မိုးကြိုးငါးသွယ် မန္တာန် (2)
Vol. 28 Ch. 276
အကယ်၍ လျှို့ဝှက်ဆန်းကြယ်ဆရာသခင်ကသာ လုံလုံလောက်လောက်ကျွမ်းကျင်မှုမရှိခဲ့လျှင် ဆရာသခင်သည် သူ့အသိစိတ်ကို ဆုံးရှုံးရမည်ဖြစ်၏။
လျှို့မိုရှင်း၏ နာကျည်းမှုများက သေးငယ်ကျုံ့ဝင်သွားကာ အားနည်းလာခဲ့ပြီး ကုကျစ်စုန့်၏ အမူအရာတို့ကို မြင်လိုက်ရသည့်အခါ အကြောင်းအရင်းမရှိပါဘဲ ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
ကုကျစ်စုန့်က နတ်ဘုရားဆင့်ခေါ်အဆောင်ကို လက်ချောင်းကြား ညှပ်ကိုင်ထားကာ ဂါထာကို ရွတ်လိုက်သည်။ သူမ၏လက်ကြားထဲရှိ အဆောင်စာရွက်လေးမှာ ဖြည်းဖြည်းချင်း လှုပ်ခါလာခဲ့လေသည်။
နောက်ဆုံးဂါထာကို ရွတ်လိုက်ပြီးသည့်နောက် သူမက အဆောင်စာရွက်ကို အပေါ်သို့ပစ်တင်လိုက်သည်။
“ကောင်းကင်ကိုးလွှာက မိုးကြိုးသံကို တုံ့ပြန်ပြီး ကောင်းကင်နတ်မင်းအနေနဲ့ အသွင်ပြောင်းစေ”
ကျောက်စိမ်းရောင် အဆောင်စာရွက်လေးက ဖုန်မှုန့်အဖြစ်ပြောင်းသွားပြီး နောက်တစ်စက္ကန့်တွင်ပင် မြို့နှင့် နတ်ဘုရားမရေကန်ကိုဝန်းရံနေသော တိမ်မည်းများမှာ တွန်းထုတ်ခံလိုက်ရသည်။
မူလက တိမ်များအတွင်း ပတ်ခုန်နေကြသော သေးငယ်လှသည့် လျှပ်စီးဝန်းလေးများမှာ ဘောလုံးတစ်လုံးအဖြစ် သိပ်သည်းသွားပြီး နတ်ဘုရားမရေကန်ပေါ်တွင် နားအူဖွယ်မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲသွားတော့၏။
ခရမ်းရောင်ဖျော့ဖျော့ လျှပ်စီးဝန်းများက ငွေရောင်ကောင်းကင်၏ တစ်ဝက်နီးပါး ပျံ့နှံ့သွားခဲ့သည်။ နတ်ဘုရားမရေကန်အနီးရှိ လူတို့မှာလည်း ကြောက်ရွံ့မှုဖြင့် အော်ဟစ်ကြတော့သည်။
ပို၍အားနည်းသည့်မိုးကြိုးနှင့် လျှပ်စီးကြောင်းနှစ်ခုအပြင် မိုးဖွဲလေးပါ ရေကန်ပေါ်သို့ သက်ဆင်းလာခဲ့သည်။
၎င်းက မိနစ်အနည်းငယ်မျှ ကြာခဲ့ပြီး ထို့နောက် တစ်ဖန်ရပ်တန့်သွားပြန်၏။
ဤတစ်ကြိမ်တွင်တော့ မြို့ကောင်းကင်ထက်မှ တိမ်မည်းများက အမြန်ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်လေသည်။
မိုးခိုရန်ပင် အချိန်မရှိသေးသည့် ဖြတ်သွားဖြတ်လာတစ်ယောက်မှာ ရာသီဥတု ပြန်လည်ပြောင်းလဲသွားမှုကြောင့် အရှိန်လျော့သွားကာ အနည်းငယ်ပင် အံ့ဩသွားခဲ့သည်။
မိုးရွာပြီးသည့်နောက်တွင်တော့ နတ်ဘုရားမရေကန်က ယခင်ကထက် တောက်ပသစ်လွင်လာကာ မြို့ထဲရှိလေထုမှာလည်း ပို၍ပင် လတ်ဆတ်လာခဲ့သည်။
အိမ်ထဲနေ၍ မသက်မသာခံစားနေရသော လူများပင်လျှင် အတော်လေး အံ့ဩသွားရ၏။ ပြတင်းပေါက်အပြင်ဘက်ရှိ မိုးကြိုးများမှာ ဆက်၍နှောင့်ယှက်နေသည့်တိုင်အောင် သူတို့နှလုံးသားတွင်းမှ လေးလံမှုများသည်တော့ ပျောက်ကွယ်သွားကြပြီဖြစ်၏။
ဤမြို့လေးမှ လူများ မသိခဲ့သော်လည်း ဝိဉာဉ်အကြောင်းကို နားလည်သဘောပေါက်သည့် ကုကျစ်စုန့်ကတော့ ရေကန်ထက်ရှိ ယင်စွမ်းအင်များနှင့် နာကျည်းမှုများသည် ကောင်းကင်လျှပ်စီးတို့၏ ရိုက်ခတ်မှုကို ခံခဲ့ရပြီး မြို့တစ်ခုလုံး၏ အစွန်အဖျားများကို ပျံ့နှံ့နေသည့် နာကျည်းမှုများသည်ပင် လုံးဝပျောက်ကွယ်သွားသည်ကို တွေ့မြင်နေခဲ့ရသည်။
အချိန်တိုလေးအတွင်းတွင်၌ နတ်ဘုရားမကန်အောက်ခြေရှိ ရေတစ္ဆေများက လှုပ်လှုပ်ရှားရှားလုပ်ရဲတော့မည်မဟုတ်သလို ပြဿနာလည်း ရှာရဲတော့မည်မဟုတ်ပါချေ။
သူမသည်ပင်လျှင် ဤတစ်ကြိမ်တွင်တော့ နတ်ဘုရားတို့၏ အစွမ်းများကို အနည်းငယ်အံ့ဩမိသွားသည်။
ကုကျစ်စုန့်က ဧည့်ခန်းကို တစ်ချက်ပြန်ကြည့်လိုက်သည်။ နံရံများနှင့် အပေါ်မှ မီးဆိုင်းတို့မှာ ပုံမှန်အခြေအနေအတိုင်း ပြန်ရှိနေကြလေပြီ။ ပုံပေါ်နေသော နာကျည်းမှုတို့လည်း ပျောက်ကွယ်သွားခဲ့ပြီ။
သူမ နောက်ထပ်တစ်စုံတစ်ခု လုပ်ရန်ကျန်နေသေးသည့်အတွက် နေရာတွင်ပင် တင်ပျဉ်ခွေထိုင်လိုက်သည်။
အချိန်တစ်ခုကြာပြီးနောက် မီးခိုးရောင် ခပ်ဖျော့ဖျော့မြူခိုးတစ်ခုက ဗလာသက်သက်မြေပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့ပြန်သည်။
သို့သော် သည်အကြိမ်တွင်တော့ ထိုမြူက ပို၍တည်ငြိမ်လာခဲ့ပြီး ယခင်ကထက် ပိုသေးငယ်သွားခဲ့သည်။
မီးခိုးရောင်မြူတို့ ပြန်လည်သိပ်သည်းပြီးသွားချိန်တွင် ကုကျစ်စုန့်က မျက်လုံးဖွင့်လိုက်ပြီး ယခင်ကနှင့် လုံးဝမတူတော့သော လူသားပုံစံတစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည်။
တစ္ဆေ၏ပုံသဏ္ဌာန်က အသက်သုံးဆယ်ကျော်ကျော်၊ ဆံနွယ်ခပ်ရှည်ရှည်နှင့် ဘဲဥပုံမျက်နှာမျိုးရှိနေသည်။ သို့သော်လည်း သူမခေါင်းအနောက်ဘက်တွင်မူ ထင်ရှားသည့်အရာတစ်ခုက ရှိနေခဲ့သည်။
ဤသည်က လျှို့မိုရှင်း မသေခင်က ပုံရိပ်ပင်ဖြစ်ပေ၏။
သူမ၏ အသိစိတ်ကို ပြန်လည်ရရှိပြီးနောက်တွင် ရက်စက်ကြမ်းကြုတ်၍ ကြောက်စရာကောင်းပုံလည်း မပေါ်တော့ပါချေ။
သူမ၏ အနီရောင်မျက်ဝန်းများက သတိအပြည့်ရှိနေကာ အံ့ဩမှုတစ်စွန်းတစ်စလည်း ပါနေခဲ့သည်။
ပိုပြီးသဘာဝကျစွာဖြင့်ပင် သူမတွင် အားကောင်းသည့် နာကျည်းမှုနှင့် ဝမ်းနည်းမှုတို့ရှိနေပါသည့်တိုင် အချိန်တစ်ခုလောက်ကြာမြင့်လာသည်အထိ သူမ စကားမပြောလာခဲ့ချေ။
သူမ တောက်ဆရာသခင်များကို မုန်းသည်။
သူမကို လူမဟုတ် တစ္ဆေမဟုတ်သည့်ပုံစံသို့ ပြောင်းပစ်ခဲ့ပြီး နေ့နေ့ညည နှလုံးကွဲမတတ် နာကျင်မှုကို ခံစားရစေသူမှာ တောက်ဆရာသခင်တစ်ပါးပင်ဖြစ်၏။
သို့ဖြစ်ရာ သူမ ကုကျစ်စုန့်ကိုလည်း သဘောမကျပေ။
တောက်ဆရာသခင်ကလည်း သူမက တခြားတစ္ဆေများထက် ပိုအားကောင်းသည်ကို သိသည်။
နှစ်ရာပေါင်းများစွာကြာအောင် ရေအောက်တွင်သေဆုံးခဲ့ရပါသည်ဆိုသော ရေတစ္ဆေများက သူမ၏ အလွယ်တကူဆွဲဖြဲခြင်းကို ခံရသည်သာမဟုတ်ပါလား။
ထိုမျှလောက်အားအင်ရှိနေသည်ဆိုသော်လည်း သူမ၏ အလောင်းမှာ အကျဉ်းချခံရမှုမှ မလွတ်မြောက်သေးသကဲ့သို့ ရေကန်အောက်ခြေမှလည်း မထွက်ခွာနိုင်သေးချေ။
သို့သော်လည်း သူမ၏ရှေ့မှ ငယ်ရွယ်သည့် တောက်ဆရာသခင်က ဝိညာဉ်ကိုယ်ထည်ကို ပြားပြားဝပ်အောင် အမိန့်ပေးနိုင်ခဲ့၏။
သူမ၏ခွန်အားသည်လည်း မတွေးနိုင်လောက်သည်အထိ နက်နဲလွန်းသောကြောင့် သူမက ကုကျစ်စုန့်ကို မကြောက်ဘဲ မည်သို့နေနိုင်မည်နည်း။
လျှို့မိုရှင်းက စကားမပြောလာသောကြောင့် ကုကျစ်စုန့်ကသာ အစပြု၍ ပြောလိုက်ရသည်။
“မင်းက မြေအောက်ကမ္ဘာရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ကျူးလွန်ခဲ့ပြီး အပြစ်မရှိတဲ့လူသားတွေကို အန္တရာယ်ပြုခဲ့တယ်ဆိုတာ သိလား”
လျှို့မိုရှင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ငါအသက်ရှင်တုန်းကရော ငါ့မှာ အပြစ်ရှိခဲ့လို့လား၊ ဝမ်လီရှန်းကရော အပြစ်မရှိခဲ့ဘူးလား၊ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ငါကပဲ ဒီလိုအဆုံးသတ်မျိုး ကြုံခဲ့ရတယ်၊
သားရဲတစ်ကောင်ထက်တောင် ပိုရိုင်းဆိုင်းယုတ်မာတဲ့ တိ ရွှေရောင်ကောင်းမှုရဲ့ အကာအကွယ်ပေးမှုကို ခံရပြီး အပြစ်ပေးမခံရဘူး၊ ဒီလိုအချိန်မှာ တရားမျှတမှုနဲ့ ဥပဒေဆိုတာရှိသေးလို့လား”
“အဲဒီတော့ ငါ့အတွက် တရားမျှတမှုဆိုတာကို ငါကိုယ်တိုင်ပဲ လုပ်ယူလိုက်တယ်၊ လူတွေဆီက ခိုးပြီး မတော်မလျော်တွေလုပ်နေတယ်လို့ ငါ့အကြောင်းကို ကောလဟာလတွေဖြန့်ကြတဲ့ ရှင်းချွမ်ရွာက ရွာသားတွေအတွက်ကတော့ သူတို့က ဒါနဲ့ပဲ ထိုက်တန်တယ်၊ ကျန်တဲ့သူတွေကတော့... သူတို့ရဲ့ကံဆိုးမှုကိုပဲ အပြစ်တင်နိုင်လိမ့်မယ်”
သူမ၏ အေးစက်သောစကားများကို ကြားရပြီးနောက်တွင် လျှို့မိုရှင်း၏ စိတ်အခြေအနေမှာ လုံးဝပျက်စီးသွားပြီဆိုသည်ကို ကုကျစ်စုန့် နားလည်လိုက်သည်။
သို့သော်လည်း ကံကောင်းစွာဖြင့်ပင် သူမက လုံးဝကြီးမျှော်လင့်ချက်မဲ့နေသည်တော့မဟုတ်။
သူမတွင် ဂရုစိုက်သောသူတစ်ဦးရှိနေသေးသည်။ သူမ၏သား လျန်ချန်ပင်။
မဟုတ်လျှင် လျိုမော့ရှင်းက သူမဘဝတွင် ကြုံတွေ့ခဲ့ရသည့် အမျိုးမျိုးသော စိုးရိမ်မှုများကြောင့် စိတ်သိမ်ငယ်ခြင်းကို ကြံ့ကြံ့ခံနိုင်မည်မဟုတ်သည့်အပြင် သူမ၏နာကျည်းမှုလွတ်ထွက်သွားသည့်အခါတွင်လည်း လျန်ချန်၏ ကျောင်းတွင်သာ နေခဲ့ပေလိမ့်မည်မဟုတ်။
ထို့ကြောင့် ကုကျစ်စုန့်က ပြောလိုက်သည်။
“မင်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ရင်တောင် လျန်ချန်အတွက်ရော ဂရုမစိုက်တော့ဘူးလား”
လျှို့မိုရှင်း၏ အကြည့်က ရုတ်ချည်းပြင်းထန်လာခဲ့ပြီး ကုကျစ်စုန့်ကို တစ်စစီဆွဲဖြဲတော့မတတ် စိုက်ကြည့်နေခဲ့သည်။
တစ်ခဏမျှကြာပြီးနောက်တွင် သူမက နှာခေါင်းရှုံ့၏။
“နင်တို့ သူတော်စင်လိုလူမျိုးတွေက ကလေးငယ်တွေကိုပဲ ခြိမ်းခြောက်ဖို့သိကြတာလား၊ လျန်ချန်ကို ချဉ်းကပ်လာကတည်းက နင့်မှာ ကောင်းတဲ့ရည်ရွယ်ချက်မရှိမှန်း ငါ သိနေခဲ့သားပဲ”
“ကောင်းပြီ ငါကတော့ နင်တို့လိုလူတွေနဲ့ တစ်လောကထဲ ရှိနေရတာကိုတောင် ရွံမိတယ်၊ ငါ့ကို သေစေချင်လိုက်၊ ပျောက်ကွယ်သွားစေချင်လိုက်နဲ့...”
မည်သို့ပင်ဖြစ်စေ လျန်ယိုခန်းက အချိန်ကြာကြာအသက်ရှင်ရတော့မည်မဟုတ်ချေ။
ဝမ်လီရှန်း၏သားသည်လည်း သူမ သတ်ခြင်းကို ခံရပြီးပြီ။ လူမိုက်ကျိုးကလည်း လူသတ်မှုကို ဝန်ခံခဲ့ပြီး ထောင်ချခံရလေပြီ။ အနည်းဆုံးတော့ သူသည်က ထောင်ထဲတွင် အနှစ် ၂၀၊ ၃၀ လောက်တော့ နေရမည်ဖြစ်၏။
ဤသည်က သူမကိုယ်သူမအတွက် လက်စားချေခြင်းအဖြစ် သတ်မှတ်ရမည်ပင်။
အချိန်မရွေး သေသွားနိုင်ပြီး ပျောက်ကွယ်တော့မယောင် ထင်မှတ်ရသည့် တစ္ဆေ၏ စကားကို နားထောင်နေခဲ့ရသော ကုကျစ်စုန့်:
“???”
“ လူမိုက်ကျိုးက သူ့ရဲ့ဝန်ခံမှုကို ပြန်ရုတ်သိမ်းလိုက်ပြီဆိုတာ မင်းမသိဘူးလား၊ အခု လျန်ယိုခန်းက မင်းကို သတ်တဲ့ တရားခံအစစ်အနေနဲ့ အတည်ပြုခံလိုက်ရပြီ၊ ဝမ်လီရှန်းကလဲ အလိုတူအလိုပါပဲဆိုတာကို သိထားပြီ.. ငါတို့အခု သက်သေတွေ လိုက်စုနေကြတာ”
“သက်သေကသာ ခိုင်မာနေသရွေ့ အချိန်မရွေး ဖမ်းဆီးမိန့်ထုတ်လို့ရပြီး မင်းအတွက် တရားမျှတမှုပြန်ပေးနိုင်မှာပဲ”
လျှို့မိုရှင်း ကြောင်အမ်းသွားခဲ့သည်။
“ဘာ.. နင် ဘာပြောလိုက်တာ..”
ကုကျစ်စုန့်: “အမှန်ပဲ”
သူမက အေးဆေးတည်ငြိမ်စွာဖြင့်ပင် သက်သေရှာဖွေတွေ့ရှိမှု အပါအဝင် ယမန်နေ့ကဖြစ်ခဲ့သမျှအရာအားလုံးကို ပြောပြလိုက်သည်။
အချိန်တစ်ခုကြာပြီးနောက် လျှို့မိုရှင်း၏ မျက်နှာထက်တွင် အပြုံးတစ်ဝက်ခန့် ပေါ်ထွက်လာခဲ့သည်။
သူမ စိတ်သက်သာရာရသွားခဲ့သည်။ ထိုအထဲတွင် ဖော်ပြ၍ငှာမစွမ်းသာသော ဝမ်းနည်းမှုလည်း ရှိနေခဲ့ပေ၏။
“အဲဒီတော့ ဒါက နင် ဘာလို့ လျန်ချန်ကို ချဉ်းကပ်ရသလဲဆိုတဲ့အကြောင်းရင်းပေါ့၊ ငါနဲ့ စာရင်းရှင်းဖို့လာတာ မဟုတ်ဘူးပေါ့”
ကုကျစ်စုန့် ပြောလိုက်သည်။
“ဓာတ်ပုံထဲကတဆင့် မင်းက အရမ်းကောင်းမွန်တဲ့ မိခင်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကို ငါ တွေ့ခဲ့တယ်.. လျန်ချန်အတွက် စိတ်ပူနေတယ်ဆိုတာကိုလည်း သိတယ်
ဒါကြောင့် တကယ်လို့သာ ငါ့ဘက်က လျန်ချန်ကို ချဉ်းကပ်မယ်ဆိုရင် မင်းထွက်လာမှာပဲဆိုတာကို သိခဲ့တာပဲ၊ နောက်ဆုံးတော့လည်း ဗီဒီယိုပါတဲ့ အဲဒီဖုန်းက ရေကန်အောက်ခြေကို ပစ်ခံထားရတာလေ”
“မင်း ဘာလို့ ဒီရေကန်မှာ ကပ်တွယ်နေရသလဲဆိုတာကိုလဲဆိုတာကို ငါ ဖော်ထုတ်ချင်တယ်၊ ပြီးတော့ ငါ မင်းကို ကယ်ချင်တယ်”
“မင်းရဲ့ ပူဆွေးမှုတွေနဲ့ အပြစ်တွေအတွက် မင်းရဲ့ဝိညာဉ်က ပျက်စီးမလား၊ အပြစ်ပေးခံရမှာလားဆိုတာကတော့ မင်း မြေအောက်လောကကို ရောက်တဲ့အချိန်ကျရင် ယမနန်းတော်က ဆုံးဖြတ်ပေးလိမ့်မယ်”
ကုကျစ်စုန့် ပို၍ရှင်းပြလေလေ၊ လျှို့မိုရှင်း၏ အမူအရာက ပိုရှုပ်ထွေးလာလေလေပင်။ သို့သော်လည်း ပျော်ရွှင်မှုတို့ကလည်း နေရာယူလျက် ရှိနေသည်။
အချိန်တစ်ခုကြာပြီးသည့်နောက် သူ၏ ဝိညာဉ်ကိုယ်ထည်ရှိ မီးခိုးရင့်ရင့်အရောင်များက လွင့်ပါးလာကာ ကုကျစ်စုန့်ကို လေးလေးနက်နက် ဦးညွတ်လိုက်သည်။
သူမ စိတ်ဆိုးကြမ်းတမ်းခဲ့ရသည့်အကြောင်းရင်းမှာ ကုကျစ်စုန့်က သူမသားကို အသုံးချကာ သူမကို ခြိမ်းခြောက်ချင်နေသည်ဟု ထင်မှတ်ခဲ့မိသောကြောင့်ဟုလည်း ပြောလာချေသည်။
ကုကျစ်စုန့် : “...”
*