← Chapters

လူသတ်သမား (1)

Vol. 27 Ch. 267

လူသတ်သမား (1)

Vol. 27 Ch. 267

ကုကျစ်စုန့် အေးဆေးတည်ငြိမ်စွာ နားထောင်နေရင်း ရုတ်တရက် ထမေးလိုက်သည်။

“သူမရဲ့ အမျိုးသားကရော ဘယ်ကို ရောက်သွားလဲ? လူတွေ ပြောကြတာတော့ သူ့အမျိုးသားက ဒေါသကြီးတယ်ဆို?”

ရွာသားလည်း တံတွေးသီးသွားခဲ့သည်။

“သူ့ယောင်္ကျားက ဒေါသကြီးတာတော့အမှန်ပဲ.. အမြဲတမ်း စိတ်တိုနေပြီးတော့ အရက်သောက်ပြီးရင်လည်း ကြောက်စရာကောင်းတယ်.. ငါတို့လည်း သူတို့မိသားစုနဲ့ သိပ်ပြီးတော့ အဆက်အသွယ်မရှိဘူးလေ”

“ငါအရင်ကဆို ရှောင်လျှို့ရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေတောင် မြင်ဖူးတယ်!”

“ဪ၊ ယောင်္ကျားတွေက လက်ပါရင် လက်ဆကို မထိန်းနိုင်ဘူးလေကွာ.. သူ့ယောင်္ကျားက မှားနေပါစေဦး သူက မဖောက်ပြန်သင့်ဘူးလေ!

သူ့မိဘတွေ၊ အစ်ကိုတွေ၊ သားတွေပါ အကုန်အရှက်ကွဲရတာပေါ့.. ဒီကိစ္စပြီးတော့ ကလေးက ဘယ်လိုနေရမလဲ?

သူက အခုမှ အငယ်လေးပဲ ရှိသေးတာ.. ပြောရရင် လူတိုင်းက သူ့အမေ အသတ်ခံလိုက်ရတာကို သိနေကြပြီလေ.. အခုတော့ သူတို့မိသားစုလည်း နေရာရွေ့သွားကြပြီ”

“……”

ကုကျစ်စုန့်လည်း မျက်လုံးများကို မှေးစင်းလိုက်ပြီးနောက် ဆက်မမေးတော့ပေ။

ဖမ်းဆီးထိန်းသိမ်းရေးစင်တာရှေ့သို့ ကားရပ်လိုက်သည်နှင့် တာဝန်ကျရဲသားမှ သူတို့အား နှုတ်ဆက်ပြီးနောက် အထဲသို့ ဖိတ်ခေါ်ရှင်းပြခဲ့သည်။

“တရားရုံးကတော့ ပထမဆုံးရုံးချိန်းမှာ သူ့ကို ဆိုင်းငံ့သေဒဏ်ချထားတယ်.. သူကတော့ လက်မခံဘဲ အယူခံဝင်ထားသေးတယ်.. ဒီတော့ သဘက်ခါကျရင် ဒုတိယရုံးချိန်းရှိဦးမှာ”

“သူပြောတာတော့ လူသတ်ပြီး အလောင်းဖျောက်မိတာက အရက်တွေ အများကြီးသောက်ထားလို့တဲ့.. အဲယါက လူသတ်မှုဆိုပေမယ့် တစ်ဖက်လူက သူ့ကို နာမည်ဖျက်မယ်ဆိုပြီး ခြိမ်းခြောက်ထားသေးတယ်.. ဒီတော့ တရားကျကျ ပြောရရင် နှစ်ယောက်လုံးမှာတော့ အပြစ်ရှိနေတာအမှန်ပဲ..

အခု သူက ရှေ့နေလည်း ငှားထားသေးတယ် ဘာပဲဖြစ်ဖြစ်ပဲ ဒီအမှုက အခုထိတော့ ပြဿနာတွေ ရှုပ်နေတုန်းပါပဲ”

“လောင်ကျိုး၊ ထွက်လာခဲ့တော့.. ဒီမှာ မင်းကို မေးမြန်းစရာရှိလို့ ရဲအရာရှိနှစ်ဦးရောက်နေတယ်”

ထို့နောက် ဆံပင်ရိတ်ထားသည့် လူမိုက်ကျိုးလည်း စစ်ဆေးမေးမြန်းခန်းထဲသို့ ထောင်ဝတ်စုံနှင့် လက်ထိပ်များ ဝတ်ဆင်ထားကာ ဝင်ရောက်လာခဲ့သည်။

သူ၏ မျက်လုံးများမှာလည်း ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့အား အကဲခတ်နေခဲ့သည်။ သူ့အား စုံစမ်းမေးမြန်းမည့်သူများသည်က ထိပ်တန်းရဲအရာရှိများမဟုတ်ဘဲ ချောမောလှပသည့် မိန်းမငယ်လေး နှစ်ဦးဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချက်ချင်းလိုပင် သူ၏ ထိုင်းမှိုင်းမှုများ ပျောက်ကွယ်သွားခဲ့ပြီးနောက် စိတ်ပူပန်နေခြင်းများလည်း လျော့သွားခဲ့သည်။ သူက ခေါင်းကို စောင်းကာ ခပ်မဲ့မဲ့ ပြုံးလိုက်ရင်း စိတ်မရှည်စွာ မေးလိုက်သည်။

“မင်းတို့ ဘာတွေများ မေးချင်သေးတာလဲ? ဒီအမေးအဖြေတွေကို လုပ်နေတာ အကြိမ် ၈၀၀တောင် ကျော်နေလောက်ပြီ၊ ဘာမှလည်း ထူးမလာဘဲနဲ့.. ငါကတော့ အယူခံဝင်မှာပဲ

မတော်တဆသတ်မိသွားတာဟုတ်ပေမဲ့ သူကလည်း ငါ့ဆီကနေ ငွေတွေ အများကြီးညှစ်ထားသေးတာလေ၊ ငါ့ကို မုဒိမ်းမှုနဲ့ တရားစွဲမယ်လည်းပြောသေးတယ်.. အခုလိုမှ မခုခံရင် ငါက နေရင်းထိုင်ရင်း မတရားခံရဦးမယ်!”

“ရဲအရာရှိနှစ်ယောက်ရယ်၊ မင်းတို့ကရော သူက အင်တာနက်ပေါ်မှာ‌ ပြောကြသလိုမျိုး ပိုင်းလုံးလို့ မထင်ဘူးလား? ကျုပ်က သေသင့်တဲ့အထိတော့ အပြစ်မရှိပါဘူး!”

သူ အားတက်သရော ပြောဆိုနေချိန်တွင် ကုကျစ်စုန့်က သူ့မျက်နှာနှင့် ခန္ဓာကိုယ်အား သေချာလေ့လာနေခဲ့သည်။

သူမ၏ အာရုံမျိုးငါးပါးသည်က အင်မတန် အာရုံခံနိုင်စွမ်းမြင့်မား၍ပေလောမသိသော်လည်း ဤလူမိုက်ကျိုးထံမှ မြစ်ရေပုတ်နံ့အနည်းငယ် ရနေခဲ့သည်။

ထိုအရာသည် ပုတ်သိုးနေသာ ငါးနှင့် ပုဇွန်များ၏ အနံ့နှင့်ပင် ဆင်တူသည်။

ထို့အပြင် သူသည်က တစ်ချိန်လုံး ခန္ဓာကိုယ်အား ကုတ်နေမိသည်ကို ကိုယ်တိုင်ပင် သတိထားမိပုံမပေါ်ပေ။ စကားပြောနေရင်း လက်ဖမိုးအား ကုတ်နေခဲ့ပြီး တစ်ခါတစ်ရံ လက်မြှောက်၍ လည်ပင်းအား ကုတ်နေခဲ့သည်။

သူ၏ လည်ပင်းမှ အရေပြားသည်လည်း ကုတ်ခြစ်မှုများကြောင့် နီမြန်းနေပြီး ထင်ရှားလွန်းလှသည်။

ထိုအခါမှသာလျှင် ကုကျစ်စုန့် တည်ငြိမ်စွာ စကားစလိုက်သည်။

“ဥပဒေအရပြောရရင်တော့ ရှင်က တကယ်လည်း မသေသင့်ဘူး.. ဘာလို့လဲဆိုတော့ ရှင် လူမသတ်ခဲ့လို့ပဲ”

လူမိုက်ကျိုး၏ ပြုံးစိစိမျက်နှာက တည်သွားခဲ့ပြီးနောက် အနည်းငယ်ကြာမှ ပြန်ပြုံးကာ ပြောလိုက်သည်။

“ဒီက အရမ်းလှတဲ့ အရာရှိလေး၊ ကျုပ်အတွက်‌ ကူပြောပေးလို့ ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ကျုပ်ဆိုတဲ့ လောင်ကျိုးက တာဝန်ယူရဲတဲ့ သတ္တိရှိတယ်

ကျုပ် လုပ်လိုက်တဲ့အရာအတွက် ဝန်မခံဘဲ ထွက်ပြေးမှာမဟုတ်ဘူး!”

ကုကျစ်စုန့် လက်ကို မြှောက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်၏ ချက်နေရာအား လက်ချောင်းဖြင့် ညွှန်ပြရင်း ပြုံးလိုက်သည်။

“ရှင့်ရဲ့ ဘဝမှာ မကောင်းမှုစွမ်းအင်မရှိဘူး.. ယင်စွမ်းအင်ပဲ ရှိတယ်.. ဆိုလိုတာက ရှင် လူမသတ်ခဲ့ဘူး”

“ရှင်က အခြားယုတ်မာကြမ်းတမ်းတဲ့ အရာတွေကိုတော့ လုပ်ခဲ့လိမ့်မယ်.. ဒါကြောင့်ပဲ သရဲဖမ်းစားတာခံရပြီး ညဆို အိပ်လို့ မရဘဲဖြစ်နေတာ”

လူမိုက်ကျိုးလည်း သဘောကျစွာ ရယ်လိုက်သည်။ သို့သော် ကုကျစ်စုန့်၏ တည်ငြိမ်နက်ရှိုင်းသော မျက်ဝန်းနက်နက်များအား မြင်လိုက်ရပြီးနောက် တုန်လှုပ်စွာ မျက်နှာလွှဲလိုက်သည်။

“ကျုပ်.. ကျုပ်ကတော့ မင်းဘာတွေ ပြောနေလဲဆိုတာကို မသိဘူး.. မင်းတို့ ရဲအရာရှိတွေက အခုထိ မိစ္ဆာတွေလို လုပ်နေကြတုန်းပဲလား?”

“မျိုးရိုးနာမည်ကျိုး၊ အသက် ၄၃နှစ်ရှိပြီး ကလေးလည်းမရှိ၊ မိန်းမလည်းမရှိဘူး.. ရှင်က လူပျိုကြီးပဲ ရှင့်အသက် ၄၀အတွင်းမှာ ရှိတဲ့ တစ်ခုတည်းသော အိမ်ထောင်ကျနိုင်ချေကလည်း ရှင့်ရဲ့ လူမသိတဲ့ရောဂါကြောင့် အဆင်မပြေလိုက်ဘူးလေ

အဲဒီရောဂါကပဲ ရှင့်ကို ကိုယ့်ကိုကိုယ် ယုံကြည်ချက်အားနည်းပြီး မိန်းမတွေကို နှိမ်ချဆက်ဆံချင်ခဲ့တာ၊

ရှင်က အမြဲတမ်း မိန်းမတွေကို ဆဲဆိုတတ်တယ်၊ ရှင့်မှာ ဝစီကံက တော်တော်လေးကို အပြစ်ကြီးနေတယ်၊ ဆိုလိုတာက ရှင်က သူများကို အမြဲတမ်း ညစ်ညမ်းစကားတွေပဲ ပြောတတ်ပြီး နောင်တလည်း မရဘူး”

ကုကျစ်စုန့်၏ တည်ငြိမ်အေးဆေးသည့် စကားလုံးများကြောင့် လူမိုက်ကျိုးတစ်ယောက် မျက်စိမျက်နှာပျက်သွားခဲ့ရသည်။

သူက မျက်နှာတစ်ခုလုံး နီရဲလာခဲ့ပြီးနောက် သူမကို မျက်လုံးပြူး၍ စိုက်ကြည့်နေပြီး မယုံနိုင်ဖြစ်နေခဲ့သည်။

သူ၏ မျက်နှာက အလွန်လည်း ရှုံ့မဲ့နေခဲ့သည်။

“နင်! စောက်ကောင်မ၊ နင်ကမှ လူမသိတဲ့ ရောဂါရှိတာ!”

ကုကျစ်စုန့်ကတော့ သူ၏ အော်သံကို မမှုဘဲ ဆက်ပြောသည်။

“ရှင်က တစ်ဘဝလုံး ဘာနဲ့မှကို ယှဉ်လို့မရအောင် အမြဲကျရှုံးနေခဲ့တာချည်းပဲ.. အပျင်းကြီးတယ်..ဒါပေမယ့် ဘဝင်မြင့်နေတာ.. ရှင့်ရဲ့ အိတ်ကပ်ထဲမှာ ဘယ်တော့မှ အကြွေစေ့နည်းနည်းထက် ပိုမရှိဘူး

ရှင့်ရဲ့ လောင်းကစားကံကလည်း ရှင်ပြောသလို ကောင်းဖို့ဆိုတာ ဝေလာဝေးပဲ၊ ခဏခဏ ခွက်ခွက်လန်အောင် ရှုံးတဲ့အတွက် အကြွေးတောင်းတဲ့သူတွေ လိုက်လို့ ပြေးရပေါင်းလည်း မနည်းဘူး”

“ဒီတော့ တစ်ဘဝလုံးနီးပါး အကြွေးနွံနစ်နေခဲ့တဲ့ ရှင့်လို အရှုံးသမားတစ်ယောက်၊ လွန်ခဲ့တဲ့ သုံးလလောက်က လူသတ်မှုကြောင့် ထောင်ချထားခံရတဲ့သူက ဘယ်လိုလုပ်ပြီး ညတွင်းချင်း ချမ်းသာသွားရတာလဲ?”

လူမိုက်ကျိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ မြေအောက်တစ်နေရာတွင် မြှုပ်ထားခဲ့သည့် ရွှေချောင်းများကို ပြန်တွေးလိုက်မိသည်။

သူ၏ ခြေထောက်ပေါ်တွင် တင်ထားသည့် လက်များကို လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဇောချွေးများလည်း ပြန်လာခဲ့သည်။

သူ့ရှေ့မှ မိန်းမငယ်သည် မကောင်းဆိုးဝါးတစ်ကောင်ပင် ဖြစ်ရမည်!

ကုကျစ်စုန့် လူမိုက်ကျိုး၏ နှာခေါင်းအား ညွှန်ပြလိုက်သည်။

“ရှင့်ရဲ့ ‘ရှိုးရှန်’နဲ့ ‘ကျွင်းထို’နေရာတွေမှာ ရှင့်ရဲ့ ချမ်းသာကြွယ်ဝမှုကို ပြနေတယ်လေ.. ဒီတော့ ရှင်က အခုချမ်းသာနေပြီ..

ဒါပေမယ့် ရှင့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ထောင့်ကနေ ပူဖောင်းတွေ ထွက်လာနေတယ်။ အဲ့တာက ရှင် စားတဲ့အချိန်၊ သောက်တဲ့အချိန်မှာ စပ်ဖျဉ်းဖျဉ်း နာကျင်လိမ့်မယ်၊ ဆိုလိုတာက ဒါက ရုတ်တရက်ကြီး ထ,ပြီး ချမ်းသာသွားတာဖြစ်တဲ့အတွက် ရှင့်မှာ လက်ဝယ်ပိုင်ဆိုင်ခွင့်လည်းမရှိသလို စည်းစိမ်ခံစားခွင့်လည်း မရှိဘူး”

“ဒါ့အပြင် ရှင်က အခုရက်ပိုင်း အမြဲတမ်းရေဆာနေတယ်.. ရေပဲ သောက်နေခဲ့တယ်.. ထိုင်ပြီး ဘာမှလုပ်မနေပါဘဲနဲ့ ချွေးတွေ ထွက်နေတယ်၊ ပြီးတော့ ရှင့်ကိုယ်ပေါ်က အရေပြားကလည်း ခြောက်ကပ်ပြီး အရေခွံတွေ ကွာနေခဲ့သေးတယ်

အဲဒါက မခံနိုင်အောင်လည်း ယားသေးတယ်‌လေ၊ ဒါတွေအားလုံးက ရေသရဲတစ်ကောင်ရဲ့အငြိုးတရားကြောင့်ပဲ”

ပြောပြောဆိုဆိုပင် ကုကျစ်စုန့် မျက်လုံးများကို မှေးလိုက်ပြီး သဘောကျစွာ ပြုံးပြလိုက်သည်။

“ဒီအငြိုးတရားတွေနဲ့ ရှင် အသက်ရှည်မှာလည်း မဟုတ်ပါဘူး၊ ရှင့်ကို အသက်နှုတ်ချင်တဲ့ သရဲတစ္ဆေမရှိရင်တောင်မှ ရှင်က အဲဒီစည်းစိမ်တွေကို ခံစားရမှာ မဟုတ်သေးဘူး”

“ရှင့်ရဲ့ ဘဝမှာ တော်တော်လေး ပြင်းထန်တဲ့ ကပ်ဘေးတစ်ခုရှိတယ်၊ နောက် ၂နှစ်၊ ၃နှစ်လောက်ကျရင် ရှင်က ထောင်ထဲမှာပဲ ‘မတော်တဆ’မှုကြောင့် သေရလိမ့်မယ်၊ ရှင် အခုမပြောလိုက်တဲ့အရာတွေကိုလည်း ဝမ်းထဲမှာတင် မြိုသိပ်ပြီး မြေမြှုပ်ခံလိုက်ရမှာပဲ”

သူမ ဆက်ပြောလေလေ၊ လူမိုက်ကျိုး၏ လက်သီးဆုပ်များ တုန်ယင်လာလေဖြစ်သည်။

နောက်ဆုံးတွင်တော့ လက်သီးဆုပ်ကိုဖြည်ကာ ကြောက်နေသည်အား မသိသာစေရန် ခြေထောက်များကို တင်းတင်း ဆုပ်ကိုင်ထားခဲ့သည်။

သူ၏ စိတ်ထဲတွင်တော့ အတွေးပေါင်းများစွာရှိနေခဲ့သည်။

ဒီမိန်းမရဲ့ စကားတွေက ဘာအဓိပ္ပါယ်လဲ?

သူ့အနေဖြင့် နှုတ်ပိတ်ရန်အတွက် အသတ်ခံရမည်လော?

သူ ကုကျစ်စုန့်၏ စကားများကို မယုံကြည်ချင်သော်လည်း သူမ ပြောသွားသည့် အဖြစ်အပျက်တိုင်းသည်က သူအမှန်တကယ် ဖြစ်ပျက်နေသည်များနှင့် တစ်ထပ်တည်း ကျနေခဲ့သည်။

ယခုရက်များတွင် သူသည် ချွေးများ ရွှဲနစ်၍ နိုးထလာရသည်။ နေ့စဉ် ရေအများအပြားသောက်သော်လည်း အရေပြားက ခြောက်သွေ့ယားယံနေဆဲပင်။

ကုန်းပေါ်သို့ ပစ်တင်ခံထားရသည့် ငါးတစ်ကောင်လို ခံစားနေရသည်။

ကုကျစ်စုန့် မျက်နှာကို ပြန်တည်လိုက်ပြီး ဆက်ပြောသည်။

“ကျိုးမျိုးရိုး ၊ ရှင့်မှာ စဉ်းစားဖို့ နောက်ဆုံးအခွင့်အရေးရှိတယ်”

“အဲဒီမိန်းမကို ရှင် တကယ်သတ်လိုက်တာလား?”

နောက်ဆုံးအချိန်ထိ လူမိုက်ကျိုးက အံကိုကြိတ်ကာ အသံတိတ်နေခဲ့သည်။

“မင်း ဘာတွေပြောနေသလဲဆိုတာ ငါနားမလည်ဘူး.. မင်းတို့ ရဲအရာရှိနှစ်ယောက် မေးလို့ ပြီးပြီလား? ငါပြန်သွားလို့ ရပြီလား?”

ကုကျစ်စုန့်လည်း လူမိုက်ကျိုးအား‌ သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။

“ရတာပေါ့”

သူသည်က သူ့၏ကိုယ်ပေါ်မှ အငြိုးတရားများကို ဖယ်ရှားနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

အပြစ်အား နောင်တမရသူကို ကယ်ဆယ်စရာအကြောင်းမရှိပေ။

ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့ စစ်ဆေးခန်းမှ ထွက်လာ,လာချင်းပင် စားပွဲ၊ကုလားထိုင်များ တွန်းရွေ့သွားသည့် အသံအား ကျယ်လောင်စွာ ကြားလိုက်ရသည်။

လူမိုက်ကျိုးသည်လည်း ဒယီးဒယိုင်ဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီးနောက် ခုံတစ်လုံးအား တိုက်လဲသွားပြီး ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်နေခဲ့သည်။

မှတ်တမ်းယူနေသည့် ရဲအရာရှိလည်း ထိတ်လန့်တကြား ပြေးသွားခဲ့လေသည်။

“ကျိုးမျိုးရိုး ၊ မင်းဘာဖြစ်တာလဲ?!”

All Chapters