← Chapters

ဒါမဖြစ်နိုင်ဘူး

Vol. 12 Ch. 156

ဒါမဖြစ်နိုင်ဘူး

Vol. 12 Ch. 156

“ဖြစ်နိုင်တာ...ဖြစ်နိုင်တာ အစောင့်ရှောက်သားရဲ များလား?”

အစောင့်ရှောက်သားရဲ သာလျှင် ပြည်သူတွေနဲ့ ရင်းနှီးပြီး ဆက်နွှယ်မှုကိုကို ခံစားရစေသည်။

'ဒါပေမယ့် တရှားတိုင်းပြည်မှာ အစောင့်ရှောက်သားရဲက ဘယ်တုန်းက ရှိခဲ့တာလဲ? အကယ်လို့ တရှားမှာ တကယ်ပဲ အစောင့်ရှောက်သားရဲ ရှိမယ်ဆိုရင် ကျန်းနန်မြို့မှာ ရေကြီးမှုက အဘယ်ကြောင့် ဖြစ်နိုင်မှာလဲ?’

'ဘာလို့ ဒီကိစ္စကြီးက ဖြစ်နိုင်ချေမရှိတဲ့ ကိစ္စလိုမျိုး ဖြစ်ဖြစ်လာရတာလဲ?’

'ဒါပေမယ့် အစောင့်ရှောက်သားရဲ မဟုတ်ဘူးဆိုရင် အဲ့ဒီအမဲရောင် အကြေးခွံနဲ့အရာက ဘာများဖြစ်နိုင်မှာလဲ?’

ရှထိုက်အန်း အချိန်အကြာကြီး တွေးတောနေခဲ့သည်။ နောက်ဆုံးမှာ အသက်တစ်ချက် ရှုသွင်းလိုက်ပြီး လျိုယွင်ကို လှမ်းကြည့်လိုက်သည်။

“အသိပေးစာ ပို့လိုက်။ ဒီနေရာကို အခုချက်ချင်း ချိတ်ပိတ်မယ်။ စစ်စခန်း တည်ဆောက်မယ့် အစီအစဉ်ကို ယာယီရပ်ထား။ ဒီအစီအရင်နဲ့ ပတ်သတ်ပြီး သေချာနားလည်အောင် မစုံစမ်းနိုင်သ၍ ဘယ်သူမှ ဒီနေရာအတွင်း ချဉ်းကပ်ခွင့် မရှိဘူး! ပြီးရင် ဒီကိစ္စနဲ့ပတ်သတ်ပြီး စာစောင်ရေးပြီး မြို့တော်ကိုပို့! အရှင်မင်းကြီးကို တင်ပြရမယ်! ဒါပြီးရင် အစီအရင်ကို ကြုံတွေ့ခဲ့ရတဲ့ လူတွေအားလုံးကို စုစည်းထား။ သူတို့ကို လုံခြုံမှုမရမချင်း အပြင်မထွက်ခိုင်းနဲ့”

ရှထိုက်အန်းက အမိန့်များစွာကို ဆက်တိုက်ထုတ်လိုက်သည်။

“အမိန့်အတိုင်းပါ!”

လျိုယွင် ချက်ချင်းပဲ ဖြေကြားလိုက်၏။ ထို့နောက်မှာ ထိုရှေးဟောင်း အစီအရင် တည်ရှိခဲ့သောနေရာကို လှမ်းကြည့်လိုက်သည်။ ဖျော့တော့သော အလင်းရောင် တစ်ချို့မှလွဲရင် အစီအရင်နဲ့ ပတ်သတ်ပြီး ဘာခြေရာကိုမှ မမြင်တွေ့ရပေ။

“ဒါက တော်တော်လေး ထူးဆန်းတယ်။ မသိရင် ဒီအစီအရင်က ဟိုးလွန်းခဲ့တဲ့ အချိန်အကြာကြီးတည်းက ဒီနေရာမှာ တည်ရှိနေသလိုမျိုးပဲ။ ဒါက အရမ်း ထူးဆန်းတဲ့ ကိစ္စတစ်ခုပဲ!”

အခုချိန်မှာ လျိုယွင်ခံစားနေရတဲ့ ခံစားချက်က ဝေဝါးတဲ့ ခံစားချက် မဟုတ်ဘဲနဲ့ အသေအချာ ခံစားနေခဲ့ရတာဖြစ်သည်။

အစီအရင် တည်ရှိရာနေရာကို အကြိမ်ကြိမ် ကြည့်ရှုပြီးနောက်မှာ လျိုယွင် အကြည့်လွှဲလိုက်တော့၏။ ရှထိုက်အန်း ခိုင်းစေထားတဲ့ တာဝန်တွေကို အမြန်လုပ်ဖို့ရန် ပြင်လိုက်သည်။

ဒါပေမယ့် ရှထိုက်အန်းက နေရာကနေ ထွက်မသွားခဲ့သေးပေ။ သူလည်းပဲ အစီအရင် ရှိရာနေရာကို စိုက်ကြည့်နေရင်း တိတ်တဆိတ် လေ့လာနေ၏။ ရှထိုက်အန်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒီထူးဆန်းတဲ့ အစီအရင် ပေါ်ပေါက်လာမှုက တရှားတိုင်းပြည်အတွက် ကောင်းတဲ့ကိစ္စလား၊ ဆိုးတဲ့ကိစ္စလားဆိုတာ ငါတကယ် မသိတော့ဘူး။ အခုလိုမျိုး ထူးဆန်းတဲ့ ကိစ္စကြီး ပေါ်ပေါက်ခဲ့တာ ဒါပထမဦးဆုံးပဲ”

ထိုအစီအရင်သည် ရှထိုက်အန်းရဲ့ သိချင်စိတ်ကို နှိုးဆသွားခဲ့သည်။ အသက်တစ်ချက် ရှုသွင်းပြီး နှလုံးသားထဲက စိတ်ဆန္ဒတွေကို ရှထိုက်အန်း ဖိနှိပ်လိုက်၏။

ဒီအ‌ခြေအနေမှာ မထင်မှတ်ဘဲ သူသာ တစ်ခုခုထိခိုက်သွားခဲ့မယ်ဆိုရင် ကျန်းနန်မြို့ရဲ့ ပြည်သူတွေအားလုံး ကြောက်လန့်ကုန်ကြမည်ကို သိ၏။ ထို့ကြောင့် ကိုယ်တိုင်ဝင်မပါဖို့ ဆုံးဖြတ်လိုက်၏။ ဒီအစီအရင်က ဘာပဲဖြစ်ဖြစ် ကျန်းနန်မြို့အတွက်တော့ မကောင်းဘူး။

ထိုအစီအရင် ပေါ်ပေါက်လာမှုကြောင့် တည်ငြိမ်စပြုနေသော ကျန်းနန်မြို့သည် ပြန်လည်ပြီး အ‌ခြေအနေ တင်းမာလာခဲ့သည်။ ထိုကိစ္စသည် တရှား တစ်တိုင်းပြည်လုံး အနှံ့ကို ပျံ့နှံ့သွားလေ၏။

...

တာ့ရှားတိုင်းပြည်နှင့် ဝေ့တိုင်းပြည်၏ နယ်စပ်နေရာတွင် စစ်သူကြီးမူရုံသည် ဝေ့စစ်သားများစွာကို ဦးဆောင်ပြီး စစ်စခန်း ချထားခဲ့သည်။ လီလင်ပုတို့ အုပ်စုကို တိုက်ခိုက်ဖို့ရန် စေလွှတ်ထားသော ဝေ့တပ်သားတွေရဲ့ ပြန်အလာကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့တာပင်။ စစ်သူကြီးမူရုံတို့ တပ်သားအုပ်စုထံမှ မကြာမကြာ ထွက်ပေါ်လာသည့် ရယ်သံတွေနဲ့ စကားပြောသံတွေကို ကြားရနိုင်သည်။

“အဲ့ဒီသူတွေက အသုံးမကျလိုက်တာ! သုံးရက်တောင် ရှိနေပြီ။ ဒါပေမယ့် တစ်ယောက်မှကို ပြန်မလာသေးဘူး!”

“အမှန်ပဲ။ သူတို့တွေက ကုန်သည်ယာဉ်တစ်ခုကို တိုက်ခိုက်ဖို့ပဲလေ။ ဘာလို့ အဲ့လောက်တောင် နှေးကွေးနေရတာလဲ?”

“ဟိတ် တိုက်ခိုက်ရတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် သူတို့က ပြန်မလာသေးတော့ ငါတို့က ဝေ့တိုင်းပြည်ကို ဘယ်လိုလုပ် ပြန်လို့ရတော့မှာလဲ?”

“သူတို့ ပြန်မလာသေးဘူးဆိုမှတော့ ငါတို့ဒီမှာ ခဏလောက် နားလို့ရတာပေါ့။ မဟုတ်ဘူးလား?”

“မင်းပြောတာ မှန်တယ်။ မင်းပြောတာ မှန်တယ်။ ငါအတွေး မလွန်တော့ဘူး!”

“လာ သောက်ကြစို့!”

…

ဝေ့တပ်သားတွေက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူတို့ရဲ့ မျက်လုံးထဲမှာ ပျော်ရွှင်မှုတို့ ပြည့်နှက်နေခဲ့သည်။ အောင်မြင်မှုတွေ တသီတသန်းကြီး ပွေ့ပိုက်ပြီး ဝေ့တိုင်းပြည်ကို ပြန်ရမယ့် စစ်တပ်တစ်ဖွဲ့သည် ပျော်ရွှင်စွာဖြင့် လက်တစ်ဖက်က အရက်ခွက်ကြီးကို ကိုင်ရင်း ကျန်တစ်ဖက်က အသားတုံးကို ကိုင်ဆောင်ကာ စားပွဲတည်ခင်းနေကြလေ၏။

စစ်သူကြီးမူရုံသည် သူ့၏ကိုယ်ပိုင်တဲထဲတွင် ထိုင်ကာ တစ်ယောက်တည်း သောက်နေခဲ့သည်။ ဘာကြောင့်ရယ်မသိ... တစ်ခုခုလွဲနေပြီဆိုသော ဝေဝါးတဲ့ ခံစားချက်ကို ခံစားနေရ၏။ ထိုကြောင့် စစ်သူကြီးမူရုံ အနည်းငယ် စိတ်ပူနေခဲ့သည်။

“ဘာမှားလို့လဲ?”

စစ်သူကြီးမူရုံ တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့နောက်မှာ ရုတ်တရက် စားပွဲခုံကို ရိုက်ချလိုက်သည်။ တစ်စုံတစ်ခုကို အတွေးပေါက်သွားဟန်ပင်။

အသံကြားလိုက်တဲ့ ဝေ့တပ်သားများစွာသည် စစ်သူကြီးမူရုံ၏ တဲရှိရာကို လှမ်းကြည့်လာကြ၏။ သူတို့တွေ မေးခွန်းမထုတ်နိုင်ခင်မှာဘဲ စစ်စခန်းအတွင်းသို့ အမောတပန်းဖြင့် ဝင်ရောက်လာတဲ့ တပ်သားတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

“စစ်သူကြီး! စစ်သူကြီး!”

“မကောင်းတော့ဘူး! မကောင်းတော့ဘူး!”

ထိုတပ်သားက အလျင်စလိုဖြင့် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ ချက်ချင်းပဲ စစ်သူကြီးမူရုံရှိရာကို အမြန်ပြေးလာခဲ့သည်။ စစ်သူကြီးကို မြင်တာနဲ့ အရိုအသေပေးလိုက်သည်။ သူ့ရဲ့မျက်နှာက အလွန်ကြောက်လန့်နေပုံပဲ။

စစ်သူကြီးမူရုံ မတ်တပ်ရပ်လိုက်ပြီး

“ပြောစမ်း!”

ထိုတပ်သား ချက်ချင်း ဖြေကြားလိုက်သည်။

“စစ်သူကြီး တရှားတိုင်းပြည်ကို တိုက်ခိုက်ပြီး ငွေလုဖို့တာဝန်ရှိတဲ့ ဝေ့တပ်သားအားလုံးကို ဖမ်းလိုက်ပြီ! ခိုးယူဖို့ ကြံစည်ထားတဲ့ ပိုက်ဆံတွေအားလုံးကို တရှားရဲ့ ကျန်းပိုင်မင်းသားဆီကို ပို့ဆောင်ထားပါတယ်!”

“မဖြစ်နိုင်တာ!!!”

ထိုအချိန်မှာ တပ်သားတွေအားလုံး စကားမပြောနိုင်ကြတော့ပေ။ စစ်သူကြီးမူရုံလည်း အလွန် အံ့ဩတကြီး ရေရွတ်လိုက်၏။ သူ့ရဲ့မျက်လုံးတွေက အလွန်ထိတ်လန့် သွားခဲ့သည်။

“ဟုတ်တယ်။ မဖြစ်နိုင်ဘူး။”

သူတို့ရဲ့ မဟာအစီအစဉ်ကြီး ကျရှုံးနိုင်မယ့် အခြေအနေထိ ကြိုတင်မှန်းဆခဲ့ပေမယ့် အခုလိုရလဒ်မျိုး ထွက်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး!

ဝေ့တိုင်းပြည်ဘက်က စစ်သားတွေ အားလုံးကို စစ်သူကြီးမူရုံ အသေးစိတ် ရွေးချယ်ခဲ့သည်။ သူတို့အားလုံးသည် ကျင့်ကြံဆင့် မြင့်သည်။ တစ်ဖက်လူက ကျင့်ကြံဆင့်မြင့်ရင်တောင်မှ အကုန်လုံးကို အလွယ်တကူ မတိုက်နိုင်ဘူး။ ချက်ချင်းပဲ စစ်သူကြီးမူရုံက ထိုတပ်သားကို ကြည့်ကာပြောလိုက်သည်။

“တရှားတိုင်းပြည်က ဒီလောက် သန်မာမှု လုံးဝမရှိနိုင်ဘူး”

“ကျွန်တော် ကြားခဲ့တာ... ကျွန်တော်ကြားခဲ့တာပါ”

ထိုတပ်သားရဲ့ မျက်နှာက အလွန်ဖြူဖတ်နေပြီး တစ်ခုခုကို ပြောချင်နေဟန်ရှိသည်။ ဒါပေမယ့် သူက ပြီးဆုံးအောင် မပြောနိုင်ခဲ့ပေ!

“ပြောစမ်း!!!”

ထိုတပ်သား၏ ကြောက်လန့်နေသော ပုံစံကြောင့် စစ်သူကြီးမူရုံ ဟောက်လိုက်သည်!

နောက်ဆုံးတော့ ထိုလူသည် အသက်တစ်ချက် ရှူသွင်းပြီး အမြန်ရှင်းပြလိုက်တော့၏။

“ကျွန်တော် ကြားခဲ့တာ ထျန်းချီတာဝါဘက်က အင်အားကြီးတဲ့ ကျင့်ကြံသူတွေကို ဖိတ်ခေါ်ပြီး တရှားတိုင်းပြည်ရဲ့ ငွေပို့ဆောင်တဲ့ အဖွဲ့ကို ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။ လိုက်ပါပို့ဆောင်တဲ့ ကျင့်ကြံသူ တစ်ယောက်ချင်းဆီက အကြီးအကဲနီးနီး အင်အားကြီးကြတယ်တဲ့!”

“ဘာ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”

စစ်သူကြီးမူရုံ အလွန်အံ့ဩ သွားခဲ့သည်။ ပထမဦးဆုံး စဉ်းစားမိတဲ့ မေးခွန်းက ဒါလုံးဝမဖြစ်နိုင်ဘူး ဆိုတာပဲ။

ထျန်းချီတာဝါဆိုတာ ဘယ်လိုဂိုဏ်းမျိုး မလို့လဲ? တိုင်းပြည်တွေ အားလုံးရဲ့ အထက်မှာ တည်ရှိတဲ့ အမှီအခိုကင်းတဲ့ ဂိုဏ်းတစ်ခုလေ!

အင်အားကြီးတဲ့ တိုင်းပြည်တစ်ချို့နဲ့တောင် တန်းတူရပ်တည်နိုင်တဲ့ ဂိုဏ်းတစ်ခုပဲ။

ဒါ့အပြင် တရှားတိုင်းပြည်ဆိုတာ ဘယ်လိုတိုင်းပြည် မလို့လဲ? အလွန့်အလွန် သေးငယ်တဲ့ တိုင်းပြည်တစ်ခုပဲ!

ထျန်းချီတာဝါရဲ့ မျက်လုံးထဲမှာ တရှားတိုင်းပြည်က ဘယ်လိုတိုင်းပြည်မလို့လဲ?

ပုရွက်ဆိတ်လိုမျိုး သေးငယ်တဲ့ အဲ့ဒီတိုင်းပြည်က ထျန်းချီတာဝါရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် ဘယ်မှာ ထိုက်တန်လို့လဲ?

သူတို့တွေ တရှားတိုင်းပြည်အတွင်းကို စတင်ဝင်ရောက် လာစဉ်ကတည်းက ထျန်းချီတာဝါနဲ့ တာ့ရှားတိုင်းပြည်၏ ပူးပေါင်းထားသော သတင်းကို ကြားခဲ့ပေမယ့် ဘယ်လိုမှ မဖြစ်နိုင်သည့်အတွက် သတင်းအတု ဟုသာ ထင်မှတ်ခဲ့သည်။

ထျန်းချီတာဝါလိုမျိုး ထိပ်သီးဂိုဏ်းတစ်ခု အနေနဲ့ တရှားတိုင်းပြည်ကို မျက်နှာသာပေးတဲ့အပြင် အခုလိုမျိုး အကူအညီပါ ပေးလာမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

အဓိပ္ပာယ်မရှိဘူး! ဒါလုံးဝ အဓိပ္ပာယ် မရှိဘူး!

“လာကြစမ်း ဒီသစ္စာဖောက်ကို အခုပဲ ခေါင်းဖြတ်ပြီး သတ်လိုက်ကြ။ မဟုတ်တဲ့သတင်းတွေ လွှင့်ပြီး စစ်တပ်ရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးဖို့ ကြိုးစားရဲတယ်!”

စစ်သူကြီးမူရုံ ခဏလောက် တွေးပြီးနောက်မှာ ဒေါသတကြီး အော်လိုက်၏။

ထိုစကားကြောင့် တပ်သား ချက်ချင်းပဲ အံ့ဩသွားခဲ့သည်။ ထိုသူက အမြန်ပြောကြားလိုက်သည်။

“စစ်သူကြီး ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ စစ်သူကြီး ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ! ကျွန်တော်ပြောတဲ့ သတင်းက တကယ်ကို အမှန်ပါပဲ! အဲ့ဒီသတင်းကို ရှေ့တန်းက ကြားခဲ့ရတာပါ!”

“စစ်သူကြီး! စစ်သူကြီး...”

ဒါပေမယ့် ဘယ်လောက်ပဲ အော်ခေါ်နေပါစေ စစ်သူကြီးမူရုံက မတုံ့ပြန်ခဲ့ဘူး။ သူ့ရဲ့မျက်လုံးကို မှိတ်ကာ တွေးတောနေဟန် ရှိ၏။ မကြာခင်မှာပဲ သတင်းပို့လာသူကို လူကြားထဲတွင် ခေါင်းဖြတ်သတ်လိုက်လေသည်။ ထိုခေါင်းကို စစ်တပ်၏ အလည်တည့်တည့်တွင် ချိတ်စွဲထားသည်။

“အကယ်လို့ တစ်ယောက်ယောက်ကသာ သတင်းတွေ ထပ်ဖြန့်ရဲမယ်ဆိုရင် အဲ့လိုပဲ ခေါင်းဖြတ်သတ်ခံရမယ်!”

စစ်သူကြီးမူရုံက စစ်စခန်းထဲက တပ်သားတွေအားလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက်မှာ ချက်ချင်းပဲ တဲရှိရာကို ပြန်လှည့်သွား၏။

အချိန်တစ်ခု ကြာသည်အထိ ဆူညံပွက်လောရိုက်နေခဲ့သော စစ်စခန်းသည် လုံးဝ တိတ်ဆိတ်သွားလေ၏။

အချိန်ကြာလာတာနှင့်အမျှ စစ်သူကြီးမူရုံရဲ့ မျက်နှာထားကတော့ မဲမှောင်လာတော့၏။ သူတို့သတ်ဖြတ်ခဲ့တဲ့ သတင်းပို့သူက ငါးယောက်ထပ် မနည်းတော့ဘူး! နောက်ဆုံးတော့ လက်ထောက်စစ်သူကြီးက မနေနိုင်စွာ အကြံပေးလိုက်သည်။

“စစ်သူကြီး သတင်းက အမှန်ဖြစ်မယ့် ပုံပါပဲ။ တရှားတိုင်းပြည်က တကယ်ကို ကျင့်ကြံသူတွေ ဖိတ်ခေါ်ထားပြီး သူတို့ရဲ့ ကုန်လှည်းကို စောင့်ကြပ်ထားခိုင်းပုံရတယ်”

……..

All Chapters