← Chapters

မြှပ်နှံခံထားရသော အလောင်း(3)

Vol. 27 Ch. 265

မြှပ်နှံခံထားရသော အလောင်း(3)

Vol. 27 Ch. 265

သန့်ရှင်းရေးသမား စမ်းမိသည့် ပုတ်ပွနေသည့် အရာသည်က လက်ချောင်းတစ်ချောင်းပင်။

အက်ကွဲနေရာမှ အဖြူရောင်အရိုးများ ပေါ်နေခဲ့ပြီး အသားစများမှာလည်း ငါး၊ပုဇွန်များ စားသောက်ထားကြသည်။ လက်ချောင်းရိုးနှင့် တွဲလျက်ကျန်ရှိနေသည့် အသားများသည်က ရေကန်ထဲတွင် စိမ်ထားသကဲ့သို့ ဖြစ်နေကာ ပျော့ဖတ်ပုတ်ပွ၍ အနံ့ဆိုးတလှိုင်လှိုင်ထွက်နေပေပြီ။

သန့်ရှင်းရေးအဖွဲ့သား ကောက်ကိုင်လိုက်ချိန်တွင် ထိုအရာသည်က ချက်ချင်း ပျော့စိကာ ပုံစံပျက်သွားခဲ့သည်။

ချက်ချင်းလိုပင် ကန်၏ တစ်နေရာတည်းမှ ဖိနပ်တစ်ဖက်နှင့် အဝတ်ပိုက်ဆံအိတ်တစ်လုံး ဆယ်ယူရရှိခဲ့သည်။

ထိုဖိနပ်က အမျိုးသမီးစီး ရှူးဖိနပ်အဖြူရောင်ဖြစ်သည်။ ဖိနပ်၏ အပေါ်ပိုင်းတွင် ပန်းရောင်များ ပေကျံနေခဲ့သည်။

ထိုအရာသည်….

ရေကန်ထဲတွင် စိမ်ထားတာ ကြာပြီဖြစ်သော သွေးကွက်များဖြင့် ဆင်တူလွန်းလှသည်။

ထိုအချိန်တွင် သန့်ရှင်းရေးအဖွဲ့သားများလည်း အဖြစ်အပျက်ကို နားလည်လိုက်ပြီး ချက်ချင်းပင် ရဲစခန်းအား အကြောင်းကြားခဲ့သည်။

စစ်ဆေးပြီးနောက်တွင် ထိုအရာသည်က လူ၏ အရိုးဖြစ်ပြီး ဖိနပ်ပေါ်မှ ပေကျံနေသည်မှာလည်း သွေးကွက်များပင်ဖြစ်ကြောင်းကို ရဲစခန်းမှ အတည်ပြုနိုင်ခဲ့သည်။

အမျိုးသမီးတစ်ဦး အသက်ခံရပြီးနောက် ‘နတ်သမီးရေကန်’တွင်းသို့ ပစ်ချခံထားရပုံရပေသည်။

အဝတ်ပိုက်ဆံအိတ်အတွင်းမှ ရှာတွေ့ခဲ့သည့်မှာတော့ တွန့်ကြေနေပြီဖြစ်ကာ သေချာမမြင်ရတော့သည့် ဓာတ်ပုံတစ်ပုံပင်။ သေသေချာချာ ကြိုးစားပြင်ဆင်ပြီးချိန်တွင်တော့ သားအမိနှစ်ယောက်၏ ဓာတ်ပုံတွင် ပေါ်ထွက်လာခဲ့သည်။

မိခင်ဖြစ်သူမှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးဟု ထင်ရကာ နုပျိုပြီး ချောမောလှပကာ တောက်ပသော အပြုံးဖြင့် ပြုံးနေခဲ့သည်။

သူမ၏လက်ထဲတွင်တော့ အသက် ၅နှစ်၊ ၆နှစ်ခန့်သာ ရှိသေးသည့် သားငယ်အား ချီပိုးထားခဲ့သည်။

ဓာတ်ပုံမှတဆင့် ရဲသားများ ရှာဖွေခဲ့ချိန်တွင်တော့ သေဆုံးသူအမျိုးသမီးသည်က ဤမြို့၏ ရွာတစ်ရွာမှ ဖြစ်ကြောင်းကို ရှာတွေ့ခဲ့ကြသည်။

အဖွဲ့ဝင်တစ်ဦးမှ ဖုန်းထဲရှိ အချက်အလက်များကို အသံထွက်၍ ဖတ်ပြလိုက်သည်။

“သေဆုံးသူ လျှို့မိုရှင်းက အသက် ၃၆နှစ်ရှိပြီး ဒီမြို့ထဲကတော့ မဟုတ်ဘူး၊ လက်ထပ်ပြီးတဲ့နောက် သူမက ရှင်းချွမ်ရွာမှာ ခင်ပွန်းသည်နဲ့အတူ အခြေချခဲ့တယ်

အသက် ၁၅နှစ်အရွယ် သားတစ်ယောက်ရှိတယ်၊ သူက ဒီမြို့ပေါ်က ဘော်ဒါကျောင်းတစ်ခုမှာ တက်နေတာ တတိယနှစ်ရောက်နေပြီ

ဓာတ်ပုံကတော့ သေဆုံးသူ ငယ်ငယ်တုန်းက သားနဲ့ ရိုက်ခဲ့တဲ့ ပုံတဲ့”

စစ်ဆေးတွေ့ရှိချက်များအရ သေဆုံးသူအမျိုးသမီးမှာ သူမ၏ ရွာတွင် နာမည်ကြီးတစ်ယောက်ဖြစ်ကြောင်း ရဲများ သိခဲ့ရသည်။

ဆိုရလျှင် မကောင်းသောနည်းလမ်းဖြင့် နာမည်ကြီးခြင်း ဖြစ်သည်။

သားဖြစ်သူ တက်ရောက်သည့် ဘော်ဒါကျောင်းမှာ တစ်လတစ်ခါသာ ပိတ်ရက်ရှိပြီး ခင်ပွန်းဖြစ်သူမှာလည်း မြို့ထဲမှ ဆောက်လုပ်ရေးဆိုက်များတွင် တစ်နှစ်ပတ်လုံးလှည့်လည်အလုပ်လုပ်ကိုင်သည့် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး ဖြစ်သည်။

သူက ရွာထဲသို့ တစ်ပတ်လျှင် တစ်ကြိမ်မျှသာ ပြန်လာတတ်သောကြောင့် သူမတစ်ယောက်တည်း ဖြစ်နေသည်သာ များပေသည်။

သူမက နေ့လည်နှင့် ညခင်းပိုင်းတို့တွင် ညဈေးတန်း၌ ချည်ထိုးလက်ကောက်များ ရောင်းချ၍ ငွေရှာတတ်သည်။

သေဆုံးသူမှာ ချောမောလှပပြီး စကားပြောသိမ်မွေ့သည့်အပြင် အမြဲတမ်းလိုလို တစ်ယောက်တည်း သွားလာတတ်သည်။ ညဈေးဖွင့်သည့် အမျိုးသားကုန်သည်များနှင့်လည်း စကားစမြည်ပြောဆိုခြင်း၊ စနောက်ခြင်း၊ သူမအား ကူညီပေးနေခြင်းတို့ကို ရွာသားတချို့ မြင်တွေ့ရပြီးနောက် ရွာထဲတွင် အတင်းအဖျင်းများ ပျံ့နှံ့လာခဲ့သည်။

သေဆုံးသူသည်က တခြားယောင်္ကျားများနှင့် ဖောက်ပြန်နေပြီး ရွာပြင်မှ လူများပင် ပါဝင်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောဆိုခဲ့ကြသည်။

ရလဒ်မှာတော့ ရွာထဲမှ ဆန်ကုန်မြေများသည်လည်း သူမအကြောင်းကို ညစ်ညမ်းစကားများဖြင့် နောက်ပြောင် ပြောဆိုလာကြခြင်းပင်။

သေဆုံးသူ၏ အိမ်နီးနားချင်းတစ်ဦးပြောဆိုချက်အရ သူ လွန်ခဲ့သော နှစ်ရက်ခန့်က ညဘက် တရေးနိုးချိန်တွင် သေဆုံးသူ၏ အိမ်ထဲမှ ဆူညံသံများ၊ ငြင်းခုန်သံများ ကြားခဲ့ရသည်။

သေဆုံးသူ၏ အိမ်မှာ အတွင်းဘက်ကျပြီး သူ့အိမ်နှင့်လည်း လမ်းတစ်လမ်းခြားနေသေးသောကြောင့် မည်သည့်အကြောင်းကို ငြင်းခုန်နေကြကြောင်း သေသေချာချာမကြားရပေ။

အိမ်နီးချင်းဖြစ်သူလည်း သိချင်စိတ်ကြောင့် အပြင်သို့ထွက်၍ ကြည့်လိုက်ချိန်တွင် ကြောက်လန့်တကြားထွက်ပြေးသွားသော အမျိုးသားတစ်ယောက်၏ နောက်ကျောပြင်အားမြင်လိုက်ရသည်။

သူ အနောက်မှ မြင်လိုက်ရုံနှင့် ထိုလူကို သိခဲ့ပေသည်။ သူသည်က ရှင်းချွမ်ရွာမှ နေ့စဉ်နေ့တိုင်း အပျင်းထူနေတတ်ပြီး အလုပ်မလုပ်သည့် လူမိုက်တစ်ဦးဖြစ်သည်။

နောက်ရက်များတွင် သေဆုံးသူ အိမ်ထံမှ ထွက်လာသည်ကို မမြင်ရတော့ပေ။ သူလည့် အနည်းငယ် စိတ်ပူသောကြောင့် ခြံဝသို့ သွားကာ နှစ်ကြိမ်အော်ခေါ်ခဲ့ချိန်တွင် ခြံတံခါးကိုလည်း သော့ခတ်ထားကြောင်း သတိထားမိလိုက်သည်။

သူ့၏ အော်သံကို ကြားရပြီးနောက် ရွာထဲမှ လျှာရှည်စပ်စုသည့် ရွာသားများလည်း ရောက်လာပြီးနောက် စနောက်နေခဲ့ကြသည်။

“ဟေ့ .. မင်းဘာလို့ သူ့ကို အော်ခေါ်နေတာပဲ.. မင်းတို့နှစ်ယောက်က ရင်းနှီးကြတယ်မလား”

အိမ်နီးနားချင်းဖြစ်သူလည်း အတင်းအဖျင်းသတင်းများကို အလိုမရှိသောကြောင့် ထပ်၍ မမေးတော့ချေ။

ရဲများက သေဆုံးသူ၏ အိမ်သို့ ရောက်လာပြီးနောက် အပြင်မှ သော့ကိုဖျက်ကာ ဝင်ရောက်ခဲ့ကြသည်။

ထို့နောက် ခြံဝင်းထဲတွင် ဆပ်ပြာနံ့ခပ်သင်းသင်းရနေကြောင်း သတိထားမိလိုက်သည်။

သေချာခြေရာကောက်စစ်ဆေးလိုက်ချိန်တွင် ကြမ်းခင်းကြွေပြားများကြားမှ ခြောက်သွေ့နေပြီဖြစ်သော သွေးစသွေးနများကို ရှာဖွေတွေ့ရှိခဲ့ရသည်။

ထိုအချိန်မှစ၍ လျှို့မိုရှင်းသည် အသတ်ခံလိုက်ရကြောင်းကို အတည်ပြုနိုင်ခဲ့သည်။

အိမ်နီးနားချင်း၏ ထွက်ဆိုချက်အရ ရဲသားများသည်လည်း သေဆုံးသူ၏ အိမ်ထဲမှ ထွက်ပြေးသွားသော လူမိုက်၏ အိမ်သို့ သွားရောက်ခဲ့သော်ငြား တရားခံမှာ ထွက်ပြေးသွားပြီဖြစ်သည်။

ရှာဖွေဖမ်းဆီးနေချိန်အတွင်း မြို့ထဲရှိ ဆောက်လုပ်ရေးဆိုဒ်တွင် အလုပ်လုပ်ကိုင်နေဆဲဖြစ်သော ခင်ပွန်းသည်ကို ဆက်သွယ်ခဲ့ပြီး ရေကန်သန့်ရှင်းရေးအဖွဲ့ကိုလည်း လျှို့မိုရှင်း၏ ခန္ဓာကိုယ်အား ပြန်လည်ဆယ်ယူရာတွင် ကူညီပေးရန် အကူအညီတောင်းခဲ့သည်။

ရွာထဲမှ ရွာသားများ၏ နှုတ်ထွက်ပြောစကားအရ ထွက်ပြေးသွားသော တရားခံမှာ သေဆုံးသူနောက်သို့ လိုက်နေသည်မှာ ကြာပြီဖြစ်ပေသည်။

လူမျာ့က သူကို အမြဲလိုလို သတိထားမိနေသောကြောင့် ရွာထဲတွင် သတင်းပျံ့နေခဲ့သည်။

လူတော်တော်များများက သေဆုံးသူအမျိုးသမီးက ထိုလူမိုက်နှင့် ဖောက်ပြန်နေသည်ဟု ထင်ကြသည်။

ယခု လူသတ်မှုဖြစ်ပျက်ပြီးချိန်တွင်တော့ သူတို့က မကောင်းမှုကို မျက်မြင် တွေ့ခဲ့ရသည့်အလား သေဆုံးသူ ဖောက်ပြန်နေသည့် အကြောင်းကို ပြောဆိုနေကြတော့သည်။

သုံးရက်ကြာပြီးနောက်တွင် ရဲသားများသည်လည်း ထွက်ပြေးသွားသည့် လူမိုက်ကျိူးကို လင်းမြို့တွင် ဖမ်းမိခဲ့သည်။ သူက အဖမ်းမခံရရန်အတွက် အင်တာနက်ကဖေးတစ်ခုတွင် ပုန်းနေခဲ့ခြင်းပင် ဖြစ်ပေ၏။

ဖမ်းမိပြီးနောက် လူမိုက်ကျိုးာ သူလုပ်ခဲ့သည့် ကိစ္စများကို ဝန်ခံကာ သေဆုံးသူ လျှို့မိုရှင်းအား သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဆံပင်များ ရှုပ်ပွကာ ညစ်ပတ်နေသည့် မျက်နှာဖြင့် လူမိုက်ကျိုး ပြောခဲ့သည်မှာ:

“ကျုပ်က အဲဒီမိန်းမနဲ့ ကြိုက်နေတာ.. သူ့လင်ကြီးကလည်း အမြဲတမ်း အိမ်မှာမရှိဘူးလေ.. မူးလာရင်လည်း ခွေးဆိုးလို ဒေါသထွက်ပြီး သူ့ကို ရိုက်သေးတာ

မယုံရင် ရွာကို သွားမေးကြည့် .. သူတို့မိသားစုနဲ့ ဘယ်သူမှ မပတ်သတ်ချင်ဘူး၊ ငါ , လောင်ကျိုးက ငွေမရှိ၊ အလုပ်မရှိပေမယ့် ရုပ်ခံလေးရှိပြီး စကားပြောကောင်းတယ်လေ

မြို့ထဲက တစ်ခုလပ်တွေ၊ မုဆိုးမတွေဆို ကျုပ်က စကားအရမ်းတတ်တယ်ဆိုပြီး ပြောနေကျပဲ.. ဘာပဲဖြစ်ဖြစ် ကျုပ်တို့ နီးစပ်သွားတယ်”

ရဲသား : “ဒါဆို မင်း ဘာလို့ သူ့ကို သတ်လိုက်တာလဲ?”

“သူက အမြဲတမ်း ကျုပ်ဆီက ငွေတောင်းနေတာလေ.. လက်ဆောင်ဝယ်ပေးဦး၊ လက်ဝတ်ရတနာဝယ်ပေးဦးနဲ့.. ကျုပ်က လောင်းကစားလုပ်တဲ့နေရာမှာ မဆိုးဘူးဆိုပေမဲ့ မာကျောက်ကစားပြီး ရသမျှငွေက အဲကောင်မရဲ့ ပစ္စည်းတွေချည်း ဝယ်ပေးနေရတာ!

ဒါတောင် ဒင်းက မကျေနပ်ဘဲ ကျုပ်ကို သေတဲ့အထိ ခိုင်းစားချင်နေတာ!”

“သူ့ရဲ့ ဒေါသကြီးတဲ့ လင်ကြီးကို ဆက်မပေါင်းနိုင်တော့ဘူးတဲ့!

ဒါပေမယ့် ဒီအထီးကျန်တဲ့ အိမ်ကြီးမှာ တစ်ယောက်တည်း တစ်ခုလပ်အနေနဲ့လည်း မနေချင်ဘူးတဲ့!

ကျုပ်တို့ ရှုပ်ထားတာတွေကို လူတွေကို ချပြပြီး သူ့လင်ကြီးကို ကွာချင်တာတဲ့လေ

ရဲအရာရှိတို့လည်း စဉ်းစားကြည့်ပါဦး! ဒါကို ကျုပ်က လက်ခံနိုင်မလား.. သူ့လင်ကြီးက ကျုပ်ကို သေအောင် ရိုက်သတ်မှာပေါ့ဗျ!”

“အဲဒါနဲ့? နောက် ဘာဆက်ဖြစ်သွားလဲ?”

လူမိုက်ကျိုး၏ မျက်နှာရှုံ့မဲ့သွားသည်။

“ဒီတော့မှ ကျုပ်လည်း သိသွားလိုက်တာ၊ ဒီကောင်မက ကျုပ်ကို ခွင်ဆင်ပြီး ဖမ်းတာလေ!

သူက ကျုပ်တို့ ဟိုဒင်းဟိုဟာ လုပ်နေတုန်းမှာ ဗီဒီယိုရိုက်ပြီး သက်သေအနေနဲ့ သိမ်းထားသေးတယ်

သူ့ကို ပိုက်ဆံမပေးရင်.. ကွာရှင်းဖို့ မကူညီပေးရင် ဒီဗီဒီယိုကို ပြပြီး ကျုပ်က သူ့ကို မုဒိမ်းကျင့်ပါတယ်ဆိုပြီး တရားစွဲမှာတဲ့!”

“ရဲအရာရှိကြီးတို့ရယ်.. ကျုပ်က အစတုန်းက သူ့ကို တကယ်ချစ်ခဲ့တာပါ.. သူသာ အထီးကျန်တယ်ဆိုပြီး ကျုပ်နဲ့ ဆက်မအိပ်ခဲ့ရင်၊ ကျုပ်ကို သေအောင်ထိ တွန်းအားမပေးခဲ့ဘူးဆိုရင် ကျုပ်လည်း စိတ်လွတ်ပြီး ဒေါသထွက်စရာအကြောင်းမရှိဘူး..”

နောက်ဆုံးတွင်တော့ လူမိုက်ကျိုး၏ ဝန်ခံချက်မှာ ထိုညက သူနှင့်လျှို့မိုရှင်းတို့ တွေ့ဆုံခဲ့ကြချိန်တွင်‌ သေဆုံးသူက သူ့ကို ထိုကိစ္စနှင့် ပတ်သတ်၍ ထပ်မံခြိမ်းခြောက်ပြန်သည်။

သူသည်လည်း ထိုအချိန်က ဝိုင်အနည်းငယ်သောက်ထားသောကြောင့်‌ ဒေါသထွက်ကာ တစ်ဖက်လူအား တစ်ခုခုနှင့် ရိုက်လိုက်မိပြီးနောက် အမျိုးသမီးအား မတော်တဆ သတ်မိသွားခဲ့သည်။

တရားဥပဒေ၏ အပြစ်ပေးခြင်းမှ ထွက်ပြေးရန်အတွက် သူ အနီးအနားမှ ‘နတ်သမီးရေကန်’ကို သူ သတိရလိုက်မိသည်။

ကန်၏ အလယ်ဗဟိုက အင်မတန်နက်ရှိုင်းသောကြောင့် ဤအလောင်းကို ရေကန်ထဲသို့ ပစ်ချပြီး အလောင်းဖျောက်ရန် ကြံစည်လိုက်သည်။

လျှို့မိုရှင်း၏ အိမ်တွင်းမှ သွေးများကို သန့်ရှင်းရေးပြုလုပ်ပြီးချိန်တွင် အလောင်းကို မနက်အစောပိုင်းတွင် သယ်ထုတ်လာခဲ့သည်။

လူမိုက်ကျိုး၏ မိသားစုများက မူလက ငါးဖမ်းသမားများ ဖြစ်ကြသောကြောင့် မိဘများက သူ့အတွက် လှေတစ်စီးအမွေချန်ခဲ့သည်။

သူ၏ ပုံမှန်ဝင်ငွေမှာ ထိုလှေငယ်ကို ငှားရမ်းခြင်းမှ ရရှိခြင်းဖြစ်ပြီး သောကြောင့် သူ့တွင် စက်လှေသော့လည်း ရှိနေခဲ့ပေသည်။

သူ ကန်အနီးအနားမှ ကျောက်ပုံထဲတွင် ကျောက်တုံး အကြီးနှစ်တုံးကို ရှာဖွေပြီးနောက် သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ကြိုးဖြင့် တင်းကြပ်စွာ တုပ်နှောင်လိုက်သည်။

ထို့နောက် လှေကို ကန်လယ်သို့ မောင်းနှင်သွားခဲ့ပြီးနောက် အလောင်းနှင့်အတူ ကျောက်တုံးများကိုပါ ပစ်ချခဲ့တော့သည်။

*

All Chapters