← Chapters

ရေစိတ်ဝိဥာဥ်သတ္တဝါ(1)

Vol. 28 Ch. 278

ရေစိတ်ဝိဥာဥ်သတ္တဝါ(1)

Vol. 28 Ch. 278

ထိုအရာများအတွက် ဝမ်ယုံရှန်းက အရေးကြီးသည့်နေရာတစ်ခုတွင် ရှိနေသည်။

သူက ဖြစ်ရပ်မှန်ကိုမပြောဘဲ အကြိမ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သည်။

တာဝန်မယူမှုနှင့် စုံစမ်းစစ်မေးမှုအောက်တွင် သူသည်လည်း တရားဝင်အပြစ်ပေးမှုကို လက်ခံရပေလိမ့်မည်။

မှုခင်း၏ ဖြစ်ရပ်မှန်ပေါ်ပေါက်လာပြီးသည့်နောက်တွင် နယ်ခံဒေသတွင်ပါမက ဟူနန်ပြည်နယ်နှင့် တစ်တိုင်းပြည်လုံးကပါ အာရုံစိုက်လာကြသည်။

ကျေးဇူးတင်စရာအကောင်းဆုံးကတော့ ရှားနိုင်ငံတွင် မုဒိန်းရာဇဝတ်မှုအပေါ် လွန်ခဲ့သည့်နှစ်လမှစတင်၍ ဥပဒေအသစ်များ ပြဌာန်းခဲ့သည်။

ဝမ်လီရှန်းကဲ့သို့သော မုဒိန်းမှုကျူးလွန်သူများက သင်းကွပ်ခံရလိမ့်မည်ဖြစ်၏။

အင်တာနက်တစ်ခုလုံးက ဤသည်ကိုအားပေးထောက်ခံခဲ့ကြသည်။

ရှင်းချွမ်ရွာမှ ကောလဟာလများကို ဖြန့်ဝေပြီး လျှို့မိုရှင်းကို အပုပ်ချခဲ့ကြသည့် ရွာသားများက ဤတစ်ကြိမ်တွင်လည်း အပြင်လူများအဖြစ် ထပ်မံပြုမူသွားကြပြန်ပြီဖြစ်သည်။

သူတို့က ပြောလာခဲ့သည်။

“အမြဲတမ်းနူးညံ့သိမ်မွေ့ပြီး တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ ရှောင်လျို့က ဒီလိုလုပ်ဖို့အတွက် သတ္တိမရှိလောက်ဘူးဆိုတာ ငါသိသားပဲ၊ အဲဒီ လူမဆန်တဲ့ကောင်ကသာ အရက်သောက်ပြီး သူ့မိန်းမကို နှိပ်စက်ရိုက်နှက်ခဲ့တာ”

သူတို့က မည်သည့်ဥပဒေကိုမျှ မကျူးလွန်ခဲ့သည့်အတွက် မည်သည့်ပြစ်ဒဏ်မှလည်း မခံရပါချေ။

သို့သော်လည်း ကောလဟာလကိုဖြန့်ခဲ့သည့်ရွာသားများမှာ သာမန်မျက်စိနှင့် မမြင်နိုင်သည့် ကြမ္မာဆိုးများ ရှိနှင့်နေခဲ့ပြီးဖြစ်သည်ကို ကုကျစ်စုန့် သိသည်။

ဤသည်မှာ သူတို့ရဲ့ ‘လျှာနဲ့ပါးစပ်’အတွက် ကံ၊ ကံ၏အကျိုးသာဖြစ်ချေသည်။

သေဆုံးပြီးနောက်တွင် မြေအောက်လောက၌ သူတို့ ဤပြုလုပ်ခဲ့သော ကံ၏အကျိုးကို ပြန်ဆပ်ရမည်ဖြစ်၏။ ငရဲခံရခြင်းမှအစ လျှာဆွဲထုတ်ခြင်း၊ နှာခေါင်းဖြတ်ခြင်း စသည်တို့အထိ ခံစားရနိုင်သည်။



ကိစ္စအားလုံး ရှင်းလင်းသွားပြီးသည့်နောက် ကုကျစ်စုန့်လည်း နတ်ဘုရားမရေကန်တွင်းရှိ လျှို့မိုရှင်း၏ အလောင်းကိစ္စကို ဖြေရှင်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။

လျှို့မိုရှင်းကိုယ်တိုင်၏ပြောစကားအရ အလောင်း၏နှလုံးအတွင်းသို့ စိုက်ထားခဲ့သည့် သံမှိုမှာ နတ်ဆိုးပစ္စည်းတစ်ခုခုသာ ဖြစ်ပေလိမ့်မည်။

နာကျင်မှုနှင့် ခံစားချက်ဆိုးတို့၏ နှိပ်စက်မှုကို နေ့နေ့ညည ခံစားရသောကြောင့် သူမကိုယ်တိုင် ဆွဲဖယ်ချင်သော်လည်း မလုပ်နိုင်ဖြစ်နေခဲ့သည်။

ထို့အပြင် လျှို့မိုရှင်းမှာ ယခု တစ္ဆေစစ်သူကြီးပင် ဖြစ်ပေတော့မည်။

မြေအောက်လောကသို့ ပို့ဆောင်ခံလိုက်ရလျှင်ပင် သူမက နာမည်ကြီးတစ္ဆေတစ်ကောင်ဖြစ်လာလိမ့်မည်။

သံမှိုက သူမ၏အလောင်းကို ဖိနှိပ်ထားသည်ဖြစ်သည့်အတွက် သေမျိုးများထက်ပင် ကျော်လွန်သော အရာတစ်ခုခုဖြစ်ပေလိမ့်မည်။

နတ်ဘုရားမရေကန်၏ ကောင်းမွန်သော ဖုန်းရွှေအနေအထားအရ တောင်များနှင့် မြစ်ချောင်းများ၏ ကာရံမှုကို ရထားသည့်အတွက် စွမ်းအင်များကို စုစည်းပေးနိုင်သည်။

ထို့ကြောင့် ခရီးသွားတာအိုဘုန်းတော်ကြီးက လျှို့မိုရှင်းကို ကန်ထဲတွင် စိတ်ဝိညာဉ်အဖြစ် စောင့်ရှောက်စေခဲ့ခြင်းဖြစ်မည်ဟု ကုကျစ်စုန့် အတည်ပြုလိုက်နိုင်သည်။

အကယ်၍ သူမသာ ဤကိစ္စတွင် ဝင်မပါခဲ့ဘဲ သဲလွန်စများကို ရှာ‌မတွေ့ခဲ့လျှင် လျှို့မိုရှင်းက တစ္ဆေစစ်သူကြီးအဖြစ်ရောက်ပြီး သံမှို၏လွှမ်းမိုးမှုကို ဖြတ်ကျော်နိုင်သွားသည့်အချိန်တွင် ဤနေရာမှဒေသခံလူများမှာ အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။

*

ထို့နောက်တွင်တော့ နတ်ဘုရားမရေကန်နှင့် ဘေးပတ်ပတ်လည်နေရာများသည်က ကမ္ဘာမြေပေါ်မှ ငရဲပင် ဖြစ်လာပေလိမ့်မည်။

ကုကျစ်စုန့် ထိုအကြောင်းကိုတွေးမိသည်နှင့် ဒေါသထွက်လာမိသည်။

သူမ၏ ထင်ကြေးဖြစ်သည့် ရေအောက်မှ အလောင်းကိစ္စကို ကြားရပြီးသည့်နောက်တွင် ဝိညာဉ်ဆိုင်ရာအထူးဌာနချုပ်၏ အကြီးအကဲက အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

ထိုနေ့တွင်ပင် သူတို့က ကုကျစ်စုန့်ကို အကူအညီ လိုမလို မေးမြန်းခဲ့ကာ နေထိုင်သူများကို မြန်နိုင်သမျှ မြန်မြန် နေရာရွှေ့ပြောင်းခြင်းမျိုး ပြုလုပ်ရန် ဆက်သွယ်ခဲ့ကြသည်။

ကုကျစ်စုန့်က ထိုကိစ္စနှင့် ပတ်သက်၍ ပြောလိုက်လေသည်။

“အဲဒီလို ရွှေ့ဖို့အထိတော့ မလိုပါဘူး၊ လျှို့မိုရှင်းရဲ့ နာကျည်းမှုတွေကလည်း ပျောက်ကွယ်သွားပြီ၊ ညှိနှိုင်းရတာလဲ လွယ်လာပြီ၊ သူမက ဒီမြို့အပေါ် သိပ်ပြီး အမုန်းအာဃာတတွေ မရှိတော့ပါဘူး၊ ပြီးတော့ သားဖြစ်သူကလည်း ဒီမှာနေသေးတယ်လေ”

“ကျွန်မ သူမနဲ့ ဆွေးနွေးကြည့်ထားတယ်၊ သူမက ကျွန်မတို့ ဒါကို ဖျက်ဆီးဖို့ နည်းလမ်းမတွေ့သေးသရွေ့ သွေးသံမှိုကြောင့် ခံစားရတာတွေကို သည်းခံပြီး၊ နာကျည်းမှုတွေနဲ့ ယင်စွမ်းအင်တွေကိုလဲ မပျံ့သွားအောင် ထိန်းချုပ်ပေးမယ်လို့ ကတိပေးထားတယ်၊ ကျွန်မတို့က အဲဒီသံမှိုကို ဘယ်လိုဖျက်ဆီးရမယ်ဆိုတာကိုပဲ လုပ်ရမှာ”

“ပြီးတော့လည်း ဒီသွေးသံမှိုကို အလောင်းထဲက ထုတ်ပြီး ရေပေါ်ကို ထုတ်ယူတဲ့အချိန်ကျရင် တစ္ဆေစစ်သူကြီးရဲ့အစွမ်းကိုသုံးပြီး ဒီလောကကို ဒုက္ခဖြစ်စေမှာ မဟုတ်ဘူး၊ တကယ်လို့ သူမသာ ကတိဖျက်ခဲ့ရင် ကျွန်မကိုယ်တိုင် သူမကို ရှင်းပေးမယ်”

ဝိညာဉ်ဆိုင်ရာအထူးဌာနချုပ်မှ ဝန်ထမ်းတစ်ယောက်က မေးလာခဲ့သည်။

“ဒါဆို ကျွန်တော်တို့ လျှို့မိုရှင်းရဲ့ အလောင်းကို ရေပေါ်ကိုပေါ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ကုတောက်ကျန့် ရေထဲကိုသွားချင်လား”

ကုကျစ်စုန့်က နှုတ်ခမ်းများကို စေ့လိုက်သည်။

“ အဲဒီနေရာအထိ သွားဖို့မလိုပါဘူး၊ ရေထဲမှာလည်း လျှို့မိုရှင်းကို ထွက်သွားစေချင်နေတဲ့ တစ်ခုခုရှိနေတာပဲလေ”

လျှို့မိုရှင်းပြောသည့်အတိုင်းဆိုလျှင် ဤနတ်ဘုရားမ ရေကန်ထဲတွင် ရေကန်စိတ်ဝိညာဉ်က အမှန်တကယ်ကို ရှိနေခဲ့သည်ပင်။

*

ညဘက်အချိန်တွင် လမင်းနှင့် ကြယ်တာရာတို့က ပုန်းလျှိုးကွယ်လျှိုးဖြစ်နေကြလေ၏။

အေးချမ်းနေသည့် နတ်ဘုရားမရေကန်စပ်တွင် ခြေကျင်းဝတ်ထိရှည်သည့် ဝတ်ရုံရှည်ဝတ်ထားသော အမျိုးသမီးငယ်တစ်ယောက်က သဲမြေကို နင်းလျှောက်၍ ကန်ဆီသို့ သွားနေခဲ့၏။

လမ်းလျှောက်နေစဉ် သူမက သေချာစွာအနုစိတ်ထွင်းထုထားသည့် ဝေ့ချီစစ်တုရင်စေ့များကို အနောက်သို့ပစ်လိုက်သည်။ အပေါ်စီးမှကြည့်လျှင် ထူးဆန်းသောပုံစံရှိသည့် အစီအရင်အခင်းအကျင်းတစ်ခုကို တွေ့ရမည်ဖြစ်၏။

ခပ်လှမ်းလှမ်းမှ ကားထဲတွင်ထိုင်နေသော လူငယ်တစ်ယောက်သည်တော့ အပြင်ဘက်ကို ရှင်းလင်းစွာမြင်နိုင်ရန် မျက်လုံးပြူးကာ ကြည့်နေလျက်ရှိသည်။

“ဒီနတ်ဘုရားမရေကန်မှာ စိတ်ဝိညာဉ်ရှိမယ်လို့ ဆရာ တကယ်ထင်လား”

နောက်ခန်းတွင်ထိုင်နေသော ဂဲလီယိုချန်းက ပြောလိုက်သည်။

“စုန့်စုန့်က ရှိတယ်ဆိုမှတော့ ရှိလို့ပဲပေါ့”

ချက်ချင်းပင် ဌာနခွဲများ၏ အဖွဲ့ဝင်များမှာ စပ်စုချင်စိတ်များဖြင့် စိတ်လှုပ်ရှားလာရတော့သည်။

“ဟမ်း..ကုတောက်ကျန့်က အဲဒီစိတ်ဝိညာဉ်သတ္တဝါက တစ်နှစ်လုံးလျှောက်သွားနေပြီး လူတွေကလည်း စော်ကားမော်ကားလုပ်ထားကြတဲ့အတွက် ဒေါသထွက်နေတယ်လို့သာ ပြောထားလို့ မဟုတ်ရင် ကျွန်တော် အဲဒီကို သွားကြည့်ပြီးပြီ”

“ဘယ်သူကရော မကြည့်ချင်လို့လဲ၊ တိရိစ္ဆာန်တစ်ကောင်က စိတ်ဝိညာဉ်သတ္တဝါအဖြစ် ပြောင်းလဲလာတာလေ၊ သူတို့တွေ လူသားအသွင် ပြောင်းနိုင်သွားတာမျိုးကိုတောင် ငါ့ဘဝမှာ တစ်ခါမှမမြင်ဖူးဘူး၊ ရေကန်စိတ်ဝိညာဉ်ကသာ...”

ထိုဌာနမှ အဖွဲ့ဝင်များ စကားပြောနေကြစဉ် ကျယ်လောင်သောအသံကြီးတစ်ခုကက ရုတ်တရက် ရေကန်ဘက်မှ ပေါ်ထွက်လာခဲ့သောကြောင့် အားလုံး၏ အာရုံက ထိုနေရာသို့ ရောက်သွားခဲ့တော့သည်။

ဆိုရလျှင် အေးဆေးငြိမ်းချမ်းလှပါသည့် နတ်ဘုရားမရေကန်ပေါ်သို့ ဗုံးတစ်လုံးကျဲချလိုက်သည့်နှယ်ပင်။

ရေလှိုင်းများက ငြိမ်သက်ခြင်းမရှိတော့ဘဲ ကမ်းစပ်ရှိ သေးသွယ်သည့်အမျိုးသမီး၏ ဝတ်ရုံကိုပင် လှုပ်ခတ်သွားစေသည်။

“ဘုရားရေ! စိတ်ဝိညာဉ်သတ္တဝါက တကယ်ကြီး ပေါ်လာပြီလား”

“အဲဒါ ဘယ်မှာလဲ ငါ ဘာလို့ ဘာမှ မမြင်ရတာလဲ”

ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်မှ ဂဲလီယိုချန်းတို့ကဲ့သို့ အဖွဲ့ဝင်များ၏ သတင်းစုဆောင်းချက်များအရ: မြစ်နတ်ဘုရားကို မျက်မြင်တွေ့ခဲ့ရသည့် ငါးဖမ်းသမားက ထိုမြစ်နတ်ဘုရားမှာ အလွန်ပင် ကြီးမားလှကြောင်း ပြောပြခဲ့သည်ဟုဆို၏။

တချို့ကလည်း ငါးကြီးပုံစံရှိသည်ဟုဆိုကာ လေနှင့် လှိုင်းတို့ကို ထိန်းချုပ်နိုင်သည်ဟု ဆိုကြ၏။

တချို့၏ ပြောစကားအရ မြစ်နတ်ဘုရားဆိုသည်မှာ မီတာနှစ်ဆယ်ထက်ရှည်သော မြွေကြီးတစ်ကောင်ဟုပြောကြပြီး နဂါးဖြစ်တော့မည်ဟုလည်း ဆိုကြပြန်သည်။

တိုတိုပြောရလျှင်တော့ ယင်းမှာ ထူးခြားဆန်းကြယ်ဖြစ်တည်မှုတစ်ခုပင်ဖြစ်နေခဲ့သည်။

ကုကျစ်စုန့်က ထိုအခြေအမြစ်မရှိသည့် ကောလဟာလများကို သံသယဖြစ်နေခဲ့သော်လည်း သူမက လုပ်ထုံးအတိုင်း မလုပ်ခင်အချိန်တွင် ရေကန်ပေါ်၌ အကာအကွယ် စည်းတစ်ခု စီရင်ထားသေးသည်။

ထိုသို့ အကာအကွယ်ဖြင့် ဖုံးအုပ်ထားသည့်အတွက် နတ်ဘုရားမရေကန်တွင် မည်သည့်အရာကြီးပင် ဖြစ်နေပါစေ၊ မည်မျှပင် လှုပ်ခါသွားနေပါစေ၊ အဝေးတွင်ရှိသည့် ကမ်းစပ်နှင့် အထပ်မြင့်တိုက်ကြီးများပေါ်တွင် ရှိသည့် လူများအနေဖြင့် သတိပြုမိမည်မဟုတ်ချေ။

သူမက လုပ်ရိုးလုပ်နည်းအတိုင်း လုပ်နေခြင်းဖြစ်သော်လည်း အမှန်တကယ် အလုပ်ဖြစ်သွားမည်ဟု မထင်ထားခဲ့ပေ။

ဤအချိန်တွင် ကုကျစ်စုန့်က အစီအရင်၏ အလယ်တွင် ရပ်နေပြီး ရေထဲမှ တက်လာရန်အတွက်ကိုပင် ရေးကြီးခွင်ကျယ်လုပ်နေသည့် ထို’စိတ်ဝိညာဉ် သတ္တဝါ’ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်။

ကွေးကောက်နေသော ခန္ဓာကိုယ်ပေါ်တွင် ငွေပြာရောင်ကြေးခွံများ ဖုံးအုပ်ထားပြီး လရောင်အောက်တွင် ထိုကြေးခွံများမှာ ရေလှိုင်းများသဖွယ် တောက်ပနေလျက် ရှိနေသည်။

အကောင်က သေးကွေးပြီး၊ အမြီးကရှည်လျားသည်။ ရေကန်စိတ်ဝိညာဉ်ကို ပထမဆုံးမြင်လိုက်ရသည်မှာ ထူးခြားဆန်းကြယ်နေပြီး မြင့်မြတ်နေလေဟန်ပင်...

...ထို မသေမျိုးစိတ်ဝိညာဉ်၏ အမြင့်မှာ ကုကျစ်စုန့်၏ ဒူးသာသာလောက်သာ ရှိသည်ကို ထည့်မတွက်လျှင်ပေါ့။

သူ၏အရပ်က ပုလွန်း၍ ဖြစ်မည်၊ မျက်စိကျိန်းလောက်စရာ ရွှေရောင်တဝင်းဝင်း မျက်ဝန်းအိမ်များနှင့် အမြီးလှလှတို့ကပင် ပု၍ လုံးနေသောကြောင့် မျက်စိကျစရာမရှိတော့ပေ။

“တောင်တန်းနှင့် ပင်လယ်တို့၏ ဂန္ထဝင်”ဟု တစ်ခါက သတ်မှတ်ခြင်းခံရဖူးသော ရေနေသတ္တဝါဖြစ်သည့် ထိုလာဘ်ကောင်သည်ကား ငါးလိပ်ကျောက်တစ်ကောင်ဖြစ်နေပြီး အော်ရီရိုးငှက်၏ အသံနှင့် အရောင်အသွေးစုံလင်လှသော တောင်ပံတို့ ရှိနေလေသည်။

ကုကျစ်စုန့်၏ ရှေ့မှ ဆင့်ခေါ်ခံလိုက်ရသည့် မသေမျိုးစိတ်ဝိညာဉ်သတ္တဝါတွင် လာဘ်ကောင်၏ အရိပ်တို့ ရှိနေခဲ့သည်။

ဆင့်ခေါ်ခံရပြီးသည့်နောက် မသေမျိုး စိတ်ဝိညာဉ်သတ္တဝါက ခေါင်းမော့ကာ ကြည်လင်သော အသံတစ်ခုကို ပြုလုပ်လိုက်သည်။

ကုကျစ်စုန့် ချလိုက်သည့် အစီအရင်မှာ ရှေးဟောင်းရွှမ်းမင်ခေတ်ကာလက ဖန်တီးခဲ့သည့်အစီအရင်ဖြစ်လေ၏။

လူသားနှင့် မသေမျိုးတို့ ပူးတွဲရှိခဲ့သည့် ထိုအချိန်က သတ္တဝါအားလုံးမှာ တိုးတက်ကြီးပွားဝေစည်ခဲ့ကြသည်။

အစီအရင်ဆရာသခင်တို့က အမျိုးမျိုးသော သတ္တဝါတို့ကို လေ့လာကာ ဆင့်ခေါ်အစီအရင်ကို နက်နဲသောစကားလုံးပုံစံပြောင်း၍ ဆင့်ခေါ်အစီအရင်ကို ဖန်တီးခဲ့သည်။

သို့သော်လည်း ကောင်းကင်တာအိုလျော့ရဲလာမှုနှင့် ရွှမ်းမင်လျော့ပါးလာမှုတို့ကြောင့် ကောင်းကင်နှင့် မြေပြင်တွင်ရှိသော စိတ်ဝိညာဉ်သတ္တဝါများလည်း ကွယ်ပျောက်သွားခဲ့ရသည်။

ပထမအချက်မှာ ဤသတ္တဝါများသည်က မရှိမဖြစ် လိုအပ်နေခြင်းမျိုးမဟုတ်။ ဒုတိယအချက်မှာ ရှေးဟောင်းအစီအရင်မှာ အလွန်ပင် ခက်ခဲလွန်းလှပြီး ခေတ်သစ်အစီအရင်ဆရာသခင်များက ဆင့်ခေါ်မန္တန်ကို အတိုချုံးကာ ခဏခဏပြောင်းလိုက်ကြ၍ပင်ဖြစ်သည်။

ရုန်လွန်လောကတွင် ခင်းကျင်းသည့် ဆင့်ခေါ်အစီအရင်များသည်က တစ္ဆေနှင့် ဝိညာဉ်တို့ကိုသာ ဆင့်ခေါ်နိုင်လေသည်။

အစီအရင်ထဲမှ စိတ်ဝိညာဉ်က မျက်လုံးများကို မြှင့်လာခဲ့သည်။

“မင်းက ဘယ်သူလဲ၊ နိမ့်ကျတဲ့သေမျိုးလေးကများ ငါ့ကို နှောင့်ယှက်ရဲတယ်ပေါ့”

ကုကျစ်စုန့်ကလည်း မျက်ခုံးတစ်ဖက်ကို အသာပင့်ပြလိုက်သည်။

အကောင်သေးသည်ဆိုသော်လည်း ၎င်းက မသေမျိုးစိတ်ဝိညာဉ်သတ္တဝါတစ်ကောင်ဖြစ်နေတုန်းပင်။

*

All Chapters