မြှပ်နှံခံထားရသော အလောင်း(4)
Vol. 27 Ch. 266
ကျောက်တုံးများ၏ အလေးချိန်ကြောင့် လျှို့မိုရှင်း၏ ခန္ဓာကိုယ်က ရေထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ပြီး မကြာခင်ပင် ကန်အောက်ခြေထိ ရောက်ရှိသွားခဲ့သည်။
ထိုကြောင့်သာလျှင် သန့်ရှင်းရေးအဖွဲ့များက သူမ၏ အလောင်း ပုတ်ပွကာ အပေါသို့ ကြွတက်မလာမီ မဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ရဲသားများလည်း တရားခံကို အလောင်းပစ်ချခဲ့သည့် နေရာနှင့် ကျောက်တုံးများ၏ ခန့်မှန်းအရွယ်အစားတို့အား မေးမြန်းခဲ့ပြီးနောက် အတည်ပြုနိုင်ခဲ့သည်။
အလောင်းပစ်ချခံခဲ့ရသည့် နေရာသည် ကန်၏ ရေနက်ပိုင်းနေရာ အနီးတဝိုက်တွင် ဖြစ်ပေသည်။
လူမိုက်ကျိုးမှ် လျှို့မိုရှင်း၏ ခန္ဓာကိုယ်ကို ၂ကီလို၊ ၃ကီလိုခန့် လေးလံသည့် ကျောက်တုံးများဖြင့် တုပ်နှောင်ခဲ့ခြင်းဖြစ်သည်။
လျှို့မိုရှင်း၏ အိမ်မှလည်း သူမ၏ သွေးစက်များနှင့် ဆံပင်များအပြင် ရွှေ၊ငွေလက်ဝတ်ရတနာအချို့လည်း ရှာတွေ့ခဲ့ရသည်။
လျှို့မိုရှင်း၏ ခင်ပွန်းဖြစ်သူ ပြောခဲ့သည့် စကားအရ ထိုလက်ဝတ်ရတနာများသည်က သူ ဝယ်ထားသည့် အရာများမဟုတ်ချေ။
ထို့အပြင် ရဲများက လူမိုက်ကျိုး၏ ဖုန်းတွင်း၌ ကိုယ်တိုင်ရိုက် ဗီဒီယိုတချို့လည်း တွေ့ရှိခဲ့ရသည်။
သက်သေဗီဒီယိုအရ ထိုဗီဒီယိုကို စတင်ရိုက်ကူးပြီး အဆုံးသတ်ပိတ်သွားသည်အထိ လုပ်ဆောင်သူမှာ သေဆုံးသူ ကိုယ်တိုင်ပင်။
လူမိုက်ကျိုး၏ ထွက်ဆိုချက်မှာ ထိုဗီဒီယိုမှာ သေဆုံးသူမှ သူ့ကို ခြိမ်းခြောက်ရန် ပို့ထားခြင်းဖြစ်သည်။
သေဆုံးသူ၏ ဖုန်းမှာတော့ သူအလောင်းစွန့်ပစ်ချိန်တွင် ရေကန်ထဲသို့ လွှင့်ပစ်လိုက်ကြောင်း ထပ်မံထွက်ဆိုခဲ့သည်။
လူသတ်မှု၏ လက်ရှိအခြေအနေအရ သေဆုံးသူ၏ အလောင်းကို ပြန်လည်ဆယ်ယူရန်သာ ကျန်ရှိတော့သည်။
မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုနှင့် အခြားသော သွေးရဲသံရဲအဖြစ်အပျက်များကြောင့် ထိုအမှုက ရှင်းချွမ်ရွာတွင် ဟိုးလေးတကျော်ကျော်ဖြစ်ကာ အချင်းချင်းဆုံကြတိုင်းပြောသည့် စကားဖြစ်လာခဲ့သည်။
ရွာသားအများစုကတော့ လျှို့မိုရှင်း၏ ခင်ပွန်းသည်က အမှန်တကယ်လည်း ဒေါသကြီးကာ ရက်စက်ကြမ်းကြုတ်သူဖြစ်သော်လည်း အနည်းဆုံးတော့ ထိုသူက မိသားစုအား ထောက်ပံ့ရန် ငွေရှာပေးသေးသည်။
လျှို့မိုရှင်းအနေဖြင့် အခြားသူနှင့် မဖောက်ပြန်သင့်ဟု ထင်မြင်ကြသည်။
သူမ သေဆုံးရခြင်း၏ အဓိကတရားခံမှာ သူမကိုယ်တိုင်ပင်။
တစ်ချိန်တည်းမှာပင် ‘နတ်သမီးရေကန်’၏ ရေအရည်အသွေးသည်လည်း တဖြည်းဖြည်း ဆိုးဝါးလာခဲ့ပြီးနောက် ဖမ်းမိသမျှ ငါးနှင့် ပုဇွန်များသည်လည်း အနံ့ဆိုးဝါးကာ ရောင်းချ၍ မရနိုင်တော့ပေ။
စိတ်ပူပန်နေကြသော ငါးဖမ်းသမားများလည်း ရွေးချယ်စရာမရှိတော့။
အနီးအနားရွာမှ နာမည်ကြီး ဝိဉာဉ်ကြားခံသူတစ်ဦးအား ပင့်ဖိတ်ကာ ပြဿနာဖြေရှင်းနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
ထိုပညာရှင် ရောက်ရှိလာသည်နှင့် ဤပြဿနာများ၏ ကနဦးအရင်းအမြစ်က ကန်အောက်ခြေအထိ နစ်မြုပ်သွားခဲ့သော လျှို့မိုရှင်း၏ အလောင်းကြောင့်သာ ဖြစ်ကြောင်း ချက်ချင်း ပြောဆိုခဲ့သည်။
“ဒီအမျိုးသမီးက အသတ်ခံရတာဖြစ်သလို သူမရဲ့ အငြိုးတရားတွေကလည်း အစကတည်းက အများကြီးရှိနေတာ.. သူ့ခန္ဓာကိုယ်ကို ရေထဲပစ်ချလိုက်တော့ ရေမွမ်းပြီး အသက်ရှူကြပ်တဲ့ ဝေဒနာတွေ၊ ရေစိမ်ထားခံရလို့ အသားတွေက ပွတက်လာပြီး ငါးတွေ၊ ဂဏန်းတွေက နေ့ရော၊ညပါ သူ့နှလုံးကို စားသောက်နေတဲ့ နာကျင်မှုတွေ ခံစားခဲ့ရတယ်
အဲ့ဒီအမုန်းတရားတွေကြောင့် သူက အမျက်ကြီးတစ္ဆေတစ်ကောင် ဖြစ်လာတာပဲ!”
“ကန်ထဲက ငါးတွေ ပုဇွန်တွေ အခုလို ဖြစ်နေတာက သူ့ရဲ့ အငြိုးတရားနဲ့ ပြည့်နေတဲ့ အသားပုတ်တွေကို စားမိလို့ပဲ”
“သူ့ရဲ့ ခန္ဓာကိုယ်ကို အမြန်ဆုံးပြန်ဆယ်နိုင်မှရမယ် .. မဟုတ်ရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး”
ယခုအချိန်တွင်တော့ ရွာသားများ၏ အပြစ်တင်သံများ ပို၍ပင် ဆူညံလာတော့သည်။ လျှို့မိုရှင်းသည်က လွန်လွန်းလှသည်ဟု တွေးနေကြသည်။
သူမက အရှက်မဲ့စွာ သေဆုံးခဲ့ရသည့်အပြင် မြို့ထဲမှ လူများကိုပါ ဒုက္ခပေးခဲ့သေးသည်။
ရဲသားများသည်လည်း ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သန့်ရှင်းရေးရေယာဉ်အဖွဲ့သားများနှင့် ဆွေးနွေးနေခဲ့သည်။ ရေနှင့် နီးစပ်သည့် အဖွဲ့သားများ ကန်ခြေသို့ ရေငုပ်ကိရိယာများနှင့် ငုပ်ကာ ခန္ဓာကိုယ်အား ပြန်လည်ဆယ်ယူပေးရန် မျှော်လင့်ခဲ့ကြသည်။
သို့သော် အဖွဲ့တွင်းမှ လူများမှာလည်း ကြောက်လန့်နေကြလေသည်။
လျှို့မိုရှင်းက ရက်စက်ကြမ်းကြုတ်သည့် တစ္ဆေအဖြစ် ပြောင်းလဲသွားသည့်အပြင် အင်မတန်လည်း အငြိုးကြီးလှသည်။
ထိုကဲ့သို့ ရေနက်ထဲတွင် တစ်ခုခုဖြစ်ပျက်ခဲ့ပါက ဘုရားသခင်ပင် သူတို့အား ကယ်နိုင်မည်မဟုတ်!
ထိုသို့ အခြေအနေများ ဘေးကျပ်နံကျပ်ဖြစ်နေခဲ့ချိန်မှာပင် ခရီးသွား ထူးခြားပညာရှင်တစ်ဦးက လျှို့မိုရှင်းအမှုအကြောင်းကို ကြားသိခဲ့ကာ ရောက်လာလေသည်။
သူရောက်လာချိန်တွင် သူ့ဘက်မှ ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ပြောဆိုခဲ့ပြီး သူ၏ ဆန္ဒအတိုင်း စီစဉ်မှုကို လက်ခံရမည်ဟု တောင်းဆိုခဲ့သည်။
ထိုတောက်ကျန့်က ရေကန်ထဲတွင် ပူဇော်ပသပွဲတစ်ခု ပြုလုပ်ခဲ့သည်။
လုပ်ဆောင်မှုများ ပြီးစီးချိန်တွင် လျှို့မိုရှင်း၏ ခန္ဓာကိုယ်သည်လည်း ရေပေါ်,ပေါ်လာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ရောင်ရမ်း၊ပုတ်ပွ၊ နံစော်နေခဲ့လေသည်။
ဦးခေါင်းနောက်တွင် ငါးပုဇွန်များ၏ စားသောက်ခြင်းခံထားရသောကြောင့် အပေါက်ကြီးတစ်ခုရှိနေပြီး မျက်နှာတစ်ခုလုံးမှာလည်း ဖြူဖျော့ကာ ခရမ်းရောင်သန်းနေခဲ့သည်။
ခါးနှင့် ရင်ဘတ်တို့တွင် ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားပြီး ကြိုး၏ တစ်ဘက်တွင် ကျောက်တုံးတစ်တုံး တွဲလောင်းပါလာခဲ့သည်။ ကြိုးချည်ထားသည့် နေရာများတွင်လည်း အရှိူးရာများနှင့် သွေးစွန်းရာများ ပြည့်နေခဲ့သည်။
အလောင်းကို ဆယ်ယူပြီးချိန်တွင် ထိုတောက်ကျန့်က ဤခန္ဓာကိုယ်၏ ဒေါသနှင့် အမုန်းတရားများမှာ သာမန်မြှုပ်နှံမှုမျိုးနှင့် မဖြေသိမ့်နိုင်အောင် နက်ရှိုင်းလွန်းလှသည်ဟု ဆိုလာခဲ့သည်။
သူမ၏ အလောင်းစွမ်းအင်များနှင့် အမုန်းတရားတို့က ရေကန်ထဲ၌ ပျံ့နှံ့ခဲ့သကဲ့သို့ပင် ကုန်းမြေပေါ်အထိ ပျံ့နှံ့ကာ မြို့ကြီးတစ်ခုလုံး၏ ပတ်ဝန်းကျင်ကို ထိခိုက်စေမည်ဟုဆိုခဲ့သည်။
ထို့ကြောင့် သုံးရက်အတွင်း ‘ဝိဉာဉ်ဖိနှိပ်ခြင်းသံမှို’အား အလောင်းတွင်းသို့ ထည့်သွားကာ အခေါင်းတလားပေါ်တွင်လည်း မန္တာန်ကျမ်းစာရွက်ဖြင့် ချုပ်နှောင်ရမည်ဖြစ်သည်။
သူ့၏စကားကို ကြားရပြီးနောက် ရွာသားများလည်း ထိတ်လန့်ပြီး လျှို့မိုရှင်း၏ ခင်ပွန်းဖြစ်သူမှလည်း သဘောတူညီခဲ့သည်။
နောက်ဆုံးတွင်တော့ ထိုတောက်ကျန့်က အထက်ပါအစီအရင်ကို သုံးရက်ဆက်တိုက်ပြုလုပ်ပေးခဲ့ပြီး လျှို့မိုရှင်း၏ ခန္ဓာကိုယ်ကို အခေါင်းထဲသို့ ထည့်၍ မြှုပ်နှံခဲ့သည်။
တောက်ကျန့်၏ စကားအရ အလောင်းထံမှ အငြိုးတရားများက ရေကန်ထဲ၌ ပျံ့နှံ့နေခဲ့သောကြောင့် သန့်စင်ရန် လိုအပ်နေသည်။
ထို့ကြောင့် ရွာသားများကို ကန်လယ်ဇရပ်အနီးတွင် ရွှံ့မြေများ သယ်ဆောင်စေပြီးနောက် ဘဲစာပင်၊ ကြာပန်းနှင့် သစ်ပင်ပန်းမန်များ စိုက်ပျိုးစေခဲ့သည်။
တောက်ကျန့်ယွင်ရော့ ပြောဆိုခဲ့သည်မှာ ထိုအပင်များ၏ ရိုးတံက ဂလိုင်ပေါက်ဖြစ်သောကြောင့် ကန်တွင်းမှ အငြိုးတရားများအား စုပ်ယူနိုင်သည်ဟုပင်။
အမှန်ပင်။ ထိုအပင်များ စိုက်ပျိုးပြီး အချိန်မကြာလိုက်၊ ကန်တွင်းမှ အနံ့ဆိုးများ လျော့ပါးသွားခဲ့ပြီးနောက် ဖမ်းဆီးရရှိသည့် ငါးပုဇွန်များမှာလည်း ယခင်ကကဲ့သို့ အနံ့ဆိုးများ မရှိတော့ပေ။
နောက်ပိုင်းတွင်တော့ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး ထိုအဖြစ်အပျက်ကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။
လျှို့မိုရှင်း လူသတ်မှုအကြောင်းကို အစအဆုံး နားထောင်ပြီးချိန်တွင် ကုကျစ်စုန့် မျက်နှာကို ရှုံ့မဲ့လိုက်သည်။
“အဲဒီတောက်ကျန့်က နတ်သမီးရေကန်ထဲက အမှုကို အဆင်ပြေသွားအောင် ကူညီပေးခဲ့တာ မှန်ပေမဲ့ သန့်စင်ပေးခဲ့တာမဟုတ်ဘူး..
သူက အခြားနည်းလမ်းကို သုံးပြီးတော့ ရေထဲက အငြိုးတရားတွေကို ဖျောက်ပြီးတော့ ကုန်းမြေပေါ်ကို ဖြန့်ကျဲပစ်လိုက်တာပဲ
ဒီနာကျည်းမှုတွေကို ပိုပြီးတောင် မြန်မြန်ပျံ့အောင် ကူညီပေးခဲ့တာ”
“သူက ဒီဖွဲ့စည်းပုံကိုတောင် လုပ်နိုင်သေးတဲ့လူပဲ..ဒီတော့ ဒီကိစ္စရဲ့ လုပ်ဆောင်ပုံကို မသိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး..ကျွန်မ သံသယဝင်မိတာတစ်ခုက….”
ဂဲလီယိုချန်း : “ဘာကိုလဲဟင်?”
“အဲဒီတောက်ကျန့်က သေဆုံးသူအမျိုးသမီးရဲ့ အလောင်းကို မမြှုပ်ခဲ့လောက်ဘူးလို့ ထင်တယ်.. အဲဒီအလောင်းကို ထည့်လိုက်တဲ့ အခေါင်းတလားကလည်း အလွတ်ကြီးပဲ ဖြစ်ရမယ်!”
ထိုစကားကို ကြားရပြီးနောက် ဂဲလီယိုချန်းနှင့် အခြားအဖွဲ့ဝင်များ အံ့အားသင့် တွေဝေသွားကြသည်။
“အဲဒီလိုတော့… မဟုတ်လောက်ဘူးထင်တယ်နော်? သူက ခန္ဓာကိုယ်ကို ချက်ချင်းခိုးသွားတယ်ဆိုရင်လည်း တော်သေးတယ်.. ဘာလို့ ရွာထဲမှာ သုံးရက်လောက် ဟိုပွဲ၊ဒီပွဲတွေ လျှောက်လုပ်နေပါဦးမလဲ?”
ကုကျစ်စုန့် ခေါင်းကို အသာရမ်းကာ ပြောလိုက်သည်။
“ထားပါ.. အခု လူသတ်သမားဆိုတဲ့လူကို အရင်သွားကြည့်ကြတာပေါ့”
ဂဲလီယိုချန်း ချက်ချင်းခေါင်းငြိမ့်လိုက်သည်။
“နင် အဲ့ဒီလူမိုက်ကျိုးကို မြင်ချင်လို့လား? ငါ စီစဉ်ထားလိုက်မယ်”
ဖမ်းဆီးထိန်းသိမ်းရေးစင်တာသို့ သွားသည့်လမ်းတွင် ကုကျစ်စုန့်နှင့် အဖွဲ့ဝင်များက ရှင်းချွမ်ရွာထဲမှ ဖြတ်လာခဲ့ကြသည်။
ရွာအဝင်ဝတွင် အဖိုးကြီးအဖွားကြီးများက သစ်ပင်အောက်တွင် ယပ်တောင်များ ခတ်ရင်း ကတ်ကစားနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ဂဲလီယိုချန်းလည်း ကားပြတင်းမှ ခေါင်းပြူ၍ အော်မေးလိုက်သည်။
“ဦးလေးတို့၊ ဒေါ်လေးတို့.. နတ်သမီးရေကန်ထဲမှာ အရင်လတွေတုန်းက လူသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ အမှုကို သိကြလား?”
စကားတပြောပြောဖြင့် ကတ်ကစားနေကြသည့် ရွာသားများက သူတို့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
“သိတာပေါ့! မသိဘဲ နေပါ့မလား? အဲ့တာက ဖြစ်တာကြာပါပြီ.. အခုမှ ဘာလို့မေးနေတာလဲ?”
“ကျွန်မလည်း သူများပြောတာ ကြားမိတော့ သိချင်လို့လေ”
တက်ကြွနေသည့် ရွာသားများလည်း သူတို့အား ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြကြသည်။ ရွာသားများပြောပြသည့် ဇာတ်ကြောင်းတွင်တော့ သူတို့၏ အထင်အမြင်များလည်း ရောယှက်နေသည်။
“ရှောင်လျှို့ကို အဲဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါတို့လည်း မထင်ထားဘူး.. ဘာကိစ္စ ရွာထဲက လူတွေထဲကမှ အဲဒီလူမိုက်ကျိုးဆိုတဲ့ အကောင်နဲ့ သွားပြီး ပတ်သတ်ရသလဲမသိပါဘူး
အရှက်လည်း မရှိဘူး.. ဒါပေမဲ့ ငါတို့လည်း အဲလိုကိစ္စတွေနဲ့ ပတ်သတ်ပြီး ဘာပြောလို့ရမှာလဲ? ဘယ်သူကိုသွားပြီး အပြစ်တင်ရမလဲ?
သတိလက်လွတ်နေမိတဲ့ ရှောင်လျှို့ကိုပဲ အပြစ်တင်ရမှာပဲ!”
“ကျုပ် အရင်က မပြောဘူးလား? အဲဒီကောင်မလေးက မြို့ထဲမှာ ညနက်တဲ့ထိနေပြီးတော့ တခြားယောကျ်ားတွေနဲ့လည်း ဟီးလာတိုက်နေတာပါဆို.. အဲဒီကတည်းကိုက ဗီဇက ပြနေပြီးသားပဲ.. ညည်းတို့သာ ကျုပ်ကို မယုံသင်္ကာနဲ့ ဖြစ်နေကြတာ..”
ရွာသားများ၏ ပါးစပ်ဖျားတွင်တော့ လျှို့မိုရှင်းသည်က လှပသော်လည်း အနေအထိုင်မတတ်သည့် အမျိုးသမီးတစ်ဦးသာလျှင်ဖြစ်ချေသည်။
ဤကဲ့သို့ အဖြစ်ဆိုးဖြင့် ကြုံရသောကြောင့် စိတ်မကောင်းဖြစ်ကြရသော်လည်း သူမသည်လည်း အပြစ်ကင်းသူမဟုတ်ခဲ့ပါချေ။
*