နောက်ကွယ်မှ ကြိုးကိုင်သူ ပေါ်ထွက်လာခြင်း (2)
Vol. 28 Ch. 273
လျန်ယိုခန်းသည်က အင်မတန် အပျင်းကြီးညစ်ပတ်သူတစ်ဦးဖြစ်သည်။ သူသည်က အိမ်တွင် အဝတ်မလျှော်၊ ချက်ပြုတ်ခြင်းလည်း မရှိပေ။
တစ်ဦးတည်းနေချိန်တွင် ပို၍ပင် ဆိုးသေးသည်။
အင်္ကျီများအား ဝတ်ပြီးလျှင် မလျှော်တတ်ပေ။ ဖိနပ်များကိုလည်း ဆေးကြောခြင်းမရှိ။
နောက်ဆုံးတွင်တော့ ကုတ်အင်္ကျီပေါ်တွင် မည်သို့သော သက်သေအထောက်အထားမျိုးကိုမှ မတွေ့ခဲ့ရသော်လည်း သူ၏ ဖိနပ်ခြေနင်းခုံအောက်ခြေတွင် ကပ်နေသော သွေးစများအား ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဓာတ်ခွဲဌာနသို့ ပို့ကာ စစ်ဆေးပြီးချိန်တွင် အဖြေထွက်လာခဲ့သည်မှာ ထိုသွေးအစအနသည် လျှို့မိုရှင်း၏ သွေးစများပင် ဖြစ်သည်။
ဤမျှ ခိုင်လုံနေသော အထောက်အထားများကြောင့် သူမည်သို့ပင် ငြင်းဆိုပါစေ၊ လျန်ယိုခန်း၏ ထောင်လွှားမှုတို့မှာလည်း မီးစာကုန်၊ဆီခမ်းချိန်ရောက်လာခဲ့သည်။
သူက ရဲစခန်းတွင်းမှ ခုံပေါ်တွင် အချိန်အကြာကြီး တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီးနောက် နောက်ဆုံးတွင် အပြစ်အား ဝန်ခံခဲ့သည်။
ပြစ်မှုမှာလည်း လယ်ပြင်ဆင်သွားသကဲ့သို့ ပေါ်လာခဲ့ပြီးနောက် တစ်ညလုံး မအိပ်မနေ အလုပ်များနေခဲ့သည့် ရဲအရာရှိများလည်း ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။
ရဲမေငယ်လေးတစ်ဦးကတော့ နားမလည်နိုင်စွာ မေးခွန်းထုတ်မိသည်။
“ရှင် တကယ်ပဲ ဘာတွေများ တွေးနေခဲ့တာလဲ၊ ဒါက ရှင့်မိန်းမရဲ့ အပြစ်မှမဟုတ်တာ.. သူမက နစ်နာသူလေ! ရှင့်မျက်စိနဲ့ တပ်အပ် သက်သေတွေကိုလည်း မြင်ပြီးပြီ.. ဘာကိစ္စ အဲဒီလူတွေနဲ့ မဖြေရှင်းရတာလဲ?
ရှင်က သူတို့နဲ့အတူတူတောင် အပြစ်ကျူးလွန်ပြီး အမှုကို ဖုံးချင်သေးတယ်!”
ထိုစကားများအား ကြားရပြီးနောက် လျန်ယိုခန်း နှုတ်ခမ်းကို မဲ့လိုက်လေသည်။ သူ့ကိုယ်သူတော့ ယခုအချိန်ထိ အမှားလုပ်ထားသည်ဟု မထင်ပေ။
စုံစမ်းမေးမြန်းခန်း၏ အပြင်မှ စောင့်ကြည့်နေခဲ့သော ဂဲလီယိုချန်း ဒေါသတကြီး ပြောလိုက်မိသည်။
“ဒီခွေးကောင်က တော်တော်ကို ယုတ်မာတဲ့ တိရိစ္ဆာန်ပဲ!”
ကုကျစ်စုန့်၏ အသံမှာလည်း အေးစက်လှသည်။
“ဒီလိုမျိုး လူ့တိရိစ္ဆာန်တွေနဲ့က ကျိုးကြောင်းဆီလျော်အောင် မေးနေလို့ မရဘူး..သူက တစ်ကိုယ်ကောင်းဆန်ပြီး သိမ်ငယ်တတ်တယ်.. သူ့ရင်ထဲမှာ သူချစ်တာက သူ့ကိုယ်သူပဲရှိတယ်”
ဝိဉာဉ်ရှာဖွေချိန်တွင် လျန်ယိုခန်းက ဇနီးဖြစ်သူအား သားဖြစ်သူ၏ ရှေ့တွင် ဆဲဆိုကြိမ်းမောင်းနေသည်အား မြင်တွေ့ခဲ့ရသည်။
သားဖြစ်သူသည်က သူ့၏သား မဟုတ်ဟုပင် သံသယရှိသောကြောင့် သား၏ ဆံပင်ကို ယူ၍ DNA စစ်ခဲ့သေးသည်။
ဤကလေးက သူ၏သားအရင်းဖြစ်သည်ဆိုသော ရလဒ်ထွက်လာသော်လည်း သားဖြစ်သူအပေါ် ကြင်နာမှုတစ်စက်မှပင် မရှိခဲ့ပေ။
သူပြောသည်မှာ တတိယနှစ်ကျောင်းသားတစ်ယောက်ကို ကျောင်းပြောင်းခြင်းသည်က သင်ကြားရေးပတ်ဝန်းကျင်နှင့် စိတ်ပိုင်းဆိုင်ရာတို့အား ထိခိုက်စေလိမ့်မည်ဟုပင်။
အမှန်တကယ်မှာတော့ သူက ဤကလေး၏ သေရေး၊ရှင်ရေးကိုပင် ဂရုမစိုက်ဘဲ ဘော်ဒါကျောင်းလက်ထဲသို့ ဝ,ကွက် အပ်လိုက်ခြင်းသာဖြစ်သည်။
ပြီးခဲ့သည့်နှစ်လအတွင်း သားဖြစ်သူအား ယွမ်(၈၀၀)သာ ပေးခဲ့သည်။ ထိုငွေက သားအရင်းအတွက် သူ၏ ပထမဆုံးနှင့် နောက်ဆုံးသော ထောက်ပံ့ခဲ့ခြင်းပင်။
နောက်ပိုင်းတွင်တော့ ဇနီးသည်၏ အသက်ဖြင့် လဲထားသော ငွေများဖြင့် ပျော်ပျော်ပါးပါး သောက်စားမူးယစ်နေခဲ့ပြီး သူ့တွင် ကျောင်းတက်နေသည့် သားတစ်ယောက်ရှိသည်ကိုပင် မေ့လျော့နေခဲ့သည်။
လူများသာ သေသေချာချာစဉ်းစားကြည့်ပါက အိမ်တွင်း၌ ဤမျှ ကြီးမားသည့် ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပါလျှင် ပတ်ဝန်းကျင်တစ်ခုလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေမည်မှာ အသေအချာပင်။
သားဖြစ်သူသည်လည်း ကျောင်းမှ ကျောင်းသားများ၏ ကဲ့ရဲ့ခြင်း ခံရမည်ဖြစ်သည်။ အမှန်တကယ်သာ သားသမီးကို ချစ်မြတ်နိုးသည့် မိဘဆိုပါလျှင် သားဖြစ်သူအား တခြားကျောင်းသို့ အမြန်ဆုံးပြောင်းပေးလိမ့်မည်ပင်။
လျန်ယိုခန်း ဝန်ခံထွက်ဆိုလိုက်ပြီးနောက် လူမိုက်ကျိုးကိုလည်း ပြန်လည်စစ်ဆေးခဲ့ကြသည်။
သက်သေများကို ကြည့်ပြီးနောက် လူမိုက်ကျိုးလည်း သူ၏ ကြိုးစားလိမ်လည်မှုများက အချည်းနှီးသာဖြစ်ကြောင်းကို သဘောပေါက်လိုက်လေသည်။
နောက်ဆုံးတွင်တော့ သူသည်က အခြားသူများအတွက် ကိုယ်စားအပြစ်ခံခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ထိုအချိန်တွင် လျှို့မိုရှင်းအား အဓမ္မပြုကျင့်ခဲ့သော တတိယလူလည်း ပေါ်လာပြီဖြစ်သည်။
တတိယလူ၏ အချက်အလက်အား သိလိုက်ရပြီးနောက် ရဲအရာရှိများ အံ့အားသင့်ခဲ့ရသည်။
“တကယ်ကြီး သူ ဖြစ်နေခဲ့တာလား?!”
လူမိုက်ကျိုးဝန်ခံခဲ့သော တတိယလူမှာ လွန်ခဲ့သော တစ်ပတ်ခန့်က ရေနစ်သေဆုံးခဲ့ပြီး အလောင်းကလည်း နတ်သမီးရေကန်တွင်းသို့ နစ်မြုပ်၍ ပျောက်ဆုံးသွားခဲ့သော ကောင်လေး၏ ဖခင်ပင်။
ဖိုင်ထဲမှ အချက်အလက်များအရဆိုပါလျှင် ထိုလူ၏ အမည်မှာ ဝမ်လီရှန်းဖြစ်ပြီး သူ၏ မိသားစု ကျောထောက်နောက်ခံမှာလည်း အမှန်ပင် ခိုင်မာလှသည်။
ဝမ်လီရှန်းသည်က အသက် ၄၄နှစ်ရှိပြီဖြစ်သည်။ သူသည် ဟူနန်ပြည်နယ်တွင် အလုပ်လည်းပေါ့ပါးကာ လစာကောင်းသောကြောင့် နာမည်ကြီးသည့် ဌာနတစ်ခုတွင် လက်ထောက်ဌာနမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
ဇနီးဖြစ်သူ၏ မိသားစုမှာလည်း မြို့ထဲတွင် စီးပွားရေးလုပ်ကိုင်ကြသည်။
သူသည်က သာမန်အရည်အချင်းမျှသာရှိပြီး ရာထူးကြီးကြီး တစ်ခါမျှ မပေးခံရဖူးပေ။ သို့သော် သူ၏ ညီငယ်သည်ကတော့ ပို၍ ထက်မြက်သည်။
သူ့ထက် အသက်၂နှစ်ငယ်ရွယ်သော်လည်း ရာထူးမှာ အစ်ကိုဖြစ်သူထက် ၂ဆင့်မြင့်သည်။
ထို့ကြောင့် ညီဖြစ်သူ၏ အနာဂတ်လမ်းမှာ ဖြောင့်ဖြူးနေသည်။
ထို့အပြင် ဝမ်လီရှန်း၏ ဖခင်က ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခဲ့ရသော်လည်း မြို့ထဲတွင် လူကောင်းတစ်ယောက်အဖြစ် နာမည်ကြီးသူတစ်ဦးဖြစ်သည်။
အသက်ရှိစဉ်က သူသည်က အလှူဒါနများစွာ ပြုလုပ်ခဲ့ပြီး တရားမျှတမှုအတွက်လည်း သတ္တိရှိရှိ ဆောင်ရွက်ခဲ့သည်။
နောက်ဆုံးတွင်တော့ သူက လူများကို အသက်ကယ်ဆယ်နေရင်း မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးခဲ့ရသည်။
ထို့ကြောင့် မြို့ထဲတွင် ဝမ်မိသားစု၏ ဂုဏ်သတင်းသည် သတင်းကောင်းဖြင့်သာ ကျော်ကြားသည်။
ဝမ်လီရှန်း၏ သားဖြစ်သူ ရေနစ်သေဆုံးခဲ့ပြီးနောက် လင်မယားနှစ်ယောက်သား ကလေးငယ်နှစ်ဦးအား ဝယ်ယူ၍ မြစ်နတ်ဘုရားမထံ စတေးရန် ကြံစည်ခဲ့ကြသည်။
ထိုအဖြစ်အပျက် ပေါ်ပေါက်လာချိန်၌ အနီးမှ လူများသည် သူတို့အား ဓာတ်ပုံရိုက်၍ အင်တာနက်ပေါ်တွင် ဖြန့်ဝေခဲ့သောကြောင့် မိသားစုဂုဏ်သတင်းအား ထိခိုက်ခဲ့ရသည်။
လူအများစုမှာ ဝမ်လီရှန်း၏ စကားများကို ကြားခဲ့ရသည်။
‘မင်းတို့က ငါ့မိသားစုရဲ့နောက်ခံက ဘာလဲဆိုတာကို သိကြရဲ့လား?’
ထိုစကားက လူထု၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး သူ့နောက်ကွယ်တွင် လူတစ်ယောက်ယောက် ရှိနေရမည်ဟု ယူဆခဲ့ကြသည်။
အနည်းငယ်စုံစမ်းလိုက်ကြပြီးနောက် ဝမ်လီရှန်း၏ ညီငယ်အား ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဝမ်လီရှန်း၏ ညီငယ်သည်က ယခုအဖြစ်အပျက်များအား သိရှိထားခြင်းမရှိသော်လည်း ဝမ်လီရှန်းမှ သားဖြစ်သူ သေဆုံးမှုကြောင့် အင်မတန် မတည်မငြိမ်ဖြစ်နေသည်ကို ပို့စ်များမှ သက်သေပြနိုင်ခဲ့သည်။
ထို့ကြောင့် ညီဖြစ်သူမှာလည်း နာမည်ပျက်ခဲ့ရပြီး သူ၏ အလုပ်အကိုင်၊ အနာဂတ်တို့ကိုလည်း ထိခိုက်စေခဲ့သည်။
ယခင်က သူသည်က နောက်နှစ်တွင် ရာထူးတိုးမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုတွင်တော့ အကြီးအကဲဖြစ်သူမှ တခြားတစ်ယောက်ကိုသာ ရာထူးတိုးပေးခဲ့သည်။
ဝမ်လီရှန်းကိုယ်တိုင်မှာလည်း မနေ့တစ်နေ့က ရဲစခန်းမှ ထွက်ခွာသွားချိန်မှာပင် အလုပ်ဖြုတ်ခံလိုက်ရပြီဖြစ်သည်။
ယခုဖြစ်ရပ်သည်က အဓိပ္ပာယ်မဲ့လွန်းသောကြောင့် ဌာနတစ်ခုလုံး၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသော အကြောင်းအရာတစ်ခုလည်း ဖြစ်ပေသည်။
ရဲဌာနမှ လူများသည်လည်း ထိုသတင်းအား ကြားသိပြီးဖြစ်ကြသည်။ ဝမ်လီရှန်း၏ ညီဖြစ်သူမှာလည်း တုံးအသည့် အစ်ကိုဖြစ်သူ၏ လုပ်ရပ်ကြောင့် သူ၏ ရာထူးတိုးနိုင်ချေ ပျောက်ကွယ်သွားသည့်အတွက် အင်မတန် စိတ်ဆင်းရဲနေခဲ့သည်။
ရဲသားများလည်း တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ပြီးတော့ ပြောမိသည်။
“ဒါသာ ဝမ်လီရှန်းရဲ့လုပ်ရပ်ဆိုရင်တော့....သူတို့တစ်မိသားစုလုံးက သူသတ်လို့သေမှာပဲ”
ကုကျစ်စုန့်ကတော့ သိပ်ပြီး မအံ့ဩမိပေ။
ကောင်လေး၏ ခန္ဓာကိုယ်က ကန်ခြေထိ နစ်မြုပ်သွားရသည်မှာ အကြောင်းအရင်းမရှိဘဲ မဖြစ်နိုင်ပေ။ သူကိုယ်တိုင် သို့မဟုတ် သူနှင့်နီးစပ်သူတစ်ဦး၏ ‘မကောင်းမှုပြစ်ဒဏ်’ကြောင့်သာ ဖြစ်ရမည်။
ရဲအရာရှိတစ်ဦး မေးခွန်းထုတ်မိသည်။
“ဒါပေမယ့် ငါ မရှင်းတာတစ်ခုရှိတယ်.. လျှို့မိုရှင်းက ရေသရဲဖြစ်သွားတာ အမုန်းတရားကြောင့်ဆိုရင် ဘာလို့ လျန်ယိုခန်းနဲ့ လူမိုက်ကျိုးကို အပြစ်ပေးချင်ရတာလဲဆိုတာကို ငါနားလည်တယ်..
ဒါပေမယ့် ဝမ်လီရှန်းနဲ့ သူ့မိန်းမကို ငါတို့ဖမ်းလိုက်တုန်းက သူတို့ရဲ့
ကိုယ်ပေါ်မှာတော့ ကျန်တဲ့နှစ်ယောက်လိုမျိုး အဖုတွေ၊အပိမ့်တွေမတွေ့သလို့ နံလည်း မနံဘူးနော်?”
“တကယ်တော့ လျှို့မိုရှင်းကို မတရားကျင့်ခဲ့ပြီး သေလမ်းရောက်အောင် ပို့ခဲ့တာက ဝမ်လီရှန်းလေ၊ အဲဒါကို သူမက ဝမ်လီရှန်းကို လက်စားမချေဘဲ ဘာလို့ ကလေးအပေါ် ဒေါသပုံချရတာလဲ?”
ကုကျစ်စုန့် ဝမ်လီရှန်း၏ ဓာတ်ပုံတောင်းကြည့်လိုက်ပြီးနောက် အင်တာနက်ပေါ်တွင်လည်း ညီဖြစ်သူ၏ ဓာတ်ပုံအား ရှာတွေ့လိုက်သည်။
ပုံများကို ကြည့်လိုက်ပြီးနောက် သူမ စကားစသည်။
“လျှို့မိုရှင်းက လက်စားမချေတာမဟုတ်ဘူး၊ သူရဲ့ လက်စားချေတာက အရာမရောက်တာပဲ”
လျှို့မိုရှင်း၏ လက်ရှိအဆင့်နှင့် စွမ်းအင်တို့သည် မနိမ့်ကျသော်လည်း သူ၏ ခန္ဓာကိုယ်သည် အကြောင်းတစ်ခုခုကြောင့် ပေါ်မလာနိုင်သေးပေ။ ထို့ကြောင့် သူမသည်က အမုန်းတရားများကိုသာ စွမ်းအင်အဖြစ် ပြောင်းလဲ၍ သူမုန်းတီးသူ သုံးဦးအား လက်စားချေခဲ့ခြင်းပင်။
သူမအား သတ်ဖြတ်ခဲ့သော လျန်ယိုခန်းအား အမုန်းတီးဆုံးဖြစ်၍ လျန်ယိုခန်း၏ အခြေအနေသည်က လူမိုက်ကျိုးထက် ပို၍ ပြင်းထန်သည်။
သုံးယောက်ထဲတွင် သူမအား သေစေခဲ့သော လူတစ်ဦးဖြစ်သည့် ဝမ်လီရှန်းသည်သာလျှင် အပြစ်ပေးမခံရသကဲ့သို့ အငြိုးတရားများ ဒဏ်လည်း ခံရပုံမပေါ်ပေ။
ကုကျစ်စုန့်၏ ဝိဉာဉ်ဆိုင်ရာမျက်လုံးများထဲတွင် မြင်နေရသည်မှာ ဝမ်လီရှန်း၏ ခန္ဓာကိုယ်သည် ထူထဲထိုင်းမှိုင်းသော အနက်ရောင်အငြိုးတရားများ ဖုံးလွှမ်းခံထားရပြီး သူ့ခန္ဓာကိုယ်အနီး၌ ရက်စက်သော ဒေါသများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဒေါသအစိုင်အခဲများသည် သူ့တစ်ကိုယ်လုံး ရစ်ပတ်ထားသော်လည်း ခန္ဓာအတွင်းသို့ မဝင်ရောက်နိုင်ခဲ့ပေ။
အမုန်းတရားများ၏ အောက်တွင် ရွှေရောင်ဖျော့ဖျော့အကာအရံတစ်ခုသည်က ဝမ်လီရှန်း၏ ခန္ဓာကိုယ်အား ကာကွယ်ပေးထားပြီး ပြင်ပမှ ဝင်ရောက်ရန် ကြိုးစားနေသော စွမ်းအင်များအား တားဆီးရန် ခက်ခဲနေပြီဖြစ်သည်။
ထိုအရာသည်ကား ရွှေရောင်ကုသိုလ်တော်၏ စွမ်းအင်သာဖြစ်ပေသည်။
ထိုစွမ်းအင်သည်က မူလအစတွင် ပို၍ အားကောင်းပြီး ဝမ်လီရှန်း၏ အသက်၊ စည်းစိမ်နှင့် ငြိမ်းချမ်းရေးတို့အား ကာကွယ်ပေးနိုင်ခဲ့သော်လည်း သုံးလကြာ အငြိုးအတေးစွမ်းအင်များ၏ တိုက်ခိုက်ခံရပြီးနောက် စွမ်းအင်မှာလည်း ခပ်ပါးပါးသာ ကျန်ရစ်တော့သည်။
*