’မိုးကြိုးငါးသွယ် မန္တာန်
Vol. 28 Ch. 275
ညနေပိုင်း နေဝင်ရီတရောအချိန်တွင် မြို့တစ်မြို့လုံးက ဆည်းဆာနေ၏ လွှမ်းခြုံခြင်းခံရပြီး နတ်သမီးရေကန်အစပ်နှင့် ကောင်းကင်တို့မှာလည်း တစ်သားတည်းဖြစ်နေသယောင် ထင်ရသည်။
ဟိုတယ်သို့ ပြန်လာခဲ့ပြီးနောက်တွင် ကုကျစ်စုန့်က ကုတ်အင်္ကျီကို ချွတ်လိုက်ပြီးနောက် ဧည့်ခန်းတွင်းသို့ ဝင်လာခဲ့သည်။
ဧည့်ခန်းတွင်းမှ ဆိုဖာပေါ်သို့ ထိုင်တော့မည်ပြုလိုက်ချိန်မှာပင် တစ်ခန်းလုံး၏ လေထုသည် ရုတ်ချည်းအေးစက်လာခဲ့သည်။
ရေစိုကွက်များသည်က အဝင်တံခါးမှတဆင့် နံရံများပေါ်အထိ ပျံ့နှံ့သွားခဲ့ပြီးနောက် အခန်းတွင်းမှ မီးအလင်းရောင်သည်လည်း မှိန်ဖျော့လာခဲ့သည်။
ကုကျစ်စုန့် တည်ငြိမ်စွာပင် စိုက်ကြည့်လိုက်သည်။
မကြာလိုက်။ သူမကိုယ်မှ လက်တစ်ကမ်းအကွာ ကြမ်းခင်းပေါ်တွင် စက်ဝိုင်းခြမ်းပုံစံ အလင်းရောင် ထွက်ပေါ်လာခဲ့သည်။ အရပ်မျက်နှာတိုင်းတွင် ကွယ်ဝှက်ထားခဲ့သော အဝါရောင်ကျမ်းစာများသည်လည်း တစ်ပြိုင်တည်း ပေါ်လာခဲ့ပြီးနောက် လေပြင်းကြမ်းကြမ်း တစ်ချက် တိုက်ခတ်လာခဲ့သည်။
မကြာခင် ရောင်ကိုင်းကာ တွန့်လိမ်နေပြီး ရေစိုနေသော လူတစ်ဦးဖြင့် အသွင်တူသည့် သရဲတစ်ကောင်သည် ဖွဲ့စည်းပုံအတွင်းမှ ပေါ်ထွက်လာခဲ့သည်။
ထိုသရဲ၏ ဝိဉာဉ်သည်ာ သာမန်သရဲတစ္ဆေများနှင့် မတူချေ။
ဖောသွတ်နေသော လူထွားကြီးတစ်ဦး၏ အလောင်းနှင့် ဆင်တူကာ ခရမ်းရောင် သွေးကြောများ ထောင်နေခဲ့ပြီး အင်မတန် ထိတ်လန့်ဖွယ်ကောင်းလှသည်။
ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ပြီးနောက် အခန်းတွင်းမှ ဖွဲ့စည်းပုံမှာလည်း အားကောင်းလွန်းလှသည့် အငြိုးအတေးစွမ်းအင်များ၏ တိုက်ခိုက်ခံရပြီးနောက် စက်ဝိုင်းခြမ်းပုံစံအလင်းတန်းပင် မှိတ်ချည်၊ပွင့်ချည်ဖြစ်သွားခဲ့သည်။
ဖွဲ့စည်းပုံအတွင်းမှ တစ္ဆေကိုတော့ မြဲမြဲချုပ်နှောင်ထားစမြဲပင်။
ကုကျစ်စုန့်၏ ဆံပင်များပင် ယင်စွမ်းအင်ကြောင့် အနည်းငယ် လွင့်သွားခဲ့သည်။
သူမ၏ မြင်ကွင်းတွင်တော့ ဒေါသကြီးကာ ပြာနှမ်းနေသည့် မျက်နှာတစ်ခု၊ ထိုမျက်နှာပေါ်မှ သွေးချင်းချင်းနီနေသည့် မျက်ဝန်းတစ်စုံသည် သူမအား စိုက်ကြည့်နေခဲ့သည်။
အငြိုးတရားစွမ်းအင်များနှင့် ပြည့်နှက်နေသော ကျယ်လောင်စူးရှသည့် အသံတစ်ခု ဧည့်ခန်းအတွင်း ဟိန်းထွက်လာခဲ့သည်။
“သူများ..ကိစ္စတွေမှာ... ဝင်မပါနဲ့!”
အခန်းတစ်ခုလုံးက စိုစွတ်ထိုင်းမှိုင်းနေပြီး နံရံပေါ်တွင်လည်း အစိုဓာတ်ကြောင့် မှိုကွက်များ ပေါ်လာခဲ့သည်။
ထိုအကွက်များမှတဆင့် အချိန်မရွေး ရေစီးကျတော့မည့်အလားပင်။
အငြိုးအတေးဝိဉာဉ်၏ အေးစက်နေသော လက်ချောင်းများသည်လည်း ကုကျစ်စုန့်မျက်နှာအား ထိလုနီးပါးဖြစ်နေခဲ့သည်။
အခန်းထဲတွင် ကြိုတင်ပြင်ဆင်ထားသည့် ‘ဝိဉာဉ်ချုပ်တည်းခြင်းဖွဲ့စည်းပုံ’ကြောင့်သာ မဟုတ်ပါလျှင် ထိုအငြိုးအတေးဝိဉာဉ်သည်က ကုကျစ်စုန့်အား တိုက်ခိုက်၍ အပိုင်းပိုင်းအစစပင် ဆွဲဆုတ်ပစ်မည်ဖြစ်သည်။
“ရှင်က အမုန်းတရားတွေရဲ့ ဝါးမျိုခြင်းခံရပြီး မိစ္ဆာတစ်ကောင်ဖြစ်လာတာပဲ”
အစမှ အဆုံးထိ ကုကျစ်စုန့်က အငြိုးအတေးသရဲ၏ ချောင်းမြောင်းတိုက်ခိုက်မှုအား တစိုးတစမျှပင် ကြောက်လန့်ခြင်းမရှိ၊ တည်ငြိမ်လွန်းလှသည်။
“ဒီလိုဘာမဟုတ်တဲ့ လူယုတ်မာတစ်ချို့အတွက်နဲ့ မြို့တစ်မြို့လုံးက အပြစ်မရှိတဲ့လူတွေကို သူတို့နဲ့အတူ သတ်ပစ်ပြီး နှစ်ပေါင်းများစွာ အပြစ်သားအဖြစ်နဲ့နေသွားဖို့ တန်ရဲ့လား? လူတွေအားလုံး မုန်းတီးတာခံရတဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာဖို့ တန်ရဲ့လား?”
“ရှင် အခုရပ်မယ်ဆိုရင် ငရဲမီးကို ကျော်လွှားနိုင်ပြီး ဘဝသစ်ပြန်စနိုင်သေးတယ်
ရှင်ဒီအတိုင်းသာ ခေါင်းမာပြီး ဆက်လုပ်နေရင်တော့ ဘယ်သူမှ အသက်ရှင်မှာမဟုတ်ဘူး”
လျှို့မိုရှင်းသည်က အမှန်တကယ်လည်း အပြစ်ကင်း၍ သနားစရာကောင်းလှသည်။
သို့သော် သူမသည် အမုန်းတရား၊ အငြိုးတရားများ၏ ဖုံးလွှမ်းခံရကာ အကျိုးအကြောင်း ဆီလျော်နိုင်စွမ်းပျောက်ဆုံးသွားခဲ့ပြီး အမှားကြီးတစ်ခု ပြုခဲ့မိသည်။
ရေကန်ထဲတွင် ရေနစ်သေဆုံးခဲ့ရသည့် ရေသရဲများသည် ယင်စွမ်းအင်နှင့် အငြိုးအတေးစွမ်းအင်များ ပိုင်ဆိုင်ထားသောကြောင့် ကန်လယ်ဇရပ်ရှိ လှေကားများမှတစ်ဆင့် မြေပေါ်သို့ တက်ရောက်လာချိန်တွင် ပတ်ဝန်းကျင်မှ လူများအား ထိခိုက်နိုင်စွမ်းရှိကြသည်။
သို့သော် ဤမျှ စွမ်းအင်ကြီးမားမည်မဟုတ်။
ရေသရဲများ၏ စွမ်းအင်သည်က လျှန်ယိုခန်နှင့် အပေါင်းအပါများအား လက်စားချေနိုင်ရန်အတွက် ဖြန့်ကျက်ထားသော လျှို့မိုရှင်း၏ အငြိုးအတေးစွမ်းအင်များအပေါ်တွင် မူတည်နေခဲ့သည်။
ထို့ကြောင့် သူတို့၏ စွမ်းအင်က အဆပေါင်းများစွာ အားကောင်းလာခဲ့ပြီး အပြစ်မဲ့၍ စိတ်စွမ်းအင်အားနည်းသူများကိုပါ ခြောက်လှန့်နိုင်လာခြင်းပင်။
နောက်ဆုံးတွင်တော့ ထိုအပြစ်မဲ့လူများသည် ‘နတ်သမီးရေကန်’တွင်းသို့ ခုန်ချသတ်သေခဲ့ကြပြီး ရေသရဲများ၏ လူစားလဲခြင်း ခံလိုက်ကြရသည်။
ကိုယ့်ကိုကိုယ် ရေကန်ထဲခုန်ချသတ်သေသွားသော အမျိုးသမီးနှင့် ဝမ်လီရှန်း၏ သားဖြစ်သူတို့သည်လည်း ထိုနည်းလည်းကောင်းပင်။
သူတို့သည်က လျှို့မိုရှင်းအား ရန်မပြုခဲ့သော်လည်း လျှို့မိုရှင်း၏ အမုန်းတရားများကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ထိုလူများ၏ သေဆုံးမှုသည် အကုသိုလ်စွမ်းအင်များ ချန်ရစ်ခဲ့ပြီး ထိုအကုသိုလ်များသည် လျှို့မိုရှင်း၏ ခန္ဓာကိုယ်၌ တွယ်ကပ်နေခဲ့သည်။
ကုကျစ်စုန့်ပြောခဲ့သော ‘ငရဲမီးတောက်’သည် ခန္ဓာကိုယ်အား မီးကဲ့သို လောင်မြိုက်စေသည့် ဝဋ်ကြွေးများပင် ဖြစ်သည်။
ထိုမီးတောက်သည် ငရဲဆယ့်ရှစ်ထပ်တွင်သာ တည်ရှိသည့် မီးတောက်ဖြစ်ပြီး အပြစ်သားများကိုသာ လောင်မြိုက်စေသည်။
အသက်ရှိစဉ်က မကောင်းမှုမျာစွာ ပြုလုပ်ခဲ့ပြီး လူအများကို ထိခိုက်စေခဲ့သော လူများသည် သေဆုံးချိန်တွင် ငရဲကျ၍ ‘ငရဲမီးတောက်’၏ လောင်မြိုက်ခြင်းခံရသည်။
ဝိဉာဉ်အတွင်းမှ မကောင်းမှုအကုသိုလ်များ အားလုံး လောင်ကျွမ်းပြီး၍ ထိုက်သင့်သော အပြစ်ဒဏ်ခံစားပြီးချိန်မှသာလျှင် ထိုမကောင်းဆိုးဝါးဝိဉာဉ်များသည် ပြန်လည်ဝင်စားနိုင်ရန် အခွင့်ရကြသည်။
သို့သော် ပြင်းထန်သည့် ပြစ်မှုများကျူးလွန်ကာ လူအမြောက်အမြားသတ်ဖြတ်ခဲ့သော ဝိဉာဉ်သရဲများသည်က ‘ငရဲမီးလောင်ကျွမ်း’၍ အပြစ်ကြွေးဆပ်ခွင့်ပင်မရ။
သူတို့သည် ‘ဝိဉာဉ်မရှိသူများ’အဖြစ် တရားသူကြီး၏ တံဆိပ်နှိပ်ခံရပြီးနောက် ပြန်လည်ဝင်စားခွင့်ဆုံးရှံးရကာ ငရဲဆယ့်ရှစ်ထပ်တွင်သာ အမြဲတည်ရှိရမည်ဖြစ်သည်။
ဓားတောင်၊ မီးပင်လယ်၊ ရေခဲပင်လယ်၊ ပြင်းထန်လှသော အပူရှိန်တို့ဖြင့် ထာဝရ ဝေဒနာခံစားသွားရမည်ဖြစ်သည်။
စိတ်ခံစားချက်အရရော၊ ဖြစ်သင့်ဖြစ်ထိုက်ခြင်းတို့အရပါ ကုကျစ်စုန့်သည် လျှို့မိုရှင်းအား ထိုကဲ့သို့ အဆုံးမသတ်စေချင်ပေ။
“ကောင်းကင်ဘုံရဲ့ နည်းလမ်းက... မမျှတဘူး! လက်စားချေရမယ်!”
အငြိုးအတေးဝိဉာဉ်သည် အသံနက်ကြီးဖြင့် ဒေါသတကြီး အော်ဟစ်နေခဲ့သည်။ သူ၏ ငိုသံပို၍ ကျယ်လောင်လာလေ၊ ဖွဲ့စည်းပုံအတွင်းမှ မြူခိုးများလည်း ပို၍ ထူထဲလာလေဖြစ်ကာ အခန်းတွင်းမှ အပူချိန်မှာလည်း တဖြည်းဖြည်း ပို၍ လျော့၊လျော့လာခဲ့သည်။
ကုကျစ်စုန့် ထိုမြင်ကွင်းအား မြင်ရပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ အသိစိတ်အား အမှောင်လွှမ်းနေပြီဖြစ်သည့် တစ္ဆေတစ်ကောင်အား သူမ စကားဖြင့် ဖျောင်းဖြရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။
သူမ သက်ပြင်းဖွဖွချလိုက်ပြီးနောက် အကြမ်းနည်းကိုသာ ရွေးချယ်လိုက်ရသည်။
အငြိုးအတေးတစ္ဆေ၏ စွမ်းအင်အရ ကုကျစ်စုန့် ခန့်မှန်းရသည်မှာ လျှို့မိုရှင်း၏ ပုံစံအမှန်သည်က သာမန်သရဲကြီးအဆင့်ကို ကျော်လွန်၍ သရဲ၊တစ္ဆေများကြားတွင် အားအကောင်းဆုံး ‘အနီရောင်တစ္ဆေ’အဆင့်သို့ ရောက်ရှိလုနီးနီးဖြစ်နေသည်။
သူမ၏ လက်ရှိစွမ်းအင်အရ သာမန် မှော်အစီအရင်များဖြင့် သန့်စင်ရန်မှာ ဖြစ်နိုင်သော်လည်း အချိန်ရော၊ စွမ်းအင်ပါ ပို၍ ကုန်ခမ်းမည်ဖြစ်သည်။
ဟိုတယ်၏ နံရံများတွင် မှိုတက်သကဲ့သို့ အကွက်များပေါ်နေပြီး ပရိဘောဂများထိ ကူးစက်တော့မည်ဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် သူမ လျှို့မိုရှင်း၏ ယင်စွမ်းအင်၊ အငြိုးအတေးတို့အား သန့်စင်ရန် အမြန်ဆုံးနည်းလမ်းကို ရွေးချယ်လိုက်သည်။
ကုကျစ်စုန့် လက်ချောင်းများဖြင့် အချုပ်အနှောင်အစီအရင်တစ်ခု ပုံဖော်လိုက်ပြီး လက်သုံးချောင်းအား ထိစပ်၊ လက်တစ်ချောင်းကို မြှောက်ထားလိုက်ပြီးနောက် အချုပ်အနှောင်တစ်ခု အလွယ်တကူပင် ပေါ်လာခဲ့သည်။
မန္တာန်အား ရွတ်ဆိုချိန်တွင် သူမ၏ မျက်နှာအမူအယာသည် အေးချမ်းတည်ငြိမ်နေခဲ့ပြီး အနီးအနားမှ လေထုသည်လည်း အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သူမ၏ အသံသည်လည်း တည်ကြည်၍ ဩဇာညောင်းလှသည်။
“Yù qīng shǐ qīng, zhēn fú gào méng, tuī qiān èr xī, hùn yī chéng zhēn. Wǔ léi wǔ léi, jí huì huáng níng yīnyūn biànhuà, hǒu diàn xùn tíng, wén hū jí zhì, sù fā yáng shēng.”
ထိုမန္တာန်သည် ‘မိုးကြိုးငါးသွယ် မန္တာန်’ဟု ခေါ်၍ မိုးကြိုးနှင့် လျှပ်စီးတို့အား ခေါ်ဆောင်နိုင်သော စွမ်းအင်ရှိသည်။
မိုးကြိုးနှင့် လျှပ်စီးတို့သည်က ဤကမ္ဘာတွင် မကောင်းမှုသရဲ၊တစ္ဆေများ အကြောက်လန့်ဆုံးအရာဖြစ်သည်။
ဤမန္တာန်အား ရွတ်ဆို၍ ခေါ်ဆောင်နိုင်သော မိုးကြိုးနှင့် လျှပ်စီးတို့က မန္တာန်ရွတ်ဆိုသူ၏ စွမ်းအားပေါ်တွင် မူတည်နေသည်။ ရွတ်ဆိုသည့် ထူးခြားပညာရှင်၏ စွမ်းအင်မြင့်လေလေ၊ မိုးကြိုးလျှပ်စီးတို့၏ စွမ်းအင် အားကောင်းလေလေ ဖြစ်သည်။
ကုကျစ်စုန့် အနည်းငယ်မျှသာ လှုပ်ရှားလိုက်ပြီးနောက် သူမခန္ဓာကိုယ်၏ ပတ်လည်တွင် ထစ်ချုန်းသံများ ပေါ်ထွက်လာခဲ့သည်။ ဆံချည်မျှင်ကဲ့သို့သော လျှပ်စစ်စွမ်းအင်များသည်လည်း ကိုယ်တွင်းသို့ စီးဝင်ကာ အနီးရှိအငြိုးအတေးစွမ်းအင်များအား ချက်ချင်း ဖယ်ရှားလိုက်သည်။
သူမကိုယ်တွင်းမှ အားကောင်းသော စွမ်းအားနှင့် ယန်စွမ်းအင်တို့အား အာရုံခံစားလိုက်ပြီးနောက် အငြိုးအတေးတစ္ဆေသည် အနည်းငယ်အားလျော့သွားခဲ့သည်။
သူမက ထွက်ပြေးရန်လည်း ကြံစည်နေခဲ့သည်။
သူမ ထွက်မပြေးနိုင်ခင်မှာပင် ကုကျစ်စုန့် မျက်လုံးများဖွင့်လိုက်သည်။ ငွေမှင်ရောင်လျှပ်စီးကြောင်းများသည် ဧည့်ခန်းမျက်နှာကြက်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီးနောက် ဖွဲ့စည်းပုံအတွင်း ပိတ်မိနေသည့် တစ္ဆေအား အားပြင်းပြင်း ရိုက်ခတ်လိုက်လေသည်။
အငြိုးအတေးတစ္ဆေ လျှို့မိုရှင်းလည်း နာကျင်စွာ အော်ဟစ်၍ အားကုန်သုံးရုန်းကန်လိုက်သည်။
သူမက အားကုန်သုံး၍ ရုန်းကန်ပါသော်လည်း ကုကျစ်စုန့်၏ ‘ဝိဉာဉ်ချုပ်တည်းခြင်းဖွဲ့စည်းပုံ’မှာ တုတ်တုတ်မျှ မလှုပ်၊ ပြိုကွဲမည့် အရိပ်အယောင်ပင်မရှိပေ။
အားကောင်းသည့် မိုးကြိုးလျှပ်စီးဖြင့် အကြိမ်အနည်းငယ်ပစ်ခတ်ခံရပြီးချိန်တွင်တော့ ဖွဲ့စည်းပုံအတွင်းမှ တစ္ဆေသည်လည်း လက်သီးဆုပ်တစ်ဆုပ်အရွယ်ခန့်သာ ရှိတော့သည်။
တစ္ဆေ၏ အငြိုးတရားများကြောင့် စိုထိုင်းသည့် မှိုကွက်များ ပေါ်နေခဲ့သည့် ဧည့်ခန်းနံရံများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီး မူလအဖြူရောင် ပြန်ပေါ်လာခဲ့သည်။
ကုကျစ်စုန့်၏ ဝိဉာဉ်သည်က အားကောင်းလွန်းသောကြောင့် သူမခေါ်ဆောင်လိုက်သော မိုးကြိုးလျှပ်စီးသည်လည်း အင်မတန်အားကောင်းလွန်းလှသည်။
ကြည်လင်နေခဲ့သော ကောင်းကင်တွင် မိုးတိမ်များ အလိပ်လိုက် တက်လာခဲ့ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် မိုးရွာသွန်းလာခဲ့သည်။
ဂဲလီယိုချန်းမှ ကုကျစ်စုန့်အတွက် ငှားရမ်းပေးထားသော ဟိုတယ်သည်က နတ်သမီးရေကန်၏ အနီးမှ ဟိုတယ်ဖြစ်သည်။
အခန်း၏ ဝရန်တာတွင် နေဝင်၊နေထွက်ချိန်အား ကြည့်ရှုခံစားနိုင်သော မှန်ပြတင်းနံရံတစ်ခု ပါရှိသည်။
ယခုအချိန်တွင်တော့ ကုကျစ်စုန့်အနေဖြင့် မှန်နံရံမှတဆင့် ကန်စပ်၌ ခပ်သော့သော့ လမ်းလျှောက်လာကြသော ဒေသခံအချို့နှင့် နိုင်ငံခြားခရီးသွားတစ်ချို့ကိုမြင်တွေ့နေရသည်။
သူတို့သည်လည်း ရာသီဥတု ရုတ်တရက် ပြောင်းလဲမှုကြောင့် အံ့အားသင့်နေခဲ့ကြသည်။
“ခုနကမှ နေမြင်နေရသေးတာကို ချက်ချင်းကြီး တိမ်တွေတက်လာတာလား.. ဒီရာသီဥတုကလည်း...”
“မြန်မြန်သွားရအောင်.. မိုးတွေလည်း ခြိမ်းနေတာ မိုးရွာတော့မှာပဲ!”
“......”
ကုကျစ်စုန့် ရေကန်ပေါ်တွင် ဖုံးလွှမ်းနေသည့် သာမန်မျက်လုံးဖြင့် မမြင်နိုင်သော မြူခိုးတစ်လွှာအား စိုက်ကြည့်နေရင်း တွေးတောနေခဲ့သည်။
ထို့နောက် သူမ စဉ်းစားခန်းကို ရပ်၍ အိတ်ထဲမှ ပါးလွှာသည့် ကျမ်းစာရွက်တစ်ရွက်အား ဆွဲထုတ်လိုက်သည်။
ထိုကျမ်းစာသည်က ‘နတ်ဘုရားပင့်ခေါ်သည့် ကျမ်းစာ’ပင် ဖြစ်သည်။
ကောင်းကင်ဘုံမှ နတ်ဘုရားများအား ပင့်ခေါ်၍ နတ်ဘုရားတို့၏ စွမ်းအင်များအား အသုံးပြုနိုင်သော ကျမ်းစာဖြစ်သည်။
ထိုသို့ ဆိုစေကာမူ အမှန်တကယ် နတ်ဘုရားတို့၏ စွမ်းအင်အား အသုံးပြုနိုင်သည်မဟုတ်။
အလင်းတန်းတစ်ခု၊ ရံဖန်ရံခါ ဝိဉာဉ်စွမ်းအင်အနည်းငယ်မျှသာ ဖြစ်သည်။
ဤ ‘နတ်ဘုရားပင့်ခေါ်သည့် ကျမ်းစာ’သည် သဘာဝလွန်လောကတွင် အသုံးပြုရန် အခက်ခဲဆုံးနှင့် အောင်မြင်နိုင်ချေ အနည်းဆုံး ကျမ်းစာဟုပင် ဆိုနိုင်သည်။
*