ရေစိတ်ဝိဥာဥ်သတ္တဝါ(2)
Vol. 28 Ch. 279
မသေမျိုးစိတ်ဝိညာဉ်အကောင်လေးသည်ကား ဤဆင့်ခေါ်အစီအရင်မှ စွမ်းအားများကို ခံစားမိခဲ့သည့် တစ်ချိန်ထဲမှာပင် နေ့လည်ခင်းတွင်ဖြစ်ပွားခဲ့သော မိုးကြိုးသွား၏ အရှိန်အဝါကို အစီအရင်ခင်းကျင်းသူထံမှ ရနေသည့်အတွက်ကြောင့် ရောက်လာခဲ့ခြင်းဖြစ်ပေသည်။
သူ့အနေဖြင့် ထိုသို့သော စွမ်းအားကြီးနည်းလမ်းများနှင့် လျှို့ဝှက်ဆန်းကြယ်ဆရာသခင်က ဤကမ္ဘာကို မည်သို့ ရောက်လာခဲ့သည်ကို သိချင်သွားခဲ့ရသည်။
ထို့အတွက်ကြောင့်သာ မဟုတ်ပါက သူ့၏ မာနကြီးမားသည့် စိတ်သဘောထားနှင့်ဆိုလျှင် ကိုယ်ရောင်ပင် ထင်ပြမည်မဟုတ်ချေ။
ကုကျစ်စုန့်က ရေထဲမှ အလောင်းအကြောင်းကို ပညာသားပါစွာ ရှင်းပြလိုက်သည်။
သူ ရှင်းပြ၍မပြီးခင်တွင်ပင် ငွေပြာရောင်အကြေးခွံရှိပြီး ရွှေရောင်တောက်ပသော မျက်လုံးများ ရှိနေသည့် ထိုသတ္တဝါက ဒေါသတကြီးဖြင့် သဲသောင်ကို အမြီးနှင့် ရိုက်လိုက်ကာ စိတ်ဆိုးနေသော လေသံဖြင့် ပြောလာခဲ့၏။
“ငါ သိတယ်၊ အဲဒါက အရမ်းနံပြီး ရွံစရာကောင်းလွန်းတယ်၊ အဲဒါကြောင့်ပဲ ငါ့ရဲ့နေရာကိုပြောင်းလိုက်ရပြီး မကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ ပရမ်းပတာတွေ ဖြစ်သွားကုန်တာပဲ
ငါ့ရဲ့အစာလေးတွေကလဲ နံစော်နေပြီးတော့ ပုပ်ကုန်ပြီ၊ မျိုချလို့တောင် မရတော့ဘူး၊ စိတ်ရှုပ်စရာကောင်းချက်ကတော့!!”
သူက ကုကျစ်စုန့်ကို ကြည့်လိုက်သည်။
“မင်းနဲ့ အဲဒီအသေကောင်က တစ်ဖွဲ့ထဲလား”
“မဟုတ်ဘူး.. ကျွန်မကို အထင်မလွဲပါနဲ့”
ကုကျစ်စုန့်က လျှို့မိုရှင်း၏ သနားစရာဇာတ်ကြောင်းကို ပြောပြလိုက်ပြီး ရိုးသားစွာ မေးလိုက်လေသည်။
“သူမကလည်း ဒီနတ်ဘုရားမရေကန်မှာ ပိတ်မိနေခဲ့ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ သူမက လူယုတ်မာတွေဆီကနေ သတ်ဖြတ်တာကို ခံခဲ့ရပြီးတော့ နေ့ရောညရော နှလုံးကွဲမတက်နာကျင်မှုကိုလဲ ခံစားနေခဲ့ရရှာတာ၊ သူမကိုယ်တိုင်လည်း ဒါကို ပယ်ဖျောက်လို့လည်း မရနိုင်ဖြစ်နေခဲ့တာ
အခုတော့ သူမက ကိုယ့်အမှားကို ကိုယ် သဘောပေါက်ပြီး ယင်စွမ်းအင်နဲ့ နာကျည်းမှုတွေကို လျှော့ချဖို့ ပြင်နေပါပြီ၊
အခုဆိုရင် ရေကန်အောက်ခြေကနေ ထွက်လာဖို့ကိုပဲ လိုချင်နေတော့တာ”
“ဒါကြောင့် သူမကို အဲဒီနေရာကနေများ ထုတ်ပေးလို့ရမလားလို့ တောင်းဆိုချင်လို့ပါ”
သူမ ရှင်းပြသည်ကို နားထောင်ပြီးနောက် မသေမျိုးစိတ်ဝိဥာဥ်က တွေးတောလိုက်မိသည်။
လွန်ခဲ့သည့်နှစ်ရက်အတွင်း ရေကန်အတွင်းရှိ ငါးနှင့် ပုစွန်များမှာ အညှီနံ့နံခြင်း နည်းပါးလာခဲ့ပေသည်။
ထို့ကြောင့် မသေမျိုးစိတ်ဝိညာဉ်က ဒေါသများကလည်း အနည်းငယ် ပြေလျော့သွားရသည်။
သို့သော် ကုကျစ်စုန့်က သူ့ကို ထိုညစ်ပတ်နံစော်နေသည့် အလောင်းကို ရေကန်အောက်ခြေမှ ထုတ်ပေးရန်ပြောလာချိန်တွင်တော့ ရွံရှာမှုနှင့်အတူ တုံ့ဆိုင်းသွားတော့၏။
အနှီ မသေမျိုးစိတ်ဝိညာဉ်မှာ ထိုအလောင်းကို ဖယ်ပေးရန် ငြင်းဆန်ခြင်းနှင့် ငှက်ကျားအသိုက်ကို လာရောက်လုနေသည့်သူကို ဖယ်ပစ်ခြင်းတို့ကြားတွင် ဝေခွဲရခက်နေချိန်တွင် ကုကျစ်စုန့်က စကားဆိုလာခဲ့သည်။
“ကျွန်မရဲ့ အမြင်အရ ရှင့်ရဲ့အမြီးမှာ ဒဏ်ရာဟောင်းတွေရှိနေတယ်၊ ပြီးတော့ ရှင့်ရဲ့နားတစ်ဝိုက်မှာလည်း မကောင်းတဲ့လေထုကြောင့် အခဲမကြေနိုင်တဲ့မသန့်စင်မှုတွေရှိနေတယ်၊ ကျွန်မ အဲဒါတွေကို အရင်ဆုံးဖယ်ပေးမယ်ဆိုရင်ရော?”
သူမက စိတ်ဝိညာဉ်သတ္တဝါကို ငြင်းဖို့ပင် အချိန်မပေးတော့ဘဲ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး နူးညံ့ဖြူဖွေးသော လက်ဖဝါးလေးများကို ချောမွေ့ပြီး ငွေပြာရောင်သန်းကာ တောက်ပနေသော ရေစိတ်ဝိညာဉ်၏ နောက်ကျောပေါ်သို့ တင်လိုက်တော့သည်။
ဒဏ္ဌာရီလာသားရဲ၏ နှစ်ပေါင်းထောင်ချီကြာတည်ရှိနေသည့် ကြေးခွံများက ကိုင်၍ကောင်းသည့်အပြင် အကောင်းမွန်ဆုံးကျောက်စိမ်းတို့ထက်ပင် ပို၍ ချောမွေ့နေသေး၏။
စိတ်ဝိညာဥ်သတ္တဝါ၏ နဂိုကတည်းက ကြီးမားသောမျက်လုံးတို့မှာ ပြူးကျယ်လာရကာ ဒေါသထွက်လွန်း၍ မယုံနိုင်သေးသော အကြည့်ဖြင့် ပြောလာခဲ့သည်။
“မင်းလိုသေမျိုးက.. ဘယ်လိုတောင်.. ဘယ်လိုတောင် ရဲတင်းလိုက်တာလဲ...”
သို့သော်လည်း သူ၏ကြေးခွံများကို နှစ်ခါမျှ ပွတ်သပ်လိုက်ပြီးနောက်တွင် စိတ်ဝိညာဉ်သတ္တဝါ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့ရပြီး သူ၏မာနများသည်လည်း ရုတ်ခြည်း ကွယ်ပျောက်သွားခဲ့သည်။
ဒါက ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်တဲ့ လုပ်ရပ်မျိုးကြီးလဲ ?
ဒီလူသားရဲ့ စွမ်းရည်တွေက တော်တော်အံ့ဩစရာကောင်းပြီး အတော်လေး နက်နဲတာပဲ..
နှစ်ချက်မျှ ပွတ်သပ်လိုက်ရုံဖြင့် သူမက စိတ်ဝိညာဉ်သတ္တဝါကိုပင် အသံတိတ်သွားစေပြီး ခုခံ၍မရအောင် လုပ်သွားနိုင်သည်။
စိတ်ဝိညာဉ်သတ္တဝါ၏ ရှည်လျားသောခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြေလျော့သွားသည်။
သူ၏ လက်သည်းပုတိုတိုလေးများမှာလည်း ပြန့်ကားသွားပြီး ကြောင်လေးတစ်ကောင်နှယ် ဆုပ်လိုက်ဖြည်လိုက် ဖြစ်နေတော့သည်။
ကုကျစ်စုန့်မှ သူ၏လှပပြောင်လက်နေသောအမြီးကို ပွတ်သပ်ပေးနေသည်ကို မငြင်းတော့ဘဲ စိတ်ကျေနပ်နေသည့် အသံများပါ ပြုလုပ်လိုက်သေး၏။
ကုကျစ်စုန့်က အနှီစိတ်ဝိညာဉ်သတ္တဝါငယ်လေးကို စိုက်ကြည့်လိုက်သည်။ သူမ၏အကြည့်များကမူ ရှုပ်ထွေးလှသော အမြီးပေါ်တွင်သာ ရောက်နေလျက် ရှိလေ၏။
အသားပေါ်တွင်တော့ အမာရွတ်ရှည်တစ်ခုက ရှိနှင့်နေခဲ့ပြီး ဝါယာကြိုးတစ်ချောင်းကလည်း အမြီးနှင့် အသားကို ရစ်ပတ်စိုက်ဝင်နေသေးသည်။
မိနစ်ပိုင်းလေးအတွင်းတွင်ပင် ကုကျစ်စုန့်မှာ ဤစိတ်ဝိညာဉ်၏ အသေးစိတ်အခြေအနေကို သဘောပေါက်ပြီးဖြစ်၏။
အခြားတစ်ဖက်မှကြည့်မည်ဆိုပါလျှင် နတ်ဘုရားမရေကန်၏ ပေါကြွယ်ဝသော အရင်းအမြစ်ကောင်းချီးများမှလွဲလျှင် သူ၏အစစ်အမှန်အရည်အချင်းမှာ သာမန်မျှသာရှိသည်။
အကြေးခွံများက မာကျောပုံပေါ်သော်လည်း အရေပြားမှာတော့ ငါးဖမ်းကြိုးဖြင့်ပင် အလွယ်တကူ ပြတ်ရှနိုင်လေသည်။
လူသားများ၏ ငါးဖမ်းစနက်ကြောင့် ထိခိုက်သွားရပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကုသနိုင်စွမ်းမရှိသည့် ကျိုးကြေလွယ်သော စိတ်ဝိညာဉ်သတ္တဝါလေးပါပေ။
အမှန်တော့ ဤအခြင်းအရာက သူ့၏လက်များမှာ တိုလွန်းနေပြီး အမြီးမှ ဒဏ်ရာကို လှမ်းမမှီသောအချက်နှင့်လည်း သက်ဆိုင်နေလိမ့်မည်။
“အဆင်ပြေလား”
ကုကျစ်စုန့်လေသံက အေးဆေးတည်ငြိမ်နေပြီး သူမ၏လက်ချောင်းထိပ်လေးများက အမြီးမှ သံဇကာအထုံးလေးကို တိုက်ရိုက် ဖိချလိုက်ကာ ဇကာကို အားနှင့်ဆွဲထုတ်လိုက်သည်။
စိတ်ဝိညာဉ်သတ္တဝါလေးမှာ နာကျင်လွန်းရ၍ စဉ်းတီတုံးပေါ်သို့ရောက်နေသည့် ငါးတစ်ကောင်အတိုင်းဖြစ်နေကာ မည်သည်ကိုမှလည်း ပြန်မလုပ်နိုင်ဖြစ်နေခဲ့သည်။
ရေငွေ့ရေခိုးများက သူ၏မျက်ဝန်းများတွင် ရစ်သိုင်းလာခဲ့ပြီး အမြီးပေါ်မှ ဒဏ်ရာကို လှည့်ကြည့်လိုက်သည်။
ထို့နောက် ကုကျစ်စုန့်ကို ပြန်ကြည့်သောအခါတွင် သူ့မျက်ဝန်းထဲ၌ အကြောက်တရားအနည်းငယ် ရောစွက်နေခဲ့ကာ သွေးအေးသားသတ်သမားကို မြင်နေရသည့်အတိုင်းပင်။
မကြာမီ ကုကျစ်စုန့်က သူမ၏ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဒဏ်ရာကို အားဖြည့်ပေးလိုက်ပြန်သည်။
ထိုအချိန်တွင် သူ၏ဒဏ်ရာက အနည်းငယ် သက်သာသွားကာ နှလုံးသားထဲတွင်လည်း ကျေးဇူးတင်ချင်သွားသကဲ့သို့ခံစားလိုက်ရပြန်၏...။
ဤအမြီးပေါ်မှ ဒဏ်ရာသည်ကား လွန်ခဲ့သည့် ဆယ်စုနှစ်က ရခဲ့ခြင်းဖြစ်၏။
ထိုအချိန်တွင် မြို့၏ အဓိကဝင်ငွေမှာ ငါးဖမ်းခြင်းမှ ရရှိခြင်း ဖြစ်ခဲ့၏။ ကန်တွင် လာဖမ်းကြသည့် ငါးဖမ်းသမားများက အလွန်ကြမ်းတမ်းလွန်းခဲ့သည်။
သူက ရေကန်အောက်ခြေတွင် တိတ်တဆိတ်အိပ်နေချိန် ငါးဖမ်းသမားများ၏ ပိုက်ကွန်တွင်မိကာ မြေပေါ်သို့ပင် ရောက်လုမတက်ဖြစ်ခဲ့ရသည်။
ထိုစဉ်ကလည်း ထိုအူကြောင်ကြောင်သတ္တဝါလေးမှာ ငါးဖမ်းပိုက်ကွန်နှင့် ငါးဖမ်းလှေများ ရှိနေသည်ကိုပင် မသိခဲ့ပေ။
ချွန်မြသည့်ငါးမြားချိတ်တွင်ဆွဲထားသော လတ်ဆတ်ချိုမြဟန်ရှိသည့်အသားတို့ကို မြင်လိုက်သောအခါ စားချင်လာခဲ့သည်။ ရလဒ်အနေဖြင့် သူ၏ အမြီးမှာ ဒဏ်ရာရသွားခဲ့ပြီး ပိုက်ကွန်တွင် ငြိသွားလေတော့သည်။
သူ ငါးဖမ်းပိုက်ကွန်ကို ထိုးဖောက်မည်အပြု သူ၏အမြီးက ဝါယာကြိုးအပိုင်းနှင့် ရှသွားပြန်လေသည်။ ထိုဝါယာကြိုးက အသားထဲစိုက်နေခဲ့ကာ သူ့တိုတောင်းသည့် လက်လေးများကလည်း အမြီးနားသို့မရောက်နိုင်ခဲ့ပေ။
ဝါယာကြိုးကို အပြင်ထုတ်ရန်မှာလည်း တစ်နည်းသာရှိသည်။ အားပြင်းပြင်းသုံး၍ အသားနှင့်သွေးများကြားမှ ဝါယာကြိုးကို ဆွဲဖယ်ရန်ဖြစ်ပေသည်။
သို့သော်လည်း သတ္တဝါလေးမှာ ကြောက်နေခဲ့ပြီး နာကျင်ရမည်ကိုလည်း ကြောက်တတ်လွန်းရာ ထိုသို့ မလုပ်ရဲပါချေ။
နောက်ပိုင်းတွင် ဝါယာကြိုးက အမြီးတွင် နစ်သွားခဲ့ကာ ပုံသဏ္ဍာန်ပင် မပေါ်တော့ပေ။
သူ၏ရှေ့မှ တာအိုဆရာသခင်လေးမှာ အလွန် ရက်စက်ပုံပေါ်၏။ သို့သော် သူမက ကူညီခြင်းသာဖြစ်ပေသည်။
ကုကျစ်စုန့်က ဝိညာဉ်စွမ်းအင်ဖြင့် သူ့၏ဗိုက်လေးကို ပွတ်ပေးလိုကာသည့်အခါတွင် စိတ်ဝိညာဉ်သတ္တဝါလေးမှာ အစာအိမ်ထဲမှ တက်လာသည့် လေလုံးတစ်လုံးကို ခံစားလိုက်မိသည်။
သူ့အစာအိမ်က နှစ်ကြိမ်မျှ ကျုံ့သွားကာ ခဏအကြာတွင် ဘတ်စကတ်ဘောအရွယ်လောက်သာရှိသည့် သူ့ခန္ဓာကိုယ်မှ အနံ့အသက်သိပ်မကောင်းလှသည့် ပစ္စည်းများကို အန်ချလိုက်လေတော့သည်။
ထိုအရာများက သူ့၏ခန္ဓာကိုယ်ထက်ပင်ကြီးနေကာ အမှိုက်ပုံအသေးစားလေးနှင့်ပင် တူနေသေး၏။
ပလက်စတစ်ဘူးများ၊ ချေဖျက်မရသည့် အဝတ်စုတ်များ၊ တစ်ဝက်ကျိုးနေသောဖိနပ်ပါးများအပြင် ကကလေးကစားစရာများပါ ပါဝင်နေသေးသည်။
အကုန်လုံးမှာတော့ ကန်အတွင်းသို့ လူသားများ ပစ်သွားခဲ့ကြသည့် အမှိုက်များပင်ဖြစ်ပေသည်။
အမည်းရောင်ဂတ်စ်ထုကြီးကလည်း အငွေ့ပျံလာကာ လေထုထဲတွင် ပျောက်ကွယ်သွားလေသည်။
စိတ်ဝိညာဉ်သတ္တဝါလေးမှာ ရှက်လည်းရှက်သလို ဒေါသလည်းထွက်သွားခဲ့၏။
သူ မျက်နှာပျက်ရခြင်းပင် မဟုတ်ပါလား။
ဤပစ္စည်းများအားလုံးက သူ ကန်ထဲတွင် ရေပတ်ကူးနေစဉ် စားလို့ရနိုင်သည်ဟု ထင်မှတ်ပြီး စားပစ်ခဲ့သည့်အရာများပင်။
သို့သော် ဗိုက်ထဲသို့ရောက်ပြီးနောက်တွင် အစာမခြေနိုင်တော့ပေ။ နှစ်ပေါင်းများစွာကြာအောင် ဤပစ္စည်းများက သူ့၏အစာအိမ်ထဲရှိနေခဲ့ပြီး မအီမသာဖြစ်ခဲ့ရသည့်အပြင် ပြန်အန်ထုတ်၍လည်း မရနိုင်ခဲ့။
သို့သော်လည်း သူ့ကို များများစားစား ဒုက္ခမပေးသည့်အတွက် ဤအတိုင်း လျစ်လျူရှုခဲ့ခြင်းပင် ဖြစ်သည်။
အနံ့နံခြင်းအတွက်ကတော့ အမှိုက်များမှ ထွက်သည့် သိုးနံ့နှင့် ယင်စွမ်းအင်နှင့် နာကျည်းမှုများကို စုပ်ယူမိခြင်းကြောင့်ဖြစ်သည်။
အဆုံးတွင်တော့ မကောင်းသည့်ပစ္စည်းများအားလုံး ဖယ်ထုတ်လိုက်ပြီးဖြစ်ရာ စိတ်ဝိညာဉ်လေးမှာ ပြန်မွေးဖွားခံလာရသည်ဟုပင် ခံစားလိုက်ရသည်။
သူက ကုကျစ်စုန့်ကို လှည့်ကြည့်၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ကုကျစ်စုန့်က ပြောလိုက်၏။
“ရှင်သာ လျှို့မိုရှင်းရဲ့ခန္ဓာကိုယ်ကို ယူပေးမယ်ဆိုရင် အထူးစိတ်ဝိညာဉ်ဆိုင်ရာဌာနက ရှင့်အတွက် အမဲသား၊ သိုးသားနဲ့ တခြားလတ်လတ်ဆတ်ဆတ် စားစရာတွေ ပြင်ပေးလိမ့်မယ်”
အစားအသောက်အကြောင်း ကြားရသည့်အခါတွင် စိတ်ဝိညာဉ်ကောင်လေး၏ မျက်လုံးများ ဝင်းခနဲဖြစ်သွားသည်။ သူက ကြေးခွံမြီးကို တစ်ချက်ရမ်းလိုက်ရင်း ကုကျစ်စုန့်၏တောင်းဆိုချက်ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လက်ခံကာ ရေထဲမှ အလောင်းကို ရှာရန် ဆင်းသွားတော့သည်။
*