← Chapters

နောက်ကွယ်မှ ကြိုးကိုင်သူ ပေါ်ထွက်လာခြင်း (1)

Vol. 28 Ch. 272

နောက်ကွယ်မှ ကြိုးကိုင်သူ ပေါ်ထွက်လာခြင်း (1)

Vol. 28 Ch. 272

လျှို့မိုရှင်းအား မြှုပ်နှံပြီး လူမိုက်ကျိုးကိုလည်း ဖမ်းဆီးပြီးချိန်တွင်တော့ လျန်ယိုခန်းသည်က သူ့ကိုယ်သူ လုံခြုံသွားပြီဟု တွေးခဲ့မိသည်။

သို့သော် သူ့အား ချောင်းကြည့်နေကြသော ရွာထဲမှ လူများ၏ သနားသောအကြည့်၊ လှောင်ပြောင်သော အကြည့်များနှင့် သူ့နောက်ကွယ်တွင် ပြောဆိုနေကြသည့် အတင်းအဖျင်းများကို သည်းမခံနိုင်ခဲ့ပေ။

သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထိုလျှာရှည်သည့် ရွာသားများသည်က တစ်ခုမဟုတ်တစ်ခု ပြောဆိုနေခဲ့ကြသည်။

နောက်ဆုံးတွင်တော့ သူက ‘လျော်ကြေးငွေ’ဖြင့် မြို့ထဲသို့ ပြောင်းရွေ့ခဲ့ပြီး ဆောက်လုပ်ရေးဆိုက်တွင် အုတ်ခဲရွှေ့ရသည့် အလုပ်ကိုထွက်ကာ အိပ်ခန်းနှစ်ခန်းပါသည့် တိုက်ခန်းတစ်ခန်း ငှားရမ်းနေထိုင်ခဲ့သည်။

လျန်ယိုခန်းတစ်ယောက် ဇနီးဖြစ်သည်၏ ‘အသက်လျော်ကြေး’ငွေဖြင့် နေ့စဉ် သောက်စားနေခဲ့ပြီး တစ်ရက်တွင်တော့ ဘားမှ မူးမူးဖြင့် ညဉ့်နက်သန်းခေါင် ပြန်လာခဲ့ချိန်တွင် နောက်ကျောဘက်မှ ခံစားချက်တစ်ခုကြောင့် ကြက်သီးဖျန်းဖျန်းထသွားခဲ့ရသည်။

ဓာတ်လှေကားခန်းတွင် ရပ်နေစဉ်၌လည်း ဓာတ်လှေကားမီးများသည် မှိတ်တစ်ခါ၊ပွင့်တစ်လှည့်ဖြင့် ဆက်တိုက် မျက်တောင်ခတ်နေခဲ့သည်။

လျန်ယိုခန်းလည်း တိုက်ခန်းမန်နေဂျာအား ဆဲဆိုကြိမ်းမောင်းနေခဲ့ချိန်တွင် ရုတ်တရက် ဓာတ်လှေကား၏ သံတံခါးပေါ်တွင် ပိတ်လိုက်၊ဖွင့်လိုက်ဖြစ်နေသော မီးရောင်အောက်မှ ဝိုးတဝါးထင်ဟပ်နေသည့် အရိပ်တစ်ခုအား မြင်တွေ့လိုက်ရသည်။

ထိုအရိပ်သည်က ဖြူဖျော့၍ မျက်နှာတစ်ခုလုံးကိုလည်း ရှည်လျားရှုပ်ထွေးနေသော ဆံပင်နက်များဖြင့် ဖုံးအုပ်နေခဲ့သည်။

သူကြောက်လန့်လွန်းသောကြောင့် အမူးပင်ပြေသွားခဲ့ပြီး ဒူးများလည်း ပျော့ခွေသွားရသည်။

အဘယ်ကြောင့်ဆိုသော် သူ ဤဓာတ်လှေကားထဲသို့ ဝင်ခဲ့ချိန်တွင် သူတစ်ဦးတည်းသာလျှင် ရှိကြောင်းအသေအချာမှတ်မိနေခဲ့ပေသည်။

ထို့နောက်တွင် သူ့ခြေထောက်တွင် စိုစွတ်သည့် ခံစားချက်တစ်ခုရလိုက်လေသည်။ ခေါင်းငုံ့၍ ကြည့်လိုက်မိချိန်တွင်တော့ ဓာတ်လှေကားအတွင်း၌ ရေများပြည့်လာခဲ့ပြီး ထောင့်တိုင်းတွင် ရေအပြည့်ဖြစ်နေခဲ့သည်။

သူ ခေါင်းကို ပြန်မော့လိုက်ချိန်တွင် ဓာတ်လှေကားနံရံပေါ်မှ ဝိုးတဝါးပုံရိပ်သည် ခေါင်းမော့လာပြီဖြစ်သည်။

ထိုပုံရိပ်သည်က ခပ်ရေးရေးသာ ဖြစ်သော်လည်း လျန်ယိုခန်း၏ မျက်လုံးထဲတွင်တော့ ထင်ရှားပြတ်သားလွန်း၍ ကြောက်စရာကောင်းလွန်းလှပေသည်။

ရှုပ်ပွနေသော အနက်ရောင်ဆံပင်များ၏ အောက်မှ မျက်နှာသည်က အညိုအမည်းများ စွဲနေခဲ့ပြီး ခေါင်းတစ်ခြမ်းမှာလည်း အသားမရှိတော့။

ဆံပင်နှင့် ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ရေများ စိုရွှဲနေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာထက်မှ အမုန်းတရားများ ပြည့်နှက်နေသော နီရဲနေသည့် မျက်ဝန်းတစ်စုံကတော့ သူ့အား စိုက်ကြည့်နေခဲ့သည်။

လျှန်ယိုခန် ထိုမျက်နှာကို ကောင်းကောင်းမှတ်မိသည်။

ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က သေဆုံးသွားခဲ့သော လျှို့မိုရှင်းပင်။

ထိုအချိန်တွင် ဓာတ်လှေကားသည်လည်း သူနေထိုင်ရာအလွှာသို့ ရောက်ရှိပြီဖြစ်သောကြောင့် အချက်ပေးသံမြည်၍ တံခါးပွင့်လာခဲ့သည်။

လျန်ယိုခန်း ကြောက်လန့်လွန်းသောကြောင့် ဆီးများပင် ထွက်ကျလာခဲ့ပြီး ဒယီးဒယိုင် ပြေးထွက်လာခဲ့သည်။

ထိုညက သူ ဗုဒ္ဓကျမ်းစာများနှင့် ဘုရားစာများ တတွတ်တွတ်ရွတ်ဆိုခဲ့သော်လည်း အိပ်ရာဝင်ချိန်တွင်တော့ သူ့အသက်ကို လာတောင်းသည့် လျှို့မိုရှင်းအား အိပ်မက်,မက်စမြဲပေ။

နေ့စဉ်ရက်ဆက် အိပ်မက်ဆိုးများ မက်ပြီးချိန်တွင်တော့ သူ စိတ်ဓာတ်ကျလာခဲ့သည်။ ထို့နောက်တွင် ဤအထပ်မြင့်အဆောက်အုံမှ သူ မနက်ခင်း အိပ်ရာထချိန်တိုင်း မြင်တွေ့နေရသည့် နတ်သမီးရေကန်၏ ရှုခင်းကြောင့်ပေလောဟု အတွေးဝင်လာခဲ့သည်။

သူ အိပ်ယာဝင်တိုင်း အသက်ကို နှုတ်ရန်လာနေသည့် သရဲများကို အိပ်မက်,မက်နေရခြင်းမှာ နတ်သမီးရေကန်၏ အနီးတွင် နေထိုင်မိသောကြောင့်ဟု ထင်လိုက်မိသည်။

လျန်ယိုခန်း ချက်ချင်းပင် ‘နတ်သမီးရေကန်’နှင့် အဝေးဆုံးနေရာသို့ ပြောင်းရွှေ့ခဲ့သည်။

သူ ဤမြို့မှ ချက်ချင်းမထွက်ခွာရသည့် အကြောင်းရင်းမှာ စိတ်အပူလွန်နေခဲ့ပြီး သေသေချာချာဂရုစိုက်နေသောကြောင့် ဖြစ်သည်။

သူ့အနေဖြင့် လူမိုက်ကျိုးသည်ကို ပြစ်ဒဏ်မချမှတ်ခံရသေးသောကြောင့် စိတ်ပူနေမိခြင်းပင်။

ဇနီးဖြစ်သူ သေဆုံးပြီး အချိန်မကြာသေးခင်မှာပင် သူ ဤမြို့မှ ထွက်သွားခဲ့ပါက ရဲစခန်းမှ သူထွက်ပြေးသွားသည်ဟု သံသယဝင်မည် စိုးရိမ်သောကြောင့် ဖြစ်သည်။

လျန်ယိုခန်း ယခုနေထိုင်ရာသို့ ရွှေ့ပြောင်းလာခါစတွင် လျှို့မိုရှင်းအကြောင်း အိပ်မက်,မက်ခြင်းများ သိသိသာသာ‌ လျော့နည်းသွားသော်လည်း သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်ကို သတိထားမိခဲ့သည်။

ရေဆာခြင်း၊ အာခေါင်ခြောက်ခြင်း၊ ချွေးစေးများထွက်ခြင်းနှင့် ခန္ဓာကိုယ်အားနည်းလာခြင်းတို့ ဖြစ်သည်။

သူ၏ အမြင်၊အကြားအာရုံတို့မှာလည်း ယခင်လောက် မကောင်းတော့ပေ။ အလင်းရောင်ကိုလည်း ကြောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ပိန်ချပ်မသွားသည့် ခပ်မာမာအဖုများ ပေါက်လာခဲ့ပြီး ထိုအဖုများသည် ဆက်တိုက် ကုတ်မနေပါက အင်မတန် စူးရှယားယံလှသည်။

တစ်ခါတစ်ရံ သူ့ကိုယ်သူ အနံ့နမ်းကြည့်ပါက ဆားသိပ်ထားသော ငါးတစ်ကောင်ကဲ့သို့ အနံ့ထွက်နေခဲ့သည်။

သူ့ခန္ဓာကိုယ်သည်က အတွင်းထဲမှ စ၍ ပုတ်သိုးနေသကဲ့သို့ပင်။

ပထမတော့ လျန်ယိုခန်းသည် သူ၏ ပုံမှန်မဟုတ်သော နေပုံထိုင်ပုံကြောင့် ကူးစက်ရောဂါတစ်ခုခု ဖြစ်သည်ဟု တွေးလိုက်မိသော်လည်း ဤပြောင်းလဲမှုများသည် ပုံမှန်မဟုတ်ကြောင်း သတိထားမိလာခဲ့သည်။

လျှို့မိုရှင်းအား ရှင်းလင်းလိုက်နိုင်ပြီဟု ထင်ခဲ့သော်လည်း အမှန်တရားသည် ခါးသီးလွန်းလှသည်။ သူ၏ စိတ်ရော၊ ကိုယ်ပါ တဖြည်းဖြည်း အခြေအနေဆိုးဝါးလာခဲ့သည်။

အကြိမ်ပေါင်းများစွာ အလင်းရောင်စူးရှရှကြောင့် ပူလောင်သည့်ခံစားချက်အား ခံစားခဲ့ရပြီး သူ၏ ထူးဆန်းနေသော အသွင်အပြင်ကြောင့် လျှောက်လမ်းတွင် မြင်တွေ့သမျှ အိမ်နီးချင်းများကလည်း ကြောက်လန့်သွားခဲ့ရသည်။

ထိုအချိန်မှစ၍ လျန်ယိုခန်းသည် နေရာ ယာယီမပြောင်းရွှေ့သေးသည့် အခြေအနေမှ မပြောင်းရွှေ့နိုင်တော့သည့် အခြေအနေသို့ ရောက်သွားခဲ့ရသည်။

လျန်ယိုခန်းမှာ မြေတွင်းထဲတွင် ပုန်းအောင်းနေသော ကြွက်တစ်ကောင်ကဲ့သို့ပင် နေအလင်းရောင်အောက်၌ မနေနိုင်တော့ပေ။

သူသည်က အကြောက်တရား၊ အမုန်းတရားများဖြင့် ပြည့်နေခဲ့ပြီး ဤမှောင်မိုက်သည့် အခန်းထဲတွင် နေ့စဉ်နေ့တိုင်း ‘သရဲများကို သတ်နည်း၊ မိစ္ဆာဝိဉာဉ်များကို နှင်နည်း’တို့သာ ဆက်တိုက် ရှာဖွေနေခဲ့သည်။

ကုကျစ်စုန့်၏ ဖော်ထုတ်ခြင်းမခံရသေးခင်ထိ လျန်ယိုခန်းအနေဖြင့် ကိုယ့်ကိုကိုယ် အပြစ်ရှိသကဲ့သို့ မခံစားရသလို သူ့လုပ်ရပ်များ မှားယွင်းသည်ဟုလည်း မထင်ခဲ့ပေ။

သူက လျှို့မိုရှင်းကိုသာ မုန်းတီးနေခဲ့သည်။

သူ နှာရည်၊မျက်ရည်များ ရွှဲနစ်နေသော မျက်နှာဖြင့် ဖြောင့်ချက်ပေးပြီးချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။

နယ်မြေခံရဲစခန်းမှ အရာရှိများမှာ သတင်းပေးချက်ရရှိပြီးနောက် ချက်ချင်းရောက်ရှိလာခဲ့ပြီး လျန်ယိုခန်းအား စခန်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ အမှုအား ပြန်လည်စစ်ဆေးတော့မည်ဖြစ်သည်။

ရဲအရာရှိများ တံခါးကို ဖွင့်လိုက်သည်နှင့် အခန်းတွင်းမှ အနံ့ဆိုးကြောင့် မူးဝေသွားခဲ့ရသည်။

လူသတ်မှုများစွာကို စုံစမ်းခဲ့ဖူးပြီး လူသေပုတ်အနံ့များနှင့် ရင်းနှီးကျွမ်းဝင်နေခဲ့သော ရဲအရာရှိများပင် ဤအခန်းတွင်းမှ အနံ့အား မခံစားနိုင်ကြချေ။ ရင်ခေါင်းထဲထိ ပျို့တက်လာကြသည်။

လျန်ယိုခန်းအား ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင်တော့ ထိုသူမှာ မျက်စိကန်းနေသည့် ကြွက်တစ်ကောင်အလား မျက်နှာကို ရဲအရာရှိနောက်တွင် ဖွက်ထားခဲ့ပြီး မျက်စိနာသည်ဟု ဆက်တိုက်ပြောဆိုနေခဲ့သည်။

ဆူညံသံများ ကြားရသောကြောင့် အိမ်နီးချင်းများလည်း တံခါးများမှ ခေါင်းပြူ၍ စပ်စုနေကြသည်။

လျှန်မိုခန်၏ မျက်နှာနှင့် လည်ပင်းတို့မှ အဖုအကြိတ်များအား မြင်တွေ့ရပြီးနောက်တွင်တော့ ဤလူတွင် ကူးစက်မြန်ရောဂါရှိသည်ဟု ထင်ကာ သူ့အနားသို့ ကပ်ရန်ပင် ရွံရှာကြောက်လန့်နေခဲ့ကြသည်။

ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့ အခန်းထဲမဝင်ခင် စကားစမြည်ပြောဆိုခဲ့သော အဒေါ်ကြီးမှာလည်း ခေါင်းပြူကာ ကြည့်ရှုနေခဲ့ပြီး သူမတို့နှစ်ဦးအား လက်မထောင်ပြလိုက်သေးသည်။

“ဒီနေ့ခေတ် မိန်းကလေးတွေကတော့ မိုက်ချက်ပဲ! အဲဒီအကောင်ကြီး ဝက်ပေါ်နေသလား အောက်မေ့ရတယ် အော်နေတာ ငါအပြင်ကတောင် ကြားလိုက်ရတယ်!”

သူမ အခန်းအပြင်တွင်ရှိနေစဥ် ငြင်းခုန်သံများ၊ ဆူညံသံများကို ကြားလိုက်ရသောကြောင့် အထဲသို့ဝင်သွားသော ရဲမေလေးနှစ်ဦးအတွက် စိတ်ပူသွားခဲ့သော်လည်း ထွက်ပေါ်လာသည့် အော်သံနက်နက်သည် ယောင်္ကျားသံဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ကုကျစ်စုန့်: “......”

ဂဲလီယိုချန်းက ရယ်ချင်စိတ်ကို ထိန်းထားလိုက်ပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်ကာ အဒေါ်ကြီးအား နှုတ်ဆက်စကားဆိုလိုက်ပြီး ထိုတိုက်ခန်းမှ ထွက်ခွာလာခဲ့ကြသည်။

လျန်ယိုခန်း၏ ပြစ်မှုဝန်ခံထားသော recording ကြောင့် ရဲများက သူ့အား အဓိကသံသယရှိသူအဖြစ် ပြန်လည်ခေါင်းစဉ်တပ်ခဲ့သည်။

ရဲစခန်းသို့ ခေါ်ဆောင်ခံရပြီးနောက်တွင် ကုကျစ်စုန့်လည်း မရှိတော့သည်တစ်ကြောင်း၊ သူ့အား ဖိနှိပ်ထားသည့် ခံစားချက်လည်း မရှိတော့သည့်အပြင် ‘ဝိဉာဉ်ရှာဖွေခြင်း’မှ ခံစားခဲ့ရသည့် ဝေဒနာလည်း လျော့ပါးသွားခဲ့သည်။

အသိစိတ်ပြန်ကပ်လာသည့် လျန်ယိုခန်းမှာ သူပြောခဲ့သမျှ စကားအား ငြင်းဆန်ခဲ့သည်။

ထိုအသံမှတ်တမ်းများသည်က သူ့အား ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့မှ နှိပ်စက်ဖိအားပေး၍ အတင်းဝန်ခံခိုင်းထားသော မှတ်တမ်းများဖြစ်သည်ဟု ပြောလာခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ သူထွက်ပြေး၍ မလွတ်တော့ပေ။

လျှို့မိုရှင်း၏ ဝိဉာဉ်အား အာရုံခံချိန်တွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများအရ ရဲဌာနမှ ရဲသားများသည် ထိုသဲလွန်စများအတိုင်း‌ ခြေရာခံခဲ့ကြပြီးနောက် လျန်ယိုခန်း၏ ပြစ်မှုသက်သေအမှန်အား ရှာတွေ့ခဲ့ကြသည်။

ထိုညတွင် လျန်ယိုခန်း ရွာသို့ ညဉ့်နက်သန်းခေါင် တိတ်တဆိတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ပင်မလမ်းမကြီးမှ ပြန်လာခြင်းမဟုတ်ဘဲ လမ်းသွယ်တစ်ခုမှ ပြန်လာခဲ့ခြင်းပင်။ ထိုလမ်းသွယ်လေးတွင် မည်သည့် စောင့်ကြည့်ကင်မရာများမှ မရှိ။

သို့သော် သေချာပြန်လည်၍ နှိုင်းယှဉ်စစ်ဆေးလိုက်ချိန်တွင်တော့ လမ်းဆုံတစ်ခုမှ စောင့်ကြည့်ကင်မရာတွင် ဝိုးတဝါးဖမ်းမိလိုက်သည့် လူရိပ်တစ်ခုအား မြင်တွေ့လိုက်ရသည်။

လျှန်ယိုခန်၏ လုပ်ဖော်ကိုင်ဖက်များထံသို့လည်း ရဲသားများ စေလွှတ်၍ ထပ်မံမေးမြန်းခဲ့သည်။

ထိုနေ့က အဖြစ်အပျက်အား ခပ်ရေးရေးမှတ်မိသည့် အလုပ်သမားတစ်ဦး၏ ထွက်ဆိုချက်အရ အခင်းဖြစ်ပွားသည့်နေ့တွင် လျှန်ယိုခန် ဆောက်လုပ်ရေးဆိုက်မှ ထွက်ခွာသွားခြင်းရှိ၊မရှိကို သူ မသိပေ။ သူသိသည်မှာ နောက်တစ်နေ့မနက်တွင် လျန်ယိုခန်း အင်္ကျီလဲထားသည်ကိုပင်။

ကျန်အလုပ်သမားများသည်ကတော့ တစ်ညလုံးသောက်စားပြီး အိပ်ပျော်သွားသော်ကြောင့် အဝတ်အစားလဲရန် အချိန်မရှိခဲ့ပေ။

အရက်နံ့ာ ကိုယ်ပေါ်တွင် ကပ်ကျန်နေမည်ဖြစ်သောကြောင့် လျန်ယိုခန်း အဝတ်အစားလဲထားသည်မှာ မထူးဆန်းပေ။ ထို့ကြောင့် ပထမအကြိမ် ရဲအရာရှိများ လာရောက်မေးမြန်းချိန်တွင် ထိုကိစ္စအား မပြောဆိုခဲ့ခြင်းဖြစ်သည်။

လျန်ယိုခန်း နောက်တစ်နေ့လဲဝတ်ထားသော အဝတ်အစားများကို မှတ်မိသည့် အလုပ်သမားမှ ထွက်ဆိုခဲ့သည်မှာ စောင့်ကြည့်ကင်မရာတွင် ရိုက်ကူးမိသော လူရိပ်၏ အဝတ်အစားများသည်က လျှန်ယိုခန်၏ ကုတ်အင်္ကျီဖြင့် အင်မတန်ဆင်တူသည်ဟုပင်။

၎င်းမှာ အညိုဖျော့ရောင်ကုတ်အင်္ကျီတစ်ထည်ဖြစ်သည်။

ရဲသားများမှ လျန်ယိုခန်းလက်ရှိနေထိုင်သော တိုက်ခန်းအား ရှာဖွေခဲ့ရာတွင် အညိုဖျော့ရောင်ကုတ်အင်္ကျီတစ်ထည်အား သိမ်းဆည်းရခဲ့သည်။

*

All Chapters