မြှပ်နှံခံထားရသော အလောင်း(2)
Vol. 27 Ch. 264
မျဉ်းကွေးပုံစံ တည်ဆောက်ထားသည့် ခြံစည်းရိုး၏ အပြင်တွင် ရိုးတံဂလိုင်ဖြင့် အပင်ရှည်များ နွယ်တက်နေခဲ့သည်။ ထိုနွယ်များသည်က ရေပေါ်မျက်နှာပြင်မှတစ်ဆင့် ရေအောက်အထိ ပျံ့နှံ့နေခဲ့သည်။
ထိုအရာမှ အပင်မြစ်များဖြင့် ပြုလုပ်ထားသော ‘လှေကား’တစ်ခုကဲ့သို့ပင် ရေမျက်နှာပြင်နှင့် ကန်လယ်ဇရပ်အား ဆက်သွယ်ထားခဲ့သည်။
“ဒီနွယ်ပင်တွေက သေသေချာချာကို ဒီဇိုင်းဆွဲထားတာပဲ ဖြစ်ရမယ်”
“မြေစွဲဖုတ်ကောင်တွေလိုမျိုးပဲ.. ရေနစ်ပြီး သေတဲ့ လူတွေက ရေသရဲတွေဖြစ်သွားကြတယ်.. သေဆုံးခဲ့တဲ့ နေရာကနေ အလွယ်တကူ မထွက်သွားနိုင်သလို ပြန်လည်း မဝင်စားနိုင်ကြဘူး..
လူတချို့က ဒီဇရပ်ကို ကုန်းမြေနဲ့ ကန်ရေကို ချိတ်ဆက်တဲ့နေရာအဖြစ် သုံးလိုက်တာပဲ.. ဒီအခေါင်းပေါက်ပါတဲ့ အပင်တွေက ရေသရဲတွေ ကုန်းပေါ်တက်လာလို့ရအောင် လုပ်ပေးထားတဲ့ လှေကားတွေပဲ!”
ဤ’ကုန်းမြေသို့ လှေကား’သည်က တစ္တေဂိတ်တံခါးဝနှင့် ဆင်တူကာ ယင်ကမ္ဘာနှင့် ယန်ကမ္ဘာတို့အား ချိတ်ဆက်ထားသည်။
ဤလှေကားဖြင့်ဆိုလျှင် ရေသရဲများ၏ အမုန်းတရားများက ကုန်းမြေပေါ်တွင်လည့် သက်ရောက်နိုင်သွားပြီဖြစ်ကာ အိပ်မက်ဆိုးများအဖြစ် ပြောင်းလဲသွားပြီး လူများ၏ အိပ်မက်များထဲသို့ ဝင်ရောက်၍ ခြောက်လှန့်နေခဲ့ပေပြီ။
စိတ်ဓာတ်အားနည်းသော လူတစ်ယောက်သာလျှင် ခြောက်လှန့်ခံလိုက်ရပါက သူ၏ စွမ်းအင်များ ကုန်ခမ်းသွားမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာပင် စိတ်ကျရောဂါနှင့် ပူပန်တုန်လှုပ်ခြင်းများ ပြင်းထန်စွာ ခံစားရမည်ဖြစ်သည်။
အချိန်အနည်းငယ်အတွင်းမှာပင် ထိုလူမှာ အမုန်းတရားများမှ ခြောက်လှန့်မှု၏ ကြီးစိုးခြင်းခံရကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် အတွေးများ ဝင်လာလိမ့်မည်။
ထို့နောက် ‘နတ်သမီးရေကန်’သို့ သွားကာ ရေထဲသိာ့ ခုန်ချလိုက်မည်ဖြစ်သည်။
အမုန်းတရားညှို့ချက်များကြောင့် အမှန်တရားကို မမြင်နိုင်သူမှာ သေဆုံးသွားချိန်မှသာလျှင် သူ့အနေဖြင့် အိပ်မက်ဆိုးများမှ လွတ်မြောက်သွားခြင်းမဟုတ်ဘဲ အခွင့်အရေးယူခံရပြီး လူစားလဲခံလိုက်ရခြင်းသာဖြစ်ကြောင်း သဘောပေါက်သွားလိမ့်မည်။
သူသည်လည်း ရေသရဲအသစ်တစ်ကောင်ဖြစ်သွားရတော့မည်ဖြစ်က် တစ်ဘဝလုံး ရေကန်ထဲတွင်သာ ပိတ်မိနေတော့မည်ဖြစ်သည်။
ယခုအချိန်မှသာလျှင် ရေကန်လယ်မှ ဇရပ်နားသို့ ရောက်လေလေ၊ အပူချိန်လျော့ကျလာလေလေ ဖြစ်ရခြင်းကို ကုကျစ်စုန့် နားလည်သွားခဲ့သည်။
ရှေးယခင်ခေတ်မှ ယခုချိန်ထိ နှစ်ပေါင်းများစွာ ရေကန်၏ အောက်ခြေတွင် ထိန်းချုပ်ထားခံရသည့် မှုန်မှိုင်းသော ယင်စွမ်းအင်များာ ဤ’လှေကား’များမှတဆင့် ရေကန်၏ မျက်နှာပြင်သို့ တက်လာနေခြင်းကြောင့်ပင်။
ကုကျစ်စုန့် ရေကန်စပ်သို့ ပြန်မသွားမီ ရေကန်ဇရပ်ပေါ်တွင် ဤပြောင်မြောက်စွာ တီထွင်ထားသည့် ‘လှေကား’များအား ထိန်းချုပ်ထားနိုင်ရန်အတွက် ဖွဲ့စည်းပုံတစ်ခုကို ပြုလုပ်ထားခဲ့သည်။
စိတ်ထင်၍ပေလော မသိနိုင်သော်လည်း ကုကျစ်စုန့်မှ ထိုဖွဲ့စည်းပုံ ပြုလုပ်ပြီးနောက် မိနစ်အနည်းငယ်တွင်းမှာပင် ဂဲလီယိုချန်းတစ်ယောက် အနီးအနားမှ လေထုက အနည်းငယ် ပေါ့ပါးလာခဲ့သကဲ့သို့ ခံစားမိပြီး ယခင်ခံစားခဲ့ရသည့် အရိုးတွင်းထိ အေးစက်မှုလည်း ပျောက်ကွယ်သွားခဲ့လေသည်။
“စုန့်စုန့်၊ ဒီဖွဲ့စည်းပုံက ရေကန်ထဲက အငြိုးအတေးစွမ်းအင်တွေ စိမ့်ထွက်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လား?”
“ကျွန်မက ဒီကန်လယ်က ဇရပ်ကို ယာယီပဲ ပိတ်ဆို့ထားခဲ့တာ.. ဒီဖွဲ့စည်းပုံကို လုပ်ခဲ့တဲ့ တောက်ကျန့်က ဒီလောက်တောက် အလုပ်ရှုပ်ခံပြီး လုပ်ထားတာဆိုတော့ သေချာပေါက် ဒီနတ်သမီးရေကန်ထဲမှာ တစ်ခုခု ရှိကိုရှိနေလိမ့်မယ်..
ဒီ မကျေနပ်မှု၊ နာကျည်းမှုတွေကို ဖြေရှင်းဖို့ကလည်း အဲဒီလောက် မရိုးရှင်းဘူး”
သူမ ကမ်းကပ်ထားသည့် လှေငယ်ပေါ်သို့ လမ်းလျှောက်သွားခဲ့သည်။
“အရင်ဆုံး ပြန်ကြရအောင်.. ဒီမှာ ဘာမှ ကြည့်စရာမရှိတော့ဘူး”
သူမတို့နှစ်ဦး စက်လှေဖြင့် ကန်စပ်သို့ ပြန်ရောက်လာမှသာလျှင် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်၍ စောင့်ဆိုင်းနေကြသော အဖွဲ့ဝင်များလည်း သက်ပြင်းချနိုင်ကြသည်။
“ဘယ်လိုလဲ ဘော့စ်? နင်နဲ့ ဒါရိုက်တာကုတို့ တစ်ခုခုကို ရှာတွေ့ခဲ့လား?”
ဂဲလီယိုချန်းလည်း ကုကျစ်စု့န်၏ ရှာဖွေတွေ့ရှိမှုနှင့် သုံးသပ်ချက်များအကြောင်းကို ရှင်းပြလိုက်သည်။
လူတိုင်းမှာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြပြီး မယုံကြည်နိုင်ဖြစ်နေခဲ့ကြလေ၏။
“ဒီ…. ဒီလို သာမန်ပန်းပင်လေးတွေနဲ့ မြက်ပင်တွေက အဲလောက်ထိတောင် သက်ရောက်မှုရှိတယ်တဲ့လား? ဘယ်လိုလုပ်ပြီးတော့...?”
ကုကျစ်စုန့် မျက်ခုံးကို ပင့်လိုက်ပြီး အဝေးတစ်နေရာမှ တောင်တန်းများ၊ တည်ငြိမ်နေသည့် ‘နတ်သမီးရေကန်’တို့အား စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ပန်းတစ်ပွင့် ကမ္ဘာတစ်ခု.. ကောင်းမွန်တဲ့ ဖုန်းရွှေဆိုတာက တကယ်တော့ သဘာဝထဲက ဒီလို မထင်ရှားတဲ့ ပန်းလေးတွေ၊ အဆင်တန်ဆာတွေကနေမှ ဖြစ်လာတာပဲ
ပုံမှန်ဆိုရင် ဒီလိုမျိုး အပြင်အရာဝတ္ထုတွေ၊ ကိရိယာတွေ မပါ,ပါဘဲနဲ့ ဒီလောက်ကောင်းတဲ့ ဖွဲ့စည်းပုံမျိုးကို လုပ်ဆောင်နိုင်တယ်ဆိုတာ လုပ်ဆောင်သူရဲ့ အရည်အချင်းကို ပြနေတာလို့ ယူဆလို့ရတယ်
သူရော၊ သူ့ရဲ့ နည်းလမ်းတွေကပါ တကယ့်ကို ပြောင်မြောက်လွန်းတယ်”
လူတော်တော်များများလည်း သဘောတူကြသည်။
“အမှန်ပဲ.. နင်သာ အဲဒီပြဿနာကို မတွေ့ခဲ့ဘူးဆိုရင် ငါတို့ကတော့ ဒီနေရာမှာ ဒီလောက်ကြီးတဲ့ အန္တရာယ်တစ်ခု ပုန်းကွယ်နေတယ်ဆိုတာကို သိမှာတောင် မဟုတ်ဘူး!”
“ဟုတ်ပါ့၊ နည်းနည်းတော့ ရှက်စရာကောင်းတယ်…”
ထိုကဲ့သို့သော ယုတ်ညံ့သည့် ဖွဲ့စည်းပုံမျိုးက ထိုကဲ့သို့ပင် လူအများမျက်စိအောက်တွင် သတိမထားမိနိုင်အောင် လုပ်ဆောင်ထားခဲ့သည်။
သူတို့သည်လည်း ဤရေကန်သို့ အကြိမ်ပေါင်းမနည်း လာရောက်ကာ လေ့လာပေါင်းများပြီဖြစ်သော်လည်း ထူးခြားသည့်အရာ တစ်စုံတစ်ခုမျှပင် ရှာမတွေ့ခဲ့ပေ။
တစ်ဖက်တွင်တော့ အဖွဲ့ဝင်များက အရှက်ရနေကြသည်။ တစ်ဖက်တွင်တော့ ကုကျစ်စုန့်၏ မြင်နိုင်စွမ်းအား လေးစားအထင်ကြီးကာ သူမအနီးတွင် သဘာဝလွန်ဆိုင်ရာပညာနှင့် ပတ်သတ်သည့် မေးခွန်းများကို အသံတိုးတိုး မေးမြန်းနေခဲ့ကြသည်။
ဂဲလီယိုချန်း ကြားဖြတ်ပြောလိုက်သည်။
“အိုကေ အိုကေ.. ဒီ ‘အလောင်းအမှု’ကို ဖြေရှင်းပြီးသွားရင် ဒါရိုက်တာကုကို မင်းတို့နဲ့ အမေးအဖြေ အစီအစဉ်လေး လုပ်ပေးဖို့ တောင်းဆိုပေးမယ်.. အခုတော့ လုပ်စရာရှိတာ အရင်လုပ်လိုက်ကြရအောင်”
“စုန့်စုန့်ရဲ့ ကောက်ချက်အရဆိုရင် အဲ့ဒီအပင်တွေနဲ့ ပြုလုပ်ထားတဲ့ ‘လှေကား’က ကုန်းမြေနဲ့ ရေကန်ကြမ်းပြင်တို့ကို ဆက်သွယ်ထားပြီးတော့ ရေသရဲတွေရဲ့ အမုန်းတရားတွေ လျှံတက်လာတာပဲ..
ယောင်မင်ဖန်ရဲ့ လတ်တလော ဝန်ခံချက်အရဆိုရင် ငါတို့သိထားရတာက သူဒီသရဲတစ္ဆေဖိထားခံရပြီးတော့ ခဏခဏခြောက်ခံရတာတွေက လွန်ခဲ့တဲ့ သုံးလလောက်က စတာ”
“တနည်းပြောရရင် ဒီလှေကားက လွန်ခဲ့တဲ့ သုံးလလောက်က ပေါ်လာတာပဲ”
ကုကျစ်စုန့် ခေါင်းငြိမ့်သည်။
“ရှင်တို့တွေက ဒီနေရာနဲ့ အရင်းနှီးဆုံးပဲ.. ရေကန်ထဲမှာ အပင်တွေက ရုတ်တရက်ကြီး ပေါ်လာတာလေ.. ဒီတော့ တချို့နယ်ခံတွေက ဒါကို မြင်လိုက်၊သိလိုက်ကြမှာပဲ.. အဲဒါလေးကို မေးပေးလို့ ရမလား?”
အဖွဲ့ဝင်များ ခေါင်းငြိမ့်ကြသည်။
“စိတ်မပူပါနဲ့ ဒါရိုက်တာကု၊ ငါတို့တွေ အဲဒီကိစ္စကို နာရီဝက်အတွင်း အဖြေရှာလိုက်ပါ့မယ်!”
စကားဆုံးသည်နှင့် လူငယ်လေးများက အားတက်သရော ရှာဖွေမေးမြန်းခဲ့ကြပြီး အချိန်မကြာလိုက်ခင် သဲလွန်စကို ရလာခဲ့ကြသည်။
အမျိုးသမီး ထူးခြားပညာရှင်တစ်ဦး စကားစလာသည်။
“ဒါရိုက်တာကု၊ ကျွန်မက ဒီရေကန်ရဲ့ သန့်ရှင်းရေးရေယာဉ်အဖွဲ့နဲ့ ရင်းနှီးတယ်လေ.. ကျွန်မ အခုပဲ ခေါ်ပြီး မေးကြည့်လိုက်တယ်..
သူတို့ပြောတာကတော့ ဒီကန်လယ်ဇရပ်ရဲ့ ဘေးနားက ပန်းမန်ရှုခင်းတွေက တကယ်ကို လွန်ခဲ့တဲ့ သုံးလကျော်လောက်က လုပ်ခဲ့တာတဲ့..
အဲဒီသုံးလလောက်တုန်းက နတ်သမီးရေကန်မှာ လူသတ်မှုဖြစ်ခဲ့ပြီး သူတို့လည်း ရက်တွေ အများကြီး ကူညီပေးခဲ့ရတာဆိုတော့ သေသေချာချာကို မှတ်မိတယ်တဲ့လေ!
သူတို့စကားအရတော့ လူသတ်မှုက တော်တော်လေး ထူးဆန်းပြီး အကုန်လုံးလည်း ကြောက်နေခဲ့ကြတာတဲ့.. ဒါနဲ့ တောက်ကျန့်တစ်ယောက်က ရေကန်ကို ရောက်လာပြီး ဒီအမှုကို တည်ငြိမ်အောင် ကူညီပေးခဲ့တာဆိုပဲ
နောက်ပြီးတော့ သူက ကန်ထဲမှာလည်း အခြားအပင်တွေ စိုက်ခိုင်းခဲ့တာတဲ့….”
ထိုအချက်ကို အခြားအဖွဲ့ဝင်တစ်ဦးကလည်း အတည်ပြုနိုင်ခဲ့သည်။
ထိုအဖွဲ့ဝင်က ဖုန်းချလိုက်ပြီးနောက် ကုကျစ်စုန့်တို့အား လှမ်းပြောလိုက်သည်။
“ဘော့စ်၊ ဒါရိုက်တာကု.. သူပြောတဲ့အတိုင်းဖြစ်ခဲ့တာ သေချာတယ်”
သူက ဒေသခံရဲဌာနအား ဖုန်းဆက်သွယ်ကာ လွန်ခဲ့သည့် သုံးလခန့်က ဖြစ်ပျက်ခဲ့သည့် လူသတ်မှုအကြောင်း မေးမြန်းခဲ့သည်။
ရဲစခန်းပြောဆိုချက်အရ ထိုအမှုသည်က ပိတ်သွားပြီဖြစ်ပြီး နစ်နာသူကိုလည်း မြှုပ်နှံပြီးပြီဖြစ်သည်။
လူသတ်တရားခံမှာလည်း ဖမ်းဆီးထိန်းချုပ်ထားပြီးဖြစ်ကာ အမှုကိုရင်ဆိုင်ရတော့မည်ဖြစ်သည်။
ထိုပြစ်မှု၏ အစမှာ ငါးဖမ်းသမားများက ငါးနှင့် ပုဇွန်များကို ဖမ်းနေချိန် ထူးဆန်းသည့် အချက်တစ်ခုအား သတိပြုမိခဲ့ကြသည်။
နတ်သမီးရေကန်တွင်းမှ ဖမ်းမိသည့် ငါးနှင့် ပုဇွန်များသည် အရည်အသွေးညံ့ဖျင်းကာ တချို့အကောင်များသည်က မသေမရှင်ပင် ဖြစ်နေကြပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ညှီစော်နံသည့် အကျိအချွဲများ ဖုံးနေခဲ့သည်။
ချက်ပြုတ်ပြီးချိန်တွင်လည်း ထူးဆန်းချဉ်စုတ်သည့် အရသာဖြစ်နေခဲ့သည်။
လှေပေါ်မှ ငါးဖမ်းသမားများမှာ တောင်ပေါ်လေ ဝှေ့တိုက်လာချိန်တွင် ပါလာသည့် အနံ့တစ်ခုကို ရနေခဲ့သည်။
ထိုကာလအတွင်း ကန်ထဲမှ ရေသည်ပင်လျှင် ညှီစုတ်စုတ်နံ့ ဖြစ်နေခဲ့သည်။
ငါးဖမ်းသမားများလည်း အကျင့်မကောင်းသည့် လူတစ်ဦးမှ သာမန်လူများကို ဒုက္ခပေးချင်၍ ကန်ထဲသို့ အဆိပ်ခတ်ထားမည်ကို စိုးရိမ်နေခဲ့ကြသည်။
ထိုအချိန်တွင် ကန်တွင်းမှ အညစ်အကြေးအမှိုက်သရိုက်များ ဖယ်ရှားရန် တာဝန်ရှိသည့် ရေယာဉ်အဖွဲ့သည်လည်း တစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သောကြောင့် ငါးဖမ်းသမားများ ပို၍ပင် စိတ်ပူလာကြသည်။
‘နတ်သမီးရေကန်’သည်က အနီးအနားပတ်ဝန်းကျင်တွင် တစ်ခုတည်းသော ရေချိုကန်ကြီးဖြစ်သည့်အတွက် ကန်၏ အထက်ပိုင်းနှင့် အောက်ပိုင်းဟူ၍ ခွဲခြားထားကြသည်။
နွေရာသီကနဦးတွင် လူအများစုက ကန်ထဲတွင် ရေစိမ်၍ အပူရှောင်ကြသည်။ ကမ်းစပ်မှ ပလတ်စတစ်နှင့် အမှိုက်အချို့က ရေကန်အခြေသို့ ကျတတ်ပြီး ထိုအရာများက ရေကန်ထဲမှ ရေ၏ အရည်အသွေးကို လျော့ကျစေနိုင်သည်။
သန့်ရှင်းရေးအဖွဲ့မှာ ကန်တွင်းမှ အမှိုက်များအား နေ့စဉ်ဆယ်ထုတ်ရသော အဖွဲ့ပင်ဖြစ်သည်။
ထိုနေ့က သူတို့ဆယ်ယူရရှိခဲ့သည့် အရာက အသားပုတ်သိုးနံ့ကဲ့သို့ ညှီစုတ်စုတ်အနံ့ထွက်နေခဲ့ပြီး တစ်နှစ်ပတ်လုံး အမှိုက်များနှင့် ထိတွေ့နေသော သန့်ရှင်းရေးသမားများပင် မခံနိုင်ဖြစ်ခဲ့ရသည်။
အလုပ်ဝတ်စုံများ၊ ရာဘာဖိနပ်၊ ရာဘာလက်အိတ်တို့ ဝတ်ဆင်ထားကြသည့် တာဝန်ကျနေသည့် အဖွဲ့ဝင်များလည်း ကောက်ယူရရှိသည့် အမှိုက်သရိုက်များအား အမျိုးအစား ခွဲခဲ့ကြလေသည်။
အလုပ်သမားတစ်ဦးက မခံနိုင်တော့သည့် အဆုံး ပြောလိုက်မိသည်။
“ဒီမှာ ဘာတွေများ ဖြစ်နေလို့ ဒီလောက်တောင် နံစော်နေရတာလဲ? ဒါကြီးက ငါးသေ၊ ပုဇွန်သေတွေထက်တောင် ဆိုးသေးတယ်!”
သူပြောဆိုနေစဉ်မှာပင် အနည်းငယ်ပျော့ပြောင်းသည့် အရာတစ်ခုကို စမ်းလိုက်မိသည်။ သူ ခေါင်းငုံ့၍ ကြည့်လိုက်မိချိန်တွင်တော့ အပုပ်နံ့က နှာခေါင်းထဲသို့ တိုးဝင်လာပြီးနောက် မူးဝေသွားခဲ့ရလေသည်။
သူ့ လက်ထဲတွင် ကိုင်ထားမိသည်ကို သေသေချာချာမြင်လိုက်ရပြီး ထိုသူက ကြောက်လန့်လွန်းသောကြောင့် အော်ဟစ်၍ လွှင့်ပစ်လိုက်မိသည်။
“လူ.. လူလက်ချောင်းကြီး!?”
*