← Chapters

လူသတ်သမား (3)

Vol. 27 Ch. 268

လူသတ်သမား (3)

Vol. 27 Ch. 268

လျန်ယိုခန်းငှားရမ်းနေထိုင်သည့် အလွှာတွင် မိသားစုတစ်စုက မီတာနှင့် ပတ်သတ်၍ ပြဿနာဖြစ်နေဟန်ပေါ်သည်။ တိုက်ခန်း၏ နည်းပညာသမားများဖြင့် ဆက်သွယ်၍ မီတာအား ပြန်လည်ပြင်ဆင်ရန် စီစဉ်နေကြပြီး လေသံတိုးတိုးဖြင့် အပြစ်တင်ပြောဆိုနေခဲ့ကြသည်။

“မင်းတို့တွေ အဲဒါကို စစ်ကြည့်လို့ မရဘူးလား? အသစ်ပြောင်းလာတဲ့ အခန်းနံပါတ် ၄၀၃က ငါတို့ အိမ်နီးနားချင်းတွေ အကုန်လုံးကို ဒုက္ခပေးနေတာနော်.. သူ့အခန်းရှေ့မှာ ပုံနေတဲ့ အမှိုက်ပုံကိုပဲ ကြည့်ပါ့လား၊ ပုတ်သိုးနံစော်နေပြီ၊ ဒါတောင် လွှင့်မပစ်သေးဘူး!”

“ပိုးကောင်တွေနဲ့ ကြမ်းပိုးတွေလည်း လျှောက်လမ်းပေါ်မှာ ပြည့်နေတာ. အရမ်းကို ရွံစရာကောင်းတာပဲ!”

တိုက်ခန်း၏ နည်းပညာသမားမှာလည်း ချွေးကိုသုတ်လိုက်ပြီး ရှက်ရှက်ဖြင့် ပြောသည်။

“ကျွန်တော်တို့လည်း အကြိမ်ပေါင်းမနည်းဘူးပြောတာပါပဲ.. သူက ဘယ်လိုမှကို နားမထောင်တာ…”

“အဲဒီလိုပြောရုံနဲ့တင် ပြီးရောလား.. မင်းတို့က မသိလို့၊ ငါ အရင်ရက်တုန်းက အလုပ်စောစောသွားရသေးတယ်.. အဲဒီတုန်းက အဝတ်အစားဖရိုဖရဲဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် သူ့အခန်းထဲက ထွက်လာတာကို မြင်ခဲ့ရတာ.. သူတို့က အမြဲတမ်း အဲဒါတွေကို လုပ်နေကြပြီးတော့ ညဘက်ဆိုလည်း အနှောင့်အယှက်အရမ်းဖြစ်တာပဲ

အဲလိုလုပ်တာတွေ မင်းတို့တိုက်ခန်းကို နာမည်ပျက်မယ်လို့မထင်ဘူးလား? သူ့ကို နှင်ထုတ်လို့ မရဘူးလား?”

ညအိပ်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးမှာလည်း ဒေါသတကြီးဖြင့်။

“နင်တို့တွေ လုပ်မပေးဘူးဆိုရင် ငါနောက်ကျ ရဲတိုင်မှာ!”

ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့လည်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့၏ လက်ထဲတွင် ကိုင်ထားသည့် လိပ်စာအမှတ်မှာ အခန်း နံပါတ် ၄၀၃ပင်။

အိမ်နီးချင်းအမျိုးသမီးမှ သူတို့နှစ်ဦးကို မြင်ချိန်တွင် ချက်ချင်းရပ်သွားပြီးနောက် လှမ်းမေးလိုက်သည်။

“နင်တို့တွေ ဘယ်သူ့ကို ရှာနေကြတာလဲ?”

“ငါတို့က အမှုတစ်ခုကိုစုံစမ်းနေတဲ့ ရဲအရာရှိတွေလေ”

ဂဲလီယိုချန်းက သူမအိတ်ထဲမှ ဟူနန်ပြည်နယ်ရဲဌာနတံဆိပ်အား ထုတ်ပြလိုက်ပြီးနောက် မေးလိုက်သည်။

“ဒီက အစ်မ… ငါတို့ကို ဒီ ၄၀၃အကြောင်း နည်းနည်းပြောပြပေးလို့ရမလား?”

အိမ်နီးနားချင်းအမျိုးသမီးလည်း အံ့ဩသွားသည်။

“ငါ အခုလေးတင် ဒီ၄၀၃ကြောင့် ရဲတိုင်မယ်လို့ ပြောနေသေးတာ၊ ဟောဒီက ရဲမေလေးတွေ၊ နင်တို့ ရောက်လာတာ တကယ့်ကို အချိန်ကိုက်ပဲ..အခြားအိမ်နီးချင်းတွေများ ရဲခေါ်လိုက်သေးလားမသိဘူး?”

“ငါ ဒီ ၄၀၃ကို ဘယ်လိုမှ သည်းမခံနိုင်တာ.. ဒီသူဌေးက ဘယ်ကနေလာပြီး ငါတို့နေရာကို ရွှေ့လာလဲမသိပါဘူး.. သူက နေ့တိုင်း ဝတ်စားထားတာများ ကျော့မော့နေတာပဲ.. ပြီးတော့ ညအတူတူအိပ်ဖို့လည်း မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်လာသေးတာ၊အဲဒါတွေက အပျက်မတွေမဟုတ်ရင် ဘယ်သူဖြစ်မှာတုန်း?”

ကုကျစ်စုန့်က ဝင်မစွက်ဖက်ဘဲ အမျိုးသမီးကြီး ပြောသမျှကို နားထောင်နေခဲ့သည်။

“သူက နေ့တိုင်း အလုပ်ကိုလည်း မသွားဘူး.. ငါကတော့ သူနဲ့ လျှောက်လမ်းမှာ ဆုံလိုက်တိုင်းလည်း မူးနေတာချည်းပဲ မြင်တယ်.. ပြီးတော့ ညစ်ပတ်နံစော်နေတာပါအေ

တစ်နေကုန် သီချင်းတွေ အကျယ်ကြီးဖွင့်ထားပြီး ဆူညံနေတာပဲ၊ တစ်ခါတစ်လေဆို မူးရူးပြီး ဆဲဆိုနေတာလည်း ကြားဖူးတယ်”

“ဒီတိုက်ခန်းမှာက စာသင်၊ ကျောင်းတက်နေတုန်း ကလေးတွေအများကြီးပဲ.. သူ့လိုလူမျိုးနဲ့ဆိုရင် ကလေးတွေ အတုခိုးမှားတော့မှာပေါ့.. ပြီးတော့ အရင်တည်းက ငါတို့နဲ့ အိမ်နီးချင်း ၄၀၁ မှာ အသက် ၂၀ကျော် သမီးလေးတစ်ယောက် ရှိတယ်၊ အဲဒီကလေးမလေးဆို သူဒီကို ပြောင်းလာပြီးကတည်းက ဒီမှာ မနေရဲတော့တာပဲ

ဘာပဲဖြစ်ဖြစ်ပါ၊ ငါကတော့ သူ့ကို နည်းနည်းမှ ကြည့်မရဘူး!”

ထိုအိမ်နီးချင်းများသည်သာ ဤသူဌေးနှင့် ပြဿနာမဖြစ်ချင်ပါလျှင်၊ ဤလူသည်က စိတ်ပုံမှန်မဟုတ်ဘဲ တစ်ခုခုဖြစ်လာမည်ကို ကြောက်ရွံ့နေသည်ဟု မထင်ကြပါလျှင် ဤမျှထိ သည်းညည်းခံနေကြမည်မဟုတ်ပေ။

လျှပ်စစ်ပြင်ဆင်သည့် ကိရိယာများ ကိုင်ဆောင်ထားသော တိုက်ခန်းမှ အလုပ်သမားလည်း ခေါင်းကို ဆက်တိုက်ငြိမ့်သည်။

“အမှန်ပဲ.. ကျွန်တော်တို့တွေလည်း တိုက်ခန်းပိုင်ရှင်နဲ့ ဆက်သွယ်ဖူးတယ်.. သူက ဂရုတောင် မစိုက်ပါဘူး.. အဲဒီလူက နှစ်ဝက်စာ အိမ်ငှားခချေထားပြီးသားတဲ့၊ ကျွန်တော်တို့လည်း ဒီလောက်ဆိုးတဲ့ အိမ်ငှားတော့ မြင်တောင် မမြင်ဖူးပါဘူး…”

ကုကျစ်စုန့်တစ်ယောက် အိမ်နီးနားချင်းများထံမှ စိတ်ဆင်းရဲ၊စိတ်ပျက်မှုများကို အတိုင်းသား ကြားနေခဲ့ရသည်။

အမျိုးသမီးကြီးပြောသကဲ့သို့ပင် လျန်ယိုခန်း၏ အခန်းရှေ့တွင် အမှိုက်များ တောင်လိုပုံနေခဲ့သည်။ တချို့အိတ်များသည် ပေါက်ပြဲနေခဲ့ပြီး အတွင်းမှ အမှိုက်ရည်များသည်လည်း ကြမ်းပေါ်သို့ စီးကာ ခြောက်ကပ်နေခဲ့သည်။

အနံ့မှာလည်း ပြော၍ မရအောင်ပင် ဆိုးလွန်းလှသည်။

“ရှင်တို့ပြောတာ သူက ချမ်းသာတဲ့ပုံပေါ်တယ်ပေါ့?”

အိမ်နီးချင်းအမျိုးသမီးက မျက်နှာအား မဲ့ကာရွဲ့ကာ ပြန်ဖြေသည်။

“ငါတော့ အဲ့လိုထင်တာပဲ.. သူက သူ့ကို သူဌေးမှန်း လူမသိမှာစိုးလို့လားမသိပါဘူး.. လည်ပင်းမှာ ရွှေဆွဲကြိုးကြီးကို ပြူးအောင်ဆွဲထားတာအစစ် ဟုတ်၊မဟုတ်တော့ ငါလည်း မသိပါဘူး”

သူမတို့နှစ်ဦး လျန်ယိုခန်း၏ တံခါးအား ခေါက်ရန် ပြင်နေသည်ကို မြင်လိုက်ရပြီးနောက် အမျိုးသမီးကြီး အနည်းငယ်စိတ်ပူနေပုံပေါ်သည်။

“ရဲမေလေးနှစ်ယောက်၊ သတိထားကြနော်!”

တံခါးခေါက်လိုက်ပြီးနောက် ၄၀၃အခန်းတံခါး ပွင့်လာခဲ့သည်။

အခန်းတံခါးသည် ပွင့်တယ်ဆိုရုံလေးသာ ပွင့်လာခဲ့ပြီးနောက် အက်ကွဲနေသည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဘယ်သူတွေလဲ?”

တံခါးအဟလေးမှ မနှစ်မြို့ဖွယ်ရာကောင်းသည့် အနံ့များ တိုးထွက်လာခဲ့သည်။ ထိုအနံ့သည်က လူမိုက်ကျိုးထံမှ ရသည့်အနံ့နှင့် ဆင်တူသော်လည်း ယခုအနံ့မှာ ပို၍ပင် ပြင်းထန်၍ ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသည်။

ဂဲလီယိုချန်းက အိုင်ဒီကဒ်ကို ထောင်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

“ရဲအရာရှိပါ၊ မင်းက လျှို့ယိုခန် မလား?”

အတွင်းမှလူ ခေတ္တရပ်သွားခဲ့ပြီးနောက် တံခါးအားအနည်းငယ် ပို၍ ဖွင့်လိုက်သော်ငြား လူလုံးထွက်မပြခဲ့ပေ။

“မင်းတို့တွေ ဘာပြောချင်ကြသေးတာလဲ? အဲဒီခွေးမနဲ့ သူ့လင်ငယ်တွေနဲ့ ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေ ငါနဲ့မဆိုင်ပါဘူးလို့ မပြောခဲ့ဘူးလား?

သူတို့အကြောင်းကို စောက်ဂရုလည်း မစိုက်ဘူး. သိလည်း မသိချင်ဘူး! အဲဒီကျိုးဆိုတဲ့ အကောင် သေဒဏ်ပဲကျကျ၊ တစ်သက်တစ်ကျွန်းပဲကျကျ ငါနဲ့ ဘာမှကို မဆိုင်တော့ဘူး”

သူ စကားပြောလိုက်ချိန်တွင် အနံ့ဆိုးသည်က ပို၍ပင် လှိုင်လာခဲ့ပြီး ထိုအနံ့သည် သူ့ပါးစပ်မှ ထွက်လာသည့်အနံ့ပင် ဖြစ်ပေသည်။

ဂဲလီယိုချန်း မျက်မှောင်ကြုတ်ကာ မသတီစိတ်အား သည်းခံလိုက်သည်။

“ငါတို့လာတာ အခြားကိစ္စနဲ့ပတ်သတ်ပြီး လာခဲ့တာ”

“...... ဝင်လာခဲ့ပါ”

တံခါး ညင်သာစွာ ပွင့်သွားခဲ့ပြီးနောက် ကုကျစ်စုန့် အရင်ဝင်လိုက်သည်။

အိမ်တွင်းသို့ ဝင်လိုက်သည်နှင့် အတွင်းမှ ပူပူနွေးနွေးအနံ့ကထွက်လာကာ ၎င်းမှာ အင်မတန်ပင် မနှစ်မြို့ဖွယ်ကောင်းလှသည့် ငါးညှီနံ့၊ ချဉ်စုတ်စုတ်နံ့နင့် ပုတ်အက်အက်အနံ့များသာဖြစ်သည်။

ကုကျစ်စုန့်မှာတော့ တည်တည်ငြိမ်ငြိမ်ရှိနေကာ မျက်နှာပင် တစ်ချက်မပျက်ချေ။

အခန်းသည်က မီးရောင်မှိန်မှိန်တစ်လုံးသာ ထွန်းထားသောကြောင့် အလင်းရောင်ကောင်းစွာမရှိပေ။

ကြမ်းပြင်နေရာအနှံ့တွင် အမှိုက်များ ပြည့်နေပြီး ရှုပ်ပွနေသော အိပ်ရာ၊ ဆိုဖာပေါ်တွင် ပုံနေသော အဝတ်ပုံများနှင့် စားပွဲပေါ်တွင်လည်း ဆေးကြောထားခြင်းမရှိသော ပန်းကန်များ ပြည့်နေခဲ့သည်။

လျန်ယိုခန်း ခွက်တစ်ခွက်ကို ယူကာ သူတို့နှစ်ဦးအတွက် ရေတစ်ခွက်ထည့်ပေးခဲ့သည်။

“ဆောရီးပါ ရဲအရာရှိတို့ .. ကျုပ်လည်း အခုတလော စိတ်အခြေအနေသိပ်မဟုတ်တာနဲ့ အိမ်ကိုတောင် သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ ဟိုနားလေးမှာ ခဏထိုင်လို့ရပါတယ်”

“အခြားဘာတွေများ မေးချင်သေးတာလဲ?”

ဂဲလီယိုချန်းတစ်ယောက် ရွံရှာစိတ်ကို ထိန်းကာ ခွက်ကို ကိုင်ထားခဲ့ရှာသည်။

ထိုခွက်သည်က မဆေးမကြောဘဲ သောက်ထားပုံပေါ်ကာ ရေနှင့်မတူသည့် အကြည်ရောင်အကျိအချွဲတစ်ချို့ကိုလည်း ခွက်၏ နှုတ်ခမ်းတွင် မြင်နေရပြီး ထိုခွက်မှာလည်း ငါးညှီစော်နံနေခဲ့သည်။

ဂဲလီယိုချန်း ကုကျစ်စုန့်ကို ကြည့်လိုက်ပြီးနောက် နား,နားသို့ကပ်ကာ မေးလိုက်သည်။

“သူရော ကျိန်စာသင့်နေတာလား?”

ခပ်မှိန်မှိန်အလင်းရောင်အောက်မှာပင် လျန်ယိုခန်း၏ အသွင်အပြင်မှာ သိသာလွန်းလှသည်။

သူသည် ကျန်းမာသန်စွမ်းသည့် သာမန်လူတစ်ယောက်မဟုတ်တော့ချေ။

သူ၏ မျက်နှာသည်က အနည်းငယ်ပြာနေခဲ့ပြီး ဆံပင်များမှာလည်း ရက်များစွာ မဖြီးမသင်ထားသည့်အလား ဖြစ်နေခဲ့ကာ အဆီများဖြင့် ခဲနေခဲ့သည်။

သူ၏ ပုံစံမှာ အသက်ရှိသာမန်လူသားတစ်ဦးနှင့် မတူတော့ပေ။

ဂဲလီယိုချန်းထိတ်လန့်သွားရသည့် အရာများမှာ ထိုညစ်ပတ်ပေစုတ်မှုများကြားမှ လျန်ယိုခန်း၏ မျက်လုံးများသည် အလင်းအောက်တွင် တောင့်တင်းနေခဲ့သည်။

မျက်ဆံများသည်က မည်းနက်တောင့်တင်းနေခဲ့ပြီး မျက်ဖြူသားများသည် တိမ်ဖုံးနေသကဲ့သို့ပင်။

သူ၏ မျက်လုံးများမှာ ငါးသေတစ်ကောင်၏ မျက်လုံးပြူးများဖြင့် အသွင်တူနေခဲ့သည်။

ထိုကဲ့သို့သော မျက်လုံးများသည် သူ၏ အမြင်အာရုံကိုလည်း ထိခိုက်စေပုံပေါ်သည်။ ဂဲလီယိုချန်း မသိမသာ လက်သုတ်လိုက်သည်ကိုလည်း သူ မမြင်လိုက်ပေ။

ထို့အပြင် အဝတ်အစားများ အပြင်တွင် မြင်တွေ့နေရသည့် လျန်ယိုခန်း၏ အရေပြားဖြစ်သော လည်ပင်း၊ လက်မောင်း၊ လက်ဖမိုးနှင့် မျက်နှာပေါ်မှာပင်လျှင် ထူးဆန်းသော ပုံဖြင့် အနီရောင်အဖုလေးများကို မြင်တွေ့နေရသည်။

တချို့အဖုများသည်က အရေပြားမှ ထိုးထွက်နေခဲ့ခြင်းဖြစ်ပြီး အချို့အဖုများသည် အသားပိုကဲ့သို့ အရေပြားပေါ်တွင် ကပ်တွယ်နေသည်မှာ ငါးအကြေးခွံများကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် လျန်ယိုခန်းသည်က ထောင်တွင်းမှ လူမိုက်ကျိုးကဲ့သို့ သူ၏ ခွက်ညစ်ပတ်မှ ရေကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး ရေကို အငမ်းမရသောက်နေခဲ့သည်။

သူ၏ အရေပြားကိုလည်း အညစ်အကြေးများ၊ ဗောက်များနှင့် ပြည့်နေသည့် လက်သည်းရှည်ကြီးများဖြင့် ကုတ်ခြစ်နေခဲ့သည်။

အသားအရေများ ခြောက်သွေ့သောကြောင့် ပေါ်နေသည့် အနာဖေးများမှာလည်း သူ၏ ကုတ်ခြစ်မှုကြောင့် လေပေါ်တွင် ဖွားခနဲ လွင့်ပျံသွားခဲ့သည်။

ကုကျစ်စုန့် သူ့အား အေးစက်စွာ ကြည့်လိုက်ရင်းပြောသည်။

“ဒါက ရေသရဲတစ်ကောင်ရဲ့ အင်မတန်ကိုမှ အငြိုးအတေးတရားတွေနဲ့ ချုပ်နှောင်ထားခံရတဲ့သူတွေရဲ့ ပုံစံပဲ၊ ထောင်ထဲက ကျိုးလည်း မကြာဘူး ဒီလိုပုံစံဖြစ်လာမှာပဲ”

သူမ အသံတိုးတိုးဖြင့်‌ ပြောသောကြောင့် အာရုံငါးပါးလုံး ငါးတစ်ကောင်ကဲ့သို့ ထုံထိုင်းစပြုနေသည့် လျန်ယိုခန်းက သူမစကားကို သေချာမကြားလိုက်ပေ။

“ဘာပြောလိုက်တာလဲ?’

*

All Chapters