နောက်ကွယ်မှ ကြိုးကိုင်သူ ပေါ်ထွက်လာခြင်း (3)
Vol. 28 Ch. 274
ထိုရွှေရောင်ကုသိုလ်တော် စွမ်းအင်များသည်က နောင် သုံးလမှ တစ်နှစ်အတွင်း လုံးဝပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်းကို သူမ မြင်တွေ့နေရသည်။
ထိုအချိန်တွင်တော့ ဝမ်လီရှန်း၏ ကံကြမ္မာသည်လည်း ကျန်နှစ်ဦးထက် လျော့မည်မဟုတ်ပေ။
ထိုကဲ့သို့သော ကုသိုလ်စွမ်းအင်မျိုးကို ဝမ်လီရှန်း၏ ညီငယ်မျက်နှာပေါ်တွင်လည်း မြင်တွေ့ရသော်လည်း အစ်ကိုဖြစ်သူနှင့် ယှဉ်လျှင် အင်မတန်ပါးလွှာလွန်းလှသည်။
“ဝမ်လီရှန်းရဲ့ အဖေနဲ့ ဆွေမျိုးတွေက အမြဲတမ်း ကောင်းမှုပဲပြုပြီး ကုသိုလ်တွေ အများကြီးရှိတဲ့သူတွေ ဖြစ်ရမယ်.. သူတို့ ကွယ်လွန်ချိန်မှာ အဲဒီကုသိုလ်စွမ်းအင်တွေရဲ့ ပမာဏများများကို ဒီဝမ်လီရှန်းကို ပေးခဲ့တာပဲ”
“အဲဒီကုသိုလ်စွမ်းအင်တွေကြောင့်လည်း သူ ဒီကပ်ဆိုးကနေ ရှောင်နေနိုင်တာပဲ”
ဝမ်မိသားစုအကြောင်း ကြားလိုက်ရသည့် ရဲအရာရှိတစ်ဦး ခေါင်းငြိမ့်သည်။
“ငါ ကြားဖူးတာတော့ ဝမ်လီရှန်းရဲ့ အဖေက အင်မတန် တော်တဲ့လူကောင်းတစ်ယောက်တဲ့လေ”
“.... ဒါဆိုရင် သူ့အဖေရော ညီရောက ဒီလောက်တော်တာ.. ဘယ်လိုလုပ်ပြီးများ ဒီလိုစုန်းပြူးတစ်ကောင် ပါလာတာလဲ မသိဘူး?”
ကုကျစ်စုန့် မျက်လုံးများကို မှေးစင်းလိုက်ပြီးနောက် မျက်နှာပြင်ပေါ်မှ တည်ကြည်ကာ ဖြောင့်မတ်ဟန်ပေါ်သည့် အမျိုးသား၏ ဓာတ်ပုံကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်လေး အနည်းငယ်မဲ့သွားခဲ့သည်။
ဤ ဝမ်လီရှန်း၏ ညီဖြစ်သူသည်က အမှန်တကယ် ဖြူစင်သူတစ်ဦးလော?
အစ်ကိုဖြစ်သူ၏ လုပ်ရပ်များကို အမှန်ပင် ဘာမှမသိသည်လော?
“ကျွန်မထင်တာတော့ ဒီရွှေရောင်ကုသိုလ်ရဲ့ စွမ်းအင်တွေက ဝမ်လီရှန်းကို ကာကွယ်ပေးနေလို့ လျှို့မိုရှင်းက လက်စားချေလို့ မရခဲ့တာပဲ..
လက်စားချေမရတော့ သူ့စိတ်က မတည်ငြိမ်တော့ဘူး.. ဒီအမုန်းတွေ၊ မကောင်းတဲ့ စိတ်ခံစားချက်တွေကြောင့် သူက လုံးဝ စိတ်လွတ်သွားခဲ့တာ.. ဒါကြောင့် ဝမ်လီရှန်းရဲ့သားကို တိုက်ခိုက်ခဲ့တာပဲ”
“ဝမ်လီရှန်းရဲ့သားကိုယ်တိုင်က နတ်သမီးရေကန်ကို သွားဖို့ အစဖော်ခဲ့တာ မဖြစ်နိုင်ဘူး.. ဖြစ်နိုင်ချေအရှိဆုံးကတော့ သူလည်း အရင်က နတ်သမီးရေကန်ထဲခုန်ချပြီး သတ်သေခဲ့တဲ့ အမျိုးသမီးလိုမျိုး ရေသရဲတစ်ကောင်ရဲ့ အငြိုးတရားလွှမ်းမိုးတာ ခံခဲ့ရတာပဲဖြစ်မယ်၊ လျှို့မိုရှင်းက အဲဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့တာလေ”
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအဖြစ်အပျက်များသည် နောက်ကွယ်မှ ကြိုးကိုင်နေသည့် လက်တစ်စုံ၏ တွန်းအားပေးမှုကြောင့် ဖြစ်ပျက်နေသကဲ့သို့ပင်။
ဖြတ်သွားဖြတ်လာ ရောက်ရှိလာသည့် တောက်ကျန့်မှာလည်း အချိန်ကောင်းတွင် ရောက်လာခဲ့သည်။
ဝမ်လီရှန်းသည်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှေရောင်ကုသိုလ်၏ ကာကွယ်ပေးခြင်းခံထားရပြီး ညီငယ်ဖြစ်သူမှာလည်း...
အရာအားလုံးသည်က လျှို့မိုရှင်းအား စိတ်လွတ်ကာ ရက်စက်ကြမ်းကြုတ်သည့် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားစေရန် ကြိုတင်ပြင်ဆင် အကွက်ချထားသည့်အလား ဖြစ်ပျက်သွားခဲ့ခြင်းပင်။
သူမ၏ အမုန်းတရားများကြောင့် နတ်သမီးရေကန်သာမက အနီးအနားပတ်ဝန်းကျင်များပါ အဆိပ်သင့်ခဲ့ရသည်။
ထိုအချိန်တွင် ဂဲလီယိုချန်း မေးခွန်းထုတ်လိုက်သည်။
“လူမိုက်ကျိုးရော၊ လျန်ယိုခန်းပါ ထွက်ဆိုထားတာဆိုတော့ ဒီတိရိစ္ဆာန်ကောင် ဝမ်လီရှန်းကို ဖမ်းလို့ ရနိုင်မလား?”
ရဲအရာရှိ စိတ်ပျက်စွာ ခေါင်းရမ်းသည်။
“နှုတ်ထွက်ဆိုချက်လောက်နဲ့တော့ အပြစ်ရှိတယ်လို့ သတ်မှတ်ဖို့ ခက်တယ်.. ငါတို့မှာက သူ ဒီအမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ပစ္စည်းသက်သေ အခိုင်အမာရှိထားမှ ရမှာ”
“အဲတော့ ငါတို့ ဘာလုပ်လို့ ရမလဲ? လူမိုက်ကျိုးနဲ့ လျန်ယိုခန်းရခဲ့တဲ့ ငွေတွေကလည်း ငွေသားနဲ့ ရွှေတုံးတွေပဲ.. သူတို့ရဲ့ ဘဏ်အကောင့်တွေကလည်း နိုင်ငံခြားအကောင့်တွေဖြစ်နေတယ်.. ဝမ်မိသားစုနဲ့ ဆက်စပ်မှုဆိုတာ တစ်ခုမှ ရှာလို့မရဘူး
သူတို့ရဲ့ထွက်ဆိုချက်အရ လျှို့မိုရှင်းက သက်သေအဖြစ် ဗီဒီယိုရိုက်ခဲ့တယ်လို့ ပြောတယ်လေ.. ဒါပေမယ့် သူ့ဖုန်းကိုလည်း ရေကန်ထဲ လွှင့်ပစ်လိုက်ကြပြီ”
“ငါတို့တွေ ကျွမ်းကျင်ရေငုပ်သမားတွေငှားပြီး အဲဒီဖုန်းကို ရှာရမယ်ထင်တယ်”
ကုကျစ်စုန့် အသာခေါင်းရမ်းသည်။
“မလိုပါဘူး.. ‘သက်သေ’ကို အိမ်တိုင်ရာရောက် လာပို့ပေးပါလိမ့်မယ်”
နောက်တစ်နေ့ နေ့လယ်တွင်တော့ အားကစားဝတ်စုံဝတ်ဆင်ထားပြီး နှာခေါင်းစည်းတပ်၊ ဦးထုတ်ဆောင်းထားသော အမျိုးသမီးငယ်တစ်ဦးက မြို့၏ အကောင်းဆုံးအလယ်တန်းကျောင်းသို့ ရောက်ရှိလာခဲ့သည်။
သူမသည်ကား လုံလုံခြုံခြုံ ဝတ်ဆင်ထားသော်လည်း သူမ၏ ခန္ဓာကိုယ်လှုပ်ရှားပုံနှင့် နှာခေါင်းစည်းအထက်တွင် မြင်နေရသော စူးရှသည့် မျက်ဝန်းတစ်စုံ၊ ဖြူဖွေးသော အသားအရည်တို့ကြောင့် ကျောင်းသားအများစုထံမှ စိတ်ဝင်စားခြင်းခံခဲ့ရသည်။
သူမ ရောက်လာချိန်တွင် အတန်းဆင်းကာစအချိန်ဖြစ်သည်။ လှေကားမှတစ်ဆင့် သူမ ဦးတည်ရာ စာသင်ခန်းသို့ လျှောက်သွားလိုက်ပြီး စာသင်ခန်းတံခါးအပြင်တွင် ရပ်လိုက်ကာ အခန်းတွင်းအား ပြတင်းမှ တစ်ဆင့် ကြည့်လိုက်သည်။
စာသင်ခန်း၏ အနောက်တွင် ကျောင်းဆင်းချိန်ဖြစ်သော်လည်း ပိန်ပိန်ပါးပါးကောင်လေးတစ်ဦးကတော့ စားပွဲတွင် ထိုင်နေဆဲဖြစ်ကာ သူ့ဘေးမှ ဆူညံသံများကို လျစ်လျူရှု၍ စာလေ့လာနေခဲ့သည်။
အခန်းထဲတွင် ဘတ်စကတ်ဘောကစားနေကြသော ကျောင်းသားများက လက်ကိုမြှောက်၍ ဘောလုံးဖြင့် စာလေ့လာနေသော ကောင်လေး၏ ပုခုံးအား ပစ်ပေါက်လိုက်လေသည်။
ထိမှန်သည့် အရှိန်ပြင်းသောကြောင့် ကျောင်းသားလေး၏ လက်ထဲမှ ဘောပင်လွတ်ကျသွားခဲ့ပြီ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“ယို..ယို..ယို.. ကျောင်းသားလျန်၊ တကယ့်ကို ထိပ်တန်းကျောင်းသားတွေကတော့ ထူးခြားတာပဲ.. အတန်းဆင်းတာတောင်မှ ကျောင်းသားကောင်းယောင်ဆောင်ပြီး စာလုပ်နေသေးတယ်”
ကောင်လေးများက ရယ်မောနောက်ပြောင်နေကြပြီး တစ်ယောက်ကို မျက်နှာတစ်ယောက်ကြည့်ကာ မျက်စိမှိတ်ပြလိုက်သည်။ ထို့နောက် မတူညီသည့် အကြောင်းအရာဖြင့် ပြောင်းလဲစနောက်ခဲ့ကြသည်။
“ငါတစ်ခုလောက်သိချင်လို့ပါ၊ မင်းအမေကလေ.....”
နောက်ပြောင်နေသော ကောင်လေး၏ စကားမဆုံးသေး၊ နောက်မှ ကျောင်းသားများက ဟက်ဟက်ပက်ပက် ထရယ်လိုက်ကြပြန်သည်။
“သူက အိမ်မှာ ဖောက်ပြန်နေတာ လူမိသွားမှာ မကြောက်ဘူးလားဟင်?”
“......”
လျန်ချန်ဆိုသော ကောင်လေးမှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ အံကြိတ်၍ ပြောလိုက်သည်။
“သူ့အကြောင်းကို မပြောနဲ့!”
“ဘာလို့ သူ့အကြောင်းမပြောရတာလဲ? သူ့အကြောင်းမပြောလို့ ဘယ်သူ့အကြောင်းပြော...”
ထိုအချိန်တွင် ပြတင်းပေါက်မှ ရင်းနှီးနေသော ဆရာ၏ အသံကို ကြားလိုက်ရသောကြောင့် ကျောင်းသားများ အသံတိတ်သွားခဲ့သည်။
“မစ်စ်ကုလား?”
ပြတင်းပေါက်အပြင်တွင် ရပ်နေသော ကုကျစ်စုန့်က ခေါင်းလှည့်၍ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ”
“အားနာလိုက်တာ.. မစ်စ်ကု ရောက်နေတာကို မသိလိုက်ဘူး.. ကျောင်းသားတွေ၊ ဘာလို့ အခုချိန်ထိ ကာယအတန်းကို မသွားကြသေးတာလဲ!”
ဆရာမှ ပြဿနာရှာနေသည့် ကျောင်းသားများကို ဆူပူလိုက်ပြီးနောက် နောက်ဆုံးတန်းတွင် ထိုင်နေသည့် ကျောင်းသားလေးအား နူးညံ့စွာ ပြောလိုက်သည်။
“လျန်ချန်၊ အရင်ဆုံး ကာယဆရာဆီကနေ ခွင့်သွားတိုင်လိုက်ပါဦး.. ဆရာက လျန်ချန်ကို ပြောစရာကိစ္စလေးရှိလို့ပါလို့ ပြောလိုက်နော်”
အတန်းပိုင်ဆရာမှ ကုကျစ်စုန့်အား ရုံးခန်းသို့ ခေါ်သွားကာ ရေတစ်ခွက်ငှဲ့ပေးလိုက်ပြီးနောက် ဖြည်းညှင်းစွာ စကားစသည်။
“လျန်ချန်အမေရဲ့ အမှုဖြစ်ပြီးကတည်းက သူ့ကို အမြင်မကြည်ဖြစ်ပြီး အနိုင်ကျင့်တဲ့ ပြဿနာကောင်လေးတွေ ပေါ်လာတာပါပဲ
အမြဲတမ်း နည်းအမျိုးမျိုးနဲ့ အနိုင်ကျင့်နောက်ပြောင်နေကြတာလေ.. ဆရာတွေလည်း သိထားပြီး အဲဒီကိစ္စကို ဖြေရှင်းပါသေးတယ်.. ဒါပေမဲ့ ကျွန်တော်တို့ ဆရာတွေ ရုံးခန်းကို ပြန်သွားပြီဆိုတာနဲ့ သူတို့က ပြဿနာက ရှာကြပြန်တာပါပဲ”
“ကောင်လေးအဖေကလည်း သားကို ဂရုမစိုက်ဘူးလေ.. ကလေးက လိမ္မာပြီး စာလည်းတော်ရှာပါတယ်..အခုဆို အလယ်တန်း နောက်ဆုံးနှစ်တောင် ရောက်နေပြီ.. ဆရာတစ်ယောက်အနေနဲ့တော့ ဒီကလေး လုံးဝစကားမပြောတာ ၂လလောက်ရှိပြီး စိတ်ဓာတ်ကျသလိုမျိုး ဖြစ်နေတာလည်း မြင်နေရပါတယ်.. သူတော်တော်လေး အဆင်မပြေနေပုံပါပဲ..”
သူ စကားပြောနေစဉ်မှာပဲ တံခါးခေါက်သံကို ကြားလိုက်ရသည်။
လျှို့မိုရှင်းနှင့် လျန်ယိုခန်တို့၏ သားဖြစ်သူ လျန်ချန်က အပေါက်ဝတွင် ရပ်နေခဲ့လေသည်။
“ဆရာလီ”
ဆရာလီ သူ့အား လက်ရမ်းပြလိုက်သည်။
“လာ၊ ဒီမှာထိုင်.. ဒီအစ်မနာမည်က မစ်စ်ကုတဲ့.. သူက သားရဲ့ အမေကိစ္စနဲ့ ပတ်သတ်ပြီး ပြောစရာရှိလို့တဲ့”
သူ့အား ခေါ်လိုက်ရသည့်အကြောင်းအရင်းကို ရှင်းပြပြီးနောက် ကုကျစ်စုန့်နှင့် လျှန်ချန်တို့ ကိုယ်ရေးကိုယ်တာ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ရန် ဆရာလီက အခန်းထဲမှ ထွက်သွားခဲ့သည်။
ကောင်လေးက ခေါင်းကို ငုံ့ထားကာ စကားတစ်ခွန်းမှ မဟသောကြောင့် ကုကျစ်စုန့် အရင် စကားစလိုက်သည်။
“ငါ ဒီနေ့လာခဲ့တာ မင်းရဲ့ အမေအကြောင်းပြောချင်လို့”
အချိန်ကြာမှ လျှန်ချန် စကားတစ်ခွန်းသာ ပြောသည်။
“အမေက အဲဒီလူတွေ ပြောကြသလို လူမျိုးမဟုတ်ဘူး”
မျက်ရည်များကြောင့် နီမြန်းနေသော မျက်လုံးများဖြင့် သူခေါင်းမော့လာခဲ့သည်။
“အမေက မိန်းမကောင်းတစ်ယောက်ပဲ၊ အဲလိုမျိုးတွေ မလုပ်ခဲ့ဘူး”
ကုကျစ်စုန့် ကောင်လေးအား နှစ်သိမ့်ပေးရန် စကားတစ်ခွန်းမျှပင် မဆိုခဲ့ချေ။
သူမက သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။ သို့သော် ငယ်ရွယ်နုနယ်သည့် ကောင်လေး၏ နှလုံးသားတွင်းမှ နာကျင်စိတ်များ၊ နာကျည်းချက်များက တဖြည်းဖြည်း ပြိုလဲလာခဲ့ပြီး မျက်ရည်များကျကာ နှုတ်ခမ်းကိုလည်း ဖိကိုက်ထားခဲ့သည်။
ကုကျစ်စုန့် သက်ပြင်းဖွဖွချလိုက်ပြီးနောက် ကျောင်းသားလေး၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“မင်းပြောတာ အမှန်ပဲ.. မင်းရဲ့အမေက တကယ့်ကို မိန်းမကောင်းတစ်ယောက်ပါ”
“အခုပြောနေတဲ့ အတင်းအဖျင်းတွေအကုန်လုံးက အမှားတွေချည်းပဲ.. အမှန်တရားပေါ်လာတဲ့နေ့ကို မင်းကိုယ်တိုင် မကြာခင်မြင်တွေ့ရတော့မယ်လို့ ငါ အာမခံတယ်”
ကုကျစ်စုန့် ထွက်သွားချိန်တွင် တစ်ချိန်လုံး သန်မာချင်ဟန်ဆောင်နေခဲ့သော လျန်ချန်တစ်ယောက် ချုံးပွဲချငိုကြွေးနေခဲ့သည်။
ကုကျစ်စုန့် ဆရာလီအား ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် တအောင့်ကြာမှ ဆက်ပြောလိုက်သည်။
“ဆရာလီ၊ အတန်းထဲက အကျင့်စရိုက်မကောင်းဘဲ သူများကို နောက်ပြောင်တတ်တဲ့ ကလေးတွေ.. သူတို့ကို အကျင့်ဆိုးတာ ဖျောက်ပြီး ကုသိုလ်များများလုပ်ဖို့ ဆုံးမပေးပါ”
အတန်းပိုင်ဆရာလီ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။
ကုကျစ်စုန့်က သေသေချာချာ ရှင်းမပြတော့ဘဲ သူမ၏နောက်မှ အခန်းတွင်းသို့ လည်ပြန်လှည့်ကာ စိုက်ကြည့်လိုက်သည်။
မီးများပိတ်ထားသော စာသင်ခန်းက တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။
နောက်ဆုံးတန်း၏ ထိုင်ခုံငယ်ဘေးတွင် ကြီးမားကာ လှုပ်ရှားနေသည့် အနက်ရောင် အငြိုးတရားအစိုင်အခဲကြီးရှိနေပြီး သူမအား သုန်မှုန်စွာ စိုက်ကြည့်နေခဲ့သည်။
မကြာသေးမှီကပင် စာသင်ခန်းပြတင်းပေါက်မှတဆင့် လျန်ချန်အား အနိုင်ကျင့်စနောက်နေကြသော ကောင်လေးများ၏ မျက်နှာထက်တွင် ခဲပြာရောင် မြူတစ်လွှာ ဖုံးလွှမ်းနေခဲ့သည်။
ထိုအရာသည်က သေခြင်း၏ နိမိတ်ပင်။
*