← Chapters

အရာအားလုံး အဆင်ပြေဖို့ မျှော်လင့်တယ်

Vol. 12 Ch. 157

အရာအားလုံး အဆင်ပြေဖို့ မျှော်လင့်တယ်

Vol. 12 Ch. 157

“ပါးစပ် ပိတ်ထားစမ်း!"

"ငါကသတင်းအတုလို့ပြောရင် အဲ့တာက သတင်းအတုပဲ!"

စစ်သူကြီးမူရုံက စားပွဲပေါ်က ရေခွက်ကို အင်အားပြင်းစွာ ရိုက်ချလိုက်ပြီး၊ လက်ထောက်စစ်သူကြီးကို စူးနေအောင်ကြည့်လိုက်သည်။ ချက်ချင်းပဲ အခန်းထဲက လေထုက ပြင်းထန်သွား၏။

လက်ထောက်စစ်သူကြီး ချက်ချင်းပဲ သတိထားမိသွားသည်။ စစ်သူကြီးမူရုံရဲ့ စိတ်အခြေအနေကပုံမှန်မဟုတ်သေးဘူး။ ထိုကြောင့် သူဘာမှမပြောတော့ပဲ တိတ်တဆိတ်သာနေလိုက်တော့သည်။

စစ်သူကြီးမူရုံက အဝေးရှိ တရှားရဲ့နန်းတော်ကို မျှော်ကြည့်ကာ ကြိမ်းဝါးလိုက်သည်။

"ဘာတွေဖြစ်နေရတာလဲ! တကယ်ပဲ ဘာတွေဖြစ်နေခဲ့တာလဲ!"

"တရှားတိုင်းပြည်က ဘယ်လို အခြေအနေတွေရှိနေလို့လဲ..?! ငါကိုပြောစမ်းပါ ဘာကြောင့်လဲ!"

"အဲ့လို မဖြစ်နိုင်တဲ့ သတင်းကို မင်းကယုံတယ်လား?"

စစ်သူကြီးမူရုံက ပြောနေရင်းနဲ့ လက်ထောက်စစ်သူကြီးကို စိုက်ကြည့်လိုက်သည်။

စစ်သူကြီးမူရုံရဲ့ စကားလုံးတွေကို နားထောင်လိုက်ရုံနဲ့တင် ထိုသတင်းကို ယုံခဲ့သူက ဝေ့တပ်သားတင် မဟုတ်တော့ပဲ စစ်သူကြီးမူရုံကိုယ်တိုင်ပါ ပါဝင်နေပြီဆိုတာသိသာနေပြီ။

သတင်းပို့တစ်ယောက်ထဲ ရောက်လာပြီး၊ သတင်းကိုတင်ပြခဲ့တာဆိုရင် သတင်းအတုဖြစ်နိုင်ချေရှိသေးသည်။ ဒါပေမယ့် သတင်းပို့သူ ခြောက်ယောက်ခန့်က တူညီတဲ့ သတင်းတုတစ်ခုကိုတော့ မဖြန့်လောက်ဘူး!

ဒါပေမယ့် စစ်သူကြီးမူရုံက မယုံကြည်ခဲ့ပေ။

တရှားတိုင်းပြည်ကို အခုလိုမျိုး တိုက်ခိုက်ဖို့ ကြံစည်တဲ့အကြံအစည်သည် စစ်သူကြီးမူရုံရဲ့ အကြံအစည်ဖြစ်သည်။ သူအနေနဲ့ ဒီအစီအစဉ်ကို အပိုင်တွက်ထားခဲ့သည်။ တိုက်ခိုက်လိုက်တာနဲ့ အောင်မြင်မဲ့အစီအစဉ်လို့ မှတ်ယူထားခဲ့ပေမဲ့၊ အခုလို အမှားမျိုး ဖြစ်လာခဲ့မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ?

လီလင်ပုတို့ဘက်တွင် သိုင်းအကြီးအကဲများစွာ၏ အထောက်အပံ့ရှိနေခဲ့သည်။ ဒါက တော်တော်လေး မဖြစ်နိုင်တဲ့ကိစ္စပဲ။

စစ်သူကြီးမူရုံက လက်ထောက်စစ်သူကြီးရဲ့ဖြေသံကို မစောင့်တော့ပဲ ဆက်ပြောလိုက်သည်။

"ပြီးတော့ ထျန်းချီတာဝါကရော ဘာလဲ? ဘာကြောင့် ရှကျိုးယွီကို ကူညီနေတာလဲ? ပုံမှန်မဟုတ်ဘူး လုံးဝကို ပုံမှန်မဟုတ်ဘူး!"

စစ်သူကြီးမူရုံ တစ်ဆက်တည်းမှာပဲ ဆန်းကြယ်သလို ခံစားနေရ၏။

"အခုပဲ တပ်ဖွဲ့စေလွှတ်မယ်! ဒီလောက်များပြားတဲ့ ငွေတွေဆုံးရှုံးခဲ့ရတာကို ငါအနေနဲ့ ပြန်လည်မတင်ပြနိုင်ဘူး။ တရှားတိုင်းပြည်ထဲကို ဝင်တိုက်ပြီး ငွေတွေ ယူနိုင်မှပဲ ငါဝေ့ဘုရင်ကို မျက်နှာပြနိုင်လိမ့်မယ်!"

စစ်သူကြီးမူရုံ ရေရွက်လိုက်သည်၊ သူရဲ့မျက်လုံးက ချက်ချင်းပဲနက်ရှိုင်းလာ၏။

ထိုစကားကြောင့် လက်ထောက်စစ်သူကြီးရဲ့ မျက်နှာက လုံးဝ ပြောင်းလဲသွားခဲ့သည်။

"စစ်သူကြီး မဖြစ်ပါဘူး! ဒီလိုဆိုရင် ကျွန်တော်တို့ ရှကျိုးယွီရဲ့ အစီအစဉ်အောက်ကို ကျရောက်သွားလိမ့်မယ်”

"ဟမ်း"

ထိုစကားကြောင့် စစ်သူကြီးမူရုံရဲ့ မျက်လုံးက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး၊ လက်ထောက်စစ်သူကြီးကို စိုက်ကြည့်လိုက်သည်။

ဒီလက်ထောက်စစ်သူကြီးသာ သူရဲ့အနောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့သူမဟုတ်ရင်၊ နေရာမှာတင် အပိုင်းပိုင်း သတ်ပြစ်လိုက်ပြီးဖြစ်သည်။ အခုလို များပြားတဲ့ငွေပမာဏက ဝေ့တိုင်းပြည်အတွက် ဆုံးရှုံးမှုကြီးပဲ။ ဝေ့တိုင်းပြည်သည် လက်ရှိတွင် အရင်းအမြစ်မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့နေခဲ့ရသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြချက်မပေးနိုင်ဘူးဆိုရင် ဝေ့တိုင်းပြည်ထဲ ပြန်ရောက်တာနဲ့ အရှင်မင်းကြီးရဲ့ အမျက်တော်ကို သေချာပေါက် ကြုံတွေ့ရလိမ့်မည်!

ခေါင်းဆောင်ဖြစ်တဲ့ သူကိုဆိုမပြောနဲ့‌တော့ ပါဝင်ခဲ့သမျှတပ်သားတိုင်း၊တပ်သားတိုင်း ခေါင်းဖြတ်အသတ်ခံရနိုင်သည်!

လက်ထောက်စစ်သူကြီးက အမြန်ပြောလိုက်သည်။

"ဒီကိစ္စကိုအရှင်မင်းကြီး ကိုယ်တိုင် စီစဉ်ခဲ့တာပါ။ အခုလို မထင်မှတ်တဲ့ ကိစ္စတွေက ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ထက်ကို ကျော်လွန်နေခဲ့တယ်။ ကျွန်တော်တို့လိုပဲ အိမ်နီးချင်းတိုင်းပြည်တွေမှာလည်း တူညီတဲ့ အကြံအစည်ရှိခဲ့မယ်ဆိုရင် သူတို့လည်း အခုလိုမျိုး အခြေအနေကို ကြုံတွေ့ခဲ့ရလိမ့်မယ်။ ဒါတွေအားလုံးကို စီစဉ်ခဲ့တဲ့သူက ရှကျိုးယွီပဲ! ရှကျိုးယွီက အကုန်လုံးကို ကြံစည်ထားတယ်လို့ ကျွန်တော်ထင်တယ်!"

"ကျွန်တော်တို့သာ တပ်သားတွေ စေလွှတ်လိုက်မယ်ဆိုရင် ရှကျိုးယွီမှာ နောက်ထပ်အစီအစဉ်တစ်ခုရှိနေမှာ စိုးရိမ်ရတယ်”

လက်ထောက်စစ်သူကြီးရဲ့ စကားလုံးတွေကြောင့် စစ်သူကြီးမူရုံ အနည်းငယ် တည်ငြိမ်သွားခဲ့သည်။ စစ်သူကြီးတစ်ယောက်အ‌နေနဲ့ လက်ရှိအခြေအနေကို သူနားလည်သည်။ ဒါကြောင့် လက်ထောက်စစ်သူကြီးကိုကြည့်ကာ တည်ငြိမ်စွာဖြင့်ပြောလိုက်၏။

"ဒါဆိုရင် ငါဘာလုပ်သင့်တယ်လို့မင်းထင်လဲ?"

လက်ထောက်စစ်သူကြီးက အမြန်ပဲ ဖြေကြားလိုက်၏။

"စစ်သူကြီးမေ့နေတာပဲဖြစ်မှာပါ၊ အရှင်မင်းကြီးက ဒီကိစ္စပြီးသွားပြီဆိုရင် တရှားတိုင်းပြည်ရဲ့ မြို့တော်ထဲကိုသွားရောက်တွေ့ဖို့ ပြောထားခဲ့သေးတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အခုအချိန်မှာ အရင်ဦးဆုံး ဦးစားပေးလုပ်သင့်တာက မြို့တော်ကို ပြန်ဖို့မဟုတ်ပဲနဲ့ တရှားတိုင်းပြည်ရဲ့ ထိုက်အန်းမြို့တော်ထဲကို ဝင်သွားသင့်ပါတယ်။ ဒါဆိုရင် ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ အခြေအနေကိုနားလည်နိုင်မယ်။ ဒါပြီးရင် နောက်ထပ် အစီအစဉ်ဆွဲလို့ရတာပေါ့!"

စစ်သူကြီးမူရုံရဲ့ နှလုံးသားက လှုပ်ရှားသွားခဲ့သည်။

စစ်သူကြီးမူရုံ တွန့်ဆုတ်သွားပုံကို မြင်တဲ့အချိန်မှာ လက်ထောက်စစ်သူကြီးက ထပ်မံဖြည့်စွက်ပြီး ပြောလိုက်လေ၏။

"ကျွန်တော်တို့က အခုအချိန်မှာ တရှားတိုင်းပြည်နဲ့ ကုန်သွယ် ပူပေါင်းထားတဲ့ ဆက်ဆံရေး အနေအထားမှာ ရှိပါတယ်။ ပြောရရင် ကျွန်တော်တို့ရဲ့ အနေအထားက အထက်မှာရှိတယ်။ ရန်သူတိုင်းပြည်နှစ်ခု ပူပေါင်း‌ဖို့ စီစဉ်လာခဲ့ပြီဆိုရင် သူတို့ရဲ့သံတမန်တွေက သေချာပေါက် အသတ်ခံလို့မဖြစ်ဘူး။ သေချာပေါက် လုံလုံခြုံခြုံနဲ့ တိုင်းပြည်ကို ပြန်သွားနိုင်မှ အဲ့ဒီပူပေါင်းမှုက အဆင်ပြေလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့တော်ထဲကို သွားခဲ့မယ်ဆိုရင်တောင်မှ ပြဿနာဖြစ်လာမှာမဟုတ်ဘူး။ ထိုက်အန်းမြို့တော်ထဲကို ရောက်လာတဲ့အချိန်ကျရင် မျက်စိရှင်ရှင်ထားပြီး တရှားတိုင်းပြည်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကို စောင့်ကြည့်မယ်။ ကျွန်တော်တို့ မြင်လာမယ်လို့ ထင်ပါတယ်!"

"အကုန်လုံးကို ရှင်းရှင်းလင်းလင်း သိရတဲ့ အချိန်ကျမှ ဆုံးဖြတ်ချက် ချမယ်ဆိုလည်း မနောက်ကျပါဘူး!"

လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။

တရှားတိုင်းပြည်ရှိရာဘက်ကို ကြည့်နေတဲ့ လက်ထောက်စစ်သူကြီးရဲ့ မျက်လုံးတွေက အကြောက်တရားတို့ပြည့်နေ၏။ အောက်ဆုံးအခြေအနေကို ရောက်လုနီးပါးဖြစ်နေတဲ့ သေးငယ်တဲ့ တိုင်းပြည်တစ်ခုက အခုလိုမျိုး အချိန်တိုအတွင်းမှာ အဘယ်ကြောင့် ကြီးမားစွာ အောင်မြင်လာခဲ့လဲဆိုတာ လုံးဝကို နားမလည်နိုင်ဘူး။

ဒါက နောက်ဆုံး အားကုန်ထုတ်ပြီး ကြိုးစားခြင်းလား?

ဒါမှမဟုတ်...

ရှကျိုးယွီရဲ့ တရှားတိုင်းပြည်က တကယ်ပဲ ပြန်လည်ရှင်သန်လာခဲ့တာလား?

စစ်သူကြီးမူရုံက အကြာကြီး စဉ်းစားပြီးနောက်မှာ ခေါင်းငြိမ့်လိုက်သည်။

"အခုတော့ အဲ့ဒီနည်းလမ်းတစ်ခုပဲ ရှိတော့တယ်! တပ်သားတွေအားလုံးကို ငါတို့တိုင်းပြည်ဘက်ရဲ့ နယ်စပ်နေရာမှာ စစ်စခန်းချထားဖို့ အမိန့်ပေးလိုက်!"

စစ်သူကြီးမူရုံက ပြောပြီးတာနဲ့ အနီးရှိ မဟူရာနတ်ဘုရားတပ်သားတွေကို ကြည့်လိုက်သည်။ သူရဲ့ပုံစံက အနည်းငယ် စိတ်ပူနေဟန်ပဲ။

"မဟူနတ်ဘုရားတပ်သားတွေ အားလုံးစုဆောင်းပြီး ငါနဲ့အတူ ထိုက်အန်းမြို့တော်ကို လိုက်ခဲ့ကြ! တရှားတိုင်းပြည်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေလဲဆိုတာ ငါတွေ့ချင်တယ်”

စစ်သူကြီးမူရုံက အေးစက်စွာ ပြောလိုက်သည်။

....

ထိုက်အန်းမြို့တော်အတွင်းတွင် ကျန်းဖူရှန် အလွန်အလုပ်ရှုပ်နေခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းနိုင်သော အစီအရင်ကို ဖန်တီးနိုင်ရန်အတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ကာ ကြိုးစားရင်း သင့်တော်တဲ့ ဗဟိုချက်နေရာကို ရှာဖွေနေခဲ့သည်။ ဗဟိုချက်နေရာ ရှာဖွေနေရင်းနဲ့တင် အချိန်၃ရက် ကုန်ဆုံးသွားခဲ့လေသည်။

"အစီအရင်ရဲ့ နောက်ဆုံးဗဟိုချက်နေရာကို ဒီမှာထားရအောင်!"

သိပ်မဝေးတဲ့နေရာရှိ တောင်တစ်တောင်ကို လက်ညိုးထိုးပြရင်း ကျန်းဖူရှန်က ပေါ့ပါးစွာ ရယ်လိုက်သည်။ ထို့နောက်မှာ နှဖူးပေါ်က ချွေးတွေကို တစ်ဆက်တည်း သုတ်လိုက်၏။

ကျန်းဖူရှန်ရဲ့ စကားကြောင့် အနောက်ကလိုက်ပါလာတဲ့ တပ်သားတွေသည် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နိုင်စေရန်အတွက် ထိုတောင်ပေါ်ကို ချက်ချင်း ထွက်ခွာသွားခဲ့ကြသည်။

တပ်သားတွေရဲ့ နောက်ကျောကိုကြည့်နေရင်း ကျန်းဖူရှန် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။

"ဒီလိုဆိုရင် ဒီမြို့တော်မှာ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင် ပြီးလောက်ပြီ။ နောက်တစ်ခုက‌တော့ ကျန်းနန်မြို့နဲ့နောက်ဒေသပဲ”

ချက်ချင်းပဲ ကျန်းနန်မြို့ တည်ရှိရာနေရာကို ကျန်းဖူရှန် လှမ်းကြည့်လိုက်သည်။

"သခင်လေး ဘာမှားလို့လဲ?"

ကျန်းဖူရှန့်ရဲ့ပုံစံကို မြင်တော့ လျိုချင်းချန် အနည်းငယ်အံ့ဩသွား၏။ သူမလည်းပဲ ကျန်းနန်မြို့ တည်ရှိရာနေရာကို ကြည့်မိသွားသည်။

"ကျန်းနန်မြို့မှာ ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့တယ်!"

ကျန်းဖူရှန် ရေရွက်လိုက်သည်။ ထို့နောက်မှာ ပြောလိုက်၏။

"စိတ်ဝိညာဉ်စွမ်းအင် မြင့်တက်မှုက များပြားလာတဲ့အတွက် နောက်ဆုံးတော့ တုံပြန်မှု ဖြစ်လာခဲ့တယ်!"

"ပြောင်းလဲမှုဖြစ်လာတာလား?"

လျိုချင်းချန်အံ့ဩသွားပြီး၊ မနေနိုင်စွာ မေးလိုက်၏။

"ဖြစ်နိုင်တာ နဂါးသွေးကြော ပေါ်ပေါက်လာတာများလား?"

ကျန်းဖူရှန် ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူး။ နဂါးသွေးကြော ပေါ်ပေါက်မှုက ဒီလိုအလွယ်တကူ မဖြစ်ပေါ်ဘူး။ အခုက တိုင်းပြည်အတွင်းမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင် ပမာဏရဲ့ ဆက်တိုက်မြင့်တက်မှုကြောင့် မြေအောက်မှာ မြှပ်နှံထားတာ ကြာပြီဖြစ်တဲ့ ရှေးဟောင်းအစီအရင်တစ်ခုက အသက်ဝင်လာပြီး၊ ပေါက်ကွဲခဲ့တာဖြစ်မယ်!"

"ဒါဆိုရင် အဲ့တာဆိုလိုတာက...."

လျိုချင်းချန် အနည်းငယ် ပျော်ရွှင်သွားခဲ့သည်။ သူမစကားပြောတော့မလို့ လုပ်နေစဉ်မှာပဲ ကျန်းဖူရှန်က ဆက်ပြောလာ၏။

" ဒါက ကောင်းချီးတစ်ခုပဲဆိုပေမဲ့၊ အောင်ပွဲခံဖို့ စောလွန်းသေးတယ်။ ရှေးဟောင်းအစီအရင်တွေက ဆန်းကြယ်တဲ့ အစီအရင်တွေဖြစ်ပြီး တစ်ညတည်းနဲ့ ဖန်တီးလို့ရတဲ့ အစီအရင်မဟုတ်ဘူး။ အကယ်လို့ တိုင်းပြည်အတွင်းမှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင် ပမာဏကသာ ဆက်တိုက်မြင့်တက်လာမယ်ဆိုရင် နောက်ထပ် ရှေးဟောင်းအစီအရင်တွေ တစ်ခုပြီးတစ်ခု ပွင့်လာနိုင်တယ်။ အဲ့ဒါတွေသာမကပဲ တခြား ဆန်းကြယ်တဲ့ အစီအရင်တွေပါ ပွင့်လာနိုင်မယ်ဆိုရင်..."

လျိုချင်းချန် အံ့ဩသွားခဲ့သည်။ တာအိုဂိုဏ်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျန်းဖူရှန်ရဲ့ဆိုလိုရင်းကို သူမချက်ချင်းပဲ သဘောပေါက်လိုက်၏။ အရင်က သူမသည် စိတ်ဝိညာဉ်စွမ်းအင် ပမဏမြင့်တက်မှုကြောင့် ပြည်သူတွေ ဒုက္ခရောက်မဲ့ အဖြစ်အပျက်ကိုပဲ စိတ်ပူခဲ့မိသည်။

အခုတော့ စိတ်ဝိညာဉ်စွမ်းအင် ပမာဏ မြင့်တက်ခြင်းက ပြည်သူတွေကိုတင်မကပဲ တိုင်းပြည်ရဲ့ နယ်မြေတွေကိုပါ ပြောင်းလဲမှုဖြစ်ပေါ်စေနေ၏။

‘ကောင်းပြီ အတွေးမလွန်ကြရအောင်၊ အဓိကပြဿနာက စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းမဲ့ အစီအရင်ကို အမြန်ဆုံး တည်ဆောက်နိုင်ရင် ဖြေရှင်းနိုင်လိမ့်မယ်”

"ငါအထင်တော့ ငါအမြန်ဆုံး တည်ဆောက်မယ်ဆိုရင် အဲ့ဒီ အဖြစ်အပျက်က မဖြစ်လာနိုင်ပါဘူး။ ဒါပေမယ့် တရှားတိုင်းပြည် ရဲ့စိတ်ဝိညာဉ်စွမ်းအင်မြင့်တက်မှုက ဒီလောက်ထိ မြန်မယ်လို့ ငါမထင်ခဲ့မိတာတော့ အမှန်ပဲ”

ကျန်းဖူရှန် ပြောနေရင်းနဲ့ တရှားရဲ့နန်းတော်ရှိရာကို လှမ်းကြည့်လိုက်သည်။ သူရဲ့မျက်လုံးထဲမှာ စိတ်ပူမှုတို့ ရှိနေ၏။

“အရာအားလုံးအဆင်ပြေဖို့ပဲ မျှော်လင့်ပါတယ်”

…….

All Chapters