငွေကြေးအမြောက်အမြား ပေးခဲ့သည်။ ထို့နောက် လူမိုက်ကျိုးအား ငွေဖြင့်မျှား၍ တစ်ဖုံ၊ ခြိမ်းခြောက်၍ တစ်ဖန် အပြစ်အား ခေါင်းခံစေခဲ့သည်။
လူမိုက်ကျိုးကိုလည်း သေဒဏ်မကျစေရန် အကောင်းဆုံးရှေ့နေငှားရမ်းပေးမည်ဖြစ်ကြောင်း၊ ဆယ်နှစ်အတွင်း လွတ်မြောက်စေရမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
ထိုအချိန်တွင် သူတို့၏ မိသားစုတစ်ခုလုံးသည်လည်း လူမိုက်ကျိုးအပေါ် ကျေးဇူးသိတတ်မည်ဖြစ်ပြီး အလုပ်အကိုင်၊ ဇနီးမယားရှာပေး၍ တစ်သက်လုံး သက်တောင့်သက်သာ နေထိုင်သွားရမည်ဖြစ်ကြောင်း ပြောခဲ့သေးသည်။
လူမိုက်ကျိူးသည်က လျန်ယိုခန်းလောက်လည်း သွေးမဆူ ၊မရက်စက်နိုင်သကဲ့သို့ တစ်ဖက်လူလောက်လည်း ငွေကြေးမရှိ၊ အာဏာမရှိပေ။
သူသာ ငြင်းဆိုခဲ့ပါလျှင် တစ်သက်လုံး ဒုက္ခရောက်မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူ့တွင် ရွေးချယ်စရာမရှိခဲ့ချေ။ ဤဆုံးဖြတ်ချက်အား လက်ခံခဲ့ရပြီး ထိုနေ့က ငွေများယူ၍ လူမမြင်ရာနေရာသို့ ရှောင်တိမ်းနေခဲ့သည်။
ထိုအချိန်တွင် အငြိုးအတေးဝိဉာဉ်ဖြစ်လာသည့် လျှို့မိုရှင်းမှာလည်း လျန်ယိုခန်းနောက်သို့ တစ်ကောက်ကောက် လိုက်နေခဲ့ပြီး သူမအား သတ်ဖြတ်ခဲ့သည့် တရားခံ၊ ခင်ပွန်းဖြစ်သူသည် သူမတစ်ချိန်လုံး စုဆောင်းခဲ့ရသည့် သက်သေများအား မသန့်ရှင်းသည့် ငွေကြေးများဖြင့် လဲလှယ်ပစ်လိုက်သည်ကို မြင်တွေ့နေခဲ့ရသည်။
သူမ၏ ခန္ဓာကိုယ်သည်က ကန်၏ အောက်ခြေသို့ နစ်မြုပ်သွားခဲ့ပြီး မည်သူမျှ ရှာမတွေ့ခဲ့ပေ။ ထို့အပြင် ငါး၊ပုဇွန်များ၏ စားသောက်ခြင်း ခံနေရသောကြောင့် သူမ၏ ဝိဉာဉ်မှာလည်း အေးချမ်းစွာ အနားမယူနိုင်ခဲ့ပေ။
သို့သော် ထိုတိရိစ္ဆာန်သုံးကောင်မှာတော့ အပြစ်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူမကိုပင် ကျိန်ဆဲနေခဲ့ကြသည်။
လျှို့မိုရှင်း၏ ရင်ထဲတွင် အမုန်းတရားများသာ ပြည့်နှက်နေခဲ့သည်။
ထိုလူများအား အရှင်လတ်လတ် ဆွဲဆုတ်ဖြဲလိုက်ချင်သည်!
ထိုအားကောင်းသည့် အငြိုးတရားများကြောင့် သူမ၏ ခန္ဓာကိုယ်မှာလည်း ရေအောက်တွင် အဆင့်ပြောင်းလဲသွားခဲ့သည်။ ထိုအမုန်းတရားများမှာလည်း ကန်ထဲတွင် ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်မှ ရေအရည်အသွေး၊ ငါး၊ပုဇွန်တို့၏ အရည်အသွေးတို့လည်း ထိခိုက်စေခဲ့သည်။
ကုကျစ်စုန့် ရုတ်ချည်း မျက်လုံးများကို ဖွင့်လိုက်သည်။
လျှို့မိုရှင်းထံမှ အမုန်းတရားများက သူမ၏ ရင်ထဲတွင် ကျန်ရစ်နေသောကြောင့် သူမ၏လက်ထဲမှ လျှန်ယိုခန်၏ ဦးခေါင်းအား လက်ဖြင့် ချေမွပစ်လိုက်လုနီးနီး ဖြစ်နေခဲ့ရသည်။
လျန်ယိုခန်း၏ မျက်လုံးများ အပြင်သို့ ပြူးထွက်လာပြီး နီရဲနေကာ မျက်နှာတစ်ခုလုံးမှာလည်း ရှုံ့တွနေခဲ့ပြီးနောက် အသက်ရှူကြပ်သည့် အသံမျိုးသာ ထွက်လာနိုင်သည်။
ဂဲလီယိုချန်းလည်း တစ်ခုခု လွဲမှားနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
သူမ လက်ကို မြှောက်၍ ကုကျစ်စုန့်အား အတင်းဆွဲတားလိုက်သည်။
“စုန့်စုန့် ရပ်လိုက်တော့! နင်ဆက်လုပ်နေမယ်ဆိုရင် ဒီလူသေသွားလိမ့်မယ်!”
ကုကျစ်စုန့် တဖြည်းဖြည်းချင်း မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ဒေါသကို ဖြေလျော့ရန် အချိန်ယူခဲ့ရသည်။
“ဒီကောင်တွေက သေသင့်တယ်”
‘ဝိဉာဉ်ရှာဖွေခြင်း’ခံရပြီးနောက် လျန်ယိုခန်းလည်း မူလက ပြိုလဲစပြုနေသည့် သူ၏ စိတ်ကို မထိန်းချုပ်ထားနိုင်တော့ပေ။ ဦးခေါင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ ညည်းတွားလိုက်သည်။
“မလုပ်ပါနဲ့တော့... မလုပ်ပါနဲ့တော့.. အကုန်ငါလုပ်ခဲ့တာပါ၊ ငါအကုန်ပြောပြီးပြီလေ!”
စိတ်ဝိဉာဉ်အား ခွင့်ပြုချက်မရှိ ဝင်ရောက်၍ မှတ်ဉာဏ်များ လုယူခံရသည့် ခံစားချက်သည်က ခန္ဓာကိုယ်နာကျင်မှုထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်သည်။
ကုကျစ်စုန့် သူမလက်ကို လွှတ်လိုက်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း သူ၏ ဝိဉာဉ်အား အတင်းအကြပ် ကျူးကျော်ခံရသည့် ခံစားချက်ကြောင့် နာကျင်မှုမှာ အသည်းခိုက်လှသဖြင့် သူ ထိန်းချုပ်မထားနိုင်သကဲ့သို့ ငြင်းလည်း မငြင်းဆိုနိုင်တော့ပေ။
လျန်ယိုခန်းတစ်ယောက် တုန်ရီစွာဖြင့် ဇနီးဖြစ်သူ လျှို့မိုရှင်းအား သတ်ဖြတ်ခဲ့သည့် အကြောင်းများအား အလုံးစုံဝန်ခံခဲ့တော့သည်။
ထိုဝန်ခံချက်များသည်က တရားရုံး၌ အမှုအား ပြန်လည်စုံစမ်းစစ်ဆေးရန်အတွက် လုံလောက်သော သက်သေများဖြစ်သည်။
ဝန်ခံနေချိန်တွင် သူ တွေဝေနေခဲ့ပြီး ခေတ္တမျှ ငြင်းဆန်ချင်ခဲ့သေးသည်။ တချို့သော အချက်အလက်များကို ဖုံးကွယ်၍ သူ့အပြစ်အား လျှော့ချချင်ဟန်ပေါ်သည်။
သို့သော် ကုကျစ်စုန့်၏ အေးစက်သည့် မျက်လုံးများနှင့် ဆုံလိုက်ချိန်တွင် ‘ဝိဉာဉ်ရှာဖွေ’ခံရစဉ်က သူ့အား မူးမေ့လဲမတတ် နာကျင်ခဲ့ရသည့် ခံစားချက်ကို ပြန်သတိရလိုက်ပြီး ဉာဏ်မများရဲတော့ပေ။
ဂဲလီယိုချန်းမှ လျန်ယိုခန်းအား အဘယ်ကြောင့် ဤနေရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း မေးမြန်းချိန်တွင် ပြန်ဖြေသည့် သူ့အသံမှာ တုန်ယင်နေခဲ့သည်။
“အဲဒီခွေးမ.... လျှို့မိုရှင်း သေပြီးတော့ တခြားထူးခြားပညာရှင်တွေအများကြီး သူ့ကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမယ့် သူက နည်းနည်းမှ အားလျော့မသွားဘူးလေ”
ယခင်က လျန်ယိုခန်းသည် ကမ္ဘာပေါ်၌ သရဲ၊တစ္ဆေများရှိကြောင်း နည်းနည်းမျှ အယုံအကြည်မရှိပေ။
သရဲဖမ်းစား၍ သေရသည်ဟု ကြားလျှင် အမြဲနှာခေါင်းရှုံံ့မိသည်။
လျှို့မိုရှင်း၏ ခန္ဓာကိုယ်အား ပြန်လည်ဆယ်ယူပြီးချိန်တွင် အလောင်းသည်က ရေထဲ၌ စွန့်ပစ်ထားခံရသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည်။
ခန္ဓာကိုယ်မှာလည်း ရောင်ကိုင်းနေပြီး ငါးများစားသောက်ထားသောကြောင့် ရုပ်ပျက်၊ဆင်းပျက် ဖြစ်နေခဲ့သည်။
သူမ ယခင်ရုန်းကန်ခဲ့ချိန်က သူမ၏ လက်သည်းများကြားတွင် လျန်ယိုခန်း၏ အသားစအနည်းငယ်ရှိနေဦးမည်ဖြစ်သော်လည်း ယခုတွင်တော့ ရေထဲတွင် အလုံးစုံပါသွားပြီဖြစ်ပေသည်။
အလောင်းခွဲစိတ်ရေးဌာနမှ စစ်ဆေးပြီးချိန်တွင်လည်း အသုံးဝင်သည့် အချက်အလက်တစ်စုံတစ်ရာမျှ ရှာမတွေ့နိုင်ခဲ့ပေ။ လျန်ယိုခန်းတစ်ယောကင သံသယရှိလူစာရင်းမှ ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့သည်။
ထို့ကြောင့် သူ ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
တောက်ကျန့်ယွင်ရော့မှ သေဆုံးသွားသော ဇနီးဖြစ်သူ၏ အငြိုးတရားများကို ဖိနှိပ်ရန် နည်းလမ်းတစ်ခုကို ပြောလာချိန်တွင်လည်း သူ့အနေဖြင့် သေချာဂရုမစိုက်ခဲ့ပေ။
ရွာထဲမှ လူများကတော့ ထိုတောက်ကျန့်၏ စကားများကို ယုံကြည်နေကြသောကြောင့် လျန်ယိုခန်းလည်း သူ့အပြစ်ဒဏ်အား သံသယမဝင်စေရန်နှင့် ‘နာမည်ကောင်း’ရရန် ချက်ချင်း သဘောတူခဲ့သည်။
တောက်ကျန့်ယွင်ရော့၏ နည်းလမ်းကို လက်ခံခဲ့ပြီး အကောင်အထည် ဖော်နိုင်ရန်အတွက်လည်း တောက်ကျန့်အား ဇနီးဖြစ်သူ၏ အလောင်းထားရာနေရာတွင် နေခွင့်ပြုခဲ့သည်။
ထိုအချိန်တွင် အလောင်းထားရာနေရာ၌ အပုပ်နံ့ဆိုးဆိုးထွက်နေခဲ့သောကြောင့် လျန်ယိုခန်း အပြင်မှသာ ကြည့်နေခဲ့သည်။
လျှို့မိုရှင်း၏ ရောင်ကိုင်းကာ ပြာနှမ်းနေသော ခန္ဓာကိုယ်အား အဖုံးလှပ်ထားသည့် အခေါင်းတွင်း တစိုးတစ လှမ်းမြင်နေရသည်။ သူ ချက်ချင်းပင် ပျို့တက်လာပြီး အနည်းငယ်ထိတ်လန့်သွားသောကြောင့် ချက်ချင်း နေရာမှ ထွက်ခွာလာခဲ့သည်။
နောက်ပိုင်း အခေါင်းတလားအား ပြန်လည်ပိတ်ခြင်းနှင့် မြှုပ်နှံခြင်းတို့တွင်လည်း သူ ပါဝင်ခဲ့ခြင်းမရှိတော့ပေ။
*