ရေစိတ်ဝိဥာဥ်သတ္တဝါ(3)
Vol. 28 Ch. 280
စိတ်ဝိညာဉ်ကောင်လေး ရေထဲပြန်ဆင်းသွားပြီးနောက် ကုကျစ်စုန့်ကလည်း ဂဲလီယိုချန်းကို ခေါ်ကာ စားကောင်းသောက်ဖွယ်များပြင်ထားရန် ပြောလိုက်သည်။
သူမ၏စကားကိုကြားလျှင် ဂဲလီယိုချန်း တစ်ခဏမျှကြောင်အမ်းသွားရ၏။
“ငါ အခုပဲ တစ်ယောက်ယောက်ကို ပြင်ခိုင်းလိုက်မယ်”
မိနစ်အနည်းငယ်ကြာသောအခါ တည်ငြိမ်နေသော ကန်ရေမျက်နှာပြင်၌ လှိုင်းလေးများပေါ်လာခဲ့သည်။
လရောင်က ကန်ရေထက်တွင် ပက်ဖျန်းနေခဲ့ပြီး ကန်အောက်ခြေမှ အမည်းရောင်အရိပ်တစ်ခုကို မှုန်မှုန်ဝါးဝါးဖော်ပြနေခဲ့သည်။
အရိပ်က ဆယ်မီတာထက်ပင် ရှည်မည်ထင်ရပြီး အကျယ်ကတော့ မီတာအနည်းငယ်သာရှိ၏။
တိုးဖျသော ဟိန်းဟောက်သံတစ်ခုကလည်း ရေအောက်တွင် ပဲ့တင်ထပ်နေခဲ့သည်။
ကုကျစ်စုန့်က တစ်စုံတစ်ခုကို ခံစားမိလိုက်ဟန်ရှိကာ ရေကန်ထဲကို ကြည့်လိုက်သည်။
ထိုသတ္တဝါကို မြင်ခဲ့သည်ဆိုသည့် တံငါသည်အဘိုးအိုများမှာ လိမ်ညာနေခြင်းတော့ မဟုတ်လောက်ပေ။
ရေထဲတွင် သတ္တဝါကြီးတစ်ကောင်ရှိနေသည်။ သို့သော် ၎င်းက လွန်ခဲ့သည့်ဆယ်စုနှစ်လောက်က ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ်လည်း ထပ်မမြင်ခဲ့ရတော့ခြင်းဖြစ်နိုင်ပေသည်။
ဂဲလီယိုချန်းက အနီးနားတွင် ညလုံးပေါက်ဖွင့်သည့် မွေးမြူရေးခြံဆီသို့ တစ်ယောက်ကို စေလွှတ်လိုက်ပြီး လတ်ဆတ်သောအသားများကို ကားနှစ်စီးအပြည့်တင်လာခိုင်းခဲ့သည်။
အသားများမှာ နံနက်စောစောတွင် မားကတ်သို့တင်ပို့ရန်ဖြစ်ပြီး လတ်ဆတ်မှုအပြည့်ရှိနေခဲ့ဘေသည်။ သူတို့က ကားကို ကန်စပ်တွင် ရပ်လိုက်ကြသည်။
တခြားသူများ လမ်းလျှောက်ပြီး ပြန်ထွက်သွားကြချိန်မှသာ ငွေရောင်ပြောင်လက်သည့် ခေါင်းလေးက ရေထဲမှ ပြန်လည်ထွက်လာပြီး ကမ်းပေါ်တက်လာသည်။
သူက ကားနှစ်စီးကို မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်ပြီး မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်သည်။
“ဒါတွေက စားစရာတွေလား”
ကုကျစ်စုန့်က ခေါင်းငြိမ့်ပြသည်။
လျှို့မိုရှင်း၏ ခန္ဓာကိုယ်က မည်သို့ရှိနေသည်ကို သူမ မမေးခဲ့ပါချေ။
အဘယ်ကြောင့်ဆိုသော် ထိုအလောင်းမှာ ရေကန်အလယ်သို့ တဖြည်းဖြည်း ပေါ်ထွက်လာပြီကို မြင်နေရသောကြောင့်ပင်။
သူမ ခေါင်းငုံ့ကြည့်လိုက်လျှင် စိတ်ဝိညာဉ်သတ္တဝါလေး၏ လက်ဖဝါးများက ဒဏ်ရာရထားကြောင်းကို တွေ့လိုက်ရသည်။
ရေအောက်စိတ်ဝိညာဉ်သတ္တဝါလေးသည်ကား ယခင်ကဆိုလျှင် ယခုထက်ပို၍ အနာတရဖြစ်လွယ်ကြပြီး သန်မာခြင်းလည်း သိပ်မရှိခဲ့ပေ။
သူက လက်များကို လျက်လိုက်ပြီး ထူးမခြားနားသည့်အမူအရာဖြင့် အသားတစ်တုံးကို ကောက်ယူကာ အစွယ်အပြည့်ပါသည့် ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပျော်ရွှင်မှုအပြည့်ဖြင့် ဝါးနေတော့၏။
မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ်၍ ချပေးခဲ့စဥ်က အဘယ်ကြောင့် ပြန်မပေါ်လာခဲ့သနည်းဆိုသည့်အကြောင်းကို ကုကျစ်စုန့်က သိရှိခဲ့ပြီဖြစ်ပေသည်။
ထိုအချိန်က ပျောက်ကွယ်သွားခဲ့သည့် အမျိုးသမီး၏အလောင်းသည်လည်း နတ်ဘုရားမအတွက် ဟူ၍ အမဲသားနှင့် သိုးသားများကို ကန်ထဲသို့ ယဇ်စာအနေဖြင့် ချပေးမှသာ ပေါလောပေါ်လာခဲ့ခြင်းဖြစ်၏။
ထို့ကြောင့်သာ ဤစိတ်ဝိညာဉ်သတ္တဝါကို တွေ့ပြီးသည့်နောက်တွင်လည်း သူမက အရင်ကနည်းလမ်းအတိုင်း လုပ်ရန် အကြံရခဲ့ခြင်းဖြစ်သည်။
ဆိုရလျှင် သူနဲ့ စကားအနည်းငယ် မေးမြန်းပြောဆိုပြီးမှသာ အကြံရခဲ့ခြင်းဖြစ်ပေ၏။
စိတ်ဝိညာဉ်သတ္တဝါက အသားများကိုကိုက်ဝါးရင်းနှင့်ပင် မနှစ်မြို့သည့်ဟန်ဖြင့် ဆိုလာ၏။
“ငါက လူတွေကို မစားဘူး၊ ပြီးတော့ ရေအောက်မှာလဲ ပြဿနာမရှာဘူး၊ ပြီးတော့ အဲဒီအနံ့ပြင်းတဲ့အလောင်းတွေကိုလည်း ငါ ဂရုမစိုက်ဘူး၊
အဲဒီငတုံးငအ,သေမျိုးတွေက တစ်ခါလည်းမဟုတ် ၊ နှစ်ခါလည်းမဟုတ် ဘာလို့ ကန်ထဲကိုပဲ ယဇ်ကောင်အနေနဲ့ လာဆင်းကြလဲဆိုတာကို ငါလည်း မသိဘူး၊
ဒီပြစ်မှုတွေ အားလုံးအတွက် ငါ့ကို အပြစ်တင်ဖို့ဆိုတာကတော့ တော်တော်လေး မသင့်လျော်တာပဲ”
အတိတ်တုန်းကဆိုလျှင် ရေကန်ဘေးမှလူများသည်က ရေကြီးချိန်၊ မိုးခေါင်ချိန်တိုင်း မြစ်နတ်ဘုရားစိတ်ဆိုးသွားလေပြီဟူသော ပေါက်ကရအတွေးများတွေးတတ်ကြသည်။
နောက်ပိုင်းတွင်တော့ ကောင်းမွန်သည့်နှစ်များတွင်ပင် လူတစ်ယောက်စ၊ နှစ်ယောက်စက ကန်ကိုဖြည့်ရန် ရွေးချယ်ခံခဲ့ရသည်။ အရပ်ခေါ်အရတော့ သူတို့ကို ယဇ်ကောင်များဟု ခေါ်ကြ၏။
တကယ်တမ်းတွင်တော့ ထိုအချိန်များတွင် “နတ်ဘုရားအတွက် ကိုယ်ကျိုးစွန့်ခြင်း” က တချို့လူများအတွက် ဂုဏ်ပကာသနများရရှိရန်နှင့် သဘောထားကွဲလွဲမှုများလျှော့ချရန်အတွက် နည်းလမ်းတစ်ခုဖြစ်လာခဲ့သလေည်။
စိတ်ဝိညာဉ်သတ္တဝါကမူ ထိုအဖြစ်ကို နှစ်မြို့ခြင်းမရှိသကဲ့သို့ မည်သည့်အခါမျှလည်း ကမ်းပေါ်သို့တက်၍ လူသားတို့ကို ချဉ်းကပ်ခြင်းမျိုးမပြုတတ်ပါချေ။
မကြာသေးမီက သူ အလွန်အမင်း ဗိုက်ဆာခဲ့သည်။ ၎င်းသည်ကား ကန်ထဲမှ အကောင်ပလောင်လေးများမှာလည်း လျိုမော့ရှင်းကြောင့် အပုတ်နံ့များလှိုင်နေခဲ့ပြီး စား၍မရတော့သည့်အတွက်သာ ဖြစ်ပေ၏။
ကမ်းပေါ်မှလူသားများက လတ်ဆတ်သည့်အသားများကို ပစ်ပေးနေသည်ကိုမြင်သည့်အတွက် သူ့အနေဖြင့် အစာစားချင်လာသောကြောင့် စိတ်ဝိညာဉ်သားရဲဆိုသည့် သူ့၏ဂုဏ်သိက္ခာကိုပင် ဆည်မထားနိုင်တော့ဘဲ ရေကန်အောက်ခြေရှိ တစ္ဆေနှင့် တိုက်ခိုက်ကာ အလောင်းကို ရေကန်မျက်နှာပြင်ထက်သို့ ပစ်တင်ပေးလိုက်ရသည်။
သူက အသားများကို စားနေရင်းနှင့်ပင် ရေကန်မျက်နှာပြင်ကို အမြီးနှင့်ရိုက်လိုက်ကာ ရေထဲတွင်ပေါ်နေသော အလောင်းကို ကြည့်လိုက်သည်
“ငါ မင်းအတွက် ဖမ်းလာပေးခဲ့ပြီနော်”
စိတ်ဝိညာဉ်သားရဲက နှာမှုတ်ကာ ထပ်ပြောလိုက်ပြန်သည်။
“ဒီနတ်ဘုရားက ကိုယ့်စကားကို ကိုယ်တည်တယ်”
*
လျှို့မိုရှင်း၏ အလောင်းကို နတ်ဘုရားမရေကန်မှ အထူးစိတ်ဝိညာဉ်ဌာနသို့ သယ်လာခဲ့သည့်အချိန်တွင်တော့ အချိန်ကြာမြင့်စွာသယ်လာရခြင်းမဟုတ်သော်လည်း သယ်ယူရသည့်အဖွဲ့ဝင်များအားလုံးမှာ စိုးရိမ်နေခဲ့ကြပြီး လက်ဖဝါးတွင်ချွေးစေးများပင်ထွက်နေပြီဖြစ်သည်။
ကားပေါ်တွင် အတိတ်နိမိတ်မကောင်းသည့် တစ္ဆေ၏အလောင်းရှိနေခဲ့သည် မဟုတ်ပါလား။
ဌာနကို ရောက်သည်နှင့် လူတိုင်းက အလောင်းကို ဂရုတစိုက်နှင့် ရေခဲတိုက်သို့ပို့ပြီး အဆောင်လက်ဖွဲ့များနှင့်ပင် ပြင်ဆင်ကပ်ပေးလိုက်ကြသည်။
အေးစက်နေသော သံကုတင်ပေါ်တွင် အလောင်း၏ မျက်လုံးများမှာ မှိတ်နေခဲ့ပြီး ရေနစ်ထားခံရသည့်အတွက်လည်း အနည်းငယ်ဖောရောင်နေခဲ့သည်။
သို့သော်လည်း လွန်ခဲ့သည့်လအနည်းငယ်က သေဆုံးထားပြီး အနေအထားသိပ်မကောင်းသည့် အခြားသောရုပ်အလောင်းများနှင့်ယှဉ်လျှင် ဤရုပ်အလောင်းက လုံးဝပြီးပြည့်စုံနေခဲ့သည်။
အကယ်၍ ဤအလောင်းကသာ ငါးနှင့် ကဏန်းများ၏ တို့ဆိတ်ခြင်းကို မခံထားရပါလျှင် အသွေးအသားတို့မှာ သက်ရှိလူတစ်ယောက်အတိုင်းဖြစ်နေပေလိမ့်မည်။
ရင်ဘတ်တွင်တော့ အပေါက်တစ်ခုရှိနေပြီး လက်ဖျံရိုးလောက်ရှိသည့် သွေးနီရောင်သံတစ်ချောင်းက တွန့်ရှုံ့မည်းနက်နေသော နှလုံးတွင် စိုက်နေခဲ့သည်။
ထိုနေရာသည်က နာကျည်းမှုအားကောင်းသည့်နေရာလည်းဖြစ်၏။
စိတ်ဝိညာဉ်အာရုံကိုဖွင့်ထားသည့်သူများ၏ မျက်လုံးတွင်မူ ခိုင်မာအားကောင်းလှသည့် ဝိညာဉ်တစ္ဆေတစ်ကောင်က အလောင်း၏နံဘေးတွင် ရှုပ်ထွေးရီဝေသောအမူအရာဖြင့် မတ်တပ်ရပ်နေသည်ကို တွေ့ရမည်ပင်။
ဂဲလီယိုချန်းနှင့် ရုံးချုပ်မှလာကြသည့်လူများသည် စောင့်ကြည့်ရေးကင်မရာမှတစ်ဆင့်ကြည့်နေကြသည်။
သို့သော် သူတို့က အနည်းငယ်တော့ ကြောက်နေခဲ့ကြသည်။ အထူးသဖြင့် အသစ်ရောက်လာခဲ့သည့် တာအိုဆရာသခင်လေးပင်။
ကုကျစ်စုန့်က တစ္ဆေစစ်သူကြီးအဆင့်ရှိသည့် တစ္ဆေတစ်ကောင် ရောက်နေသည်ဟု ပြောစဉ်က လူများက မယုံကြည်ခဲ့ကြဘဲ သူမက ခြောက်လှန့်ချင်နေသည်ဟုပင် တွေးမိလိုက်ကြသေးသည်။
ကုကျစ်စုန့်က လေးနက်စွာ ပြောနေခဲ့သည်ဟု သူတို့မထင်ထားမိခဲ့ပါချေ။
တာအိုဆရာသခင်က ထပ်ကာထပ်ကာ အတည်ပြုလိုက်သည်။
“ဘယ်လို ပြင်ဆင်မှုမှမလုပ်တော့ဘူးလား၊ ဒါက တစ္ဆေစစ်သူကြီးအဆင့်လေ၊ လွတ်မြောက်သွားတာနဲ့ မြို့တစ်မြို့လုံး ငါးပါးမှောက်ပြီပဲ”
ဂဲလီယိုချန်းသည်ကတော့ ကုကျစ်စုန့်၏ အမာခံသစ္စာရှိတစ်ဦးပင်ဖြစ်သည်။ ထို့ကြောင့် သူမက တည်ငြိမ်နေခဲ့သည်။
“စုန့်စုန့်က လျှို့မိုရှင်းမှာ အဲဒီလိုဖျက်ဆီးချင်တဲ့ရည်ရွယ်ချက်မရှိတော့ဘူးလိာ့ပြောခဲ့တယ်၊ ဒီတော့ သူမက အပြစ်ကြွေးဆပ်ဖို့ မြေအောက်လောကကိုသွားပြီး ကံတရားကို လက်ခံလိမ့်မယ်”
“ပြီးတော့ သူမကသာ ငြိမ်းချမ်းနေတာကို ဖျက်ဆီးချင်တယ်ဆိုရင် စုန့်စုန့်ကလွဲပြီး သူမကို ရပ်တန့်နိုင်မဲ့သူ ဘယ်မှာရှိလို့လဲ၊ ခုနက သယ်ပေးရတာလေးကိုတောင် လူတွေ၊ ကားတွေမှာ ကပြောင်းကပြန်တွေကို ဖြစ်နေတာလေ”
တာအိုဆရာသခင်မှာ ငြင်း၍လည်းမရတော့သလို ပြောစရာစကားလည်း မရှိတော့ပါချေ။
တစ်နာရီကြာပြီးနောက် ကုကျစ်စုန့်က ပင်ပန်းနေဟန်ဖြင့် ရေခဲတိုက်ဆီ လမ်းလျှောက်သွားခဲ့ပြီး သူမ၏လက်ထဲတွင်လည်း နဂါးနှင့်တူသော အဆောင်သုံးရွက်ရှိနေသည်။
“ကျွန်မ ခဏနေရင် အဲဒီဝိညာဉ်စားသုံးသံမှိုကို ဖယ်တော့မယ်၊ ဒါက စိတ်ဝိညာဉ်သတ္တဝါတွေကိုတောင် ထိခိုက်စေတယ်၊ ဒီတော့ ဒါတွေကို ကိုင်ထားတဲ့အချိန်မှာရော၊ သိမ်းထားတဲ့အချိန်မှာပါ ရှင်တို့ ဂရုစိုက်ပါ၊ ပြီးတော့ လွန်ခဲ့တဲ့သုံးလက အဲဒီတာအိုဆရာသခင်ဆိုတာကိုလည်း စုံစမ်းပေးပါ”
ရှင်းလင်းစွာပြောရလျှင် ထိုသွေးသံမှိုမှာ ဝိညာဉ်ကိုဖိနှိပ်၍ အေးချမ်းစွာနေနိုင်အောင် လုပ်ပေးသည့် ဝိညာဉ်ဖိနှိပ်သံမှို ဟုတ်မနေခဲ့ပါချေ။
ဆန့်ကျင်ဘက်အားဖြင့် ယင်းက အလောင်းများ၊ အဆိပ်ရှိအင်းဆက်များ၊ လူ့သွေးများနှင့် နတ်ဆိုးဝိညာဉ်နှင့် ယင်စွမ်းအင်တို့ကို တိုးစေသည့်အခြားသောအရာများဖြင့် လုပ်ထားသည့် အလောင်းစိုက်သံမှိုတစ်ခုဖြစ်သည်။
လူသားများကို အန္တရာယ်ဖြစ်စေရန်လုပ်ထားသည့် အဆိပ်ပြင်းနည်းလမ်းပင်ဖြစ်၏။
သာမန်ဟုထင်ရသော ဝိညာဉ်စားသုံးသံမှိုကို ခန္ဓာကိုယ်ထဲသို့ ရိုက်သွင်းလိုက်ပါက ထိုသူ၏ဝိညာဉ်မှာ ငရဲနှင့်တူသောနာကျင်မှုမျိုးကို ခံစားရမည်ဖြစ်၏။
ဘိုးဘေးဖြစ်သူများက မြေအောက်လောကတွင် အေးအေးချမ်းချမ်းမနေရပါက မိသားစုများသည်လည်း ပျက်စီးရပေမည်။
ထို့အပြင် နောက်မျိုးဆက်များသည် အမျိုးမျိုးနှောင့်ယှက်ခံရမည်ဖြစ်၏။ သူတို့၏ကံကောင်းမှုများသည်ပင် ပျက်စီးရပေလိမ့်မည်။
လျှို့မိုရှင်း၏ ခန္ဓာကိုယ်တွင်စိုက်ထားသော ဝိညာဉ်စားသုံးသံမှိုသည်က ထိပ်တန်းအဆင့် လူသတ်လက်နက်ဖြစ်သည်။
၎င်းက သူမ၏အမျိုးအဆွေများနှင့် မျိုးဆက်များကိုတင် ဒုက္ခပေးရန်ရည်ရွယ်ထားခြင်းမဟုတ်၊ သူမကိုယ်တိုင်ကို လွတ်မြောက်ခွင့်မပေးလိုသည့်အပြင် ပိုပိုပြီးသာ နာကျည်းမှုတိုးလာစေရန်ဖြစ်၏။
၎င်းက တစ္ဆေစစ်သူကြီးအဖြစ်သို့ ရောက်သွားပြီး အသိစိတ်ကို ဆုံးရှုံးစေရန်ဖြစ်ပေသည်။
နောက်ကွယ်မှ ကြိုးကိုင်သူမှာ နတ်ဘုရားမရေကန်ထဲတွင် အင်အားကြီးမားပြီး ရက်စက်သော တစ်စုံတစ်ခုကို ပျိုးထောင်နေခဲ့ခြင်းပင်။
ကုကျစ်စုန့်က ဝိညာဉ်စားသုံးသံမှိုကို ထုတ်လိုက်သည့် တစ်ခဏတွင် လျှို့မိုရှင်း၏ ခန္ဓာကိုယ်က တစ်မုဟုတ်ချင်း ပုပ်သိုးနေသော အလောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
အလောင်းမှာ ရစရာမရှိတော့အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အနံဆိုးများလည်း တလှောင်လှောင်ဖြစ်နေပေပြီ။
သို့သော်လည်း တိတ်တဆိတ်ကြည့်နေခဲ့သည့် လျှို့မိုရှင်းမှာတော့ စိတ်သက်သာရာရသည့်ပုံဖြစ်သွားခဲ့သည်။
သူမက မည်သည့်နာကျင်မှုကိုမျှမခံစားရတော့သည့် ရင်ဘတ်ကို ထိကြည့်လိုက်မိသည်။ ထို့နောက် ကုကျစ်စုန့်ကို ကျေးဇူးတင်သည့်အနေဖြင့် လေးလေးနက်နက် အရိုအသေပေးလာခဲ့သည်။
ပြီးနောက်တွင် သူမက ကုကျစ်စုန့် ပြင်ဆင်ပေးထားသော အဆောင်ထဲ ပူးပေါင်းစွာ ဝင်လိုက်လေသည်။
*